← Chapters

ခဲ့ ၏လက်ဆောင်

Vol. 2 Ch. 30

ခဲ့ ၏လက်ဆောင်

Vol. 2 Ch. 30

နောက်နေ့မနက်စောစောတွင် လန်ကာ့နှင့်အခြားသူများသည် မိဘမဲ့လိုဏ်ဂူဆီသို့ လာခဲ့ကြပြီး ရှောက်ရွှမ်ကို လာရှာလိုက်ကြသည်။

သစ်သားများကို ပြင်ဆင်ထားပြီးဖြစ်ပြီး ရှောက်ရွှမ်လုပ်ရမည့်အရာမှာ သူအိမ်ဆောက်ချင်သည့် နေရာကိုသာ ရွေးရန်ကျန်တော့သည်။ နေရာကို ရွေးချယ်ပြီးသည်နှင့် သူတို့သည် ရှောက်ရွှမ် နေထိုင်ရန်အိမ်ကို စတင်ဆောက်လုပ်ပေးကြမည် ဖြစ်သည်။

ရှောက်ရွှမ်သည် တောင်ခြေဒေသတစ်ဝိုက်ကို ရင်းနှီးကျွမ်းဝင်နေခဲ့ပြီးဖြစ်သည်။ သူ့အနေဖြင့် လက်ရှိအခြေအနေအရလည်း တောင်ထိပ်ဒေသတွင် အိမ်သွားဆောက်နိုင်လိမ့်မည် မဟုတ်ပေ။

အိမ်ဆောက်ရမည့်နေရာကို ရှောက်ရွှမ် မျိုးနွယ်စုနတ်စွမ်းအင် မနိုးထမီကတည်းကပင် ကြည့်ထားခဲ့ပြီးဖြစ်သည်။ ထိုနေရာသည် အတန်ငယ် ဝေးသော်လည်း လှပသော ရှုမြင်ကွင်းများရှိနေပေသည်။ တစ်စုံတစ်ယောက်သည် ထိုနေရာမှ တောင်ခြေဒေသကိုသာမက တောင်ထိပ်သို့ပင် လှမ်းမြင်နိုင်ပေသည်။ မိဘမဲ့လိုဏ်ဂူကိုပင် ထိုနေရာမှ လှမ်းမြင်နိုင်ပေသေးသည်။

လန်ကာ့နှင့် သူ့အဖော်များသည် သစ်သားအိမ်များဆောက်လုပ်ရာတွင် အတော်လေး ကျွမ်းကျင်နေကြပြီးသား ဖြစ်သည်။ ထို့ကြောင့် နေ့တစ်ဝက်ခန့်အချိန်ပေးလိုက်ယုံဖြင့် သူတို့သည် ရှောက်ရွှမ်အတွက် သစ်လုံးအိမ်လေးတစ်ခုကို ဆောက်လုပ်ပြီးသွားခဲ့ပြီဖြစ်သည်။ အချို့အသေးစိတ်အရာများကို ဆက်လုပ်လိုက်ပြီးနောက် တစ်စုံတစ်ယောက်သည် ထိုအိမ်ထဲတွင် နေထိုင်နိုင်ပြီဖြစ်သည်။

ထိုအိမ်သည် ရှောက်ရွှမ်၏ ပထမဆုံးသော သစ်လုံးအိမ်ငယ်လေး ဖြစ်သဖြင့် စတုရန်းမီတာ လေးဆယ်ခန့်သာကျယ်ဝန်းပေသည်။ အိမ်သည် အဆင်ပြေရုံသာရှိပြီး ရှောက်ရွှမ် အနေဖြင့် နောက်ပိုင်းတွင် သူ့ဘာသာ ထပ်ချဲ့၍ ရနိုင်ပေသည်။ ယခုတွင် ရှောက်ရွှမ်ထံ၌ ကိုယ်ပိုင်နေစရာတစ်ခုကို ရလာခဲ့ပြီဖြစ်သည်။ ထိုသစ်လုံးအိမ်လေးကို ရှောက်ရွှမ် အတော်လေးကျေနပ်နေမိ၏။

