← Chapters

တောဝက်

Vol. 3 Ch. 42

တောဝက်

Vol. 3 Ch. 42

ရောင်နီလာသည့်အချိန်တွင် တစ်ညလုံးအနားယူထားပြီး ဖြစ်သဖြင့် စစ်သည်တော်များ အားလုံး ခွန်အားပြည့်နေကြလေပြီ။ သူတို့သည် အမဲလိုက်ရာတွင် ယူသွားကြမည့် ပစ္စည်းများကို ထုပ်ပိုးနေကြသည်။

သူတို့အားလုံး မျိုးနွယ်စုထံမှ ကျောက်တုံး ကိရိယာ တန်ဆာပလာ တော်တော်များများကို ယူလာခဲ့ကြသည်။ ထို့အပြင် အပိုပစ္စည်းများကိုလည်း လိုဏ်ဂူထဲတွင် ထားခဲ့ကြမည် ဖြစ်သည်။ သူတို့အနေဖြင့် ပစ္စည်းများအားလုံးကို အမဲလိုက်သည့်နေရာသို့ ယူမသွားနိုင်ကြပေ။ သူတို့လိုအပ်မည်ထင်သည့် အရာတချို့ကိုသာ ယူလာကြပြီး ကျန်သည်များကို လိုဏ်ဂူထဲတွင်သာ ထားခဲ့မည်ဖြစ်သည်။

လောင်ခဲ့၏ ဓါးရှည်အပြင် ရှောက်ရွှမ်သည် လှံရှည်တစ်ချောင်းကိုလည်း ယူလာခဲ့သေးသည်။ ထို့အပြင် သူ့ကျောဖက်တွင် လှံတိုသုံးချောင်းလည်း ရှိနေသေးသည်။ အခြားသူများနှင့်ယှဉ်လျှင်မူ ရှောက်ရွှမ် ပစ္စည်းအနည်းဆုံးဖြစ်သည်။ မည်သို့ပင် ဖြစ်စေ ယခုတစ်ကြိမ်သည် သူ့အတွက် အမဲလိုက်ထွက်သည့် ပထမဆုံးအကြိမ်ဖြစ်လေသည်။ သူလုပ်ရမည်မှာ စောင့်ကြည့်လေ့လာရန်သာဖြစ်သည်။

သူတို့ မနက်စာစားလိုက်ကြပြီးနောက်၊ မိုင်သည် လိုဏ်ဂူကို ကာထားသည့် ကျောက်တုံးကြီးကို ဘေးဖက်သို့ တွန်းရွှေ့လိုက်သည်။

နေသည် အပြည့်အဝထွက်ပေါ်မလာသေးပေ။ လေထုသည် အေးစက်စိုစွတ်နေပြီး လူတိုင်းကို အရိုးထိ တုန်ယင်စေနိုင်သည်။

လိုဏ်ဂူရှိနေသည့်နေရာသည် တောအုပ်နှင့် ဝေးနေသေးပေသည်။ လိုဏ်ဂူအနားတွင် လျှောစောက် တောင်ကမ်းပါးတစ်ခု ရှိနေခဲ့သည်။ အကယ်၍ တစ်စုံတစ်ယောက်သာ ထိုနေရာမှ လိမ့်ချလိုက်ပါက တောင်ခြေသို့ အလျင်အမြန်ရောက်သွားနိုင်လိမ့်မည် ဖြစ်သည်။ လိုဏ်ဂူအနီးတွင် သစ်ပင်များများစွာ မရှိသကဲ့သို့ သတ္တဝါများလည်း ရှိမနေခဲ့ပေ။

လိုဏ်ဂူပြင်ပတွင် ရှောက်ရွှမ်သည် တိမ်များထဲနှစ်မြုပ်နေခဲ့သည့် တောင်တန်းများကို မြင်လိုက်ရသည်။ ပုန်းကွယ်နေသည့် အန္တရာယ်များနှင့် သားရဲများကို ဘေးဖယ်ထားလိုက်လျှင် တောအုပ်သည် အလွန်လှပသည့် နေရာတစ်ခု ဖြစ်ပေမည်။

