တစ်နေ့တော့ငါတို့ ပေါ့လချ်ာ ( ပိုင်ဆိုင်မှုကို ကြွားဝါရန် ပေးကမ်းခြင်း၊ ဖျက်ဆီးခြင်း ပြုလုပ်သည့်ပွဲတော် ) ကို လုပ်ကြမယ်
Vol. 2 Ch. 27
ရှောက်ရွှမ် တောင်ပေါ်မှ မဆင်းလာခင်မှာပင် တောင်ခြေဒေသမှ လူများသည် ရှောက်ရွှမ်၏စွမ်းအင်နှိုးထခြင်း အကြောင်းကို ဆွေးနွေးနေကြပြီးဖြစ်သည်။ ထိုမျှငယ်ရွယ်သေးသည့် လိုဏ်ဂူထဲမှ အားနည်းသည့်ကလေးငယ်သည် မျိုးနွယ်စုနတ်စွမ်းအင်နိုးထလာလိမ့်မည် ဟု သူတို့အားလုံးထင်မထား ခဲ့ကြပေ။
သူသည် ထိုမျှငယ်သေးသည့် အသက်အရွယ်တွင်ပင် စွမ်းအား နှိုးထလာခဲ့ခြင်းဖြစ်သည့်အတွက် သူ့ထံတွင် အလားအလာကောင်းများနှင့် ဖြစ်တန်စွမ်းများဖြင့် ပြည့်နှက်နေခဲ့သည်။ သူသည် ခွန်အားကောင်းသည့် မျိုးနွယ်စုစစ်သည်တော်တစ်ဦး ကျိန်းသေပေါက် ဖြစ်လာတော့မည် ဖြစ်သည်။
ရှောက်ရွှမ် ထိုမျှအသက်နှင့် စောလျင်စွာမျိုးနွယ်စုနတ်စွမ်းအင် နှိုးထလာသည်ကို မျိုးနွယ်စုမှ လူများ အံ့သြနေခဲ့ကြသည်။ အချို့ကပြောကြသည်မှာ ရှောက်ရွှမ် မနက်စောစော ထပြီးလေ့ကျင့်ခန်းများကို ပြုလုပ်သောကြောင့်ဟု ဆိုကြလေသည်။ တောင်ထိပ်ဒေသမှ ကလေးများ နည်းတူ လေ့ကျင့်သောကြောင့် နတ်စွမ်းအင် စောလျင်စွာ နှိုးထလာခြင်း ဖြစ်သည်ဟုလည်း ပြောကြသည်။
ငါးများကြောင့်ဟု ထင်နေကြသည့် လူများလည်း ရှိကြသည်။ အဘယ်ကြောင့်ဆိုသော် ရှောက်ကဲ့သို့ ငါးမြှားခြင်းကို ယခင်က မည်သူမှ မလုပ်ခဲ့ကြသောကြောင့်ဖြစ်သည်။ သို့သော်လည်း ထိုသီအိုရီသည် အလျင်အမြန်ပင် ပျောက်ကွယ်သွားခဲ့သည်။ သူတို့၏ ကလေးများသည်လည်း ငါးများကို စားသုံးခဲ့ကြသည်။ အချို့ကလေးများသည် ရှောက်ရွှမ်ထက်ပင် အသက်ကြီးကြသေးသည်။ သို့သော်လည်း သူတို့၏ နတ်စွမ်းအင်များ နှိုးထကြခြင်း မရှိကြပေ။
ထို့ကြောင့်နောက်ဆုံးတွင် လူအများသည် ရှောက်ရွှမ်၏ စွမ်းအင်နှိုးထခြင်းကို မနက်စောစောထပြီး လေ့ကျင့်သောကြောင့် ဟုသာ ယူဆထားလိုက်ကြသည်။
ထို့ကြောင့် ရှောက်ရွမ် တောင်ပေါ်မှ ပြန်ဆင်းလာခဲ့သည့်အချိန်တွင် ယခင်က အအိပ်မက်ကြသည့်ကလေးများသည် သူတို့မိဘများတိုက်တွန်းချက်ကြောင့် မနက်စောစောထကာ ကျောက်တုံးများကို ရွေ့ခြင်း ငါးမြှားခြင်းများကို လုပ်ဆောင်နေကြကြောင်းကို တွေ့လိုက်ရလေသည်။
