← Chapters

ပြင်ဆင်ခြင်း

Vol. 3 Ch. 38

ပြင်ဆင်ခြင်း

Vol. 3 Ch. 38

ရှောက်ရွမ် လောင်ခဲ့ ပေးလိုက်သည့်ဓါးကို သူ့ကျောက်စားပွဲပေါ်သို့တင်လိုက်သည်။ ဆီဆာသည် ဓါးကို နှစ်မီတာ အကွာမှ ကြည့်နေခဲ့ပြီး ညည်းညူနေခဲ့သည်။ ဓါးရောက်လာခါစက ဆီဆာသည် ဓါးကို နမ်းကြည့်ခဲ့ပြီး ချက်ချင်းပင် သတိထားနေသည့်အမူအယာသို့ ပြောင်းသွားခဲ့သည်။ ထို့နောက်တွင် သူသည် အဝေးတစ်နေရာတွင်သာ နေလိုက်ပြီးဓါးအနားသို့ ကပ်မလာတော့ပေ။

ရှောက်ရွှမ်သူ့လက်ကို ဆန့်တန်းလိုက်ပြီး ဓါးသွားကိုထိကြည့်လိုက်သည်။ အခြား ကျောက်တုံး ဓါးများနှင့်မတူသည့် ခံစားချက်တစ်ခုကို သူခံစားမိလိုက်သည်။ ထိုဓါးသည် ဆယ်စုနှစ်များစွာ သက်တမ်းရှိနေခဲ့ပြီဖြစ်ကာ ယခင်က အရှိန်အဝါများ အပြည့်အဝမရှိနေတော့ချေ။ အကြိမ်များစွာ အချောသတ်ထားမှုကြောင့် ဓါးသည် ယခင် အရွယ်အစားထက် သေးငယ်သွားခဲ့သည်။ လောင်ခဲ့သည် သေချာ အချောသတ်ကာ အ‌ရောင်တင်ထားသဖြင့် ဓါးသည် ချောမွတ်နေခဲ့လေ၏။

ရှောက်ရွှမ်သက်ပြင်းချလိုက်ပြီး သားရေအိတ်တစ်ခုဖြင့် ဓါးကို ဖုံးထားလိုက်သည်။ လောင်ခဲ့ သူ့ကို ဤမျှအဖိုးတန်သည့် လက်‌ဆောင်ကို ပေးလိမ့်မည်ဟု သူမထင်ထားမိခဲ့ပေ။ အကယ်၍သူသာ ဂရုမစိုက်ခဲ့လျှင် ဤဓါးသည် အခိုးခံရနိုင်ပေသည်။

ထို့နောက် ရှောက်ရွှမ် ကျောက်ပြားတစ်ခုကို ထုတ်ယူလိုက်သည်။ ကျောက်ပြားသည် အရည်အသွေးကောင်းမွန်လှခြင်း မရှိပေ။ ရှောက်ရွှမ်သည် ထိုကျောက်ပြားကို စာရေးသားမှတ်တမ်းတင်သည့် အရာတစ်ခုအဖြစ်သာ အသုံးချခြင်း ဖြစ်သည်။ သူ့အနေဖြင့် ကျောက်တုံး ကိရိယာများကို သူမည်မျှ လုပ်ပြီးကြောင်း၊ မည်မျှထပ်လုပ်ရန်လိုအပ်ကြောင်းကို ထိုကျောက်ပြားပေါ်တွင် မှတ်တမ်းတင်ထားလေသည်။

မြားခေါင်းများ၊ လှံခေါင်းများအပြင် ကျောက်ဘောလုံးအချို့တို့ကိုလည်း အမဲလိုက်သည့်နေရာသို့ ယူဆောင်သွားရန် ရှောက်ရွှမ် တွေးထားခဲ့သည်။ ထိုအရာများကို သားကောင်များ မလှုပ်နိုင်အောင် ဖမ်းချုပ်သည့် လက်ထိပ်များအဖြစ် အသုံးပြုနိုင်ပေသည်။

