မင်းကိုမီးလောင်နေပြီ
Vol. 2 Ch. 21
ယခုတစ်ကြိမ်သည် ရှောက်ရွှမ်အတွက် တောင်ထိပ်သို့ခရီးထွက်သည့် ပထမဆုံးသော အကြိမ်ဖြစ်သည်။
မျိုးနွယ်စုထဲမှ အဆင့်အတန်း မြင့်မားကြသူများသည် တောင်ထိပ်ဒေသတွင် နေထိုင်ကြပေသည်။
သူတို့အားလုံး တောင်ထိပ်နှင့် နီးကပ်လာသည်နှင့် သူ့ဘေးရှိကလေးများအားလုံး၊ ကောအပါအဝင် စစ်သည်တော်များအားလုံး တို့သည် သူတို့၏ ယခင်ပုံစံများ မဟုတ်ကြတော့ပဲ ရှေ့သွားလေ ပို၍ တည်ငြိမ်လာကာ အတည်ပေါက်ဖြစ်လာလေ ဖြစ်လာကြသည်ကို တွေ့လိုက်ရလေသည်။
ရှောက်ရွှမ်နှင့် အခြားသူများ တောင်ထိပ်သို့ ရောက်လာကြသည့်အချိန်တွင် မီးပုံဘေးတွင် လူပေါင်းများစွာ ရှိနေကြပြီးဖြစ်သည်။ တောင်ခြေဒေသမှ လူများသည် မီးပုံနှင့် ခမ်လှမ်းလှမ်းနေရာတွင် ရှိနေကြသည်။ ပြောရလျှင် သူတို့အားလုံးသည် သူတို့နေထိုင်ရာ ဒေသအလျှောက် ရပ်နေကြခြင်းဖြစ်သည်။ တောင်ထိပ်နှင့် နီးနီးတွင် နေထိုင်လေလေ မီးပုံနှင့် ပို၍ နီးကပ်လေလေဖြစ်သည်။
ကံကောင်းစွာနှင့်ပင် သူတို့သည် အလယ်ဗဟိုလ်နှင့် အနည်းငယ်ဝေးသည့်နေရာတွင် ရပ်နေကြသော်လည်း သူတို့ရပ်နေခဲ့သည့် နေရာသည် ကုန်းမြင့်တစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။ ထို့ကြောင့်ပင် သူတို့သည် မီးပုံဘေးမှ အခြေအနေများ အားလုံးကို သေချာစွာ မြင်နေရလေသည်။
မျိုးနွယ်စုမှာ လူတွေ ဘယ်နှယောက်တောင် ရှိနေတာလဲဟ........
ယခင်က သူ့အနေဖြင့် ထိုမေးခွန်းကို သေချာမသိနေခဲ့ပေ။ သို့သော်ယခုတွင် ရှောက်ရွှမ် ခန့်မှန်းခြေကိုတော့ သိလိုက်ရပြီဖြစ်သည်။
ယနေ့ပြုလုပ်သည့် ပွဲသည် မျိုးနွယ်စုမှ လူများအားလုံးတက်ရောက်ရသည့် ပွဲတော် တစ်ခုဖြစ်သည်။ သင်သည် ဖျားနာ၍ အိပ်ယာထဲလှဲနေရလျှင်သော်မှ မဖြစ်မနေ တက်ရောက်ရမည် ဖြစ်သည်။ ရှောက်ရွှမ် အကြမ်းဖြင်းတွက်ချက်ကြည့်လိုက်ပြီး မျိုးနွယ်စုဝင် ဦးရေသည် တစ်ထောင်ထက်တော့ မနည်းသည်ကို သိလိုက်ရသည်။ ဖြစ်ကောင်းဖြစ်နိုင်သည်မှာ ထောင့်ငါးရာခန့်တော့ ရှိပေလိမ့်မည်။
လူပေါင်းတစ်ထောင်ကျော်သည် ရှောက်ရွှမ်၏ မျက်လုံးထဲတွင် တော့ များပြားသည်ဟု မဆိုနိုင်ပေ။ သို့သော်လည်း မျိုးနွယ်စုသို့သူရောက်လာပြီးသည့်နောက်တွင် ထိုမျှ များပြားသည့်လူများကို ပထမဆုံးတွေ့ရခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် ယနေ့သည် သူ့အတွက်တော့ သက်ဝင်လှုပ်ရှားနေသည့် နေ့တစ်နေ့ပင် ဖြစ်လေသည်။
တောင်ထိပ်တွင် ဘာမှမရှိနေသည့် ကွင်းပြင်တစ်ခုရှိနေခဲ့သည်။ ထိုကွင်းပြင်၏ အလည်တွင် ချိုင့်ခွက်တစ်ခု ရှိနေခဲ့သည်။ ထိုချိုင့်ခွက်၏ အလည်တွင်မူ လေနှင့်အတူ ယိမ်းနွဲ့နေခဲ့သည့် မီးတောက် တစ်ခု ရှိနေခဲ့သည်။
မီးပုံ......
