← Chapters

သိလိုစိတ်

Vol. 3 Ch. 44

သိလိုစိတ်

Vol. 3 Ch. 44

လန်ကာ့နှင့်အခြားသူများ ထွက်ခွာသွားကြသည့်အချိန်တွင် မောင်သည် စိတ်လှုပ်ရှားစွာဖြင့်လှိုဏ်ဂူထဲတွင် ရှေ့နောက် ခေါက်တုံ့ခေါက်ပြန် လျှောက်နေခဲ့လေသည်။ ခနတာမျှ လမ်းလျှောက်နေပြီး နောက်တွင် သူ့ခေါင်းကို စိတ်ရှုပ်ထွေးစွာဖြင့် ပွတ်သပ်လိုက်သည်။ သူသည် ဘာလုပ်ရမည်ကို မသိဖြစ်နေခဲ့လေ၏။ သူစိတ်ဝင်စားနိုင်မည့် တစ်စုံတစ်ရာ ရှိနေသလောဟု ဘေးပတ်ဝန်းကျင်ကို လိုက်ကြည့်လိုက်ပြန်သည်။ ထိုအချိန်တွင် ရှောက်ရွှမ်သည် သူ့ဘေးရှိ ကောက်ရိုး ဖျာတစ်ခုပေါ်တွင် ထိုင်နေခဲ့ပြီး ဗလာကျင်းနေသည့် မျက်လုံးများဖြင့် ကြည့်နေခဲ့လေသည်။

“ ဟေး မင်း... “ မောင် အော်ပြောလိုက်သည်။ “ မင်းက စိတ်မပူပဲ နေတယ်ပေါ့ “

မောင် သည် ရှောက်ရွှမ် အပေါ်တွင်ကောင်းသော ခံစားချက်မရှိနေခဲ့ပေ။ သို့သော်လည်း ယခုအချိန်သည် ပုဂ္ဂိုလ်ရေးမကျေနပ်ချက်များကြောင့် ရန်ဖြစ်နေရမည့် အချိန်မဟုတ်ပေ။ ယခု သူတို့နှစ်ယောက်သာ လိုဏ်ဂူထဲတွင်ကျန်နေခဲ့သည် မဟုတ်ပေလော။ စကားပြောစရာ တစ်စုံတစ်ယောက် မရှိနေခဲ့သဖြင့် သူသည် အလွန်စိတ်ပူနေခဲ့သည်။ အကယ်၍ တစ်စုံတစ်ယောက်နှင့်စကားပြောလိုက်ရလျှင် သူ၏ စိတ်ပူနေခြင်းများ လျော့နည်းသွားမည်ဟု သူယူဆလိုက်၏။

ရှောက်ရွှမ် သူ့ကိုမော့ကြည့်လိုက်ပြီး ပြောလိုက်သည် “ တကယ်လို့ စိတ်ပူနေရင်ကော သူတို့အတွက် အကူအညီဖြစ်စေလို့လား ။ တကယ်လို့ ငါတို့သာ အပြင်ထွက်သွားရင် ငါတို့ပါသေသွားနိုင်တယ်။ ငါတို့ က သားရဲရဲ့ လွယ်ကူတဲ့ ပစ်မှတ်တွေဖြစ်နေမှာလေ။ သူတို့ကို ဝန်ပိုမပေးတာ အကောင်းဆုံးပဲ မဟုတ်ဘူးလား “

“ ငါက အပြင်ထွက်ဖို့ကို ပြောနေလို့လား “ မောင် ဒေါသတကြီးအော်ဟစ်လိုက်သည်။ သူသည် အပြင်သို့ထွက်ပြီး မည်သည့်အရာများ ဖြစ်နေသည်ကို သိချင်နေသော်လည်း ရှောက်ရွှမ် ပြောလိုက်သည့်စကားများကြောင့် သူအရှက်ရသွားခဲ့သည်။

