င့ါကိုလာပြီးထိုးကြည့်
Vol. 3 Ch. 36
အလယ်အလတ်အဆင့်ရှိသည့် မျိုးနွယ်စု စစ်သည်တော် တစ်ယောက် ဖြစ်သဖြင့် မိုင်သည် အမဲလိုက်အဖွဲ့ထဲတွင် အရေးပါသည့်နေရာကို ရရှိထားလေသည်။ ထို့ကြောင့် သူသည် မျိုးနွယ်စုသို့ ပြန်ရောက်သည့်အချိန်တွင် လုပ်စရာ အလုပ်တော်တော်များများရှိနေခဲ့၏။ သူသည် လန်ကာ့ကဲ့သို့ အေးအေးဆေးဆေး နေနိုင်ခြင်း မရှိပေ။ ရှောက်ရွှမ်ရောက်သွားသည့်အချိန်တွင် သူသည် အချို့သော စစ်သည်တော်များကို ကင်းလှည့်သည့်တာဝန်များကို စီစဉ်ပေးနေခဲ့သည်။
ရှောက်ရွှမ် အိမ်ထဲမှာပင် စောင့်နေလိုက်ပြီး အခြားစစ်သည်တော် နှစ်ဦးပြန်သွားသည့်အချိန်မှသာ မိုင် အိမ်ထဲသို့ ဝင်လာခဲ့သည်။
အခန်းထဲတွင် မိုင် အသားတစ်ခုကို လှီးဖြတ်လိုက်သည်။ အမဲလိုက် တာဝန်အတွင်း၌ စစ်သည်တော်များသည် သားကောင်များကို ဤအတိုင်းသာ ယူလာခဲ့သဖြင့် မျိုးနွယ်စုသို့ ပြန်ရောက်သည့် အချိန်တွင် ထိုသားကောင်များကို လှီးဖြတ်ရန် လိုအပ်ပေသည်။ အချို့အသားများကို ရေရှည်ခံအောင် ပြုလုပ်ရဦးမည်လည်း ဖြစ်သည်။ သို့မှသာ နောက်ပိုင်းလိုအပ်ချိန်များတွင် အသုံးပြုနိုင်လိမ့်မည် ဖြစ်သည်။
“ ဟေး.... “ မိုင် ရှောက်ရွှမ်ကို လက်ဝှေ့ယမ်းပြလိုက်သည်။ ထို့နောက် ဖရဲသီးတစ်လုံးအရွယ်ခန့်ရှိသော အသားတုံးတစ်ခုကို ရှောက်ရွှမ်ထံသို့ပစ်ပေးလိုက်သည်။ “ ရော့မင်းအတွက် ..... အိမ်ပြန်ရင် ယူပြန်သွားပေါ့ ၊ မင်းလည်း စစ်သည်တော်တစ်ယောက် ဖြစ်လာတော့ ပိုပြီးဗိုက်ဆာတတ်လာမှာပဲ၊ လေ့ကျင့်တာက စွမ်းအင်တော်တော်လေး လိုအပ်တယ်လေ”
အစားအစာမရှိလျှင် လေ့ကျင့်မှုများကို မပြုလုပ်နိုင်ပေ။ စစ်သည်တော်များလေ့ကျင့်သည့်အချိန်တွင် စွမ်းအင်အများအပြားကို အသုံးပြုရလေသည်။ ထို့ကြောင့်သူတို့သည် သာမန်လူများထက် အစားကြီးကြလေ၏။ ရှောက်ရွှမ် ကဲ့သို့သော စွမ်းအင်နှိုးထသူ အသစ်လေးများသည် ယခုမှသာ ကြွက်သားများကို ပြည့်ဖြိုးစေရန် လေ့ကျင့်နေရဆဲဖြစ်သည်။ ထို့ကြောင့် သူတို့သည် အစားအစာများကို ပိုပြီးလိုအပ်ပေသည်။
“ ကျေးဇူးတင်ပါတယ်၊ ဦးလေး မိုင် “ ရှောက်ရွှမ် အသားတုံးကို ယူလိုက်ပြီး သားရေအိတ်ကို ကမ်းပေးလိုက်ကာ “ ဒါက ဦးလေး အတွက်ပါ”
