← Chapters

လိုဏ်ဂူပြင်ပမှ သတ္တဝါများ

Vol. 3 Ch. 45

လိုဏ်ဂူပြင်ပမှ သတ္တဝါများ

Vol. 3 Ch. 45

မိုင်သည်လည်း ထိုအချက်ကို သတိပြုလိုက်မိပြီး အံ့သြနေခဲ့လေသည်။

ထိုဟေးစစ်ဖုန်းနှစ်ကောင်လုံးသည် သူဒဏ်ရာ ရစေခဲ့သည့် ဟေးစစ်ဖုန်း မဟုတ်နေကြောင်းကို သူသိနေခဲ့သည်။ မည်သည့် စစ်သည်တော်ကမှ အလကားနေရင်း ဟေးစစ်ဖုန်းကို ရင်ဆိုင်လိမ့်မည် မဟုတ်ပေ။ သူသည် ယခင်က ဟေးစစ်ဖုန်းတစ်ကောင်နှင့် ရင်ဆိုင်ခဲ့ရဖူးသည်။ သူတို့၏ ပြန်လည်ကောင်းမွန်လာတတ်သည့် စွမ်းရည်ကို သူကောင်းစွာနားလည်ထားသည်။ သူကိုယ်တိုင် ဒဏ်ရာရရှိအောင် ပြုလုပ်ခဲ့ခြင်းဖြစ်သဖြင့် ထိုဒဏ်ရာကို ပြန်လည်သက်သာ စေရန် ရက်ပေါင်း ငါးဆယ်ခြောက်ဆယ်ခန့် လိုအပ်နိုင်ကြောင်းကို သူသိထားပြီး ဖြစ်သည်။

ထို့ကြောင့် သူသည် သူ့ရှေ့ရှိ ဟေးစစ်ဖုန်းနှစ်ကောင်ကို သံသယဝင်နေခဲ့သည်။ သူတို့သည် စစ်သည်တော်များနှင့် သေသည်အထိ တိုက်ခိုက်ရန် ပြင်ဆင်နေခြင်းမဟုတ်ကြောင်းကို သူသိနေခဲ့၏။ ဤနှစ်ကောင်သည် သူတို့ယခင်က ရင်ဆိုင်ခဲ့သည့် ဟေးစစ်ဖုန်းလောက် ရူးသွပ်နေခြင်း မရှိသည်မှာ ကံကောင်းလှပေသည်။ အရင်က ဒဏ်ရာရသွားတဲ့တစ်‌ကောင်ကော ဘယ်ရောက်သွားတာလဲ။ ဒီနှစ်‌ကောင်ကများ မောင်းထုတ်လိုက်ပြီလား။

“ ကြည့်ရတာ သူတို့က ငါတို့ရှေ့ကို ဆက်မသွားနိုင်အောင်ပဲ လမ်းပိတ်ချင်နေတာထင်တယ် “ ချောင် ပြောလိုက်သည်။

“ သူတို့ အော်နေတာလား .... “ နောက်ထပ်စစ်သည်တော် တစ်ဦး သိလိုစိတ်ပြင်းစွာဖြင့် ပြောလိုက်လေသည်။ သူသည် မိုင်နှင့်သက်တူရွယ်တူပင် ဖြစ်ပြီး မိုင်ကဲ့သို့ အတွေ့အကြုံများသူ တစ်ယောက်ဖြစ်သည်။ ယခင်က သူသည် ဟေးစစ်ဖုန်းများနှင့်အကြိမ် အနည်းငယ်ရင်ဆိုင်ဖူးခဲ့ပြီး အကြီးအကဲများထံမှ ပုံပြင်များကိုလည်း ကြားဖူးခဲ့သည်။ ထို့ကြောင့် သူသည် မိုင်နှင့်အခြားသူများထက် ဤသတ္တဝါများ၏ အကြောင်းကို ပိုသိလေသည်။