“ ဒီတော့ ငါတို့အပြင်မထွက်ရဘူးဆိုတော့ မင်းအစီအစဉ်က ဘာများလဲ “ သူမေးလိုက်သည့်အခါ ရှောက်ရွှမ် လန်ကာ့ ခုတ်ထားသည့် အသားပုံကြီးကို လက်ညိုးထိုးပြလိုက်ပြီး “ စိတ်ပူပြီးတော့ ဘာမှမလုပ် တာထက်စာရင် အဲ့ဒီအသားတွေကို အခြောက်ခံနေတာက ပိုမကောင်းဘူးလား “

“ မဟုတ်ဘူး “ မောင် စိတ်တိုသွားသည်။ သူသည် ရှောက်ရွှမ်၏ ထိုပုံစံကို သည်းမခံနိုင်ဖြစ်နေရသည်။ ရှောက်ရွှမ်သည် နှလုံးသားကင်းမဲ့သည့်လူတစ်ယောက်လောဟု သူသံသယ ဝင်နေမိ၏။ ကြည့်ရသည်မှာ မိုင်နှင့်အခြားသူများ၏ ကြင်နာမှုသည် ရှောက်ရွှမ် အတွက်တော့ အလကား ဖြစ်နေသလိုပင်။

ရှောက်ရွှမ် မောင် ကို ဆက်ပြီး အာရုံမစိုက်နေတော့ချေ။ သို့သော်လည်း သူ၏ အတွင်းစိတ်ထဲ၌မူ သူ့ကိုမြင်နေရသလောက် တည်ငြိမ်နေခြင်း မရှိနေပေ။ တစ်ခုခုဖြစ်နေသည်ကို သူသိနေခဲ့သည်။ သို့သော် သူ့အနေဖြင့် ကူညီပေးနိုင်ခြင်း မရှိသည့်အတွက် စိတ်ပူနေခဲ့လေပြီ။

ရှောက်ရွှမ်၏ ဘေးတွင် လန်ကာ့ပြုလုပ်ထားသည့် သေးငယ်သော လေးတစ်လက် ရှိနေခဲ့သည်။ လေးကြိုးကို တိရိစ္ဆာန် သွေးဖြင့်စိမ်ထားသည့် အပင်တစ်မျိုးဖြင့်ပြုလုပ်ထားခြင်း ဖြစ်သည်။ ထိုလေးသည် အတော်လေးခိုင်မာပြီး ခံနိုင်ရည်ရှိသည့် လေးတစ်လက်ဖြစ်သည်။ ထို့အပြင် လေးကို သစ်ပင်များ ၊ ခြုံများကြားတွင် အလွယ်တကူ မမြင်တွေ့ရအောင် ပြုလုပ်ထားသေးသည်။ လေးသည် သစ်ပင်ပန်းပင်များ၏ ရနံ့နှင့်တူသော ရနံ့တစ်မျိုး ရှိနေသဖြင့် တိရိစ္ဆာန်များသည် အလွယ်တကူ အနံ့ခံခြင်းကိုလည်း ပြုလုပ်နိုင်လိမ့်မည် မဟုတ်‌ပေ။ ထိုကဲ့သို့သော လေးမျိုးသည် တောနက်ထဲမှ သတ္တဝါများအတွက်မူ သေစေနိုင်စွမ်းမမြင့်မား သော်လည်း သားရဲများကို မောင်းနှင်ထုတ်သည့်နေရာတွင်တော့ အသုံးဝင်ပေသည်။ ယနေ့ အစောပိုင်းက လန်ကာ့သည် ထိုလေးနှင့် မြေပြင်ထောင်ချောက်များကို အသုံးပြု၍ တောဝက်ငယ်ကို ရှောက်ရွှမ်နှင့် မောင် တို့ဖက်သို့ မောင်းသွင်းနိုင်ခဲ့သည်။