နောက်သုံးရက်လုံးလုံး ရှောက်ရွှမ် လောင်ခဲ့၏အိမ်တွင်ပင် ကျောက်တုံးထုဆစ်နေခဲ့သည်။ ထို့နောက် သူသည် လောင်ခဲ့၏ အမဲလိုက်ဇာတ်လမ်းများကို နားထောင်လေသည်။

လောင်ခဲ့သည် သူ၏ ဂုဏ်ရှိခဲ့သည့်နေရက်များကိုကြွားဝါပြောဆိုနေခြင်းမရှိ‌ပေ။ လောင်ခဲ့သည် အမှန်အတိုင်းသာ သူစိတ်ပါလျှင် ပြောပြတတ်ခြင်း ဖြစ်သည်။ သူမပြောလျှင်လည်း ရှောက်ရွှမ် အတင်းမေးနေခြင်း မရှိပေ။

သူတို့အလုပ်ပြီးသွားသည့် အချိန်တွင် လောင်ခဲ့ ရှောက်ရွှမ်ကို ပြောလာခဲ့သည်

“တောင်ဘေးဒေသကလူတွေက ဘာလို့ငါးဖမ်းမထွက်ကြတာလဲ ဆိုတာကို သိလား”

ထိုအကြောင်းသည် ရှောက်ရွှမ်သိလိုနေသည့် အကြောင်းအရာတစ်ခုဖြစ်သည်။ ငါးဖမ်းခြင်းသည် လွယ်ကူပေသည်။ သို့ဆိုလျှင် လူအများသည် အမဲလိုက်ထွက်ရန်အတွက် သူတို့၏အသက်များကို ရင်းနှီးစရာမလိုတော့ပေ။

ငါးများကို ရေထဲမှ ဆွဲတင်ရခြင်းသည် လွယ်ကူရိုးရှင်းပေသည်။ သို့သော်လည်း တောင်ဘေးဒေသမှလူများသည် အစားအသောက်မလုံလောက်လျှင်သော်မှ ငါးဖမ်းမထွက်ကြပေ။

ထို့အပြင်လူများသည် တောင်ခြေဒေသမှ လူများ၏ ငါးများကိုလည်း လုယက်ရန်မကြိုးစားကြပေ။

လောင်ခဲ့ ပြတင်းပေါက်မှ အဝေးတစ်နေရာကို ကြည့်နေလိုက်သည်။ သူ့နေရာမှ ဆိုလျှင် တောင်တန်းများကို ကောင်းစွာ မြင်နေရလေသည်။

“ ဘာလို့လည်းဆိုတော့ ရိုးရာကြောင့်ပဲ”

လောင်ခဲ့ပြောလိုက်သည်။

“လွန်ခဲ့တဲ့နှစ်ပေါင်းကိုးရာက နတ်ဆရာနဲ့ မျိုးနွယ်စုခေါင်းဆောင်တို့က ပူးတွဲကြေငြာချက်တစ်ခုကို ထုတ်ပြန်ခဲ့တယ်။ ခန္ဓာကိုယ်ချို့ယွင်းနေတဲ့ လူကလွဲရင် လူတိုင်း အမဲလိုက်ထွက်ရမယ်လို့ သူတို့ကြေငြာခဲ့ကြတယ်။ အစားအသောက်လုံလောက်နေရင်တောင် သက်တောင့်သက်သာ မနေရဘူး ၊ အမဲလိုက်ထွက်ရမယ်။ လူတွေက သူတို့ကိုယ်သူတို့ပိုကောင်းလာအောင် အမြဲကြိုးစားနေရမယ်လို့ သူတို့က ပြောခဲ့ကြတယ်”

