ကျွန်တော် ကျောက်ဆစ်ပညာကို သင်ချင်တယ်
Vol. 2 Ch. 28
လန်ကာ့တံတွေးသီးသွားလေသည်။
အစပိုင်းက လန်ကာ့သည် ရှောက်ရွှမ်ပြောလာမည့်စကားများက ခန့်မှန်းနေခဲ့သည်။ သူမည်သည့်အဖြေကိုပေးသည်ဖြစ်စေ သူ့အနေဖြင့် တစ်ခုခုကို ဆရာလုပ်ပြီး ဆုံးမလိုက်မည်ဟု တွေးနေခဲ့သည်။ ယခင် အချိန်များက အမဲလိုက်အဖွဲ့သို့ လူသစ်များ ရောက်လာခဲ့လျှင် သူထိုသို့သာ လုပ်လေ့ရှိသည်။ သို့သော်လည်း ရှောက်ရွှမ် ထိုသို့ဖြေလိုက်မည်ဟု သူမတွေးထားမိခဲ့ပေ။
လူတစ်ယောက်ရဲ့ဘယ်ဖက်လက်နဲ့ ဘာဆိုင်လို့လဲဟ။
လန်ကာ့ ထိုအဖြေကို ထပ်မံစဉ်းစားနေခြင်းမရှိတော့ပေ။ ထို့အစား သူတည်ကြည်သော မျက်နှာထားဖြင့် ပြောလိုက်သည် “ အဲ့ဒါက ကျောက်တုံးပဲ “
“ မင်းတို့သိထားသင့်တာက ငါတို့ဒီနေရာမှ စတင်ပြီးတော့ အခြေချတဲ့အချိန်မှာ ငါတို့က လိုဏ်ဂူထဲမှာပဲ နေခဲ့ကြတယ်။ ကျောက်တုံးတွေဆိုတာက ငါတို့နေ့တိုင်းတွေ့နေပြီးတော့ ထိတွေ့ကိုင်တွယ်နေတဲ့အရာတွေပဲလေ။ ကျောက်တုံးတွေကြောင့်ပဲ ငါတို့ သစ်ပင် သစ်ကိုင်းတွေကို ခုတ်ဖြတ်နိုင်လာတယ် “
သူပြောနေစဉ််အတွင်း လန်ကာ့၏မျက်နှာသည် ပို၍ တည်ငြိမ်လာခဲ့သည်။ ထို့နောက်သူသည် စိတ်လှုပ်ရှားလာသည့်ပုံဖြင့် သူ့လက်သီးများကို တင်းတင်းဆုပ်ထားလိုက်ပြီး “ ငါတို့ ကြမ်းတမ်းတဲ့ သားရဲတွေကို ကျောက်တုံးတွေ အသုံးပြုပြီးတော့ အနိုင်ယူနိုင်ကြတယ်။ ပြီးတော့ သူတို့ကို ထိုးခုတ်နိုင်တယ်၊ သူတို့ခေါင်းတွေကိုလည်း ကျောက်တုံးနဲ့ ထုနိုင်တယ်။ ငါတို့အန္တရာယ်တွေနဲ့ ကြုံတွေ့နေရရင်တောင် ကျောက်တုံးတွေက ငါတို့ဘေးမှာ အမြဲတမ်းရှိနေကြတယ်။ ငါတို့ နောက်ဆုံး အသက်ရှုနေတဲ့ အချိန်အထိပေါ့ “
မျိုးနွယ်စုမှလူများသည် မွေးဖွားလာစဉ်ကတည်းကပင် ကျောက်တုံးများနှင့်ပတ်သက်ခဲ့ကြရသည်။ သူတို့သည် ကျောက်တုံးများဖြင့် ကစားကြပြီး နေ့စဉ်လည်း ထိတွေ့နေရသည်။ ကိရိယာများအားလုံး နှင့် အသုံးအဆောင်များအားလုံးသည် ကျောက်တုံးများဖြင့် ပြုလုပ်ထားကြခြင်း ဖြစ်သည်။ အမဲလိုက်ထွက်ကြသည့် စစ်သည်တော်များသည် ကျောက်တုံးများဖြင့် ပိုရင်းနှီးကြသည်။ ထို့အပြင် သူတို့နှင့် ကျောက်တုံးများကို ခွဲခြားနိုင်ခြင်း မရှိကြပေ။ လန်ကာ့ ထိုသို့ပြောလာခြင်းမှာ အံ့သြစရာမဟုတ်ပေ။
ကျောက်တုံးများသည် အသက်မရှိကြသော်လည်း ရှောက်ရွှမ်သည်လည်း ကျောက်တုံးများကို နှစ်သက်ပေသည်။
