ဂုဏ်ကျက်သရေရှိသောလမ်း
Vol. 3 Ch. 32
နောက်နေ့မနက်စောစောတွင် ရှောက်ရွှမ် ထိုသားရေအိတ်များကို ချိတ်ဆွဲလိုက်ပြီး ကျောက်စရစ်ခဲများဖြင့် ဖြည့်လိုက်လိုက်ကာ လေ့ကျင့်ရေးကွင်းပြင်ဆီသို့ ဆီဆာနှင့်အတူ ထွက်လာခဲ့လိုက်သည်။
ယခင်က ရှောက်ရွှမ် စွမ်းအင်မနှိုးထမှီတွင် လေ့ကျင့်ရေးကွင်းနားသို့မသွားရဲ ခဲ့ပေ။ သူသည် မတော်တဆ ထိခိုက်ဒဏ်ရာရမည်ကို စိတ်ပူနေခဲ့ရသည်။ အကယ်၍ ပတ်ဝန်းကျင်ကိုသတိမထားမိလျှင် သူသည် အသက်အန္တရာယ်ပင် ရှိကောင်း ရှိနိုင်ပေသည်။ ယခုတွင်မူ သူ၏စွမ်းအင်နှိုးထလာပြီ ဖြစ်သဖြင့် သူ့အနေဖြင့် ဒဏ်ရာ ရရှိမည်ကို စိတ်ပူနေစရာမလိုအပ်တော့ပေ။
မျိုးနွယ်စုမှ လူများသည် သိုင်းကွက်များ ၊ လှုပ်ရှားမှုများကို သေချာသိထားကြခြင်းမရှိကြပေ။ သူတို့သိသည်မှာ သားကောင်၏ လှုပ်ရှားမှုပေါ်တွင် မူတည်ပြီး အလိုက်သင့် လှုပ်ရှားခြင်းသာ ဖြစ်သည်။
အချို့သော စစ်သည်တော်များသည် တောင်ချွန်းကို သားကောင်တစ်ကောင်သဖွယ်သဘောထားပြီး ထုရိုက်ခြင်းများကို ပြုလုပ်တတ်လေ့ရှိသည်။ ထို့ကြောင့်ပင် လေ့ကျင့်ရေးကွင်းပြင်သို့ သွားပါက ဖုန်များ ကျောက်တုံးများ လွင့်ပျံနေသည်ကို မြင်ရလေ့ရှိသည်။ ထိုအရာသည် စစ်သည်တော်များ လက်သီးထိုးလေ့ကျင့်နေကြခြင်းသာ ဖြစ်သည်။
ရှောက်ရွှမ်နတ်ဆရာ၏ နေရာတွင် မြင်ဖူးခဲ့သကဲ့သို့ မောင် ကဲ့သို့သော ကလေးများသည် ကျောက်တုံးများကို အလွယ်တကူ ချိုးဖဲ့နိုင်ကြလေသည်။
ရှောက်ရွှမ် လေ့ကျင့်ရေးကွင်းပြင်ဆီသို့ ရောက်သော အခါတွင် တောင်တစ်ခုကို ရွေးလိုက်ပြီး တောင်ခြေမှ တောင်ထိပ်အထိသို့ အပြေးလေ့ကျင့်နေလိုက်သည်။ ထိုအချိန်တစ်လျှောက်တွင် သူသည် ကျောက်တုံးများကို ထည့်ထားသည့် သားအရေအိတ်များကို လွယ်ပိုးထားခဲ့၏။ ပြေးနေစဉ်တစ်လျှောက် တွင် သူသည် တောင်၏မည်သည့်နေရာတွင် အရည်အသွေးကောင်းသော ကျောက်တုံးများ ရှိနေသည်ကို ကြည့်နေခဲ့သည်။
“ ကံကောင်းတာက ငါ့မှာ ဒီလို ထူးကဲတဲ့ စွမ်းရည်တွေ ရှိနေတာပဲ “ သူ့မြင်ကွင်းတွင် ကျောက်တုံးများကို မတူညီသော အညိုရောင်များ အဖြစ် မြင်နေရသဖြင့် ရှောက်ရွှမ် သူ့ဖာသာ တွေးတော ကြည့်လိုက်သည်။ နတ်စွမ်းအား များဖြင့် နှိုင်းယှဉ်ပါက ထိုထူးကဲသည့်စွမ်းရည်များသည် သူ့အတွက် အထောက်အကူ ပြုပေးနေပေသည်။
