မီးတောက်က ဘယ်သူ့ကိုမှ အန္တရာယ်မဖြစ်စေနိုင်ဘူး
Vol. 2 Ch. 22
ရှောက်ရွှမ် ပထမဆုံး တုန့်ပြန်လိုက်သည်မှာ ငြင်းဆန်ခြင်းဖြစ်သည်။ သူသည် မီးပုံကို ကြည့်နေခဲ့သော်လည်း ပျံသန်းလာနေသည့် မီးတောက် မီးပွားများကို ဂရုစိုက်မနေခဲ့ပေ။ သို့သော်လည်း မီးလောင်ကျွမ်းခံရခြင်း၏ နာကျင်မှုကို သူမသိနေဟု ဆိုလိုနေခြင်း မဟုတ်ချေ။
မင်းဘာကိုဆိုလိုတာလဲ “ မင်းကို မီးလောင်နေတယ်တဲ့ “ ဟုတ်လား........။
မီးလောင်တာကိုတောင် ငါကဘာကိုမှ မခံစားမိဘူးတဲ့လား ။
လုံခြုံမှုရှိနေစရန်အတွက် ရှောက်ရွှမ် အခြားသူများကိုပင် မီးလောင်နေခြင်း ရှိမရှိ လည့်ကြည့်လိုက်သေးသည်။ လူတိုင်းပင် အဆင်ပြေနေကြပေသည်။ သူ့နောက်တွင် ရပ်နေကြသည့် ကလေးများသည်လည်း မီးလောင်နေခြင်း မရှိပေ။ မင်းက ငါ့ကို မီးလောင်နေတယ်လို့ ဘာလို့ ပြောနေရတာလဲ .....။
ရှောက်ရွှမ် မယုံကြည်ချင်သော်လည်း သူ့ဘေးရှိကလေးများ၏ အမူအယာအရ တစ်ခုခုတော့မှားယွင်းနေခဲ့ပြီကို ရှောက်ရွှမ် သိလိုက်ရသည်။
သူ့လက်များကို သူစစ်ဆေးလိုက်သည်။ အဆင်ပြေနေသားပဲ ...... ။ ထို့နောက် သူ့ခြေထောက်များကို စစ်ဆေးလိုက်ပြန်သည်။ ဘာမီးလောင်နေတာမှ မတွေ့ပါဘူးဟ .......။
“ အားရွှမ် ... မင်းရဲ့ခေါင်း ... မင်းရဲ့ခေါင်းပေါ်မှာ “
ရှောက်ရွှမ် တခနမျှ တုံ့ဆိုင်းနေခဲ့ပြီး လက်ကိုမြောက်လိုက်ကာ သူ့ခေါင်းကို ထိကြည့်လိုက်သည်။
မည်သို့မှ မထူးခြားချေ။ မည်သည့် ပုံမမှန်သည့် ခံစားချက်ကိုမှလည်း မရနေပေ။
ဒုတိယ အကြိမ် စစ်ဆေးကြည့်သော်လည်း မည်သည့် အရာကိုမှ မတွေ့ရှိနေခဲ့ပေ။
သူ့ဆံပင်များသည် အကောင်းအတိုင်း ရှိနေဆဲဖြစ်သည်။ မီးလောင်သည့်အနံများကိုလည်း မရပေ။ သို့သော်လည်း သူမော့ကြည့်လိုက်သည့် အချိန်တွင် မူ .......
ဘာလား......