ဤတစ်ကြိမ်သည် ရှောက်ရွှမ်အနေဖြင့် မျိုးနွယ်စု၏ မီးပုံကို ပထမဆုံးမြင်တွေ့ဖူးသည့် အကြိမ်လည်း ဖြစ်သည်။ သူတွေးထားသည်နှင့် နီးစပ်မှုတော့ ရှိမနေခဲ့ပေ။
ရှောက်ရွှမ်သိလိုနေသည်မှာ အဘယ်ကြောင့် မျိုးနွယ်စု၏ မီးပုံသည် တောင်ထိပ်တွင် ရှိနေကြောင်းပင် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ တောင်ထိပ်ဒေသသည် တောင်တစ်ခုလုံးတွင် အအေးဆုံးသော နေရာတစ်ခု ဖြစ်သည်။ ထို့အပြင် သူတို့ထံတွင် မီးပြုလုပ်နိုင်သည့် နည်းလမ်းများလည်း ရှိနေကြပြီး ဖြစ်သည်။ အဘယ်ကြောင့်အပင်ပန်းခံကာ မီးပုံကို တောင်ထိပ်တွင် လာဖို ထားရသနည်း ......။ လူတိုင်းသည် မီးပုံအကြောင်းကို ပြောကြသည့်အချိန်တွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေခဲ့လေသည်။ သူတို့ တောင်ထိပ်ကိုကြည့်နေသည့် အကြည့်များသည်လည်း မယိမ်းယိုင်သော ယုံကြည်မှုများဖြင့် ပြည့်နှက်နေခဲ့သကဲ့သို့ ရှိသည်။
သူတစ်ခါက မျိုးနွယ်စုမှ လူများထံမှ ကြားဖူးခဲ့သည်မှာ မီးပုံသည် မျိုးနွယ်စု၏ ပြောကြွယ်ဝမှုများနှင့် ဆက်စပ်နေသည်ဟု ဆိုကြလေသည်။ သူတို့မည်သို့ ဆက်စပ်နေသည်ကိုမူ ရှောက်ရွှမ် မသိတော့ပေ။ ယခုတွင် သူသည် သူ့မျက်လုံးများဖြင့် ကိုယ်တိုင် မြင်တွေ့ရတော့မည် ဖြစ်သည်။
တောင်ထိပ်မှ ကွင်းပြင်သည် မျိုးနွယ်စုမှ လူများအားလုံး မတ်တပ်ရပ်နေနိုင်ရန်အတွက် လုံလုံလောက်လောက် ကျယ်ပြန့်မှု ရှိပေသည်။
အလယ်မှ တွင်းသည် လေးမီတာ ငါးမီတာခန့် အချင်းရှိလေသည်။ အလယ်တွင် တောက်လောင်နေသည့် မီးတောက်သည် သာမန်မျှသာဖြစ်ပြီး ဖယောင်းတိုင် တစ်တိုင်ကဲ့သို့ တောက်လောင်နေခဲ့သည်။ ထိုမီးတောက်သည် အလွန်အမင်းထိန်လင်းနေခြင်းမရှိပဲ လေတိုက်ရုံမျှဖြင့် အလွယ်တကူ ငြိမ်းသွားနိုင်သည့်ပုံ ရှိပေသည်။ မီးတောက်၏အလယ်တွင် ရှောက်ရွှမ်သည် မည်သည့် ထင်းစ သို့မဟုတ် မီးတောက်စေနိုင်သည့် အရာကိုမှ မတွေ့မြင်ရပေ။ မည်သည့် မီးလောင်ခြင်းကို အားပေးနေသည့် ပစ္စည်းတစ်ခုမှ ရှိမနေခဲ့ပေ။
ထိုမီးတောက်သည် ထာဝရတောက်လောင်နေသည့် မီးတောက်သာ ဖြစ်ပေမည်။
မီးတောက် ကျွင်း၏ ပတ်ပတ်လည်တွင် လူတစ်ကိုယ်စာ အမြင့်ရှိသည့် ကျွန်းတိုင်လုံးများကို စိုက်ထူထားလေသည်။ ထိုတိုင်လုံးတစ်ခုစီပေါ်တွင် ကျောက်တုံးဖြင့်ပြုလုပ်ထားသည့် ပန်းကန်လုံးတစ်ခုကို တင်ထားပေသည်။ ထိုကျောက်တုံး ပန်းကန်လုံးများထဲတွင် အသားများ၊ သစ်သီးများ၊ နှင့် ငှက်ဥများကို ပူဇော် သည့် ပစ္စည်းများအဖြစ် ထည့်ထားသည်ကို ရှောက်ရွှမ် တွေ့လိုက်ရလေသည်။