ရှောက်ရွှမ်သည် အလယ်အဆင့် သို့မဟုတ် အလယ်ပိုင်းအထက်အဆင့် ကျောက်တုံးများကို တူးဖော်နေခြင်း မပြုပေ။ သူသည် သူ၏လက်ဗလာဖြင့်သာ ကျောက်တုံးများကို ထုနှက်နေခဲ့လေသည်။
သူရွေးချယ်လိုက်ပြီးသည့် ကျောက်တုံးများကို တူးထုတ်လိုက်ပြီးသည့်အချိန်တွင် ရှောက်ရွှမ် ကောင်းကင်ကိုမော့ကြည့်လိုက်သည်။ နေ့လည်သို့ပင် ရောက်ရှိနေပြီ ဖြစ်၏။ ရှောက်ရွှမ်ကျောက်တုံးများကို သယ်ဆောင်လာလိုက်ပြီး ပြန်လာလိုက်သည်။ သူသည် သူ၏အိမ်တွင်သာ နေ့လည်စာစားလိုက်ပြီး သူတူးဖော်ထားသည့်ကျောက်တုံးကို ယူလိုက်ကာ လောင်ခဲ့၏ အိမ်သို့ သွားလိုက်လေသည်။
သူသည် နေ့လည်ဖက်များကို ကျောက်တုံးထုဆစ်သည့်ပညာကို သင်ယူနိုင်ရန်အတွက် အချိန်ပေးထားလိုက်လေသည်။
ကျောက်တုံးထုဆစ်ခြင်းပညာသည် ကြည့်ရသည်မှာ ရိုးရှင်းသည်ဟု ထင်ရပေသည်။ သို့သော်လည်း ထိုပညာသည် ကျောက်တုံးများကို သာမန်သာ ထုဆစ်နေခြင်းထက် ပိုသာလွန်ပေသည်။
“ ပထမဆုံး ကျောက်တုံးတွေရဲ့ အရည်အသွေးကို ခွဲခြားပြီးတော့ သိမှရမယ်။ မာကျောမှုတူနေရင်တောင် မတူညီတဲ့ ဂုဏ်သတ္တိရှိနေတဲ့ ကျောက်တုံးတွေမှ အများကြီးပဲ “ လောင်ခဲ့ အရည်အသွေးတူသည့် ကျောက်တုံးနှစ်ခုကို ထုတ်ယူပြလိုက်ပြီး ပြောလိုက်သည်။
ခဲ့သည် ကျောက်တုံးတစ်ခုကို တိုက်ရိုက်ပင် အလွာများ ခွာချလိုက်သည်ကို ရှောက်ရွှမ်တွေ့လိုက်ရသည်။ အခြားကျောက်တုံးတစ်ခုကိုမူ အပူပေးလိုက် အအေးခံလိုက်ဖြင့် လုပ်နေခဲ့သည်။ လောင်ခဲ့သည် ကျောက်တုံးများ အရောင်ပြောင်းလဲခြင်း အကြောင်းကို သေချာ ရှင်းပြလိုက်သည်။
အချို့ကျောက်တုံးများသည် အပူပေးလိုက်ပါက အရောင်နှင့် အရည်အသွေး ပြောင်းလဲသွားတတ်လေသည်။ အချို့ကျောက်တုံးများမှာမူ အရည်အသွေးသာ ပြောင်းလဲသွားတတ်သည်။ အချို့ကျောက်တုံးများကို အပူပေး၍လည်း ထူးထူးခြားခြားပြောင်းလဲမှု မဖြစ်ပေ။ ကျောက်တုံးများကို အပူပေးသည့်အချိန်တွင် အပူချိန်ကို သေချာထိန်းချုပ်ထားရန်လိုအပ်သည်။ မည်သည့်အချိန်တွင် ကျောက်တုံးကို ထုဆစ်ရမည်ဆိုသည်ကိုလည်း သေချာ ရှင်းလင်းစွာနားလည်ထားရန်လိုအပ်သည်။ ထားရမည့်အပူန်အတွက်မူ ကျောက်တုံးထုဆစ်သူသည်သူ၏ ခံစားချက်များနှင့် အတွေ့အကြုံများကိုသာ အားကိုးရမည်ဖြစ်သည်။ သူတို့အနေဖြင့် တိတိကျကျတိုင်းတာနိုင်သော စက်ပစ္စည်းများ မရှိနေပေ။