လန်ကာ့သည် မူလက အပိုထွက်လာသည့်သစ်သားများကို ထင်းမီးအဖြစ်အသုံးပြုရန် ကြံနေခဲ့သည်။ သို့သော်လည်း ရှောက်ရွှမ် သူ့ကို တားဆီးထားလိုက်သည်။ ထို့နောက် သူ့အတွက် ထိုအပိုသစ်သားများဖြင့် သစ်သားကုတင်တစ်လုံးကိုပြုလုပ်ပေးရန် ပြောလိုက်လေသည်။ မျိုးနွယ်စုမှ လူများသည် ကျောက်တုံး ကုတင်များဖြင့် အိပ်စက်ရသည်ကို ကြိုက်နှစ်သက်ကြသည်။ အချို့မှာမူ ကောက်ရိုးထုံးများပေါ်တွင် အိပ်စက်တတ်ကြသည်။ သစ်သားကုတင်ပြုလုပ်အိပ်စက်ကြသည့် အချို့သော လူများလည်း ရှိပေ၏။ ရှောက်ရွှမ်သည်လည်း သစ်သားကုတင်ဖြင့်သာ အိပ်မည်ဖြစ်သည်။

ကုတင်ကို သန့်ရှင်းချောက်သွေ့သော သားမွေးများဖြင့် ဖုံးအုပ်လိုက်ပြီးနောက်တွင် ကုတင်သည် ရှောက်ရွှမ် ယခင်ကအိပ်ခဲ့ရသည့် လိုဏ်ဂူထဲမှ ကောက်ရိုးပုံထက် ပို၍ သက်တောင့်သက်သာ ဖြစ်လာခဲ့ပြီဖြစ်သည်။

“အားရွှမ် “

ရှောက်ရွှမ် အသံလာရာဆီသို့ကြည့်လိုက်ရာတွင် ယီ ဟုခေါ်သည့် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရသည်။ ယီသည် နတ်စွမ်းအင်နိုးထခြင်း မရှိသည့် လူတစ်ယောက် ဖြစ်သည်။ သို့နှင့်သူမသည် တောင်ခြေ

ဒေသတွင်သာ နေနေခဲ့သည်။ သူမအသက်ရှင်ရပ်တည်နိုင်ရန်အတွက် အဝတ်ချုပ်ခြင်းများကဲ့သို့သော အလုပ်များကို လုပ်လေ့ရှိသည်။ သူမသည် ကြင်နာတတ်သည့်လူတစ်ယောက် ဖြစ်သည့်အတွက် ရှောက်ရွှမ်သည် သူမထံတွင် သားရေအိတ်များကို ပြုလုပ်ရန် အပ်နှံလေ့ရှိသည်။ မနေ့က ရှောက်ရွှမ်သည် သားရေအိတ်တစ်လုံးကို ပြုလုပ်ပေးရန် ငါးတစ်ကောင်ဖြင့် ညှိနှိုင်းခဲ့သည်။ သူသည် ချုပ်လုပ်ရမည့် သားရေအိတ်၏ ပုံစံကို အသေးစိတ်ပြောပြခဲ့သေးသည်။ သူသည် အိတ်ချုပ်ခြင်းကို ရက်အနည်းငယ် ကြာလိမ့်မည်ဟု ထင်နေခဲ့သော်လည်း မမျှော်လင့်စွာပင် ယီသည် တစ်ရက်တည်းဖြင့် ချုပ်လာပေးခဲ့သည်။

“ ဒေါ်လေး အားယီ..... ပြီးသွားပြီလားဗျ “ ရှောက်ရွှမ် အပြုံးတစ်ခုဖြင့် မေးလိုက်သည်။

“ ပြီးပြီ၊ အရမ်းကြီးမခက်နေလို့လေ “

ယီ သူ့ကို သားရေအိတ်တစ်ခုကို ကမ်း‌ပေးလိုက်သည်။ ထို့နောက် သူမသည် အခြားအလုပ်များ ရှိနေသေးသဖြင့် ဆက်မနေတော့ပဲ ထွက်သွားလိုက်သည်။

“ မင်းက ဘာလို့ ဒီလိုသားရေအိတ်ကို လိုအပ်တာလဲ “ လန်ကာ့ သစ်သားများကို ခုတ်ထစ်နေပြီး မေးလိုက်လေသည်။

“ လေ့ကျင့်ခန်းလုပ်ဖို့အတွက်ပေါ့ဗျ “ ရှောက်ရွှမ် အသေးစိတ်ကို မရှင်းပြတော့ပေ။ ထို့နောက် သူ သားရေအိတ်ကို ယူလိုက်ပြီး အခန်းအတွင်းသို့ ထည့်ထားလိုက်သည်။ အိတ်ကို အသုံးမပြုရသေးသဖြင့် အမှန်တကယ် အသုံးဝင်ခြင်း ရှိမရှိကို သူမသိနေသေးပေ။