“ အမဲလိုက်မထွက်ခင်မှာ သားကောင်ရဲ့အကျင့်စရိုက်တွေကို ကြိုသိထားရမယ်။ ဥပမာ ယုန်လို့မျိုး သားကောင် အသေးတွေက ညဖက်မှ အစာရှာထွက်ကြတယ်။ နေ့ခင်းမှာဆို ပုန်းနေကြတယ်“ လန်ကာ့ ရှောက်ရွှမ်ကို သင်ကြားပေးနေခဲ့သည်။ ထိုအခိုက်တွင် သူသည် ယုန်များ ကိုက်ဖြတ်သွားမှုကြောင့် သွားရာများ ထင်ကျန်နေသည့် ခြုံပုတ်များနှင့် မြက်ပင်များကို လက်ညိုးထိုးပြလိုက်သည်။

“ သိုးရိုင်းတွေကတော့ ဒီတောင် တစ်ဝိုက်မှာ တွေ့ရခဲတယ်။ တခြားတောင်တန်းတွေမှာပဲ သူတို့နေကြတာ၊ တစ်ခါတစ်လေတော့ ဒီတောင်တန်းမှာလည်း သူတို့ကို တစ်‌ကောင်နှစ်ကောင်လောက် တွေ့ရတတ်တယ်။ ဆောင်းရာသီဆိုရင် သူတို့က နေ့ခင်းဖက်အစာရှာကြတယ်။ နွေရှာသီဆိုရင်တော့ မနက်ကနေ ညနေအထိ အစာရှာတယ်။ ညနေဆိုရင်တော့ သူတို့ တောင်ကြားတွေထဲမှာ အနားယူကြတယ်။ ပြီးတော့ သစ်တော အစပ်တွေမှာ နေတတ်တဲ့ သားကောင် သေးသေးလေးတွေလည်း ရှိသေးတယ်။ သူတို့က နေ့ခင်းဆိုရင် ခြုံပုတ်တွေထဲမှာ ပုန်းနေတတ်ကြတယ်။ ပြီးတော့ မနက်ခင်းအစောတွေနဲ့ ညနေခင်းတွေမှာ အပြင်ထွက်လာ တတ်ကြတယ် “

ရှောက်ရွှမ် လန်ကာ့၏ စကားများကို သေချာနားထောင်နေလိုက်သည်။ သူသည် အရာအားလုံးကို မှတ်မိစေရန်အတွက် ကြိုးစားနေခြင်း ဖြစ်သည်။ တစ်စုံတစ်ယောက်သည် တောအုပ်အတွင်း၌ ရှင်သန်လိုပါက ထိုအချက်များကို သိထားမှ ရမည်ဖြစ်သည်။ သတ္တဝါအမျိုးမျိုးတို့၏ အကျင့်စရိုက်များကို သိထားမှသာ မုဆိုးတစ်ယောက်သည် မည်သည့်အချိန်တွင် လိုက်ရမည်၊ မည်သည့်အချိန်တွင် ရပ်တန့်ရမည် စသည်တို့ကို သိလိမ့်မည် ဖြစ်သည်။