ထိုတိုင်လုံးများ၏ ဘေးတွင် လူများ မတ်တပ်ရပ်နေခဲ့ကြသည်။ သူ့ဘေးရှိလူများ၏ အပြောအရ ထိုလူများသည် မတူညီသော အမဲလိုက်အဖွဲ့အသီးသီးမှ စွမ်းအားအကောင်းဆုံးသော စစ်သည်တော်များ ဖြစ်ကြသည်ကို ရှောက်ရွှမ် သိလိုက်ရသည်။ အချို့သည် အသက်ငယ်ကြသေးပြီး၊ အချို့လူများသည် သက်လတ်ပိုင်းအရွယ် ရှိနေကြပြီ ဖြစ်သည်။ ထိုနေရာတွင် စုစုပေါင်း စစ်သည်တော် အယောက် ငါးဆယ် ရှိနေခဲ့၏။
သူတို့သည် ကော ချယ်သထားသကဲ့သို့ပင် သူတို့၏မျက်နှာများကို ချယ်သထားကြသည်။ ကွာခြားချက်တစ်ခုမှာ သူတို့မျက်နှာပေါ်ရှိ နတ်ရုပ်သည် အနက်ရောင် တစ်မျိုးထဲ မဟုတ်နေခြင်းဖြစ်သည်။ အဖြူနင့် အနီရောင် မျဉ်းကြောင်းများရောနှောနေသည်ကိုလည်း မြင်တွေ့နေရပေသည်။ တစ်စုံတစ်ယောက်သည် ကြီးမားသော ဦးမှင်တံ တစ်စုံကို သူ့ခေါင်းတွင် တပ်ဆင်ထားလေသည်။ ထိုဦးမှင်တံသည် ရှောက်ရွှမ် မြင်ဖူးသမျှထဲတွင် အကြီးဆုံးသော ဦးမှင်တံတစ်ခု ဖြစ်လေသည်။ သူတို့သည် စစ်သည်တော် ၏ ခန္ဓာကိုယ်တစ်ခုလုံးကိုပင် ဖုံးလွှမ်း လုနီးနီး ဖြစ်နေခဲ့ကြသည်။
ထိုစစ်သည်တော် အပြင် အခြား စစ်သည်တော်များသည်လည်း လွန်ကဲသော ဆင်ယင်မှုများကို ပြုလုပ်ထားကြလေသည်။ အစက ရှောက်ရွှမ်သည် သူလမ်းတွင် တွေ့ခဲ့သည့် စစ်သည်တော်များ ပြင်ဆင်ထားသည်ကို လွန်လှပြီဟု ထင်နေခဲ့သည်။ သို့သော်လည်း ယခု စစ်သည်တော်များကို တွေ့လိုက်ရမှသာ သူ့အထင်မှားနေခဲ့ကြောင်းကို သိလိုက်ရလေသည်။
ရုတ်တရက် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားခဲ့လေပြီ။ ရှောက်ရွှမ် မော့ကြည့်လိုက်၏။
မျိုးနွယ်စုခေါင်းဆောင်နှင့် နတ်ဆရာတို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ လူများသည် သူတို့အတွက် လမ်းဖွင့်ပေးလိုက်ကြသည်။ သူတို့၏ အမူအယာများသည် အလွန်ပင် ရိုသေလေးစားနေသည့်ပုံ ရပေသည်။
မျိုးနွယ်စုခေါင်းဆောင်၏ ဦးခေါင်းတွင်လည်း ကြီးမားသော ဦးချိုကြီးများ တပ်ဆင်ထားသည်ကို မြင်တွေ့နေရသည်။ နတ်ဆရာမှာမူ မည်သည့် အဆင်အယင်ကိုမှ ဆင်ထားသည်ကို မတွေ့ရပေ။ သူသည် လက်ထဲတွင် တုတ်တစ်ချောင်းကို ကိုင်ထားပြီး အညိုရောင် သားမွေးဝတ်ရုံကို ဝတ်ဆင်ထားလေသည်။
ဤတစ်ကြိမ်သည် ရှောက်ရွှမ်အနေဖြင့် နတ်ဆရာကို ဒုတိယ အကြိမ်မြင်တွေ့ဖူးခြင်း ဖြစ်လေသည်။ နတ်ဆရာသည် ယခင်အကြိမ်နှင့် အတူတူသာဖြစ်ပြီး ပြောင်းလဲခြင်းမရှိနေကြောင်းကို သူမြင်တွေ့လိုက်ရသည်။ ထိုနတ်ဆရာသည်ပင် သူ့အား ဆီဆာကို ထိန်းသိမ်းရန် ပြောခဲ့ခြင်းဖြစ်သည်။
