← Chapters

လက်ချောင်းတစ်ချောင်းရဲ့ အရှည်

Vol. 3 Ch. 34

လက်ချောင်းတစ်ချောင်းရဲ့ အရှည်

Vol. 3 Ch. 34

အခန်း (၃၄) ပုံစံပြောင်းလဲခြင်း

လောင်ခဲ့ ထိုင်ခုံပေါ်မှ ထခုန်လိုက်ပြီး သူ့မျက်လုံးများက ပွတ်သပ်ကြည့်လိုက်သည်။ သူသည် ခြေထောက်တစ်ဖက် မရှိသဖြင့် ယိမ်းယိုင်နေခဲ့လေသည်။ သူ့လှုပ်ရှားမှုကြောင့် ရှောက်ရွှမ် သူ့ကို ကြည့်လိုက်မိသည်။

ရှောက်ရွှမ် သူ၏လုပ်လက်စအလုပ်များကို ပစ်ချထားလိုက်ပြီး လောင်ခဲ့ကို စိတ်ဝင်စားစွာြဖင့် စိုက်ကြည့်လိုက်သည်။ သူ့အနေဖြင့် မည်သည့်အမှားကိုမှ လုပ်မိခြင်းမရှိကြောင်း သေချာနေလေသည်။ သူက ဘာလို့ “ တစ်ခုခုမှားနေတယ် “ ဆိုတဲ့ ပုံစံနဲ့ငါ့ကို ကြည့်နေရတာ ပါလိမ့်.......။

“ အားရွှမ် မင်းက .....မင်း ....မင်း .... “

လောင်ခဲ့ ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြောလိုက်သည်။ “ မင်းကိုယ်မင်းဘယ်လို လေ့ကျင့်တာလဲ “

လောင်ခဲ့ အဘယ်ကြောင့် ထိုသို့မေးသည်ကို မသိသော်လည်း ရှောက်ရွှမ် လတ်တလော သူလုပ်နေသည့် လေ့ကျင့်မှုများကို ပြောပြလိုက်လေသည်။ သူ့ထံတွင် ရှိနေသော အထူးစွမ်းရည်အကြောင်းကိုမူ မပြော ပြလိုက်ပေ။

လတ်တလော သူ၏လေ့ကျင့်မှုများသည် သာမန်လေ့ကျင့်မှုထက် ကျောက်တုံးထုဆစ်သည့်နေရာတွင် လေ့ကျင့်နေသည်နှင့်သာ တူနေပေသည်။ လေ့ကျင့်ရေးကွင်းပြင်တွင် စွမ်းအင်လတ်တလောနှိုးထလာသည့်ကလေးများစွာ ရှိနေခဲ့သည်။ သူတို့သည် သူတို့၏ ခွန်အားများကို လေ့ကျင့်ခြင်း ၊ သို့မဟုတ် တစ်စုံတစ်ခုကို ပစ်ခတ်လေ့ကျင့်ခြင်းများကို လုပ်ဆောင်ကြသည်။ ရှောက်ရွှမ် တစ်ယောက်တည်းသာ ကျောက်တုံးအကြမ်းများကို ရှာဖွေရာတွင် အာရုံစိုက်ထားခြင်း ဖြစ်သည်။ သူထိုသို့လုပ်နေသည့်အတွက် အချို့သော လူများသည် သူ့အား တိတ်တဆိတ်ပင် လှောင်ပြောင်နေကြလေသည်။

