အန္တရာယ်ရှိသောပတ်ဝန်းကျင်
Vol. 4 Ch. 47
“ ဘာတွေလဲ “
“ ဒါ အရင်တစ်ခေါက်က အကောင်ပဲ။ ဟုတ်တယ်၊ အဲ့ဒီအကောင်ပဲ ဖြစ်ရမယ်။ တောင်အောက်က ဟေးစစ်ဖုန်းနှစ်ကောင်ကိုလည်း အဲ့ဒီကောင်ကပဲ ခေါ်လိုက်တာ ဖြစ်ရမယ် “
တောင်အောက်တွင် ဖြစ်ပျက်ခဲ့သည်များကို ပြန်တွေးကြည့်လိုက်ပြီး လူများသည် သဲလွန်စများကို ရလာခဲ့ကြပြီဖြစ်သည်။ သို့သော်လည်း သူတို့ယခင်က ကြုံတွေ့ခဲ့ရသည့် ဟေးစစ်ဖုန်းသည် ထိုမျှ ဇွဲကောင်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ယခင်ကသူတို့သိထားသမျှ ဟေးစစ်ဖုန်းများသည် ခေါင်းမာတတ်ကြပြီး ကိုယ့်ပိုက်နက်နေရာကို အစွဲအလမ်းကြီးတတ်ကြသည်။ သူတို့ အံ့သြမိသည်မှာ ထိုအကောင်သည် ကလဲ့စားချေရန်အတွက် အခြားဟေးစစ်ဖုန်းများကို အကူအညီတောင်းခံခြင်းကို ဖြစ်သည်။ ဖြစ်နိုင်သည်မှာ သူတို့တွေ့ခဲ့သည့် ဟေးစစ်ဖုန်းနှစ်ကောင်သည် ယခင် အကောင်ကြီး၏ ဧည့်သည်များ ဖြစ်ဟန်ရသည်။
ထို့ထက်အံ့သြစေသည်မှာ ဟေးစစ်ဖုန်းသည် ကလဲ့စားချေရန်အတွက် သူ၏ နယ်မြေကို ရက်ရက်ရောရော ပေးလိုက်ခြင်းပင်ဖြစ်သည်။
“ ငါသိနေတယ်....ဒီလောက်လွယ်မှာမဟုတ်ဘူးဆိုတာကို ငါသိနေတယ် “ ချောင် အပျက်အစီးများကို ကြည့်လိုက်ပြီး တီးတိုးပြောလိုက်သည်။
ယခင်တစ်ကြိမ်အမဲလိုက်ထွက်စဉ်က အားဖေးသည် အခြားကလေးများနှင့်အတူ မိုင်တို့အုပ်စုထဲတွင် ပါလာခဲ့သည်။ သူတို့ကို အလယ်အဆင့်စစ်သည်များက တာဝန်ခွဲပေးခြင်းဖြစ်သည်။ မိုင်သည် ထိုကလေးများကို မငြင်းဆန်ခဲ့ပေ။
သူတို့ အမဲလိုက်ကြသည့်အချိန်တွင် အားဖေးသည် နေ့ခင်းဖက်တွင်ထွက်လာသည့် ဟေးစစ်ဖုန်း ကလေးငယ် တစ်ကောင်ကို မြင်လိုက်ရသည်။ ဖြစ်နိုင်သည်မှာထိုအကောင်လေး၏ မိဘများသည် ရေကန်ထဲတွင် အိပ်မောကြနေစဉ် ထွက်လာခဲ့ဟန်တူသည်။ သိလိုစိတ်အပြည့်ဖြင့် ထိုကောင်လေးသ်ည နေ့ခင်းဖက်တွင် ထွက်လာခဲ့ပြီး မြေခွေးတစ်ကောင်ကို လိုက်နေခဲ့ကာ ရေကန်နှင့် ဝေးကွာလာခဲ့သည်။ အားဖေးနှင့်အခြားသူများက ထိုအချိန်တွင် ထိုအကောင်လေးကို တွေ့လိုက်ရခြင်းဖြစ်သည်။
အရွယ်ရောက်ပြီး ဟေးစစ်ဖုန်းများဖြင့် ယှဉ်လိုက်လျှင် ထိုအငယ်ကောင်လေးသည် ကိုင်တွယ်ရ လွယ်ကူပေသည်။