မျိုးနွယ်စုစစ်သည်တော်များ၏ ခွန်အားများကို တိုးမြင့်ရန်မှာ လွယ်ကူသော ကိစ္စတစ်ခုတော့ မဟုတ်နေပေ။ ပြင်ပတွင် အမဲလိုက်ထွက်ရာတွင် သူတို့သည် အဆင့်တစ် စစ်သည်တော်များ အဖြစ်မှ အလယ်အလတ် စစ်သည်တော်များ အဖြစ်သို့ တိုးတက်နိုင်ရန်အတွက် မရေမတွက်နိုင်သော ဒုက္ခအခက်အခဲများကို ရင်ဆိုင်ကြရမည် ဖြစ်သည်။ အကယ်၍ သူတို့သာ ဆက်လက်တိုးတက်လိုနေပါက တိုးတက်နိုင်ရန်မှာ ပို၍ ခက်ခဲလာတတ်သည်။ မိုင်ကဲ့သို့သော သူပင်လျှင် အမဲလိုက်ထွက်လျှင် သူတို့၏ အသက်များကို ရင်းနှီးထားရလေသည်။

သူတို့မျိုးနွယ်စုတွင် တောင်ခြေဒေသတွင် နေထိုင်ကြသည့်လူများသည် အားအနည်းဆုံး လူများဖြစ်ကြသည်။ သို့သော်လည်း အမဲလိုက်ထွက်ရာတွင် တုံ့ဆိုင်းနေတတ်သည့် စစ်သည်တစ်ဦးတစ်ယောက်ကိုမှ ရှောက်ရွှမ် မတွေ့ဖူးခဲ့ပေ။ လူတိုင်းသည် လုံလောက်သော ငါးများ ရှိနေသော် လည်း အမဲလိုက်ထွက်ရာတွင် တက်ကြွနေကြဆဲဖြစ်သည်။

တောင်ထိပ်ဒေသတွင်နေထိုင်ကြသည့် လူများမှာမူ သူတို့၏ ကလေးများ ငါးဖမ်းခြင်းကို လုံးဝခွင့်မပြုကြပေ။ ဖြစ်နိုင်သည်မှာ သူတို့သည် ကလေးများ ၏စိတ်ထဲတွင် “ အစားအသောက် ရရှိရန် လွယ်ကူသည် “ ဟူသည့် အတွေးအခေါ်များပေါ်မလာစေချင်သောကြောင့် ဖြစ်နိုင်သည်။ ထိုအစဉ်အလာသည် မျိုးဆက်များစွာ လက်ဆင့်ကမ်းလာခဲ့ကြပြီး လူတိုင်းသည် ရုန်းကန်လှုပ်ရှားရမည် သက်တောင့်သက်သာ မနေရဟူသည့် အတွေးအခေါ်များ၏ လွမ်းမိုးမှုများကို ခံကြရလေသည်။ အစားအသောက်နှင့် အဝတ်အထည်များကို ရရှိနိုင်ရန်အတွက်

တစ်စုံတစ်ယောက်သည် သူ့ကိုယ်သူ အန္တရာယ်အတွင်း တိုက်ခိုက်ရလိမ့်မည် ဖြစ်သည်။

ဖိအားများသည် တိုးတက်လာရန်အတွက် တစ်ခုတည်းသော လမ်းစဉ်ဖြစ်သည်။

“ အမဲလိုက်ခြင်းနဲ့ ကိုယ့်ဖာသာစမ်းသပ်မခံတဲ့ စစ်သည်တော်တွေက တကယ့်စစ်သည်တော်တွေ မဟုတ်ဘူး”

လောင်ခဲ့ အကျဉ်းချုပ်ပြောလိုက်သည်။

ရက်စက်ပုံပေါ်သော်လည်း နားလည်လွယ်ပေသည်။

“တစ်နေ့နေ့မှာတော့ ငါတို့ ရဲ့ မူလနယ်မြေကိုပြန်သွားနိုင်ရမယ်။ မီးတောက်ထဲမှာ ဂုဏ်ကျက်သရေက ရှိနေခဲ့တယ်။ မီးတောက်ဦးချိုတွေရဲ့ မီးတောက် က ဘယ်တော့မှ မငြိမ်းဘူး” ဟူသည့် နံရံပေါ်မှ ဆေးရေးပန်းချီကို ရှောက်ရွှမ် ပြန်အမှတ်ရသွားသည်။