“ အဲ့ဒါအပြင် သားကောင်လိုက်ရှာတဲ့နေရာမှာ သူ့ရဲ့ခြေရာလက်ရာတွေကို အရင်ကြည့်ရမယ်။ သစ်ပင်တွေမှာကုတ်ခြစ်ထားတာတွေ၊ မြေကြီးပေါ်က ခြေရာတွေ စတာတွေပေ့ါ။ အဲ့ဒါတွေကို ကြည့်ပြီးတော့ သားကောင်နောက်ကို လိုက်လို့ရတယ်လေ။ မင်းကသာ အဲ့ဒီအချက်တွေကို မဖျက်ဆီးလိုက်ဘူးဆိုရင် သားကောင်က အဲ့ဒီလမ်းကြောင်းကပဲ သွားလာလှုပ်ရှားတာ ဖြစ်ဖို့ များတယ်။ တကယ်လို့ မင်းကိုသူတို့အာရုံခံမိသွားတယ်လို့ထင်ရင် အသက်ကို အောင့်ထားလိုက်ပြီးတော့ ငြိမ်ငြိမ်လေး နေလိုက်။ ဖြစ်နိုင်တာက သားကောင်က လူတွေကို မမြင်ဖူးတာဖြစ်နိုင်တယ်လေ၊ ဒီတော့ သူတို့က ကြောက်စိတ်ထက် သိလိုစိတ်ပဲ ရှိနေတော့မှာ။ စကားမစပ် မင်းလို စွမ်းအင်နှိုးထသူ အသစ်တစ်ယောက် အနေနဲ့ မင်းက အကောင်ကြီးတဲ့သားရဲတွေကို အမဲလိုက်လို့မဖြစ်သေးဘူး။ မဟုတ်ရင် မုဆိုးကနေ သားကောင် ပြန်ဖြစ်သွားလိမ့်မယ်”

ထို့နောက် လန်ကာ့သည် တိတ်ဆိတ်သွားခဲ့ပြီး မြေပြင်ပေါ်မှ သားကောင်များ၏ ခြေရာလက်ရားများကို ရှာဖွေနေခဲ့သည်။ “ ဒီနားမှာ တောဝက်ရိုင်းတစ်ကောင် ရှိနေတယ် “

လမ်းကြောင်းတစ်လျှောက်တွင် သိသာသော ခြေရာလက်ရာများ ရှိနေခဲ့သည်။ လန်ကာ့ လူအားလုံးကို စုဝေးလိုက်ပြီး မိုင်နှင့်တိုင်ပင်လိုက်ကြသည်။ “ ဒီနားမှာ တောဝက်တစ်‌ကောင် ရှိနေတယ်။ ငါတို့က အမဲလိုက်နယ်မြေရဲ့ အလည်ကို မရောက်သေးတော့ ငါနဲ့ အားရွှမ်တို့ သွေးပူလေ့ကျင့်ခန်းလေး လုပ်လို့ ရမလား “

“ ကောင်းပြီလေ “ မိုင် လန်ကာ့ကို ပြောလိုက်ပြီး သူ့ဘေးရှိ 'ချောင်' ဆိုသူနှင့် ဆွေးနွေးလိုက်သည်။

ချောင်နှင့် မိုင်တို့သည် ဇနီးမောင်နှံများ ဖြစ်ကြလေသည်။ ရှောက်ရွှမ် ချောင်၏ နာမည်ကို ပထမဆုံးအကြိမ် ကြားဖူးသည့်အချိန်တွင် သူသည် လန်ကာ့နှင့် ထိုအမည်ကို ဟာသလုပ်နေခဲ့ကြသေးသည်။ မည်သို့ပင်ဖြစ်စေ လန်ကာ့သည် ရှောက်ရွှမ်ပြောသည့် ဟာသကို နားမလည်ပေ။ ( မိုင်သည် ဂျုံမှုန့်ဟု အဓိပ္ပာယ်ရပြီး ၊ ချောင်သည် အသီးတစ်မျိုး၏ အမည်ဖြစ်သည်။ )

သူတို့၏ အမဲလိုက်အဖွဲ့တွင် အမျိုးသမီးစစ်သည်တော် (၇) ယောက်သာ ပါလာခဲ့သည်။ သူတို့အထဲတွင် ချောင်သည် အသန်မာဆုံးသော တစ်ယောက် ဖြစ်သည်။ ချောင် နှင့် မိုင်တို့နှစ်ယောက်လုံး အလယ်အလတ်အဆင့် စစ်သည်တော်များဖြစ်ကြသည်။ ယခင်က သူတို့နှစ်ယောက်သည် သီးခြား စစ်သည်တော်အုပ်စုများကို ဦးဆောင်ပြီး အမဲလိုက်ထွက်ဖူးကြသည်။ ယခုတွင် သူတို့နှစ်ယောက်လုံး အဖွဲ့တစ်ခုတည်းတွင် အတူတူကျနေလေပြီ။

