မင်းနာမည်ဘယ်လိုခေါ်လဲ
Vol. 2 Ch. 24
ပွဲတော်၏ အဆုံးတွင် ရှောက်ရွှမ် တစ်ခုခုမှားနေသည်ကို ခံစားလိုက်မိသည်။
ဘာမှားနေကြောင်းကို သူမသိလိုက်ခင်တွင် သူ့ခန္ဓာကိုယ်ပေါ်မှ မျိုးနွယ်စုနတ်အမှတ်အသားများသည် ပြည့်စုံလုနီးပါး ဖြစ်နေခဲ့ပြီဖြစ်သည်။ သူသည် မီးပုံကိုသာ စိုက်ကြည့်နေခဲ့လေသည်။ သူ့ခန္ဓာကိုယ်ပေါ်မှ ပြောင်းလဲမှုများအားလုံးသည် မျိုးနွယ်စုနတ်စွမ်းရည်နှိုးထလာခြင်းကြောင့် ဖြစ်ကြောင်းကို သူသိနေခဲ့သဖြင့် သူသည် နောက်ထပ်စိတ်ပူနေခြင်း မရှိတော့ပေ။
သို့သော်လည်း သူမီးပုံအနီးတွင် ရပ်နေလေလေ အထဲမှ မီးတောက်များနှင့် ပို၍ ရင်းနှီးလာသည်ဟု ခံစားရလေလေဖြစ်သည်။ ထိုအရာသည် နတ်စွမ်းရည်နှိုးထသည့် အခြားကလေးများတွင်လည်း အတူတူသာ ဖြစ်နိုင်ကြောင်း သူတွေးနေခဲ့သည်။ ထိုအခြေအနေတွင် သူ့အနေဖြင့် အသေးစိတ်ကို မေးမြန်းကြည့်ရန် အဆင်မပြေဖြစ်နေခဲ့သည်။ ထို့ကြောင့် သူသည် မီးပုံထဲမှ မီးတောက်များကိုသာ ကြည့်ရှုလေ့လာနေခဲ့လေသည်။
နတ်ဆရာက ပွဲတော်ပြီးဆုံးကြောင်းကို ကြေငြာသည့်အချိန်တွင် ရှောက်ရွှမ် မီးပုံကို အာရုံစိုက်နေခြင်း မရှိတော့ပေ။ ထို့အစားသူ၏ ရန်သူတော်ကြီးဖြစ်သော ‘စိုင်’ နှင့် စကာပြောရန်ကိုသာ ဆုံးဖြတ်လိုက်သည်။ သူ ‘စိုင်’ ကို လှမ်းကြည့်လိုက်သည်။ သို့ရာတွင် သူသည် အရိုးစုတစ်ခု ကိုသာ မြင်တွေ့လိုက်ရလေသည်။ ရှောက်ရွှမ် အလွန်ကြောက်ရွံ့သွားခဲ့သည်။ သူသည် ‘စိုင်’ ကိုမသိစိတ်ဖြင့် ကန်မိလု ဆဲဆဲပင်။ သူ့ဘေးပတ်လည်ကို ကြည့်လိုက်သည့် အချိန်တွင်လည်း လမ်းလျှောက်နေကြသည့် စစ်သည်တော်များနှင့် ကလေးများအားလုံးသည် သူ၏မြင်ကွင်းထဲတွင် အရိုးစုများ အဖြစ်သို့ ပြောင်းလဲနေကြပြီဖြစ်သည်ကို တွေ့လိုက်ရလေသည်။ သူသည် လူများကို မည်သူမည်ဝါဟု ခွဲခြားခြင်းကိုပင် မပြုလုပ်နိုင်တော့ပေ။
စကားပြောနေကြသည့်လူများ၊ လမ်းလျှောက်နေကြသည့်လူများ အားလုံးတို့သည် အရိုးစုများ ဖြစ်နေကြလေပြီ။
ရှောက်ရွှမ် ဆွံ့အသွားမိသည်။
