← Chapters

မြေကိုမိုဒို အစွယ်ဓါး

Vol. 3 Ch. 37

မြေကိုမိုဒို အစွယ်ဓါး

Vol. 3 Ch. 37

ရှောက်ရွှမ် မိုင်ကို အံ့သြစွာဖြင့် ကြည့်လိုက်သည်။ သူသည် မိုင်ထိုသို့ပြောလာလိမ့်မည်ဟု မမျှော်လင့်ထားမိခဲ့ပေ။

သူက တတိယတစ်ကြိမ်ကျမှ အမဲလိုက်ထွက်ရမှာမဟုတ်ဘူးလား။ မိုင်က ရုတ်တရက်ကြီးဘာလို့ စိတ်ပြောင်းသွားတာလဲ ........။

ခုနတုန်းကထိုးလိုက်တဲ့ လက်သီးချက်ကြောင့်လား.......။

“ကောင်းပါပြီ “ ရှောက်ရွှမ် ပြန်ဖြေလိုက်သည်။

ရှောက်ရွှမ်အနေဖြင့် အမဲလိုက်ထွက်ရမည်ကိုသဘောကျပေသည်။ တောအုပ်ထဲမှ မြင်ကွင်းများသည် အချိန်တိုင်းပြောင်းလဲနေတတ်သည်။ မတူညီသည့် အကြိမ်များတွင် တောထဲသွားလိုက်တိုင်း မတူညီသည့် ရှုခင်းများကို မြင်တွေ့ရမည်ဖြစ်သည်။ ဥပမာအားဖြင့် တစ်နှစ်တွင် တစ်ကြိမ်သာပွင့်သော ပန်းများကို မြင်တွေ့ရနိုင်သည်။ အချို့သော သီးပင် စားပင်များကိုလည်း တစ်နှစ်လျှင် တစ်ကြိမ်သာ တွေ့ရနိုင်သည်။ ထို့ကြောင့် တစ်စုံတစ်ယောက်သည် စောစော အမဲလိုက်ထွက်လေ အတွေ့အကြုံပိုများများ ရလေဖြစ်သည်။ မဟုတ်လျှင် ထိုသူသည် နောက်တစ်နှစ်စောင့်မှသာ တူညီသော မြင်ကွင်းများကို တွေ့ရလိမ့်မည် ဖြစ်၏။

လန်ကာ့ နှင့် ကောတို့ ပြောဖူးသည်မှာ တောအုပ်ထဲမှ အချို့အပင်များသည် အန္တရာယ်ရှိသည်ဟူ၍ ဖြစ်သည်။ ထို့ကြောင့် အမဲလိုက်ထွက်ကြသည့်သူများသည် ထိုအပင်များကို သေချာ သိနားလည်ထားမှသာ ရပေမည်။

မိုင်သည် သူ့ကို နောက်တစ်ကြိမ် အမဲလိုက်ထွက်ရာတွင် လိုက်ဖို့ရန်အတွက်ခေါ်နေသည်မှာ သူ့အရည်အချင်းများကို အသိအမှတ်ပြုသောကြောင့်သာ ဖြစ်လိမ့်မည်။ ထို့ကြောင့် ရှောက်ရွှမ်အနေဖြင့် အမဲလိုက်ခရီးစဉ်အတွက် ပြင်ဆင်ထားရန်လိုအပ်နေပေပြီ။

ထိုအချိန်တွင် အခြားသူများသည် မိုင်ကိုလာရှာကြလေသည်။ ထိုလူများထဲတွင် ထွော်လည်းပါနေခဲ့သည်။ သို့နှင့် ရှောက်ရွှမ် ခွင့်တောင်းပြီး ပြန်လာခဲ့လိုက်သည်။

“ ဦးလေးမိုင်က အလုပ်ရှုပ်နေတော့ ကျွန်တော် သွားလိုက်ဦးမယ်။ ကျေးဇူးပဲနော် ဦးလေးမိုင်”