ရှောက်ရွှမ် သူ့ခေါင်းပေါ်မှ မီးတောက်များကို တွေ့လိုက်ရသည့်အချိန်တွင် မီးတောက်များသည် ကြီးမားနေခဲ့ပြီဖြစ်သည်။ အစကမူ သူ့ခေါင်းပေါ်တွင် မီးတောက်သေးသေးလေး တစ်ခုသာ ရှိနေခဲ့သည်။ ယခုသူ့ကိုကြည့်လိုက်လျှင် မီးပုံကြီးတစ်ခုကို ဦးထုပ်ဆောင်းထားသည်နှင့် တူနေခဲ့သည်။ ပိုများသော မီးတောက်များ မီးပွားများ ပျံသန်းလာခဲ့ကြသည်နှင့်အမျှ သူ့ခေါင်းပေါ်မှ မီးပုံသည် ပို၍ ပို၍ ကြီးထွားလာခဲ့လေသည်။
ရှောက်ရွှမ် သည် ယခုအချိန်တွင် သူ့ခေါင်းပေါ်မှ မီးပုံကြီးကို ခံစားကြည့်နိုင်ပြီဖြစ်သည်။ သို့သော်လည်း သူသည် နာကျင်နေခြင်း မရှိနေပေ။ သူ့လက်ဖြင့် ထိကြည့်လိုက်သော်လည်း မည်သည့်ခံစားချက်ကိုမှ မသိရဖြစ်နေလေသည်။
သူ့အဝတ်အစားများကို ချွတ်ချလိုက်ပြီး ခေါင်းကို ပွတ်တိုက်ကြည့်လိုက်သော်လည်း အချည်းနှီးသားဖြစ်သည်။ မီးတောက်များသည် အောက်ဖက်သို့ပင် ကူးစက်လာခဲ့ပြီး သူ၏ခြေလက်များ၊ ခန္ဓာကိုယ် သို့ထိတိုင် ရောက်လာခဲ့သည်။
သို့သော်လည်း အစပိုင်းတွင် ဖြစ်ခဲ့သည့် ကြောက်လန့်မှုမှ လွဲလျှင် သူသည် ယခုတွင် ငြိမ်းချမ်းတည်ငြိမ်မှုကို ခံစားမိနေခဲ့သည်။
ဤကမ္ဘာကြီးသည် သူသိထားသည့်ကမ္ဘာကြီးမဟုတ်ပဲ အရာအားလုံးသည် သူ၏ စဉ်းစားဆင်ခြင် ဉာဏ်ဖြင့် ဝေခွဲ၍ မရနိုင်ပေ။
မီးတောက်များသည် မည်သည့်အန္တရာယ်ကိုမှ မဖြစ်စေသဖြင့် မီးငြိမ်းရန်ကြိုးစားနေမှုကို ရှောက်ရွှမ် ရပ်တန့်လိုက်သည်။ ထို့အစား သူသည် ထိုနေရာတွင်ပင် မတ်တပ်ရပ်နေလိုက်ပြီး သူနောက်ထပ် ဘာကို ဆက်လုပ်ရမည်ကို တွေးကြည့်နေလိုက်သည်။
ရှောက်ရွှမ်၏ အရှေ့မှလူများသည် သူ၏အခြေအနေကို မမြင်ကြပေ။ သူတို့၏ စိတ်အာရုံသည် မီးပုံဆီသို့သာ ရောက်နေခဲ့သည်။ ရှောက်ရွှမ်၏ နောက်တွင် ရပ်နေကြသည့် လူများအတွက်မူ သူ့အခြေအနေကို အထင်းသားပင် မြင်နိုင်နေခဲ့သည်။ အထူးသဖြင့် အချို့သော လူအိုကြီးများဖြစ်ကြပြီး သူတို့သည် နှစ်ပေါင်းများစွာကြာအောင် နှင်းပွဲတော်ကို တက်ရောက်ခဲ့ကြသူများဖြစ်ကြသည်။ သူတို့သည်လည်း ယခုရှောက်ရွှမ် ကြုံတွေ့နေရသည့်အခြေအနေကို တစ်ခါမှ မမြင်ဖူးကြပေ။
