← Chapters

ရိုးရှင်းပြီးတော့ ကြမ်းတမ်းကြတယ်

Vol. 3 Ch. 31

ရိုးရှင်းပြီးတော့ ကြမ်းတမ်းကြတယ်

Vol. 3 Ch. 31

မှန်ပေသည်၊ ရှောက်ရွှမ်သည် လောင်ခဲ့၏ အရည်အချင်းများ၊ ပညာများကို သင်ယူလိုပေသည်။ ကျောက်တုံးထု ဆစ်သည့် ပညာသာမက ၊ ထောင်ချောင်များကို တပ်ဆင်သည့် ပညာများ သည်လည်း အမဲလိုက်ထွက်သည့် အခါတွင် အသုံးဝင်ကြသော ပညာများဖြစ်ကြသည်။ သူ့အတွက်တော့ လေ့ကျင့်မှုများကိုပင် မလုပ်ရသေးသည့်အတွက် ထိုပညာရပ်များကို သင်ယူနိုင်ရန်မှာ စောနေဦးမည် ဖြစ်သည်။ ယခုလက်ရှိ ရှောက်ရွှမ် လုပ်နိုင်သည်မှာ ဖြေးဖြေးမှန်မှန်ဖြင့် ခဲ့ ထံမှ ပညာသင်ယူရန်သာဖြစ်သည်။

ရှောက်ရွှမ်သည် ခဲ့၏ သူ့အပေါ်တွင်ထားသည့် စိတ်နေသဘောထားကို သိထားပေသည်။ ယခင်အချိန်များ ကတည်းကပင် ခဲ့သည် သူ့ကို ကူညီပေးခဲ့လေ၏။ သို့သော်လည်း သူသည် စကားပြောမတတ်သဖြင့် အခြားသူများ အထင်အမြင်လွဲမှားစေနိုင်သည့် စကားများကို ပြောတတ်သည်။ ယမန်နေ့ကဆိုလျှင် သူသည် ရှောက်ရွှမ်ကို ရည်ညွှန်းခြင်းမဟုတ်ပဲ ကျောက်စကျောက်နများကို ရည်ညွှန်းပြီး “ အမှိုက်များ “ သာ ဟူ၍ ပြောခဲ့သည်။ အကယ်၍ ရှောက်ရွှမ်သာ မဟုတ်ပဲ တခြားသူသာ ဆိုလျှင် ခဲ့ ၏ စကားများသည် သူတို့ကို ဆိုလိုနေသည်ဟု အထင်အမြင်လွဲမှားသွားနိုင်ပေသည်။ ကံကောင်းစွာနှင့် ရှောက်ရွှမ်သည် ဉာဏ်ကောင်းပြီး ခဲ့ကို နားလည်သောကြောင့်သာ အထင်မလွဲမိခဲ့ခြင်း ဖြစ်သည်။

ရှောက်ရွှမ်သူတို့စကားများကို ငြင်းပယ်ခြင်းမပြုသည်ကိုတွေ့လိုက်ရသည့်အခါ ကော စိတ်သက်သာရာ ရသွားသည်။ သူသည် အိမ်အပြန်လမ်းတွင် ခဲ့ ထံသို့ဝင်ရန် ဆုံးဖြတ်လိုက်သည်။ လောင်ခဲ့ကများ ငါ့ကို ဆုတစ်ခုခုပေးနေဦးမလား ........။

ရှောက်ရွှမ် သစ်လုံးအိမ်ဆောက်သည်ကို ကူညီပေးလိုက်ပြီးသည့် နောက်တွင် လန်ကာ့နှင့် အခြားသူများသည်လည်း ပြန်သွားကြလေပြီ။ သူတို့အနေဖြင့် အမဲလိုက်ထွက်ရန်အတွက် ပြင်ဆင်စရာများစွာ ရှိနေသေးသည်။ မည်သို့ပင် ဖြစ်စေ နှစ်သစ်၏ ပထမဆုံးသော အမဲလိုက်တာဝန်သည် မကြာမီကျရောက်လာတော့မည် ဖြစ်သည်။ အမဲလိုက်ထွက်တိုင်း စစ်သည်တော်များသည် သူတို့၏ အသက်များကို ရင်းနှီးထားရပေသည်။ သူတို့လုံခြုံမှုရှိနေစေရန်အတွက် ကြိုတင်ပြင်ဆင်မှုများ မရှိမဖြစ် လိုအပ်ပေသည်။

