စွမ်းအားရင်းမြစ်
Vol. 2 Ch. 25
“ ကျွန်တော့်နာမည်က ရွှမ်ပါ “
ရှောက်ရွှမ် ယခုဘဝ သူ့နာမည်ကို ပြောပြလိုက်သည်။ သူသည် လက်ရှိတွင် အရိုးစုများကိုသာ မြင်တွေ့နေရသဖြင့် နတ်ဆရာ၏ မျက်နှာအမူအယာကို မတွေ့နေရပေ။ နတ်ဆရာသည် သူ့နာမည်ကို ကြားလိုက်ပြီးသည့်နောက်တွင် တစ်စုံတစ်ခုကို မှတ်မိနိုင်ရန်အတွက် ကြိုးစားနေဟန်ရသည်။ မည်သို့ပင် ဖြစ်စေ နတ်ဆရာအိုကြီးသည် သူ့ကိုမှတ်မိလိမ့်မည် မဟုတ်ကြောင်း ရှောက်ရွှမ်သိနေခဲ့သည်။
အချိန်တချို့ကြာသွားပြီးနောက် နတ်ဆရာထပ်မံစကားပြောလာခဲ့သည်။ သို့သော် ဤတစ်ကြိမ်တွင် ရှောက်ရွှမ်ကို မေးခွန်းများ ထပ်မေးခြင်းမပြုတော့ပေ။
“ကောင်းပြီ.... မင်းရဲ့အဖော်တွေနဲ့ သွားပြန်ရပ်နေလိုက်ပါ “
ရှောက်ရွှမ်သည် သူ့မျက်နှာပေါ်တွင် မကျေနပ်မှုအချို့ရှိနေခဲ့သော်လည်း သူသည် မည်သည့်စကားကိုမှ ထပ်မပြောတော့ပဲ အတွေးများကိုသာ တွေးနေခဲ့လိုက်သည်။ ဒီလူအိုကြီးက မှတ်မိနိုင်ဖို့ကိုတောင် အတော်လေး ခက်ခဲနေပြီလားဟ ......။
“ ကောင်းပြီ ၊ မင်းတို့အားလုံးက မျိုးနွယ်စုနတ်စွမ်းရည်တွေ နှိုးထပြီးကြပြီဆိုတော့ ခွန်အားတွေကိုလည်ညး ရလာကြလိမ့်မယ်။ ပထမဆုံး မင်းတို့ကျွမ်းကျင်အောင် လုပ်ရမှာက အဲ့ဒီခွန်အားတွေကို ဘယ်လို အသုံးချကြမလည်း ဆိုတာပဲ “ နတ်ဆရာပြောလိုက်သည်။
“ ဒါက မင်းတို့ဘဝတစ်ဆစ်ချိုးပြောင်းလဲတာပဲ။ ဒီနေ့ပြီးရင် မင်းတို့က တကယ့်အစစ်အမှန် မျိုးနွယ်စု စစ်သည်တော်တွေ ဖြစ်လာကြပြီ။ ဒါပေမယ့် ဒါက မင်းတို့အတွက် အစပဲရှိသေးတယ်။ မင်းတို့ဘဝမှာ ဘယ်အထိရောက်အောင်သွားနိုင်မလည်း ဆိုတာက မင်းတို့အပေါ်မှာပဲ မူတည်နေတယ်။ မင်းတို့က ဆက်လက်ကြီးထွားမှာလား ၊ဒုံရင်းအခြေအနေနဲ့ပဲ ဆက်နေမှာလားဆိုတာကို မင်းတို့ဆုံးဖြတ်ရလိမ့်မယ်။ မျိုးနွယ်စုထဲက လေးစားလောက်စရာ စစ်သည်တော်တွေလိုပေါ့ “
နတ်ဆရာသည် ထိုသို့ပြောလိုက်ပြီး ခေါင်းဆောင် အော့ ဖက်ကိုလှမ်းကြည့်လိုက်သည်။ ကြည့်လေ မင်းတို့ခေါင်းဆောင်က စံနမူနာယူသင့်တဲ့ လူတစ်ယောက်ပဲ ....... ။