ထိုအချိန်တွင် သီချင်းဆိုနေခဲ့သည့် နတ်ဆရာသည် သီချင်းကို မသိသာစွာဖြင့် ခေတ္တရပ်နားလိုက်လေသည်။ အထူးဂရုစိုက်နားထောင်နေသည့် လူများမှ လွဲလျှင် မည်သူမှ ထိုအရာကို မသိလိုက်ကြပေ။ ထို့နောက်တွင် သူသည် ပွဲတော်ကို ဆက်လက်ကျင်းပပေးလေသည်။ သူသည် ဤနေရာမှ ထွက်သွား၍ မရနိုင်ပဲ ဤနေရာတွင်သာ ဆက်လက်နေနေရမည် ဖြစ်သည်။ မီးပုံပွဲဘေးမှ ပွဲတော်သည် သုံးပုံနှစ်ပုံသာ ပြီးဆုံးသေးသည်။ ကျန်ရှိနေသေးသည့် ပွဲတော် ကာလ သုံးပုံတစ်ပုံသည် အရေးအကြီးဆုံးသော အချိန်ကာလ ဖြစ်ပေ၏။
မျိုးနွယ်စု စစ်သည်တော်များအတွက် မီးပုံ၏ မီးတောက် သုံးခုထဲမှ ဒုတိယတစ်ခုသည် အရေးအကြီးဆုံးသော အရာတစ်ခုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဒုတိယ မီးတောက် တွင် မျိုးနွယ်စု စစ်သည်တော်များ ပေါ်ထွန်းလာမည် ဖြစ်သောကြောင့် ဖြစ်သည်။ အချို့သော စစ်သည်တော်များကို ဆုံးရှုံးထားရသည့် အမဲလိုက်အဖွဲ့များသည် သူတို့၏ စိတ်အာရုံများကို စုစည်းထားလိုက်ကြပြီး မျိုးနွယ်စု စစ်သည်တော်ဖြစ်လာကြမည့် ကလေးများကို လူသစ်စုဆောင်းရန် ပြင်ဆင်နေကြသည်။
သို့သော် နတ်ဆရာအတွက်မူ မျိုးနွယ်စု စစ်သည်တော်များ၏ အရည်အတွက်သည် သာမန်ကိစ္စတစ်ခုသာဖြစ်သည်။ သူသည် နောက်ဆုံးမီးတောက်၏ အခြေအနေကို ပို၍ စိတ်ဝင်စားနေခဲ့သည်။
နတ်ဆရာသည် ထိုနေရာမှ ထွက်သွားနိုင်ခြင်းမရှိသော်လည်း သူသည် ပတ်ဝန်းကျင်တွင်ဖြစ်နေသည်များကိုလည်း လက်မလွတ်ခဲ့ပေ။ ထို့နောက် သူသည် ဆက်လက်သီဆိုနေလိုက်ပြီးမျိုးနွယ်စု ခေါင်းဆောင် အော့ကို ကြည့်လိုက်ပြီး မျက်စပင့်ပြလိုက်သည်။
မျိုးနွယ်စု ခေါင်းဆောင် အော့သည် ထိုနေရာတွင် မတ်တပ်ရပ်နေခဲ့သော်လည်း ရှောက်ရွှမ်တို့ ရှိနေသည့်ဖက်တွင် ရုတ်ရုတ်သဲသဲ ဖြစ်နေခဲ့သည်ကို တွေ့ခဲ့ပြီးဖြစ်သည်။ သူသည် ထိုနေရာသို့ သွားကြည့်ရမည်လော မကြည့်ပဲနေရမည်လောဟု ဇဝေဇဝါ ဖြစ်နေခဲ့သည်။ မည်သို့ပင်ဖြစ်စေ နတ်ဆရာသည် ရိုးရာပွဲအကြောင်းကို သူ့ထက်ပိုသိပေသည်။ ထို့ကြောင့် နတ်ဆရာ၏ ခွင့်ပြုချက်မရပဲ ရိုးရာပွဲမှ ထွက်သွားခြင်းသည် မမျှော်လင့်ထားသည့် အကျိုးဆက်များကို ဖြစ်စေမည်ကို သူကြောက်နေခဲ့သည်။ မျိုးနွယ်စုခေါင်းဆောင် တစ်ယောက်အနေဖြင့် သူသည် မျိုးနွယ်စု၏အကျိုးကို ရှေ့တန်းတင်ထားရလိမ့်မည် ဖြစ်သည်။