မျိုးနွယ်စုတွင် လက်ရှိ အမဲလိုက်အုပ်စု နှစ်ခုရှိနေပြီး သူတို့သည် အလှည့်ကျ အမဲလိုက်ထွက်ကြသည်။ အုပ်စုတစ်ခု အမဲလိုက်ထွက်နေသည့်အချိန်တွင် နောက်အုပ်စုတစ်ခုသည် မျိုးနွယ်စုအတွင်း ၌ ကျန်နေခဲ့ပြီး လုံခြုံရေးတာဝန်များကို ထမ်းဆောင်ရသည်။ မည်သို့ပင်ဖြစ်စေ တောအုပ်အတွင်း၌ ကြမ်းတမ်းခက်ထန်သော သားရဲများစွာ ရှိနေတတ်ပြီး မျိုးနွယ်စုတွင်လည်း နာမကျန်းဖြစ်နေသော ၊ အိုမင်းနေသော လူများ ရှိနေပေသည်။

အမဲလိုက်အုပ်စု တစ်ခုစီတွင် အမဲလိုက် အဖွဲ့ နှစ်ခုစီ ထပ်ဖွဲ့ထားသည်။ လန်ကာ့၏ အပြောအရဆိုလျှင် စစ်သည်တော်များသည် သူတို့၏ တစ်ကိုယ်ရည် အရည်အချင်းအရ အဖွဲ့များတွင် တာဝန်ထမ်းဆောင်ရသည်။ ပထမဆုံးသော အမဲလိုက် အဖွဲ့ကို တောင်ဘေးဒေသနှင့် တောင်ထိပ်ဒေသတွင် နေထိုင်ကြသည့် စစ်သည်တော်များဖြင့် ဖွဲ့ထားခြင်း ဖြစ်သည်။ ဒုတိယ အဖွဲ့ကို တောင်ဘေးဒေသနှင့် တောင်ခြေဒေသတို့မှ စစ်သည်တော်များဖြင့် ဖွဲ့ထားခြင်းဖြစ်သည်။

လန်ကာ့နှင့် သူ့လူများသည် ဒုတိယအဖွဲ့တွင် ပါဝင်ပေသည်။ ရှောက်ရွှမ်သည်လည်း သူတို့နှင့်အတူတူ အဖွဲ့တစ်ခုတည်း ဖြစ်ပေ၏။

လန်ကာ့နှင့် အခြားသူများထွက်သွားပြီးသည့်အချိန်တွင် ရှောက်ရွှမ် အသစ်ဆောက်ပြီးစ သစ်လုံးအိမ်လေးကို ကြည့်လိုက်သည်။

ဆီဆာသည် သစ်လုံးအိမ်လေး ပတ်ပတ်လည်ကို သိလိုစိတ်ဖြင့် စူးစမ်းနေခဲ့သည်။

“ မင်းအိမ်ထဲမှာ မစင်စွန့်ရင် ငါမင်းကို ချက်ချင်း ပစ်ထုတ်ပစ်မယ် “ ရှောက်ရွှမ် ပြောလိုက်သည်။

သူတို့လိုဏ်ဂူထဲတွင် နေခဲ့စဉ်က ရှောက်ရွှမ် ဆီဆာကို အခြားကလေးများ မစင်စွန့်ကြသည့်နေရာတွင်သာ မစင်စွန့်ရန် သင်ကြားပေးခဲ့ဖူးသည်။ ဤနေရာတွင်မူ ဆီဆာသည် အိမ်အပြင်ထွက်ပြီးမှသာ မစင်စွန့်ရပေမည်။

