ဝင်ရောက်ခြင်း
Vol. 3 Ch. 40
ခနတာမျှ အနားယူလိုက်ကြပြီးနောက် အဖွဲ့၏ပင်မခေါင်းဆောင်သည် သစ်တောအုပ်ထဲသို့ စစ်သည်တော် လေးဆယ်နှင့်အတူ ဝင်သွားလေသည်။ ကျန်နေခဲ့သော လူများသည် အပြင်ဖက်တွင်သာ စောင့်နေခဲ့ကြသည်။
ကျန်နေသည့် စစ်သည်တော်များကို အုပ်စုခွဲ ငါးခုအဖြစ်ထပ်ခွဲထားသည်။ သူတို့သည် တောအုပ်ထဲသို့ အတူတကွဝင်သွားကြမည့်အစား သူတို့၏ အမဲလိုက်နယ်ပယ်များကို သီးသန့်ခွဲထားပြီး ထိုနေရာများတွင်သာ နေကြရမည်ဖြစ်သည်။
ရှောက်ရွှမ်သည် လန်ကာ့၏ စကားများကိုနားထောင်နေခဲ့သည်။ ထိုအချိန်တွင် မိုင်သည် မောင်ကို ဦးဆောင်လိုက်ပြီး သူတို့နေရမည့်နေရာဆီသို့ သွားလိုက်သည်ကို မြင်လိုက်ရသည်။
“ အဲ့ဒီကလေးက ငါတို့အုပ်စုထဲကမဟုတ်ဘူး။ သူက ဘာလို့ ဒီကိုရောက်နေတာလဲ၊ လမ်းကြောင်း အလဲအလှယ်လုပ်ချင်လို့လား “ အန်း သူ့သူငယ်ချင်းများကို တိုးတိုးလေး မေးကြည့်လိုက်သည်။
“ ခုနတုန်းလေးကပဲ မောင် ငါတို့ခေါင်းဆောင်ဆီကို သွားလိုက်တာကို ငါတွေ့လိုက်သေးတယ်။ ပြီးတော့ မိုင်ကို ခေါ်လိုက်တာပဲ “ ခွေ လန်ကာ့နှင့်အန်းတို့ကို ပြောလိုက်သည်။ ခွေသည် ရှောက်ရွှမ်ထက် အနည်းငယ်သာ အသက်ကြီးသည်။သို့ရာတွင် သူ၏ စွမ်းအင်နှိုးထခြင်းသည် စောခဲ့သည်။ ထို့ကြောင့် သူ့လက်ရှိအရပ်သည် လန်ကာ့နီးပါးပင် ရှိနေခဲ့ပြီဖြစ်သည်။
လန်ကာ့နှင့် အန်းတို့ ပါးစပ်များတွန့်ကွေးသွားသည်။
အမဲလိုက်အဖွဲ့၏ ခေါင်းဆောင်သည် မောင်၏ ဖခင်ဖြစ်ကြောင်းကို လန်ကာ့နှင့် အခြားသူများ၏ ပြောစကားများ အရ ရှောက်ရွှမ်သိလိုက်သည်။
မောင်သည် သူ့ကိုယ်ပိုင် အရည်အချင်းရှိသူတစ်ယောက် ဖြစ်သည်။ ထို့ကြောင့်ပင် သူသည် အမဲလိုက်အဖွဲ့တွင် လိုက်ပါခွင့်ရခဲ့ခြင်း ဖြစ်သည်။ သူသည် သူနှင့်သက်တူရွယ်တူအများစုထက် ပိုတော်ပြီး ယခင်အမဲလိုက်ခရီးစဉ်တွင်လည်း ကောင်းမွန်စွာလုပ်ဆောင်နိုင်ခဲ့သည်။ အမဲလိုက်အဖွဲ့ထဲတွင် လိုက်ပါခွင့်ရသည့် အကြောင်းပြချက်နောက်တစ်ခုမှာ သူ့ဖခင်ကြောင့် ဖြစ်သည်။ ထို့ကြောင့် အမဲလိုက်အဖွဲ့ထဲမှလူများသည် မောင် ပါနေခြင်းကို အပြစ်မပြောကြပေ။