နတ်ဆရာ မျက်စပင့်ကပြလိုက်သည်ကို တွေ့လိုက်ရသဖြင့် သူသည် အခြားသူများကို ဆက်လက်ကျင်းပရန် ညွှန်ကြားလိုက်ပြီး သူကိုယ်တိုင်မှာမူ ရုတ်ရုတ်သဲသဲဖြစ်နေသည့် နေရာဆီသို့ သွားလိုက်သည်။
လူအများစုသည် မီးပုံတွင်းကိုသာ စိုက်ကြည့်နေကြသည်။ မျိုးနွယ်စုခေါင်းဆောင် လှုပ်ရှားလိုက်သည်မှာမြန်လွန်းသဖြင့် မည်သူမှ သူလှုပ်ရှားလိုက်သည်ကို မတွေ့လိုက်ကြရပေ။
ရှောက်ရွှမ်သည်လည်း ထိုအချိန်တွင် မီးများကို ဆက်လက်လောင်ကျွမ်းခွင့်ပြုရမည်လော၊ အကူအညီတောင်းရတော့မည်လောဟု ဝေခွဲမရ ဖြစ်နေခဲ့သည်။
သံသယရှိရန်မလိုအပ်သည်မှာ ရှောက်ရွှမ် သူ၏အသက်ကို နှမြောခြင်းဖြစ်သည်။ သူသည် မည်သည့်ထိခိုက်မှုမှ မဖြစ်၍သာ ငြိမ်နေခဲ့ခြင်းဖြစ်သည်။ မဟုတ်လျှင် သူအကူအညီတောင်းခဲ့သည်မှာ ကြာလှနေပြီ ဖြစ်ပေမည်။ မီးတောက်များသည် သူ့ကို လောင်ကျွမ်းသကဲ့သို့ နာကျင်စေခြင်းလည်း မရှိပေ။ ထို့အပြင် ယခုအချိန်သည် ပွဲတော်၏အရေးကြီးသော အချိန်ဖြစ်နေခဲ့သည်။ ရိုင်းစိုင်းကြမ်းတမ်း သော စစ်သည်တော်များသည်ပင် ယဉ်ကျေးစွာပြုမူနေသည့်အချိန်တွင် သူသည် အော်ဟစ်ပြီးအခြားသူများကို မည်သို့နှောင့်ယှက်ရဲမည်နည်း......။ သူ၏မျိုးနွယ်စုသည် ဤနေရာတစ်ဝိုက်တွင် တစ်ခုတည်းသော မျိုးနွယ်စုဖြစ်သည်။ သူသည် မျိုးနွယ်စုမှ စွန့်ပစ်ခံရခြင်းကို အလိုမရှိပေ။
သူတွေးနေသည့်အချိန်တွင်ပင် သူ့အရှေ့တွင် အရိပ်တစ်ခုပေါ်လာခဲ့သည်။
ရှောက်ရွှမ် မော့ကြည့်လိုက်သည့်အချိန်တွင် သိလိုစိတ်ပြင်းပြစွာဖြင့် ကြည့်နေသည့် မျိုးနွယ်စုခေါင်းဆောင်ကို တွေ့လိုက်ရလေသည်။
တောင်ထိပ်ဒေသတွင် လူများစွာရှိပေသည်။ လူများသည် လမ်းဖယ်ပေးခြင်း စသည်တို့ကို မလုပ်ဘဲ သူ့ရှေ့တွင် မျိုးနွယ်စုခေါင်းဆောင် ရုတ်တရက်တိတ်ဆိတ်စွာ ပေါ်လာသည့်အတွက် ရှောက်ရွှမ် လန့်သွားမိသည်။