မျိုးနွယ်စု ခေါင်းဆောင် တစ်ယောက် ဖြစ်ရခြင်းအတွက် အော့ ၏ အရည်အချင်းများသည် အံ့သြလောက်စရာဖြစ်နေရလိမ့်မည် ဖြစ်သည်။ သူသည် စစ်သည်တော်များ အားလုံးထဲတွင် အကောင်းဆုံး တစ်ယောက် ဖြစ်ရပေမည်။ သူတို့သည် ခွန်အားကိုသာ လေးစားကြသူများ ဖြစ်ကြသဖြင့် နတ်စွမ်းရည်နှိုးထလာခဲ့ကြသည့် လူသစ်များသည် အော့ကို စံနမူနာ လူတစ်ယောက် အဖြစ် လေးစားကြရပေမည်။ ယခုနှစ် လူသစ်များသည်လည်း ချွင်းချက်မဟုတ်နေပေ။
“ မျိုးနွယ်စု စစ်သည်တော်တွေ အနေနဲ့ မင်းတို့ပထမဆုံး သိသင့်တာက မင်းတို့ခန္ဓာကိုယ်ထဲက စွမ်းအား အရင်းအမြစ်ကို တွေ့နိုင်ဖို့ အရေးကြီးတယ် “
ထိုအကြောင်းကြောင့် နတ်ဆရာသည် ကလေးများကို ယခုညတွင် ခေါ်ထားခဲ့ခြင်းဖြစ်သည်။
“ စွမ်းအားရင်းမြစ်က မင်းတို့ရဲ့ သွေးတွေထဲမှာ ရှိနေတယ်။ မင်းတို့ ငယ်ရွယ်တုန်းကတော့ အိပ်ပျော်နေခဲ့တာပေါ့ ။ အချိန်ကျလာတဲ့အခါကျတော့ မီးတောက်တွေရဲ့ ဆင့်ခေါ်မှုတွေကြောင့် စွမ်းအားရင်းမြစ်တွေ နှိုးထလာကြတယ်။ အခုမင်းတို့မျက်လုံးတွေကို မှိတ်ထားလိုက်ပြီးတော့ စိတ်ကို ရှင်းရှင်းလင်းလင်းထားလိုက်ပါ။ မင်းတို့ခန္ဓာကိုယ်ထဲက စွမ်းအားတွေနောက်ကို လိုက်ကြည့်ကြည့် ..... မင်းတို့ အဲ့ဒီအရာကို မြင်တွေ့ရလိမ့်မယ် “
ကျောက်တုံးအခန်းအတွင်းရှိ အပူချိန်သည် ပို၍နွေးထွေးလာခဲ့သည်။ လူတိုင်း မြေပြင်ပေါ်တွင် ထိုင်ချလိုက်ကြပြီး နတ်ဆရာ၏ အမိန့်အောက်တွင် မျက်လုံးများကို မှိတ်ထားလိုက်ကြသည်။
ရှောက်ရွှမ်လည်း လိုက်လုပ်လိုက်သည်။
သူ၏စိတ်များ ကြည်လင်သွားသည့်အချိန်တွင် သူ၏ အသိစိတ်ပင်လယ်အတွင်း၌ အမှတ်အသားများ ပေါ်နေခဲ့သည်ကို တွေ့လိုက်ရသည်။ ထိုအမှတ်အသားသည် မီးတောက်များ ဖုံးလွှမ်းနေခဲ့သည့် ဦးချိုနှစ်ချောင်း၏ ပုံရိပ်ဖြစ်သည် ထိုအရာသည် မျိုးနွယ်စု၏ အမှတ်အသားလည်းဖြစ်သည်။ ထို့အပြင် သူသည် ကြက်ဥကဲ့သို့သော အရာတစ်ခုကိုလည်း မြင်တွေ့လိုက်ရသည်။ ထိုကြက်ဥသည် မျိုးနွယ်စုနတ်အမှတ်အသားကို လွမ်းခြုံထားပြီး အဖြူရောင်အလင်းများဖြင့် တောက်ပနေခဲ့လေသည်။
ကြက်ဥလေးလား .....