အတွေးတစ်ချို့ကို တွေးလိုက်ပြီး‌နောက်တွင် ရှောက်ရွှမ် ပြောသည့်အထဲမှ မူမမှန်သည့် တစ်စုံတစ်ရာကိုမှ ခဲ့ မတွေ့မိလိုက်ပေ။ ရှောက်ရွှမ်သည် အလုပ်ကြိုးစားပြီး ကျောက်တုံးထုဆစ်သည့်နေရာတွင်လည်း အဆုံးမရှိသော အားစိုက်မှုများကို ပြုလုပ်လေ့ရှိသည်။ ထို့ကြောင့်လည်း လောင်ခဲ့ သူ့ကို သင်ပေးချင်စိတ်ပေါ်လာခြင်းဖြစ်သည်။ သို့သော်လည်း ခဲ့ ကိုယ်တိုင်သည်လည်း အလုပ်ကြိုးစားသူ တစ်ဦးဖြစ်သော်လည်း သူ့အနေဖြင့် အဘယ်ကြောင့် ရှောက်ရွှမ်ကဲ့သို့ မဖြစ်နေရသနည်း........။

မည်သို့ပင်ဖြစ်စေ ခဲ့သည် အကြောင်းပြချက်ကို ရှာမတွေ့ခဲ့ပေ။ သို့နှင့် ရှောက်ရွှမ်၏ တိုးတက်မှုကို သူ့ကိုယ်ပိုင် အရည်အချင်းတစ်ခုအဖြစ်သာ သူတွေးထားလိုက်သည်။ သူ့အနေဖြင့် အသက်ဆယ်နှစ် အရွယ်တွင် စွမ်းအင်နှိုးထခြင်းမှာ အံ့သြစရာမရှိတော့ပေ။

တည်ငြိမ်စေရန် ဆောင်ရွက်လိုက်ပြီးနောက် လောင်ခဲ့ ရှောက်ရွှမ်ကို လက်အမူအယာပြလိုက်ပြီး ဆက်လုပ်ခိုင်းလိုက်သည်။ ထို့နောက်တွင် သူတစ်စုံတစ်ခုကို တွေးလိုက်မိပြီး လိုက်ကာကို မလိုက်ကာ ကျောက်တုံးထုဆစ်သည့်အလုပ်ရုံကို နှစ်ခြမ်း ခြမ်းလိုက်လေသည်။ ထို့နောက် ရှောက်ရွှမ်ကို အတွင်းခန်းသို့ ဝင်ပြီး ကျောက်တုံးထုဆစ်ရန်ပြောလိုက်သည်။

သိလိုစိတ်များ ရှိနေခဲ့သော်လည်း ရှောက်ရွှမ် ခဲ့ပြောသည့်အတိုင်းပင် လုပ်လိုက်သည်။ လောင်ခဲ့ ထိုသို့လုပ်ရခြင်းမှာ အကြောင်းပြချက်တစ်ချို့ ရှိရလိမ့်မည် ဖြစ်သည်။

လိုက်ကာ၏ တစ်ဖက်မှနေပြီး လောင်ခဲ့သည် ရှောက်ရွှမ်၏ ပုံရိပ်လေးကို မြင်နိုင်နေဆဲဖြစ်သည်။ လောင်ခဲ့၏ မျက်ခုံးများ ပြေလျော့သွားပြီး တစ်စုံတစ်ခုကို တွေးမိလိုက်ကာ ပြုံးလိုက်လေသည်။

နေဝင်တော့မည့် အချိန်တွင် ရှောက်ရွှမ် သူ့အလုပ်ခန်းအတွင်းမှ ထွက်လာခဲ့လိုက်သည်။ သူ့တစ်ကိုယ်လုံးသည် ချွေးများဖြင့် စိုရွဲနေခဲ့လေပြီ။ ပြီးစီးသွားသည့် ကျောက်တုံးများကို လောင်ခဲ့ ကြည့်ရှုရန်အတွက် သူကမ်းပေးလိုက်သည်။

လောင်ခဲ့သည် ရှောက်ရွှမ်၏ ကျောက်တုံးလက်ရာများကို တစ်ခုပြီးတစ်ခု ကြည့်နေခဲ့သည်။ ထို့နောက် သူရှောက်ရွှမ်ကို ပြောလိုက်သည်။ “ မင်းအခုသွားသင့်နေပြီ။ မနက်ဖြန်က စပြီးတော့ မင်းရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ကျောက်တုံးတွေကို ထုဆစ်တာ၊ ပြန်လည်သန့်စင်တာကို လုပ်ရမယ်။ မှန်တယ်ထင်တာကို လုပ်ပါ “