ဘေးဖက်ရှိကလေးများသည် မီးပုံပွဲကို စိတ်မဝင်စားတော့သည်မှာကြာနေပြီ ဖြစ်သည်။ သူတို့သည် ယခုနှစ်တွင် သူတို့၏ မျိုးနွယ်စုနတ်စွမ်းရည်များကို နှိုးထနိုင်ကြသေးခြင်း မရှိကြသေးပေ။ သူတို့မျက်လုံးရှေ့တွင် တွေ့နေရသည့် ရှောက်ရွှမ်၏ အဖြစ်ကို သူတို့ပိုစိတ်ဝင်စားကြပေသည်။ ယခုတွင် မျိုးနွယ်စုခေါင်းဆောင် ရောက်လာပြီဖြစ်သဖြင့် ရှောက်ရွှမ်သည် ပြဿနာကြီးတစ်ခုနှင့်ကြုံရပြီဟု သူတို့တွေးထင်မိလိုက်ကြသည်။
“ မျိုးနွယ်စုခေါင်းဆောင် .... “
ကောသည်လည်း ထိုအခြေအနေကို တွေ့လိုက်ရပြီး သူမည်သို့မှ မပြောနိုင်ခင်မှာပင် အော့ သူ့ကို တားဆီးထားလိုက်သည်။ အော့ သည် သူ့လက်ကို မြောက်လိုက်ပြီး အခြားသူများကို ဝင်ရောက်စွက်ဖက်ခြင်း မပြုနိုင်စေရန် တားထားလိုက်သည်။
ဘေးပတ်ဝန်းကျင်မှလူများသည် မီးပုံကိုသာ တဖန်ပြန်ကြည့်နေလိုက်ကြသည်။ သူတို့သည် နောက်နှစ်တွင် သားကောင်များ ပို၍စေရန်နှင့် အစစအရာရာ အဆင်ပြေစေရန်အတွက် ဆုတောင်းနေကြ လေသည်။
သူတို့ထဲတွင် အချို့သောလူများသည် စပ်စုလိုသည့်အကြည့်များဖြင့် ရှောက်ရွှမ် ရှိနေသည့် ဖက်ကို ကြည့်နေကြသည့် လူများလည်း ရှိနေခဲ့သည်။
အော့ သည် သူ့ရှေ့တွင်ရှိနေသည့်ကလေးငယ်ကို သိလိုစိတ်ပြင်းပြစွာဖြင့် စိုက်ကြည့်လိုက်သည်။
သူက သူ့ရဲ့မျိုးနွယ်စုနတ်စွမ်းရည် နိုးထနေတာလား ........။
ဤကလေးသည် သိသာစွာပင် အသက်ဆယ့်တစ်နှစ်အောက်တွင်သာ ရှိသေးသည်။ မီးပုံဘေးမှကလေးများနှင့် နှိုင်းယှဉ်ရလျှင် သူသည် အားနည်းပုံ ရပေသည်။ အကြိုရွေးချယ်ခြင်းတွင် တောင်ခြေ ဒေသမှ ခေါ်ဆောင်လာခဲ့သည့် ကလေးများအားလုံးကို သူတွေ့ခဲ့ရပြီးဖြစ်သည်။ သို့သော် သူဤကလေးကို မမှတ်မိနေခဲ့ပေ။
သိသာစွာပင် ယခုအကြိမ်သည် မျိုးနွယ်စုခေါင်းဆောင် အတွက်လည်း ပထမဆုံးသော ကြုံရခြင်းဖြစ်သည်။ သို့သော်လည်း နတ်ဆရာ အမိန့်ပေးထားပြီး ဖြစ်၍ သူ့အနေဖြင့် လုပ်နိုင်သည်မှာ ဤကလေးကို နတ်ဆရာထံသို့ ခေါ်သွားခြင်းပင် ဖြစ်သည်။
“ မကြောက်ပါနဲ့ .... မီးတောက်တွေက ဘယ်သူ့ကိုမှ အန္တရာယ်မပေးပါဘူး “
အော့ ရှောက်ရွှမ်ကို လေသံတိုးတိုးဖြင့် အားပေးစကားပြောလိုက်သည်။ ထို့နောက်သူသည် သူဝတ်ဆင်ထားသည့် သားရေ အဝတ်မှတဆင့် သူ့ကို ပွေ့ချီလိုက်သည်။
အစက ရှောက်ရွှမ်သည် စိတ်ပူနေခဲ့သဖြင့် မျိုးနွယ်စုခေါင်းဆောင် ရောက်လာသည်ကို သတိမထားမိခဲ့ပေ။ သို့သော် ယခုတွင် သူသိသွားပြီဖြစ်သည်။
