အရိုင်းဆန်မှု၏ အရောင်
Vol. 2 Ch. 20
ထိုသီချင်းစာသားများသည် အမှန်တကယ်ဖြစ်လာခဲ့ပြီဖြစ်သည်။
ရှောက်ရွှမ်သည် ထိုသီချင်းကို ဆိုလိုက်မိသည့်အတွက် သူ့ပါးကိုသူပြန်ရိုက်ချင်သွားသည်။
နေထွက်လာသည့် အချိန်တွင် ကောနှင့် အခြားလူများသည် ငါးမြားသွားရန်ပြင်နေကြသည့် ကလေးများ၏ လမ်းကိုပိတ်ထားလိုက်ကြလေသည်။
ရင်းနှီးနေသော ကော၏ အပြုံးကို မြင်တွေ့လိုက်ရပြီး ကောခေါ်လာသည့် လူများကို စိုက်ကြည့်လိုက်သည်။ ကလေးများသည် မည်သို့ဖြစ်မည်ကို သိသွားကြသည်။ လခွမ်းပဲဟ....။ နှစ်တိုင်းတွင် ဆောင်းရာသီပြီးဆုံးသည့်အချိန်၊ နှင်းပွဲတော် မကျင်းပမှီအချိန်များတွင် သူတို့သည် ချောင်းထဲသို့ ဆင်းကြရပြီး ရေချိုးကြရသည်။
စိတ်ရှုပ်စရာကောင်းသည့် ရေချိုးခြင်းပင်ဖြစ်သည်။
မျိုးနွယ်စု၏ ရိုးရာပွဲတော်များမလုပ်မီတွင် ရေချိုးရန် လိုအပ်ပေသည်။ ရေမချိုးလိုသည့်ကလေးများကို လူကြီးများက အားသုံးကာ ဆွဲခေါ်သွားတတ်ပြီး အတင်း ရေချိုးခိုင်းတတ်ကြလေသည်။ ကော ခေါ်လာသည့် စစ်သည်များကိုသာ ကြည့်လိုက်ပါ........ မည်သို့ပင်ဖြစ်စေ သူတို့ရေချိုးရတော့မည် ဖြစ်သည်။
ကံကောင်းသည်မှာ ရှောက်ရွှမ် ရေချိုးချင်နေခြင်းပင်။ ဆောင်းရာသီတစ်ခုလုံးတွင် သူသည် မျက်နှာသစ်ခြင်းကိုပင် တစ်ကြိမ်မှ မလုပ်နိုင်ခဲ့ပေ။ သူ့ဆံပင်သည် ရှုပ်ထွေးပေပွနေလေပြီ။ သူ့အနေဖြင့် မြေကြွက်တစ်ကောင်ကဲ့သို့ ဖြစ်နေပြီကို ရှောက်ရွှမ် သိနေခဲ့သည်။
ရှောက်ရွှမ် စမ်းချောင်းဆီသို့သွားလိုက်ပြီး ရေမျက်နှာပြင်ပေါ်မှ သူ့ပုံရိပ်ကို ပြန်ကြည့်လိုက်သည်။ ရေလှိုင်းများကြောင့် ပုံရိပ်သည် ဝေဝါးနေခဲ့လေသည်။ သူ၏အခြေအနေသည် ငြင်းသိုးသိုးဖြစ်နေသည်ကိုသာ သူပြောနိုင်ပေသည်။
သန်မာပြီးစွမ်းအားကြီးကြသော စစ်သည်တော်များသည် စမ်းချောင်းထဲသို့ ခုန်ဆင်းသွားနိုင်ကြသည်။ ရေသည် အေးစက်နေခဲ့သဖြင့် ရေထဲသို့ ခုန်ဆင်းရန်မှာ လွယ်ကူသော ကိစ္စတစ်ခုတော့ မဟုတ်နေခဲ့ပေ။ ကလေးများအတွက်မူ ရေထဲဆင်းနိုင်ရန် ခက်ခဲနေခဲ့သည်။ ကလေးများ မရောက်မီတွင် ရေနွေးတည်ထားရန် ကော လူတစ်ချို့ကို ညွှန်ကြားခဲ့သည်။ ထို့ကြောင့်ပင် စစ်သည်တော်များသည် ရေနွေးကို စမ်းချောင်းထဲမှ ရေဖြင့် ရောပြီးချိုးနိုင်ကြပေသည်။ သူတို့သည် အစိမ်းရောင်နွယ်ပင်များကို ချေးချွတ် ပွတ်တိုက်ရန်အတွက် အသုံးပြုကြလေသည်။ တစ်ချက်ပွတ်တိုက်လိုက်တိုင်း အမဲရောင် ရေများ အောက်သို့ စီးဆင်းသွားကြသည်။ ထိုချေးရေများသည် ရွံ့နွံများနှင့်ပင် တူနေခဲ့ပြီ ဖြစ်သည်။