“ ကောင်းပါပြီ။ ကျွန်တော် ကြိုးစားပါ့မယ် “

အမှန်တကယ်တွင်လည်း ရှောက်ရွှမ်သည် သူ့ကိုယ်ပိုင် တစ်ကိုယ်တော် တစ်ခုခုကို ပြုလုပ်ချင်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။ သို့သော်လည်း သူသည် ထိုမျှလောက် အရည်အချင်းမရှိသေးပေ။ ထို့ကြောင့် သူလုပ်မည့်ပစ္စည်းများသည် စိတ်ကူးထဲကနှင့် တခြားစီ ဖြစ်နေခဲ့သည်။ ယခုတွင် လောင်ခဲ့က ခွင့်ပြုလာခဲ့ပြီ ဖြစ်သဖြင့် ၊ ရှောက်ရွှမ် အနေဖြင့် သူလုပ်ချင်တာကို လုပ်နိုင်ပြီ ဖြစ်သည်။

စိတ်ကျေနပ်ဖွယ်ကောင်းသည့် ကျောက်တုံးပစ္စည်းများကို ပြုလုပ်ရန်အတွက် သူသည် ကျောက်စကျောက်နများကို ထုနှက်ထုတ်ခြင်းကို အရင်ဦးစွာ ပြုလုပ်ရမည် ဖြစ်သည်။ ထို့နောက်တွင်မှ ပြန်လည် သန့်စင်ခြင်း၊ ဖိအားပေးခြင်း ၊ အပူပေးခြင်းတို့ကို လုပ်ဆောင်ရမည် ဖြစ်သည်။ ထို့အပြင် သူ့အတွက် များစွာသော ကိရိယာများကိုလည်း လိုအပ်ပေသေးသည်။ ရှောက်ရွှမ် ထံတွင် ရှိနေသည့် ကိရိယာ များသည် လုံလောက်ခြင်း မရှိပေ။ သူ့အနေဖြင့် တစ်ခုခုကို ထုဆစ်လိုလျှင် လောင်ခဲ့၏အလုပ်ရုံသို့ လာရန် လိုအပ်ပေသည်။

အစပိုင်းတွင် ရှောက်ရွှမ် အနေဖြင့် သိပ်များများ စားစားတွေးတောထားခြင်း မရှိ‌ပေ။ သူသည် မျိုးနွယ်စုမှ အသုံးများသော ပစ္စည်းများကိုသာ အရင်ဆုံးပြုလုပ်ရန် တွေးထားလေသည်။

နောက်နေ့တွင် သူမနက်စောစော ရွေးချယ်ထားခဲ့သည့် ကျောက်တုံးအကြမ်းများကို ယူလာခဲ့ပြီး လောင်ခဲ့၏ အလုပ်ရုံသို့ သွားလိုက်လေသည်။

ရှောက်ရွှမ်သည် တောင်ပံနှစ်ခုပါသော မြှားခေါင်း တစ်ခုကို သူ့ဖာသာ ပြုလုပ်ကြည့်ချင်နေသည်။ ထိုကဲ့သို့သော မြားခေါင်းသည် အသုံးများသော ပစ္စည်းတစ်ခုဖြစ်လေ၏။ လန်ဂ တစ်ယောက်တည်းပင် ထိုကဲ့သို့သော မြားခေါင်းများစွာကို အသုံးပြုတတ်လေသည်။

လောင်ခဲ့သည် မြားခေါင်းပြုလုပ်ရန် နည်းစနစ်များကို ရှောက်ရွှမ်ကို ပြောပြထားခဲ့ပြီးသား ဖြစ်သည်။ အခြားကျန်သည့် အရည်အသွေးများကိုမူ လက်တွေ့လုပ်ကြည့်မှသာ တဖြေးဖြေး သိလာမည် ဖြစ်၏။