“ ကျွန်တော် တွေ့ပြီ..... “ ကလေးတစ်ယောက်သည် စိတ်လှုပ်ရှားနေခြင်းကို မထိန်းနိုင်တော့ပဲ မျက်စိဖွင့်ကြည့်လိုက်သည်။
“ အဲ့ဒါက မျိုးနွယ်စုနတ်အမှတ်အသားပဲ..... “ အခြားကလေးတစ်ယောက်လည်း ပြောလိုက်သည်။
“ ကျွန်တော်လည်း တွေ့တယ် “
“ ငါကောပဲ “
ကလေးများ တစ်ယောက်ပြီးတစ်ယောက် ပြောလာခဲ့သည်။ ထိုအရာကို မမြင်တွေ့ရလျှင် နတ်ဆရာက သူတို့ကို အထင်သေးသွားမည်ကို စိုးရိမ်သည့်အလား အပြိုင်အဆိုင်ပြောနေခဲ့ခြင်းဖြစ်သည်။ သူတို့ကို အလားအလာ မရှိသော တုံးအသည့် လူများအဖြစ် အမြင်မခံလိုကြပေ။
နတ်ဆရာ ကလေးများကို ကြည့်လိုက်ပြီး ကလေးအများစု အမှတ်အသားကို တွေ့မြင်ကြောင်းကို အတည်ပြုလိုက်သည်။ တစ်ယောက်မှ လွဲ၍.....
“ အားရွှမ် မင်းကော အမှတ်အသားကို တွေ့လိုက်လား “
နတ်ဆရာပြောလိုက်သည်နှင့် ကလေးများအားလုံး ရှောက်ရွှမ်ကို လှည့်ကြည့်လိုက်ကြလေသည်။
ယခင်က သူတို့ အပြန်အလှန်စကားပြောနေကြချိန်တွင် စိုင် ထံမှ ထိုကလေးသည် မိဘမဲ့ လိုဏ်ဂူမှ လာသူဖြစ်ကြောင်းကို သူတို့ ကြားခဲ့ရသည်။ သူသည် နှင်းပွဲတော် ပြီးမှသာ အသက်ဆယ်နှစ်ပြည့်လိမ့်မည် ဖြစ်သည်။ မျိုးနွယ်စုမှ ကလေးအနည်းငယ်ကသာ ထိုမျှ အသက်အရွယ်တွင် နတ်စွမ်းရည် နှိုးထကြခြင်းဖြစ်သည်။ ထို့အပြင် ထိုကလေးများသည် စွမ်းအားကောင်းသော မျိုးနွယ်စု စစ်သည်တော်များ၏ မျိုးဆက်များ ဖြစ်ကြသည်။ မျိုးနွယ်စုအတွင်း ၌ ဆိုရိုးစကားရှိသည်မှာ တစ်စုံတစ်ယောက်သည် စွမ်းရည် စောစော နှိုးထလျှင် သူ၏ အလားအလာသည် ပို၍ ကောင်းမွန်သည်ဟူ၍ ဖြစ်သည်။ သူသည် မျိုးနွယ်စု ခေါင်းဆောင်ကဲ့သို့ စံနမူနာ ယူရမည့် လက်ရွေးစင်တစ်ဦးဖြစ်လာနိုင်ချေ ရှိသည်။
ယခင်က သူတို့ကို ရွေးချယ်ခြင်းခံလိုက်ရသည့် အချိန်တွင် သူတို့အထဲမှ အသက်အငယ်ဆုံးသော ကလေးသည် မျိုးနွယ်စု ခေါင်းဆောင်၏ မြေးဖြစ်သူ ‘ မောင် ‘ ဖြစ်သည်။