ရေချိုးခြင်း ချေးတိုက်ခြင်းများကို ပြုလုပ်ပြီးသည့်လူများသည် ဘေးဖက်တွင်ရှိနေသည့် ကောက်ရိုး ပုံဆီသို့ သွားလိုက်ကြသည်။ တစ်စုံတစ်ယောက်သည် သူတို့၏ အဝတ်များကို ယူဆောင်သွားကြပြီး သူတို့ကို လျှော်ဖွတ်နေလှန်းပြီးလျှင် ပြန်လာပေးကြသည်။
ရှောက်ရွှမ် ထိုအရာများကို မြင်တွေ့လိုက်ရပြီး တွေဝေနေခဲ့၏။
သူ့ကိုယ်သူ အသားစက်ရုံတစ်ခုသို့ ရောက်နေသည့်နှယ် ခံစားလိုက်ရလေသည်။
ကော ရောက်လာသည်ကို တွေ့လိုက်သဖြင့် ရှောက်ရွှမ် မဆိုင်းမတွပင် ပြောလိုက်သည် “ ကျွန်တော့်ကို ရေပုံးတစ်ပုံးပေးပါ ၊ ကျွန်တော့်ဖာသာ လုပ်လိုက်ပါ့မယ် “
ရှောက်ရွှမ် မိမိကိုယ်ကို ကိုင်တွယ်နိုင်သည်ကို သိလိုက်သဖြင့် ကောသည် ရေပုံးတစ်ခုကို ကမ်းပေးလိုက်ပြီး အခြားကလေးများကို အာရုံစိုက်လိုက်သည်။ ဆောင်းရာသီကို ကျော်ဖြတ်လာခဲ့သည့် မည်သည့်ကလေးမဆို ရေချိုးပေးခြင်းကို ခံရမည်ဖြစ်သည်။
တိုက်ချွတ်ဆေးကြောပြီးနောက်တွင် ကလေးများ သည် နှင်းပွဲတော် သဘက်ခါတွင် လုပ်တော့မည်ကို သိလိုက်ကြရသည်။ ထိုရက်ကို နတ်ဆရာက ဆုံးဖြတ်ခြင်းဖြစ်ပြီး မည်သူမှ မကန့်ကွက်ရဲကြပေ။ မှော်ဆရာအိုကြီးရဲ့ ဦးနှောက်ဆေးတာက တော်တော်လေး အောင်မြင်တာပဲ ......။ ရှောက်ရွှမ် တွေးကြည့်လိုက်သည်။ တစ်ချိန်လုံး သူ၏စကားကိုသာ နားထောင်နေရသော်လည်း မည်သူမှ နတ်ဆရာကို မေးခွန်းမထုတ်ကြပေ။
ဆောင်းရာသီပြီးဆုံးပြီးနောက် သုံးရက်အကြာတွင် လိုဏ်ဂူဝင်ပေါက်အနီးတွင် ရှိနေသည့် နှင်းခဲများသည် အရည်ပျော်သွားကြပြီ ဖြစ်သည်။ လေဝင်ပေါက်များကို ကာရံထားသည့် ရေခဲချပ်များသည်လည်း ချွင်းချက်မဟုတ်နေပေ။ ဆောင်းရာသီပြီးဆုံးပြီးနောက် အပူချိန်သည် ပြန်လည် မြင့်တက်လာခဲ့ပြီဖြစ်သည်။ ထို့ကြောင့် စောင်ခြုံသည်ဖြစ်စေ မခြုံသည်ဖြစ်စေ အရမ်းအေးလွန်းခြင်းကိုလည်း မခံကြရတော့ပေ။ အရာအားလုံးသည် သာမန်အခြေအနေသို့ ပြန်ရောက်သွားဟန် ရပေသည်။