လာသည့်ရက်များအတွင်း လောင်ခဲ့ ရှောက်ရွှမ်ကို အနီးကပ်စောင့်ကြည့်ပေးနေခြင်း မရှိတော့ပေ။ ရှောက်ရွှမ်သည် သူ၏စောင့်ကြည့်ပေးမှု မပါပဲနှင့် ကောင်းစွာ လုပ်ကိုင်နိုင်နေပြီ ဖြစ်၏။ တုတ်ချောင်းတစ်ခုကို ထောက်ကာ မှီလိုက်ပြီး လောင်ခဲ့ သစ်သားသေတ္တာတစ်ခုအတွင်းမှ အမျိုးအစား အမျိုးမျိုးသော မတူညီသည့် အရွယ်အစားရှိသည့် ကျောက်တုံးများကို ထုတ်လိုက်ကာ သူ့အိမ်ရှေ့တွင် ချထားလိုက်သည်။

ထိုပစ္စည်းများသည် လွန်ခဲ့သော ရက်များ အတွင်းက ရှောက်ရွှမ် ပြုလုပ်ထားခဲ့သည့် ပစ္စည်းများ ဖြစ်ကြသည်။ အများစုသည် လှံထိပ်ခေါင်းများ ၊ မြှားထိပ်ဖူးများ ဖြစ်ကြပြီး လောင်ခဲ့ပြုလုပ်သည့် ပစ္စည်းများနှင့် ပုံစံအနည်းငယ် ကွဲပြားနေခဲ့သည်။

အမှန်တကယ်တွင် လောင်ခဲ့သည် သူ၏စည်းမျဉ်းများကို ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။ နေ့လည်ခင်းများတွင် လူအများကို သူ့အိမ်အတွင်းသို့ ဝင်လာခွင့်မပြုခဲ့ပေ။ မနက်ခင်းများတွင် သူသည် ရှုပ်ထွေးသော ကျောက်တုံးကိရိယာများကို ယူဆောင်ပြီးအပြင်သို့ ထွက်လာခဲ့သည်။ အကယ်၍ တစ်စုံတစ်ယောက်သည် သူ၏ကျောက်တုံးကိရိယာများကို လဲလှယ်လိုလျှင် အလျှင်အမြန် ပြုလုပ်ရလိမ့်မည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော လောင်ခဲ့သည် နေ့လည်တွင် သူ့ပစ္စည်းများကို သိမ်းလိုက်ပြီး နောက်တစ်ကြိမ် ပြန်ထွက်လာခြင်း မရှိတော့သောကြောင့် ဖြစ်သည်။

ထို့ကြောင့်‌ လောင်ခဲ့ ထွက်လာသည်ကို မြင်တွေ့လိုက်ရသည့်အချိန်တွင် လူအများ စုဝေးလာခဲ့ကြသည်။

“ ဟေးလောင်ခဲ့ ..... ခင်ဗျားစီးပွားရေးလုပ်တာက ဘာလို့ ဒီအချိန်မှာလုပ်ရတာလဲ .... “

“ ဟေး လောင်ခဲ့ ဒါတွေက အားရွှမ်ရဲ့လက်ရာတွေတော့ မဟုတ်ဘူးမလား “

ရှောက်ရွှမ် လောင်ခဲ့ထံမှ ကျောက်တုံးထုဆစ်ခြင်းကို သင်ယူနေကြောင်းကို လူပေါင်းများစွာက သိထားကြလေသည်။ သို့သော်လည်း လူအများစုသည် ထိုအကြောင်းနှင့်ပတ်သက်ပြီး အကောင်းမြင်စိတ် သိပ်မရှိကြပေ။ အချို့သည် ရှောက်ရွှမ်မည်မျှကြာသည် အထိ သင်ယူနိုင်မည်ကို ဆွေးနွေးနေကြပြီး လောင်ခဲ့၏ ယခင်တပည့်များ နည်းတူ ထွက်သွားရခြင်း ရှိမရှိကို သိလိုနေကြသည်။ မမျှော်လင့်စွာပင် ရှောက်ရွှမ်သည် ဆက်လက် သင်ယူနေဆဲဖြစ်သည်။ ကြည့်ရသည်မှာ‌လောင်ခဲ့သည် ယခင်ကထက် စိတ်ရှည်လာပုံရပေ၏။