မောင်သည် သူကိုယ်တိုင် အမဲလိုက်အဖွဲ့ထဲတွင် ပါဝင်ချင်နေခြင်းဖြစ်ပြီး သူ့ဖခင်က သူ့ကို အသိအမှတ်ပြုပေးယုံသာ ဖြစ်သည်။
“ အားရွှမ် ဒီနားလာကြည့်။ မင်းနဲ့ မောင်တို့က တစ်ချိန်ထဲပဲ စွမ်းအင်နှိုးထခဲ့ကြတာ၊ ပြီးတော့ အသက်လည်း အတူတူလောက်ပဲ။ ဒါပေမယ့်မောင်က မင်းထက် အမဲလိုက်အတွေ့အကြုံပိုများတယ်။ ဒါကြောင့် အမဲလိုက်ထွက်ရင် မင်းတို့နှစ်ယောက် ပူးပေါင်းပြီးတော့ လုပ်ကြပါ “ မိုင်ပြောလိုက်သည်။
“ ဟုတ်တာပေါ့ “ ရှောက်ရွှမ် မကျေနပ်သည့်အမူအယာမျိုးကို မပြနေခဲ့ပေ။ သူ့အနေဖြင့် မကျေမနပ်ဖြစ်နိုင်သည့် အရည်အချင်းလည်း မရှိသေးပေ။
ရှောက်ရွှမ်အံ့သြရသည့်အချက်မှာ မောင်သည် “ ငါကသာ ဘုရင်ကြီး” ဟူသည့် အမူအယာမျိုး ထုတ်ဖော်နေခြင်း မရှိသောကြောင့် ဖြစ်သည်။ ထို့အပြင် သူသည် ရှောက်ရွှမ်ကို ရန်စလိုသည့် အပြုအမူလည်း မရှိနေပေ။ ထို့အစား သူသည် အတော်လေး နာခံတတ်နေခဲ့ကာ မိုင် စီစဉ်နေသည့်အစီအစဉ်များကို လိမ်လိမ်မာမာဖြင့် နားထောင်နေခဲ့သည်။ သူ့ကိုကြည့်ရသည်မှာ ဖေး ထက် ပိုဉာဏ်ကောင်းပုံ ရပေသည်။
ထိုအခိုက်တွင် သစ်တောထဲမှ သစ်သား ဝီစီ သံများကို ကြားလိုက်ရလေသည်။ ထိုဝီစီသံသည် ငှက်များ ၊ သမင်များ အော်နေသည့်အသံနှင့်တူနေခဲ့သည်။
ထိုအချက်ပေးသံမှာ အရင်တောထဲကြိုသွားလိုက်ကြသည့် အဖွဲ့ထံမှ အချက်ပေးသံဖြစ်သည်။ ဆိုလိုသည်မှာစစ်သည်တော်များ၏ စွမ်းဆောင်ရည်ထက်ပိုနေသည့် သားရဲများ မရှိနေကြောင်းကို ဆိုလိုခြင်းဖြစ်သည်။ မည်သည့်မူမမှန်မှ မရှိနေ အဆင်ပြေသည် ဟူသည့် အဓိပ္ပာယ်လည်း ရပေသည်။ ထို့ကြောင့် နောက်မှ အဖွဲ့များသည် ဆက်လက် လိုက်ပါလာနိုင်သည်ဟု အချက်ပေးခြင်းဖြစ်သည်။
ပထမဆုံးသွားလိုက်ကြသည့်အဖွဲ့သည် လုံခြုံရေး နှင့် အန္တရာယ်များ အတွက် ထိုကဲ့သို့ ဆက်သွယ် သတိပေးလေသည်။ သို့သော်သူတို့သည် နောက်မှလိုက်လာသော အဖွဲ့များကို စောင့်နေကြမည်တော့ မဟုတ်ပေ။ သူတို့ကို အကောင်းဆုံးသော စစ်သည်တော်များ အဖြစ် ယူဆထားကြသဖြင့် သူတို့၏ အမဲလိုက် နယ်မြေသည် ကျန်လူများနှင့် မတူနေပေ။ ထွော်နှင့် ခဲ့ခဲ့ တို့ နှစ်ယောက်လုံးသည် ရှေ့ပြေးအဖွဲ့တွင် ပါဝင်ပေသည်။