မှန်ပေသည်။ အလုပ်လုပ်ခြင်းသည် အထိရောက်ဆုံးသော လေ့ကျင့်ခန်းတစ်ခုပင်ဖြစ်သည်။
မနက်ခင်းတွင် စောစောထပြီး လေ့ကျင့်ခန်းလုပ်သည့် အတွေးအခေါ်ကို ရှောက်ရွှမ် ငြင်းဆန်နေခြင်းမရှိပေ။ သူသည် အစစ်အမှန် အကြောင်းပြချက်ကို ထိုသူများကို ပြောပြလိမ့်မည် မဟုတ်ပေ။
လိုဏ်ဂူထဲမှ ကလေးများသည် ယနေ့တွင်ငါးဖမ်းထွက်ခြင်း မပြုကြပေ။ ရှောက်ရွှမ်မရှိသဖြင့် ဆီဆာသည် အလုပ်လုပ်ရန် ငြင်းဆိုနေပြီး ကျောက်တုံးတီကောင်များကို တူးပေးခြင်း မရှိပေ။ သူတို့ထံတွင် ငါးဖမ်းသည့် ပစ္စည်းများ ရှိနေကြသော်လည်း တီကောင်မရှိပါက ငါးဖမ်းနိုင်မည် မဟုတ်ချေ။
အခြားတစ်ဖက်တွင် ဆီဆာသည် လိုဏ်ဂူအပေါက်ဝမှ မခွာခဲ့ပေ။ သူသည် ထိုနေရာတွင်သာ ထိုင်နေခဲ့ပြီးကလေးများ သူ့ကို ဆွဲဆောင်နေခြင်းကို လျစ်လျူရှုထားခဲ့သည်။ အချို့ကလေးများသည် ရက်ရောစွာဖြင့် ငါးစိမ်းတစ်ဝက်ခန့်ကို ပေးသော်လည်း ဆီဆာသည် ထိုငါးကို ကြည့်ပင်မကြည့်နေခဲ့ပေ။ သူ၏အကြည့်သည် တောင်ထိပ်တွင်သာ ရှိနေခဲ့လေသည်။
ရှောက်ရွှမ်ပြန်လာသည်ကို မြင်တွေ့လိုက်ရသည့်အချိန်တွင် ဆီဆာ ဝမ်းသာအားရဖြစ်သွားပြီး ရှောက်ရွှမ်ထံသို့ ပြေးသွားလိုက်သည်။ အကယ်၍ ရှောက်ရွှမ်သာ စွမ်းအင်နှိုးထခြင်း မရှိပဲ ပို၍ သန်မာမနေခဲ့ပါက ဆီဆာခုန်တက်လိုက်သောကြောင့် သူလဲကျသွားပေဦးမည်။
လိုဏ်ဂူထဲမှ ကလေးများသည်လည်း ရှောက်ရွှမ်ပြန်လာသည်ကို စောင့်နေခဲ့ကြသည်။ သို့မှသာ သူတို့သည် ဆီဆာကိုခေါ်ပြီး ကျောက်တုံးတီကောင်များကို တူးယူနိုင်မည် ဖြစ်သည်။ ဆောင်းရာသီအတွင်း တီကောင်များသည် မြေအောက်အနက်ပိုင်းတွင် နေထိုင်ခဲ့ကြပြီး ယခုအချိန်တွင် သူတို့ ပြန်ပေါ်လာကြပြီဖြစ်သည်။ ထို့ကြောင့်ပင် ယခုအချိန်သည် တီကောင်တူးရန် အချိန်ကောင်းတစ်ခုပင်တည်း......။