မျိုးနွယ်စု ခေါင်းဆောင် အမဲလိုက်ရာတွင် အမြဲအသုံးပြုသည့် လက်နက်သည် လှံတစ်ချောင်းဖြစ်သည်။ မျိုးနွယ်စု ဘာသာစကားအရ ‘လှံ’ ကို ‘ မောင် ‘ ဟုခေါ်ကြသည်။ များစွာသော သားရဲများသည် အော့၏ လှံဖျားထိပ်တွင် အသက်ပေးခဲ့ရသည်။ ထို့ကြောင့် သူ၏ လှံသည် ကြီးမားသော ဂုဏ်သိက္ခာကို ကိုယ်စားပြုနေခဲ့သည်။ မျိုးနွယ်စုမှ လူများ၏ ကြားထဲတွင် အော့၏ လှံသည် နာမည်ကြီးပေသည်။ မျိုးနွယ်စု အစဉ်အလာအရ ခေါင်းဆောင်သည် သူ၏ မြေးကို သူ့လက်နက်၏ အမည်ပေးခြင်းသည် နက်နဲသော အဓိပ္ပာယ်ကို ဆောင်ပေသည်။ သူသည် သိသာစွာပင် သူ့မျိုးဆက်ဖြစ်သော သူ့မြေးကို ကြီးကြီးမားမား မျှော်လင့်ထားနေခြင်းဖြစ်သည်။
သို့သော်လည်း ယခုနှစ်ပွဲတော်တွင် စိတ်အာရုံအစိုက်ခံရဆုံးသည် ‘မောင် ‘ မဟုတ်နေခဲ့ပဲ ရှောက်ရွှမ် ဖြစ်နေခဲ့သည်။ သူသည် ဖျက်မြင်းတစ်ကောင်ကဲ့သို့ ပွဲတော် ထဲတွင်ပေါ်လာ ခဲ့သည်။
မောင်၏ မျက်နှာသည် ရုပ်ဆိုးနေခဲ့လေသည်။ အထူးသဖြင့် ရှောက်ရွှမ်ကို ကြည့်လိုက်သည့် အချိန်များတွင် ဖြစ်သည်။ သူသည် ရှောက်ရွှမ်ကို မနာလိုဖြစ်နေခဲ့ပြီး အခွင့်အရေးရလျှင် ချက်ချင်းပင် တိုက်ခိုက်တော့မည် ဖြစ်သည်။
ကံမကောင်းစွာပင် ရှောက်ရွှမ်သည် လူများကို အရိုးစုများ အနေဖြင့်သာ မြင်နေခဲ့ရသည်။ ထို့ကြောင့် သူသည် လူများ၏ မျက်နှာအမူအယာများကို မမြင်ရနေခဲ့ပေ။ မောင် ၏ ရန်လိုနေသည့် အမူအယာကို မမြင်သည့်အတွက် မျက်မမြင် တစ်ယောက် ကဲ့သို့ပင်ဖြစ်နေခဲ့သည်။
နတ်ဆရာ၏ မေးခွန်းအဆုံးတွင် မောင် သည် ရှောက်ရွှမ်ကို စိုက်ကြည့်လိုက်သည်။ သူသည် ရှောက်ရွှမ် အမှတ်အသားကို မမြင်ရဟု ပြောပါစေဟု မျှော်လင့်နေခဲ့သည်။ သို့ဆိုလျှင် ရှောက်ရွှမ်သည် အခန်းထဲမှ လူများ၏ လှောင်ပြောင်ခြင်းများကို ခံရပေမည်။
သို့သော်လည်း ရှောက်ရွှမ် သူတို့ကို စိတ်ပျက်စေခဲ့လေသည်။