လန်ကာ့နှင့် သူ့လူများသည်လည်း ထိုမျှ စိတ်ဝင်စားနေခြင်း မရှိပေ။ သူတို့သည် သစ်လုံးအိမ်၏ နောက်ဆုံး အပြီးသတ်ကို ပြုလုပ်နေကြလေသည်။

ပြီးစီးလုနီးသည့်အချိန်တွင် ရှောက်ရွှမ် လန်ကာ့နှင့် အခြားသူများကို နေ့လည်စာစားရန်အတွက် ဖိတ်ခေါ်လိုက်သည်။

ငါးများအပြင်၊ လန်ကာ့ယူလာပေးသည့် အပင်များ သစ်သီးများလည်း ရှိနေခဲ့သည်။

တောင်ဘေးဒေသတွင် နေထိုင်ကြသည့် စစ်သည်တော် နှစ်ဦးတို့သည် ငါးများကို အတော်လေး စိတ်ဝင်စားနေခဲ့ကြသည်။ သူတို့အနေဖြင့် ငါးဖမ်းရန်အတွက် အချိန်အလုံအလောက် မရှိနေခဲ့ပေ။ သူတို့အနေဖြင့် ကျောက်တုံး ကိရိယာများကို ပြင်ဆင်ခြင်း ၊ လေ့ကျင့်ခြင်းနှင့် အမဲလိုက်ထွက်ရန်အတွက် ပြင်ဆင်ခြင်းတို့ဖြင့်သာ အလုပ်များနေခဲ့ကြသည်။ သူတို့အနေဖြင့် ငါးဖမ်းခြင်းကို တစ်ခါမှ မလုပ်ဖူးကြပေ။

“ ခင်ဗျားတို့ပြန်သွားရင် ငါးတစ်ကောင်စီယူသွားကြလေ။ ကျွန်တော်မှာ အများကြီးရှိတယ် “ ရှောက်ရွှမ်သည် ယမန်နေ့က လိုဏ်ဂူထဲမှ ကလေးများဖြင့် ငါးဖမ်းထွက်ခဲ့သဖြင့် သူ့ထံတွင် အမှန်တကယ် ငါးများစွာရှိနေခဲ့သည်။ မြစ်ထဲတွင် ပုံမှန်မဟုတ်သော အခြေအနေ မရှိနေပဲ ၊ သူလည်း အားနေခဲ့လျှင် ရှောက်ရွှမ်သည် ငါးဖမ်းထွက်နေလေ့ရှိသည်။ ငါးဖမ်းရခြင်းသည် လွယ်ကူရိုးရှင်းပြီး အချိန်ကုန်မှုလည်း သိပ်မရှိပေ။ ရှောက်ရွှမ်သည် အမဲလိုက်ထွက်ဖြစ်သည့် အချိန်တွင် သူ့အဖွဲ့သားများ၏ အကူအညီကို လိုအပ်လာမည်ဖြစ်သည်။ အနာဂတ်အတွက် အကူအညီဖြင့် နှိုင်းယှဉ်ရလျှင် ယခုကတည်းက သူတို့ကို လက်ဆောင်များပေးထားခြင်းသည် ကောင်းမွန်သော ရွေးချယ်မှုတစ်ခု ဖြစ်သည်။

စစ်သည်တော်ငယ်များ အနည်းငယ် ရှက်သွားကြသည်။ သို့သော်လည်း ရှောက်ရွှမ် စေတနာဖြင့်ပေးနေသည်ကို တွေ့လိုက်ရသည့်အချိန်တွင် မူ သူတို့လက်ခံလိုက်ကြလေသည်။ ထို့နောက်တွင် သူတို့သည် ရှောက်ရွှမ်၏ သစ်လုံးအိမ်လေးအတွက် သစ်သားများကို ပြန်လည် ခုတ်ဖြတ်နေလိုက်ကြသည်။

သူတို့ထိုင်နေကြစဉ်တွင် ကောသည် ကြီးမားသော ကျောက်တုံးကြီးတစ်ခုကို ထမ်းလာခဲ့ပြီး ရောက်ချလာခဲ့သည်။

