← Chapters

အပြောင်းအလဲများ

Vol. 2 Ch. 23

အပြောင်းအလဲများ

Vol. 2 Ch. 23

ရှောက်ရွှမ် ပါဝင်ဆင်နွဲနေခဲ့သည့် ပွဲတော်သည် တစ်နှစ်တာလုံးကျင်းပသည့် ပွဲတော်များထဲတွင် ထူးခြားသည့် ပွဲတော်တစ်ခုဖြစ်သည်။ မျိုးနွယ်စုမှ လူတိုင်းတွင် မတူညီသည့်အတွေးများရှိနေကြပြီး လက်ရှိသူတို့ စိတ်ဝင်စားနေသည်မှာ မီးပုံ‌ဘေးမှ နတ်စွမ်းအင်နှိုးထလာတော့မည့် ကလေးများ ဖြစ်ကြသည်။

စိုင်သည် သူ့ခန္ဓာကိုယ်ထဲမှ အပြောင်းအလဲများကို ခံစားကြည့်နေပြီး စိတ်လှုပ်ရှားနေခဲ့သည်။ သူ့လက်မောင်းတွင်မူ မျိုးနွယ်စု အမှတ်အသားများသည် သူ့လက်ပေါ်တွင် ပေါ်လာခဲ့သည်။ ထိုအချိန်တွင် တစ်စုံတစ်ယောက် သူတို့အုပ်စုထဲရောက်လာခဲ့သည်ကို သူသတိပြုလိုက်မိသည်။ စိုင် သူ့ခေါင်းကို အသာစောင်းငဲ့ပြီး ကြည့်လိုက်သည်။ ထိုလူသည် မီးများဖြင့် ဖုံးလွှမ်းနေခဲ့သည့် ရှောက်ရွှမ်ဖြစ်နေသည်ကို သူမြင်တွေ့လိုက်ရလေသည်။

ရန်သူများ အချင်းချင်း မကြာခနတွေ့ဆုံကြသည့် သေးငယ်သော ကမ္ဘာတစ်ခုပင်တည်း။

အဲ့ဒီကောင်လေးက မငယ်လွန်းဘူးလား ... ။ သူက ဒီနှစ်နှင်းပွဲတော်မှ အသက် ဆယ်နှစ်ပြည့်မှာလေ .... သူကဒီနေရာမှာ ဘာလာလုပ်နေတာလဲ .... ။

ရှောက်ရွှမ် သူ့ဘေးတွင်ရပ်နေပြီး သူသည် သူ့ထက် နှစ်နှစ်ငယ်သည်ကို အမှတ်ရလိုက်သည့်အချိန်တွင် စိုင် ၏နှလုံး ခုန်သံများ မြန်ဆန်သွားရသည်။ သူသည် ရှောက်ရွှမ်နှင့် ဂူထဲမှ ကလေးများ ရိုက်နှက်ခြင်းကို ခံထားရသည်ကို တွေးမိလိုက်သည့်အခါ သူအတော်လေး ဒေါသထွက်လာခဲ့သည်။ အမှန်တွင် သူသည် ယခုနှစ်တွင် နတ်ဆရာ၏ ရွေးချယ်ခြင်းကို ခံခဲ့ရသဖြင့် အလွန်စိတ်လှုပ်ရှားနေခဲ့ရ၏။ သူ၏ စွမ်းရည် နှိုးထပြီး၍ အမဲလိုက်အဖွဲ့တွင် လိုက်ပါခွင့်ရပါက ကြမ်းတမ်းသော သားရဲများကို ဖမ်းခေါ်လာမည်ဟူ၍ပင် သူစိတ်ကူးယဉ်နေခဲ့သေးသည်။ ထိုသားရဲများကို မိဘမဲ့လိုဏ်ဂူဆီသို့ ယူသွားပြီး သွားကြွားရန် တွေးနေခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုတွင် မည်သည့်အရာများဖြစ်နေသနည်း။

ရှောက်ရွှမ်သည်လည်း သူ စိုင်၏ဘေးတွင် ရပ်နေရခြင်း ဖြစ်ကြောင်းကို သိလိုက်ရသည်။ မည်သို့ပင်ဖြစ်စေ သူသည် စိုင်ကို စိတ်ထဲတွင် ထားနေခြင်း မရှိတော့ပေ။