“ ဟေးစစ်ဖုန်းတွေက နယ်နိမိတ်ကို တင်းတင်းကျပ်ကျပ်ကာကွယ်တတ်ယုံတင်မကဘူး၊ သူတို့က အော်မြည်တယ်ဆိုတာက ရှားပါးတဲ့ဖြစ်ရပ်တစ်ခုပဲ ။ သူတို့က ဦးချိုတွေကို လှုပ်ခါလိုက်ပြီးတော့ အော်မြည်ကြတာ၊ တကယ်ပါးစပ်ကနေ အော်သံထွက်တာ မဟုတ်ဘူး “ ထိုစစ်သည်တော် အလျင်အမြန် ရှင်းပြလိုက်သည်။

ယခင်က လန်ကာ့နှင့်အခြားသူများသည် ဟေးစစ်ဖုန်းများ၏ အော်မြည်သံများကို ကြားလိုက်ကြရသည်။ ထို့ကြောင့် သူတို့တောင်ပေါ်မှ ဆင်းလာခဲ့ပြီး လာကူညီကြခြင်း ဖြစ်သည်။

လူတိုင်းသည် အံ့သြနေကြလေသည်။ ဒီ ဟေးစစ်ဖုန်းနှစ်ကောင်က ဘာလုပ်ဖို့ကြံစည်နေကြတာလဲ ....။

နေ့ခင်းဖက်တွင် လျင်မြန်စွာလှုပ်ရှားနေကြသော အရိပ်များကိုသာ မြင်နေရပြီး ဦးချိုများကို လှုပ်ခါနေသည့် အသံများကို အဝေးတစ်နေရာမှပင် ကြားနိုင်နေသည်။

ဟေးစစ်ဖုန်းများ စိတ်လှုပ်ရှားကြသည့်အချိန်တွင် သူ့တို့ ကိုယ်ပေါ်မှ ဦးချိုများသည် စတင်လှုပ်ခါလာတတ်ကြသည်။ ထို့နောက် တွင် လေးနက်သော တုန်ခါသည့် အသံတစ်ခု ထွက်ပေါ်လာ တတ်သည်။ သိပ်သည်းမှုကြောင့် ထိုအသံကို ကြားနိုင်ရန် မခက်ခဲပေ။

ညဖက်များတွင် မူ အသံသည် အခြားတိရိစ္ဆာန်များကို ထွက်ပြေးစေနိုင်သည့် ယမမင်း၏ ခေါ်သံနှင့် တူနေခဲ့သည်။

ထိုအသံကိုကြားလိုက်ရပြီးသည့် နောက်တွင် လူတိုင်း၏ စိတ်နှလုံးများ လေးလံသွားကြသည်။ သူတို့၏ ကျောပြင်များသည် ချွေးအေးများ စတင်ထွက်လာလေပြီ။

“ စကားပြောမနေကြနဲ့တော့၊ ငါတို့ ဒီနှစ်ကောင်ကို မောင်းထုတ်ဖို့ လိုအပ်နေပြီ “ မိုင် တည်ငြိမ်စွာ ပြောလိုက်သည်။ ယခုအချိန်သည် လုံးဝမှောင်မဲနေသော အချိန်မဟုတ်သေးပေ။ ပတ်ဝန်းကျင်ကို သဲသဲကွဲကွဲ မြင်နိုင်နေသေးသည်။ အကယ်၍ အပြည့်အဝ မဲမှောင် သွားခဲ့လျှင် အခြေအနေသည် ယခုထက် ပိုဆိုးလာနိုင်သည်။

အကယ်၍ သူတို့သာ ဤဟေးစစ်ဖုန်းနှစ်ကောင်ကို မမောင်းပဲ တောင်ပေါ်သို့ အတင်းပြေးတက်ခဲ့လျှင် ဤသားရဲနှစ်ကောင်သည် သေချာပေါက် သူတို့နောက်သို့ လိုက်လာလိမ့်မည် ဖြစ်သည်။ သို့သော်လည်း မိုင်နှင့်အခြားသူများသည် ကလေးနှစ်ယောက် အနားယူနေသော လိုဏ်ဂူဆီသို့ ဟေးစစ်ဖုန်းများကို ခေါ်မသွားနိုင်ပေ။ ဟေးစစ်ဖုန်းများသည် တောင်တန်းဒေသများတွင် နေထိုင်တတ်ကြသည့် အကောင်များ မဟုတ်ကြသော်လည်း သူတို့သည် တောင်တန်းများဆီသို့ မလာဟု မပြောနိုင်ပေ။