“ ကောင်းပြီ အခုငါတို့ဝင်သွားဖို့ အချိန်ကြပြီ “ မိုင် အုပ်စုထဲမှ လူများကို ခေါ်လိုက်သည်။ “ ထုံးစံအတိုင်းပဲ နေမဝင်ခင် တောင်တစ်ဖက်ကို ငါတို့ရောက်မှ ရမယ် “
မိုင်ပြသည့် တောင်ကြီးကို ရှောက်ရွှမ် မော့ကြည့်လိုက်သည်။ ထိုတောင်သည် ကြီးမားပြီး မြင့်မားလွန်းလှပေသည်။ အကယ်၍ ရှောက်ရွှမ်သာ သူ့ယခင်ဘဝတွင်သာ ရှိနေသေးလျှင် သူ့အနေဖြင့် စဉ်းစားမိလိမ့်မည် မဟုတ်သည့် တောင်ကြီးတစ်လုံးဖြစ်သည်။ သို့သော် ယခုဘဝတွင် သူ့အနေဖြင့် ကျင့်သားရနေခဲ့လေပြီ။
အခြားအဖွဲ့များသည်လည်း သီးသန့်အမဲလိုက်လမ်းကြောင်းများ ရှိကြလေသည်။ အချို့လူများသည် တောင်ကို တက်မည့်အစားလမ်းလွဲများမှ သွားကြလေသည်။
အယောက်သုံးဆယ်ပါသော အဖွဲ့သည် တောအုပ်ထဲတွင် ရောက်နေကြပြီ ဖြစ်ပြီး ပစ္စည်းကိရိယာ မျိုးစုံတို့ကို လွယ်ပိုးထားလေသည်။ သို့သော်လည်း သူတို့သစ်ပင်များအကြား သွားနေစဉ်တွင် မည်သည့်အသံကိုမှ မကြားရပေ။
တောအုပ်ထဲတွင် ရှေးဟောင်းသစ်ပင်များ အများအပြားရှိလေသည်။ သစ်ပင်သစ်ကိုင်းများသည် ကြီးမားလွန်းသဖြင့် ကောင်းကင်ကိုပင် ဖုံးကွယ်ထားခဲ့သည်။ ထိုသစ်ပင်များ၏ အောက်ဖက်တွင် အမျိုးအမည်မသိရသည့် ခြုံနွယ်ပိတ်ပေါင်းများ ရှိနေခဲ့သည်။ မြေပြင်ထက်တွင် ကြီးမားသော သစ်ပင်အမြစ်များကိုလည်း မြင်တွေ့နိုင်လေသည်။
စစ်သည်တော်များသည် ခုန်လိုက်ကြပြီး သစ်ပင်အမြစ်များကို ကျော်လွှားလိုက်ကြသည်။ အယောက်သုံးဆယ်သော စစ်သည်တော်များ ခုန်ကျော်သွားမှုကြောင့် သစ်မြစ်များ လှုပ်ခတ်သွားခဲ့သည်။ သစ်ပင်သစ်ရွက်များ လှုပ်ရှားသံသည် တောထဲမှ သားရဲများ၏ စိတ်အာရုံကို ဆွဲဆောင်နိုင်ခြင်းမရှိပေ။
ရှောက်ရွှမ်သူ့ရှေ့မှ လူနောက်ကို လိုက်ပြီး ခုန်လိုက်သည်။ ထို့နောက် သူသည် သစ်ကိုင်းတစ်ခုပေါ်သို့ ခုန်တက်လိုက်ပြန်သည်။
သူခုန်တက်လိုက်သည့် သစ်ကိုင်းသည် နွယ်ပင်တစ်ခု ဖြစ်သည်။ ထိုနွယ်ပင်သည် ကြီးမားလွန်းပြီး သစ်ပင်ကြီးတစ်ခုလုံးကို ရစ်ပတ်ထားသည်။ နွယ်ကိုင်း ၏ မျက်နှာပြင်ပေါ်တွင် ရေညှိများ ရှိနေခဲ့ပြီး ထိုရေညှိများကို တက်နင်းမိလျှင် အလွယ်တကူ ချော်လဲနိုင်သည်။