လောင်ခဲ့သည် ကျောက်တုံးတစ်ခုကို တစ်ချက်ထိကြည့်လိုက်ယုံဖြင့် ပို၍ပူသည်ကို ပြောနိုင်သည်။ ရှောက်ရွှမ်အတွက်မူ ထိုမျှလောက်သော ကွာခြားချက်ကို သေချာ မပြောနိုင်နေခဲ့ပေ။
မတူညီသည့်ကျောက်တုံးများသည် အပူချိန်ပေါ်မူတည်ပြီး မတူညီသော တုန့်ပြန်မှုများရှိနေတတ်သည်။ ထို့ကြောင့် သူတို့ကို မတူညီသော အချိန်ကာလတစ်ခုအထိ အပူပေးရ၏။ သူတို့ကို အအေးခံသည့်အချိန်နှင့် သူတို့၏ တုန့်ပြန်မှုများသည်လည်း ကွာခြားတတ်ပေသည်။
လောင်ခဲ့ ကျောက်တုံးကြမ်း နှစ်ခုကို ယူလိုက်ပြီး အပူပေးလိုက်သည်။ သူ့လက်ထဲတွင် ကျောက်တုံး တုတ်ချောင်းတစ်ခုကို ကိုင်ထားပြီး ကျောက်တုံးများကို အထက်အောက် လှန်ပေးနေခဲ့သည်။
မီးတောက်သည် ဘေးပတ်ဝန်းကျင်အထိပါ အရှိန်ရနေပြီး ပူလောင်နေစေခဲ့သည်။ အချိန်တခုကြာလျှင် ဘေးမှလူသည် အပူရှိန်ကြောင့် ချွေးများထွက်လာမည် ဖြစ်သည်။ လောင်ခဲ့၏ မျက်နှာပေါ်တွင်လည်း ချွေးစက်များကို တွေ့နေရလေသည်။ သို့သော်လည်း သူ့လက်များသည် တည်ငြိမ်နေခဲ့ပြီး မြန်ဆန်စွာဖြင့် ကျောက်တုံးများကို လှည့်နေခဲ့သည်။
နာရီဝက်ခန့်ကြာသောအချိန်တွင် မီးပုံပေါ်မှ ကျောက်တုံးသည် အညိုဖျော့ရောင်မှ နီညိုရောင် အဖြစ်သို့ပြောင်းလဲသွားခဲ့လေသည်။ လောင်ခဲ့ ထိုကျောက်တုံးကို မီးပုံထဲမှ ထုတ်ယူလိုက်သည်။ သူသည် ကျောက်တုံးကို ချက်ချင်းထုဆစ်ခြင်း မပြုလုပ်သေးပေ။ အေးသည်အထိထားလိုက်ပြီး ကျောက်တုံး၏ နီညိုရောင် အရောင်အဆင်းသည် အနည်းငယ် ပြန်ဖျော့သွားခဲ့လေသည်။
ဖြတ်ထုတ်လိုက်သော ကျောက်တုံး အစအနများသည် တူညီသော ထူထဲမှု တစ်ခု ရှိနေကြသည်။ ဘယ်လောက်အထိ ကြိုးစားမှ ဒီလောက် ကျွမ်းကျင်မှုကို ရမှာလဲဟ........။
ရှောက်ရွှမ်၏ ယခင်ဘဝအမြင်အရဆိုလျှင် ခေတ်ပေါ်စက်ပစ္စည်းများ မရှိနေလျှင် ထိုကဲ့သို့လုပ်နိုင်ရန်မှာ မဖြစ်နိုင်သော ကိစ္စတစ်ခုသာ ဖြစ်သည်။