ရှောက်ရွှမ်ကို စိတ်ဝင်စားစေသည့် အချက်တစ်ခုမှာ သူတောင်းစားများကဲ့သို့ သူတို့၏ရုပ်ဆင်းသွင်ပြင် များကို ဂရုမစိုက်တတ်ကြသည့် သူများသည် ရုတ်တရက် မိမိကိုယ်ကို သန့်ရှင်းရေးများ ပြုလုပ်လာကြပြီး ပြင်ပြင်ဆင်ဆင် နေလာကြခြင်းပင်ဖြစ်သည်။ သူတို့၏ အဝတ်များသည် အပေါက်အပြဲများ ရှိနေခဲ့လျှင်ပင် ထိုအဝတ်များသည် သပ်သပ်ရပ်ရပ် ဖြစ်နေကြသည်။ ထို့အပြင် ဆံပင်တိုသည်ဖြစ်စေ ရှည်သည်ဖြစ်စေ သူတို့အားလုံးသည် ဆံပင်များကို သေသပ်စွာ ဖီးသင် ထားကြလေသည်။
နှင်းပွဲတော် ကျင်းပသည့်နေ့တွင် ကလေးများ အားလုံးသည် ဂူထဲတွင်ပင် အိပ်ပျော်နေကြလေသည်။ ပွဲအစီအစဉ် ဓလေ့ထုံးစံများကို ညဖက်မှသာ ပြုလုပ်ကြမည်ဖြစ်သည့်အပြင်၊ ကလေးများကို ငါးမျှားခွင့် ပိတ်ထားသဖြင့် ကလေးများသည် လုပ်စရာမရှိဖြစ်နေခဲ့သည်။ သို့နှင့်သူတို့သည် ဆက်လက်အိပ်စက်နေခဲ့ ကြပြီး သူတို့ကို အချိန်ကျလျှင် တစ်ယောက်ယောက် လာနှိုးမည်ကိုသာ စောင့်နေခဲ့ကြသည်။
လိုဏ်ဂူမှ ကောက်ရိုးလိုက်ကာသည် မြင့်တက်သွားခဲ့ပြီး ကောအပြင်ဖက်မှ ရုတ်တရက်ဝင်လာခဲ့သည်။ ထို့နောက်တွင် သူသည် ကလေးများကို အော်ဟစ်နှိုးလိုက်လေသည်။ “ ဟုတ်ပြီ ကောင်လေးတွေ..... အိပ်ယာထပြီးတော့ ပြင်ဆင်ကြတော့ ..... ငါတို့ တောင်ထိပ်ကို သွားကြရလိမ့်မယ် “
ရှောက်ရွှမ် ကောကို မြင်တွေ့လိုက်သည့်အချိန်တွင် ရုတ်တရက် သူ့ကို မမှတ်မိပဲ ဖြစ်သွားရသည်။ ယခုအချိန်တွင် ကောသည် ကြောက်မက်ဖွယ် သတ္တဝါ တစ်ကောင်ကောင်ထံမှ ဦးချိုနှစ်ချောင်းကို တပ်ထားသည်။ ထို့အပြင် သူ့လည်ပင်းတွင် အရိုးလည်ဆွဲများကို ဆွဲထားသည်။ သူဝတ်ဆင်ထားသည့် သားရေ အင်္ကျီသည်လည်း ယခင်အကြိမ်များနှင့်မတူနေခဲ့ပေ။ ထိုအင်္ကျီပေါ်မှ အမှတ်အသားများသည် ထင်ရှားပေါ်လွင်နေခဲ့ပြီး သားမွေးများသည် အပ်များကဲ့သို့ တထောင် ထောင်နှင့် ရှိနေခဲ့သည်။ ဖြစ်နိုင်သည်မှာ ထိုသားမွေး အင်္ကျီသည် ကြောက်မက်ဖွယ် သတ္တဝါတစ်ကောင်ကောင်ထံမှ ရရှိလာခြင်း ဖြစ်ပေလိမ့်မည်။
မတူညီသည့်အဝတ်အစားများအပြင် ကောသည် သူ၏မျက်နှာပေါ်တွင် အပင်များမှ ရသော ဆေးများဖြင့် ပန်းချီချယ်သထားသေးသည်။ သူ၏ပါးနှစ်ဖက်တွင် မျိုးနွယ်စု နတ်ရုပ်နှင့် ဆင်တူသည့် ပုံစံများကို ရေးဆွဲထားသည်။ သူ၏ နဖူး၊ နှာခေါင်းနှင့် မေးရိုးတွင်လည်း မျဉ်းကြောင်းများကို ဆေးချယ်ထားခဲ့၏။ မျိုးနွယ်စု စစ်သည်များသည် တာဝန်တစ်ခုခုကို ထမ်းဆောင်သည့်အချိန်တိုင်း ထိုမျဉ်းကြောင်းများကို သူတို့၏ မျက်နှာများပေါ်တွင် ရေးဆွဲတတ်ကြပေသည်။ သူတို့ အမဲလိုက်မထွက်မီတွင်လည်း ခန္ဓာကိုယ်များ ပေါ်တွင် ရေးဆွဲတတ်ကြပြီး နောက်ပိုင်းတွင် ရိုးရာအခန်းအနားများတွင်ပါ ရေးဆွဲသည့် ဓလေ့ဖြစ်ပေါ်လာခဲ့သည်။