သူ၏နတ်စွမ်းအင် နှိုးထပြီးဖြစ်သဖြင့် ရှောက်ရွှမ်သည် အမဲလိုက်အဖွဲ့တစ်ခုခုနှင့်လိုက်ပါကာ အမဲလိုက်ခြင်းကို ပြုလုပ်နိုင်လေပြီ။ သူ့အနေဖြင့် လိုဏ်ဂူထဲမှ ကလေးများ၏ ခေါင်းဆောင် မလုပ်တော့လျင်လည်း ရပေပြီ။ ကောနှင့် ဆွေးနွေးလိုက်ကြပြီးနောက် ရှောက်ရွှမ် ထူနှင့် ပါတို့ကို လိုဏ်ဂူကို ခေါင်းဆောင်ခန့်ခွဲရန် လွဲအပ်ပေးလိုက်သည်။ ထူ သည် ကောင်းစွာ ရေတွက်နိုင်စွမ်းရှိပေသည်။ ထို့အပြင် သူ၏ မှတ်ဉာဏ်သည် အံ့မခန်းပင်ဖြစ်သည်။ သူသည် ယခုတွင် ပို၍သတ္တိရှိလာပြီဖြစ်ပြီး စကားကိုလည်း ချောမွေ့စွာ ပြောတတ်လာခဲ့ပြီဖြစ်သည်။ သူ၏တစ်ခုတည်းသော အားနည်းချက်မှာ သေးငယ်ပိန်လှီနေခဲ့ခြင်းပင် ဖြစ်သည်။ အခြားတဖက်တွင်မူ ပါသည် ထိုနေရာများတွင် ကျွမ်းကျင်နေခြင်းမရှိပေ။ သို့ရာတွင် သူသည် လုံလောက်အောင် သန်မာလေသည်။ သူသာ အတည်ပေါက် ဒေါသထွက်လာခဲ့လျှင် မည်သူမှ သူ့ပြိုင်ဖက် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့်ပင် သူတို့နှစ်ဦးကို ပူးတွဲခေါင်းဆောင်ခန့်လိုက်ခြင်းသည် မှန်ကန်သည့် ဆုံးဖြတ်ချက်တစ်ခုဖြစ်သည်။
လိုဏ်ဂူထဲမှ ကိစ္စများကို ကိုင်တွယ်ပြီးသည့် နောက်တွင် ရှောက်ရွှမ် လန်ကာ့ကို အပြုံးတစ်ခုဖြင့် လမ်းလျှောက်လာနေခဲ့သည်ကို တွေ့လိုက်သည်။
“ ကောင်လေး .... မင်းကအစောကြီး စွမ်းအင်နှိုးထပြီးတော့ ငါတို့အားလုံးကို အံ့သြသင့်စေခဲ့တာပဲ။ ငါထင်တာက မင်းနောက်ထပ် နှစ်နှစ် ကျော်လောက်တော့ ကြာဦးမယ်လို့ထင်နေတာ “ လန်ကာ့သည် အတော်လေး စိတ်လှုပ်ရှားနေခဲ့သည်။ ရှောက်ရွှမ်သည် ယခင်က လန်ကာ့ ကို အကယ်၍ သူ၏မျိုးနွယ်စုစွမ်းရည်နှိုးထလာခဲ့လျှင် သူတို့၏ အမဲလိုက် အဖွဲ့သို့ ဝင် ခွင့် ပေးမည်လောဟု မေးခဲ့ဖူးသည်။ မိုင်သည် ရှောက်ရွှမ်၏ တောင်းဆိုချက်ကို ငြင်းဆန်နေခဲ့ခြင်း မရှိပေ။ မိုင်သည် ရှောက်ရွှမ်ကို ကောင်းသော အမြင်ရှိပေသည်။
ယမန်နေ့ညက ရှောက်ရွှမ်၏ စွမ်းအင်နှိုးထမှုသည် သူတို့ မမျှော်လင့်ထားခဲ့သည့် ကိစ္စတစ်ခုဖြစ်သည်။
မျိုးနွယ်စု စစ်သည်တော်တစ်ယောက် ဖြစ်လာခြင်းမှာ သူ၏ကိုယ်ပိုင်အိမ်တစ်လုံးကို ပိုင်ဆိုင်နိုင်သည်ဟု ဆိုလိုနေသည်။ လန်ကာ့သည် ထိုအချက်ကို ပျော်ပျော်ကြီး ကူညီပေးလိမ့်မည် ဖြစ်သည်။
လန်ကာ့နှင့် သူ၏အမဲလိုက်အဖွဲ့သည် အသားကင်စားနေခဲ့ကြသည်။ သူတို့သည် ယခုနှစ်အတွက် ပထမဆုံးသော အမဲလိုက်တာဝန်နှင့်ပတ်သက်သည့် ကိစ္စများကို ဆွေးနွေးနေခဲ့ကြခြင်းဖြစ်သည်။ ရှောက်ရွှမ် နတ်ဆရာထံမှ ပြန်လည် ထွက်ခွာလာကြောင်း လန်ကာ့ ကြားလိုက်ရသည့်အချိန်တွင် သူသည် ရှောက်ရွှမ်ကို လာရှာလိုက်ပြီး သူ၏ အနာဂတ်အမဲလိုက်အဖွဲ့နှင့် တွေ့ဆုံပေးလိုက်သည်။