မျိုးနွယ်စုမှ စွမ်းအင်နှိုးထသူအသစ်လေးများသည် တစ်ဦးနှင့်တစ်ဦး ယှဉ်ပြိုင်ရန်အတွက် သားကောင်များကို အမဲလိုက်ပြီးနောက် အရေခွံခွာကာ ကိုယ်တွင် ဝတ်ဆင်တတ်ကြသည်။ ထိုအစဉ်အလာသည် နတ်ဆရာနှင့် မျိုးနွယ်စုခေါင်းဆောင်တို့ စီစဉ်ထားခြင်းမဟုတ်သော်လည်း လူတိုင်းလုပ်ဆောင်ကြသည့် အစဉ်အလာတစ်ခုကဲ့သို့ ဖြစ်နေခဲ့ပြီဖြစ်သည်။
ဤသည်မှာ ပြဿနာ တစ်ခုပင်တည်း။
အားဖေးသည်လည်း ထိုဟေးစစ်ဖုန်းအငယ်လေးကို အမဲလိုက်ခဲ့လေသည်။ အခြား စစ်သည်တော် အချို့၏ အကူအညီဖြင့် သူသည် ထိုကောင်ငယ်လေးကို အောင်အောင်မြင်မြင် သတ်ဖြတ်နိုင်ခဲ့သည်။ သို့သော်လည်း ထိုအကောင်ငယ်လေးကို အရေခွံဆုတ်နေသည့်အချိန်တွင် အရွယ်ရောက်ပြီး ဟေးစစ်ဖုန်း ရောက်လာခဲ့လေ၏။
ထိုအရာသည် ပြဿနာတစ်ခု စတင်ခြင်းပင်ဖြစ်သည်။
ကြမ်းတမ်းသော သားရဲကြီးသည် သူ့ကလေး သေဆုံးနေသည်ကို တွေ့လိုက်ရ၏။ ၎င်းသည် ဒေါသအလွန်ထွက်သွားပြီး အမဲလိုက်အဖွဲ့သားများကို ကမ္ဘာအဆုံးအထိ လိုက်ဖမ်းလေတော့သည်။ ကလေးများကို စောင့်ကြည့်ပေးနေရသည့် အမဲလိုက်အဖွဲ့များ စစ်သည်တော်များသည် ရူးသွပ်နေသော ဟေးစစ်ဖုန်း၏ တိုက်ခိုက်မှုကို မခံနိုင်ကြပေ။ သို့နှင့် သူတို့ အကူအညီကို အော်ဟစ်တောင်းဆို လိုက်ကြသည်။ စစ်သည်တော်အချို့ဒဏ်ရာရပြီးနောက်တွင် ထိုဟေးစစ်ဖုန်းကို မောင်းနှင်ထုတ်နိုင်ခဲ့၏။ အကောင်ငယ်လေး၏ ခန္ဓာကိုယ်ကို သူတို့ယူသွားပါက အကောင်ကြီးက ထပ်မံလိုက်လာမည်ကို သိသဖြင့် အားဖေးတို့ထို အကောင်ငယ်လေး၏ ခန္ဓာကိုယ်ကို မယူသွားနိုင်ခဲ့ကြပေ။
ယခင်တစ်ခါ အမဲလိုက်ထွက်စဉ်က ဒဏ်ရာရပြန်လာသည့် စစ်သည်တော် နှစ်ယောက်သည် ထိုအချိန်က ဒဏ်ရာရခဲ့ကြခြင်း ဖြစ်သည်။ အကယ်၍ မိုင်သာ အချိန်မီ မရောက်သွားခဲ့လျှင် သူတို့အနေဖြင့် အသက်များဆုံးရှုံးလိုက်ရနိုင်သည်။
ယခုတစ်ကြိမ်တွင် မောင်မှ လွဲပြီး ယခင်တစ်ခေါက်မှ ကလေးများကို ထပ်မခေါ်လာခဲ့ခြင်းသည် ယခင်တစ်ကြိမ်ကကဲ့သို့ အမှားမျိုး ထပ်ကြုံရမည်ကို စိုးရိမ်သည့်အတွက်ဖြစ်သည်။ ရှောက်ရွှမ်ကိုမူ မိုင်က အရည်အချင်းများအတွက်တန်ဖိုးထားပြီး အတွေ့အကြုံရစေချင်သည့် အတွက် ခေါ်လာခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ရှောက်ရွှမ်သည် ဉာဏ်ကောင်းပြီး နာခံတတ်သူတစ်ယောက်လည်း ဖြစ်သည်။ ယခုတစ်ကြိမ်တွင် အမဲလိုက်အဖွဲ့ထဲ၌ ကလေးနှစ်ယောက်သာ ပါသဖြင့် သူတို့အနေနှင့် ထိုကလေးများကို မျက်စိထောက်ထောက်ပြီး ကြည့်ရှုပေးနိုင်သည်။ ထို့အပြင် တစ်စုံတစ်ခုဖြစ်လာခဲ့ပါကလည်း ကာကွယ်ပေးနိုင်သည်။