ထိုလေးများသည် သေးငယ်နေသည်မှာ နှမြောစရာ ကောင်းနေသည်။ စစ်သည်တော်တစ်ဦး၏ ခွန်အားကို ခံနိုင်ရည်ရှိနိုင်မည့် လေးများကို ပြုလုပ်ရန်အတွက် လိုအပ်သော ရင်းမြစ်ပစ္စည်းများ မရှိသောကြောင့် ဖြစ်သည်။ သေးငယ်သော လေးများ၊ ကျဉ်းမြောင်းသည့်နေရာ၊ ထောင်ချောက်များ စသည့်အရာများသည် အရွယ်အစားကြီးမားသည့် သားရဲများ၊ ကြမ်းတမ်းသည့် သားရဲများကို ကိုင်တွယ်ရာတွင် ထိရောက်မှုနည်းပါး သည်။ ထို့ကြောင့် အမဲလိုက်သူများသည် လူအားကိုသာ အဓိက သုံးကြသည်။

ရှောက်ရွှမ် တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ မိုင်နှင့်အခြားသူများ မည်သို့ဖြစ်နေကြောင်းကို သူသိချင်နေခဲ့သည်။ သူတို့အနေဖြင့် ဒဏ်ရာ အနာတရ မရရှိစေရန်ကိုလည်း မျှော်လင့်နေမိသည်။

အမဲလိုက်ခြင်းသည် အန္တရာယ်များဖြင့် ရောပြွန်းနေသည်။ တစ်စက္ကန့်တွင် အရာရာသည် တည်ငြိမ်နေသော်လည်း နောက်တစ်စက္ကန့်တွင် တောင်စွန်း ပေါ်တွင် ရပ်နေရသကဲ့သို့ ဖြစ်သည်။ မတော်တဆ တောင်စွန်းပေါ်မှ ခြေချော်ကျပါက ပြန်ရှာတွေ့တော့မည် မဟုတ်ပေ။

မျိုးနွယ်စုထဲမှ အသက်များသည် ထိုကဲ့သို့ပင် ကြိုးတန်းလမ်းလျှောက်နေခဲ့ရသည်။

တစ်စုံတစ်ယောက်သည် တစ်ခုခုကို ပြီးမြောက်လိုပါက တောအုပ်ထဲသို့ သွားရမည်ဖြစ်ကြောင်းကို လောင်ခဲ့ပြောပြခဲ့ဖူးသည်။ မျိုးနွယ်စုအတွင်း ၌ သက်တောင့်သက်သာ နေနေခြင်းသည် ဘဝ၏ အစစ်အမှန် အရသာမဟုတ်ပေ။ သို့သော်လည်း တောအုပ်ထဲ၌ သဘာဝ ၏ ကြမ်းတမ်းသော ဥပဒေသာ ရှိနေခဲ့သည်။ “ သတ်မလား၊ အသေခံမလား “........ သည် တော၏ ဥပေဒသ တစ်ခုဖြစ်သည်။ သင်သည် အသက်ရှင်သန်နိုင်ရန်အတွက် အဆက်မပြတ် သတ်ဖြတ်နိုင်စွမ်းရှိနေရန် လိုအပ်သည်။

ဤနေရာတွင် ကြမ်းတမ်းသော သားရဲများသည် လူသားများထက် အရေအတွက်ပိုများနေခဲ့၏။ လူတစ်ယောက်သည် သူ၏ ခွန်အားကို သာမှီခိုပြီး တောအုပ်ထဲတွင် အသက်ရှင်သန်နိုင်ရန်မှာ ခက်ခဲသော ကိစ္စတစ်ခုဖြစ်သည်။ မျိုးနွယ်စုမှ စစ်သည်တော်များတွင် သီးသန့် အရည်အချင်းများ ရှိနေကြသည်။ သို့သော်လည်း မျိုးနွယ်စု စစ်သည်တော်တစ်ယောက်သည် တောအုပ်ထဲတွင် တစ်ကိုယ်တော် အမဲလိုက်ထွက်ခြင်းသည် အလွန်ရှားပါးသော ဖြစ်ရပ်တစ်ခုဖြစ်သည်။ လူများသည် ပူးပေါင်းဆောင်ရွက်ခြင်း တစ်ဦး၏အားကို တစ်ဦးက မှီခိုခြင်းတို့ဖြင့်သာ အသက်ရှင်သန်နိုင်စွမ်း ရှိလိမ့်မည် ဖြစ်သည်။ ယခင်က သူတို့ အစွယ်လေးစုံ တောဝက်ကြီးနှင့် ရင်ဆိုင်တွေ့ခဲ့ရပြီး ယခုတွင် သူတို့သည် ဟေးစစ်ဖုန်း နှင့် ရင်ဆိုင်နေရပြန်ပြီဖြစ်သည်။