သူမနှင့် မိုင်တို့ အတူတူ စဉ်းစားထားကြသည့် နည်းဗြူဟာအရ ချောင်သည် စစ်သည်‌တော်အုပ်စုကို ဦးဆောင်လိုက်ပြီး ကြီးမားသည့် ဦးမှင်တံ၊ ဦးချိုများရှိသည့် သမင်များကို အမဲလိုက်ရန် ဦးဆောင် လိုက်သည်။

မိုင်မှာမူ ကျန်လူများနှင့် မူလ နေရာတွင်သာကျန်နေခဲ့သည်။

“ လန်ကာ့ မင်းက အန်းနဲ့ အခြားလူတွေကို ခေါ်သွားပြီးတော့ တောဝက်ကို လိုက်ရှာလိုက်။ ငါက ကျန်တဲ့လူတွေကိုခေါ်ပြီးတော့ တခြားဖက်ကို ပတ်ကြည့်လိုက်မယ်။ တောနက်ထဲ ဝေးဝေးမဝင်သွားနဲ့ဦး “

“ နားလည်ပါပြီ “

တောင်ပေါ်တွင် လန်ကာ့ထောင်ထားခဲ့သည့် များစွာသော ထောင်ချောက်များ ရှိနေခဲ့သည်။ ကြိုးထောင်ချောက်များ၊ ကျောက်တုံး‌ထောင်ချောက်များ ၊ ဓါးချွန်များဖြင့် ပြုလုပ်ထားသော ထောင်ချောက်များ စသဖြင့် များစွာ ထောင်ထားခြင်းဖြစ်သည်။ လန်ကာ့ ထိုထောင်ချောက်များကို ရှောက်ရွှမ် မနင်းမိစေရန် ညွှန်ပြပေးလိုက်သည်။

မကြာမီတွင် လန်ကာ့သည် တောဝက်၏ ခြေရာလက်ရာများကို မြင်လိုက်ရပြီဖြစ်သည်။ ထို့ကြောင့် သူသည် ရှောက်ရွှမ်နှင့်မိုင်တို့ကို ထိုနေရာတွင်သာ စောင့်နေရန် ပြောလိုက်သည်။ ထို့နောက်သူသည် တောဝက်ကို မောင်းနှင်ထုတ်ရန် အတွင်းပိုင်းသို့ ဝင်သွားလိုက်လေသည်။

ရှောက်ရွှမ်သည် သစ်ပင်တစ်ခုပေါ်တွင် မတ်တပ်ရပ်နေခဲ့ပြီး ပတ်ဝန်းကျင်ကို လေ့လာနေခဲ့သည်။ မိုင်နှင့် လန်ကာ့တို့ရှိနေသည့် နေရာတွင် ကြမ်းတမ်းသော သားရဲကြီးများ မရှိနေသော်လည်း သူသည် ပိုးကောင်များနှင့် မြွေများကို သတိထားရဦးမည် ဖြစ်သည်။

မကြာမီ အဝေးတစ်နေရာမှ တော့ဝက်အော်လိုက်သံကို ကြားလိုက်ရသည်။ အချိန်ကြာလာသည်နှင့်အမျှ ထိုအသံသည် ပို၍ပင် နီးကပ်လာခဲ့လေပြီ။

ကြည့်ရသည်မှာ လန်ကာ့ ၏ သားကောင်မောင်းနှင်ခြင်း အလုပ်ဖြစ်ဟန် ရပေသည်။ တောဝက်သည် အခြားအရပ်မျက်နှာဆီသို့ ထွက်ပြေးခြင်း မရှိပေ။