“ ဆက်လုပ်ကြ “

သူတို့အားလုံးသည် သူတို့သတ်ဖြတ်ခဲ့သည့် ဦးချိုကြီး သမင်ကို စိတ်ဝင်စားနိုင်ခြင်း မရှိကြတော့ပေ။ ခေတ္တအနားယူလိုက်ကြပြီးနောက် ထိုဟေးစစ်ဖုန်းနှစ်ကောင်ကို တိုက်ခိုက်မောင်းထုတ်ရန် မိုင် အခြားသူများကို အမိန့်ပေးလိုက်သည်။

.......

ရှောက်ရွှမ် ထိုအိပ်မက်ကို ထပ်မက်နေခဲ့သည်။

အချိန်ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း သူသည် ထိုအိပ်မက်မျိုးကို ထပ်မက်နေဆဲဖြစ်သည်။

သူ့အိပ်မက်ထဲတွင် ညပျံလွှားများ နှင်းများ မပါဝင်နေခဲ့ပေ။ အိပ်မက်သည် လုံးဝအမှောင်ဖုံးနေခဲ့ပြီး အေးစက်မှုကိုသာ ခံစားရသည်။ တစ်စုံတစ်ခုသည် အမှောင်ထဲတွင် ရှိနေပုံရသည်။ ထိုအချိန်တွင် အသံတချို့ကို သူကြားလိုက်ရသည်။ တစ်စုံတစ်ခုသည် တုန်ယင်နေလေပြီ။

ရှောက်ရွှမ် ရုတ်တရက် ထထိုင်လိုက်ပြီး မျက်လုံးဖွင့်လိုက်သည်။ သူ့နဖူးကိုစမ်းကြည့်လိုက်ရာ ချွေးအေးများကို စမ်းမိလိုက်သည်။

သူချမ်းအေးနေဆဲဖြစ်သည်ကို ခံစားလိုက်ရပြီးနောက် မီးပုံဘေးသို့နေရာပြောင်းလိုက်သည်။

မီးပုံ၏ အခြေအနေအရ လန်ကာ့နှင့်အခြားသူများထွက်သွားသည်မှာ အချိန်ကြာနေခဲ့ပြီဖြစ်သည်။ အပြင်ဖက်တွင် မည်သည့်အသံကိုမှ မကြားရပေ။

သူတို့ဘာလို့မပြန်လာသေးတာပါလိမ့် ......။

သူတို့ဘာတွေနဲ့ တွေ့ကြုံနေတာပါလိမ့် ........။

ဒဏ်ရာရတဲ့ လူများရှိသလား .......။

ရှောက်ရွှမ် အသက်ကိုပြင်းပြင်းရှုလိုက်ပြီးသူ့အိပ်မက်ကို ပြန်တွေးကြည့်လိုက်သည်။ သူညပျံလွှားများကို အိပ်မက်မက်သည့် ယမန်နှစ်ကထက် အေးစက်မှုသည် ပိုများနေခဲ့သည်ကို သူသိလိုက်သည်။ သူနှိုးထာသည်ပင်လျှင် သူ့နှလုံးသားသည် တဒိတ်ဒိတ်ခုန်နေဆဲဖြစ်သည်။ ထိုအရာသည် ကြောက်ရွံ့ခြင်းကြောင့်လော အခြားအရာကြောင့်လော သူမပြောနိုင်ပေ။

ဘေးဖက်ကိုကြည့်လိုက်ရာ မောင်သည် နံရံကို မှီနေခဲ့သည်ကို ရှောက်ရွှမ် တွေ့လိုက်ရသည်။ သူသည် နှစ်ခြိုက်စွာ အိပ်မောကျနေခဲ့လေသည်။ ရှောက်ရွှမ် နှိုးလာသည့်အချိန်က သူအသံတစ်ချို့ ထွက်သွားမိခဲ့သည်။ သာမန်အားဖြင့် မျိုးနွယ်စု စစ်သည်တော်များသည် အမဲလိုက်ထွက်ရာတွင် အလွန်သတိရှိကြသည်။ အသံအနည်းငယ်မျှဖြင့်ပင် သူတို့ အိပ်ယာမှ နှိုးလာတတ်ကြပေသည်။ မောင်မှာမူ မည်သည့်အသံကို ကြားသည်ဖြစ်စေ နှစ်နှစ်ခြိုက်ခြိုက် ဆက်အိပ်နေဆဲဖြစ်သည်။ ဖြစ်နိုင်သည်မှာ သူတို့စားခဲ့သော အသားများကြောင့် ဖြစ်ဟန်တူသည်။ မည်သို့ပင်ဖြစ်စေ လမ်းပတ်လျှောက်နေခြင်းထက်တော့ အိပ်နေခြင်းက မျက်စိနောက် သက်သာပေသည်။