ရှောက်ရွှမ်အတွက်မူ ဓလေ့ထုံးစံ ပွဲကိုတက်ရောက်ရမည်မှာ ပထမဦးဆုံးတစ်ခေါက်ဖြစ်သည်။ သူနိုးထလာသည့် အချိန်တွင် ရိုးရာပွဲကို သူလွတ်သွားခဲ့ပြီဖြစ်ပြီး သူ၏ မှတ်ဉာဏ်များထဲတွင်လည်း ရိုးရာပွဲတက်ဖူးသည့် မှတ်ဉာဏ် ရှိမနေခဲ့ပေ။ သူ့အတွက်တော့ စိတ်ကူးယှဉ်စရာ အတွေ့အကြုံတစ်ခုဖြစ်သည်။
ဂူထဲမှ ကလေးများအားလုံးသည် ပွဲတော်အတွက် အတော်လေးစိတ်လှုပ်ရှားနေကြလေသည်။ သူတို့မည်သူပင် ဖြစ်စေ ၊ မည်သည့်နေရာတွင် နေထိုင်သည်ဖြစ်စေ မျိုးနွယ်စုမှ လူများအားလုံး တက်ရောက်ကြမည့် ပွဲဖြစ်သည်။ တောင်ထိပ်ဒေသမှ၊ တောင်ခြေဒေသအထိ၊ သန်မာသော စစ်သည်တော်မှသည် ငိုကြွေးနေသည့် မွေးခါစ ကလေးအထိ လူတိုင်း တက်ရောက်ကြပေလိမ့်မည်။
ထိုပွဲတော်သည် နှစ်သစ်တစ်နှစ် စတင်ခြင်း အထိန်းအမှတ်ပွဲတော်လည်း ဖြစ်သည်။ တစ်နှစ်တာ၏ ပျော်စရာအကောင်းဆုံးသော ပွဲတော်လည်း ဖြစ်သည်။
ပွဲတော်ကို နတ်ဆရာနေထိုင်သည့် တောင်ထိပ်တစ်နေရာတွင် ကျင်းပမည်ဖြစ်သည်။
ရှောက်ရွှမ် အခြားကလေးများနှင့်အတူ သွားလိုက်ပြီး ဆီဆာကို ဂူထဲတွင် ချန်ထားလိုက်သည်။
ညရောက်တော့မည် ဖြစ်သည့်အတွက် မှောင်စပျိုးနေလေပြီ။ ဆောင်းရာသီတုန်းက တွေ့ခဲ့သည့် ညပျံလွှားများသည် တစ်ခုခုကို အာရုံခံမိသည့်ဟန်ဖြင့် အပြင်မထွက်ကြသဖြင့် ရှောက်ရွှမ် သူတို့ကို မတွေ့ခဲ့ရပေ။
သူတို့ တောင်ထိပ်ကို ချီတက်လာခဲ့ကြပြီး ရှောက်ရွှမ် တော်တက်နေကြသည့် အခြားလူအုပ်စုများကိုလည်း တွေ့လိုက်ရလေသည်။ သူတို့အားလုံးသည် “ ဝတ်စားဆင်ယင်မှု “ ကို ကောင်းစွာ ပြုလုပ်ထားကြလေသည်။ သူတို့၏ ဦးခေါင်းများတွင် ဦးချိုများ၊ ဦးမှင်တံများ ၊ ငှက်မွေးများ နှင့် ရှောက်ရွှမ်မသိသည့် အခြားအရာများစွာတို့ဖြင့် တန်ဆာဆင်ထားကြပေသည်။ သူတို့၏ လည်ပင်းများတွင်မူ ရုပ်ဆိုးသော သားကောင်များမှ ရရှိသော ပစ္စည်းများဖြင့် ပြုလုပ်ထားသည့် လည်ဆွဲများကို ဆွဲထားကြလေသည်။ သူတို့လည်ဆွဲတွေက သားရဲ အစွယ်တွေကို ကြည့်လိုက်စမ်းပါဦးဟ.......။ ဂူထဲမှ ကလေးများ ဆွဲထားသည့် လည်ဆွဲများသည် သူတို့နှင့် နှိုင်းယှဉ်လျှင် ကစားစရာမျှသာ ဖြစ်သွားတော့၏။