သူတစ်ယောက်တည်းသာ ဖြစ်နေသည်လော ၊ အခြားကလေးများလည်း သူ့နည်းတူဖြစ်နေကြသည်လော ဟူသည်ကို သူသိမနေခဲ့ပေ။ နတ်စွမ်းရည်နှိုးထပြီးတဲ့ လူတွေအားလုံး က ဒီလိုပဲမြင်နေရတာလားဟ......။ သူယခင်က လန်ကာ့ နှင့် မိုင်တို့ဖြင့် စကားပြောခဲ့စဉ်က သူသိထားသမျှမှာ တစ်စုံတစ်ယောက်သည် နတ်စွမ်းရည်နှိုးထ လာပြီးပါက သူတို့၏ ခွန်အားများနှင့် တုန့်ပြန်နိုင်စွမ်းတို့သည် အဆများစွာ တိုးမြင့်သွားခဲ့သည် ဟူသည့်အချက်ကိုသာ သူသိထားခဲ့သည်။ သူတို့အရိုးစုများကို မြင်နေရသည့်အကြောင်းကိုမူ သူမကြားဖူးခဲ့ပေ။ ဘယ်သူကများဒီလိုဖြစ်မယ်လို့ ထင်ထားပါ့မလဲ ......။
ယခုတွင် စိုင်နှင့် စွမ်းအင်နှိုးထပြီးသည့် အခြားကလေးများသည် အရိုးစုများအကြောင်းကို ပြောနေကြခြင်း မရှိကြပေ။ သူတို့သည် ကျောက်တုံးအခန်းတွင် ချိတ်ဆွဲထားသည် အသားခြောက်များ အကြောင်းကို ပြောနေကြလေသည်။ အရိုးများနှင့် ပတ်သက်သည့် မည်သည့်စကားကိုမှ မကြားရပေ။
ကြည့်ရသည်မှာ သူတစ်ယောက်တည်းသာ ချွင်းချက်ဖြစ်နေပုံရပေ၏။
သူသည်လည်း တူညီသော စွမ်းအင်နှိုးထခြင်း ဖြစ်စဉ်ကို ကြုံတွေ့ခဲ့ရပေသည်။ သို့သော်လည်း သူ၏ စွမ်းအင်သည် အဘယ်ကြောင့် အခြားသူများနှင့် မတူညီပဲ ဖြစ်နေရလေသနည်း။ အကယ်၍ သူသာ ယခုမှစတင်ပြီး ဘဝတစ်လျှောက်လုံး အရိုးများကိုသာ မြင်နေရလျှင် မည်သို့လုပ်ရမည်နည်း။ သူ့အိပ်မက်ထဲမှ လူများသည်လည်း အရိုးစုများသာ ဖြစ်နေမည်လော......။
သူသည် ထိုအကြောင်းကို စဉ်းစားမိသည်နှင့် စိတ်ညစ်သွားမိ၏။
ရှောက်ရွှမ် သူ့ခေါင်းကို မော့လိုက်သည်။ သူ့လက်များသည်လည်း အသားမရှိသော အရိုးချောင်းများအဖြစ် သာ သူမြင်နေရလေသည်။ ဘာတွေဖြစ်နေတာလဲဟ ......။
စိုင်ကို သူမှတ်မိနေရသည့် အကြောင်းမှာ ရင်းနှီးနေသည်ဟု ခံစားမိလိုက်သည့်အတွက်ဖြစ်သည်။ သူတို့သည် ယခင်က အကြိမ်များစွာတိုက်ခိုက်ခဲ့ဖူးကြသည် မဟုတ်ပေလော။ ထို့အပြင် ရှောင်ရွှမ်သည် သူ၏ အသံကိုလည်း မှတ်မိပေသည်။ ထိုကောင်လေးသည် ကြွားဝါသည့်အချိန်တွင် ရှက်ကြောက်ခြင်း မရှိတတ်ပေ။ သူသည် အစပိုင်းကတည်းမှစကာ သူ၏နတ်စွမ်းရည်နှိုးထလာခဲ့ခြင်းကို ဂုဏ်ယူနေခဲ့သည်။ သူ၏အသံသည် ကျယ်လောင်ပြီး စူးရှနေခဲ့သည်။ ထိုအကြောင်းအရာများကြောင့်သာ မဟုတ်လျှင် သူသည် ‘စိုင်’ ကိုလည်း မှတ်မိလိမ့်မည် မဟုတ်ပေ။ လူအားလုံးသည် အရိုးများသာမဟုတ်ပေလော.....။
သူတို့ကို ဤနေရာသို့ခေါ်လာခဲ့ကြသည့် စစ်သည်တော်များပြန်လည် ထွက်ခွာသွားကြပြီဖြစ်သည်။ နတ်ဆရာနှင့် မျိုးနွယ်စု ခေါင်းဆောင်တို့မှာမူ ယခုအချိန်ထိ ရောက်လာကြသေးခြင်း မရှိကြသေးပေ။ ယခု ကျောက်တုံး အခန်းထဲတွင် ရှိနေကြသည်မှာ စွမ်းရည်နှိုးထသည့် ကလေး (၇၅) ယောက်သာ ဖြစ်သည်။ သူတို့ကို စောင့်ကြည့်ပေးနေသည့်လူများ မရှိတော့သဖြင့် ကလေးများသည် သူတို့သဘာဝအရ ကျယ်လောင်စွာရယ်မောနေကြပြီး အုပ်စုအသီးသီးဖြင့် စကားတွတ်ထိုးနေကြလေသည်။
ရှောက်ရွှမ်၏ မျက်လုံးထဲတွင်မူ အရိုးစုများသည် ပါးစပ်များကို ဖွင့်လိုက်ပိတ်လိုက်လုပ်နေကြပြီး ၊ ခြေလက်များ လှုပ်ရှားနေကြသည်များကိုသာ မြင်နေရလေသည်။
ရှောက်ရွှမ်သည် ကလေးများနှင့် ဝင်ရောက်ရောနှောခြင်းမပြုခဲ့ပေ။ သူတစ်ခုခုမှားနေသည်ကို သိလိုက်သဖြင့် တိတ်ဆိတ်သော အခန်းထောင့်တစ်နေရာသို့သာ သွားလိုက်ပြီး သူ၏အခြေအနေကို စဉ်းစားနေလိုက်လေသည်။
သူ့နာမည်ရေးထိုးထားသည့် တံဆိပ်ပြားကို သူထုတ်ယူလိုက်သည်။ အခြားကလေးများသည် ထိုနာမည်တံဆိပ်ပြားများကို ဝတ်ဆင်ထားခြင်း မရှိသည်ကို သူသတိပြုလိုက်မိသည်။
သူ့ခန္ဓာကိုယ်သည် မည်သည့်သက်တောင့်သက်သာ မရှိမှုမှ ရှိမနေခဲ့ကြောင်းကို သူသိလိုက်သည်။ သူ့ဆံပင်များသည် အကောင်းအတိုင်းရှိနေဆဲဖြစ်သည်။ ထိုမျှသာမကသေးပေ သူသည် အလွန်ပင် သက်တောင့်သက်သာဖြစ်နေခဲ့လေသည်။ သူ့အနေဖြင့် စွမ်းအားများပြည့်ဝနေသည်ဟု ခံစားနေရသည်။ ဖြစ်နိုင်သည်မှာ စွမ်းရည်နှိုးထခြင်း၏ အကျိုး ကျေးဇူးများပင် ဖြစ်ပေလိမ့်မည်။ သူ၏ လက်ရှိစိတ်ခံစားချက်သည် အလွန်အမင်း ကောင်းမွန်နေခဲ့လေသည်။