“ အခုမင်းတို့သိကြပြီမဟုတ်လား၊ ငါတို့ရဲ့ အဓိကအဖော်ဆိုတာကို ... “ လန်ကာ့ ရှောက်ရွှမ်ကို စိုက်ကြည့်လိုက်ပြီး မေးလိုက်သည်။ ဤတစ်ကြိမ်တွင် မှားယွင်းသော အဖြေကို လက်ခံမည့်ပုံမရှိတော့ပေ။
ရှောက်ရွှမ် ခေါင်းညိတ်ပြလိုက်သည် “ ကျောက်တုံးပေါ့လေ .... “
“ ဟား မင်းဒီတကြိမ်တော့ မှန်သွားပြီပဲ ... “ လန်ကာ့ ချက်ချင်းပင် စိတ်ကျေနပ်စွာဖြင့် ပြုံးလိုက်သည်။ ထို့နောက်တွင် အမဲလိုက်ခြင်း အကြောင်းကို ဆက်ပြောနေလေသည်။
“ အိုး အားရွှမ် ..... အခုမင်းက ဒီနှစ်မှာပဲ နတ်စွမ်းအား နှိုးထလာခဲ့တော့ ဒီနှစ် အမဲလိုက် တဲ့ ပထမဆုံးတာဝန်ကိုတော့ မင်းလိုက်လို့မရသေးဘူး။ ဒုတိယ တစ်ခုကိုလည်း မင်းလိုက်လို့ရချင်မှ ရဦးမယ်။ တတိယ တစ်ကြိမ်ကျရင်တော့ မင်းလိုက်မလား မလိုက်ဘူးလား ဆိုတာကို ကိုယ်တိုင် ဆုံးဖြတ်လို့ ရသွားပြီ။ အားလုံးက မင်းရဲ့ စွမ်းရည်အပေါ်မှာပဲ မူတည်နေတယ် “ လန်ကာ့ ပြောလိုက်သည်။
ဟင်... ဒီလို ကိစ္စလည်း ရှိသေးတာလား .... ရှောက်ရွှမ် ထိုအစဉ်အလာကို မသိနေခဲ့ပေ။
ရှောက်ရွှမ်၏ အမူအယာကို ကြည့်လိုက်ပြီး လန်ဂ ရှင်းပြလိုက်သည် “ မင်းက အခုမှ စွမ်းအင်နှိုးထတာလေ ၊ ဒါကြောင့် စွမ်းအင်နှိုးထသူ အသစ်လေးတွေက စွမ်းအားတွေ၊ ခွန်အားတွေကို သုံးတဲ့နေရာမှာ ခက်ခဲနေကြသေးတယ်။ မင်းက အရင်ဆုံးလေ့ကျင့်မှုတစ်ချို့ကို အရင်လုပ်ရဦးမယ် “
ရှောက်ရွှမ် သူ့စကားများနောက်ကွယ်မှ အကြောင်းရင်းကို သိလိုက်သည်။
သူတို့သည် ဆောင်းရာသီအပြီးတွင် စွမ်းအင်နှိုးထကြသူများဖြစ်ကြသည်။ ဆောင်းရာသီအပြီးတွင် ကြမ်းတမ်းသော သားရဲများသည် ဆောင်းခိုနေရာမှ နိုးထလာကြပြီး ဆာလောင်နေခဲ့ကြသည်။ ထိုအချိန်မျိုးတွင် အဆိပ်ပြင်းသော မြွေများလည်း ပိုများနေတတ်ပြီး တောအုပ်တစ်ခုလုံးတွင် ကြမ်းတမ်းသော အရာများဖြင့် ပြည့်နှက်နေခဲ့သည်။ ယခုမှသာ စွမ်းအင်နှိုးထသော ကလေးများ အနေဖြင့် အခက်အခဲများစွာကို တွေ့ကြုံရလိမ့်မည် ဖြစ်သည်။ မျိုးနွယ်စုမှ မည်သူမှ ထိုအဖြစ်အပျက်မျိုးကို မမြင်ချင်ကြပေ။
ထို့အပြင် ဒုတိယ အကြောင်းပြချက်မှာ ရှောက်ရွှမ်ကဲ့သို့ စွမ်းအင်နှိုးထသူ အသစ်လေးများသည် သူတို့၏ စွမ်းအားများနှင့် ရင်းနှီးကျွမ်းဝင်မှု သိပ်မရှိသေးသောကြောင့် ဖြစ်သည်။ အမဲလိုက်အဖွဲ့များသည် အုပ်စုလိုက် အလုပ်လုပ်ဆောင်ခြင်းကို အားပေးကြသည့် အဖွဲ့များ ဖြစ်ကြသည်။ ထို့ကြောင့် တစ်စုံတစ်ယောက်သာ စွမ်းအားများကို ထုတ်သုံးရာတွင် အခက်တွေ့နေခဲ့လျှင် အဖွဲ့အတွက် ဝန်ပိုတစ်ခု ဖြစ်နေလိမ့်မည် ဖြစ်သည်။