လန်ကာ့၏ သစ်သားအိမ်လေး အတွင်း၌ လူခြောက်ယောက် ရှိနေခဲ့လေသည်။ သူတို့အားလုံးသည် အလွန်ငယ်ရွယ်ကြသေးသည်။ သူတို့ထဲမှ တစ်ယောက်ဆိုလျင် ယမန်နှစ်မှသာ စွမ်းအင်နှိုးထခဲ့သည့်သူ တစ်ဦး ဖြစ်သည်။ သို့သော်လည်း သူသည် အသက် (၁၃) နှစ်ရှိနေပြီဖြစ်ပြီး တစ်နှစ်အတွင်း သန်မာလာခဲ့သူလည်းဖြစ်သည်။ သူသည် ခန္ဓာကိုယ်အရွယ်အစားအရ ရှောက်ရွှမ်ထက် သိသိသာသာ ပို၍ ကြီးမားပေသည်။
ထိုသူများသည် သူ၏အနာဂတ် အမဲလိုက် အဖွဲ့သားများ ဖြစ်လာကြမည်ကိုသိလိုက်ရသဖြင့် ရှောက်ရွှမ်သူတို့အားလုံးကို နွေးထွေးစွာဖြင့် နူတ်ဆက်လိုက်သည်။
“ အိမ်အတွက် စိတ်မပူနဲ့၊ မနက်ဖြန်ပဲ ငါတို့ သစ်ပင်တချို့ခုတ်ပြီးတော့ မင်းနေဖို့အိမ်ကို ဆောက်ပေးမယ် “ ‘အန်း’ ဟုအမည်ရသည့် လူငယ်က ရှောက်ရွှမ်ကို ပြောလိုက်သည်။
အစက ရှောက်ရွှမ်သည် သူ၏ကိုယ်ပိုင်နေအိမ်ကို နောက်ထပ် နှစ်နှစ် သို့မဟုတ် သုံးနှစ်ခန့်ကြာမှသာ ရလာလိမ့်မည်ဟု တွေးထင်ထားခဲ့သည်။ သို့သော်လည်း ယခုတွင်မူ သူသည် မနက်ဖြန်တွင်ပင် အိမ်တစ်လုံးရတော့မည် ဖြစ်သည်။
စိုင် ကဲ့သို့သော ကိုယ်ပိုင်မိသားစု ရှိကြသည့်သူများသည် သူတို့၏ စွမ်းအင်နှိုးထပြီးသော်မှ သူတို့၏ မိသားစုများနှင့်သာ ဆက်လက်နေထိုင်လေ့ ရှိကြသည်။ မိဘမဲ့လိုဏ်ဂူမှ လာသည့် ရှောက်ရွှမ်ကဲ့သို့ ကလေးများ မှာမူ အိမ်တစ်လုံး ဆောက်လုပ်ပေးရန် သူတို့၏ သူငယ်ချင်းများကို အကူအညီတောင်းရပေလိမ့်မည်။
ရှောက်ရွှမ်ရောက်လာပြီ ဖြစ်သဖြင့် လန်ကာ့သည် သူ့ကို ချက်ချင်းထွက်သွားခွင့် မပေးပေ။ သူတို့အားလုံးသည် ရှောက်ရွှမ်ကို သူတို့၏ အသားကင် စားသောက်ပွဲကို ဝင်ပါစေလိုကြသည်။ ဆောင်းရာသီတစ်ခုလုံးကို ဖြတ်ကျော်ခဲ့ရပြီးဖြစ်သဖြင့် အသားများသည် လတ်ဆတ်နေကြခြင်းမရှိ တော့ပေ။ သူတို့အတွက်တော့ ထိုအရာသည် အရေးမကြီးပေ။ သူတို့အနေဖြင့် မကြာမီမှာပင် နှစ်သစ်၏ အမဲလိုက်ခြင်းကို စတင်တော့မည် မဟုတ်ပေလော။ ထို့ကြောင့်ပင် လူအများသည် သူတို့၏အိမ်များတွင် သိမ်းထားကြသည့် အသားခြောက်များကို ထုတ်ယူလာခဲ့ကြပြီး အသားကင်စားနေကြခြင်း ဖြစ်သည်။