“ စံနမူနာ ယူလောက်သည့် ကျောက်တုံးထုဆစ်ခြင်း “ သည် ခက်ခဲရှုပ်ထွေးသော ဖြစ်စဉ်တစ်ခု ဖြစ်လေသည်။ မလုပ်ဖူးသည့် လူများသည် ဤအလုပ်မည်မျှ ခက်ခဲသည်ကို သိနိုင်ကြလိမ့်မည် မဟုတ်ပေ။
သဘောတရားပြီးလျှင်လည်း လက်တွေ့လုပ်ဆောင်မှုများကို လိုအပ်ပေသေးသည်။ ရှောက်ရွှမ်သည် နေ့လည်ဖက်များတွင် ကျောက်တုံးများမှ အပိုအစအနများကို ဖြတ်ထုတ်ပစ်သည့် ပညာကို သင်ယူနေခဲ့လေ၏။
“ ဖြုန်းတီးတာတွေ တအားများလွန်းတယ်။ ထပ်လုပ်ကြည့်ဦး “
“ မင်းက ဘာကိုထုနေတာလဲဟ၊ ထပ်လုပ်စမ်း “
“ မင်းတူကို ထိန်းနေတဲ့ပုံက ခွန်အားတွေကို သေချာမထိန်းနိုင်ဘူးဆိုတာကို ပြနေတယ်၊ ထပ်လုပ်ဦး “
“ ခနလေး၊ မင်းကို ဒီလို တိုက်ရိုက်ထုဖို့ကို ဘယ်သူကသင်ထားပေးတာလဲ ။ မင်း ငါးတွေအများကြီး စားခဲ့တာလား၊ ထပ်မထုခင် အပူပြန်ပေးဦး “
.......
လောင်ခဲ့၏ အိမ်နီးချင်းများသည် လတ်တလော ရက်များတွင် လောင်ခဲ့ပိုပြီး စိတ်မရှည်ဖြစ်နေကြောင်းကို သတိပြုလိုက်မိကြသည်။ သူတို့သည် ရှောက်ရွှမ်၏ အကြောင်းကိုပြောမိကြသည့် အချိန်တိုင်းတွင် ခေါင်းများကို ခါယမ်းလိုက်ကြပြီးသက်ပြင်း ချမိကြသည်။ “ အားရွှမ်ကတော့ တကယ်သနားစရာပါပဲ “
အမှန်တကယ်တွင်မူ အိမ်အတွင်းမှ အခြေအနေသည် လူအများထင်မြင်နေသည်လောက် ဆိုးဝါးနေခြင်းမရှိပေ။
လောင်ခဲ့သည် ပူညံပူညံပြောတတ်၏။ သို့သော်လည်း ရှောက်ရွှမ်ကို သင်ပေးရာတွင်မူ အလွန်စိတ်ရှည်လေသည်။ ထို့အပြင် ကျောက်တုံး များနှင့်ပတ်သက်ပြီး နှမြောတွန့်တိုနေခြင်းမရှိပေ။
နေ့လည်ခင်းတစ်ခုတွင် ရှောက်ရွှမ်သည် ကျောက်တုံး အကြမ်းငါးတုံးကို ဖြုန်းတီးလိုက်လေသည်။ တစ်ခုတည်းသာ သူယူလာခဲ့ခြင်းဖြစ်ပြီးကျန်သည့် လေးခုသည် လောင်ခဲ့၏ ကျောက်တုံးများ ဖြစ်ကြသည်။ သူတို့အားလုံးသည် အရည်အသွေးကောင်းသော ကျောက်တုံးများ ဖြစ်ကြလေသည်။ ရှောက်ရွှမ်သည် ထိုကျောက်တုံးများကို လေ့ကျင့်ရာတွင် အသုံးချလိုက်သောကြောင့် အနည်းငယ် အားနာသွားသည်။ လောင်ခဲ့သည် ထိုကိစ္စကိုမည်သို့မှ မပြောသော်လည်း ရှောက်ရွှမ် အနည်းငယ် အရှက်ရမိလေသည်။