“ နားလည်ပါပြီ “ ရှောက်ရွှမ် ထိုအကြောင်းကို ကြားလိုက်ရသည့်အခါတွင် မကျေမနပ် ဖြစ်နေခြင်း မရှိနေခဲ့ပေ။ သူသည်လည်း သူ၏အခြေခံကို ကောင်းမွန်စွာ တည်ဆောက်သင့်ကြောင်းကို နားလည်ထားလေသည်။ သူ့အနေဖြင့် ပိုပြီးလေ့ကျင့်ရန်အ ချိန်ရခြင်းသည် ကောင်းသောကိစ္စတစ်ခုပင် ဖြစ်သည်။
ရှောက်ရွှမ်၏ အမူအယာကြောင့် လန်ကာ့ စိတ်သက်သာရာရသွားသည်။ အစပိုင်းကမူ ရှောက်ရွှမ်သည် အခြားကလေးများကဲ့သို့ စိတ်ပျက်လက်ပျက်ဖြစ်သွားမည်ဟု သူထင်နေခဲ့သေးသည်။ သို့ရာတွင် ရှောက်ရွှမ်သည် နာခံတတ်သော ဉာဏ်ကောင်းသော ကလေးတစ်ယောက်ဖြစ်ပေသည်။ ရှောက်ရွှမ်ကို ယခုတွေ့ဆုံပွဲသို့ ခေါ်လာစဉ်က သူသည် ပထမဆုံးသော အမဲလိုက်တာဝန်နှစ်ခု အကြောင်းကို ရှောက်ရွှမ်အားပြောပြရန် စဉ်းစားထားခဲ့သည်။ ယခင်က များစွာသော စွမ်းအင်နှိုးထသူ အသစ်လေးများသည် သူတို့ကို ပထမဆုံးသော အမဲလိုက်တာဝန်နှစ်ခုတွင် ခေါ်သွားမည်မဟုတ်ကြောင်းကို ကြားလိုက်ရသည့်အ ချိန်တွင် စိတ်ပျက်လက်ပျက် ဖြစ်သွားတတ်ကြသည်။ ထိုသို့ဖြစ်လျှင် သူတို့ကိုင်တွယ်သည့်နည်းမှာ ကလေးများကို သူတို့၏ မိဘများထံတိုင်ကြားခြင်းဖြစ်သည်။ ထိုအခါတွင် သူတို့၏ မိဘများသည် ကလေးများကို ရိုက်နှက်ကြပေလိမ့်မည်။ ထိုသို့ပြီးမှသာ ကလေးများသည် ပို၍လိမ္မာသွားကြလေသည်။ ရှောက်ရွှမ်မှာမူ မိဘမဲလိုဏ်ဂူမှ လာခဲ့သူဖြစ်ပြီး သူ့မိဘများသေဆံးသွားကြသည်မှာ ကြာနေခဲ့ပြီဖြစ်သည်။ ထို့ကြောင့်ပင် ရှောက်ရွှမ် စိတ်မထိန်းနိုင်ဖြစ်ခဲ့လျှင် သူကိုယ်တိုင် ရိုက်နှက်ရမည်လောဟု လန်ကာ့ တွေးတော နေခဲ့သည်။
“ ကောင်းတယ်၊ မင်းကောင်းကောင်းမွန်မွန် စဉ်းစားတတ်တာကို ငါသဘောကျတယ် ။ စကားမစပ် ငါ့မှာ ကျောက်တုံးကောင်း တော်တော်များများ ရှိတယ်။ မင်းသူတို့ကို ကိုယ်တိုင် ထုဆစ်ကြည့်တာဖြစ်ဖြစ် ကျောက်ဆစ်သမား တစ်ယောက်ယောက်ကို ရှာတာဖြစ်ဖြစ် လုပ်လို့ရတယ် “
လန်ကာ့ သူ့သားရေအိတ်ထဲမှ အရွယ်အစားအမျိုးမျိုး ရှိသည့် ကျောက်တုံး အချို့ကို ထုတ်ယူလိုက်သည်။
ကျောက်တုံးများကို ရှောက်ရွှမ်ကို ပေးလိုက်ပြီးနောက် လေ့ကျင့်ခန်းလုပ်ရမည့် အရာတစ်ချို့ကိုလည်း လန်ကာ့ ပြောပြပေးလိုက်လေသည်။
အခြားသူများသည်လည်း သူတို့၏ အတွေ့အကြုံများကို ထိန်ချန်ထားကြခြင်း မရှိပေ။