ယခင်က သူသည် မီးပုံကို အဝေးကနေသာကြည့်နေခဲ့ရသည်။ ယခုတွင် ရှောက်ရွှမ်သည် မီးပုံကို အနီးကပ် ခံစားကြည့်နိုင်ပြီဖြစ်သည်။ သူ့ကို မီးပင်လယ်ဖြင့် ဝန်းရံခံထားရသကဲ့သို့ ခံစားမိလိုက်သည်။ သို့သော် လောင်ကျွမ်းခြင်းတော့ မရှိနေပေ။ သူခံစားရသည်မှာ နွေးထွေးမှုများ သာဖြစ်သည်။ ဆောင်းရာသီကြောင့်အေးနေခဲ့သည့် သူ့ခန္ဓာကိုယ်သည် နွေးထွေးလာခဲ့ပြီဟု သူထင်နေမိသည်။

မီးပုံဘေးတွင်ရပ်နေခဲ့ကြသည် ကလေးများ၏ ခန္ဓာကိုယ်ပေါ်မှ မျိုးနွယ်စုနတ်အမှတ်အသားများသည် နီရဲရဲ အ‌ရောင် တောက်ပနေခဲ့ကြသည်။ ကြည့်ရသည်မှာ မီးတောက်များသည် သူတို့ခန္ဓာကိုယ်များထဲသို့ ဝင်သွားသည့်ပုံရသည်။ သူတို့၏ အသွေးအသားများထဲတွင် ပုန်းအောင်းနေခဲ့ကြသည့် စွမ်းအားများသည် ထွက်ပေါ်လာကြပြီဖြစ်သည်။ ထိုဖြစ်စဉ်သည် မြန်လည်း မမြန်သကဲ့သို့ နှေးကွေးနေခြင်းလည်း မရှိပေ။

သို့သော်လည်း ရှောက်ရွှမ်၏ ပြောင်းလဲမှုများသည် ပို၍ကြောက်စရာကောင်းနေခဲ့သည်။

သူ့ခေါင်းတွင် စုဝေးနေခဲ့ကြသည့် မီးတောက်များသည် ယခုအချိန်တွင် သူ့တစ်ကိုယ်လုံးသို့ ပြန့်နှံ့သွားခဲ့ပြီ ဖြစ်သည်။ သူ၏ အမြင်အာရုံသည် မီးတောက်များကိုသာ မြင်နိုင်တော့သည်။ ထိုမီးတောက်များသည် သူ့ခန္ဓာကိုယ်မှ မီးတောက်များလော မီးပုံမှ မီးတောက်များလော ဟူသည်ကိုပင် သူမခွဲခြားနိုင်တော့ပေ။

ရှောက်ရွှမ် ခေါင်းကိုက်သလိုလို ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ် အပူရှိန်သည်လည်း မြင့်တက်လာခဲ့သည်။ အပူရှိန်သည် ခေါင်းတွင် အရင်စုဝေးနေခဲ့ပြီး ထို့နောက်တွင် နဖူး၊ မျက်နှာ၊ လည်ပင်း၊ ခန္ဓာကိုယ် နှင့် ခြေလက်များသို့ ရောက်သွား ခဲ့သည်။

မှန်မရှိသဖြင့် သူ့မျက်နှာမှ ပြောင်းလဲမှုများကို ရှောက်ရွှမ်မတွေ့ရပေ။ သို့ရာတွင် အခြားကလေးများ၏ မျက်နှာများပေါ်မှ မျိုးနွယ်စုနတ်အမှတ်အသားများကို ကြည့်လိုက်ခြင်းဖြင့် သူ့မျက်နှာတွင်လည်း ထိုသို့ ဖြစ်နေနိုင်ကြောင်းကို သူခန့်မှန်းကြည့်လိုက်သည်။ မီး၏ အပူရှိန်ကို ပုခုံးများမှတဆင့် သူ့လက်များတွင် ခံစားမိနေသည်။ သို့နှင့်ရှောက်ရွှမ် သူ့လက်များကို ကြည့်လိုက်ပြန်သည် ။