မည်သည့်အရာများဖြစ်နေသည်ကို သူမသိနေသဖြင့် ရှောက်ရွမ် အခန်းပတ်ပတ်လည်ကို လိုက်ကြည့်လိုက်သည်။ ကလေးများကို အရိုးစုများအဖြစ် မြင်နေရသည်မှ လွဲလျှင် အခန််းထဲတွင် မည်သည့်အရာမှ မတွေ့ရပဲ ကျောက်တုံးများကိုသာ တွေ့နေရသည်။
ကျောက်တုံးစားပွဲ၊ ကျောက်တုံး ကိရိယာများ နှင့် အခြားကျောက်ပစ္စည်းများကို စားပွဲပေါ်တွင် တွေ့နေရသည်။
ရှောက်ရွှမ်၏ အမြင်အာရုံသည် အရောင်တစ်ခုတည်းကိုသာ မြင်နေရခြင်း မဟုတ်ပေ။ သူသည် အဖြူရောင်၊ အညိုရောင် နှင့် အနက်ရောင်များကိုလည်း မတူညီသည့် ပုံစံများဖြင့် မြင်နိုင်နေသည်။ ဥပမာအားဖြင့် ကလေးများ၏ အရိုးစုပုံရိပ်များသည် အဖြူရောင်ဖြစ်ကြသည်။ ကျောက်တုံးများသည် အညိုဖျော့ရောင်မှ အနက်ရောင် အသီးသီးရှိကြသည်။
နတ်ဆရာနှင့် မျိုးနွယ်စုခေါင်းဆောင်တို့ကို ကြောက်ရွံ့လေးစားသဖြင့် စစ်သည်တော်များသည် စားပွဲပေါ်မှ ပစ္စည်းများကို မထိကြည့်ကြပေ။ သို့ရာတွင် ကြည့်ရှုရာတွင်မူ လွတ်လွတ်လပ်လပ် ကြည့်ရှုနိုင်ကြသည်။ ကျောက်တုံး စားပွဲ၏ ဘေးတစ်နေရာတွင် ကလေးများသည် ကျောက်တုံးများ၏ အဆင့်များ အကြောင်းကို ဆွေးနွေးနေကြလေသည်။
“ ဒီကျောက်တုံး ကိုကြည့်ရတာမဆိုးဘူးပဲ ..... သေချာပေါက် ကျောက်တုံးဓါးတစ်လက် လုပ်လို့ရတယ် “ ကလေးတစ်ယောက်သည် စားပွဲပေါ်မှ ကျော်တုံးတစ်ခုကို လက်ညိုးထိုးပြလိုက်ပြီး ပြောလိုက်သည်။
“ အဆင်ပြေသားပဲ၊ အလယ်အလတ်အဆင့်တော့ ရှိမယ်ထင်တယ် “ အခြားကလေးတစ်ယောက်သည်လည်း ထိုကျောက်တုံးကို အနီးကပ်ကြည့်လိုက်ပြီး ပြောလိုက်လေသည်။ သူ့လေသံအရ သူသည် ကျောက်တုံးကို သိပ်စိတ်ဝင်စားနေခြင်းမရှိကြောင်းကို သိနိုင်ပေသည်။ အလယ်အလတ်အဆင့် ကျောက်တုံးသည် သူ့အတွက်တော့ စိတ်ဝင်စားစရာတစ်ခု မဟုတ်ပေ။ သို့သော်လည်း သူသည် အခြားပုံစံမတူသည့် ကျောက်တုံးများကို တွေ့လိုက်သည့်အခါတွင် တအံ့တသြဖြစ်နေသည့် လေသံဖြင့် အော်ဟစ်လိုက်လေသည် “ ဒီတစ်ခုကတော်တော်လေး ကောင်းတာပဲ .... အလယ်အလတ်ကိုမှ အမြင့်ပိုင်းအဆင့်ပဲ ၊ ကံမကောင်းတာက ပုံစံက သိပ်ပုံမမှန်နေဘူး ။ ဓါးလုပ်လို့တော့ မရနိုင်တော့ဘူး ။ လှံခေါင်း အသေးလေး တစ်ခုတော့လုပ်လို့ ရနိုင်လောက်မယ်ထင်တယ် “