ရှောက်ရွှမ် သူတို့ပြောသည်များကို စိတ်ထဲတွင် မှတ်ထားလိုက်သည်။ ထို့နောက်တွင် သူတို့ကို ကျေးဇူးတင်စကားပြောလိုက်၏။
“ မင်းအဖေ ရှိစဉ်တုန်းက ငါ့ကိုတော်တော်လေး ကူညီပေးခဲ့တယ် “
လန်ကာ့ပြောလိုက်သည်။ အမဲလိုက်အဖွဲ့ထဲမှ လူများသည် ထို့အတိုင်းသာဖြစ်သည်။ သူတို့သည် တစ်ယောက်နှင့် တစ်ယောက် ရင်းနှီးကြပြီး ကူညီပေးတတ်ကြသည်။ သူတို့သည် ရှောက်ရွှမ်၏ လေ့ကျင်းခြင်းကို ကိုယ်တိုင်မကူညီနိုင်ကြသောလည်း သူတို့၏ အကြံပေးစကားများသည် ရှောက်ရွှမ်အတွက် အတော်လေး အထောက်အကူဖြစ်စေနိုင်ပေသည်။
အသားကင်များကို စားသောက်လိုက်ကြပြီး ရှောက်ရွှမ် အခြားအရာများကို လုပ်စရာရှိနေသဖြင့် သူတို့ကို ခွင့်တောင်းကာ ထွက်လာခဲ့လိုက်သည်။ လန်ကာ့ နှင့် အခြားသူများသည် နောက်ငါးရက်တွင် ထွက်ခွားမည့် အမဲလိုက် ခရီးစဉ်အကြောင်းကို ပြောနေကြလေသည်။
ရှောက်ရွှမ် မကြာခင်ပင် လန်ကာ့၏နေရာဆီမှ ထွက်လာခဲ့သည်။
“ မင်းက ရွှမ်လား “
ရှောက်ရွှမ် အသံလာရာကို ကြည့်လိုက်ရာ သူ့ထက်အသက်ကြီးပုံပေါ်သည့် ကလေးတစ်ယောက်ကို တွေ့လိုက်လေသည်။ သူသည် စိုင်နှင့် အသက်တူတူခန့်သာ ရှိလိမ့်မည် ဖြစ်သည်။ သို့ရာတွင် သူ့ကိုကြည့်ရသည်မှာ စိုင်ထက် ပိုသန်မာဟန်ရပေသည်။ သူဝတ်ဆင်ထားသည့် သားရေများသည် အရည်အသွေးကောင်းမွန်သည့်ပုံ ရပေ၏။ သူသည် တောင်ခြေဒေသမှ မဟုတ်နိုင်ကြောင်း ရှောက်ရွှမ် ခန့်မှန်းကြည့်လိုက်သည်။ သူသည် တောင်ဘေးဒေသ သို့မဟုတ် တောင်ထိပ်ဒေသမှ လူတစ်ယောက်သာ ဖြစ်ရပေမည်။ ရှောက်ရွှမ် သူ့ကို အနည်းငယ်မှတ်မိနေခဲ့သည်။ သူတို့သည် စွမ်းအင်နှိုးထခြင်း ပွဲတော်တွင် အတူတူတက်ရောက်ခဲ့ကြသည်။ သို့သော်လည့်း သူ့နာမည်ကို တော့ ရှောက်ရွှမ် သိမနေခဲ့ပေ။
တစ်ချိန်တည်းတွင်ပင် ထိုကလေး သည်သူ့ခေါင်းကို မော့ထားပြီး ဂုဏ်ယူဝင့်ကြွဦးနေသည့်ဟန် ရှိသည်။ သူသည် ရှောက်ရွှမ်ကို မျက်လုံးများဖြင့် အကဲခတ်နေခဲ့လေသည်။
သူ့မျက်လုံးတွေ မညောင်းဘူးလားဟ .... “ ရှောက်ရွှမ် တွေးကြည့်လိုက်သည်။ “ မင်းကဘယ်သူလဲ “
အစပိုင်းကမူ ထိုကလေးသည် မာနကြီးစွာဖြင့် “ ငါဘယ်သူလည်း ဆိုတာ အရေးမကြီးပါဘူး “ ဟုဖြေလိမ့်မည်ဟု ရှောက်ရွှမ် ထင်နေခဲ့သည်။ သို့သော်လည်း သူသည် ချက်ချင်းပင် ပြန်ဖြေလာခဲ့လေသည်။ “ ငါ့နာမည်က ဖေး ပဲ ။ ငါးရက်ပြီးရင် ငါက အမဲလိုက်အဖွဲ့ကို ဝင်ပြီးတော့ ပထမဆုံး အမဲလိုက်တာဝန်ကို လိုက်သွားတော့မှာ။ မင်းကတော့ အချိန်အကြာကြီးစောင့်နေရ ဦးမယ်မလား ... “