သူတို့စားသောက်ပြီး စကားပြောနေကြစဉ်တွင် အန်းသည် မျိုးနွယ်စုအတွင်း လူပြောများနေသည့် ပွဲတစ်ခု အကြောင်းကို ရုတ်တရက် ပြောလာခဲ့သည်။ ထိုပွဲကို “ ပေါ့လချ်ာ “ ဟုခေါ်လေသည်။
ထိုအရာသည့် ဒဏ္ဍာရီတစ်ခု သာဖြစ်သည်။
ပြောကြသည်မှာ တစ်ခါက မျိုးနွယ်စုမှ လူတစ်ယောက်သည် ထိုပွဲမျိုးကို ကျင်းပပေးခဲ့သည်ဟု ဆိုသည်။ ထိုပွဲသည် စားသောက်ပွဲတစ်ခုဖြစ်ပြီး အိမ်ရှင်များသည် ဧည့်သည်များကို မည်မျှ များများစားစား ကျွေးမွေးနိုင်ကြောင်းကို ပြသသည့် ပွဲတစ်ခုဖြစ်သည်။ အိမ်ရှင်များသည် ဧည့်သည်များကို ဗိုက်ဝသည်အထိကျွေးမွေးရပေသည်။ အန်ထွက်လောက်သည် အထိ ကျွေးမွေးရခြင်းဖြစ်သည်။ အန်ထွက်ပြီးနောက်တွင် ဧည့်သည်များသည် နောက်ထပ် အစားအသောက်များကို ထပ်စားကြပြန်သည်။ ထို့နောက် ထပ်အန်ကြပြန်သည်။ ထိုသို့ အကြိမ်အနည်းငယ်အထိ လုပ်ဆောင် ကြပြီး နောက်တွင် စားသောက်ပွဲ၊ တနည်းအားဖြင့် အကျွေးအမွေး အောင်မြင်သည်ဟု သတ်မှတ်ကြသည်။
ထိုကဲ့သို့ ကျွေးမွေးသည့်ပွဲကို “ ပေါ့လချ်ာ” ဟုခေါ်ကြသည်။
လန်ကာ့၏ ပြောကြားချက်အရ ထိုပွဲတော်သည် တစ်စုံတစ်ယောက်၏ ပိုင်ဆိုင်မှုများကို ကြွားဝါဖော်ပြခြင်း၊ ဖျက်ဆီးခြင်းသာ ဖြစ်ကြောင်းကို ရှောက်ရွှမ် သိလိုက်ရသည်။ အချို့လူများသည် သူတို့၏ အဝတ်အစားများ ၊ အစားအသောက်များကို လူအများရှေ့တွင် ပေါ်တင်ပင် ဖျက်ဆီးပြတတ်ကြသည်။ အချို့လူများသည် သူတို့၏ အိမ်များကိုပင် မီးတင်ရှို့တတ်ကြသေးသည်။ ထိုအရာသည် မျိုးနွယ်စုမှ သူတို့၏ ပြိုင်ဖက်များကို အနိုင်ယူခြင်း၊ လှောင်ပြောင်ခြင်း ပြုလုပ်သည့် နည်းလမ်းတစ်မျိုးလည်း ဖြစ်သည်။ ထိုပွဲမျိုးကိုကျင်းပကြသည့် လူများကို မျိုးနွယ်စုဝင်များက အထင်ကြီးလေးစားတတ်ကြလေသည်။
ထိုပွဲမျိုးကို ကျင်းပရန်မှာ အိမ်ရှင်သည် ကြွယ်ဝပြီး အာဏာရှိသည့် လူဖြစ်နေမှ ရလိမ့်မည်ဖြစ်သည်။
ထိုကဲ့သို့ ခံယူချက်ထားခြင်းသည် မျိုးနွယ်စု၏ ခေတ်မမှီခြင်း ၊ တုံးအခြင်း ၊ ဉာဏ်နည်းခြင်းကို ဖော်ပြနေသည်ဟု ရှောက်ရွှမ် ထင်မြင်မိသည်။