ရှောက်ရွှမ်ထွက်သွားပြီးသည်နှင့် မိုင်သူ့လက်ကို ခါယမ်းလိုက်သည်။ အသံတချို့ထွက်ပေါ်လာခဲ့လေသည်။ ရှောက်ရွှမ်၏ လက်သီးချက်ကြောင့် သူ့လက်မှ အရိုးတချို့နေရာလွဲသွားခဲ့ရသည်။ သူသည် ထိုအရိုးများကို သူတို့၏ နေရာသို့ပြန်ပို့ပေးလိုက်သည်။

ဤအတိုင်းအပေါ်ယံသာကြည့်လိုက်လျှင် သူ့လက်ဝါးသည် ပုံမှန်သာဖြစ်သည်။ သို့သော်လည်း သူ့လက်သည် ပြင်းထန်သော ဒဏ်ရာတစ်ခုကို ရသွားခဲ့သည်။ ငါကောင်လေးကို လျော့တွက်လိုက်မိတာပဲ ........။

အမှန်တွင် သူသည် ရှောက်ရွှမ်ကို ပိုပြီးလေ့ကျင့်စေရန်အတွက် အားပေးချင်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် အမဲလိုက်အတွေ့အကြုံအချို့ကိုလည်း ပြောပြချင်သေးသည်။ သို့သော် ရှောက်ရွှမ်၏ လက်သီးချက်ကို ရင်ဆိုင်ကြည့်ပြီးသွားသောအခါတွင် မိုင်စိတ်ပြောင်းသွားသည်။

“ကောင်လေးက ပြန်ပြီးတော့ ပြင်ဆင်လိုက်ဦးမယ်ဆိုတာ ဘာကိုပြောတာလဲ “ ထွော် မေးလိုက်သည်။

“နောက်အမဲလိုက် တဲ့အခေါက်ကျရင် လိုက်နိုင်ဖို့လေ “ မိုင်ပြန်ဖြေလိုက်သည်။

ထွော် အနည်းငယ် မကျေမနပ်ဖြစ်သွားလေသည်။

“ပိုပြီးပြင်ဆင်လေ ပိုကောင်းလေလို့ သူပဲပြောခဲ့တာ မဟုတ်ဘူးလား ။ သူ့ကို တတိယအကြိမ်မြောက် အမဲလိုက် ထွက်တဲ့အထိစောင့်နိုင်လိမ့်မယ်လို့ ထင်နေခဲ့တာ။ သူက မင်းကိုလာပြီးတော့ တောင်းဆိုတာလား”

နတ်ဆရာကြောင့် ထွော်သည် ရှောက်ရွှမ် အပေါ်တွင် ကြင်နာသော စိတ်ထားရှိပေသည်။ အမဲလိုက်ခြင်းနှင့်ပတ်သက်လျှင်မူ စည်းကမ်းကြီးပေ၏။

အမဲလိုက်အဖွဲ့ထဲမှ ဖေး၏ အားနည်းချက်ကြောင့် သူနှင့်အချို့သူများ သေဆုံးလုနီးနီးဖြစ်ခဲ့ရလေသည်။

မိုင်သူ့ခေါင်းကို ခါယမ်းလိုက်သည်။

“သူကမတောင်းဆိုပါဘူး၊ ငါကလိုက်ဖို့ပြောလိုက်တာပါ “

“ဘာလို့လဲ”

ထွော်ပို၍ပင် စိတ်ရှုပ်ထွေးသွားသည်။

မိုင်၏ အပြုံးသည် ပို၍ပင်ပီပြင်လာခဲ့သည်။ “ ဓါးက ပြီးတော့မှာဆိုတော့၊ ထပ်ပြီးသွေးနေရင် အချိန်ကုန်ယုံပဲပေ့ါ....... သူက အပြင်ထွက်ပြီးတော့ တောအုပ်ထဲမှာ သူ့ကိုယ်သူ စိန်ခေါ်ကြည့်ဖို့ လိုအပ်နေပြီ “

ရှောက်ရွှမ် မိုင်၏နေရာမှ ထွက်လာခဲ့ပြီး တောင်ပေါ်မှ ဆင်းလာခဲ့သည်။ သူသည် လမ်းလျှောက်နေသည်နှင့် မတူခဲ့ပဲ ပျံသန်းနေသည့်နှယ် လျင်မြန်နေခဲ့သည်။