ရှောက်ရွှမ် သူတို့ပြောနေသည့်ဖက်ကို ကြည့်လိုက်သည့်အချိန်တွင် ထို အလယ်အလတ်အဆင့် ကျောက်တုံးသည် သူ့မြင်ကွင်းတွင် အညိုရောင် ကျောက်တုံးအဖြစ် ပေါ်လာခဲ့သည်။ အလယ်ဆင့် အမြင့်ပိုင်း ကျောက်တုံးမှာမူ အညိုရင့်ရောင် အဖြစ်မြင်နေရသည်။
သူ့ရင်ထဲမှ သီအိုရီမှန်မှန်ကို စမ်းသပ်ရန်အတွက် ရှောက်ရွှမ် ထိုကလေးများဘေးတွင်ရပ်နေလိုက်ပြီး သူတို့ ကျောက်တုံးများကို အဆင့်အတန်းခွဲခြားနေခြင်းကို လိုက်နားထောင်နေလိုက်သည်။ အဆင့်မမှီသည့် ကျောက်တုံးများသည် ရှောက်ရွှမ်၏ မြင်ကွင်းထဲတွင် အညိုဖျော့ရောင် အဖြစ် မြင်နေရသည်။ အလယ်အဆင့် ကျောက်တုံးများသည် အညိုရောင်ဖြစ်ကြပြီး ၊ အရည်အသွေးပိုကောင်းသည့် ကျောက်တုံးများသည် အရောင်ပိုရင့်လာကြသည်။
အခြားတစ်နည်းဖြင့်ပြောရလျှင် အရည်အသွေးပိုကောင်းလေ ကျောက်တုံးများ၏ အရောင်သည် ပိုရင့်လေဖြစ်သည်။ ဒါက အထူးအမြင်စွမ်းရည်တစ်ခုလား .... ။ ရှောက်ရွှမ် တွေးကြည့်လိုက်သည်။
ကလေးများ စကားပြောနေကြစဉ်မှာပင် လိုက်ကာသည် ပင့်တက်သွားခဲ့သည်။ ထို့နောက်တွင် နတ်ဆရာသည် တုတ်တစ်ချောင်းကို ကိုင်ထားပြီး အခန်းအတွင်းသို့ ဝင်လာခဲ့သည်။ နတ်ဆရာနှင့်အတူ မျိုးနွယ်စုခေါင်းဆောင် အော့ သည် အခြားစစ်သည်တော်နှစ်ဦးနှင့်အတူ ပါလာခဲ့လေသည်။ စစ်သည်တော်တစ်ဦးသည် အမျိုးသမီးဖြစ်သည်။
လိုက်ကာ မတင်လိုက်သည်နှင့် အခန်းအတွင်း ရုတ်ချည်းတိတ်ဆိတ်သွားခဲ့သည်။ လွန်ခဲ့သည့် အချိန်က သူတို့၏ ဗဟုသုတများကို ကြွားဝါနေခဲ့ကြသည့် ကလေးများသည် ချက်ချင်းပင် စကားနားထောင်တတ်သည့် ကလေးများ အဖြစ်သို့ ပြောင်းလဲသွားခဲ့ကြလေသည်။ သူတို့သည် နတ်ဆရာ၏ ရှေ့တွင် လေးစားစွာဖြင့် ပြုမူပြနေကြလေသည်။