တစ်ယောက်သည် နတ်ဆရာက မျက်နှာသာပေးသည့် စွမ်းအင်နှိုးထမှု စောသည့် ရှောက်ရွှမ်ဖြစ်ပြီး၊ နောက်တစ်ယောက်သည် အရည်အချင်းရှိပြီး မျိုးနွယ်စု ခေါင်းဆောင်၏ မြေးဖြစ်သည့် မိုင်ဖြစ်သည်။ အကယ်၍ သူတို့နစ်ယောက်သာ သေဆုံးသွားခဲ့လျှင် မျိုးနွယ်စုအတွက် ထိခိုက်မှု ဖြစ်စေနိုင်သည်။ သူတို့အနေဖြင့် ဒဏ်ရာ ရခဲ့လျှင်လည်း မျိုးနွယ်စုကို ပြန်ပြီး နတ်ဆရာနှင့် မျိုးနွယ်စုခေါင်းဆောင်တို့ကို မျက်နှာ မပြရဲတော့ပေ။
“ အဲ့ဒီကောင်က ဉာဏ်တော်တော် ကောင်းပုံရတယ်။ ငါတို့ကို အချိန်ဆွဲထားပြီးတော့ ကလေးတွေကို သတ်ဖို့ လုပ်နေတာ “ စစ်သည်တော်တစ်ယောက် နံရံကို လက်သီးဖြင့် ထိုးရင်းပြောလိုက်သည်။
ယခင်တစ်ကြိမ်က သူတို့သည် ထိုအကောင်၏ ကလေးကို သတ်ဖြတ်မိခဲ့သည်။ ယခုတွင် ထိုအကောင်သည် သူတို့၏ ကလေးများကို ကလဲ့စားပြန်ချေချင်နေသည်။ ၎င်းသည် နေ့ခင်းဖက်ထွက်ခြင်းကိုလည်း ဂရုမစိုက်တော့သကဲ့သို့ တောင်တက်ရခြင်း ၊ သူ့နယ်မြေ ဆုံးရှုံးရခြင်းတို့ကိုလည်း ဂရုမစိုက်တော့ဟန် ရပေသည်။
ထိုအကောင်သည် လျော့တွက်၍ ရသော ဟေးစစ်ဖုန်းတစ်ကောင် မဟုတ်နေပေ။
“ ငါတို့ ဒီလမ်းကနေ သွားသင့်တယ် “ မိုင်သည် နောင်တများဖြင့် ပြည့်နှက်နေခဲ့လေသည်။ သူသည် ဟေးစစ်ဖုန်းများကို လျော့တွက်ခဲ့မိ၏။ အကယ်၍ သူတို့သာ လမ်းသစ်မှ သွားခဲ့လျှင် မသိနိုင်ောသ အန္တရာယ်များ နှင့်ကြုံရနိုင်သည်။ ထိုသို့ဆိုလျှင်သော်မှ သူသည် ကလေးများအတွက် စဉ်းစားပေးခဲ့သင့်သည်။
မည်သို့ပင်ဖြစ်စေ ယခုတွင် နောင်တရနေလို့လည်း မထူးတော့ပေ။ ခြေရာလက်ရာများကို ကြည့်ကြည့်လိုက်ပြီး လူများသည် အုပ်စုငယ်များ အဖြစ်သို့ခွဲလိုက်ကြကာ ကလေးများကို လိုက်ရှာလိုက်ကြသည်။ ညအမှောင် ကျရောက်နေခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ရှာဖွေကယ်ဆယ်ရေး လုပ်ရသည်မှာမလွယ်ကူနေပေ။ တချိန်တည်းတွင်ပင် သူတို့သည် အခြားအန္တရာယ်များကိုပါ ထည့်စဉ်းစားရပေမည်။
.......