မိုင် သူ့လက်ထဲမှ ပုဆိန်ကို ချထားလိုက်ပြီး အိတ်ကို စိတ်ဝင်တစား ကြည့်လိုက်သည် “ မင်းဒါတွေကို မင်းကိုယ်တိုင်လုပ်လာခဲ့တာလား”
“ ဟုတ်တယ်၊ ဦးလေးရဲ့ပစ္စည်းတွေနဲ့တော့ နှိုင်းယှဉ်လို့ မရပါဘူး။ ဒါပေမယ့် တစ်နည်းနည်း နဲ့တော့ အသုံးဝင်လိမ့်မယ်လို့ ထင်ပါတယ် “ ရှောက်ရွှမ် ခေါင်းကုတ်လိုက်သည်။ လန်ကာ့နင့် မတူစွာ ယခုသူပေးသော ပစ္စည်းများထဲတွင် မြားခေါင်းများ သိပ်မပါနေခဲ့ပေ။ ထို့အစား လှံထိပ်ခေါင်းများကို သူပေးခဲ့ခြင်းဖြစ်သည်။ မိုင်နှင့်လန်ကာ့တို့သည် အမဲလိုက်အဖွဲ့တွင် မတူညီသည့် နေရာများမှ ပါဝင်ကြရသည်။ သူတို့အသုံးပြုသည့်ပစ္စည်းများသည် သူတို့၏နေရာများအလိုက် ကွဲပြားပေသည်။
ရှောက်ရွှမ် လောင်ခဲ့ထံမှ ကျောက်တုံးထုဆစ်ခြင်းကိုသင်ယူနေကြောင်းကို လန်ကာ့ထံမှ မိုင်သိထားပြီး ဖြစ်သည်။ သို့သော် အချိန်အနည်းငယ်သာရှိသေးသဖြင့် ကောင်းမွန်သော ပစ္စည်းများ ဖြစ်လိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။ သူ့အနေဖြင့် ကလေး၏ ယုံကြည်မှုကိုသာ မထိခိုက်စေချင်သောကြောင့် ပစ္စည်းများကို လက်ခံလိုက်ခြင်း ဖြစ်သည်။
မိုင် အိတ်ကိုဖွင့်လိုက်ပြီး ပြုံးလိုက်သည်။ “တကယ်တော့ မင်းကမလောသင့်ဘူး။ မင်းအသက်အရွယ်နဲ့ ဆိုရင် မင်းအနေနဲ့ ဒီလောက် ကြိုးစားတာကလုံလောက်နေပါပြီ။ အနာဂတ်မှာ.....”
အိတ်ထဲမှ လှံထိပ်ဖျားများကို ကြည့်လိုက်ပြီး မိုင်စကားပြောနေစဉ်မှာပင် ရပ်တန့်သွားမိသည်။ သူနောက်ထပ်ပြောမည့်စကားများကို ပြန်မျိုချလိုက်ရလေ၏။
လှံထိပ်ခေါင်းများသည် သူအသုံးပြုသည့် လှံထိပ်ခေါင်းများနှင့် တထေရာတည်း တူညီနေခဲ့သည်။ အစွန်းများသည် အလွန်အမင်းပင် ထက်ရှနေပေသည်။ ကြည့်ရသည်မှာကျောက်တုံးများကို အရောင်တင်သည့်နေရာတွင်လည်း သေချာ အားစိုက်ထားဟန် ရပေသည်။
လန်ကာ့ကဲ့သို့ပင် မိုင်သည်လည်း ရှောက်ရွှမ်ကို လေ့ကျင့်ရန်အတွက် ကျောက်တုံးကိရိယာ တချို့ကို ပေးဖူးပေသည်။ သူ့အသုံးအဆောင်အများစုသည် ကျောက်တုံးလှံခေါင်းများ ဖြစ်ကြသည်။
“ ဒါတွေအားလုံးကို မင်း.... မင်းကိုယ်တိုင် လုပ်ထားတာလား “
