အခန်း (၂၀၅)
Vol. 14 Ch. 205
ကျီဝမ်က သူ့ဦးလေးရဲ့ ဖိနှိပ်မှုကို ရင်ဆိုင်ခဲ့ရသည်။ "ဖန့်ရှောင်နွမ် ဒီနေ့ ကျွန်တော်နဲ့ မလိုက်လာဘူးလို့ ကျွန်တော်ပြောပြီးပြီလေ။ ကျွန်တော် အဲဒီကို ကစားဖို့သွားခဲ့တဲ့ တစ်ဦးတည်းသော သူပဲ”
ရိုက်နှက်အပြစ်ပေးခံရမည့်အန္တရာယ်ကို ခံယူရင်း ကျီဝမ်က ကျီလင်းချန်ရဲ့ ဒေါသအရှိန်ကို တစ်ယောက်တည်း သည်းခံခဲ့သည်။
ကျီလင်းချန် တစ်စုံတစ်ရာကို မဖြေရှင်းရသေးဘူး နောက်ထပ်တစ်ခုရောက်လာပြီ။ သူ စာကြည့်ခန်းမှ ထွက်လာပြီး လက်ရန်းဆီသို့ ရောက်လာသည်။ သူက အောက်ထပ်က အပြစ်ရှိတဲ့ ဖန့်ရှောင်နွမ်ကို အော်ခဲ့သည်။ "အခု တက်လာခဲ့!"
ဖန့်ရှောင်နွမ်က သူမကို ခေါ်နေမှန်း သိသော်လည်း သူမ မလှုပ်ဝံ့ဘဲ မကြားချင်ယောင်ဆောင်နေခဲ့သည်။
"မင်း တက်မလာခင် မင်းနာမည်ကို ဆက်ခေါ်နေရမှာလား။ ဒါမှမဟုတ် ကိုယ်ဆင်းပြီး မင်းကို တက်လာခိုင်းရမှာလား" ကျီလင်းချန်ပြောလိုက်သည်။
ဖန့်ရှောင်နွမ် ပြောစရာစကားမရှိဖြစ်သွားသည်။
သူမ ဖြည်းညှင်းစွာထကာ ခေါင်းငုံ့ပြီး အပေါ်ထပ်သို့ ဖြည်းညှင်းစွာ လျှောက်သွားကာ ခင်ပွန်းဖြစ်သူအား သတင်းပို့လိုက်သည်။ အပေါ်ထပ်တွင်၊ ဖန့်ရှောင်နွမ်က ကျီလင်းချန်နဲ့ မနီးကပ်ဘဲ နံရံကို မှီနေသည်။ သူမလက်လေးတွေက နံရံကို အပေါက်ဖောက်ချင်သလို နံရံကို ကိုးရိုးကားယားနိုင်စွာ ဖိထားသည်။
ကျီလင်းချန်ရဲ့ မျက်လုံးတွေက သူမကို စိုက်ကြည့်နေသည်။ ရုတ်တရက် သူ ရှေ့သို့ လှမ်းလာပြီး ဖန့်ရှောင်နွမ် လက်မောင်းကို ဆွဲကာ စာကြည့်ခန်းထဲသို့ ဆွဲသွင်းလိုက်သည်။
ဖန့်ရှောင်နွမ်လည်း ဆွဲခေါ်ခံလိုက်ရတာကို ကျီဝမ်က မြင်ပြီး ချက်ချင်း ကျယ်လောင်စွာပြောလိုက်သည်။ "ဦးလေး၊ ဒီနေ့ ဖန့်ရှောင်နွမ် မသွားခဲ့ဘူးလို့ ကျွန်တော်ပြောထားပြီးသားလေ။ အဲဒီမှာ ကစားဖို့ ကျွန်တော်တစ်ယောက်တည်း သွားခဲ့တာလို့။ ဦးလေးဘာလို့ သူ့ကိုဖမ်းတာလဲ"