တောင်အောက် သို့ဆင်းလာပြီးနောက် သူ့အိမ်သို့ အရင်ပြန်သွားခြင်းမလုပ်လိုက်ပေ။ သူသည် ဆီဆာကိုစိတ်ပူနေစရာမလိုအပ်ပေ။ ဆီဆာသည် လိုဏ်ဂူထဲမှ ကလေးများ ကျောက်တုံးတီကောင်တူးသည့်နေရာတွင် ကူညီနေလေသည်။

လောင်ခဲ့၏ အိမ်ရှေ့သို့ သူသွားလိုက်သည်။ လောင်ခဲ့ကို အော်ခေါ်တော့မည့်အချိန်တွင် လိုက်ကာသည် ပင့်တက်လာခဲ့သည်။ ထို့နောက် အညိုရောင်ဆံပင်များနှင့် လူအိုကြီးတစ်ယောက် ထွက်လာလေသည်။

အဖိုးအို၏ အမူအယာအရ သူသည် စိတ်တိုနေသည့်ပုံပေါ်နေသည်။

တံခါးရှေ့တွင် ရှောက်ရွှမ် မတ်တပ်ရပ်နေသည်ကို မြင်လိုက်ရသည့်အခါ သူ့ကို ခေါင်းအစခြေအဆုံးကြည့်လိုက်ပြီးမျက်မှောင်ကြုတ်လိုက်၏။ အဖိုးအိုကိုကြည့်ရသည်မှာ တစ်ခုခုကို စဉ်းစားနေဟန် ရပေသည်။ ထိုလူအိုကြီး၏ အကြည့်များသည် ကျောက်တုံး ဓါးတစ်လက်နှင့် တူညီနေပြီး ရှောက်ရွှမ်ကို ကျောက်တုံးတစ်တုံးအလားကြည့်နေခြင်း ဖြစ်သည်။ သူတစ်ခုခုကို ပြောရန်ပြင်လိုက်သဖြင့် သူ့မုတ်ဆိတ်များ လှုပ်ယမ်းသွားလေသည်။ ထို့နောက် တွင် လူအိုကြီးသည် မည်သည့်စကားကိုမှ မပြောတော့ပဲ နှာမှုတ်လိုက်ကာ ထွက်ခွာသွားလိုက်သည်။

ရှောက်ရွှမ် လူအိုကြီး၏ အပြုအမူကို သိလိုစိတ်ဖြစ်သွားရသည်။ ဒီအဖိုးကြီးက ရူးနေတာများလား .......။

ထိုအချိန်တွင် ကော၏ ဦးခေါင်းသည် လိုက်ကာထဲမှ ထွက်လာသဖြင့် ရှောက်ရွှမ် သူ့ကို လှမ်းမေးလိုက်သည် “ အဲ့ဒါ ဘယ်သူလဲ ဟင် “

လူအိုကြီးထွက်သွားကြောင်းကို အတည်ပြုလိုက်ပြီး ကော ရယ်မောလိုက်ကာ “ အဲ့ဒါ လန်ကာ့ရဲ့ အဖိုးပဲ “

အဲ့ဒီလူအိုကြီးက လန်ကာ့ရဲ့ အဖိုးတဲ့လား.......။

လန်ကာ့ပြောပြဖူးသည့် ပုံစံနှင့် တစ်ပုံစံထဲပင်.......

အခန်းတွင်းသို့ ရှောက်ရွှမ် ဝင်သွားလိုက်ပြီး မိုင်သူ့ကို အမဲလိုက်ထွက်ခွင့်ပြုလိုက်သည့် သတင်းကို ပြောပြလိုက်သည်။

သတင်းကြောင့် ကော ပါးစပ်အဟောင်းသားဖြစ်သွားရသည်။ လောင်ခဲ့မှာမူ “ ဟင်း “ ဟူသည့် အသံတစ်ခုကို သာ ထွက်လာလေသည်။ ကြည့်ရသည်မှာ ထိုကိစ္စကို သူမျှော်လင့်ထားပြီးသည့် ပုံဖြစ်သည်။ ထို့နောက် သူသည် ရှောက်ရွှမ်ကို ကျောက်တုံးများကို ထုဆစ်ရန် ပြောလိုက်သည်။