ရှောက်ရွှမ်နှင့် မောင်တို့မှာမူ လွတ်မြောက်နိုင်ရန်အတွက် အားကုန်သုံးနေခဲ့ရသည်။
မောင်သည် သူ့မျိုးနွယ်စုနတ်စွမ်းအားများကို အသုံးပြုထားသော်လည်း လမ်းကြောင်းကို သဲကွဲစွာ မမြင်နေရပေ။ လခြမ်းကွေးနှစ်ခုတို့မှ အလင်းများသည် တိမ်များ၏ ဖုံးအုပ်ခြင်းကို ခံထားရသည်။ ဘေးပတ်ဝန်းကျင်သည် စုံးစုံးမှောင်နေခဲ့လေပြီ။
ရှောက်ရွှမ် ရှေ့မှသွားလိုက်ပြီး မောင်ကို သူ့နောက်မှ လိုက်လာရန် ပြောလိုက်သည်။ ထိုသို့ဆိုလျှင် အနည်းဆုံးတော့ ကျင်းချိုင့်များကို ရှောင်တိမ်းနိုင်မည််် ဖြစ်သည်။
တစ်စုံတစ်ယောက်၏ ခြေရာနောက်မှ လိုက်ပါ သွားရခြင်းသည် မျိုးနွယ်စုမှ ကလေးများ ငယ်စဉ်ကပင် ဆော့ကစားတတ်ကြသည့်ကစားနည်း တစ်ခုဖြစ်သည်။ တောက်ထိပ်တွင် နေထိုင်ကြသည့်ကလေးများသည် ထိုကစားနည်းကို ပို
နှစ်သက်ကြသည်။ ထိုအရာသည် အမဲလိုက်ထွက်သည့်အချိန်အတွက် လေ့ကျင့်ခန်းတစ်ခုလည်း ဖြစ်သည်။ ထို့ကြောင့် ခြေရာများကို ထပ်ကြပ်မကွာ လိုက်နင်းရခြင်းသည် သူတို့အတွက်တော့ ခက်ခဲသည့်ကိစ္စတစ်ခုတော့ မဟုတ်နေပေ။
ယခုတွင် မောင်သည် ရှေက်ရွှမ်နောက်မှ ပြေးလိုက်နေခဲ့ပြီဖြစ်သည်။ သူသည် ရှောက်ရွှမ်၏ ခြေရာနောက်သို့ တိကျစွာ လိုက်နင်းနိုင်ပေသည်။ ရှောက်ရွှမ် ခုန်သည့်အချိန်တွင် သူလည်း အတိအကျ လိုက်ခုန်လေသည်။ ရှောက်ရွှမ် ဘယ်ဖက်ကွေ့သည့်အချိန်တွင် သူလည်း ဘယ်ဖက်လိုက်ကွေ့လေသည်။ သူသည် ရှောက်ရွှမ်၏ ခြေရာများ အရေ မြေအနေအထားကို တွက်ဆနိုင်လာခဲ့သည်။ သူ့အနေဖြင့် ငယ်စဉ်ကတည်းက ကစားခဲ့သော ကစားနည်း လည်းဖြစ်သဖြင့် သူသည် အတော်လေး ကျွမ်းကျင်မှုရှိနေပေသည်။
နေ့အလင်းရောင်ဖြင့် ကြည့်မည်ဆိုလျှင် လူတစ်ယောက်၏ ခြေရာလက်ရာများကိုသာ တွေ့ရလိ့မ်မည် ဖြစ်ပြီး လူနှစ်ယောက်ဟု ခန့်မှန်းမိလိမ့်မည် မဟုတ်ပေ။