လောင်ခဲ့အိမ်မှ သူ့အိမ်သို့ပြန်လာသည့်အချိန်တိုင်းတွင် သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် ပြင်းပြင်ထန်ထန်နာကျင်နေတတ်လေသည်။ သူ့ကြွက်သားများ နာကျင်နေသဖြင့် သူသည် မီးမွေးရန် ကျောက်တုံးအိုးကို အပူပေးရန် စသည့်ကိစ္စများကိုပင် သေချာမလုပ်နိုင်တော့ပေ။ အထူးသဖြင့် သူ့လက်ညိုးနှင့် လက်မကြားနေရာသည် အပူလောင်ဒဏ်ရာ ကဲ့သို့ ရရှိနေလေပြီ။ သူ့အနေဖြင့် ကျောက်တုံးအိုးကို အပူပေးရန် အကြိမ်များစွာပင် ကြိုးစားလိုက်ရသည်။
ကောင်းမွန်သော တစ်စုံတစ်ခုကို ရရှိနိုင်ရန်အတွက် စိတ်ရှည်မှ ဖြစ်ပေလိမ့်မည်။ ရှောက်ရွှမ်သည် ထုနှက်ခြင်းခံနေရသည်မှာ ကျောက်တုံးများ မဟုတ်ပဲ သူကိုယ်တိုင်ပင် ဖြစ်နေသကဲ့သို့ ခံစားမိလိုက်သည်။ သို့သော်လည်း ညဖက်တွင်မူ ပင်ပန်းလွန်းသောကြောင့် ချက်ချင်းအိပ်ပျော်သွားခဲ့လေသည်။ ညတစ်ညကုန်ဆုံးသွားပြီးသည့် အချိန်တွင် သူသည် စွမ်းအားပြန်လည် ပြည့်နေပြီ ဟုခံစားလိုက်ရသည်။ ကြွက်သားများနာကျင်မှုသည်လည် ပျောက်ကွယ်သွားခဲ့လေပြီ။
ထိုအရာသည် နတ်စွမ်းအားကြောင့်လော အခြားသူ့ခန္ဓာကိုယ်အတွင်းရှိ အရည်အချင်းများကြောင့်လော ဟု သူတွေးနေမိသည်။
နောက်နေ့မနက်စောစောတွင် ရှောက်ရွှမ် လေ့ကျင့်ရေးကွင်းပြင်ဆီသို့ ယခင်အကြိမ်များ ကဲ့သို့ပင် ထွက်လာခဲ့သည်။ ယမန်နေ့က ကောင်းမွန်သောကျောက်တုံးများရှိနေသည့် နေရာတစ်ခုကို သူတွေ့ခဲ့ရသည်။ သူ့အနေဖြင့် လေ့ကျင့်ရန် ကောင်းမွန်သော ကျောက်တုံးအချို့တို့ကို တူးဖော်ယူနိုင်ပေမည်။ သူ့အနေဖြင့် လောင်ခဲ့၏ ကျောက်တုံးများကို ဖြုန်းတီးမိသည်အတွက်အားနာစိတ်ဖြစ်နေခဲ့ရသည် မဟုတ်ပေလော။
သူလမ်းလျှောက်လာစဉ်တွင် တစ်စုံတစ်ခု ပုံမမှန်နေသည်ကို ရှောက်ရွှမ် တွေ့လိုက်ရသည်။ လူအများသည် တက်ကြွမှုသိပ်မရှိကြသည့် လူများသည်။ သို့သော် ဤနေ့တွင် လူများသည် မနက်စောစော အိပ်ယာထနေကြပြီး နေရာတစ်ခုတည်းသို့ ဦးတည်သွားနေကြလေသည်။
ခနတာမျှ စဉ်းစားလိုက်ပြီးနောက် ရှောက်ရွှမ် သူ့ခေါင်းကို သူ ပုတ်လိုက်မိသည်။
လန်ကာ့နှင့်အခြားသူများ အမဲလိုက်ထွက်တော့မည့် နေ့ဖြစ်သည်ကို သူမေ့နေခြင်း ဖြစ်သည်။
ရှောက်ရွှမ် လည်း အခြားသူများသွားနေသည့်ဖက်ကို ဆီဆာနှင့်အတူ သွားလိုက်လေသည်။