အမဲလိုက်ထွက်သည့်နေရာတွင် အသုံးပြုသည့်ကျောက်တုံး ကိရိယာများသည် လေ့ကျင့်ရာတွင်သုံးသည့် ကိရိယာများထက် အရည်အသွေးကောင်းမွန်ရန် လိုအပ်ပေသည်။ ထို့ကြောင့် အချိန်လည်း ပိုကြာပေသည်။ ရှောက်ရွှမ်တွင်လေ့ကျင့်ရန် ပစ္စည်းများ အလုံအလောက်ရှိနေပြီးဖြစ်သော်လည်း အမဲလိုက်ထွက်ရန်အတွက်မူ အလုံအလောက်မရှိပေ။ သူလုပ်ထားသမျှ၏ တစ်ဝက်ကို လောင်ခဲ့က အခြားသူများနှင့် ပစ္စည်းချင်းလဲလှယ်လိုက်ပြီး ဖြစ်သည်။ ထို့အပြင် သူသည် လန်ကာ့နှင့် မိုင်တို့ကို လက်ဆောင်ပေးခဲ့သေးသည်။ သူ့ထံတွင် လုံလောက်သော ပစ္စည်းများ ကျန်ရှိနေခြင်း မရှိပေ။

ရှောက်ရွှမ် စကားထပ်မပြောတော့ပဲ သူ့အပေါ်အင်္ကျီကို ချွတ်လိုက်ကာ အလုပ်စလုပ်လိုက်သည်။

ကောသည် အခြားတနေရာမှ ရှောက်ရွှမ်ကို စိုက်ကြည့်နေခဲ့သည်။။ လောင်ခဲ့သည် ရှောက်ရွှမ်ကို အလေးအနက်ထားကြောင်းကို သူသိနေခဲ့သည်။ လောင်ခဲ့သည် ရှောက်ရွှမ်ကို အခြားသူများထံမှ ကာကွယ်ပေးနေခြင်းဖြစ်သည်။

ထိုအခိုက်အတန့်တွင်လောင်ခဲ့သည် မည်သူ့ကိုမှ အခန်းထဲသို့မဝင်ခိုင်းတော့ပေ။ သို့သော်လည်း ကောကဲ့သို့ပြတင်းပေါက်မှ ဝင်ရန် ပြုလုပ်ကြသည့်အခြားသူများလည်း ရှိနေခဲ့သည်။ အချို့လူများကို လောင်ခဲ့ပင် မတားဆီးနိုင်ပေ။ ထိုလူများထဲတွင် လန်ကာ့၏အဖိုးလည်း ပါဝင်နေခဲ့သည်။

လောင်ခဲ့သည် ရှောက်ရွှမ်ကို အခြားကျောက်တုံးထုဆစ်သူများ လုယူသွားမည်ကို စိတ်ပူနေသဖြင့် သူ့ကို ဖွက်ထားရန် ကြိုးစားနေခြင်း ဖြစ်သည်။

“ ဟေး‌လောင်ခဲ့ သူတို့ဘာလို့ အားရွှမ်ကို အမဲလိုက်ထွက်ခွင့် ပြုလိုက်တာလည်း ဆိုတာကို မင်းသိလား”

ကောမေးလိုက်သည်။

လောင်ခဲ့ တိတ်ဆိတ်နေဆဲဖြစ်သည်။

“ ဟွန်း မင်းဖာသာပဲ လျှို့ဝှက်ချက်တွေကို သိမ်းထားမယ်ပေါ့လေ”

ကောပြောလိုက်သည်။ ထို့နောက် သူသည် ရှောက်ရွှမ်ကို ကြည့်နေလိုက်ပြီး မည်သို့ကွာခြားနေသည်ကို လေ့လာလိုက်သည်။ ရှေးရိုးစွဲ မိုင်က ဘာလို့သူ့စိတ်ကို ပြောင်းလဲလိုက်တာလဲ .......။