ထိုပွဲတော်အကြောင်းကို ပြောနေကြသည့်အချိန်တွင် ဖြစ်နေခဲ့သည့် လန်ကာ့ နှင့် အခြားသူများ၏ မျက်နှာ အမူအယာများကို ရှောက်ရွှမ်တွေ့လိုက်ရသည်။ သူတို့သည် ထိုပွဲတော်ကို တော်တော်လေး အထင်အမြင်ကြီးနေကြဟန် ရသည်။ အကယ်၍ ဤနေရာတွင် ထိုပွဲတော်မျိုးကျင်းပသည့် အိမ်ရှင်တစ်ယောက်ယောက်သာ ရှိနေခဲ့လျှင် သူတို့အားလုံး ဒူးထောက်ပြီး ချီးကျူးထောပနာ ပြုနေမည်လော မဆိုနိုင်ပေ။
ရှောက်ရွှမ် အံ့သြနေသည်ကို တွေ့မြင်လိုက်ရသဖြင့် လန်ကာ့ သည် အကြီးအကဲတစ်ယောက် ပုံဖမ်းလိုက်ပြီး ပြောလိုက်သည် “ မင်းအခုထိဒါကို နားမလည်သေးဘူးမလား “
မှန်ပေသည်။ ရှောက်ရွှမ် နားမလည်နိုင်ပေ။ သူ၏အမြင်တွင် အရူးများသာထိုကဲ့သို့ တုံးအသည့် ပွဲတော်မျိုးကို ကျင်းပလိမ့်မည် ဖြစ်သည်။
မဟုတ်သေးဘူး၊ မျိုးနွယ်စုကလူတွေအကုန်လုံးက ဒီပွဲတော်ကို အတော်လေး အထင်ကြီးနေကြတဲ့ပုံပဲ.......။
ရှောက်ရွှမ်၏ ယခင်ဘဝတွင်မူ လူများသည် ချွေတာစုဆောင်းတတ်သော၊ အားလုံးကို အကျိုးရှိရှိ မဖိတ်မစင်ရအောင် သုံးတတ်သော သူများကို လေးစားတတ်ကြပေသည်။
ယခု ဘဝတွင်မူ လူအများ၏ အစားအသောက်ပေါ်ကို မြင်သည့်အမြင်သည် အနည်းငယ်ထူးဆန်းနေခဲ့၏။
ယခင်က လိုဏ်ဂူထဲမှ ကလေးများ ပြောကြသည့် ပုံပြင်များအရ ကြောက်မက်ဖွယ်သားရဲများကို အနိုင်ယူနိုင်ကြသည့် စစ်သည်တော်များ၏ ဇာတ်လမ်းများကို ရှောက်ရွှမ်ကြားခဲ့ရဖူးသည်။ ထိုသူရဲကောင်းများကို ယခင်က အတော်လေး ကိုးကွယ်ခဲ့ကြသည်။ သူတို့၏ လုပ်ဆောင်မှုများသည် မျိုးဆက်များစွာတိုင် လက်ဆင့်ကမ်းခြင်းကို ခံခဲ့ကြရသည်။
သို့သော် နောက်ထပ် လက်ဆင့်ကမ်းကြသည့် လုပ်ဆောင်မှုတစ်ခုလည်း ရှိနေသေးကြောင်း ယခုပင် ရှောက်ရွှမ်သိလိုက်ရပြီ ဖြစ်သည်။
နောက်လိုက်နောက်ပါ များကို ရရှိနိုင်ရန်အတွက် တစ်စုံတစ်ယောက်သည် လူများကို ရိုက်နှက်စရာ မလိုအပ်ပေ။ ကြော်ငြာရန်လည်း မလိုအပ်ပေ။ သူတို့လုပ်ရန်လိုအပ်သည်မှာ “ ပေါ့လချ်ာ့ “ ပွဲတော်ကို ကျင်းပလိုက်ရန်သာဖြစ်သည်။ များစွာသော လူများသည် ထိုအိမ်ရှင်၏ နောက်လိုက်နောက်ပါများ ဖြစ်လာကြပေလိမ့်မည်။