မျိုးနွယ်စုခေါင်းဆောင်နှင့် နတ်ဆရာ၏နောက်မှ လိုက်လာကြသည့် လူများသည် လည်း မျိုးနွယ်စုဝင်များ၏ စိတ်ဝင်စားခြင်းကို ခံနေရလေသည်။
နတ်ဆရာတို့၏ နောက်မှ လိုက်လာခဲ့ကြသည့် အသက်ဆယ်နှစ်မှဆယ့်လေးနှစ် အတွင်းရှိကြသော ကလေး အယောက် ရှစ်ဆယ်ခန့်သည် မီးပုံ၏ ဘေးဖက်တွင် နေရာယူလိုက်ကြလေသည်။ ရှောက်ရွှမ် မိဘမဲလိုဏ်ဂူထဲမှ ကလေးလေးယောက်ကို မြင်တွေ့လိုက်ရသည်။ မော့အာ အပါအဝင်လေးဦး ဖြစ်၏။
သူတို့သည် ဂူထဲတွင် နေထိုင်ခဲ့ကြစဉ်က စိတ်မရှည်နိုင်ဖြစ်တတ်ကြသည့် ကလေးများ ဖြစ်ကြသည်။ သို့သော်လည်း ယခုတွင် သူတို့သည် တိတ်ဆိတ်နေခဲ့ကြပြီး တည်ငြိမ်နေခဲ့လေ၏။ သူတို့အားလုံးသည် သားရေ လက်တို အင်္ကျီများကို ဝတ်ဆင်ထားကြပြီး ဆံပင်များကို ဖြီးသင်ထားကြကာ၊ အရိုးဖြင့် ပြုလုပ်ထားသည့် တန်ဆာများဖြင့် အလှဆင်ထားကြလေသည်။ ရှောက်ရွှမ် သိခဲ့ရသလောက် သူတို့အားလုံးသည် ယခုအချိန်တွင် သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်း အဖြစ်နေဆုံး အချိန်ပင်ဖြစ်သည်။
“ ဒီနှစ်မှာ ကလေးတွေ များတာပဲ .... “သူ့ဘေးမှ လူတစ်ယောက် တီးတိုး ရေရွတ်လိုက်သည်။
“ ဟုတ်တယ် ငါလည်း ဒီလိုပဲထင်တယ် ။ အရင်နှစ်က အလွန်ဆုံးမှ သုံးဆယ်၊ လေးဆယ်ပဲ .... ဒီနှစ်ကတော့ နှစ်ဆ ဖြစ်သွားပြီ “
“ ဒါကကောင်းတဲ့လက္ခဏာပဲ ..... ဒီလိုလူသစ်လေးတွေ အများကြီး ပေါ်လာရင် ငါတို့မျိုးနွယ်စုက ပိုသန်မာလာပြီးတော့ အရင်ထက် ပိုစွမ်းအားကောင်းလာမယ် “
“ .......”
လူအများသည်ဆွေးနွေးနေကြပြီး ရှောက်ရွှမ်ဘေးမှ ကလေးများသည်လည်း မနာလိုစိတ်များဖြင့် တီးတိုးပြောနေကြလေသည်။
မကြာခင်တွင်ပင် ပြင်ဆင်မှုများ ပြီးဆုံးသွားခဲ့ပြီး ပွဲတော် စတင်ကျင်းပလေပြီ။
မျိုးနွယ်စု ခေါင်းဆောင်သည် ‘အော့ ‘ ဟုအမည်ရသည့် သန်မာသည့် စစ်သည်တော်တစ်ဦးဖြစ်သည်။ လူအများပြောကြသည်မှာ သူ၏ ခွန်အားသည် မျိုးနွယ်စုမှ ထိပ်ဆုံးသုံးယောက်အတွင်းပါဝင်သည်ဟု ပြောကြလေသည်။
အော့ ပထမဦးစွာ တိုတောင်းသော အဖွင့်စကားကို ပြောလိုက်သည်။ ယခင်နှစ်မှ ရိတ်သိမ်းနိုင်မှုများ နှင့် နောက်နှစ်အတွက် မျှော်လင့်ချက်များအကြောင်းကို ပြောလိုက်ခြင်းဖြစ်သည်။ ရှောက်ရွှမ်သည် ထိုကဲ့သို့သော ဟောပြောမှုမျိုးကို သူ့ယခင်ဘဝတွင်အကြိမ်များစွာ ကြားခဲ့ရဖူးသည်။ ထို့ကြောင့် သူ့အနေဖြင့် စိတ်လှုပ်ရှားနေမိခြင်းမရှိနေပေ။ သို့သော်လည်း သူ့ဘေးမှလူများမှာမူ အလွန်အမင်း စိတ်အားတက်ကြွနေကြပြီး အချို့လူများသည် မျိုးနွယ်စုခေါင်းဆောင် စကားပြောအပြီးတွင် တက်ကြွစွာ အော်ဟစ်နေကြလေသည်။ ကလေးများသည်လည်း လူကြီးများနှင့်အတူ လိုက်အော်လိုက်ကြသည်။ သူတို့၏မျက်နှာများသည် နီရဲ ကုန်ကြ၏။