စစ်သည်တော် အသစ်တစ်ယောက်မှ အတွေ့အကြုံရင့်ကျက်သော စစ်သည်တော် တစ်ယောက် ဖြစ်လာရန်မှာ ရှည်လျားသော လမ်းတစ်ခု ဖြစ်လေသည်။

ရှောက်ရွှမ် တွေးနေခြင်းကို ရပ်တန့်လိုက်သည်။ သူမည်သို့ပင် တွေးနေပါစေ သူတို့အတွက် အကူအညီမဖြစ်နိုင်ပေ။ သူ့ဘေးတွင်ရှိနေသော အသားပုံကြီးထံမှ အသားတစ်ပိုင်းကို သူဖြတ်ထုတ်လိုက်သည်။ ထို့နောက် အသားတုံးကို လှံရှည်ဖြင့် ထိုးဖောက်လိုက်သည်။ ထို့နောက် ရှောက်ရွှမ်သည် မီတာဝက်ခန့်ရှည်သော တုတ်ချောင်းဖြင့် အသားကို မီးပုံပေါ်သို့ တင်လိုက်ပြီး ကင်လိုက်လေသည်။ အပြင်ဖက်အလွာကို အပူပေးပြီးသည့်အချိန်တွင် အသားမှ အဆီများ စီးကျမလာစေရန်အတွက် တုတ်ချောင်းကို မီးပုံအထက် ပိုမြင့်သော နေရာတွင် ထားလိုက်သည်။

မောင်သည် လမ်းပတ်လျှောက်နေခဲ့သည်။ သူသည် မည်သို့လုပ်ရမည်ကို မသိသဖြင့် စိတ်လှုပ်ရှားနေခဲ့ပြီး ထို့ကြောင့်ပင် ဂနာမငြိမ်ဖြစ်နေခဲ့ခြင်း ဖြစ်သည်။ သူ ရှောက်ရွှမ်ကို စိုက်ကြည့်လိုက်ပြီး ခါးသီးသည့်လေသံဖြင့် ပြောလိုက်သည် “ မင်းအခု ဘာတွေလုပ်နေတာလဲ။ အသားကို ကင်ပြီးတော့ မင်းဖာသာပဲ စားတော့မလို့လား “

အကယ်၍ သူသာ အမဲလိုက်အဖွဲ့နောက်ပိုင်းတွင်စားရန် အသားကင်နေခဲ့သည်ဆိုလျှင် အသားတုံးသေးသေးလေးကိုသာ ကင်နေလိမ့်မည် မဟုတ်ပေ။ သို့သော်လည်းရှောက်ရွှမ်၏ အပြုအမူအရ သူသည် ကိုယ်တိုင်စားရန် ကင်နေသည်မှာ သိသာနေသည်။

“ ဟုတ်တယ်လေ “ ရှောက်ရွှမ် ပြန်ဖြေလိုက်သည်။ သူသည် တကယ်ပင် အနည်းငယ်ဆာလောင်နေခဲ့သည်။ ယခင်က သူစားခဲ့သည့် အသားတုံးထံမှ စွမ်းအားများသည် ပျောက်ကွယ်သွားခဲ့ပြီကို သူသိနေခဲ့သည်။ သူတို့အနေဖြင့် ယခုလက်ရှိတွင် မည်သည့်အရာကိုမှ လုပ်စရာမလိုအပ်သေးသည့်အတွက် သူ့ကိုယ်သူ ဗိုက်ပြည့်ရန်သာ စဉ်းစားလိုက်သည်။ မည်သူမဆို ဗိုက်ဟောင်းလောင်းနှင့်တော့ အလုပ်မလုပ်နိုင်ဘူးမဟုတ်လား ........။