ဖန့်ရှောင်နွမ်က ကျီဝမ်ကို ကြည့်ပြီး အံ့သြစရာကောင်းစွာ သူမအတွက် သူက အပြစ်တင်တာခံခဲ့သည်။ သူမပါးစပ်ကိုဖွင့်ကာ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ချင်နေသည်။ “မဟုတ်ဘူး…”
“အဲ့တာက ပျော်စရာကောင်းမှာပဲလို့ ထင်ခဲ့တာ၊ ဒါနဲ့ သွားလိုက်တာ။ ပြီးတော့ ဦးလေးလည်း ဝင်လို့ရနေတာပဲ။ ဆိုလိုတာက ဦးလေး ဟိုးအရင်က အဲ့ကိုရောက်ဖူးတယ်။ ဦးလေးတောင်သွားလို့ရရင် ကျွန်တော်က ဘာလို့သွားလို့မရမှာလဲ။" ကျီဝမ်က ကျီလင်းချန် အား ဤကဲ့သို့ ပုန်ကန်သော စကားကို ပထမဆုံးအကြိမ် ပြောဖူးတာဖြစ်သည်။
ကျီဝမ်က ဖန့်ရှောင်နွမ်ကို စကားမပြောဖို့ တားလိုက်သည်။
ကျီလင်းချန် သူ့တူလေးကို ကြည့်လိုက်သည်။ သူ့ကိုယ်သူ အပြစ်ရှိတဲ့သဘောသက်ရောက်စေပြီး သူ့အဒေါ်ကို ခုခံကာကွယ်ပေးနေသည်။ ကျီလင်းချန် စိတ်ပျက်သွားသည်။ "ထွက်သွား!"
ကျီဝမ် လှည့်ပြီး ရဲရင့်စွာ ထွက်သွားခဲ့သည်။ သူ မသွားခင်မှာ ဖန့်ရှောင်နွမ်ကို သန့်ရှင်းအောင် လုပ်မလာဖို့ သတိပေးဖို့အတွက် ခေါင်းကို အနည်းငယ် ခါပြလိုက်သည်။
ကျီဝမ် ထွက်သွားပြီးနောက်တွင် ဇနီးမောင်နှံနှစ်ဦးသာ စာကြည့်ခန်းထဲတွင်ကျန်ခဲ့သည်။
"ဒီနေ့အဝတ်အစားကို ဘယ်သူနဲ့လဲခဲ့လဲ" ကျီလင်းချန်က သူ့မျက်လုံးတွေကို မှိတ်ထားခဲ့သည်။ ကောင်မလေးရဲ့ လက်မောင်းပေါ်က အမှတ်အသားတွေအကြောင်း သူ တွေးနေမိသည်။
ကောင်မလေးရဲ့အဝတ်အစားက သူ့မိန်းမရဲ့အဝတ်တွေနဲ့တူပေမယ့် သူမက သူ့မိန်းမ မဟုတ်တာ သေချာသည်။
ကျီလင်းချန်က ဖန့်ရှောင်နွမ်ရဲ့ လက်မောင်းကို နေ့တိုင်းမြင်နေရသည်။ သူက သူမ ဟုတ်မဟုတ် သူဘယ်လိုလုပ်မသိဘဲနေမှာလဲ။ ထို့ကြောင့် ဖြစ်နိုင်ခြေအရှိဆုံးမှာ သူမက ဒီနေ့မှာ တခြားတစ်ယောက်နဲ့ အဝတ်အစားလဲခဲ့ခြင်းပင်ဖြစ်သည်။
ဖန့်ရှောင်နွမ် အံကြိတ်ကာ ခေါင်းယမ်းလိုက်သည်။ လျိုစစ်ယွီက သူမကို သန့်ရှင်းလာစေရန် ခွင့်မပြုခဲ့သလို ကျီဝမ်ကလည်း ခွင့်မပြုခဲ့ပေ။
ကျီလင်းချန် စားပွဲကို ပြင်းပြင်းထန်ထန် ဆောင့်ချလိုက်ပြီးစိတ်လှုပ်ရှားစွာနဲ့မေးခဲ့သည်။ "ရှောင်နွမ်၊ မင်းအဝတ်အစားတွေကို ဘယ်သူက ငှားခဲ့တာလဲ။ ကိုယ့်ကိုပြော!"