မျိုးနွယ်စုခေါင်းဆောင် စကားပြောပြီးသည့်အချိန်တွင် နတ်ဆရာ စကားပြောသည့်အလှည့်ဖြစ်သည်။ မည်သို့ပင် ဖြစ်စေ နတ်ဆရာသည် ဤပွဲတော်အတွက် အခရာ ပင်ဖြစ်သည် မဟုတ်ပေလော။
မီးပုံကို အယောက်ရှစ်ဆယ်ခန့်သော ကလေးများက ဝန်းရံနေခဲ့ကြသည်။ သူတို့သည် မတ်တပ်ရပ်နေကြသည့် စစ်သည်တော်များထက် မီးပုံနှင့် ပိုနီးသော နေရာတွင် ရှိနေကြလေသည်။
နတ်ဆရာသည် သူ့လက်ထဲရှိ တုတ်ချောင်းကို ဆုပ်ကိုင်လိုက်ပြီး ခေါင်းမော့လိုက်သည်။ သူသည် လက်များကို ဖြန့်ကားထားလိုက်ပြီး စတင် သီချင်းဆိုလိုက်သည်။
လေထုသည် ပြောင်းလဲသွားခဲ့လေသည်။ ယခင်က စိတ်လှုပ်ရှားနေခဲ့ကြသော လူများသည် စတင် တည်ငြိမ်သွားကြသည်။ လူတိုင်းသည် ပါးစပ်များကို ပိတ်ထားလိုက်ကြပြီး အသက်ရှုသည်ကိုပင် ဂရုတစိုက်ရှုရှိုက်နေကြ၏။ သူတို့အားလုံးသည် နတ်ဆရာသီဆိုနေခြင်းကို အနှောင့်အယှက်ပေးမိမည်ကို စိတ်ပူနေကြခြင်း ဖြစ်သည်။
နတ်ဆရာ ဘာကိုဆိုနေသည်ကို ရှောက်ရွှမ်မသိနေခဲ့ပေ။ မျိုးနွယ်စုမှ လူများ ပြောဆိုလေ့ရှိသည့် စကားများမဟုတ်သည်မှာတော့ သေချာသည်။ ထို့အပြင် သူ၏လေယူလေသိမ်းသည်လည်း ထူးဆန်းနေခဲ့သည်။
မည်သို့ပင်ဖြစ်စေ ပို၍ထူးဆန်းသော မြင်ကွင်းများကို သူမြင်လာရပေသည်။
နတ်ဆရာ၏သီချင်း နှင့်အတူ မီးတောက်များသည် စတင်ကခုန်လာကြ၏။ မည်သည့်မီးလောင်စေသည့် ပစ္စည်းများကိုမှ မတွေ့နေရသော်လည်း မီးတောက်သည် ပို၍ ပို၍ ကြီးမားလာခဲ့၏။ နောက်ဆုံးတွင် မီးတောက်သည် မီးပုံ၏ အနားစွန်းဆီသို့ပင် ရောက်လာခဲ့ပြီဖြစ်သည်။ မီးတောက်သည်ပင်လျှင် သုံးမီတာခန့်မြင့်မားလာခဲ့ပြီ ဖြစ်ပြီး မီးတောက်၏ ထိပ်ပိုင်းတွင် ပုံရိပ်များပေါ်လာခဲ့သည်။ ထိုပုံရိပ်များသည် တဖြေးဖြေး ထင်ရှားလာခဲ့ပြီး မီးတောက်နှင့်ပူးပေါင်းသွားကြသည်။ ထို့နောက်တွင် မီးတောက်သည် ဦးချိုနှစ်ခု၏ ပုံစံအဖြစ်သို့ပြောင်းလဲသွားလေသည်။
ထိုအရာသည် မျိုးနွယ်စု၏ နတ်ရုပ်ဖြစ်သော မီးတောက် ဦးချိုများ ဖြစ်ကြပေသည်။
မီးပုံ ထဲတွင် မီးတောက် သုံးခုရှိနေခဲ့သည်။ ပထမဆုံးသော မီးတောက်သည်လွင့်မျောနေခဲ့သည့် မီးတောက် တစ်ခုဖြစ်ပြီး ထိုမီးတောက်မှ နတ်ရုပ်ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
မီးပုံ၏အထက်တွင် နတ်ရုပ်ဖြစ်ပေါ်လာခဲ့ပြီး စစ်သည်တော်များ၏ ခန္ဓာကိုယ်ပေါ်တွင် ရေးဆွဲထားသည့် ပန်းချီများသည် ပို၍ပင် ထင်ရှားလာခဲ့လေသည်။