“ နောက်ပိုင်း ငါတို့ဒီနေရာမှာ နေကြမှာလေ။ ငါတို့ သစ်သားစားပွဲခုံ၊ ထိုင်ခုံတွေနဲ့ ကိရိယာ တန်ဆာပလာတွေ လုပ်ကြတာပေါ့ ၊ ပြီးတော့ ..... “

အိမ်ယာပေါ်တွင် အနားယူရန် လဲအိပ်ချလိုက်ပြီး ဒေါ်လေးယီ သူ့ကို ပေးသွားခဲ့သည့်သားရေအိတ်ကို ရှောက်ရွှမ် ထုတ်ယူလိုက်သည်။ ထို့နောက်တွင် သူသည် သဲများ ကျောက်တုံးများကို အိတ်အတွင်းထည့်လိုက်ပြီး သူ့လက်များဖြင့် အလေးချိန် မှန်းဆကြည့်လိုက်သည်။

လန်ကာ့သည် သူ့ကို အလေးချိန်စီးသော အရာများဖြင့် လေ့ကျင့်ရန်ကိုလည်း ပြောပြခဲ့သည်။ သူသည် အိတ်ထဲကို အလေးချိန်စီးသော ကျောက်တုံးများ ၊ သဲများကို ထည့်လိုက်ပြီး လေ့ကျင့်ရန် ကြံစည်နေခဲ့ခြင်း ဖြစ်သည်။

ရှောက်ရွှမ်သည် ကျောက်စရစ် ကွင်းပြင်မှ ကျောက်တုံးများကို တစ်ချိန်က သတ္တုတုံးများလောဟု ထင်မြင်ခဲ့ဖူးသေးသည်။ သို့သော် ထိုကျောက်တုံးများသည် သာမန်ကျောက်တုံးများသာ ဖြစ်ကြပေသည်။

မှန်ပေသည်။ ရှောက်ရွှမ်အနေဖြင့် သတ္တုများကို ရယူလိုနေခဲ့သည်။ သို့သော်လည်း သူသည် သတ္တုများ အရည်ကျိုခြင်း ပုံသွင်းခြင်းတို့နှင့်ပတ်သက်ပြီး မည်သည့်အရာကိုမှ မသိနေခဲ့ပေ။ ဤကမ္ဘာကြီးသည် သူ့ယခင်ဘဝ ကမ္ဘာကြီးနှင့် အလုံးစုံ ကွဲပြားနေခဲ့သည်။ ထို့ကြောင့် သူ့အနေဖြင့် မည်သည့်အရာကိုမှ သာမန်အတိုင်းတွေးဆနိုင်ခြင်း မရှိ ဖြစ်နေခဲ့ရသည်။ သို့ဖြစ်သောကြောင့် သူသည် သတ္တုပစ္စည်းများကို ရှာဖွေရန် စိတ်ဝင်စားသော်လည်း လက်ရှိအရေးတကြီးလုပ်နေစရာ မလိုအပ်သေးပေ။

သူ့လက်နှင့် ခြေထောက်များတွင် သားရေအိတ်အချို့တို့ကို ချိတ်ဆွဲထားလိုက်ပြီး အနည်းငယ် ရွေ့ကြည့်လိုက်သည်။ သူသည် ပိုများသော အလေးချိန်ကို ဆွဲနိုင်‌သေးကြောင်း ရှောက်ရွှမ် သိလိုက်ရသည်။

ကြည့်ရသည်မှာ မျိုးနွယ်စု စစ်သည်တော်တစ်ယောက် ၏ ခန္ဓာကိုယ်သည် အလွန်အမင်းသန်မာသည့်ပုံ ပေါ်ပေသည်။

သို့နှင့် သူသည် နေ့စဉ်ကိစ္စများကို လုပ်ဆောင်ရာတွင် လေးလံသော သားရေအိတ်များကို ချိတ်ဆွဲပြီးမှ လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။