“ လောင်ခဲ့ ကမင်းကို ဒီကျောက်တုံးကို လက်ဆောင်ပေးလိုက်ဖို့ ငါ့ကိုပြောလိုက်တယ် ။ မင်းရဲ့ကိုယ်ပိုင်နေရာ တစ်ခုကို ရတဲ့ အထိမ်းအမှတ်ပေါ့လေ။ ဒီအထဲမှ မင်းက အစားအစာနဲ့ ရေတွေကို ထည့်ပြီး သိမ်းထားလို့ရတယ် “ ကော ကျောက်ဇလုံကို ဘေးသို့ပို့ထားလိုက်ပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

“မဆိုးဘူးပဲ၊ ငါက အစက အကူအညီလိုဦးမလားလို့၊ အခုတော့ တော်တော်လေးတောင် ပြီးနေပြီပဲ“

ရှောက်ရွှမ် ပြုံးလိုက်ပြီး “အမှန်တကယ် ကူညီချင်တယ် ဆိုရင် ဘာလို့ နောက်ကျမှ လာခဲ့တာလဲ“

လန်ကာ့နှင့် အခြားသူများသည်လည်း ကော အနေဖြင့် စကားအဖြစ်သာ‌ပြောနေခြင်း ဖြစ်ကြောင်းကို သိလိုက်ကြသည်။ သို့သော်လည်း စစ်သည်အိုကြီးကို လေးစားသည့်အနေဖြင့် သူတို့မည်သူမှ ထိုကိစ္စနှင့်ပတ်သက်ပြီး အပြစ်တင်နေကြခြင်း မရှိကြပေ။

“ ဟေး.... ဒီကျောက်ဇလုံက အားရွှမ် အတွက်လား “ လန်ကာ့ ရုတ်တရက် စကားလမ်းကြောင်း ပြောင်းလိုက်ပြီး မေးမြန်းလိုက်သည်။

“ ဟုတ်တယ်၊ လောင်ခဲ့က အားရွှမ်အတွက် သီးသန့်လုပ်ထားပေးတာလေ “ကော ရှင်းပြလိုက်ပြီး “ လောင်ခဲ့” ဟူသော စကားနှင့် “ သီးသန့် “ ဟူသော စကားကို အထူးတလည်ပင် ထည့်ပြောလိုက်သည်။

ကော၏ နားလည်ထားမှုအရ လောင်ခဲ့သည် ရှောက်ရွှမ်ကို အတော်လေး သဘောကျမှသာ ထိုကဲ့သို့ လက်ဆောင် ပေးလိမ့်မည် ဖြစ်သည်။ ယခင်ကလည်း ခဲ့ သည် တပည့်များစွာကိုလက်ခံဖူးခဲ့သည်။ ထိုကလေးများကို ခဲ့သည် ရှောက်ရွှမ်လောက် သဘောကျခဲ့ခြင်း မရှိခဲ့ပေ။ သူတို့သည် အားနည်းကျသူများမဟုတ်လျှင် စိတ်မရှည်ကြသည့်သူများ ဖြစ်ခဲ့သည်။ အချို့သူများသည် ကျောက်တုံးများကို ထုဆစ်ရာတွင် တစ်ချက်ထုပြီးသည်နှင့် နောက်ထပ် ထပ်ထုရန် မဝံ့ရဲကြတော့‌ပေ။ လောင်ခဲ့သည် ထိုကလေးများကို မောင်းနှင့်ထုတ်ခဲ့ပြီး သူတို့နှင့် ထပ်မံစကားပြောခြင်း မရှိတော့ပေ။ လူအများက ခဲ့ကို တစ်ယူသန်သည့် လူတစ်ယောက် အဖြစ် ပြောကြလေသည်။ အမှန်တကယ်တွင်မူ သူသည် ထိုကလေးများကို စိတ်ပျက်သွားခြင်း ဖြစ်လေသည်။

မည်သို့ပင်ဖြစ်စေ၊ နှစ်များစွာ ကြာပြီးနောက်တွင် သူစိတ်တိုင်းကျသော တပည့်တစ်ဦးကို တွေ့ခဲ့ပြီဖြစ်သည်။ သို့သော်လည်း သူသည် သူ၏ မျက်နှာသေကြီးဖြင့်သာ နေနေလေသည်။ အကယ်၍ သူသာ ရှောက်ရွှမ်ကို ဤတစ်ကြိမ်တွင် မောင်းထုတ်လိုက်ပါက မည်သူသည် သူ၏ပညာအမွေကို ဆက်ခံလိမ့်မည်နည်း ........။