သူထိုသို့ပြောလိုက်ပြီးနောက် လှောင်ပြုံးပြုံးလိုက်ကာ ရှောက်ရွှမ်၏ ဦးခေါင်းပေါ်မှ ကျော်ပြီး ခုန်ထွက်သွားလေသည်။ သူ့ခြေဖျားများ မြေကြီးပေါ်သို့ ကျသောအခါတွင် သူနောက်ထပ်တစ်ခါ ခုန်လိုက်ပြန်သည်။ အကြိမ်အနည်းငယ် ခုန်လိုက်ပြီးနောက် သူသည လန်ကာ့ရှိနေသည့် နေရာသို့ ရောက်သွားခဲ့သည်။ ကြည့်ရသည်မှာ သူသည် လန်ကာ့နှင့် ဆွေးနွေးစရာ တစ်ခုခုရှိနေပုံပေါ်သည်။
အခန်းထဲမဝင်ခင် ထိုကလေးသည် ရှောက်ရွှမ်ကို နောက်ထပ်တစ်ကြိမ် လှောင်ရယ်လိုက်ပြန်သည်။ သူ၏ လှုပ်ရှားနိုင်စွမ်းကို သူ့ဖာသာ ဂုဏ်ယူနေသည့်ဟန် ရပေသည်။ သူသည် အခြားကလေးများထက် ပို၍ မြင့်မားစွာ ခုန်နိုင်သည်၊ ပို၍ မြန်မြန်လည်း ပြေးလွှားနိုင်ခြင်းကြောင့် သူ့ဖခင်သည် သူ့ကို ချီးကျူးထားပေသည်။
ရှောက်ရွှမ် သူ့ပါးစပ်ကို အဟောင်းသားဖြင့် ကြည့်နေမိသည်။ သူက ခုန်တဲ့နေရာမှာ တော်တာတော့ဟုတ်ပါပြီ။ ဒါပေမယ့် မြေကြီးပေါ် ပြန်ကျရင်တော့ အသံအရမ်းဆူညံနေတယ်လေ.. ....ဒါလည်း အဆင်ပြေတာပဲလား ......။
မည်သို့ပင်ဖြစ်စေ ဖေး သည် အမဲလိုက်ခရီးစဉ်၏ ပထမဆုံးခရီးကိုလိုက်ပါခွင့် ရထားပေသည်။ သူ့နောက်တွင် တစ်စုံတစ်ယောက် ရှိနေသည်မှာ ထင်ရှား၏။ ကြည့်ရသည်မှာ အာဏာ ရှိသော၊ အဆင့်အတန်းရှိသည့် လူတစ်ယောက်ယောက် သူ့နောက်တွင် ရှိနေပုံရသည်။
သို့သော်လည်း ရှောက်ရွှမ် မည်သို့မှ ခံစားရခြင်းမရှိနေခဲ့ပေ။ သူသည် ဖြေးဖြေးမှန်မှန်လုပ်ဆောင်ခြင်း၏ အရေးပါမှုကို ကောင်းစွာသိရှိထားပေသည်။ ထို့ကြောင့် သူသည် အမဲလိုက်ထွက်ခွင့် ရရန် လောနေခြင်းမရှိပေ။ အခြားသူများဆိုလျှင် စိတ်ဓါတ်ကျသွားကောင်း ကျသွားနိုင်သော်လည်း သူသည် ဖေး ၏စကားများကြောင့် မည်သို့မှ ခံစားရခြင်း မရှိနေပေ။
ရှောက်ရွှမ် ဆီဆာကို ငါးဖမ်းရန်အတွက်ခေါ်သွားလိုက်သည်။ ဆောင်းရာသီတစ်ခုလုံး ပြီးဆုံးသွားခဲ့သော်လည်း မြစ်အတွင်းမှ ငါးများသည် တုံးအ နေကြဆဲသာ ဖြစ်သည်။ သူတို့သည် ငါးစာကို ကိုက်မိသည်နှင့် ပြန်မလွတ်ကြတော့ပေ။ သူတို့သည် ကြမ်းတမ်းကောင်းကြမ်းတမ်း နိုင်ပေသည်။ သို့သော် တုံးအကြသည့် ငါးများဖြစ်ကြသည်။