နီးကပ်လာသော အသံကို အာရုံစိုက်ထားလိုက်ပြီး ရှောက်ရွှမ် သူ၏လှံရှည်ကို ဘယ်ဖက်လက်ဖြင့် ဆုပ်ကိုင်ထားလိုက်သည်။ ထို့နောက် လှံတိုကို နောက်ကျောမှ ဆွဲဖြုတ်လိုက်ပြီး ညာဖက်လက်ဖြင့် ကိုင်ထားလိုက်သည်။

“ နောက်ပိုင်းကျရင် အမဲလိုက်တာကို လက်တွေ့မြင်ရမှာပါ။ တစ်ချို့ သားကောင်တွေကိုတော့ ထောင်ချောက်တွေ ထောင်ရတယ်။ ပြီးတော့မှ လှံရှည်နဲ့ထိုးပြီးတော့ အဆုံးသတ်ပေးရတာပေါ့ “ မောင် ပြောလိုက်သည်။ သူ့အသံတွင် ဂုဏ်ယူဝင့်ကြွားနေသည့်ဟန်သည် အတိုင်းသားပေါ်နေခဲ့သည်။ သူသည် ဝါရင့် အမဲလိုက်သမားတစ်ယောက်ကဲ့သို့ ပုံဖမ်းနေလေသည်။

ရှောက်ရွှမ် အနီးပတ်ဝန်းကျင်ကိုလေ့လာနေရင်းမှာပင် မောင်ကို စိုက်ကြည့်လိုက်မိသည်။

လန်ကာ့နှင့် မိုင်တို့၏ အပြောအရ တောဝက်သည် ကလေးသာသာ အကောင်လေး ဖြစ်လိမ့်မည် ဖြစ်သည်။ သို့သော်လည်း ထွက်လာနေသည့်အသံများ အရ ရှောက်ရွှမ် ထိုတောဝက်ကို တောဝက်ငယ်တစ်‌ကောင် အဖြစ် မယူဆနေ‌ပေ။ သူမှန်ပေသည်။ ခြုံထဲမှတိုးထွက်လာခဲ့သည့် တောဝက်သည် အနည်းဆုံး ကီလို နှစ်ရာခန့် ရှိလိမ့်မည် ဖြစ်သည်။ ၎င်းသည် တွေ့တွေ့ချင်းတွင် ဝက်ဝံတစ်ကောင်နှင့်တူနေခဲ့လေသည်။

သို့သော်လည်း ထိုအရွယ်အစားသည် လန်ဂနှင့် မိုင်တို့၏ အမြင်အရ သေးငယ်သော အကောင်လေးတစ်‌ကောင်သာ ဖြစ်သည်။

ထိုတောဝက် လျင်မြန်စွာ ပြေးလာနေခဲ့သည်။

ထို့အပြင် ၎င်းသည် ရှေ့တွင်ရှိနေသည့် ခြုံခိုတိုက်ခိုက်မှုကို အာရုံခံမိဟန်ရသည်။ သို့နှင့်သူသည် တခြားဖက်သို့ လှည့်ပြီးပြေးလေတော့၏။ ရှောက်ရွှမ် ၎င်းနောက်သို့ အလျင်အမြန်ပြေးလိုက်လိုက်လေသည်။ မောင်သည်လည်း ရှောက်ရွှမ် ရှေ့တွင် ပြေးလိုက်နေခဲ့ပြီဖြစ်သည်။

ဝုရှ်.....

လှံတိုလေးတစ်ချောင်းသည် တောဝက်ဆီသို့ မြှားတစ်ချောင်းအလား ပျံသန်းသွားခဲ့သည်။

ဝှစ်.....