အမှန်တကယ်တွင် ရှောက်ရွှမ်စွမ်းအင်နှိုးထသည့်နေ့ကတည်းက ခဲ့သည် ကောကို ကြီးမားသည့် ကျောက်တုံးတစ်ခုကို ရှာပေးရန် ပြောခဲ့သည်။ သူသည် နှစ်ရက်ဆက်တိုက် အလုပ်လုပ်ခဲ့ပြီး ဤကျောက်ဇလားကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဤကျောက်ဇလားသည် ကော လိုဏ်ဂူဆီသို့ အစားအသောက်များကို သယ်လာတတ်သည့် ကျောက်ဇလားနှင့် အရွယ်အစား တူတူခန့်ပင် ရှိသည်။ သို့သော်လည်း ဤတစ်ခုကို ပိုမိုကောင်းမွန်သော ကျောက်ဆစ်ပညာဖြင့် ပြုလုပ်ထားပေသည်။ အတွင်းဖက်ကို သေချာ အချောကိုင်ထားပြီး အရောင်တင်ထားကာ၊ ဇလား၏ နှုတ်ခမ်းများသည်လည်း အထူအပါး အတူတူသာ ဖြစ်အောင် ပြုလုပ်ထားသည်။ ထို့အပြင် အပြင်ဖက် နံရံများကိုလည်း ပုံများ ၊ မျဉ်းကြောင်းများဖြင့် တန်ဆာဆင်ထားသေးသည်။ ထိုပုံများတွင် ရှုခင်းများ၊ ငှက်များနှင့် တိရိစ္ဆာန်များ၏ ပုံများ ပါဝင်နေခဲ့သည်။ အချို့တိရိစ္ဆာန်များသည် ရှောက်ရွှမ်တစ်ခါမှ မမြင်ဖူးသည့် တိရိစ္ဆာန်များ ဖြစ်ကြသည်။ ခဲ့သည် ထိုအကောင်များကို ယခင်က သူအမဲလိုက်ထွက်စဉ်တွင် မြင်တွေ့ခဲ့ဟန် ရပေသည်။

သာမန်ဆိုလျှင် ခဲ့သည် ကျောက်တုံးကိရိယာများ၏ အသုံးဝင်ပုံကို အလှဆင်ပုံထက် ဦးစားပေးလေ့ရှိသည်။ ယခုသူလက်‌ဆောင်ပေးလိုက်သည့် ကျောက်ဇလားကို ကြည့်ခြင်းအားဖြင့် သူ ရှောက်ရွှမ်ကိုမည်မျှ အလေးထားသည်ကို တွေ့မြင်နိုင်လေသည်။

“ ဒါကတော်‌တော်လေး ကောင်းတဲ့ ကျောက်ဇလား ပဲ “ လန်ကာ့နှင့် အခြားသူများ ကျောက်ဇလားကို ပတ်ကြည့်လိုက်ကြပြီး ချီးကျူးလိုက်ကြသည်။

သူတို့အားလုံးသည်လည်း လက်တွေ့အသုံးဝင်မှုကိုသာ ပို၍အလေးထားသော သူများဖြစ်ကြသော်လည်း ကြည့်၍ကောင်းသော ကျောက်ဆစ် အနုပညာတစ်ခုကို မည်သူက သဘောမကျပဲ ရှိလိမ့်မည်နည်း........။

ကျောက်ဇလားတွင် အဖုံးတစ်ခုလည်း ပါသေးပေသည်။ များစွာသော မိသားစုများသည် သူတို့၏ ကျောက်တုံး ဇလားများကို သားရေများ၊ ကောက်ရိုးများဖြင့်သာ ဖုံးအုပ်လေ့ရှိကြသည်။ ကျောက်ဇလားအတွက် ကွက်တိကျသော အဖုံးများ မရှိကြပေ။ ယခုတွင် ရှောက်ရွှမ်၏ ကျောက်ဇလားတွင်ကား ကွက်တိကျသော ကျောက်သား အဖုံးတစ်ခု ပါဝင်နေခဲ့လေသည်။

“ တကယ်ပဲ ကောင်းတဲ့ ကျောက်ဇလား တစ်ခုပဲ ။ ငါဒီနှစ်တွေအများကြီးနေလာခဲ့တာ ၊ငါ့အိမ်က ကျောက်ဇလားတွေက ဒီလောက်မကောင်းဘူး “ ကော ဖြည့်ပြောလိုက်သည်။