ထူးဆန်းမနေဘူးလား ......။

အမှန်တကယ်တွင် ကျောက်တုံးပစ္စည်းများကို ရှောက်ရွှမ် လုပ်ထားသည်လားဟု မေးလိုက်သည့် လူသည် သူ့စကားအဆုံးတွင် သူ့ဖာသာရယ်မောမိလိုက်သည်။ သူနှင့်အတူလာသော သူများလည်း ပြိုင်တူ ရယ်မောလိုက်ကြသည်။ မည်သို့ပင်ဖြစ်စေ သူတို့၏ အမြင်တွင် ရှောက်ရွှမ်ပညာသင်နေသည်မှာ ရက်အနည်းငယ်သာ ရှိနေသေးသည်။ သူ့အနေဖြင့် ကျောက်တုံးကိရိယာ တန်ဆာပလာများကို အောင်မြင်အောင် ထုလုပ်နိုင်စွမ်း ရှိဦးမည် မဟုတ်‌ပေ။ သူတို့သည် လောင်ခဲ့ကို စနောက်နေကြခြင်းသာ ဖြစ်သည်။

“ ဒါက တော်တော်လေး ကောင်းတဲ့ မြားခေါင်းပဲ၊ ပြီးတော့ မြေပြင်ထောင်ချောက်တွေ ထောင်တဲ့နေရာမှာလည်း အသုံးဝင်တယ်။ ပြီးတော့ ဒီနေရာကိုကြည့်လိုက်၊ သေချာ အရောင်တင်ထားတာပဲ၊ ငါဒါကို ကြိုက်တယ် “ တစ်ယောက်သည် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သူကြိုက်သည့် ပစ္စည်းတစ်ခုကို ရွေးလိုက်ကာ ပြောလိုက်သည်။

တစ်စုံတစ်ယောက်က စတင်ရွေးချယ်နေသည်ကို တွေ့လိုက်ရသည့်အခါ အခြားသူများသည်လည်း စကားများမနေကြတော့ပဲ သူတို့နှစ်သက်သည့် ပစ္စည်းများကို ရွေးလိုက်ကြလေသည်။ မဟုတ်လျှင် ပစ္စည်းများကို အခြားသူများက‌ ရွေးယူသွားကြတော့မည် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ လောင်ခဲ့၏ ပစ္စည်းများသည် အခြားသူများ၏ ပစ္စည်းများထက် ပို၍ ကောင်းမွန်ပေသည်။

“ ဟေး လောင်ခဲ့ ခင်ဗျား က ဒီဇိုင်းပြောင်းလိုက်တာလား၊ မြားခေါင်းတွေပေါ်က အဖုလေးတွေက ပိုတိုသွားသလိုပဲ “ စစ်သည်တော်တစ်ယောက် မြားခေါင်းကို သေချာကြည့်လိုက်ပြီး ပြောလိုက်သည်။

လောင်ခဲ့သည် တိတ်ဆိတ်စွာပင် မျက်နှာတည်ကြီးဖြင့် ထိုနေရာတွင်သာ ထိုင်နေဆဲဖြစ်သည်။

ပစ္စည်းအလဲအလှယ်လာလုပ်ကြသည့် သူများသည် လောင်ခဲ့၏အမူအယာနှင့်ပတ်သက်ပြီး ထူးဆန်းမနေကြတော့ပေ။ လောင်ခဲ့အနေဖြင့် ရှင်းပြလိမ့်မယ်ဟုလည်း သူတို့မမျှော်လင့်ထားခဲ့ပေ။ မည်သို့ပင်ဖြစ်စေ၊ ကျောက်တုံးထုဆစ်သူသည် သူ့ပစ္စည်းကို သူကြိုက်နှစ်သလို ပုံစံပြောင်းလဲနိုင်ပေသည်။