ခနအကြာတွင် ကော ပါးစပ်အဟောင်းသားဖြစ်သွားရသည်။ သူသည် အပင်စား သတ္တဝါက အသားစားသတ္တဝါ အဖြစ်သို့ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည့်နှယ် အံ့သြသွားခဲ့ခြင်း ဖြစ်သည်။

“ သူက ...သူ ... သူက.... “ သူမြင်လိုက်သည်ကို မပြောလိုက်နိုင်မီမှာပင် လောင်ခဲ့သည် အဖြူရောင် သွားဖြင့်ပြုလုပ်ထားသည့် ဓါးကို အချောသတ်နေသည်ကို တွေ့လိုက်ရသည်။ သူ့ပြောမည့် စကားများကို သူပြန်မျိုချလိုက်ပြီး လက်ညိုးထိုးလိုက်ကာ “ မင်း....မင်း.....မင်း...... “

ဓါးရှည်၏ အပေါ်တွင် အမှတ်အသားများစွာ ရှိနေခဲ့သည်။ ထို့အပြင် သေးငယ်သော အပေါက်များစွာလည်း ရှိနေခဲ့သည်။ ထိုအမှတ်အသားများသည် အကြိမ်ခနခန အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် အမှတ်အသားများ ဖြစ်ကြလေသည်။ ထိုဓါးသည် ယခင်က တစ်ကြိမ် ကျိုးခဲ့ဖူးသဖြင့် လောင်ခဲ့သည် ကျိုးသွားသည့် လက်ကိုင်နေရာကို ပြုပြင်ထားခဲ့သည်။ ယခုတွင် လက်ကိုင် နေရာသည် ပြင်ဆင်ထားပြီး ဖြစ်သည်။

ကော ထိုဓါးကို ကြည့်လိုက်ပြီး သူသတိပြန်ဝင်လာစေရန် အချိန်အတန်ကြာ ယူလိုက်ရသည်။ သူအံ့သြစွာဖြင့် လောင်ခဲ့ မည်သို့လုပ်မည်ကို ခန့်မှန်းနေခဲ့သည်။ သူသည် ရှောက်ရွှမ် ကိုယ်ပေါ်မှာ နတ်အမှတ်အသားများကို မြင်ရသည်ထက်ပင် အံ့သြနေခဲ့ခြင်း ဖြစ်သည်။

လောင်ခဲ့သည် ဓါးရိုးကို အထူး သစ်စေးတစ်မျိုးဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ထိုသစ်စေးကို အပူပေးလိုက်ပြီး ဓါးရိုးနေရာတွင် သေချာ ပုံသွင်းထားခြင်းဖြစ်သည်။ ထိုကဲ့သို့ပြုလုပ်ထာသည့် ဓါးရိုးများသည် သစ်သားများ ကောက်ရိုးများဖြင့် ပြုလုပ်ထားသည့် ဓါးရိုးများထက် ပို၍ကောင်းမွန်လေသည်။

“ ခနလေးနေဦး၊ ငါဓါးရိုးလုပ်ပြီးရင် တစ်ခါထဲ ယူသွားလိုက်တော့”

လောင်ခဲ့ ရှောက်ရွှမ်ကို ပြောလိုက်သည်။ ရှောက်ရွှမ်သည် ထိုအချိန်တွင် အလုပ်ပြီး၍ အိမ်ပြန်ရန် ပြင်နေပြီ ဖြစ်သည်။

ရှောက်ရွှမ် ဓါးကို တစ်ချက်ကြည့်လိုက်သည်။ ဓါးသည် ကျယ်ပြန့်ပြီး အရှည်သည် မီတာဝက်ခန့် ရှိလေသည်။ ဓါး၏ တဖက်သည် လက်မတစ်ချောင်းစာခန့် ထူထဲလေသည်။

ကော ၏ အမူအယာကို ကြည့်လိုက်ပြီး ထိုဓါးသည် တစ်ခုခုထူးခြားနေကြောင်း ရှောက်ရွှမ် သိလိုက်ရသည်။ သူ့အနေဖြင့် ဓါးကို မထိကြည့်ရသေးသည့်အတွက် မည်သည့် အရာကထူးခြားနေသည်ကို သူမပြောနိုင်သေးပေ။ လေထုထဲတွင်မူ အေးစက်သော အရှိန်အဝါတစ်ခု ရှိနေသည်ကိုသူခံစားမိလိုက်သည်။