ယခုတွင် ရှောက်ရွှမ်သည် ကော ကဲ့သို့ ကီလို တစ်ထောင်ခန့်ကိုတော့ မသယ်နိုင်သေးပေ။ သို့သော်သူသည် ကီလို ရာဂဏန်းခန့်ကို အလွယ်တကူ သယ်ယူနိုင်ပေသည်။ ရှောက်ရွှမ်၏ ယခင်ဘဝ တွင်မူ ထိုကဲ့သို့ သယ်ယူနိုင်ခြင်းမှာ မဖြစ်နိုင်သည့် ကိစ္စတစ်ခုသာ ဖြစ်သည်။

ရှောက်ရွှမ် သားရေအိတ်များဖြင့် အလုပ်ရှုပ်နေချိန်တွင် ဆီဆာသည် အပြင်ဖက်ကို ကြည့်လိုက်ပြီး သွားဖြဲလိုက်သည်ကို တွေ့လိုက်ရသည်။ ရှောက်ရွှမ် သားရေအိတ်များကို ပြန်ချထားလိုက်သည်။ ထိုအချိန်တွင်ပင် အပြင်ဖက်မှ သူ့နာမည်ကို ခေါ်နေသည့် အသံကို ကြားလိုက်ရသည်။

“ အားရွှမ် ရှိနေလား ..... “

လာနေကြသည့် လူနှစ်ယောက်သည် အရပ်ရှည်ပြီး သန်မာသည့် စစ်သည်တော်များ ဖြစ်ကြသည်။ သူတို့သည် ငယ်ရွယ်ကြသေးသည့် ပုံပေါ်ပြီး လန်ကာ့နှင့် သက်တူရွယ်တူပင် ဖြစ်ဟန်ရှိသည်။ သူတို့ခန္ဓာကိုယ်များသည် ကြွက်သားများဖြင့် ကြံခိုင်လှပြီး သူတို့၏ အသံသည် ကြမ်းတမ်းခက်ထန်သော်လည်း သူရဲကောင်းဆန်သည့် အသံဖြစ်သည်။

“ ငါ့နာမည်က ထွော် တဲ့၊ သူက ခဲ့ခဲ့ ။ နတ်ဆရာက မင်းကို တစ်ခုခုပေးခိုင်းလိုက်တယ် “ ထွော် ပြောလိုက်သည်။

ထွော်သည် လန်ကာ့ထက်ပိုပြီး တည်ငြိမ်ရင့်ကျက်သည့် ပုံ ပေါ်သည်။ သူသည် ရှောက်ရွှမ်ကို သေချာစိုက်ကြည့်နေခဲ့လေ၏။ သူ့မျက်နှာပေါ်တွင် မသိသာသည့် အပြုံးတစ်ခုရှိနေခဲ့လေသည်။

နတ်ဆရာသည် ကတိတည်ပေသည်။ သူသည် ရှောက်ရွှမ် နေစရာတစ်ခုကို ရပြီးသည်နှင့် အစားအသောက်များကို တစ်စုံတစ်ယောက်နှင့် ပို့ပေးလိုက်မည် ဟူ၍ ကတိပေးခဲ့သည်။ ယခုတွင် သူ့ကတိကို ဖြည့်ဆည်းလိုက်ပြီ ဖြစ်သည်။

သူတို့ယူလာသော အသားများသည် အလွန်များပြားနေခဲ့သည်။ အချို့သည် လတ်ဆတ်သော အသားများ ဖြစ်ကြပြီး၊ အချို့သည် အသားချောက်များ ဖြစ်ကြသည်။ အသားများအပြင် အသီး၊ အရွက်များလည်း ပါလာခဲ့သည်။

အစားသောက်များအပြင် ဆေးပင် နှစ်မျိုးလည်း ပါသေးသည်။ ရှောက်ရွှမ် သူတို့ထဲမှ တစ်မျိုးကို ရင်းနှီးနေခဲ့သည်။ ထိုဆေးပင်သည် သာမန် ရောဂါများအတွက် အသုံးပြုသော ဆေးပင်တမျိုးဖြစ်သည်။ သူသည် လိုဏ်ဂူထဲတွင် နေထိုင်ခဲ့စဉ်က ထိုဆေးပင်မျိုးကို အသုံးပြုခဲ့ဖူးသည်။ အခြားတစ်မျိုးမှာကား ထွော်၏ ရှင်းပြချက်အရ ဒဏ်ရာရပြီး သွေးထွက်များသည့် အချိန်တွင် အသုံးပြုသည့် ဆေးပင်ဖြစ်သည်ဟု ဆိုသည်။