ထို့နောက် သူ လောင်ခဲ့ထံမှ ထွက်လာခဲ့ပြီး သူ့သစ်လုံးအိမ်ဆီသို့ ပြန်လာခဲ့သည်။ ယနေ့သူလုပ်လာခဲ့သည့် ကျောက်တုံးပစ္စည်းများကို သူပြန်လည် ရေတွက်ကြည့်လိုက်သည်။

သူ့အတွက်လုပ်ထားသည့် မြှားခေါင်းများသည် လန်ဂအတွက်လုပ်ပေးခဲ့သည့် မြှားခေါင်းများနှင့် မတူနေခဲ့ပေ။ သာမန်မြှားများအပြင် ရှောက်ရွှမ်သည် တောက်ပံသုံးခုပါသော မြှားခေါင်းများကိုလည်း ပြုလုပ်ထားခဲ့လေသည်။ အမဲလိုက်ရာတွင် ယူသွားမည့် ကျောက်တုံးပစ္စည်းများအားလုံးပေါ်တွင် သူ့နာမည်ကိုလည်း ရေးထိုးထားခဲ့သည်။ ထိုအရာသည် မျိုးနွယ်စုမှ စစ်သည်တော်များ အမဲလိုက်ထွက်သည့်အချိန်တွင် ပြုလုပ်တတ်သည့်အစဉ်အလာ တစ်ခုဖြစ်သည်။

ကျောက်တုံးပစ္စည်းကို အစီအစဉ်ချလိုက်ပြီးနောက် ဆီဆာ အိပ်ငိုက်နေပြီဖြစ်ကြောင်း ရှောက်ရွှမ် သတိပြုလိုက်မိသည်။ သူ့ကိုကြည့်ရသည်မှ ဝံပုလွေတစ်ကောင်နှင့် တူမနေခဲ့ပဲ သာမန်အိမ်စောင့်ခွေးတစ်ကောင်နှင့်သာ တူနေခဲ့သည် ။

အကယ်၍ သူသာ အမဲလိုက်ထွက်ခဲ့လျှင် ဆီဆာကို မည်သို့ စီစဉ်ထားခဲ့ရမည်နည်း။ အမဲလိုက်ထွက်ခြင်းသည် ရက်ပေါင်းနှစ်ဆယ်ကျော် ကြာလိမ့်မည် ဖြစ်သည်။

သူ့ကိုအိမ်မှာ ထားခဲ့ရန်မှာမဖြစ်နိုင်ပေ။ အကယ်၍ ရှောက်ရွှမ်သည် သူ့ကိုအိမ်တွင်မျှော်နေသည့် တစ်စုံတစ်ယောက် မရှိနေလျှင် သနားစရာကောင်းနေလိမ့်မည် ဖြစ်သည်။

သူ့ကို ကြည့်ပေးဖို့နတ်ဆရာကို သွားပြောလိုက်ရမလား .......။ မဟုတ်သေးဘူး။ အဲ့ဒီလူအိုကြီးက သူ့ဖာသာတောင် အလုပ်ရှုပ်နေတာ .......။

ဆီဆာကို မိဘမဲလိုဏ်ဂူထံသို့ ပြန်ပို့ထားရန်ကိုပင် ရှောက်ရွှမ်တွေးမိလိုက်သည်။ သို့သော်လည်း အလေးအနက်တွေးကြည့်လိုက်ပြီးသည့် နောက်တွင် ထိုအကြံကို စွန့်လွတ်လိုက်လေသည်။ အကယ်၍ လိုဏ်ဂူထဲတွင် နေခဲ့ရလျှင် ဆီဆာသည် စည်းကမ်းပျက်သွားမည် ဖြစ်သည်။ ဂူထဲမှ ကလေးများသည် ဆီဆာ့ကို ထိန်းပေးနိုင်ကြလိမ့်မည် မဟုတ်ပေ။