လှံသည် မြေပြင်ပေါ်သို့ စိုက်ကျသွားသည်။ တောဝက်ကို အနည်းငယ်သာ လွဲချော်သွားခဲ့ခြင်းဖြစ်သည်။

မောင်သည် လျင်မြန်စွာပင်တုန့်ပြန်လိုက်ပြီး ဒုတိယ လှံကို ထုတ်ယူလိုက်ပြန်သည်။ ရုတ်တရက် တောဝက်ထံမှ အော်မြည်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဒုတိယ ပစ်လွှတ်လိုက်သည့် လှံသည် ၎င်း၏ လည်ပင်းတည့်တည့်စိုက်ဝင်သွားခဲ့ပြီး လှံဖျား တစ်ဝက်ခန့်အထိ အနက်သို့ပင် စိုက်ဝင်သွားခဲ့ခြင်း ဖြစ်သည်။

တောဝက်သည် နာကျင်စွာအော်ဟစ်လိုက်ပြီး သူ့ဘေးရှိ သစ်ပင်တစ်ပင်ဆီသို့ လှံတန်းလန်းနှင့်ပင် ပြေးဝင်သွားခဲ့သည်။ သစ်ပင်နားသို့‌ရောက်သော အခါတွင် သူ့လည်ပင်းမှ လှံကို သစ်ပင်နှင့်ပွတ်လိုက်ပြီး ခွာချရန် ကြိုးစားလိုက်လေသည်။

လှံခေါင်းပေါ်တွင် သွေးစအနည်းငယ်သာ စွန်းပေနေခဲ့သည်။ မောင်၏ လှံပစ်ချက်သည် တောဝက်ကို အလွန်အမင်း အထိနာသည်အထိ မဖြစ်စေနိုင်ခဲ့ပေ။

သူနှစ်ကြိမ်ပစ်လိုက်သော်လည်း အလုပ်မဖြစ်ခဲ့ပေ။ မောင် အနည်းငယ် စိတ်မကျေမနပ်ဖြစ်သွားသည်။ သူသည် စိတ်လောသွားခဲ့ပြီး အချိန်ကောင်းကို မစောင့်နိုင်ခဲ့ခြင်း ဖြစ်လေသည်။ သူသည် သူ၏ တတိယ လှံကို မပစ်လွှတ်ရသေးပဲ လက်ထဲတွင်ကိုင်ထားကာ တောဝက်နောက်သို့ ဆက်ပြီးလိုက်နေခဲ့သည်။ ရှောက်ရွှမ်သည် ယခုအချိန်အထိ လှုပ်ရှားမည့်ပုံမပေါ်ပေ။ သူ့အနေဖြင့်တတိယ လှံချက်ဖြင့် တောဝက်အထိနာအောင် လုပ်နိုင်ခဲ့ လျှင် ရှောက်ရွှမ်ကို အနိုင်ယူနိုင်ပြီဖြစ်သည်။

အမဲလိုက်ထွက်သည့် ပထမဆုံးသော အကြိမ်တွင် သူတို့သည် အမဲလိုက်ဇာတ်လမ်းများကို ကြားဖူးခဲ့သော်လည်း အတွေးအခေါ်သပ်သပ်သာ သိထားကြခြင်း ဖြစ်သည်။ သူတို့အနေဖြင့် အစစ်အမှန်အမဲလိုက်စွမ်းရည်ကို တကယ်အမဲလိုက်ထွက်သည့် အချိန်မှသာ သင်ယူနိုင်ခြင်း ဖြစ်သည်။ သူတို့အနေဖြင့် အချိန်ကောင်းချက်ကောင်းကို စောင့်ရန်လိုအပ်ပြီး ထိုအချိန်မှသာ သားကောင်ကို အလဲထိုးရမည်ဖြစ်သည်။

ထို့ကြောင့် မောင်သည် သူ့လှံပစ်ချက်များ အရာမထင်ပဲ အခွင့်အရေးကို လက်လွှတ်သွားသည်ကို သိလိုက်သော်လည်း သူ့ထံတွင် လှံပစ်ချက်တစ်ခု ကျန်နေသေးကြောင်း သတိပေးလိုက်သည်။ သူသည် ဖြစ်စဉ်တစ်ခုလုံးတွင် မည်သည့်အရာကိုမှ မလုပ်သည့် ရှောက်ရွှမ် နှင့်မတူပေ။