အမဲလိုက်ရာတွင် စစ်သည်‌တော်များသည် ကျောက်တုံး ကိရိယာလက်နက်များကို များစွာအသုံးပြုကြရသည်။ သတ္တုများကဲ့သို့ တဖန်ပြန်လည် အသုံးပြုနိုင်ခြင်း မရှိသဖြင့်် ကျောက်တုံး လက်နက်များသည် တစ်ကြိမ်သုံးများသာ ဖြစ်ကြသည်။ ထို့ကြောင့်ပင် စစ်သည်တော်များသည် ကျောက်လက်နက်များကို လိုအပ်ချက် များပြားပေသည်။

ပထမဆုံးသော အမဲလိုက်အဖွဲ့ထွက်ခွာသွားပြီး ရက်ပေါင်းနှစ်ဆယ် ပြည့်တော့မည် ဖြစ်သည်။ ပုံမှန်ဆိုလျှင် အမဲလိုက်အဖွဲ့သည် ရက်နှစ်ဆယ်တိုင်းတွင် တစ်ခါ အိမ်ပြန်လာတတ်ကြသည်။ အခက်အခဲများနှင့်တွေ့နေလျှင်သော်မှ အမဲလိုက်ကာလသည် တစ်လ ထက်ကျော်လွန် ခြင်း မရှိပေ။ သူတို့၏ မိသားစုဝင်များသည် မျိုးနွယ်စုတွင် ကျန်နေခဲ့ပြီး အကယ်၍ သူတို့မပြန်လာလျှင် ထိုသူများ အစာငတ်မွတ်ကုန်လိမ့်မည် ဖြစ်သည်။

ထို့ကြောင့် အမဲလိုက်အဖွဲ့ပြန်လာတော့မည်ကို တွက်ချက်နိုင်ပေသည်။ ဆိုလိုသည်မှာ နောက်ထပ် အမဲလိုက်အဖွဲ့တစ်ခုက တာဝန်ကို ထမ်း‌ဆောင်ရတော့မည် ဖြစ်သည်။ သူတို့အနေဖြင့် ကျောက်တုံး လက်နက်ကိရိယာများကို စောစောပြင်ဆင်ထားလေလေ သူတို့အတွက်ပိုကောင်းလေလေ ဖြစ်သည်။

“ သူတို့က နောက်ထပ် ရက်အနည်းငယ်လောက်ဆိုရင် ပြန်လာတော့မယ်။ မနက်တုန်းကဆိုရင် ဒဏ်ရာရတဲ့ လူတွေ ပြန်လာနေတာကို ငါတွေ့လိုက်သေးတယ်။ ဒီတစ်ကြိမ်တော့ စစ်သည်တော်နှစ်ယောက် ဆိုးဆိုးဝါးဝါး ဒဏ်ရာရလာခဲ့တယ်။ ဒါပေမယ့် သေတော့ မသေနိုင်ပါဘူး။ ငါကြားတာတော့ ဒီတစ်ကြိမ် ဘယ်သူမှ မသေကြဘူးတဲ့ “ တစ်စုံတစ်ယောက် ပစ္စည်းများကို ရွေးနေလိုက်ရင်းပြောလိုက်သည်။

“ ဒါဆိုရင် ငါတို့သွားရတော့မှာပေ့ါ ..... ငါအိမ်ကိုပြန်ပြီးတော့ ပစ္စည်းတစ်ချို့ပြန်ယူပြီးတော့ လောင်ခဲ့နဲ့ လဲရမယ် “