ဆီဆာ့ကိုထိန်းထားပေးနိုင်မည့် လူများစွာကို စဉ်းစားကြည့်လိုက်သည်။ နောက်ဆုံးတွင်မူ လောင်ခဲ့ထံ၌သာ ထားခဲ့ရန် ရှောက်ရွှမ် ဆုံးဖြတ်လိုက်သည်။ လောင်ခဲ့၏နေရာတွင်ဆိုလျှင် ဆီဆာသည်လည်း နာခံမှုရှိရှိဖြင့် နေလိမ့်မည် ဖြစ်သည်။ လောင်ခဲ့သည် ဆီဆာ့အပေါ်တွင် ကောင်းပေးလိမ့်မည်ဟု ရှောက်ရွှမ် ယုံကြည်ထားသည်။

သို့နှင့် ယခင်အမဲလိုက်အဖွဲ့ပြန်လာပြီး သုံးရက်အကြာတွင် ဒုတိယအဖွဲ့အမဲလိုက်ရန် အချိန်ရောက်လာခဲ့ပြီဖြစ်သည်။

လောင်ခဲ့၏ ဓါးနှင့် သူကိုယ်တိုင် လုပ်ထားသည့် ကျောက်တုံးပစ္စည်းများကို ထည့်ထားသည့် အိတ်ကိုယူလိုက်ပြီး ရှောက်ရွှမ် လောင်ခဲ့ထံသို့ သွားလိုက်သည်။ ဆီဆာကို ထားခဲ့လိုက်ပြီး အသားနှင့် ငါးများကိုလည်းပေးခဲ့လိုက်သည်။ ဆီဆာသည် ကြီးထွားနေဆဲဖြစ်ပြီး နေ့တိုင်း စားသောက်ချင်စိတ်များ တိုးပွားနေလေပြီ။

“အခု လောင်ခဲ့ဆီမှာ ကောင်းကောင်းနေခဲ့နော်။ ငါပြန်လာမှ မင်းကိုလာခေါ်တော့မယ်”

ရှောက်ရွှမ် တောင်ကိုတက်နေစဉ်တွင် ဆီဆာ၏ ညည်းညူသံကို ကြားနေရဆဲဖြစ်သည်။ သူ့အသံသည် သာမန်ခွေးတစ်ကောင်က သခင်ကို လွမ်းဆွတ်နေသည့် အသံဖြစ်နေခဲ့သည်။

လန်ကာ့နှင့် ယခင်သဘောတူညီချက်အရ လန်ကာ့သည်ရှောက်ရွှမ်ကို တောင်ထိပ်ဆီသို့ ခေါ်သွားပေးရမည် ဖြစ် သည်။ အမဲလိုက်အဖွဲ့မထွက်ခွာမှီ လူများကို အရင်စုစည်းရပေမည်။ ရှောက်ရွှမ်သည် လုပ်ရိုးလုပ်စဉ်များ စည်းမျဉ်းများကို အကျွမ်းတဝင်မရှိနေသေးပေ။ သူ့ကို တစ်စုံတစ်ယောက်က ပြသပေးရန်လိုနေသေးသည်၊ မဟုတ်လျှင် သူသည် အမှားများကို ပြုလုပ်မိပေလိမ့်မည်။

ရှောက်ရွှမ်‌ရောက်လာသည့်အချိန်တွင် လန်ကာ့ သည်တံခါးနားတွင် စောင့်နေခဲ့လေပြီ။ သူ့နားတွင် ကိရိယာ တန်ဆာပလာများဖြင့် ပြည့်နေသည့် သားရေအိတ်များ ရှိနေခဲ့သည်။

“ သွားကြစို့ “ လန်ကာ့ အိတ်များကို သယ်လိုက်ပြီး ရှေ့မှ ဦးဆောင် လျှောက်သွားလိုက်သည်။