ထိုလှံဖြင့်အထိုးခံရပြီးသည့်နောက် နှေးကွေးသွားရမည့်အစား တောဝက်သည် သူ့အသက်အတွက် အစွမ်းကုန်ပြေးလေတော့၏။

မောင် လှံကို တတိယအကြိမ်‌ ပစ်လိုက်တော့မည့် အချိန်တွင် သူ့နောက်မှ တစ်ခုခုလာနေသည့် အသံတစ်ခုကို ကြားလိုက်ရလေသည်။ ထိုအချိန်တွင် လှံတစ်ချောင်းသည် မြေပြင်ပေါ်သို့ စိုက်ဝင်သွားခဲ့သည်။ ထိုလှံသည် တောဝက်၏ ခွာများကို ထိုးစိုက်လုနီးပါး ဖြစ်သွားခဲ့သည်။ ၎င်းလှံသည် တောဝက်၏ ရှေ့လက်ဖဝါး များကြား မြေပြင် တွင် စိုက်နေလေသည်။ ထို့ကြောင့် တောဝက်သည် လမ်း ကိုပိတ်ဆို့ခံလိုက်ရသကဲ့သို့ ဖြစ်သွားရသည်။ တောဝက်မည်သို့မျှ မလုပ်နိုင်ခင်မှာပင် နောက်ထပ်လှံတစ်ချောင်း လွင့်ပျံလာခဲ့ပြီး သူ၏ ရှေ့ခြေထောက်ကို ထိမှန်သွားလေသည်။

တောဝက်သည် ရှေ့သို့ဆက်ပြေးရန်ပြင်နေခဲ့သည်။ သို့‌သော်လည်း လှံရှည်နှစ်ချောင်းသည် သူ့လမ်းရှေ့တွင် ပိတ်နေခဲ့လေပြီ။ ထိုအခါ ဝက်သည် ရုတ်တရက် မြေပြင်ပေါ်တွင် လှိမ့်ချလိုက်ပြီး လမ်းကြောင်းပြောင်းရန် ပြင်လိုက်စဉ်မှာပင် ပုံရိပ်တစ်ခုသည် သစ်ပင်ပေါ်မှ ကျဆင်းလာခဲ့ပြီး လှံကိုပစ်လွှတ်ရန် ပြင်လိုက်သည်။

လှံရှည်သည် ကြယ်ကြွေသကဲ့သို့ ပျံသန်းသွားခဲ့ကာ တောဝက်၏ လည်ပင်းကို ထိမှန်သွားခဲ့သည်။ ထိုနေရာသည် ပထမ ဒဏ်ရာ ရှိနေသည့် နေရာတည့်တည့်ပင်ဖြစ်သည်။

စူးရှသော အသံများ ထွက်ပေါ်လာခဲ့သည်။

လည်ပင်းတွင် လှံရှည်စိုက်နေခဲ့သဖြင့် တောဝက်သည် စူးရှစွာအော်ဟစ်လိုက်သည်။ ရှောက်ရွှမ်သည် လှံရှည်ကို ချက်ချင်းဆွဲနူတ်လိုက်ခြင်း မပြုပေ။ ထို့အစားသူသည် လှံရှည်ကို အတွင်းဖက်သို့သာ ထိုးသွင်းလိုက်လေသည်။

ဇွိ.....

လှံထိပ်ဖျားသည် တောဝက်၏ လည်ပင်းကို ထုတ်ချင်းပေါက်လုမတတ်ဖြစ်သွားသည်။ တောဝက်၏ အော်ဟစ်နေသော အသံသည်ချက်ချင်း တိတ်ဆိတ်သွားခဲ့လေသည်။ ၎င်း၏ ခြေလက်လေးဖက်တို့သည် ရုန်းကန်နေခဲ့ကြပြီး တောဝက်သည် သေဆုံးသွားခဲ့ပြီဖြစ်သည်။ သူ၏ ရုန်းကန်နေခြင်း များသည် အကြောဆွဲသကဲ့သို့သာ ဖြစ်လေသည်။

All Chapters