အော့သည် အခြားမျိုးနွယ်စုဝင်များထက် အရပ်မြင့်မားသည်။ သူသည် ရှောက်ရွှမ်ကို ချီထားလိုက်ပြီး လူများကြားထဲသို့ ပြန်ခုန်ဝင်သွားခဲ့လေသည်။ ရှောက်ရွှမ် အသက်မရှုရသေးခင်မှာပင် သူတို့သည် မီးပုံဘေးသို့ ရောက်လာခဲ့ပြီဖြစ်သည်။
အော့ သည် ရှောက်ရွှမ်ကို အခြားကလေးများနှင့်အတူတူမတ်တပ်ရပ်နေလိုက်ရန် ပြောလိုက်သည်။ ထို့နောက်တွင် သူသည် သူ၏မူလနေရာဆီသို့ ပြန်သွားလိုက်သည်။
နောက်ထပ်ကလေးတစ်ယောက်ကို ခေါ်လာခဲ့ခြင်းသည် မီးပုံကို ကြည့်နေကြသော လူများအတွက် အာရုံစိုက်စရာတစ်ခု ဖြစ်လာခဲ့သည်။ အချို့လူများသည် ဘေးဖက်ရှိလူများနှင့် တီးတိုး စကားပြောနေကြလေသည်။ သို့သော်လည်း အော့ သည် သူတို့ကို စိုက်ကြည့်လိုက်ရာ သူတို့သည် ချက်ချင်းတောင့်တင်းသွားကြလေသည်။
ထိုကဲ့သို့ စိတ်ပြောင်းလဲစရာကိစ္စတစ်ခုကြောင့် ကနေခဲ့ကြသည့် စစ်သည်အချို့တို့သည် ခြေလှမ်းများပင် မှားကုန်ကြလေသည်။ သို့သော်လည်း သူတို့သည် အာရုံပြန်စူးစိုက်လိုက်ကြပြီး ရိုးရာအကကို ဆက်ကလိုက်ကြသည်။
လူပေါင်းများစွာသည် သိလိုစိတ်များ ပြင်းပြနေခဲ့ကြသည်။ အခုမှ ရောက်လာတဲ့ကလေးကလည်း မျိုးနွယ်စုနတ်စွမ်းရည် နိုးထတဲ့ ကလေးပဲလား .......။ သူက ဘာလို့ အကြိုရွေးချယ်ပွဲတုန်းက မပါရတာလဲ .....။
အသက်ငယ်လွန်းနေလို့လား .....။
လူအများသည် နတ်ဆရာ၏ အရည်အသွေးကို မေးခွန်းမထုတ်ကြပေ။ ထို့ကြောင့် သူတို့သည် အသက်ကိုသာ အပြစ်တင်လိုက်ကြသည်။ ကြည့်ရတာ တစ်ယောက်ယောက်က တောင်အောက်ဆင်းတုန်းက အမှားလုပ်မိခဲ့တယ် ထင်တယ်........။
ဘာတွေဖြစ်နေတာလဲ.... ဘာလို့ဒီကလေး ခေါင်းမှာ မီးဘောလုံးတစ်လုံးရှိနေရတာလဲ ......။
လူအများ အံ့သြနေကြသည့်အချိန်တွင်ပင် အော့သည် သူ၏နေရာသို့ပြန်ရောက်နေခဲ့ပြီဖြစ်သည်။ သူသည် ရှောက်ရွှမ်ကို ပွေ့ချီခဲ့သည့် သူ့လက်များကို ပြန်ကြည့်လိုက်သည်။
မရေမတွက်နိုင်သည့် သားကောင်များကို သတ်ဖြတ်ခဲ့သည့် ကြီးမားသည့် လက်များသည် လောင်ကျွမ်း နေခဲ့လေသည်။
သူခုနက အဲ့ဒီကလေးကို ဘာပြောခဲ့တာပါလိမ့်........ မီးတောက်တွေက ဘယ်သူ့ကိုမှ မလောင်ကျွမ်းစေနိုင်ဘူး ဟုတ်လား......။