ရှောက်ရွှမ် နတ်ဆရာကို ခေါင်းငြိမ့်ပြလိုက်ပြီး “ ကျွန်တော်လည်း တွေ့ပါတယ်။ မီးပုံပွဲမှာတုန်းက ပေါ်လာတဲ့ မျိုးနွယ်စုနတ်အမှတ်အသားနဲ့ အတူတူပါပဲ “
ကလေးများအားလုံး စွမ်းအားရင်းမြစ်များကို တွေ့လိုက်ကြသဖြင့် နတ်ဆရာကျေနပ်သွားခဲ့သည်။ သို့နှင့် သူသည် စွမ်းအား ရင်းမြစ်နှင့်ပတ်သက်သည့် ဗဟုသုတများကို သူတို့ကို ဆက်ပြောပြလိုက်သည်။
ရှောက်ရွှမ်သည် မျက်လုံးကို မှိတ်ထားလိုက်ပြီး သူ့စိတ်အတွင်းမှ ကြက်ဥကို ဆက်လက်လေ့လာနေလိုက်သည်။
လူတိုင်းသည် အမှတ်အသားကိုတွေ့သည်ဟူသည့်အချက်မှလွဲပြီး အခြားအရာများကို မပြောခဲ့ကြပေ။ ဆိုလိုသည်မှာ အဖြူရောင် ‘ဥ’ လေးသည် ရှောက်ရွှမ်၏ စိတ်ထဲတွင်သာ ရှိနေပုံရသည်။ ထို ဥ၏ ပုံစံကိုကြည့်လိုက်ပြီး ရှောက်ရွှမ် ယခင်ဘဝက သူကောက်ကိုင်ခဲ့မိသည့် ကျောက်တုံးကို ပြန်အမှတ်ရလိုက်မိသည်။
ထိုအရာကို သူလေ့လာလေလေ သူ့ယခင်ဘဝမှ ကျောက်တုံးနှင့် တူလေလေဖြစ်သည်။
အကယ်၍ သူ့ထင်မြင်ချက်သာ မှန်နေခဲ့လျှင် သူ၏ စွမ်းအင်နှိုးထမှုသည် အခြားသူများနှင့် ကွာခြားနေရသည့်အကြောင်းကို သူသိကောင်းသိလာရနိုင်သည်။
မျိုးနွယ်စု နတ်စွမ်းရည်များကို အသုံးပြုခြင်းနှင့်ပတ်သက်၍ နတ်ဆရာသည် မောင် ကို အခြားကလေးများအား လက်တွေ့ပြသပေးရန် ပြောလိုက်သည်။
“ မျိုးနွယ်စု စွမ်းရည်ကို မသုံးပဲနဲ့ လက်သီးထိုးကြည့်လိုက်ပါ “
နတ်ဆရာ၏ အမိန့်အောက်တွင် စစ်သည်တော်တစ်ဦးသည် ကြိုတင်ပြင်ဆင်ထားပြီးသည့် ကျောက်ပြားတစ်ခုကို ထုတ်ယူလာခဲ့သည်။
မောင် သည် ဂုဏ်ယူစွာဖြင့်မတ်တပ်ရပ်လိုက်သည်။ သူ့အဖိုး အော့ကို မြင်လိုက်သဖြင့် မောင် အသက်ကို ပြင်းစွာရှုလိုက်သည်။ ထို့နောက်တွင် လက်သီးဆုပ်လိုက်ပြီး အနေအထားမှန်မှန်နှင့် နေရာယူလိုက်သည်။ ထို့နောက် သူသည် သူ့ရှေ့တွင် ရှိနေသည့် ကျောက်ပြားကို သူ့လက်သီးဖြင့် ထိုးလိုက်လေသည်။
ဘန်း....