ယခင်က သူသည် သူ့သားမွေး ကုတ်အင်္ကျီကို ချွတ်ပြီးမီးငြိမ်းသတ်ရန်ကြိုးပမ်းခဲ့သည်။ ထို့နောက်တွင် သူ့အင်္ကျီကို သူပြန်မဝတ်ခဲ့ပေ။ ယခုတွင် ရှောက်ရွှမ်သည် တိရိစ္ဆာန်သားရေဖြင့် ပြုလုပ်ထားသည့် လက်တိုအင်္ကျီကိုသာ ဝတ်ဆင်ထားခြင်းဖြစ်သည်။ ပြန့်နှံ့နေသည့် အပူချိန်နှင့်အတူ သူ့လက်များတွင် မျိုးနွယ်စုနတ်အမှတ်အသားများ ပေါ်လာခဲ့သည်။ ထိုအမှတ်အသားများကို ရှင်းလင်းစွာပင် မြင်နေရလေသည်။

မီးပုံဆီမှ မီးတောက်များ မီးပွားများသည် ပို၍ သိပ်သည်းလာခဲ့လေပြီ။ အချိန်ကြာလာသည်နှင့်အမျှ မီးပုံထဲမှ မီးများ ပြန့်ကားထွက်လာကြသည်။ မျိုးနွယ်စုမှ လူတိုင်းသည် ဆုတောင်းခြင်းဖြင့်သာ အလုပ်ရှုပ်နေကြပြီး ရှောက်ရွှမ် မီးများဖြင့် ဖုံးလွှမ်းနေသည်ကို သတိမထားမိကြပေ။

မီးပုံထဲမှ ကခုန်နေကြသော မီးတောက်များသည် ပို၍ ပို၍ ကြမးတမ်းလာခဲ့သည်။ မီးပုံသည် ရှောက်ရွှမ် ယခင်က မြင်ခဲ့ရသကဲ့သို့ သေးငယ်သော မီးပုံတစ်ခု မဟုတ်နေတော့‌ပေ။ ယခုတွင် မီးပုံသည် ကြီးမားသောမီးတောင် အဝတစ်ခုနှင့် တူနေခဲ့ပြီဖြစ်သည်။ မီးပုံကို ထိုသို့မြင်တွေ့လိုက်ရသည့် မျိုးနွယ်စုဝင်များသည် ဆုတောင်းခြင်းကို ပို၍ အားစိုက်လုပ်ဆောင်လာကြသည်။

နတ်ဆရာသီချင်းဆိုနေခြင်းသည် တတိယအဆင့်သို့ ရောက်နေခဲ့ပြီဖြစ်သည်။ နောက်ဆုံး အပိုဒ်တွင် နတ်ဆရာသည် သူ့လက်များကို လေထဲမြောက်လိုက်ပြီး ပြန်သိမ်းထားလိုက်သည်။ အညိုရောင်နှင့် အဖြူရောင်စပ်ထားသော သားမွေးအင်္ကျီသည် မီးတောက်များ၏ ဖုံးလွှမ်းသွားခြင်းကို ချက်ချင်းခံလိုက်ရလေသည်။

မီးပုံရဲ့ တတိယ မီးတောက် - ပြန့်ကားခြင်း မီးတောက်များ မီးပုံထဲမှ မီးတောက်သည် ငြင်သာစွာပင် ပြောင်းလဲသွားခဲ့ရသည်။ မီးတောက်များသည် ဆက်လက် ပြန့်ကားနေကြခြင်း မရှိကြတော့ပေ။ ထို့အစားမီးတောက်များသည် ချော်ရည်ပူများကဲ့သို့ စီးဆင်းနေကြပြီး အနားရှိလူတိုင်းကို ဖုံးလွှမ်း သွားခဲ့သည်။ ထို့နောက်တွင် မရပ်သေးပဲ မီးတောက်များသည် တောင်ခြေဒေသ ဆီသို့ပါ ဆက်လက် စီးဆင်းသွားခဲ့သည်။

တောင်ခြေဒေသတွင် ဆီဆာသည် လိုဏ်ဂူထဲတွင်သာ ရှိနေခဲ့ပြီး ဝင်ပေါက်ကို ကြည့်ကာ ညည်းညူသံမျးကို ပြုလုပ်နေခဲ့လေသည်။

လိုဏ်ဂူပြင်ပတွင်မူ မီးတောက်များ ရှိနေခဲ့သည်။

အလျင်အမြန် ပြန့်ကားသွားကြသည့် မီးတောက်များသည် တောင်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။ သို့ရာတွင် မြက်များ၊ ကောက်ရိုးများကိုပင် မီးလောင်ကျွမ်းခြင်းမရှိနေခဲ့ပေ။ ထို့အပြင် မီးတောက်များသည် သေစေနိုင်ခြင်းလည်း မရှိကြပေ။ သို့သော်လည်း ဆီဆာသည် ကြောက်ရွံ့နေခဲ့ပြီး လိုဏ်ဂူထဲတွင် ပုန်းအောင်းနေခဲ့လေသည်။ သူသည် မြေကျွင်းတစ်ခုကိုပင် တူးလိုက်ပြီး ထိုအထဲတွင် ဝပ်နေလိုက်သည်။