မျိုးနွယ်စုစစ်သည်တော်များအားလုံး၊ ယောကျ်ား၊ မိန်းမ များအားလုံးတို့သည် ကောမျက်နှာပေါ်တွင် ရေးဆွဲထားသည့် မျဉ်းကြောင်းများနှင့်တူသည့် မျဉ်းကြောင်းများကို သူတို့၏ မျက်နှာများပေါ်တွင် ချယ်သထားကြလေသည်။ ရှောက်ရွှမ် အမျိုးသမီးစစ်သည်တော်တစ်ဦး ရောင်စုံငှက်မွေးများဖြင့် တန်ဆာဆင်ထားသည်ကို သတိပြုလိုက်မိသည်။ သူမ၏ လည်ပင်းတွင် အရိုးလည်ဆွဲအချို့ ရှိနေခဲ့သည်။ ထို့အပြင် သူမ၏ခါးတွင် မြွေအရည်ခွံတစ်ခုဖြင့် ပတ်ထားသည်ကိုလည်း တွေ့လိုက်ရသည်။ သူမသည် သူမဝတ်ဆင်ထားသည့် စကတ်ကိုလည်း တန်ဆာဆင်ထားခဲ့ပြီး သူမလမ်းလျှောက်သည့်အချိန်တိုင်းတွင် ထိုတန်ဆာပလာများ ထိခိုက်မိသည့် “ကလစ် “ ဟူသည့် အသံကိုလည်း ကြားနေရလေသည်။
ကောပြောပြသည်မှာ သူမသည် သန်မာသော စစ်သည်တော် တစ်ယောက် ဖြစ်ပြီး သူတို့၏ မျိုးနွယ်စုတွင် လေးစားမှုခံရသည့် လူတစ်ယောက် ဖြစ်သည်ဟု ဆိုလေသည်။ အခြားအမျိုးသမီးများသည် သူမတန်ဆာဆင်ထားသည့်ပုံစံကို တွေ့လိုက်ကြရသည့်အချိန်တွင် လေးစားမှုနှင့် စိတ်ဝင်စားမှုတို့ကို ပြသကြလေသည်။
ထိုလူအုပ်စုနှင့်နှိုင်းယှဉ်ကြည့်လျှင် ရှောက်ရွှမ်တို့ ကလေးများအုပ်စုသည် ကင်းကောင်များနှင့် လမ်းအတူလျှောက်နေရသည့် ကြက်ပေါက်လေးများနှင့် တူနေခဲ့လေ၏။
ရှောက်ရွှမ်သည် မျိုးနွယ်စုမှ အခြားကလေးများကိုလည်း မြင်တွေ့လိုက်ရလေသည်။ ထိုကလေးများသည် တောင်ခြေဒေသတွင်ဖြစ်စေ၊ တောင်ဘေးဒေသတွင် ဖြစ်စေ၊ တောင်ထိပ်ဒေသတွင် နေကြသည်ဖြစ်စေ သူတို့အားလုံးသည်လူကြီးများကဲ့သို့ ဝတ်စားဆင်ယင်ထား ကြလေသည်။ သိသာသည့်အချက်တစ်ခုမှာ အမြင့်တွင်နေကြသည့်လူများသည် အနိမ့်ပိုင်းတွင် နေကြသည့် လူများထက် ပို၍ ခေတ်မှီနေခြင်းပင် ဖြစ်သည်။
ထိုအမျိုးသမီးစစ်သည်တော်နှင့် လမ်းအတူလျှောင်လာခဲ့ကြသည့် ကလေးများသည် ဒေါင်းများကဲ့သို့ ဝင့်ကြွားနေခဲ့လေသည်။
ရှောက်ရွှမ် အကြည့်လွဲလိုက်ပြီး တခြားဖက်သို့လှည့်ကြည့်လိုက်သည်။ သူ့ဘေးရှိ ကလေးများသည် အရောင်တောက်နေသည့် မျက်လုံးများဖြင့် အခြားသူများကို မနာလိုစွာပင် စိုက်ကြည့်နေခဲ့ကြလေသည်။
အရာအားလုံးသည် အရိုင်းဆန်သော၊ ဆန်းကြယ်သော အရောင်များဖြင့် ဖုံးလွှမ်း ထားသကဲ့သို့ပင် ဖြစ်သည်။
ရှောက်ရွှမ်၏ အမူအယာသည် တောင့်တင်းသွားခဲ့သည်။ သူသည် သူ့ကိုယ်သူ ရှေးဦးမျိုးနွယ်စုတစ်ခုတွင် နေထိုင်နေရကြောင်း ပထမဆုံးအကြိမ် ရှင်းလင်းစွာ ခံစားလိုက်ရတော့သည်။