အမဲလိုက်ခြင်းအတွက် လိုအပ်သည့် အရည်အချင်းများကို လန်ကာ့ နှင့် အခြားသူများက ပြောပြခဲ့ကြပြီးဖြစ်သဖြင့် တောအုပ်ထဲမှ ကြမ်းတမ်းသော သားရဲများသည် ထိုငါးများကဲ့သို့ပင် ဖြစ်သည်ကို ရှောက်ရွှမ် သိနေခဲ့သည်။ ထိုသားရဲများတွင် ကြမ်းတမ်းသောအသွင်အပြင်များ၊ ချွန်ထက်သော သွားများနှင့် ကြီးမားသော ပါးစပ်ကြီးများရှိကြသည်။ သို့ရာတွင် သူတို့ကို လှည့်စားနိုင်သော အချက်တစ်ခုခုကို တွေ့လိုက်လျှင် သူတို့ကို အလွယ်တကူ ဖမ်းယူနိုင်ပြီဖြစ်သည်။ သို့သော်လည်း အချို့သော သားရဲများသည် အားနည်းကြပြီး ညင်သာသိမ်မွေ့တတ်ကြသည်။ သူတို့သည် အပင်များကိုသာ စားသုံးကြပြီး ချွန်ထက်သော သွားများလည်း မရှိကြပေ။ ထိုအပင် အရွက်စား သတ္တဝါများကိုမူ အလွယ်တကူဖမ်းယူနိုင်ကြပေသည်။
ယခုကမ္ဘာကြီးသည် ရှောက်ရွှမ် ရင်းနှီးနခဲ့သော ကမ္ဘာကြီးမဟုတ်သဖြင့် သူ့အနေဖြင့် လုံလောက်သော ပြင်ဆင်မှုများကို ပြုလုပ်ထားရလိမ့်မည် ဖြစ်သည်။
ငါးများနှင့် တိရိစ္ဆာန်သားရေများကို ပေးလိုက်ပြီး သူ့အတွက် သားရေအိတ်တစ်ခု ပြုလုပ်ပေးရန် လူတစ်ယောက်ကို ရှောက်ရွှမ် ပြောလိုက်သည်။ အခကြေးငွေအဖြစ် ငါးတစ်ကောင်ကို ပေးလိုက်၏။ ထို့နောက်တွင် သူသည် ကျောက်တုံးထုဆစ်သူ ခဲ့ ထံသို့ သွားလိုက်ပြီး ငါးသုံးကောင် ယူသွားခဲ့လေသည်။ ယခုတွင် ရှောက်ရွှမ်သည် ယခင်ကထက် ခွန်အားကောင်းလာခဲ့ပြီဖြစ်သည်။ ထို့ကြောင့် သူသည် ငါးများကို ဆီဆာ၏ အကူအညီမပါပဲနှင့် ကိုင်သွားနိုင်ပေသည်။
ရှောက်ရွှမ် ရောက်သွားသည့်အချိန်တွင် လူတချို့သည် ပြီးစီးသွားပြီဖြစ်သော ကျောက်တုံး ကိရိယာများကို ကိုင်ထားကြကာ ခဲ့ အိမ်ထဲမှ ထွက်လာသည်ကို တွေ့လိုက်ရသည်။
ထိုလူများသည် ကျောက်တုံး ကိရိယာများကို လဲလှယ်ရန် လာခဲ့ကြခြင်းဖြစ်ပေမည်။ အဘယ်ကြောင့်ဆိုသော် အမဲလိုက်ရာသီ စတင်ပြီ ဖြစ်သောကြောင့်ဖြစ်၏။ သူတို့အနေဖြင့် ပိုများသော ကျောက်တုံး ဓါးများ၊ လှံများကို လိုအပ်ပေသည်။ ခဲ့ ကို တောင်ခြေဒေသတွင် လက်ရာကောင်းသည့် ကျောက်တုံး ထုဆစ်သူတစ်ဦးအဖြစ် လူအများက အသိအမှတ်ပြုထားကြပေသည်။ ထို့ကြောင့် သူနှင့် ပစ္စည်းလဲလှယ်ရန် လာရောက်သည် လူများစွာ ရှိနေခဲ့သည်။ အကယ်၍ ခဲ့သာ ယခုထက်ပို၍ စိတ်ရှည်မည်ဆိုပါက သူ့အနေဖြင့် ပိုများသော ဖောက်သည်များကို ရရှိနိုင်လိမ့်မည် ဖြစ်သည်။ သို့သော်လည်း သူသည် စိတ်မရှည်တတ်သဖြင့် ဖောက်သည်များစွာကို လက်လွတ်ခဲ့ရသည်။