အခြားစစ်သည်တော်တစ်ယောက် မှာမူကား သူ့နာမည်အရ စိတ်အပြောင်းအလဲများသော လူတစ်ယောက် ဖြစ်နိုင်ကြောင်း ရှောက်ရွှမ် ခန့်မှန်းလိုက်သည်။ ထို့အပြင် ထွော်၏ အပြောအရ နတ်ဆရာသည် သူ့ကိုသာ ပစ္စည်းများကို လာပို့ခိုင်းခြင်း ဖြစ်ပြီး ခဲ့ခဲ့သည် နတ်ဆရာ၏ အမိန့်ဖြင့်လာရောက်ခြင်း မဟုတ်ပေ။

ခဲ့ခဲ့သည် ဝင်လာကတည်းကပင် ရှောက်ရွှမ်ကို သေချာစိုက်ကြည့်နေခဲ့လေသည်။ရှောက်ရွှမ် သူ၏ အမူအယာကို သေချာအကဲခတ်နိုင်စွမ်းမရှိ ဖြစ်နေရသည်။ ထို့အပြင် ဆီဆာ၏ တုန့်ပြန်ချက်ကို ကြည့်လိုက်လျှင် ခဲ့ခဲ့သည် ဆီဆာ့ကို မိတ်ဆွေတစ်ယောက်ကဲ့သို့ သဘောထားနေခြင်းမဟုတ်နိုင်ဟု ရှောက်ရွှမ် ထင်နေမိသည်။ တစ်ချိန်လုံး အမဲလိုက်နေခဲ့ရသည် စစ်သည်တော်များ၏ အမြင်တွင် မည်သည့်တိရိစ္ဆာန်ကိုမဆို သားကောင်အဖြစ်သာ မြင်လေ့ရှိသည်။

ဆီဆာ၏ ခန္ဓာကိုယ်သည် တောင့်တင်းသွားခဲ့ပြီး သွားများကို ဖြဲလိုက်ကာ တိုက်ခိုက်ရန်အသင့်ပြင်ထားလိုက်သည်။

“ ဟေး ဝံပုလွေတစ်‌ကောင်က ဒီလောက်တောင် သိတတ်လိမ္မာ လာနိုင်တာလား “ ခဲ့ခဲ့ ပြောလိုက်သည်။

ရှောက်ရွှမ် အံ့သြသွားသည်။ စစ်သည်တော်သည် အဘယ်ကြောင့် ဆီဆာကို ချီးကျူးနေရသနည်း။ “ နောက်ထပ်နှစ်ဝက်လောက်ဆိုရင် စားလို့ကောင်းနေလောက်ပြီ “ ခဲ့ခဲ့ဆက်ပြောလိုက်လေသည်။

ဆီဆာချက်ချင်းပင် အစွယ်များကို ထုတ်ပြလိုက်ပြီး ခဲ့ခဲ့ကို စိုက်ကြည့်လိုက်သည်။ သူ့ကိုကြည့်ရသည်မှာ သတိဝင်သွားဟန်ရပြီး သူ့လည်ချောင်းမှ အသံများကိုပင် ကြားနေရလေပြီ။ သူသည် သတိပေးနေခြင်းဖြစ်ပြီး တဖက်လူသာ စတင်လှုပ်ရှားလာပါက ကိုက်ဖြတ်ရန်အဆင်သင့် ဖြစ်နေလေပြီ။

“ ကောင်းပြီလေ “ စစ်သည်တော်သည် သူ့ခါးတွင် ချိတ်ဆွဲထားသည့် ကျောက်တုံး ဓါးမြှောင်ကို ထုတ်ယူလိုက်ပြီး ပြောလာခဲ့သည်။