ဘဝ၏ တန်ဖိုးများ ပြောင်းပြန် ဖြစ်သွားရသကဲ့သို့ ရှောက်ရွှမ်ခံစားလိုက်ရလေသည်။
ကောင်းကင်ထက်ရှိ လခြမ်းကွေးနှစ်ခုတို့ကို ကြည့်လိုက်ပြီး ရှောက်ရွှမ် သက်ပြင်းချလိုက်သည်။ “ ကြည့်ရတာ ငါလည်း ငတုံးတစ်ယောက်ပဲ ထင်ပါတယ်လေ “
“ မင်းဘာပြောလိုက်တာလဲ .... “ လန်ကာ့ ရှောက်ရွှမ်၏ ဆိုလိုရင်းကို နားမလည်နေခဲ့ပေ။
“ ဘာမှမဟုတ်ပါဘူး။ ကျွန်တော်ပြောတာက တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် ကျွန်တောတို့ကိုယ်တိုင် ပေါ့လချ်ာ ပွဲတော်ကို လုပ်သင့်တယ်လို့ ပြောတာပါ “ ရှောက်ရွှမ် ပြောလိုက်သည်။
လန်ကာ့နှင့် သူ့အဖော်များ ရယ်မောလိုက်ကြသည်။ လန်ကာ့သည် သဘောကျစွာဖြင့်ကျယ်လောင်စွာ ရယ်မောနေခဲ့လေသည်။ ရယ်မော့ခြင်းကို ရပ်တန့်လိုက်သည့်အချိန်တွင် သူရှောက်ရွှမ်ကို ပြောလိုက်သည် “ ဒါမှ သတ္တိရှိတယ် ခေါ်တာ၊ စိတ်ဓါတ်ကောင်းပဲ “။
လန်ကာ့နှင့် မိုင်တို့၏ မျက်လုံးထဲတွင် ရှောက်ရွှမ်ပြောလိုက်သည်မှာ ကလေးဆန်သော အရာတစ်ခုသာ ဖြစ်ပြီး အလေးအနက်စဉ်းစားနေရန် မလိုအပ်ပေ။ မည်သို့ပင်ဖြစ်စေ ၊ သူတို့၏ ဘဝတစ်လျှောက်လုံးတွင် မည်သူမှ ပေါ့်လချ်ာ ပွဲတော်ကို ပြုလုပ်သည်ကို မမြင်ဖူးခဲ့ပေ။ သူတို့၏ အဖိုးများ ၊ အဖိုးများ၏ အဖိုးများပင် မြင်ဖူးချင်မှ မြင်ဖူးကြပေလိမ့်မည်။ သူတို့သည် အစစ်အမှန်ပွဲတော် တစ်ခုကို မမြင်ဖူးခဲ့ကြပေ။
ဒဏ္ဍာရီတွေက အစစ်အမှန်ပဲလား ..... ။ နတ်ဆရာနှင့် မျိုးနွယ်စု ခေါင်းဆောင်တို့ပင်လျှင် ပြောနိုင်ကြလိမ့်မည် မဟုတ်ပေ။
လန်ကာ့သည် အခြားအကြောင်းအရာတစ်ခုကို စကားလွဲလိုက်လေသည်။ သူသည် ရှောက်ရွှမ်၏ အရှေ့တွင် ကြွားဝါလိုနေခဲ့၏။
“ မင်းသိလား .... ငါတို့မွေးလာကတည်းက ငါတို့ရဲ့ အကောင်းဆုံး အဖော်မွန်က ဘာလဲသိလား “ လန်ကာ့ မေးလိုက်သည်။
ရှောက်ရွှမ်သည် ထိုင်နေခဲ့ပြီး အောက်ကို ငုံ့ကြည့်လိုက်သည်။ ထို့နောက်တွင် ခနတာမျှ ထိုမေးခွန်းကို စဉ်းစားနေလိုက်သည်။ ခနအကြာ သူ့ခေါင်းကို ပြန်မော့လိုက်ပြီး လန်ကာ့ကို အဓိပ္ပာယ်ရှိစွာဖြင့် စိုက်ကြည့်လိုက်ကာ ပြောလိုက်သည် “ ကျွန်တော်တို့ရဲ့ ဘယ်ဖက်လက်များလား “
“ ...... “ လန်ကာ့ ပြောစရာစကားမဲ့သွားရလေတော့သည်။