လူတိုင်းသည် မီးပုံရှိနေသည့်ဖက်ကို လှည့်ကြည့်လိုက်ကြသည်။ သူတို့၏ မျက်လုံးများတွင် လေးစားကြည်ညိုမှုများဖြင့် ပြည့်နှက်နေခဲ့လေသည်။
ညသည် မှောင်မဲနေခဲ့လေသည်။ ကောင်းကင်ထက်တွင် လနှစ်ခု ရှိနေခဲ့သည်။ သို့သော်လည်း တောင်ထိပ်တွင်မူ မီးပုံထဲမှမီးတောက်များကြောင့် အတော်လေး လင်းထိန်နေခဲ့ကာ အနီရောင် ဖြစ်နေခဲ့သည်။
နတ်ဆရာသည် သီချင်းဆိုနေခြင်းကို ရပ်တန့်ခြင်း မပြုသေးပေ။ သူ၏ အသံသည် ပို၍ပင် ကျယ်လောင်လာခဲ့၏။ ထို့နောက်တွင် လူအများသည် ဗုံများကို တီးလိုက်ကြပြီး သီချင်းသံနှင့်အတူ သံစဉ်ကိုက်နေခဲ့သည်။ အရိုးများနှင့်ကျောက်တုံးများကို ထုရိုက်လိုက်သည့် အသံများကိုလည်း သီချင်းသံနှင့် အတူ ကြားနေခဲ့ရသည်။
အချို့လူများသည် သူတို့၏လက်ဝါးများဖြင့် စည်းဝါးလိုက်နေကြသည်။ သို့သော်လည်း ဂီတသံများသည် ရှောက်ရွှမ် ယခင်ဘဝက ကြားဖူးခဲ့သော ဂီတသံများနှင့် ကွာခြားနေခဲ့လေသည်။
အရိုးဖြင့် ထုရိုက်သံများ၊ ကျောက်တုံးများကို ထုရိုက်သည့်အသံများ နှင့်အတူ ဗုံ၏ စည်းချက်ကျကျ အသံသည် ဆက်လက်ထွက်ပေါ်နေခဲ့လေသည်။
ကျွန်းတိုင်လုံးများဘေးတွင် ရပ်နေခဲ့ကြသည့် အမျိုးသားနှင့် အမျိုးသမီး စစ်သည်တော်များသည် စတင်လှုပ်ရှားလာခဲ့ပြီး နတ်ဆရာ၏ သီချင်းကို စတင် ခံစားလာကြသည်။ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြပြီးနောက်တွင် သူတို့သည် မီးပုံကို ဝန်းရံလိုက်ကြပြီး ခြေလက်များကို မြောက်ကာ က ကြလေတော့၏။
ထိုအကသည် မျိုးနွယ်စု စတင်တည်ထောင်သည့်အချိန်ကတည်းကပင် လက်ဆင့်ကမ်းလာခဲ့ကြသည့် မျိုးနွယ်စု ရိုးရာအကဖြစ်လေသည်။
ရှောက်ရွှမ် သူ့သူငယ်ချင်း ရှေးဟောင်းပညာရှင်ပြောခဲ့သည့် စကားများကို ပြန်အမှတ်ရလိုက်သည်။ “ မျိုးနွယ်စုတွေမှာ သူတို့ရဲ့ကိုယ်ပိုင် ရိုးရာအကတွေ ရှိတတ်ကြတယ်။ ဒါက ရိုးရာအတွက် အရေးကြီးတဲ့ အစဉ်အလာတစ်ခုပဲ။ ဒါက ခေတ်အဆက်ဆက်ဖြတ်သန်းလာခဲ့တဲ့ ယဉ်ကျေးမှုလည်း ဖြစ်သလို ဘိုးဘေးတွေကို အလေးအနက်ထားတဲ့အနေနဲ့ ကကြတာလည်း ဖြစ်တယ်။ ရိုးရာ ရှေးဟောင်းအကတွေကို သာမန်လူတွေက မကနိုင်ကြဘူး၊ ရှေးဟောင်း ရိုးရာဓလေ့တွေကို လေးစားပြီးတော့ လိုက်နာသင့်တယ် “
ယခုလက်ရှိတွင် မီးပုံဘေးတွင် ကနေကြသည့် လူများသည် မျိုးနွယ်စုမှ လက်ရွေးစင်များ ဖြစ်ကြလေသည်။ သူတို့သည် ရိုးရာပွဲများတွင် အစဉ်အလာအကများကို ကပြနိုင်ရန်အတွက် အရည်အချင်းမှီကြသည့်လူများ ဖြစ်ကြလေ၏။