ထိုအချိန်တွင် ထွော်သည် ဆေးပင်များကို အသုံးပြုသည့်နည်းလမ်းများကို ပြောပြနေခြင်း ဖြစ်သည်။ ခဲ့ခဲ့ လုပ်နေသည်ကို မြင်တွေ့လိုက်ရသည့်အခါတွင် သူ့မျက်နှာထားတင်းမာသွားခဲ့သည်။ ထို့‌နောက်သူသည် ပစ္စည်းများကို ပစ်ချလိုက်ပြီး ခဲ့ခဲ့ ထံသို့ ပြေးဝင်သွားလေသည်။ ထို့နောက် သူ ခဲ့ခဲ့ကို တစ်ချက်ထိုးထည့်လိုက်လေ၏။

“ လခွမ်းပဲ .... မင်းဓါးကြီးကို ဖယ်ထားစမ်းပါ”

ခဲ့ခဲ့ အထိုးခံလိုက်ရပြီး ပြတင်းပေါက်မှ အပြင်ဖက်သို့ လွင့်သွားခဲ့လေသည်။ ထို့နောက် ကျယ်လောင်သော အသံတစ်ခုကို ကြားလိုက်ရပြီး ခဲ့ခဲ့သည် မြေကြီးပေါ်သို့ ပြုတ်ကျသွားခဲ့ ရ၏။

ရှောက်ရွှမ် ပြောစရာစကားမရှိဖြစ်သွားရလေသည်။ မျိုးနွယ်စု စစ်သည်တော်တွေက ဒီလိုပဲ ရိုးရှင်းပြီးတော့ ကြမ်းတမ်းကြတာလား ......။

ထို့နောက် ထွော် ရှောက်ရွှမ်ထံသို့ ပြန်ရောက်လာခဲ့ပြီး ရှင်းပြလိုက်သည်။ “ သူက အဲ့ဒီလိုပဲ...... သူသားရဲတစ်ကောင်ကောင်ကို မြင်လိုက်တာနဲ့ စိတ်လှုပ်ရှားပြီးတော့ ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘူး။ စိတ်မပူပါနဲ့ ၊ သူက အကျင့်ပါနေလို့ပါ။ ငါပြောတာကိုယုံပေးပါ၊ သူ့မှာ မကောင်းတဲ့ စိတ်မရှိပါဘူး “ မည်သို့ပင်ဖြစ်စေ သူတို့သည် နတ်ဆရာထံမှ အသိအမှတ်ပြု ဆွဲပြားကို ရထားသည့် ဝံပုလွေတစ်ကောင်ကို မသတ်ရဲကြပေ။

သူပြောနေသည့်အချိန်မှာပင် ခဲ့ခဲ့သည် မည်သို့မှ မဖြစ်ခဲ့သည့် ပုံဖြင့် အထဲသို့ ပြန်ဝင်လာခဲ့လေသည်။ ဤတစ်ကြိမ်တွင် သူသည် ဆီဆာထံသို့ ဓါးမပါပဲ ဦးတည်သွားလိုက်သည်။ သို့သော်လည်း သူသည် လက်များကိုပွတ်သပ်နေခဲ့ပြီး ကောင်းသောရည်ရွယ်ချက် ရှိနေသည့်ပုံမပေါ်နေခဲ့ပေ။

ထွော် ပြောစရာစကား မဲ့သွားရသည်။ နတ်ဆရာ သူ့ကို အစားအသောက်များ လာပို့ခိုင်းသည့်အချိန်တွင် သူသည် မမျှော်လင့်ပဲ ခဲ့ခဲ့ နှင့် လမ်းတွင် ဆုံတွေ့ခဲ့ကြသည်။ ထွော် ရှောက်ရွှမ် ထံသို့လာမည်ကို သိလိုက်ရသည့်အချိန်တွင် ခဲ့ခဲ့သည် မျိုးနွယ်စု ပွဲတော်တွင် လူအများကို အံ့သြသင့်စေခဲ့သည့် အငယ်ဆုံး စွမ်းအင်နှိုးထသည့် ရှောက်ရွှမ် ဖြစ်ကြောင်းကို အမှတ်ရသွားခဲ့သည်။ ထို့ကြောင့် သူသည် စိတ်ဝင်စား သောကြောင့် ထွော်နှင့်အတူ လိုက်လာခဲ့ခြင်း ဖြစ်သည်။