အသံတစ်ခုထွက်လာခဲ့သည်။
ကျောက်ပြားအနည်ငယ် ရွေးလျားသွားသည်။
မောင် မျက်မှောင်ကြုတ်လိုက်ပြီး လက်သီးကို နောက်ပြန်ဆုတ်လိုက်သည်။
ရှောက်ရွှမ် မောင် နာကျင်သွားကြောင်းကို သိလိုက်သည်။ သို့သော်လည်း မောင် ၏ လက်သီးသည် ဒဏ်ရာရရှိခြင်းမရှိနေခဲ့ပေ။ သူ့လက်အနည်းငယ် နီနေသည်မှ အပ မည်သည့်ဒဏ်ရာမှ မရှိနေခဲ့ပေ။
ထိုအရာသည် နတ်စွမ်းရည် နှိုးထလာပြီးသည့်နောက်တွင် ကွာခြင်းသွားသည့်အချက်တစ်ခုဖြစ်သည်။ အရည်ပြားများ အရိုးများသည် ပို၍သန်မာသွားလေပြီ။
“ ကောင်းပြီ ထပ်ထိုးကြည့်၊ ဒီတစ်ခါတော့ နတ်စွမ်းအားတွေကို သုံးကြည့်လိုက် “နတ်ဆရာ ပြောလိုက်သည်။
မောင် သည် သက်တောင့်သက်သာ ဖြစ်သွားဟန်ရသည်။
သူ့မျက်နှာပေါ်တွင် နတ်စွမ်းအင် အမှတ်အသားများ ပေါ်လာခဲ့ပြီး နောက်တစ်ကြိမ် ထပ်မံထိုးချလိုက်ပြန်သည်။
သူ့ကိုကြည့်ရသည်မှာ တူညီသော ကိုယ်ဟန်အနေအထားနှင့် တူညီသော ခွန်အားကိုသာ အသုံးပြုထားခြင်း ဖြစ်ပုံရသည်။ သို့သော်လည်း ရလာဒ်မှမူ......
ဘန်း......
ကျောက်ပြားသည် အစိတ်စိတ်အမွာမွာ ဖြစ်သွားခဲ့လေသည်။
ကလေးများသည် စိတ်လှုပ်ရှားသွားကြပြီး သူတို့ကိုယ်တိုင် က၏စမ်းကြည့်လိုစိတ်များ ပေါ်လာကြသည်။ သို့သော်လည်း နတ်ဆရာသည် နောက်ထပ်ကျောက်ပြားများကို ထုတ်ယူလာခြင်းမရှိတော့ပေ။ သူသည် သူတို့ကို စိတ်ထဲတွင်သာ ဆက်လက်လေ့ကျင့်ရန် ပြောလိုက်သည်။ ထိုသို့မှသာ နတ်စွမ်းအားနှင့်ပိုရင်းနှီးလာလိမ့်မည်ဟု ဆိုလေသည်။
ပြောသင့်သည်များကို ပြောလိုက်ပြီးနောက် နတ်ဆရာ သူ့လူများကိုခေါ်လိုက်ပြီး ထွက်ခွာသွားလိုက်သည်။ သူ့အတွက် အနားယူရမည့် အချိန်ရောက်နေပြီဖြစ်သည်။ အော့သည် နီမြန်းနေသော သူ့လက်ကို ပြန်ကြည့်လိုက်သည်။ သူသည် ထိုကိစ္စကို နောက်နေ့မှသာ ဆွေးနွေးတော့ရန် ဆုံးဖြတ်လိုက်လေသည်။
နတ်ဆရာ သူ့ကျောက်တုံး အခန်းတွင်းသို့ ပြန်ဝင်သွားခဲ့သည်။ သူသည် သားမွေးစောင်တစ်ထည်ကို ခြုံလိုက်ပြီးနောက် သားရေစာလိပ်တစ်ခုကို မီးရောင်ဖြင့် ကြည့်နေလိုက်သည်။ ထို့နောက် ယနေ့ ပွဲတော်အကြောင်းကို စာဖြင့်မှတ်တမ်းတင်ထားရန် တစ်စုံတစ်ယောက်ကို ပြောလိုက်သည်။ ကလေးများ၏ အကြောင်းအရာအသေးစိတ်ကိုလည်း မှတ်တမ်းတင်ထားရန် မှာကြားလိုက်သည်။