မောင်၏ မျက်နှာရုပ်ဆိုးသွားသည်။ သူသည် လက်ရှိတွင် ဗိုက်ပြည့်နေဆဲဖြစ်သည်။ ယခင်က သူတို့နှစ်ယောက်သည် အရွယ်အစားအတူတူခန့်ရှိသော အသားတုံးကို စားခဲ့ကြသည်။ သူတို့သည် အစာမကျေခြင်း မဖြစ်ရန်အတွက် စားနိုင်လောက်သည့် ပမာဏကို တွက်ချက်ထားခဲ့သည်။ အကယ်၍ သူသာ အရမ်း မလှုပ်ရှားလျှင် သူ့အနေဖြင့် နောက်ထပ် စားသောက်ရန် မလိုအပ်သေးပေ။ သို့သော်လည်း ရှောက်ရွှမ်သည် နောက်တစ်ကြိမ်စားရန် အသားကင်နေလေပြီ။

“ မင်းက ဗိုက်ပြည့်လွန်ပြီး သေအောင်လုပ်နေတာလား “ မောင် မကျေမနပ်နှင့်မေးလိုက်သည်။

ရှောက်ရွှမ် မောင်ကို လုံးဝလျစ်လျူရှုထားလိုက်သည်။ သူသည် အမှန်တကယ်တွင် ဘာမှ မလုပ်ရသေးပဲနှင့် ဗိုက်ပြန်ဆာနေလေပြီ။

အသားကင်ပြီးသွားသည့်အချိန်အထိ မိုင်နှင့်အခြားသူများ ပြန်လာကြခြင်း မရှိနေသေးပေ။ သူ ဒုတိယအသားတုံးကို ကုန်အောင်စားပြီးသည့်အချိန်တွင် နွေးထွေးမှုနှင့် အိပ်ငိုက်မှုတို့သည် တဖန်ဖြစ်လာကြပြန်သည်။ သူသည် မူလ မိုင်နှင့်အခြားသူများ ပြန်လာသည်ကို စောင့်ရန် စဉ်းစားနေခဲ့သည်။ သို့သော်လည်း သူ၏မျက်ခွံများသည် လေးလံသည်ထက် လေးလံလာခဲ့၏။ သူ့ဦးနှောက်သည်ပင် အိပ်ချင်နေခဲ့ပြီကို သူခံစားမိလိုက်သည်။ ရှောက်ရွှမ် အိပ်ငိုက်သည်ကို မတွန်းလှန်နိုင်တော့ပေ။ သို့နှင့် စက်ဝိုင်းပုံ လမ်းပတ်လျှောက်နေခဲ့သည့် မောင်ကို သူပြောလိုက်သည်။ “ ငါတော့ အိပ်ဖို့လိုအပ်နေပြီ။ တကယ်လို့ မူမမှန်တာ တစ်ခုခုဖြစ်ရင် င့ါကို နှိုးလိုက်ပါ။ မင်းဖာသာ အပြင်ကို ထွက်မသွားနဲ့နော် “

ရှောက်ရွှမ် တဖန်ပြန်လည် အိပ်စက်တော့မည်ကို တွေ့လိုက်ရပြီးနောက် မောင် ပို၍ပင် စိတ်ရှုပ်ထွေးသွားသည်။ သူသည် ရှောက်ရွှမ်ကို လက်ညိုးထိုး၍ပင် ဆဲပစ်ချင်စိတ်ပေါ်နေခဲ့သည်။ သူ့အနေဖြင့် ရှောက်ရွှမ်ကို သင်ခန်းစာ အချို့ပေးရန်လိုအပ်နေပေပြီ။ သို့သော်လည်း သူမကြာခင် ပြန်လည် တည်ငြိမ်သွားလေ၏။