ဖန့်ရှောင်နွမ် သူမခေါင်းကို အနည်းငယ်ခါယမ်းနေဆဲဖြစ်သည်။
"ဖန့်ရှောင်နွမ်၊ ကိုယ့်ကိုချက်ချင်းပြောပြနော်!"ကျီလင်းချန် ဒေါသတကြီးဖြစ်ကာ အမြတ်တနိုးထားလေ့ရှိသည့် သူ့ဇနီးလေးအား အော်ဟစ်ပြောဆိုခဲ့သည်။
ကြင်စဦးခါစတုန်းက သူတို့ရဲ့ ဆက်ဆံရေးအဆင်မပြေတာကလွဲလို့ ဖန့်ရှောင်နွမ်က ကျီလင်းချန် အတွက် အဖိုးတန်လေးလိုမျိုး သူမကို အမြဲတမ်းဖူးဖူးမှုတ်ထားခဲ့သည်။ အခုတော့ သူ ရုတ်တရက် သူမကို အော်ငေါက်လိုက်သည်။ သူမ နေရာမှာတင်အမြစ်တစ်ခုလို မတ်တပ်ရပ်ကာ စတင်ငိုတော့သည်။ သူမမျက်ရည်တွေ တလိမ့်လိမ့် စီးကျနေပြီး သူမ ဘယ်လောက်ပဲ ကြိုးစားကြိုးစား တားလို့မရခဲ့ပေ။ သူမက သူမမိဘတွေရဲ့ ဝေဖန်ခြင်းကို ခံရပြီးနောက် မတ်တပ်ရပ်ကာ ငိုကြွေးနေသည့် ကလေးတစ်ယောက်ကဲ့သို့ပင်။
ဖန့်ရှောင်နွမ် သူမရဲ့လက်ကို မြှောက်လိုက်ပြီး မျက်ရည်တွေကို အင်္ကျီလက်ဖြင့် သုတ်လိုက်သည်။
ကျီလင်းချန် ပို၍ပင် စိတ်လှုပ်ရှားလာသည်။ လက်သီးတွေကို တင်းတင်းဆုပ်ပြီး သူ့မိန်းမဆီ တဟုန်ထိုးသွားလိုက်သည်။ သူ သူမပခုံးပေါ်လက်နဲ့ ဖိလိုက်ပြီး ပြောခဲ့သည်။ "ရှောင်နွမ်၊ မင်းအဝတ်အစားကို ဘယ်သူနဲ့ လဲခဲ့တာလဲဆိုတာ ကိုယ်ကို မြန်မြန်ပြောပြစမ်းပါ။ ဒီကိစ္စက ကိုယ့်အတွက် အရမ်းအရေးကြီးတယ်။”
ဖန့်ရှောင်နွမ် မျက်လုံးထွက်ကျမတတ် ငိုနေသည်။ တဖက်မှာတော့ သူမက သူမရဲ့ အချစ်ဆုံးသူငယ်ချင်းမို့ ဘာမှပြောခွင့်မရခဲ့ပေ။ တစ်ဖက်မှာလည်း သူမရဲ့ အချစ်ဆုံးသူငယ်ချင်းက သူမအတွက် အပြစ်တင်တာခံခဲ့သည်။ အခု ယောကျ်ားဖြစ်သူက သူမကို မေးခွန်းထုတ်နေသေးတဲ့အတွက် သူ့ကို ဘယ်လိုဖြေပေးရမှန်းတောင် မသိခဲ့ပေ။ သူမ ကလေးတစ်ယောက်လိုသာ ငိုနိုင်ခဲ့သည်။