တောင်ခြေဒေသမှ တောင်ထိပ်ဒေသ ဆီသို့ လမ်းကြောင်းတစ်ခု ရှိနေခဲ့သည်။ ထိုနေရာသည် အခြားနေရာများထက် မြင့်မားပြီး မည်သူမှ နေထိုင်ကြခြင်း မရှိကြပေ။ အမဲလိုက်အဖွဲ့များသည် အမဲလိုက်ထွက်သည့်အချိန်တွင် ထိုလမ်းကြောင်းမှ ထွက်သွားလေ့ရှိကြသည်။ ပြန်လာလျှင်လည်း ထိုလမ်းကြောင်းမှ ပြန်လာလေ့ရှိသည်။
အချိန်ကြာလာသော အခါတွင် ထိုလမ်းကြောင်းသည် အခြားအဓိပ္ပာယ်တစ်ခုရှိလာခဲ့ပြီဖြစ်သည်။ လူအများသည် ထိုလမ်းကြောင်းကို “ ဂုဏ်သိက္ခာ အတွက်လမ်းကြောင်း “ ဟုခေါ်လေ့ရှိသည်။
စစ်သည်တော်များ အမဲလိုက်ထွက်တော့မည်ကို လိုက်ပို့ကြသော မျိုးနွယ်စုမှ လူများသည်လည်း စစ်ပွဲတစ်ပွဲအတွက် စစ်သည်များကို လိုက်ပို့သည့် လူများသဖွယ် စိတ်လှုပ်ရှားနေကြလေသည်။ အမဲလိုက်အဖွဲ့များ ပြန်လာလျှင် လုံလောက်သော သားကောင်များကို ယူလာနိုင်ကြမည်လော......။ သူတို့ အန္တရာယ်ကင်းပါမည်လော......။
လမ်းကြောင်းပေါ်တွင် စုဝေးနေကြသည့် လူအများစုသည် အမဲလိုက်ထွက်ကြတော့မည့် စစ်သည်တော်များ၏ ဆွေမျိုးများ ဖြစ်ကြလေသည်။ ကလေးများသာ မက သက်ကြီးဘိုးဘွားများပင် ပါဝင်နေခဲ့ပြီး သူတို့အားလုံး စိတ်လှုပ်ရှားနေကြလေသည်။ အမဲလိုက်အဖွဲ့ပြန်လာလျှင် သူတို့သည်ပင် ထိုလူများကို ထွက်ကြိုကြဦးမည် ဖြစ်သည်။
အမဲလိုက်အဖွဲ့မှ စစ်သည်တော်များအတွက်မူ ထိုလမ်းမသည် အခြားသော အဓိပ္ပာယ်တစ်ခုကို ဖော်ဆောင်နေခဲ့သည်။ ထိုအရာမှာ သူတို့၏ ကိုယ်ပိုင် အသိပညာနှင့် ခွန်အားကို မှတ်ကျောက်တင်ခြင်း ပင်ဖြစ်သည်။ ရှောက်ရွှမ်၏ နားလည်မှုအရ ထိုလမ်းကြောင်းသည် သူတို့ “ ဂုဏ်ယူ “ ရသော လမ်းကြောင်း တစ်ခုဖြစ်သည်။
အမဲလိုက်ရာသီ ပြီးသွားသည့်အချိန်တွင် မည်သူက ပိုများသော သားကောင်များကို ရရှိခဲ့သည် ကို လူတိုင်းသိနိုင်ကြပြီ ဖြစ်သည်။ ထိုအရာသည် ချမ်းသာကြွယ်ဝမှုလည်း ဖြစ်ပေသည်။ ချမ်းသာသော လူများအတွက် ဂုဏ်၊ အဆင့်အတန်းနှင့် အမျိုးသမီးများ ရှားပါးနေခြင်း မရှိပေ။
“ သူတို့လာနေကြပြီ “ တစ်စုံတစ်ယောက် အော်ဟစ်လိုက်သည်။
ရှောက်ရွှမ် ထိုဖက်သို့ လှမ်းကြည့်လိုက်သည်။