သားရေစာလိပ်အတွင်းတွင် ရှောက်ရွှမ်၏ အကြောင်းအရာများလည်း ပါဝင်နေခဲ့သည်။ သူမည်သည့်အချိန်တွင်မွေးဖွားသည်၊ သူ၏လက်ရှိ နေထိုင်ပုံ စသည့် အကြောင်းအရာများလည်း ပါဝင်နေခဲ့သည်။
ရှောက်ရွှမ်ထံတွင် ဝံပုလွေတစ်ကောင် ရှိနေကြောင်းကို တွေ့လိုက်သည့်အခါတွင် နတ်ဆရာအိုကြီးသည် သူ၏မှတ်ဉာဏ်များကို ပြန်လည် တွေးတောနေခဲ့လေသည်။
ဟုတ်တာပေါ့.... သူအဲ့ဒီ ‘ရွှမ် ‘ ဆိုတဲ့ကလေးကို ရင်းနှီးနေသလို ခံစားရတာ အထူးအဆန်းမဟုတ်တော့ဘူး ပဲ......။
ယခင်က သူတောင်ခြေဒေသသို့ သွားစဉ်က တစ်စုံတစ်ယောက်က “ မွေးမြူထားမယ် “ ဆိုသည့်စကားကို ပြောနေသည်ကို ကြားခဲ့ရသည်။ ထို့ကြောင့် သူရှောက်ရွှမ်ကို ဝံပုလွေငယ်လေး ဖြင့် တွေ့လိုက်ရသည့်အချိန်တွင် သူသည် ကျောက်တုံးတံဆိပ်တစ်ခုကို ပေးခဲ့ပြီး ဝံပုလွေကို အခြားသူများ မထိနိုင်စေရန် ပြုလုပ်ပေးခဲ့သည်။ အစပိုင်းတွင် သူသည် ‘ရွှမ်’ ကို အစားအသောက် ဝေစု ပိုပေးရန် စဉ်းစားခဲ့သေးသည်။ သို့သော်လည်း သူတောင်ပေါ်သို့ပြန်ရောက်သည့် အချိန်တွင် သူရှာနေခဲ့သည့် ရှားပါး အပင်တစ်မျိုးကို မုဆိုးများ တွေ့လာခဲ့ကြောင်းကို သတင်းရလိုက်သည်။ သို့နှင့် သူ၏အတွေးများ ၊ အာရုံစိုက်မှုများသည် ထိုအပင်ပေါ်တွင်သာ ရောက်သွားခဲ့ပြီး တစ်နှစ်နီးပါး ကုန်ဆုံးသွားခဲ့သည်။ နောက်ဆုံးတွင် သူသည် ထိုအပင်ကို ဆေးဖော်စပ်နိုင်မည့် နည်းလမ်းကို ရှာတွေ့ခဲ့သည်။ ထိုအချိန်တွင် သူသည် ဝံပုလွေငယ်လေးကို ထိန်းကြောင်းနေသည့် ရှောက်ရွမ်ကို မေ့သွားခဲ့ပြီ ဖြစ်သည်။
ထိုဝံပုလွေငယ်လေး မည်သည့်အခြေအနေတွင် ရှိနေပြီနည်း .....။
ထိုအချိန်တွင် နတ်ဆရာတွေးနေခဲ့သည့် ဆီဆာသည် လိုဏ်ဂူအပြင်ဖက်တွင် သနားစဖွယ် ဆောင့်ကြောင့် ထိုင်စောင့်နေခဲ့သည်။ ညဖက်လေအေးများ တိုက်ခတ်လာတိုင်း သူသည် တောင်ထိပ်ကို ကြည့်ကာ ဆွဲဆွဲငင်ငင် အူလေ့ ရှိသည်။