အစပိုင်းတွင် ထွော်သည် နတ်ဆရာက အလေးထားသော ရှောက်ရွှမ်နှင့် စကားများများ စားစား ပြောလိုနေခဲ့သည်။ သို့သော်လည်း လက်ရှိအခြေအနေအရ သူတို့ထွက်သွားခြင်းသည်သာ အကောင်းဆုံးဖြစ်လိမ့်မည် ဖြစ်သည်။ မဟုတ်လျှင် ခဲ့ခဲ့ ဆီဆာကို အမှန်တကယ် တိုက်ခိုက်မည်ဆိုလျှင် မည်သို့ဖြစ်မည်နည်း။ ထိုဝံပုလွေ လေးသည် ခဲ့ခဲ့ ၏ လက်သီးချက်တစ်ခုမျှဖြင်ပင် သေဆုံးသွားနိုင်ပေသည်။ ခဲ့ခဲ့သာ ဝံပုလွေကို သတ်ခဲ့လျှင် သူတို့ကို နတ်ဆရာက ကြိမ်းမောင်း ဆူပူတော့မည် ဖြစ်သည်။

ရှောက်ရွှမ်သူ့ရှေ့တွင် အရိပ်တစ်ခု လှုပ်ရှားသွားသည်ကို တွေ့လိုက်ရပြီး ထွော် ခဲ့ခဲ့၏ နောက်တွင် ပေါ်လာသည်ကို တွေ့လိုက်ရလေသည်။ ထို့နောက်သူသည် ခဲ့ခဲ့ကို လည်ပင်းမှ ဆွဲခေါ်သွားလိုက်၏။ “ ငါတို့ ဒါတွေအားလုံးကို မင်းအတွက် ထားပေးခဲ့မယ်နော့်။ မင်းနောက်ပိုင်း အမဲလိုက်ထွက်ရင် ငါတို့ စကားပြောဖို့ အချိန်တွေ အများကြီး ရပါသေးတယ် ၊ “

သူတို့ထွက်သွားပြီးသည့်နောက်တွင် ဆီဆာ စိတ်အေးလက်အေး ပြန်ဖြစ်သွားသည်။ သူသည် နှာခေါင်း ရှုံ့လိုက်ပြီး သားရေအိတ်တစ်ခုကို ဆွဲယူလိုက်သည်။ ထိုအိတ်ကို ခဲ့ခဲ့ ယူလာခဲ့ခြင်းဖြစ်သည်။ ကြည့်ရသည်မှာ ဆီဆာသည် ထိုအိတ်ကို စိတ်ဝင်စားနေပုံရပေသည်။

ရှောက်ရွှမ် အလျင်အမြန်ပင် သူ့ကို တားထားလိုက်သည်။ အဘယ်ကြောင့်ဆိုသော် အိတ်ထဲတွင် သစ်သီးချောက်များ ပါဝင်နေသောကြောင့် ဖြစ်သည်။ ဆီဆာသည် ထိုသစ်သီးများကို စားလိမ့်မည် မဟုတ်ပဲ ဆော့သာဆော့မည် ဖြစ်သည်။ ထို့ကြောင့် ရှောက်ရွှမ် တားဆီးလိုက်ရခြင်းဖြစ်သည်။

ပစ္စည်းများကို နေရာချနေစဉ်တွင် ရှောက်ရွှမ် ထွော်၏ စကားများကို ပြန်ကြားယောင်နေမိသည်။ သူ၏ နောက်ဆုံးစကားများအရ သူတို့သည် ရှောက်ရွှမ်နှင့် တူညီသော အမဲလိုက် အုပ်စုများအတွင်း ကျရောက်နေပုံပေါ်သည်။ သို့သော်လည်း လန်ကာ့သည် တစ်ခါမှ ထိုနှစ်ယောက် အကြောင်းကို မပြောပြဖူးပေ။

သူတို့က ပထမဆုံး အဖွဲ့ကများလား ....။

All Chapters