သူတောင်ခြေဒေသတွင် နေထိုင်နေစဉ်က ရှောက်ရွှမ်သည် အရိုအသေပေးခြင်းကို မြင်တွေ့ခဲ့ရခြင်း မရှိပေ။ ပုံမှန်ဆိုလျှင် မျိုးနွယ်စုမှ လူများသည် အဆင့်အတန်းမြင့်သည့် လူများနှင့်တွေ့သည့်အချိန်တွင်သာ အရိုအသေပေးကြခြင်းဖြစ်သည်။ သို့သော်လည်း တောင်ခြေဒေသတွင် နေထိုင်ကြသည့် လူများသည် ဘာမှမဟုတ်ကြသော လူများသာ ဖြစ်ကြလေသည်။ ထို့ကြောင့် သူတို့အချင်းချင်း အရိုအသေပေးကြသည်များကို ရှောက်ရွှမ် မတွေ့ခဲ့ရခြင်း ဖြစ်သည်
သို့သော်လည်း ရှောက်ရွှမ်သည် မှန်ကန်သည့် အရိုအသေပေးခြင်းနည်းလမ်းများကို သိထားပေသည်။ လိုဏ်ဂူထဲမှ ကလေးများကို စာနှင့် ရေတွက်ခြင်း လာသင်ပေးတတ်သည့် အမဲလိုက်မုဆိုးအိုကြီးသည် မည်သို့ အရိုအသေပေးရမည် ဆိုသည်ကိုလည်း သင်ကြားပေးခဲ့ဖူးသည်။ နတ်ဆရာနှင့် တွေ့သည့်အချိန်တွင် အရိုအသေ မပေးတတ်ကြသည့်လူများကို လေးစားမှုမရှိ ရိုင်စိုင်းသော လူများအဖြစ် သတ်မှတ်ကြပေသည်။ ထိုကဲ့သို့သော လူများကို မျိုးနွယ်စုမှ မောင်းထုတ်လိမ့်မည် ဖြစ်သည်။
နတ်ဆရာသည် မီးပုံမှ မီးတောက်များ ပြန်လည် ကြုံ့ဝင်သွားသည်အထိ စောင့်နေခဲ့ပြီးမှသာ ဤနေရာသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။ သူသည် အနည်းငယ်ပင်ပန်းနေချေပြီ။
ယနေ့ည ပွဲတော်သည် သူ၏ခွန်အားများကို ကုန်ဆုံးစေသည်။ ထို့ကြောင့်ပင် သူအတန်ငယ် မောပန်းနေသည့်ပုံ ရှိနေခြင်း ဖြစ်သည်။ မီးပုံပွဲပြီးသွားလျှင် နတ်ဆရာသည် ရေအနည်းငယ်ကို သောက်လေ့ရှိသည်။ ထို့နောက်တွင် သူသည် နတ်စွမ်းရည်နှိုးထသည့်ကလေးများကို ကြည့်ရန်အတွက် ကျောက်တုံး အခန်းအတွင်းသို့ လာခဲ့ခြင်းဖြစ်သည်။
ခေါင်းဆောင် အော့ သည် အခန်းပတ်လည်ကို စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် သူ့မျက်လုံးများသည် ရှောက်ရွှမ်ကိုသာ စိုက်ကြည့်နေခဲ့သည်။ သူ့လက်ပေါ်တွင် မီးလောင်ထားသည့် အမှတ်အသား ရှိနေဆဲပင်။ သူသည် နတ်ဆရာနှင့် ထိုကိစ္စကို ဆွေးနွေးသင့်မသင့် စဉ်းစားနေခဲ့သည်။
စစ်သည်တော်တစ်ယောက်သည် ကျောက်တုံးထိုင်ခုံတစ်လုံးကိုယူလာလိုက်ပြီး အခန်းအလည်တွင် ချထားလိုက်သည်။ ထို့နောက်တွင် အမျိုးသမီးစစ်သည်တော်သည် နတ်ဆရာကို ထိုင်နိုင်ရန်အတွက် ကူညီလိုက်သည်။