ရှောက်ရွှမ်၏ မျက်စိထဲတွင် အချို့ကကွက်များသည် အဓိပ္ပာယ်မရှိဖြစ်နေခဲ့သည်။ သို့သော်လည်း လူတိုင်းသည် ပါဝင်ခွင့်ရခြင်းကို ဂုဏ်ယူနေကြလေသည်။ အချို့ကလေးများ တစ်နေ့နေ့တွင် ထိုရိုးရာ အကကပြနိုင်သူ ဖြစ်လာရန်အတွက် ဆုတောင်းနေကြသည်ကိုပင် ရှောက်ရွှမ် ကြားမိလိုက်သည်။
ပွဲတွင် သီဆိုတီးမှုတ်နေကြသည့် ဂီတသံများသည်လည်း ကြောင်တောင်တောင်နိုင်လှပေသည်။ သို့သော်လည်း အတူတကွ ပေါင်းစပ်လိုက်သည့်အချိန်တွင်မူ အချိန်တချို့၊ နေရာတချို့အတွက်တော့ အဆင်ပြေသေးသည့် ဂီတသံများ ဖြစ်လာကြသည်။ လူများသည် ယခုလက်ရှိ ဂီတသံများကိုသာ နားယဉ်နေခဲ့ကြပြီးဖြစ်သည်။ ထို့ကြောင့်ပင် ရှောက်ရွှမ်အနေဖြင့် တစ်မျိုးဖြစ်နေသော်လည်း အခြားသူများ အတွက်မှာ ဂီတသံ ကောင်းတစ်ခုသာဖြစ်သည်။
ဂီတသံများနှင့် အကများထက် ရှောက်ရွှမ် ပို၍ စိတ်ဝင်စားနေမိသည်မှာ မီးပုံးဘေးရှိ ကလေးများကို သာဖြစ်သည်။
စစ်သည်တော်များသည် မီးပုံကို ဝန်းရံကနေကြချိန်တွင် မီးပုံမှ မီးတောက်သည် ပို၍ ပို၍ ကြီးမားလာခဲ့၏။ ထိုနေရာမှ မီးတောက်အချို့ပင် အဝေးသို့ လွင့်စင်နေခဲ့လေပြီ။
မှန်ပေသည် လွင့်စင်နေခဲ့ခြင်း ဖြစ်သည်။
မီးတောက်များနှင့် မီးပွားများသည် မီးပုံဆီမှ ထွက်လာကြပြီး လေထဲမျောလွင့်သွားကြ၏။
မီးပုံ၏ ဒုတိယမြောက်မီးတောက် - ပျံသန်းနေသည့် မီးတောက်
သို့သော်လည်း မီးပုံဘေးမှကလေးများသည် မီးတောက်များထံမှ လွတ်မြောက်စေရန် ထွက်ပြေးခြင်းမပြုကြပေ။ သူတို့သည် ထိုနေရာတွင်ပင် လေးစားစွာဖြင့်ရပ်နေကြပြီး မီးတောက်များ မီးပွားများကို သူတို့၏ ခန္ဓာကိုယ်များ ပေါ်သို့ မျောလွင့်ခွင့်ပြုထားလေသည်။
ရှောက်ရွှမ် သူ့မျက်လုံးများကို ပြူးထားလိုက်ပြီး သေချာကြည့်နေလိုက်သည်။ ထိုမီးတောက်များသည် ကလေးများကို လောင်ကျွမ်းခြင်းမရှိပဲ သူတို့၏ခန္ဓာကိုယ်များအတွင်း တိုးဝင်ပျောက်ကွယ်သွား ခဲ့ကြသည်။ အဝတ်အစားများပင် မီးလောင်ခြင်း မရှိနေပေ။
ပိုများသော မီးတောက်များ မီးပွားများ သူတို့ခန္ဓာကိုယ်များအတွင်းသို့ တိုးဝင်သွားကြပြီး အချို့သော ကလေးများ၏ ခန္ဓာကိုယ်များပေါ်တွင် မျိုးနွယ်စုစစ်သည်များ၏ အထူးအမှတ်အသားများ စတင်ပေါ်ထွက်လာကြ၏။ မီးတောက် မီးပွားများဖြင့် သူတို့ပို၍ ထိတွေ့လေလေ သူတို့၏ နတ်ရုပ်အမှတ်အသားများသည် ပို၍ ထင်ရှားလာလေလေဖြစ်သည်။
ပျံသန်းနေသည့် မီးတောက်များသည် နတ်ဆရာရွေးချယ်ထားသည့် ကလေးများနှင့် ထိတွေ့လိုက်ပြီးသည်နှင့် ရပ်တန့်နေကြခြင်း မရှိကြပေ။ အချို့သော မီးတောက်မီးပွားများသည် လေထဲတွင် ဆက်လက်မျောလွင့်နေခဲ့ကြသည်။ အချို့သည် ရှောက်ရွှမ် ထိုင်နေခဲ့သည့် နေရာသို့တိုင် ရောက်လာခဲ့ကြသည်။