လူများစွာသည် ရှောက်ရွှမ် လန်ကာ့နှင့်တူ လမ်းလျှောက်သွားသည်ကို မြင်လိုက်ကြသည်။ သူ့ကိုတွေ့လိုက်သဖြင့် သူတို့အံ့သြသင့်သွားကြလေသည်။ ဒီတစ်ကြိမ်မှာ ဒီကောင်လေးက အမဲလိုက်ထွက်ခွင့် ရပြီလားဟ........။

“ အားဖေးကော မပါဘူးလား “ ရှောက်ရွှမ် လန်ကာ့ကို မေးလိုက်သည်။

ရှောက်ရွှမ် ဖေးကို တွေ့ခဲ့သော်လည်း သူသည်မည်သည့်ပစ္စည်းကိုမှ သယ်လာခြင်း မရှိသဖြင့် တောင်ထိပ်သို့သွားနေခြင်း ဟုတ်ချင်မှ ဟုတ်ပေလိမ့်မည်။

“ အိုးသူလား “ လန်ကာ့ ပြောလိုက်သည်။ “ အရင်တစ်ခေါက် အမဲလိုက်တာဝန်တုန်းက အဲ့ဒီကောင်လေးက အမိန့်တချို့ကိုမလိုက်နာပဲနဲ့ ပြဿနာဖြစ်စေခဲ့တယ်လေ။ ဒါကြောင့် မိုင်နဲ့ တခြားလူတွေက သူ့ကို ဒီတစ်ခါ မလိုက်ဖို့အပြစ်ပေးလိုက်ကြတယ်။ သူအိမ်မှာပဲ အပြစ်ကိုဆင်ခြင်ပေါ့လေ။ တကယ်လို့ သူ့အမှားကို ပြင်မယ်ဆိုရင်တော့ တတိယ တစ်ခေါက်မှာ သူလိုက်ခွင့်ရမှာပါ။ ဒီတစ်ကြိမ်တော့ သူလိုက်ခွင့်မရဘူး။ ဒါကြောင့်မင်းလည်း အမဲလိုက်ထွက်ရင် အမိန့်တွေကို လိုက်နာဖို့လိုတယ်နော် အားရွှမ် “

“ နားလည်ပါတယ် “ ရှောက်ရွှမ် ပြန်ဖြေလိုက်သည်။

သူတို့ဆက်လျှောက်လာခဲ့ရာ လန်ကာ့၏ သူငယ်ချင်းများ ဖြစ်ကြသော အန်း နှင့်အခြားသူများကို တွေ့လိုက်ရသည်။ သို့နှင့် သူတို့အတူတကွ တောင်ထိပ်သို့ သွားလိုက်ကြလေသည်။

စုဝေးသည့်နေရာသည် မီးပုံပွဲပြုလုပ်သည့်နေရာတွင်ဖြစ်သည်။ သို့သော် ဤတစ်ကြိမ်တွင်မူ မီးများ တောက်လောင်နေခြင်း မရှိတော့ပေ။

နတ်ဆရာသည် အညိုရောင် ဝတ်ရုံတစ်ခုကို ဆင်မြန်းထားပြီး လက်ထဲတွင်တုတ်တစ်ချောင်းကို ကိုင်ထားကာ မီးပုံဘေးတွင် မတ်တပ်ရပ်နေခဲ့သည်။ ရှောက်ရွှမ် သူ့ကိုကြည့်လိုက်သည့်အချိန်တွင် သူကလည်း ရှောက်ရွှမ်ကို ပြန်ကြည့်လိုက်လေသည်။ လူအုပ်ထဲတွင် ရှောက်ရွှမ်ကို တွေ့လိုက်ရသဖြင့် နတ်ဆရာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။ သူသည် ယခုတစ်ကြိမ်တွင် ရှောက်ရွှမ်ကို ကောင်းစွာ မှတ်မိနေခဲ့ပြီဖြစ်သည်။ သို့သော် သူ့အနေဖြင့် ရှောက်ရွှမ် ဤတစ်ကြိမ် အမဲလိုက်ခြင်းတွင် ပါဝင်ခွင့်ရမည် ဟူ၍‌တော့ မတွေးထားမိခဲ့ပေ။

All Chapters