ရှောက်ရွှမ် နှစ်ခြိုက်စွာ အိပ်မောကျနေသည့်အချိန်တွင် မောင် လမ်းဆက်လျှောက်နေခဲ့သည်။ မကြာခင်မှာပင် သူစားထားသည့် အစာများသည် ပို၍ အစာကြေညက်သွားခဲ့ပြီဖြစ်ပြီး သူသည်လည်း အိပ်ငိုက်လာခဲ့လေသည်။ မိုင်နှင့်အခြားသူများ မပြန်လာကြသေးပေ။ သူသည် ရှောက်ရွှမ် ဘေးတွင်ပင် လှဲလျောင်းလိုက်ပြီး စိတ်ပူစွာဖြင့် အိပ်ပျော်သွားခဲ့သည်။

အပြင်ဖက်တွင် ပိုပြီးမှောင်လာခဲ့ပြီဖြစ်သည်။ နေဝင်ပေတော့မည်။ တောင်တန်းများ အကြားတွင် အလင်းရောင်အနည်းငယ်သာ ကျန်ရှိနေတော့ပြီဖြစ်ပြီး ထိုအလင်းများသည်လည်း မကြာခင်တွင်ပင် မှိန်ဖျော့ပျောက်ကွယ်သွာခဲ့လေသည်။

ဆူညံနေခဲ့သည့်တောအုပ်သည် ချက်ချင်းပင် တိတ်ဆိတ်သွားခဲ့လေပြီ။ နေ့ခင်းဖက်ကျက်စား တတ်သည့် တိရိစ္ဆာန်များအားလုံးသည် သူတို့ပုန်းအောင်းတတ်သည့်နေရာများသို့ ပြန်သွားခဲ့ကြပြီဖြစ်သည်။ ညဖက်ထွက်တတ်သည့် တိရိစ္ဆာန်များ အပြင်ထွက်ကြသည့် အချိန်သို့ ရောက်လာခဲ့ပြီဖြစ်သည်။

ထိုအချိန်တွင် မိုင်နှင့် အခြားသူများသည် တောင်ခြေတွင်ပိတ်ဆို့ခံထားရသည့်အတွက် စိတ်တိုနေခဲ့ကြသည်။

သာမန်အားဖြင့်ဆိုလျှင် ဟေးစစ်ဖုန်းများသည် ကိုယ်ပိုင်နယ်နိမိတ်ကို သေချာ ခွဲထားတတ်သည်။ သူတို့သည် တိကျသော နေရာ အဝန်းအဝိုင်းအတွင်း၌သာ နေထိုင်ကျက်စားတတ်ကြခြင်း ဖြစ်သည်။ တောင်ခြေ ဒေသတွင် ရေကန်တစ်ခုသာ ရှိနေခဲ့သည်။ ရေကန်ပတ်ပတ်လည် နေရာများသည် ဟေးစစ်ဖုန်း၏ ကိုယ်ပိုင်နေရာဟု အကြမ်းဖြင်း သတ်မှတ်ထားနိုင်သည်။ ထို့ကြောင့် သာမန်အားဖြင့်ဆိုလျှင် ဤနေရာတွင် ဟေးစစ်ဖုန်း တစ်‌ကောင်သာ ရှိနေရမည် ဖြစ်သည်။ သူတို့သည် ယခင်တစ်ကြိမ် အမဲလိုက်ထွက်စဉ်က အရွယ်ရောက်ပြီး ဟေးစစ်ဖုန်းတစ်ကောင်နှင့် ရင်ဆိုင်ခဲ့ရသည်။

သို့သော်လည်း ယခုတွင်မူ သူတို့၏ လမ်းကြောင်းကို အရွယ်ရောက်ပြီး ဟေးစစ်ဖုန်းနှစ်ကောင်က တားဆီးနေခဲ့လေပြီ။

လန်ကာ့နှင့်အခြားသူများ ရောက်လာကြသဖြင့်သာ သူတို့အပေါ်တွင် သက်ရောက်နေခဲ့သည့် ဖိအားများ အတန်ငယ်သက်သာ သွားရခြင်းဖြစ်သည်။ သူတို့သည် တောင်ဘေး လိုဏ်ဂူထဲမှ ဆေးပင်အချို့ကိုပင် ယူလာပေးခဲ့ကြသည်။