“ မင်းပြောတောက နှစ်ယောက် ဒဏ်ရာရတယ်တဲ့လား ... ဘယ်သူတွေလဲ “

“ ....... “

လူအများသည် စကားပြောနေကြပြီးပစ္စည်းများကိုလည်း ရွေးနေကြလေသည်။ သူတို့ရွေးပြီးသော ပစ္စည်းများကို လက်ထဲတွင် သေချာ ဆုပ်ကိုင်ထားကြလေ၏။

“မင်းက ပစ္စည်းလဲမှာလား မလဲဘူးလား၊ လဲပြီးရင်လည်း သွားတော့လေ “ လောင်ခဲ့ အေးစက်နေသော မျက်နှာဖြင့် လက်ဝှေ့ယမ်းလိုက်ပြီး ပြောလိုက်သည်။ သူတို့အနေဖြင့် ဆွေးနွေးမှုများကို အခြားနေရာများတွင် လုပ်နိုင်ပေသည်။ အားရွှမ်သည် အခန်းထဲတွင် ထုဆစ်နေဆဲဖြစ်ပြီး သူတို့သာ စကားများနေပါက သူ့ကို နှောင့်ယှက်မိနိုင်၏။

လူအုပ်၏မျက်စိထဲတွင် လောင်ခဲ့သည် ကြမ်းတမ်းသော လူတစ်ယောက် ဖြစ်သည်။ သူသည် ဆက်ဆံရန် မလွယ်ကူသည့်လူတစ်ယောက်လည်း ဖြစ်သည်။ သူ့အနေဖြင့် ကျောက်တုံး ထုဆစ်ခြင်းမှ လွဲ၍ အခြားအရာများကိုလည်း စိတ်ဝင်စားသည့်ပုံ မပေါ်နေပေ။ သူသည် ရံဖန်ရံခါတွင်လည်းဒေါသတကြီး အော်ဟစ်တတ်သေးသည်။ လောင်ခဲ့သည် ရှောက်ရွှမ်ကိုမူ အခြားအရာများထက် ပို၍တန်ဖိုးထားပေသည်။ လူအများအသံဆူညံလာသည်နှင့် သူသည် သူတို့ကို မောင်းနှင်ထုတ်နေခဲ့၏။

လူအများသည် စိတ်တိုသွားကြခြင်း မရှိပေ။ သူတို့စကားပြောနေသည်ကို ရပ်တန့်လိုက်ကြပြီး ပစ္စည်းများကိုသာ ရွေးနေလိုက်ကြလေသည်။

ကျောက်ပစ္စည်းတော်တော်များများကို ရွေးယူပြီးကြပြီး၊ နောက်ထပ်လူများ လာရောက်ခြင်းမရှိသည်ကိုတွေ့မြင်လိုက်ရသည့်အချိန်တွင် လောင်ခဲ့သည် သူ့ပစ္စည်းများကို ပြန်သိမ်းလိုက်လေသည်။ သူ့ခေါင်းကို ခါယမ်းလိုက်ပြီး သူ့ဖာသာပြောလိုက်သည် “ ဘာလို့ကျောက်တုံး ပစ္စည်းသေး‌သေးလေး တွေက အသုံးမဝင်ရမှာလဲ..... သေချာအသုံးချမယ်ဆိုရင် သူတို့က ပစ္စည်းအကြီးတွေထက်တောင် ပိုပြီး သေစေနိုင်သေးတယ် “

ရှောက်ရွှမ် သူ့အလုပ်ပြီးသည့်အချိန်တွင် ပင်ပန်းနွမ်းနယ်နေသည့် ခန္ဓာကိုယ်ဖြင့် အိမ်သို့ပြန်လိုက်လေသည်။ ထိုအချိန်တွင် အမဲလိုက်အဖွဲ့လည်း ပြန်လာခဲ့ပြီ ဖြစ်သည်။

All Chapters