နွယ်ပင်ပေါ်တွင် လျင်မြန်စွာဖြင့် လှုပ်ရှားနေခဲ့ပြီး လန်းဆန်းစေသော ရနံ့တစ်ခု သူ့နှာခေါင်းများ၏ အာရုံခံမှုကို လှုံ့ဆော်နေခဲ့ကြောင်း ရှောက်ရွှမ် သတိပြုလိုက်မိသည်။ ထိုအနံ့မှာ သစ်ပင်များ၏ အနံ့များဖြစ်ပြီး ပန်းများ၏ မွေးရနံ့များလည်း ရောနှောပါဝင်နေခဲ့သည်။ ထို့အပြင် တောအုပ်သည် စိုစွတ်မှုဖြင့် သားရဲတို့၏ အနံ့အသက်ကိုလည်း တစ်ခါတစ်ရံ ရနေသကဲ့သို့ ခံစားနေရသည်။
ထိုအရာသည် တောအုပ်၏ အနံ့သာဖြစ်သည်။ တောအုပ်သည် အသက်ဓါတ်များ၊ အန္တရာယ်များ ၊ ထိတ်လန့်စရာများဖြင့် ပြည့်နှက်နေသည်။ လေထုကို အနံ့ခံမိယုံမျှဖြင့် တစ်စုံတစ်ယောက်သည် ကြက်သီးများပင် ထလာနိုင်လေသည်။
ကြိတ်ဆုံတစ်လုံး ပမာဏခန့်ရှိသော အင်းဆက်ပိုးကောင်တစ်ကောင်သည် နွယ်ပင်တစ်ခုပေါ်တွင် အနားယူနေခဲ့သည်။ သူ့ထံတွင် မျက်လုံးများ များစွာပါဝင်နေလေသည်။ သူလှုပ်ရှားလိုက်သည်နှင့် သူ့မျက်လုံးများသည် ဘေးပတ်ဝန်းကျင်ကို ကြည့်ရှုလေ့လာနေဟန် ရသည်။
အမဲလိုက်အဖွဲ့သည် အင်းဆက်တစ်ကောင်ကြောင့် ရပ်နားခြင်း မရှိနေခဲ့ပေ။ အင်းဆက်သည် သူ့ဖာသာ နွယ်ပင်၏ တစ်ဖက်သို့ ဝင်သွားသည်ကို ရှောက်ရွှမ် တွေ့လိုက်ရသည်။
ဝုရှ်.......
လျင်မြန်လှသော ငှက်တစ်ကောင် နွယ်ပင်အောက်မှ ဖြတ်ပျံသွားလေသည်။ မြန်လွန်းသဖြင့် သေချာပင် မမြင်လိုက်ရပေ။ ယခင်က ရှိနေခဲ့သည့်အင်းဆက်သည် ထိုငှက်၏ သုတ်ချီခြင်းကို ခံလိုက်ရလေသည်။
အမဲလိုက်အဖွဲ့ရှေ့သို့ဆက်လက် ချီတက်လာခဲ့ရာ အချို့နေရာများသည် မှောင်မဲနေခဲ့ပြီး အချို့နေရာများသည် လင်းလက်နေခဲ့လေသည်။ နွယ်ပင် မှ သစ်ကိုင်းကြီးများသည် သစ်ပင်များကို ပန်းကုံးများကဲ့သို့ တွဲလျား ရစ်ပတ်နေခဲ့ကြသည်။
အပေါ်ဖက် သစ်ကိုင်းတစ်နေရာတွင် ရေပုံးတစ်ပုံးခန့် ခန္ဓာကိုယ်ရှိသည့် မြွေတစ်ကောင် ရှိနေခဲ့သည်။ သူ့ခန္ဓာကိုယ်သည် ရောင်စုံအကွက်များဖြင့် လှပနေလေသည်။ သို့သော် လည်း ဤတောအုပ်ထဲတွင် ထိုအရာသည် ဆန်းကြယ်နေသည့် အရာတစ်ခု မဟုတ်ပေ။