အချို့သော ဆေးပင်များကို ဒဏ်ရာများကုသသည့်နေရာတွင် အသုံးပြုပြီး အချို့ကိုမူ ဟေးစစ်ဖုန်းနှင့်ရင်ဆိုင်သည့်နေရာတွင် အသုံးပြုလေသည်။ နတ်ဆရာထံမှ ဆေးပင် အရောအနှောများသည် အနံ့ဆိုးဝါးလွန်းလှသည်။ ထို့ကြောင့် ဟေးစစ်ဖုန်း၏ တိုက်ခိုက်မှုများကို နှေးကွေးစေနိုင်လေသည်။

ဟေးစစ်ဖုန်းနှစ်ကောင်နှင့် ရင်ဆိုင်လိုက်ရသည့်အချိန်တွင် လူသုံးဆယ်ပါသော အဖွဲ့သည် အားမသာသည့်ဖက်တွင် ရှိနေဆဲဖြစ်သည်။ ကံကောင်းစွာဖြင့်ပင် ထိုဟေးစစ်ဖုန်း နှစ်ကောင်တို့သည် ပူးတွဲတိုက်ခိုက်ကြခြင်း မရှိသေးသောကြောင့် ဖြစ်သည်။ ထိုသားရဲနှစ်ကောင်တို့သည် အဝေးတစ်နေရာမှသာ သူတို့ကို ကြည့်နေခဲ့ကြလေသည်။ သို့သော်လည်း သူတိုသည် တောင်ပေါ်သို့ တက်မည့်သူများကိုမူ တားဆီးထားကြလေ၏။

“ မိုင်၊ တစ်ခုခုတော့မှားနေပြီလို့ ငါထင်နေတယ် “

ချောင် မိုင်ဖက်ကို လှည့်ကြည့်လိုက်ပြီး ပြောလိုက်သည်။

“ နင် အရင်တစ်ခေါက်က ဟေးစစ်ဖုန်းရဲ့ အမြီးကိုတောင် ခုတ်ပိုင်းနိုင်လု ဆဲဆဲပဲလေ။ ဒါပေမယ့် ငါကြည့်ရတာတော့ ဒီနှစ်ကောင်ရဲ့ အမြီးမှာ ဘာဒဏ်ရာမှ မရှိနေဘူး “

ယခင်တစ်ခေါက် အမဲလိုက်ထွက်စဉ်က မိုင်၏ အဖွဲ့သားများသည် ထိုဟေးစစ်ဖုန်းကို ထွက်ပြေးသွားစေရန် ပြုလုပ်နိုင်ခဲ့သည်။ မိုင်သည် သူ၏ အမြီးကိုပင် ပိုင်းဖြတ်နိုင်လုနီးပါး ဖြစ်ခဲ့ရသည်။

ဒဏ်ရာသည် အမြီးထိပ်ဖျားတွင် ဖြစ်သည်။ ထို့အပြင် ထိုဒဏ်ရာ ရသွားသည်မှာ ရက်ပေါင်းသုံးဆယ်ခန့်သာ ရှိသေးသည်။ အကယ်၍ ဟေးစစ်ဖုန်း သည် သူ့ဒဏ်ရာများကို အလျင်အမြန် သက်သာပျောက်ကင်းစေနိုင်သည့် အစွမ်းရှိလျှင်ပင် အမာရွတ်မှမကျန်‌အောင် ပျောက်ကင်းသွားခြင်းမှာ မဖြစ်နိုင်သည့် ကိစ္စတစ်ခုဖြစ်သည်။ သို့သော်လည်း ဤ ဟေးစစ်ဖုန်းနှစ်ကောင် ထံတွင်ကား သူတို့၏ အမြီးများတွင် မည်သည့် ဒဏ်ရာ ဒဏ်ချက်မှ မရှိနေခဲ့ကဲ့သို့ အမာရွှတ်များလည်း မရှိနေခဲ့ပေ။

All Chapters