လူသားများနေထိုင်သည့် နယ်မြေ အစပ်အထိပြေးသွားခဲ့ကြပြီးဖြစ်သည့် ညပျံလွှားများသည် မီးတောက်များကို မြင်တွေလိုက်ရသည့်အချိန်တွင် ပိုဝေးသောနေရာများဆီသို့ ထွက်ပြေးကြလေသည်။

နတ်ဆရာသည် မီးပုံဘေးတွင် ရပ်နေဆဲဖြစ်သည်။ သူ၏မျက်နှာသည် တချိန်လုံး တည်ကြည်နေခဲ့လေသည်။ ယခုတွင်မူ သူ၏မျက်နှာသည် ပျော်ရွှင်သည့် အမူအယာတစ်ခုကို ထုတ်ဖော်ပြလာခဲ့သည်။ သူ့အနေဖြင့် တောင်အောက်ကို ငုံ့ကြည့်စရာပင် မလိုအပ်ပေ။ မီးတောက်များ မည်သည့်နေရာသို့ ရောက်နေသည်ကို သူခံစားကြည့်နိုင်လေ၏။

မီးတောက်များ ပြန့်ကားသွားခြင်းသည် ယခင်နှစ်များကထက် ပိုမိုကျယ်ပြန့်နေခဲ့သည်။ အမှန်တကယ်တွင် သူနတ်ဆရာအဖြစ် တာဝန်ယူပြီးသည့်နောက်တွင် ယခုတစ်ခါသည် တတိယမြောက်မီးတောက်များ အကျယ်ပြန့်ဆုံး ဖြစ်သည့် အကြိမ်ဖြစ်သည်။

၎င်းသည် ကောင်းသော နိမိတ်လက္ခဏာတစ်ခု ဖြစ်ပေမည်။

“ ကံကောင်းတယ် “ နတ်ဆရာ အော်ဟစ်လိုက်သည်။

“ ကံကောင်းတယ် “ မျိုးနွယ်စုမှ လူများသည်လည်း နတ်ဆရာနောက်မှ သံပြိုင်အော်ဟစ်လိုက်ကြလေသည်။

“ မီးတောက် ဦးချိုတွေရဲ့မီးတောက်တွေက ဘယ်တော့မှ မငြိမ်းဘူး .... “ ခေါင်းဆောင် အော့လည်း ပျော်ရွှင်စွာဖြင့် အော်ဟစ်လိုက်သည်။

“ မီးတောက် ဦးချိုတွေရဲ့ မီးတောက်တွေက ဘယ်‌တော့မှ မငြိမ်းဘူး “ မျိုးနွယ်စုမှ လူများသည်လည်း သံပြိုင်အော်ဟစ်လိုက်ကြပြန်သည်။ လူတိုင်းသည် အပြင်းအထန်ပင် စိတ်လှုပ်ရှားနေကြသည်။ နတ်ဆရားအပြောအရ လာမည့်နှစ်သည် ကံကောင်းသောနှစ်တစ်ခု ဖြစ်ပေလိမ့်မည်။ သူတို့အနေဖြင့် စိတ်မလှုပ်ရှားပဲ မနေနိုင်ပေ။

ပြန့်ကားနေခဲ့သော မီးတောက်များသည် နာရီဝက်ခန့်ဆက်လက် ပြန့်ကားနေခဲ့သည်။ ထို့နောက်တွင် ထိုမီးတောက်များသည် တဖြည်းဖြည်း ပျောက်ကွယ်သွား ကြလေသည်။ မီးပုံထဲမှ မီးတောက်များသည် ကျန်နေခဲ့လေတော့၏။

ထို့နောက်တွင် လေထုသည် တဖန်ပြန်လည် သွက်လက် လာခဲ့လေသည်။ လူအများသည် ပျော်ရွှင် တက်ကြွနေခဲ့၏။ အချို့လူများသည် တောင်စောင်းတစ်လျှောက်လမ်းလျှောက်ဆင်းလာကြပြီး နီးစပ်သူများနှင့် အကင်များ ကင်စားကြရန် ဆွေးနွေးနေကြ၏။ သူတို့သည် ဝိုင်အချို့တို့ကို သောက်သုံးပြီး ကောင်းမွန်သော အိပ်စက်ခြင်းဖြင့် ပြန်လည် အိပ်စက်ကြလိမ့်မည် ဖြစ်သည်။