ဖြစ်နိုင်သည်မှာ မြွေသည် ဗိုက်ပြည့်နေဟန်ရသည်။ သူ့ကိုကြည့်ရသည်မှာ နှေးကွေးလေးလံနေလေသည်။ အမဲလိုက်အဖွဲ့မှလူများ မြွေရှိနေသည့် သစ်ကိုင်းအောက်မှ ဖြတ်သွားသည့်အခါ မြွေသည် ပျင်းရိစွာဖြင့် သူ၏ လျှာများကို ထုတ်နေလိုက်ပြီး စစ်သည်တော်များကို ကြည့်နေခဲ့သည်။
ရှောက်ရွှမ်သည် မြွေ၏ အေးစက်စက်အကြည့်များကို အာရုံခံမိလိုက်သည်။ သို့သော်လည်း သူဂရုစိုက်မနေတော့ပဲ လန်ကာ့နောက်မှသာ လိုက်သွားလိုက်သည်။ သူ့ရှေ့မှလူများသည် မြွေကို အာရုံမစိုက်ကြသဖြင့် သူသည်လည်း အဘယ်ကြောင့် အာရုံစိုက်နေရမည်နည်း။ ရှောက်ရွှမ် သည် အတွေ့အကြုံ သုညသာ ရှိနေသးသည့် လူသစ်တစ်ယောက် ဖြစ်သည်။ သူ့အနေဖြင့် မည်သည့်အခါတွင် တိုက်ခိုက်ရမည် ၊ မည်သည့်အခါတွင် မတိုက်ခိုက်ရ ဟူသည့်အချက်များကို သင်ယူရဦးမည် ဖြစ်သည်။
ယခုတွင် ရှောက်ရွှမ်သည် အုပ်စု၏ အလယ်တွင် ရောက်နေခြင်း ဖြစ်ပြီး သူ့နောက်တွင် လည်း စစ်သည်တော်များ လိုက်ပါလာနေကြသည်။
သူ့နောက်မှ စစ်သည်တော်များသည် ယခုအမဲလိုက်ခရီးစဉ်က ရှောက်ရွှမ်၏ ပထမဆုံးအကြိမ်ဖြစ်သည်ကို သိနေကြသည်။ ထို့ကြောင့် သူတို့သည် အကယ်၍ ရှောက်ရွှမ် ချော်လဲသည်ဖြစ်စေ၊ အခြားတစ်ခုခုဖြစ်သည်ဖြစ်စေ ကူညီပေးနိုင်ရန် နောက်မှ လိုက်ပါလာကြခြင်း ဖြစ်သည်။
သို့သော်လည်း ရှောက်ရွှမ်သည် အမှားတစ်ခုကိုမှ မလုပ်ပဲ အုပ်စုနောက်မှ လိုက်ပါလာနိုင်ခဲ့လေသည်။
လမ်းတစ်လျှောက်တွင် ရှောက်ရွှမ် သားကောင် တော်တော်များများကို မြင်ခဲ့ ရလေသည်။ အချို့သည် ကြီးမားသည့် ဝက်ဝံကြီးများ ဖြစ်ကြသည်။ အချို့သော သားကောင်များကိုမူ သူနာမည် မခေါ်တတ်ပေ။ အချို့မှာမူ သေးငယ်သော သားကောင်များဖြစ်ကြပြီး ခြုံများထဲတွင် ပြေးလွှားနေခဲ့ကြသည်။ သို့သော်လည်း အမဲလိုက်အဖွဲ့သည် ရပ်တန့်ခြင်း မရှိသကဲ့သို့ ထိုသတ္တဝါများကို ကြည့်ပင် ကြည့်နေခြင်း မရှိနေပေ။ သူတို့အားလုံးသည် မိုင်ယခင်က ညွှန်ပြထားခဲ့သည့် တောင်တန်းဖက်သို့သာ ဦးတည်လျှောက်သွားနေခဲ့သည်။