အနည်းငယ်နွေးထွေးလာသည်ကို ခံစားမိလိုက်ပြီး မီးပုံကို ထင်းအချို့ပစ်ထည့်လိုက်ကာ ဂူတံခါးဆီသို့ ရှောက်ရွှမ် လျှောက်သွားလိုက်သည်။

ယခင် အတွေ့အကြုံများ အရ အိပ်မက်သည် အကြောင်းရင်းမရှိပဲ မက်လိမ့်မည်မဟုတ်ကြောင်း သူသိနေခဲ့သည်။ အပြင်ဖက်တွင် ဘာများဖြစ်နေတာလဲ .......။

ကြီးမားသောကျောက်တုံးကြီးသည် လိုဏ်ဂူအဝကို အပြည့်အဝ ဖုံးကွယ်ထားခဲ့သည်။ ရှောက်ရွှမ်၏ လက်ရှိခွန်အားဖြင့် ထိုကျောက်တုံးကို မရွှေ့နိုင်သေးပေ။ ပြင်ပတွင် များစွာသော အန္တရာယ်များ ရှိနိုင်သဖြင့် ရှောက်ရွှမ် ထိုကျောက်တုံးကို ရွေ့နိုင်လျှင်ပင် ရွေ့လိမ့်မည် မဟုတ်ပေ။ ကျောက်တုံး ရှိနေခြင်းသည် ပို၍ လုံခြုံပေသည်။

ရှောက်ရွှမ်အိပ်စက်နေခဲ့သော နေရာနှင့် လိုဏ်ဂူအဝသည် မီတာ ငါးဆယ်ခန့် ကွာဝေးပေသည်။ ဝင်ပေါက်ဆီသို့ သူတစ်လှမ်းချင်း လှမ်း လာခဲ့ရာ သူနှလုံးသားသည် ရူးသွပ်ဖွယ်ထပ်မံခုန်လာ ခဲ့ပြန်သည်။

ဝင်ပေါက်နှင့် သူနီးကပ်လာလေလေ ၊ အန္တရာယ်ကို သူခံစားမိလေလေဖြစ်သည်။ ရှောက်ရွှမ် ၏ ဆံပင်များအားလုံး ထောင်ကုန်ကြသည်။ သူ့တစ်ကိုယ်လုံးလည်း ကြီးမားသော ရေခဲတုံးအတွင်း ရောက်နေသကဲ့သို့ ခံစားမိနေခဲ့သည်။

ရှောက်ရွှမ် သူ၏ခြေလှမ်းများကို နှေးလိုက်သည်။ သူ့အသက်ရှုခြင်းသည်ပင် အသံတိုးသွားခဲ့၏။ သူသည် အာရုံခံမိသွားမည်ကို စိုးရိမ်သည့်အလား တိတ်တဆိတ် ရှိနေခဲ့လေပြီ။

ဝင်ပေါက်နှင့် နှစ်မီတာခန့်သာ ဝေးသည့်နေရာသို့ ရောက်သည့်အချိန်တွင် သေးငယ်သော အက်ကွဲသံကဲ့သို့သော အသံလေးများကို ရှောက်ရွှမ် ကြားလိုက်ရသည်။ သို့သော် ထိုအသံများ မကြာခင် ပျောက်သွားပြန်သည်။

အသစ်ထည့်ထားသော ထင်းများကြောင့် မီးပုံသည် ပိုကြီးလာခဲ့သည်။ မီးတောက်များ ကခုန်နေကြစဉ်တွင် ရှောက်ရွှမ်၏ အရိပ်သည်လည်း ထိုနည်းတူ ကခုန်နေခဲ့သည်။ တစ်ခါတစ်ရံတွင် ထင်းများမီးလောင်သော အသံကို ကြားကြရသည်။