ရှောက်ရွှမ်ခေါင်းညိတ်ပြလိုက်သည်ကို မိုင် မြင်လိုက်ရသည်။ ထို့နောက် သူ့လက်ထဲရှိ လှံခေါင်းများကို မိုင် ပြန်ကြည့်လိုက်သည်။ သူသည် ရှောက်ရွှမ်ကို ထိုမျှအထိ မမျှော်လင့်ထားခဲ့ပေ။ ယခုလက်ရှိအခြေအနေအရ ရှောက်ရွှမ်သည် အစားအစာရှားပါးခြင်းမရှိပဲ မျိုးနွယ်စုထဲတွင် ရှင်သန်နိုင်နေပေပြီ။
မိုင် ရယ်လိုက်သည် “ ကောင်းတယ်၊ အရမ်းကောင်းတယ် “
မိုင်သည် လန်ကာ့နှင့်မတူပဲ ကျောက်တုံး ထုဆစ်ခြင်းကို စိတ်ဝင်စားခြင်း မရှိလှပေ။ ရှောက်ရွှမ်၏ အလုပ်နှင့် ပတ်သက်လျှင်မူ သူအတော်လေး လေးစားမိလေသည်။
လှံခေါင်းများကို သိမ်းဆည်းလိုက်ပြီးနောက် ရှောက်ရွှမ်၏ လေ့ကျင့်ခန်းများ အကြောင်းကို မေးလိုက်ပြီး အကြံတစ်ချို့ကို ပေးလိုက်လေသည်။ စွမ်းအင်နှိုးထ ခါစဖြစ်သည့် ရှောက်ရွှမ် အနေဖြင့် လေ့ကျင့်နိုင်သမျှ လေ့ကျင့်ရန် အရေးကြီးကြောင်းကို သူသတိပေးနေခဲ့သည်။ အမဲလိုက်ခြင်းအတွက် မလောနေရန်လည်း သူမှာလိုက်သည်။ မဟုတ်လျှင် အားဖေး ဆိုသည့် ကလေးတစ်ယောက်နှင့် တူနေပေမည်။ အားဖေးသည် အမဲလိုက်အဖွဲ့အတွက် အကူအညီမရပဲ ဝန်ထုပ်ဝန်ပိုး တစ်ခုသာဖြစ်နေလေ၏။
မိုင် ခနစဉ်းစားလိုက်ပြီးနောက် သူ့လက်ဝါးကို ထောင်လိုက်ကာ “ ငါ့လက်ကို ထိုးကြည့်၊ မင်းခွန်အားတွေ ဘယ်လောက်ရှိလည်းဆိုတာကို ငါကြည့်ချင်တယ် “
မျိုးနွယ်စု စစ်သည်တော်များ၏ ခွန်အားတိုးတက်လာခြင်းသည် ထိုစစ်သည်တော်၏ တိုးတက်မှုကို ဖော်ပြနေလေသည်။ မိုင်သည် လက်ရှိ ရှောက်ရွှမ်၏ တိုးတက်မှုကို သိလိုနေခြင်း ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ရှောက်ရွှမ်သည် ယခုရက်ပိုင်းများတွင် ကျောက်တုံးထုဆစ်ခြင်းကိုလည်းသင်ယူနေရသည့်အတွက် ခွန်အား တိုးတက်မှု သိပ်ရှိလိမ့်မည် မဟုတ်ဟု မိုင် တွေးထားလေသည်။
“ ကောင်းပြီလေ”
ရှောက်ရွှမ် အသားတွဲကို အခန်းထောင့်တွင် ထားလိုက်ပြီး ခြေလက်များကို အကြောလျော့လိုက်သည်။ သူ့အနေဖြင့် သူ့အထူးစွမ်းရည်မှ လွဲလျှင် အခြားကလေးများနှင့် မည်သို့ကွာခြားနေကြောင်းကို ရှောက်ရွှမ် ကိုယ်တိုင်ပင် မသိနေပေ။ သူမည်သည့်အဆင့်ကို ရောက်နေပြီ ဆိုသည်ကိုလည်း သူမသိနေပေ။ မိုင်၏ အကြံပြုချက်ကိုသာ ရပါက သူ့အတွက် အနာဂတ်တွင် အကျိုးရှိလာနိုင်ပေ၏။