ကျီလင်းချန် အနည်းငယ် စိတ်အားထက်သန်နေပြီဖြစ်ကြောင်းကိုလည်း သူ သဘောပေါက်ခဲ့သည်။ သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက်သည်။ သူ့မိန်းမ မျက်ရည်ကျမှာကို ကြောက်ရွံ့နေခဲ့သည်။ သူ ဒီလို စိတ်တည်ငြိမ်မှု မပျောက်ဆုံးသင့်ပေ။
ကျီလင်းချန် မျက်လုံးတွေကိုမှိတ်ထားပြီး အနည်းငယ် အသက်ပြင်းပြင်းရှူလိုက်သည်။ မျက်ရည်ကျနေတဲ့ ဇနီးသည်ကိုကြည့်ရင်း လက်လှမ်းကာ သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။ "တောင်းပန်ပါတယ်။ ကိုယ် မင်းကို မအော်လိုက်သင့်ဘူး"
ဖန့်ရှောင်နွမ် ရှိုက်ငိုကာ ပြောခဲ့သည်။ "ကျွန်မ...ကျွန်မ တောင်းပန်ပါတယ်။ တောင်းပန်ပါတယ် ယောကျ်ား"
“မဟုတ်ဘူး မတောင်းပန်နဲ့” ကျီလင်းချန်က သူ့ဇနီးလေးကို သူ့ရင်ခွင်ထဲထည့်ကာ နှစ်သိမ့်ပေးခဲ့သည်။
ထိုအချိန်တွင် ကျီလင်းချန် ရုတ်တရက် ဖုန်းလက်ခံရရှိခဲ့သည်။ သူ့ဂျာကင်အင်္ကျီကိုဝတ်ပြီး အပြင်ထွက်ဖို့ပြင်လိုက်သည်။
ဖန့်ရှောင်နွမ် မျက်ရည်တွေနဲ့ သူ့နောက်သို့ လိုက်လာသည်။ "ယောကျ်ား၊ ဘယ်သွားမလို့လဲ"
ကျီလင်းချန် ပြောလိုက်သည်။ “ကိုယ့်မှာ လုပ်စရာပေါ်လာလို့ ။ အပြင်ခဏသွားရမယ်။ အခန်းထဲကို မင်း အရင်ပြန်သွားလိုက်။ အပြင်မှာ အေးတယ် ဒီတော့ ကိုယ် ဒီည ပြန်မလာတော့ဘူး"
အဲဒါနဲ့ သူ ကားမောင်းပြီးထွက်သွားခဲ့သည်။ သူ့ဇနီးလေးက အဲဒီ့နေရာမှာ မျက်ရည်တွေနဲ့ ရပ်နေမှန်းတောင် သူ မသိလိုက်ပေ။
ဖန်ချီက အပြင်ဘက်မှ ရုန်းရင်းဆန်ခတ်ဖြစ်သံကို ကြားပြီး အောက်ထပ်သို့ ဆင်းသွားခဲ့သည်။ သူမရဲ့ ပါးလွှာတဲ့ ညဝတ်အင်္ကျီဝတ်ထားတဲ့ သူမရဲ့ယောက်မကို တံခါးဝမှာ ရပ်နေတာကို တွေ့လိုက်ရသည်။ သူမကို အိမ်ထဲသို့ ချက်ချင်း ခေါ်သွားခဲ့သည်။ " ရှောင်နွမ် ဘာဖြစ်လို့လဲ ပြောပြပါဦး"
ဖန့်ရှောင်နွမ်က ဖန်ချီကို ဖက်ပြီး ငိုတော့သည်။ "ယောက်မ၊ ကျွန်မယောကျ်ားက ကျွန်မကို လျစ်လျူရှုနေတယ်"