သို့သော်လည်း ရှောက်ရွှမ် အနေဖြင့် နွေးထွေးမှုကို မခံစားရပေ၊ သူသည် အေးစက်နေခဲ့၏။

သူ့ပါးစပ်ကို ကျယ်ကျယ်ဟ ထားလိုက်ပြီး သူ့ကိုယ်သူတည်ငြိမ်စေရန် အသက်ဝဝရှုသွင်းလိုက်သည်။ ထို့နောက် သူသည် မီးပုံနားသို့သာတိတ်တဆိတ် ပြန်သွားလိုက်သည်။

မောင်ဘေးသို့ သူပြန်ရောက်သည့်အခါတွင် သူမောင်ကို ဘေးဖက်သို့ တွန်းလိုက်သည်။

မောင်သည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့သော်လည်း သတိကတော့ ရှိနေဆဲဖြစ်သည်။ တစ်စုံတစ်ယောက်က တွန်း လိုက်သည်ကို ခံစားမိလိုက်သောအခါတွင် သူရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်ပြီး ကာကွယ်သည့်ပုံစံတစ်ခုဖြင့် နေနေလိုက်သည်။ သို့သော်လည်း သူ့ကိုတွန်းလိုက်သူမှာ ရှောက်ရွှမ် ဖြစ်နေကြောင်း တွေ့လိုက်ရသည့်အချိန်တွင်မူ သူ့အမူအယာ မကောင်းနေတော့ပေ။ သူမည်သို့မျှမပြောခင်မှာပင် ရှောက်ရွှမ် အလျင်အမြန်သူ့ပါးစပ်ကို ပိတ်ထားလိုက်သည်။ ထို့နောက် လိုဏ်ဂူဝင်ပေါက်ကို စူးစိုက်ကြည့်လိုက်သည်။

မောင်သည် အခြေအနေကို နားမလည်သည့်သူ မဟုတ်ပေ။ ရှောက်ရွှမ်၏ အမူအယာကို မြင်လိုက်သည့်အခါတွင် မူမမှန်သော တစ်စုံတစ်ရာ ဝင်ပေါက်အနီးတွင်ရှိနေကြောင်းကို သူသိလိုက်သည်။

သူ့ပါးစပ်ကို ဖွင့်လိုက်ပြီး မောင်တီးတိုး မေးလိုက်လေသည်။

“ ဘာဖြစ်တာလဲ “

ရှောက်ရွှမ် ရှင်းပြနေရန် အချိန်မရပေ။ သူဂူထိပ်မှ လေဝင်ပေါက်များကို မော့ကြည့်လိုက်သည်။ သူသည် အမြင့်သို့ ခုန်လိုက်ပြီး နံရံအကူအညီဖြင့် ထိပ်ဆုံးသို့တက်သွားခဲ့ကာ စတင်ရှာဖွေလိုက်သည်။

နံရံသည် ချောမွတ်နေခြင်း မရှိပဲ ချိုင့်များရှိနေသောကြောင့် သူအလွယ်တကူ အပေါ်သို့ တက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ထိပ်တွင် လေဝင်ပေါင် သုံးခုရှိနေခဲ့ပြီး နှစ်ခုသည် သေးငယ်လေသည်။ ကြီးမားသော လေဝင်ပေါက်ကိုမူ ကျောက်တုံးတစ်ခုဖြင့် ကာထားလေသည်။

ရှောက်ရွှမ် ထိုကျောက်တုံးကို ဖယ်ရှားရန်ကြိုးစားလိုက်ပြီး မောင်ကို လှမ်းယူလိုက်ရန် တိတ်တဆိတ် ပြောလိုက်သည်။

မောင်သည် စိတ်လှုပ်ရှားနေခဲ့လေ၏။ သူသည် လိုဏ်ဂူအပြင်ဖက်တွင် မည်သည့်အရာ ရှိနေသည်ဆိုသည်ကို မသိနေခဲ့ပေ။ မိုင်နှင့်အခြားသူများ ပြန်မလာကြသေးပဲ ရှောက်ရွှမ် ကလည်း ဘာကိုမှ မရှင်းပြနေပေ။ သာမန်ဆိုလျှင် သူသည် စိတ်မရှည်နိုင်ပြ အော်ဟစ်‌တော့မည် ဖြစ်သည်။ သို့သော် ယခုတွင်မူ .......