“ ခင်ဗျားပြောတဲ့ ခဲ့ ဆိုတဲ့လူက ထောင်ချောက်ထောင်တဲ့နေရာမှာ နာမည်ကြီးတဲ့ ခဲ့လား “ အန်း မေးလိုက်သည်။ သူသည် လန်ကာ့နှင့် အတူ ရှောက်ရွှမ် အိမ်သို့ လာခဲ့ခြင်း ဖြစ်သည်။

“ ဟုတ်တယ်၊ အဲ့ဒီလူပဲ “ လန်ကာ့ ခေါင်းညိတ်ပြလိုက်သည်။

“ ကျုပ်ကြားတာတော့ လူတော်တော်များများက ခဲ့ ဆီကနေ ကျောက်ဆစ်ပညာကို သင်ချင်ကြတယ်ဆို၊ ဒါပေမယ့်နောက်ပိုင်းကျတော့ ..... “ အန်း ဆုံးအောင် မပြောလိုက်ပေ။

“ နောက်တော့ဘာဖြစ်လဲ “

“ နောက်တော့ သူ့ဆီပညာသွားသင်တဲ့ကလေးတွေကို ခဲ့က စိတ်မရှည်ပဲနဲ့ မောင်းထုတ်တယ်တဲ့ ။ တစ်ချို့ကိုဆိုရင် အားသုံးပြီးတော့ကို မောင်းထုတ်တာ။ ဒီလိုနဲ့ ဘယ်သူမှ သူ့ဆီမှာကျောက်ဆစ်ပညာ သွားမသင်ကြတော့ဘူး။ ပြီးတော့ ခဲ့က တောင်ခြေဒေသကို ပြောင်းလာခဲ့တယ်တဲ့ “

ခဲ့သည် အမှန်တကယ်တွင် မျိုးနွယ်စုအတွင်း၌ နာမည်ကြီးသည့်လူတစ်ယောက် ဖြစ်သည်။ သို့သော်လည်း သူသည် အခြားသူများနှင့်စကားပြောခဲပေသည်။

“ လောင်ခဲ့က အရမ်းတော်တာ၊ သူက စိတ်တော့မရှည်ဘူး..... ဒါပေမယ့် သူ့ဆီကနေ အသုံးဝင်တဲ့ပညာတွေကို သင်ယူလို့ရတယ် “ ကော ရှောက်ရွှမ်ကို လေးနက်စွာ ပြောလိုက်သည်။

“ အိုးမင်းက ခဲ့ ဆီကနေ သင်ယူနေတာလား အားရွှမ် ....... ၊ ဆက်သင်ပါ၊ ခဲ့က သူ့ခေတ်တုန်းက အံ့သြဖို့ကောင်းတဲ့ လူတစ်ယောက်ပဲ “

လန်ကာ့ ရှောက်ရွှမ်ကို အားပေးလိုက်သည်။

ထို့နောက်တွင် သူ့အဖိုးထံမှ လေးပစ်ပညာကို သင်ယူခဲ့သည့် အကြောင်းကိုလည်း ရှောက်ရွှမ် အားတက်စေရန် ပြောပြလိုက်သည်။ ယခင်က သူ့အဖိုးသည် သူ့ကို အကြိမ်များစွာပင် ဆူပူခဲ့လေသည်။ အချို့အကြိမ်များတွင် ဆူပူခံရရုံသာမက သူသည် ရိုက်နှက်ခြင်းကိုပင် ခံခဲ့ရသည်ဟု ဆိုသည်။ လန်ကာ့၏ အဖိုးသည် အံ့ချီးလောက်ဖွယ် စစ်သည်တော် တစ်ယောက် ဖြစ်ခဲ့သည်။ လန်ကာ့သည် သူ့အဖိုး၏ လက်ထဲမှ မည်သည့်အခါမှ ထွက်ပြေးနိုင်ခဲ့ခြင်းမရှိခဲ့ပေ။