အချို့လူများက ပြောကြသည်မှာ ခဲ့သည် အလွန်အမင်းတည့်တိုးဆန်သူ တစ်ယောက် ဖြစ်သည်ဟု ဆိုကြသည်။ သူသည် ငြင်သာစွာ ပြောဆိုရမည့်အစား တည့်တိုးပင် ပြောဆိုတတ်သည်။ သို့သော် ရှောက်ရွှမ် ထိုအချက်ကို သဘောမတူပေ။ ခဲ့ တကယ်ပဲ တည်တိုးဆန်သည် စိတ်မရှည်ဖြစ်တတ်သည်ကို သူမကြုံဖူးပေ။ သူနှင့်ဆိုလျှင် ခဲ့သည် အမြဲတမ်း စိတ်ရှည်ပေးခဲ့၏။
ခဲ့၏ ခွင့်ပြုချက်ကို ရသည့်အခါတွင် ရှောက်ရွှမ် လိုက်ကာကို မတင်လိုက်ပြီး အခန်းတွင်းသို့ ဝင်လိုက်လေသည်။
ခဲ့သည် ကျောက်တုံး တစ်ခုကို ထုဆစ်နေခဲ့၏။ ဆောင်းရာသီအတွင်း ထုဆစ်ပြီးခဲ့သည့် ကျောက်တုံးအများစုကို အခြားပစ္စည်းများဖြင့် သူလဲလှယ်လိုက်ပြီး ဖြစ်သည်။ ထို့ကြောင့် သူ့အခန်းအတွင်း၌ မထုဆစ်ရသေးသည့် ကျောက်တုံအကြမ်းများနှင့် အစားအသောက် ပုံကြီးတစ်ခုကိုသာတွေ့လိုက်ရသည်။ ထိုအစားအသောက်များသည် ကျောက်တုံးထုဆစ်ခြင်းအတွက် ခဲ့ရလိုက်သည့် “ လက်ခ “များပင် ဖြစ်သည်။
အစားအသောက်ပုံပေါ်သို့ ငါးများကို ပစ်တင်လိုက်ပြီး ရှောက်ရွှမ် ခဲ့ အနီးသို့ သွားလိုက်လေသည်။
“ ဦးလေး ခဲ့ ....... ကျွန်တော် ကျောက်တုံး ထုဆစ်တာကို သင်ချင်တယ် “
ရှောက်ရွှမ် ယခင်တကြိမ်က ထိုသို့ပြောခဲ့စဉ်က ခဲ့သည် သူ့ကို ငြင်းဆန်ခဲ့ပြီး နတ်စွမ်းအား နှိုးထပြီးမှသာ သင်ပေးနိုင်မည်ဖြစ်ကြောင်းပြောခဲ့သည်။
ယခုတွင် ရှောက်ရွှမ်သည် နတ်စွမ်းအားနှိုးထသူတစ်ယောက် ဖြစ်လာ ခဲ့ပြီဖြစ်သည်။ ထို့ကြောင့်ပင် သူနောက်တစ်ကြိမ် ထပ်မံတောင်းဆိုလိုက်ခြင်းပင်။ လန်ကာ့နှင့် အခြားသူများ၏ အကြံပေးချက်အရ သူ့တွင် များစွာသော ကျောက်တုံး ကိရိယာများ လိုအပ်နေခဲ့သည်။ ပစ္စည်းချင်း လဲလှယ်မည်ဆိုလျှင်လည်း သူ့ထံတွင် အစားအသောက်များများ စားစား မရှိနေပေ။ ထို့ကြောင့်ပင် သူ့အနေဖြင့် သူလိုအပ်သည့် ကိရိယာများကို ကိုယ်တိုင်ထုဆစ်မှသာ ဖြစ်နိုင်ပေမည်။
ခဲ့ လုပ်လက်စအလုပ်ကို ရပ်တန့်လိုက်သည်။ ထို့နောက် ရှောက်ရွှမ်ကို ခေါင်းအစ ခြေအဆုံးတိုင်းတာကြည့်လိုက်သည်။ သူ့အကြည့်များသည် ရှောက်ရွှမ်၏ မျက်လုံးများ ထံတွင် အဆုံးသတ်လေသည်။ ရှောက်ရွှမ် အကြည့်လွဲခြင်း မရှိပဲ ပြန်ကြည့်နေလိုက်သည်။
စက္ကန့်အနည်းငယ် ကြာပြီးနောက်တွင် ခဲ့ ကျောက်တုံး တူ တစ်ခုကို ပေးလိုက်ပြီး တစ်နေရာကို ညွှန်ပြလိုက်သည်။ ထိုနေရာတွင် ကျောက်တုံး ပုံကြမ်းတစ်ခု ကို တင်ထားလေသည်။ ထိုကျောက်တုံးပေါ်တွင် မျည်းကြောင်းရာများစွာ ရှိနေခဲ့လေ၏။
“ အဲ့ဒီမျဉ်းကြောင်းတွေအတိုင်း နာနာထုပေး “ ခဲ့ ပြောလိုက်သည်။