ထိုကျောက်တုံးကို ယူလိုက်ပြီးနောက် မောင် အသံမထွက်စေရန် သတိထားပြီး ကျောက်တုံးကို ကြမ်းပြင်ပေါ်သို့ ချလိုက်သည်။ ထိုကျောက်တုံးကို ချလိုက်သည်နှင့်တစ်ပြိုင်နက် ဝင်ပေါက်ကို ကာဆီးထားသည့် ကြီးမားသည့် ကျောက်တုံးထံမှ သာမန်မဟုတ်သည့်အသံတစ်ခုကို သူကြားလိုက်ရလေသည်။ ထိုအသံသည် ထက်ရှသော တစ်စုံတစ်ခုက ကျောက်တုံးကို ခြစ်ဆွဲနေသည့် အသံဖြစ်သည်။

မောင်၏ မျက်နှာ အေးခဲသွားသည်။ ထိုအသံကို ပြုလုပ်လိုက်သူသည် သေချာပေါက် လူသားတစ်ယောက် မဖြစ်နိုင်ပေ။

ကြီးမားသော ကျောက်တုံးကြီး ရွေ့လျားသွားသည်။

အသစ်ဖြစ်ပေါ်လာခဲ့သည့် ကျောက်တုံး ဟသွားသည့်နေရာမှ လေအေးများ တိုးဝင်လာခဲ့သည်။

မီးပုံမှ မီးတောက်များ ပို၍ ကြမ်းတမ်းစွာ ကခုန်လာတော့၏။ မောင်သည် သူ့အရိပ်က နံရံတွင် ယိမ်းထိုးကခုန်နေသည်ကို တွေ့လိုက်ရသည်။

သူ့ဘဝတစ်လျှောက်လုံးတွင် မောင်သည် ထိုကဲ့သို့သော အဖြစ်အပျက်မျိုးကို မကြုံဖူးခဲ့ပေ။ သူယခင်က မည်မျှများပြားသော အမဲလိုက်ပုံပြင်များကို ကြားဖူးသည်ဖြစ်စေ၊ အခြားသူများကို ပြောပြဖူးသည်ဖြစ်စေ အန္တရာယ်ဟူသည်မှာ အမှန်တကယ်ရင်ဆိုင်ရမှသာ ခံစားနိုင်သည့် ခံစားချက်တစ်ခုဖြစ်သည်။

သူတို့နှစ်ယောက်အပြင် အခြားသူများလည်း ရှိမနေကြပေ။ မည်သူမှ သူတို့ကို မကူညီနိုင်ကြပေ။ ယခုကပ်လာနေခဲ့သည့် သားရဲသည် သူတို့အား အလွယ်တကူပင် ဆုတ်ဖြဲပစ်နိုင်လောက်သည်။

သူ့အဖိုးဖြစ်သူ မျိုးနွယ်စု အကြီးအကဲက အမဲလိုက်ပုံပြင်များကို သူ့ကိုပြောပြသည့်အချိန်တွင် “ မောင်၊ မင်း စိတ်ပျက်လက်ပျက်ဖြစ်ရာတာကို ခံစားဖူးသလား “ ဟု မေးခဲ့ဖူးသည်။

ထိုစဉ်က သူမည်သို့ ပြန်ဖြေခဲ့သည်ကိုမူ မောင်မမှတ်မိတော့ပေ။ သူမှတ်မိသည်မှာ ထိုကဲ့သို့သော အခြေအနေမျိုးကို မကြုံဖူးသည့်အတွက် ထိုစကားများကို သူအလေးမထားခဲ့ခြင်းပင်။

သို့သော်ယခုတွင်မူ သူသည် ထိုကဲ့သို့သော အခြေအနေမျိုးကို လက်တွေ့ကြုံနေရလေပြီ။

All Chapters