ကောသည်လည်း လိုဏ်ဂူထဲမှ ကလေးများကို ပြန်လည်ခေါ်ဆောင်လာလိုက်သည်။ ဤညနေတွင် ညပျံလွှားများ တိုက်ခိုက်ကြမယ်ကို သူတို့ စိတ်ပူနေရခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော ဆီဆာမှလွဲပြီး မည်သည့် သားရဲကမှ သူတို့လိုဏ်ဂူထဲသို့ ဝင်မည် မဟုတ်သောကြောင့်ဖြစ်သည်။

မျိုးနွယ်စုမှ လူများနှင့်မတူစွာပင် ရှောက်ရွှမ်နှင့် မျိုးနွယ်စုနတ်စွမ်းရည်နှိုးထသော အခြားကလေးမျာသည် ထိုနေရာတွင်သာ နေခဲ့ရလေသည်။ သူတို့အနေဖြင့် နတ်ဆရာ၏ သင်ကြားပို့ချချက်အချို့တို့ကို နားထောင်ရမည် ဖြစ်သည်။

မီးပုံဘေးတွင် အယောက် ရှစ်ဆယ်မျှသော ကလေးများမတ်တပ်ရပ်နေကြသည်။ အများစုသည် စွမ်းရည်နှိုးထခြင်း အောင်မြင်ခဲ့သည်။ သူတို့ထဲမှလေးယောက်သာ စွမ်းရည်နှိုးထခြင်း မရှိကြသည့်သူများ ဖြစ်သည်။ သို့သော်လည်း သူတို့သည် နောက်နှစ်တွင် သေချာပေါက် နတ်စွမ်းအင်နိုးထ မည်ကို သိနေကြသဖြင့် လွန်ကဲစွာစိတ်ဓါတ်ကျနေခြင်း မရှိနေခဲ့ပေ။

ရှောက်ရွှမ်နှင့် အခြားကလေးများသည် မီးပုံ‌ဘေးတွင် ဆက်နေနေခဲ့သည်။ လူတိုင်းထွက်ခွာသွားပြီးသည့် အချိန်တွင် သူတို့ကို စစ်သည်တော်များက ကျောက်တုံးအိမ်တော်တစ်ခုဆီသို့ ခေါ်သွားကြလေသည်။

ထိုကျောက်တုံး အိမ်တော်သည် ရှောက်ရွှမ်တောင်ခြေဒေသတွင် တွေ့ဖူးသည့် သစ်သားအိမ်များထက်ပို၍ ကြံ့ခိုင်တောင့်တင်းလေသည်။ ထို့အပြင် အိမ်တော်သည် အတန်အသင့်ကြီးမားပြီး အယောက် (၇၀) ကျော်သောကလေးများအတွက် နေရာ အလုံအလောက်ရှိနေခဲ့သည်။

သူတို့၏စွမ်းရည်များ နှိုးထပြီးသည့်နောက်တွင် သူတို့အသက်ရှုနေခြင်းသည်ပင် ယခင်ကထက်ပိုမို လွယ်ကူလာဟန် ရှိသည်။ သူတို့ခန္ဓာကိုယ်ထဲမှ ကြွက်သားမျှင်တိုင်း အရိုးတိုင်းသည် အသစ်တဖန်ပြန်လည် ဖြစ်တည်လာဟန်ရှိသည်။ ထို့အပြင် ၎င်းတို့ထဲတွင် အဆုံးမရှိသော စွမ်းအားများလည်း ရှိနေကြပေသေးသည် ။သူတို့၏ အသွင်အပြင်သည် ယခင်ကအတိုင်းသာဖြစ်သော် လည်း သူတို့၏ အတွင်းပိုင်း များသည် လုံးဝပြောင်းလဲသွားခဲ့ကြပြီဖြစ်သည်။