သူ့အနားကပ်လာသော မီးတောက်မီးပွားများကို မြင်တွေ့လိုက်ရသဖြင့် ရှောက်ရွှမ် အလိုအလျောက်ဘေးသို့ ရှောင်တိမ်းလိုက်သည်။ သို့သော်လည်း သူသည် မကြာခင်တွင်ပင် ပြန်လည် တည်ငြိမ်သွားပြီး ထိုနေရာတွင်ပင် ရပ်နေလိုက်သည်။ လူအများသည် လှုပ်ရှားကြခြင်းမရှိသဖြင့် ထိုမီးတောက်များသည် သူထင်ထားသကဲ့သို့ အန္တရာယ်များသည့် ပုံ မပေါ်နေပေ။
မီးတောက်များဖြင့် ထိတွေ့ရခြင်းကြောင့် ရှောက်ရွှမ် သက်တောင့်သက်သာ ဖြစ်မှုကိုသာ ခံစားမိလိုက်သည်။ နာကျင်ခြင်း လောင်ကျွမ်းခြင်းများလည်း မရှိနေခဲ့ပေ။
ထိုအချိန်တွင် ရှောက်ရွှမ်သည် လုံးဝစိတ်သက်သာရာ ရနေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့်သူသည် မီးပုံကိုသာ ပြန်စိုက်ကြည့်လိုက်သည်။ မီးတောက်များမီးပွားများ ပိုများလာပြီး သူ့ထံသို့ ပျံသန်းလာနေသည်ကိုပင် သူဂရုမစိုက်တော့ပေ။ မီးပုံဘေးမှကလေးများသည် တစ်နှစ်တာလုံးတွင် ကံအကောင်းဆုံးသော လူများဖြစ်ကြသည်။ သူတို့သည် မီးပုံမှတဆင့် ခွန်အားများနှင့် စွမ်းအားများကို လက်ခံရရှိနိုင်ကြပေမည်။ ထိုမှတဆင့် သူတို့၏ မျိုးနွယ်စုနတ်စွမ်းရည်များ နှိုးထလာကြပေမည်။ ရှောက်ရွှမ်သည် မော့အာနှင့် ဂူထဲမှ အခြားကလေးများ ဤနှစ်အတွင်း နတ်စွမ်းရည် နှိုးထနိုင်ခြင်း ရှိမည် မရှိမည်ကို အလွန်စိတ်ဝင်စားနေခဲ့မိသည်။
သူသည် မီးပုံကို ကြည့်နေသည့်အချိန်တွင်ပင် သူ့ဘေးတွင်ရပ်နေသည့် ‘ထူ’ ရုတ်တရက် သူ့ကို တိုးတိုးလေး ခေါ်လိုက်သည်။
“ အား.... အားရွှမ် ... အားရွှမ် “
“ ဘာလဲ ... “ ရှောက်ရွှမ် သတိပြန်ဝင်လာပြီး သူ့အကြည့်ကို မီးပုံဆီမှ ရွှေ့လိုက်ကာ ဘေးဖက်ကိုကြည့်လိုက်သည်။ သူ့ဘေးရှိကလေးများအားလုံးသည် သူ့ကို တစ္ဆေတစ်ကောင်ကို ကြည့်နေသည့်ပုံဖြင့် ကြည့်နေကြသည်ကို တွေ့လိုက်ရသည့်အချိန်တွင် ရှောက်ရွှမ် ဇဝေဇဝါ ဖြစ်သွားမိသည်။
“ ဘာမှားနေလို့လဲ “
ရှောက်ရွှမ် မေးလိုက်သည်။ သူသည် မီးပုံကိုသာ အာရုံစိုက်နေခဲ့မိပြီး သူ့ဘေးပတ်ဝန်းကျင်ကို သတိမထားမိခဲ့ပေ။
ကလေးများသည် နောက်သို့ပြန်ဆုတ်လိုက်ကြပြီး ရှောက်ရွှမ်ကိုပင် ဆက်ကြည့်နေမိကြသည်။
ထူ တံတွေးများကို မျိုချလိုက်ပြီး ပြောလိုက်သည်။ “ မင်း.... မင်းကို မီးလောင်နေတယ် “
“ ဘာကိုမီးလောင်တယ် “ ရှောက်ရွှမ် စိတ်ထွေပြားနေဆဲဖြစ်သည်။ သူတို့ဘာကို ပြောနေကြတာလဲဟ၊ ငါမှ မီးမလောင်တာ .... ။
“ မင်း.... မင်းကို မီးလောင် နေတယ် “