“ ဒါက ... “

ရှောက်ရွှမ် ဇဝေဇဝါ ဖြစ်သွားသည်။

“ ဒါက မြေကိုမိုဒို ဆိုတဲ့ သတ္တဝါရဲ့ သွားနဲ့ လုပ်ထားတဲ့ ဓါးပဲ “

ကော ပြောပြလိုက်သည်။ သူသည် ဓါးကို သူ့လက်များဖြင့် ဆုပ်ကိုင်ကြည့်ချင်နေသည်။ လောင်ခဲ့ ခြေထောက်တစ်ဖက် ဆုံးရှုံးသွားပြီးသည့်နောက်တွင် မည်သူမှ ထိုဓါးကို မရနိုင်ခဲ့ကြပေ။ သူသည် လောင်ခဲ့ကို အကြိမ်ပေါင်း ထောင်ချီတောင်းဆိုခဲ့သော်လည်း လောင်ခဲ့သည် သူ့ကို ထိုဓါးအားထုတ်မပြခဲ့ပေ။ ယခုတွင်မူ လောင်ခဲ့သည် သူ၏ ကျက်သရေထွန်းတောက်ခဲ့သည့် နေ့ရက်များကို ကိုယ်စားပြုနေခဲ့သည့် ဓါးကို ရှောက်ရွှမ်ကို ပေးနေခဲ့လေပြီ။

ကော ရှောက်ရွှမ်ကို မနာလိုဖြစ်မိသွားသည်။ သူ့အနေဖြင့် သူ့အခြေအနေကို သိနေသဖြင့် ဓါးကို လိုချင်နေသည့် စိတ်ကို ထိန်းလိုက်နိုင်သည်။

“မြေ ကိုမိုဒို ဟုတ်လား”

ဒါက မြေကိုမိုဒိုဓါးသွားပဲ

ရှောက်ရွှမ် ထိုအကောင်များကို သူ့ဘဝတွင် တစ်ကြိမ်မှ မမြင်ဖူးပေ။ လန်ကာ့နှင့် အခြားသူများထံမှ ကြားရသလောက်ဆိုလျှင် ထိုကြီးမားသည့် သားရဲများသည် မြေအောက်တွင် နေထိုင်ကြသည်။ အမဲလိုက်ထွက်စဉ်တွင် မြေကိုမိုဒိုနှင့်ရင်ဆိုင်ရပါက လှံများဖြင့် ပစ်ခတ်လျှင်လည်း အသုံးမဝင်ပေ။ သူတို့လုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ ထွက်ပြေးရန်သာ ဖြစ်သည်။ မြေကိုမိုဒိုဖြင့် ရင်ဆိုင်ရလျှင် လူသားများ အနိုင်မရနိုင်ပေ။

လန်ကာ့ထံမှ ထိုပုံပြင်များကို ကြားဖူးခဲ့သော်လည်း အမဲလိုက်အဖွဲ့များ မြေ ကိုမိုဒိုကို ရင်ဆိုင်ခဲ့ကြောင်းကိုမူ မသိနေခဲ့ပေ။

လောင်ခဲ့ ဓါးကို ရှောက်ရွှမ်ကိုပေးလိုက်ပြီး ထွက်သွားခိုင်းလိုက်သည်။ ကောသည် ရှောက်ရွှမ်၏ နောက်ကျောကို ကြည့်နေခဲ့လေသည်။

ဓါးသည် ပုံသဏ္ဍာန်အရ သိပ်မလှသော်လည်း လေးလံပေသည်။ အနည်းဆုံး ကီလို တစ်ရာခန့် ရှိလိမ့်မည် ဖြစ်သည်။ ရှောက်ရွမ်သည် ဓါးကို သူ့ရင်ဘတ်အနီးတွင် ထားလိုက်ပြီး ဇဝေဇဝါ ဖြစ်ကာ ဆွံ့အနေခဲ့လေသည်။

All Chapters