တောင်နှင့် သူတို့နီးကပ်လာသည်နှင့်အမျှ သစ်ပင်များ၏ မျိုးစိတ်များ ပြောင်းလဲသွားလေသည်။ သစ်ပင်များသည် ရှေးဆန်လွန်းလှခြင်း မရှိတော့ပဲ အမဲလိုက်အဖွဲ့သည်လည်း သစ်ပင်များကြားထဲမှ သွားလာနေရခြင်း မရှိတော့ပေ။
လန်ကာ့နှင့် အခြားသူများ နှေးကွေးသွားသည်ကို မြင်လိုက်ရသဖြင့် ရှောက်ရွှမ်လည်း နှေးကွေးစွာ သွားလိုက်သည်။
မိုင် သူ့နောက်တွင် ရှိနေခဲ့သည့် စစ်သည်တော်များကို လက်ဟန်အမူအယာ ပြလိုက်သဖြင့် စစ်သည်တော် (၇) ယောက် (၈) ယောက်ခန့်ထွက်လာပြီး အနီးအနားတွင် အန္တရာယ်ရှိမရှိကို စစ်ဆေးရန် သွားလိုက်ကြလေသည်။
အန္တရာယ်မရှိကြောင်း အတည်ပြုပြီးနောက် အမဲလိုက်အဖွဲ့ကို ခနတာအနားယူရန် မိုင်ပြောလိုက်သည်။
အုပ်စုသည် နေရာယူထားသည့် ပုံစံကို ပြောင်းလဲလိုက်ပြီး သက်တောင်သက်သာ နေနေကြသည်။ သို့သော်လူတိုင်းသည် အလကားမနေကြပဲ သူတို့၏ ပစ္စည်းများကို ပြင်ဆင်နေကြလေသည်။
“ မောနေပြီလား .... “
လန်ကာ့ သူ့လေးမြားများကို ပြင်ဆင်နေချိန်တွင် ရှောက်ရွှမ်ဖက်သို့ လှည့်လိုက်ပြီး မေးလိုက်သည်။ အကယ်၍ ပင်ပန်းလျှင် ထိုသူသည် ရေသောက်ခြင်းအစာစားခြင်း များကို ပြုလုပ်ပြီး အားပြန်ဖြည့်နိုင်ပေသည်။ လန်ဂသည် ရှောက်ရွှမ်ကို ဖိအားမများစေရန် ပြောလိုနေခဲ့သည်။ သူတို့သည် တောအုပ်အစွန်းမှ တောအုပ်ကို ဖြတ်သန်းပြီး တောအုပ်၏ အလယ်သို့သွားကြမည် ဖြစ်သည်။ ထို့ကြောင့် တစ်စုံတစ်ယောက်သည် သတိရှိနေရမည် ဖြစ်ပြီး အမှားမရှိစေရန် လုပ်ဆောင်ရမည် ဖြစ်သည်။ အာရုံကြောများကို တင်းထားရသဖြင့် လူတစ်ယောက်သည် အလွယ်တကူပင် စိတ်ရောကိုယ်ပ ပင်ပန်းနွမ်းနယ်နိုင်ပေသည်။ စွမ်းအင်နှိုးထသူ အသစ်များ အတွက်မူ ထိုအရာသည် စမ်းသပ်မှုတစ်ခု ဖြစ်လေသည်။ မောင်ကဲ့သို့ သူနှင့်သက်တူရွယ်တူများထဲတွင် သာလွန်နေပါသည် ဆိုသည့်လူသည်ပင် အသက်ကို အပြင်းအထန်ရှုရှိုက်နေရသည်။
သို့သော်လည်း လန်ကာ့၏ စကားများကို ကြားလိုက်ရပြီးနောက် သူရှောက်ရွှမ်ကိုလှမ်းကြည့်လိုက်သည်။ ထိုကောင်လေးသည် မည်သို့မျှမဖြစ်သလို ဟန်ဆောင်နေပေသေးသည်။ သူသည် မမောယုံသာမက သစ်ပင်ပေါ်၌ ရှိနေသည့် ကြောင်ကတိုး တစ်ကောင်ကိုပင် စိတ်ဝင်တစား ကြည့်နေနိုင်သေးသည်။