ခွန်အားစမ်းသပ်မှုဖြစ်သဖြင့် သူ့ခန္ဓာကိုယ်ထဲမှ နတ်စွမ်းအားများကို အသုံးပြုရမည်ဖြစ်သည်။
အသက်ပြင်းပြင်းရှုလိုက်ပြီး ရှောက်ရွှမ် နတ်စွမ်းအားများကို နှိုးဆွလိုက်သဖြင့် သူ့ပါးထက်တွင် အမှတ်အသားများ ပေါ်လာခဲ့သည်။ ထို့နောက် ထိုအမှတ်အသားများသည် လည်ပင်းသို့တိုင် ပြန့်နှံ့သွားခဲ့၏။
ရှောက်ရွှမ် နတ်စွမ်းအင်များကို သဘာဝကျကျနှင့် လျင်လျင်မြန်မြန် အသက်သွင်းလိုက်သည်ကို ကြည့်ကာ မိုင်အတော်လေး ကျေနပ်သွားသည်။ ရှောက်ရွှမ်သည် လူအများစုထက် ပိုတော်သော ကလေးတစ်ယောက် ဖြစ်ပေသည်။
ရုတ်တရက် ရှောက်ရွှမ် မြေကြီးကို သူ့ညာခြေထောက်ဖြင့် အားယူလိုက်ပြီး မိုင်ထံသို့ တိုးဝင်လိုက်သည်။ ထို့နောက် မိုင်၏ လက်ဝါးကို သူ့လက်သီးဖြင့် ထိုးထည့်လိုက်လေသည်။
ဘန်း.......။
တောင်နှစ်ခု တိုက်မိသွားသကဲ့သို့ ဖြစ်သွားရသည်။
ရှောက်ရွှမ် အနေဖြင့်မူ စတီးသံပြားတစ်ချပ်ကို ထိုးလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ ထိုအရာသည် သူ့နေစဉ်ကျောက်တုံးများကို ထိုးနေသည်နှင့် ကွာခြားနေခဲ့လေသည်။
သူ့ခန္ဓာကိုယ် အနည်းငယ်တုန်ယင်သွားပြီး ခြေလှမ်းအနည်းငယ် ပြန်ဆုတ်လိုက်သည်။ သူ့ညာဖက်လက်တစ်ခုလုံး နာကျင်နေခဲ့လေပြီ။
မျှော်လင့်ထားသည့်အတိုင်းပင် စွမ်းအင်နှိုးထသူ အသစ် ကလေးတစ်ယောက်နှင့် အလယ်အလတ်အဆင့် စစ်သည်တော်တို့အကြားမှ ကွာဟချက်သည် ကြီးမားပေသည်။ မိုင်၏ လက်ဝါးမှာမူ တိုဖူးတုံးတစ်တုံးဖြင့် ထိလိုက်သည့်နှယ် အရောင်ပြောင်းလဲသွားခြင်းပင် မရှိနေခဲ့ပေ။
မိုင့်ခန္ဓာကိုယ်ပေါ်တွင်လည်း နတ်အမှတ်အသားများပေါ်လာသည်ကို ရှောက်ရွှမ် တွေ့လိုက်ရသည်။ ထိုအမှတ်အသားများသည် တံတောင်ဆစ်အထိ ရောက်ရှိနေခဲ့လေသည်။ သို့သော်လည်း ရှောက်ရွှမ်၏ အမှတ်အသားများမှာမူ ပုခုံးအထိသာရှိနေသေးသည်။