နတ်ဆရာသည် အသက်ပြင်းပြင်းရှုလိုက်ပြီး ယနေ့ည၏ လူသစ်ကလေးများကို ကြည့်လိုက်သည်။ နှစ်စဉ်နှစ်တိုင်းပင် ထိုကဲ့သို့ စွမ်းရည်နှိုးထသည့် ကလေးများကို တွေ့လိုက်ရတိုင်းသူသည် ဂုဏ်ယူဝမ်းမြောက်မိလေသည်။
“ ကောင်းတယ်၊ အရမ်းကောင်းတယ်။ မင်းတို့အားလုံးက ငါတို့မျိုးနွယ်စုရဲ့ ရဲရင့်တဲ့ စစ်သည်တော်တွေ ဖြစ်လာကြလိမ့်မယ် “ နတ်ဆရာ ဖြေးညင်းစွာဖြင့် ပြောလိုက်သည်။
နတ်ဆရာထံမှ ချီးကြူးစကားနှင့် အသိအမှတ်ပြုခြင်းကို ရရှိလိုက်သဖြင့် ကလေးများ အားလုံး တက်ကြွသွားကြသည်။ သူတို့သည် စိတ်လှုပ်ရှားမှုများကြောင့် အော်ဟစ်ချင်စိတ်များကို မနည်းထိန်းနေရလေသည်။
ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး နတ်ဆရာပြောလိုက်ပြန်သည် “ အဖွဲ့ထဲကို နောက်ဆုံးဝင်လာတဲ့ကလေးက ဘယ်တစ်ယောက်လဲ ။ ဒီကိုလာခဲ့၊ ငါမင်းကို တစ်ချက်ကြည့်ချင်သေးတယ် “
ရှောက်ရွှမ်ရှေ့တွင် ရှိနေခဲ့ကြသည့် ကလေးများအားလုံး ဘေးသို့ဖယ်ပေးလိုက်ကြသည်။ ထိုကလေးများသည် ရှောက်ရွှမ်မှ လွဲပြီး အချင်းချင်းသိကျွမ်းကြပြီးသား ဖြစ်ကြသည်။
“ အား မင်းကိုး .... ။ အနီးကပ်လာခဲ့၊ ငါမင်းကို တစ်ချက်ကြည့်ချင်သေးတယ် “ နတ်ဆရာ ရှောက်ရွှမ်ကို တချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။
ရှောက်ရွှမ်ရှေ့တိုးသွားလိုက်ပြီး နတ်ဆရာရှေ့တွင် ရပ်လိုက်သည်။ နတ်ဆရာအိုကြီး မည်သို့ပြောမည်ဆိုသည်ကို သူသိချင်နေခဲ့သည်။ သူက ဆီဆာ အကြောင်းကိုများပြောမလား ......။ သူ့ကို တစ်နှစ်လုံးလုံး ပစ်ထားခဲ့တာကို များ အပြစ်ရှိစိတ်ဖြစ်နေမလား ......။ ဝံပုလွေတစ်ကောင်ကို ထိန်းသိမ်းရတာ ဘယ်လောက်ခက်ခဲတယ် ဆိုတာကို သူသိမလား .....။
ကျောက်တုံးခုံပေါ်တွင် ထိုင်နေသည့် အရိုးစုအိုကြီးကို ရှောက်ရွှမ် ကြည့်လိုက်သည်။ နတ်ဆရာသည်လည်း ရှောက်ရွှမ်ကို စိတ်ဝင်စားစွာဖြင့် ကြည့်နေခဲ့သည်။ ထို့နောက် သူမေးလိုက်လေသည် “ မင်းနာမည် ဘယ်လိုခေါ်လဲ .... “
ရှောက်ရွှမ် ခေတ္တဆွံ့အသွားမိသည်။ ဤနတ်ဆရာအိုကြီး သူ့ကို မမှတ်မိနေပေ။