လူသစ်တစ်ယောက် အနေဖြင့် ရှောက်ရွှမ် ကျောက်တုံးတူကို မလိုက်ပြီး ထိုကျောက်တုံးကို ထုလိုက်သည်။
ပထမဆုံးသော ထုချက်ကို သူသတိကြီးကြီးထားပြီး ထုလိုက်ခြင်းဖြစ်သည်။ သူသည် မျဉ်းကြောင်းများ တည့်တည့်ကို ထုနိုင်ခဲ့သော်လည်း ခွန်အား ကန့်သတ်ချက်ရှိနေသဖြင့် ကျောက်တုံးပေါ်တွင် မသိသာသော ချိုင့်ခွက်တစ်ခု သာ ဖြစ်သွားခဲ့သည်။
နောက်တစ်ခေါက် ......။
ဒုတိယအကြိမ် ထုလိုက်ပြန်သည်။ သူ၏ထုချက်သည် ကျောက်တုံးမျဉ်းကြောင်းကို ကျော်သွားခဲ့လေသည်။
ခဲ့ နဖူးကြောများတင်းနေသည်ကို ကြည့်လိုက်ခြင်းဖြင့် သူ၏ တူထုချက်နှစ်ခုကို ခဲ့မကျေနပ်ကြောင်း ရှောက်ရွှမ် ပြောနိုင်ပါသည်။ သို့သော်လည်း ခဲ့သည် တိတ်ဆိတ်နေဆဲ ဖြစ်သဖြင့် ရှောက်ရွှမ် ကျောက်တုံးကို ထပ်မံထုလိုက်ပြန်သည်။ သူ့အနေဖြင့် နှစ်ကြိမ်လောက် အဆင်မပြေယုံမျှဖြင့် အရှုံး ပေးလိုက်မည် မဟုတ်ပေ။
ကျောက်တုံးမှ ပိုနေသော အစအနများကို ထုရိုက်ထုတ်ပစ်ရခြင်းသည် ထင်သည်ထက် ပိုခက်ခဲပေသည်။ ထုလိုက်သည့်လူသည် မတူညီသည့် ကျောက်သားများကို ထုဆစ်ရာတွင် တိကျသော ခွန်အားကို ထိန်းချုပ်ထားနိုင်ရန် လိုအပ်၏။ ထို့အပြင် ထုလိုက်သည့် ထောင့်ချိုးနှင့် အမြန်နူန်းသည်လည်း အရေးကြီးသော အချက်များ ဖြစ်ကြသည်။ တည့်တည့်ထုရမှာလည်း ဘေးဖက်ကနေ ပတ်ထုရမှာလား ...... ။ ခွန်အား ဘယ်လောက် သုံးရမှာလဲ .....။ ကျောက်တုံးတစ်ခုကို မထုမှီ စဉ်းစားရမည့် အချက်မျာစွာ ရှိနေပေသည်။
ခဲ့သည် ထိုအကြောင်းအရာများကို ရှောက်ရွှမ်အား ပြောပြလိုက်လေသည်။ ခဲ့ မည်သို့ လုပ်သည်ကို ရှောက်ရွှမ် အကြိမ်များစွာ မြင်တွေ့ဖူးခဲ့သည်။ အမှန်တကယ် သူကိုယ်တိုင် လုပ်ကြည့်သည့် အချိန်တွင်မူ အလွန်အမင်းခက်ခဲကြောင်းကို တွေ့လိုက်ရလေသည်။
သေးငယ်သော ထုနှက်ချက်တစ်ခုသည် ကျောက်တုံးကို ပျက်စီးသွားစေနိုင်သည်။
နောက်တစ်ကြိမ်........။
ရှောက်ရွှမ် တစ်ကြိမ်ပြီးတစ်ကြိမ် ထုနှက်နေသည်ကို ခဲ့သည် ဘေးတွင် တိတ်ဆိတ်စွာဖြင့် ထိုင်ကြည့်နေခဲ့သည်။
ဆီဆာသည်လည်း ရှောက်ရွှမ်၏ ဘေးတွင် ဆောင့်ကြောင့် ထိုင်ကြည့်နေခဲ့လေသည်။ သူသည် ရှောက်ရွှမ်၏ မျက်နှာကို ကြည့်လိုက် ခဲ့ ကိုကြည့်လိုက်ဖြင့် ရှိနေခဲ့သည်။ ထို့နောက်တွင် ဆီဆာသည် စိတ်မရှည်ဖြစ်လာသည့်ဟန်ဖြင့် အခန်းထောင့်သို့ သွားလိုက်ပြီး ငါးတစ်ကောင်ကို စားနေလိုက်သည်။