တောင်ပေါ်မှ ဆင်းလာသည့် လူဦးရေသည် နှစ်ရာခန့်ပင် ရှိနေခဲ့သည်။ ရှေ့ဆုံးမှ လမ်းလျှောက်လာသည့်လူသည် ပွဲတော်ညတွင် ရှောက်ရွှမ် တွေ့ခဲ့ဖူးသည့် လူတစ်ယောက် ဖြစ်သည်။ ထိုသူကိုသာ မက နောက်မှ လိုက်လာကြသည့် လူများထဲမှ အချို့ကိုလည်း ရှောက်ရွှမ် မြင်တွေ့ဖူးလေသည်။
အချို့လူများသည် ပွဲတော်ညက မီးပုံဘေးတွင် ကနေခဲ့ကြသည့် လူများ ဖြစ်သည်။
ဆင်းလာကြသည့်လူများသည် စစ်ပွဲတစ်ခုသို့သွားတော့မည့် စစ်သူကြီးများကဲ့သို့ ခံစားနေကြရသည်။ သူတို့၏ အမူအယာများသည် ဂုဏ်ယူဝင့်ကြွားမှု အပြည့်ပင်ဖြစ်သည်။ အချို့သည် ပြုံးနေကြပြီး အချို့သည် လေးနက်တည်ကြည်နေကြလေသည်။
သန်မာ မြင့်မားသော စစ်သည်တော်များကြားတွင် အရပ်ပုသေးသော ကလေးငယ်များကိုလည်း သိသိသာသာပင် မြင်တွေ့နေရလေသည်။ မျိုးနွယ်စုခေါင်းဆောင်၏ မြေးဖြစ်သူ မောင် သည်လည်း သူတို့ထဲမှ တစ်ယောက် ဖြစ်သည်။ ရှောက်ရွမ်ကို သူ၏ အရည်အချင်းများကို လာကြွားခဲ့သည့် ဖေး သည်လည်း သူတို့ထဲတွင် ပါဝင်နေပေသည်။
“ ဟေး အဲ့ဒီကလေးတွေက ဘယ်သူတွေလဲ “
“ သူတို့က ပထမဆုံး အမဲလိုက် တာဝန်ကို သွားနိုင်တယ်ဆိုမှတော့ သူတို့အားလုံးက သန်မာပြီးတော့ အရည်အချင်းရှိလို့ပဲ ဖြစ်ရမယ် “
“ အဲ့ဒီကလေးတွေက ဒီနှစ်စွမ်းအင်နှိုးထတဲ့အထဲက ထိပ်ဆုံးက လူတွေပဲ “
“ ဟေး အဲ့ဒါ မောင်လား ၊ သူက ငါတို့ မျိုးနွယ်စု ခေါင်းဆောင်ရဲ့ ပထမဆုံး မြေးမဟုတ်လား “
......
လူအများသည် စုဝေးနေကြပြီး ဆွေးနွေးနေကြ
လေသည်။
စိုင်၏ ဖခင်သည် ဖေးနှင့် အခြားသူများကို ညွှန်ပြလိုက်ပြီး စိုင်ကို ပြောလိုက်သည် “ မင်းကိုယ်မင်းပြန်ကြည့်ဦး၊ မင်းတို့က အသက်တူတူလောက်ပဲ၊ ပြီးတော့ သူတို့နဲ့ တစ်နှစ်ထဲမှာ စွမ်းအင်နှိုးထတာပဲ၊ အခုတော့ သူတို့က ပထမဆုံး အမဲလိုက် အဖွဲ့ထဲ လိုက်ပါခွင့် ရကြပြီ။ မင်းကကော “
စိုင်သည် သိသိသာသာပင် သူ့ဖခင်၏ စကားများကို ကျေနပ်ပုံမပေါ်ပေ။ “ တကယ်လို့ တောင်ထိပ်ဒေသမှာ နေတယ်ဆိုရင် ကျွန်တော်လည်း သူတို့လို လုပ်နိုင်ပါတယ် “
စိုင်၏ ဖခင်သည် ချက်ချင်းပင် ပြောစရာစကားမရှိဖြစ်သွားရလေသည်။ ထို့နောက် သူသည် စကားထပ်မပြောတော့ပဲ စိုင်၏မျက်နှာကို တစ်ချက်ရိုက်လိုက်လေသည်။