သို့သော်လည်းမိုင်သည် အတွင်းစိတ်ထဲ၌ တည်ငြိမ်နေခြင်း မရှိတော့ပေ။ သူရှောက်ရွှမ်ကို အံ့သြစွာဖြင့် စိုက်ကြည့်လိုက်သည်။ သူ့လက်နာသွားသည်ထက် ရှောက်ရွှမ်ကိုယ်ပေါ်မှ နတ်အမှတ်အသားများသည် သူ့ကို အံ့သြသင့်စေလေသည်။ သို့သော်လည်း ထိုအမှတ်အသားများ ပြန်လည် ပျောက်ကွယ်သွားပြီ ဖြစ်သဖြင့် မိုင်သည့် သူထင်ယောင်ထင်မှားဖြစ်နေခြင်းပင်လော ဟု သံသယ ဝင်လိုက်မိသေးသည်။ သို့သော်လည်း ထိုလက်သီးချက်၏ ခွန်အားသည် သာမာန် စွမ်းအင်နှိုးထကာစ ကလေးတစ်ယောက်ထက် အဆများစွာ သာလွန်နေပေသည်။
ဆောင်းရာသီမဟုတ်တော့ပဲ အပူချိန်သည် တစ်နေ့ထက်တစ်နေ့ ပူလာခဲ့သည်။ နေ့တိုင်းလေ့ကျင့်ရမည်ဖြစ်သည့်အတွက် သက်တောင့်သက်သာ ဖြစ်စေရန် အင်္ကျီလက်တို တစ်ထည်ကိုသာ ရှောက်ရွှမ် ဝတ်ထားခဲ့သည်။ သူ့ပုခုံးများထက်ပင်ကျော်လွန်နေသည့် နတ်အမှတ်အသားများကို ထင်ရှားစွာပင် တွေ့မြင်နိုင်ပေသည်။
မိုင်သည် လောင်ခဲ့လောက် အမြင်စူးရှမှုမရှိခြင်းကြောင့် ဖြစ်နိုင်သည်။ သူသည် ထိုအမှတ်အသားများကို မမြင်ခဲ့ပေ။
“ နောက်တစ်ခေါက် .... အခုတော့ မင်းအားတွေ အကုန်သုံးကြည့်လိုက် “ မိုင်အမိန့်ပေးလိုက်သည်။
ရှောက်ရွှမ် တုန့်ဆိုင်းမနေတော့ပဲ မိုင်ပြောသည့်အတိုင်းလုပ်လိုက်သည်။
အသက်ကို ပြင်းပြင်းရှုလိုက်ပြီး နတ်စွမ်းအင်များကို နှိုးဆွလိုက်လေသည်။ သူ့အတွင်းစိတ်ထဲရှိ နတ်အမှတ်အသားသည် လင်းလက်လာခဲ့ပြီး ဦးချိုနှစ်ချောင်းကို ဝန်းရံနေခဲ့သည့် မီးတောက်များ ပို၍ တောက်လောင်လာခဲ့သည်။ ဆိုလိုသည်မှာ သူ၏ခွန်အားများကို အစွမ်းကုန် အသုံးချလိုက်ခြင်းပင်ဖြစ်သည်။
ကြွက်သားတိုင်းနှင့် အရိုးတိုင်းတွင် များပြားသောခွန်အားများစီးဆင်းနေသည်ကို ခံစားလိုက်မိပြီး ရှောက်ရွှမ်၏ စိတ်အခြေအနေသည် အထွတ်အထိပ်သို့ ရောက်သွားလေပြီ။ သူသည် သူ၏ ခွန်အားများကို ထိန်းချုပ်ရာတွင် ကျွမ်းကျင်နေခဲ့ပြီ ဖြစ်သည်။ သူ့အနေဖြင့် ယုံကြည်မှုများ ရှိနေလေပြီ။
ရှောက်ရွှမ် ကိုယ်ပေါ်မှ မျိုးနွယ်စုနတ် အမှတ်အသားများသည် ရှင်းလင်း စွာပုံပေါ်လာခဲ့သည်။ တစ်စုံတစ်ယောက်သည် ထိုအမှတ်အသားများထံမှ ပူပြင်းသော မီးတောက်များကို အာရုံခံမိနိုင်သည်။
ရှောက်ရွမ် ခြေလှမ်းလိုက်သည့်အချိန်တွင် မြေကြီးသည်ပင် အနည်းငယ် တုန်ယင်သွားလေသည်။
ဝုန်း....