သူရိုက်နှက်ခံနေရသည်ကို မြင်တွေ့သည့်အချိန်တိုင်း အခြားက‌လေးများသည် သူ့ကို လှောင်ပြောင်နေခဲ့ကြသည်။ ထိုအချိန်များတွင် လန်ကာ့သည် အရှက်ရမိသည်ဟု ဆိုသည်။ သူသည် အရာအားလုံးအတွက် သူ့အဖိုးကိုသာ ပြစ်တင်ခဲ့လေသည်။ သို့သော်လည်း အချိန်များ ကြာလာသည့်အချိန်တွင် လန်ကာ့သည် အမှန်တကယ် စစ်သည်တော်တစ်ယောက် ဖြစ်လာခဲ့သည်။ ထိုအချိန်မှသာ သူ့အဖိုး၏ ဂရုစိုက်မှုများနှင့် စေတနာဖြင့် သင်ကြားပေးခဲ့ခြင်းဖြစ်သည့် အကြောင်းများကို သူနားလည်နိုင်ခဲ့သည်။

အမဲလိုက်ထွက်သည့်နေရာတွင် လေးမြားများကို အဓိက လက်နက်များဟု ယူဆကြခြင်း မရှိပေ။ သို့သော်လည်း သူတို့သည် အမဲလိုက်ရာတွင် အရေးကြီးသည့် နေရာမှ ပါဝင်နေဆဲဖြစ်သည်။ လန်ကာ့သည် မြေပြင်ထောက်ချောက်များ ပြုလုပ်ရာတွင် အတော်လေး ကျွမ်းကျင်သည့်အတွက် သူသည် အမဲလိုက်အဖွဲ့များ၏ လက်ခံခြင်းကို ခံခဲ့ရသည်။ အစားအသောက်များကို ဝေငှသည့်အချိန်များတွင်လည်း သူသည် အခြားသူများထက် ပိုရခဲ့သေးသည်။

“ အရည်အချင်းတွေ များများရှိတာ၊ ကျွမ်းကျင်တဲ့နယ်ပယ် များများရှိတာက တခြားလူတွေထက် ပိုဖြောင့်ဖြူးတဲ့ လမ်းရှိတာလို့ ဆိုလိုနေတာပဲ။။ ဒါက အမဲလိုက် အဖွဲ့ထဲက နေရာအတွက်ပဲမဟုတ်ဘူး........။ တကယ်လို့ ခဲ့ လိုသာ ကံဆိုးပြီးတော့ ခြေထောက် ဒါမှ မဟုတ် လက်ဒဏ်ရာရသွားပြီးတော့ အမဲလိုက်အဖွဲ့ကနေ ထွက်ရတော့မယ် ဆိုရင် မင်းမှာသာ ကျွမးကျင်တဲ့နေရာတွေ ရှိနေခဲ့ရင် မင်း ဆက်ပြီးတော့ အသက်မွေးလို့ရတယ်၊ ငတ်မွတ်မှာ မဟုတ်တော့ဘူး “ ကော ပြောလိုက်သည်။

လန်ကာ့နှင့် ကော တို့နှစ်ယောက်လုံးသည် ရှောက်ရွှမ်ကို ခဲ့ ထံမှ ဆူပူအော်ငေါက်မှုများကို ခံရလျှင်သော်မှ သည်းခံရန်အတွက် ပြောနေကြခြင်း ဖြစ်သည်။ အခွင့်အ‌ရေးကို ဆုပ်ကိုင်ထားဖို့လိုအပ်ပြီး ဖြစ်နိုင်သလောက် များများသင်ယူရန် အကြံပေးနေကြခြင်းလည်း ဖြစ်သည်။ ဆရာတစ်ယောက်ထံမှ ပညာကုန်ရလိုက်ခြင်းသည် ကောင်းသော ကိစ္စတစ်ခုသာ ဖြစ်သည်။ ခဲ့ ထံတွင် သင်ကြားပေးနိုင်သည့် အရည်အချင်းများစွာ ရှိနေပေသည်။

သူတို့၏ စကားများကို ကြားလိုက်ရပြီး ရှောက်ရွှမ် ခေါင်းညိတ်ပြလိုက်သည်။ “ ခင်ဗျားတို့ ဘာကိုပြောချင်နေတယ်ဆိုတာကို ကျန်တော်သိနေပါတယ်။ တစ်ယောက်ယောက် ဆီကနေ သင်ယူချင်တယ်ဆိုရင် ဇွဲရှိရမယ် ပြီးတော့ အရှက်အကြောက်တွေကိုလည်း ဘေးဖယ်ထားရမယ် “

လန်ကာ့နှင့် ကောတို့ ပြန်ပြောလိုက်ကြ၏။

“ မှန်တယ် “

All Chapters