သို့သော်လည်း ရှောက်ရွှမ်မှာမူ စိတ်အနှောင့်အယှက်အနည်းငယ် ဖြစ်နေပေသေးသည်။

အခြားကလေးများသည် သူတို့၏ မျိုးနွယ်စုနတ်စွမ်းရည်နှိုးထသည့် အတွေ့အကြုံနှင့်ပတ်သက်၍ ဆွေးနွေးနေကြလေသည်။ အကယ်၍ တစ်စုံတစ်ယောက်သာ သူတို့ကို ကြည့်နေခြင်း မရှိလျှင် သူတို့တစ်ယောက်နှင့် တစ်ယောက် ပြိုင်ဆိုင်ကြတော့မည် ဖြစ်သည်။

သူ့ဘေးတွင်ရှိနေသည့် ကလေးများကို သေချာစိုက်ကြည့်လိုက်ပြီး ရှောက်ရွှမ်ရှေ့တက်လိုက်ကာ သူ့ရှေ့ရှိကလေးတစ်ယောက်ကို ပုတ်လိုက်သည်။

“ ဟေး မင်း “

“ ဘာလဲ “ စိုင်သည် စကားပြောနေသည်ကို နှောက်ယှက်ခံလိုက်ရပြီး နောက်ပြန် လှည့်ကြည့်လိုက်သည်။ သို့သော် သူ့ကိုပုတ်လိုက်သူသည် ရှောက်ရွှမ်ဖြစ်နေသည်ကို တွေ့လိုက်သည့်အချိန်တွင် နောက်သို့ ခြေတလှမ်းဆုတ်မိလိုက်လေသည်။ သို့သော်လည်း သူ့ဖာသာ ရှက်သွားမိပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြန်သည်။

“ ဘာလဲ “ စိုင်မေးလိုက်သည်။ သူ့မျက်လုံးများတွင်မူ သတိထားနေသည့် အကြည့်များ ဖြစ်နေခဲ့သည်။ သူ့စွမ်းရည် မနိုးထမှီကပင် သူသည် ရှောက်ရွှမ်ထက် အရပ်ရှည်ပြီးသန်မာလေသည်။ သိုသော်လည်း သူသည် ရှောက်ရွှမ် ရိုက်ပုတ်သည်ကို ခနခန ခံခဲ့ရသည်။ ယခုတွင် သူ၏နတ်စွမ်းရည် နှိုးထလာခဲ့သော်လည်း သူသည် ရှောက်ရွှမ်ကို သတိမထားပဲ မနေရဲပေ။

“ မင်းမျိုးနွယ်စုနတ်စွမ်းရည်နိုးထပြီးတော့ မင်းရဲ့ အမြင်အာရုံနဲ့ပတ်သက်ပြီး ထူးခြားတာရှိလား ။ အမြင်အာရုံဆိုတာက မင်း အရာဝတ္ထုတွေကို မြင်ရတာကို ပြောတာ။ အရင်ကနဲ့မတူတာ တစ်ခုခုဖြစ်သေးလား “ ရှောက်ရွှမ် မေးလိုက်သည်။

ရှောက်ရွှမ် ထိုမေးခွန်းကိုသာ မေးသည်ဖြစ်ကြောင်းကို သိလိုက်ရသည့်အခါတွင် စိုင် သူ့မေးစေ့ကို မော့ထားလိုက်ပြီး ဂုဏ်ယူစွာဖြင့် ပြောလိုက်လေသည်။

“ ဖြစ်တာပေါ့ “

ရှောက်ရွှမ် နှင့်မသိခဲ့သော ကလေးများသည်လည်း စကားဝိုင်းတွင် ဝင်ပါလာခဲ့ကြသည်။ သူတို့ အမှောင်ထဲတွင် မည်မျှဝေးဝေးမြင်နိုင်သည်ဆိုသည့်အကြောင်းကို အလုအယက်ပြောနေကြပြီး ယခင် ကထက်စာလျှင် သူတို့၏ အကြားအာရုံ၊ အနံ့ခံခြင်းနှင့် အမြင်အာရုံများ မည်မျှတိုးတက်လာကြောင်းကို ပြောလိုက်ကြသည်။

ရှောက်ရွှမ်သည် တစ်ဦးတည်းသောတိတ်ဆိတ်နေသည့် လူတစ်ယောက် ဖြစ်လေသည်။

သူသည် တိတ်ဆိတ်နေမှသာ ဖြစ်ပေမည်။ မဟုတ်လျှင် သူမြင်နေရသည့် လူအားလုံးသည် အရိုးစုများသာ ဖြစ်နေကြောင်းကို သူတို့ကို ပြောပြ၍ ဖြစ်မည်လော.......။

All Chapters