လက်သီးချက်မရောက်လာမီမှာပင် လက်သီးချက်ကြောင့် ဖြစ်လာသည့် လေဖိအားသည် အရင်ရှေ့ရောက်နေခဲ့သည်။
ရှောက်ရွှမ်သည် စွမ်းအင်နှိုးထသည်မှာ သိပ်မကြာသေးသည့် ကနဦးစစ်သည်တော် တစ်ယောက် သာဖြစ်သော်လည်း သူ့လက်သီးချက်သည် မထိန်းသိမ်းနိုင်လောက်ဟု ထင်ရသည့် အရွေ့စွမ်းအင်တစ်ခုဖြင့် ရှေ့သို့တိုးထွက်သွားလေသည်။
သူ့ခါးလောက်သာ အရပ်အမောင်းရှိသေးသော ရှောက်ရွှမ်ကိုကြည့်လိုက်ပြီး မိုင်မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
ဘန်း....
တစ်ခုခု ကျိုးသွားသည့်အသံ ထွက်ပေါ်လာသည်။
ရှောက်ရွှမ် လက်မောင်းတစ်ခုလုံး စူးရှသည့်နာကျင်မှုကို ခံစားလိုက်ရသည်။ သူ့လက်မောင်းတစ်ခုလုံးကို မီးပုံပေါ်တွင် ကင်နေသည့်အလားလည်း ပူလောင်နေခဲ့သည်။ ထိုနာကျင်မှုကို ရပ်တန့်ရန် မဖြစ်နိုင်သည့် ပုံပေါ်ပေသည်။
သို့သော်လည်း မိုင့်မျက်နှာသည် အေးခဲသွားခဲ့သည်။ ခနတာ ကြာပြီးမှသာ သူသတိပြန်ဝင်လာလေသည်။ သူ့နှလုံးသားထဲတွင်မူ ထိတ်လန့်နေဆဲဖြစ်သည်။ သူသည် ရှောက်ရွှမ်ကို စိုက်ကြည့်နေခဲ့ပြီး သူ့လက်ဝါးကို ပြန်ရုတ်သိမ်းရန် ကို မေ့နေခဲ့သည်။
တန်ပြန်အား ကြောင့်ရှောက်ရွှမ် နောက်သို့ အနည်းငယ်ဆုတ်လိုက်ရသည်။ ထို့နောက် သူ့လက်မောင်းကို ခါယမ်းလိုက်ပြီး ညည်းညူမိလိုက်သည်။ သူ့အနေဖြင့် ယခုတစ်ကြိမ်လက်သီးချက်သည် ထိုမျှ နာကျင်သွားစေလိမ့်မည် ဟု မမျှော်လင့်ထားမိခဲ့ပေ။
“ အားရွှမ် “ မိုင်ပြောလိုက်သည်။ သူ့အသံသည် ထူးဆန်းနေခဲ့ပြီး အနည်းငယ် ခါးသီးနေခဲ့၏။
“ ဟုတ်ကဲ့ “ ရှောက်ရွှမ် သူ့လက်ကို ခါယမ်းနေခဲ့ပြီး မိုင်ကို လှမ်းကြည့်လိုက်သည်။ သူ့အနေဖြင့် သူ့အရိုးများ ကျိုးသွားမည်ကို စိတ်မပူနေခဲ့ပေ၊ သူ့အနေဖြင့် ရက်အနည်းငယ် အနားယူလိုက်လျှင် ပြန်ကောင်းသွားမည်သာ ဖြစ်သည်။ ထိုအရာသည် မျိုးနွယ်စုဝင်များ၏ ခန္ဓာကိုယ်ဆိုင်ရာ အထူးစွမ်းရည်တစ်ခု ဖြစ်သည်။
“မင်းပြန်သွားရင် .... ပြင်ဆင်ထားလိုက်တော့ ... “
မိုင့်စကားအသွားအလာအရ မိုင်သည် လန်ကာ့ပြောသည့် စကားများကို ပြောတော့မည် ဟု ရှောက်ရွှမ် ထင်လိုက်သည်။ လန်ကာ့သည် သူ့မျက်နှာကို သုံးရက်အတွင်း မမြင်လိုဟု ပြောခဲ့သည်။ သို့နှင့် သူမိုင်ကို စိုက်ကြည့်လိုက်သည်။
“ နောက်တစ်ခေါက် အမဲလိုက် တာဝန်အတွက် ပြင်ဆင်ထားလိုက်တော့ ....”