မောင်သည် ထိုအချိန်တွင် သိလိုစိတ်များ ဖြစ်နေခဲ့လေသည်။ ရှောက်ရွှမ်သည် အဘယ်ကြောင့် အန္တရာယ်နှင့်ပတ်သက်လာလျှင် အာရုံခံနိုင်စွမ်း ကောင်းနေရသနည်း။ ထို့အပြင် ရှောက်ရွှမ်သည် ထိုမျှ မဲမှောင်နေသည့် ညတွင် မည်သည့်နေရာတွင် ကျင်းများချိုင့်များ ရှိနေသည်ကို သိနေရသနည်း။ တောင်စောင်းသည် မညီညာပဲ ချိုင့်ခွက်များ ပေါများလှ၏။ တစ်ခါတစ်ရံတွင် သူတို့နောက်သို့ လိုက်လေခဲ့သည့် ဟေးစစ်ဖုန်းပင်လျှင်ကျင်းများထဲသို့ ပြုတ်ကျသည့် အသံများကို ကြားနေရလေသည်။ ယခုတွင် ထိုအသံများသည် ဆက်တိုက်နီးပါး ထွက်ပေါ်နေခဲ့ပြီဖြစ်သည်။ ရှောက်ရွှမ်သည် တမင်တကာ ခက်ခဲသော လမ်းမှလာခဲ့သည်ဟု မောင် ထင်လိုက်သည်။ ဤနည်းဖြင့် ဟေးစစ်ဖုန်းကို နောက်ကောက်ချထားနိုင်ပေသည်။ မောင်သည် ရှောက်ရွမ်နောက်သို့ လိုက်နေခဲ့ရာတွင် အမှားတစ်ခုကိုမှ မပြုလုပ်ခဲ့ချေ။
ယခုအချိန်သည် ဂုဏ်ယူနေရမည့် အချိန်မဟုတ်ပေ။
ရှောက်ရွှမ် တောင်ပေါ်ပြေးတက်နေသည့်အချိန်တွင် သူ့မြင်ကွင်းတွင် လုံးဝအမှောင်ဖုံးနေခြင်း မရှိပေ။ သူသည် အရာအားလုံးကို အညိုရောင်ဖြင့် မြင်နိုင်နေသည်။ သူ့လမ်းရှိ ကျောက်တုံးများ ချိုင့်ခွက်များကိုလည်း မတူညီသော အညိုရောင်များဖြင့် မြင်နေရသည်။ နှင်းများကိုပင် သူမြင်နေရလေသည်။
ထိုအချိန်တွင် ထိုကဲ့သို့သော စွမ်းရည်ရှိနေခြင်းအတွက် ရှောက်ရွှမ် ဝမ်းသာမိသည်။ မဟုတ်လျှင် သူတို့သာ ချော်လဲခြင်း ချောက်များထဲ ပြုတ်ကျခြင်း ဖြစ်နေလျှင် ထိုဟေးစစ်ဖုန်းသည် သူတို့ကို လိုက်မှီလာလိမ့်မည် ဖြစ်သည်။
သူ့တို့အောက်ဖက်ရှိ နှင်းများသည် ပို၍ ထူလာခဲ့ပြီး သူတို့ ဒူးဆစ်များသို့တိုင် ရောက်လာခဲ့ပြီဖြစ်သည်။ ရာသီဥတုသည် ပိုအေးလာခဲ့ပြီ လေထုထဲတွင် နှင်းပွင့်များ ကျဆင်းနေသည်ကို တွေ့နိုင်သည်။
သူ့မျက်နှာ ထုံကျဉ်လာသည်ကို ရှောက်ရွှမ် ခံစားမိလိုက်သည်။ သူတို့အနေဖြင့် ပြေးလွှားရန်မှာ ပိုခက်ခဲလာပြီဖြစ်သည်။ သူတို့၏ နတ်စွမ်းအားများကြောင့်သာ မဟုတ်လျှင် သူတို့၏ခြေလက်များသည် အေးခဲနေလောက်ပြီဖြစ်သည်။ သူတို့အနေဖြင့် အားမကုန်မှီ ဖြေးရှင်းနည်း တစ်ခုခုကို စဉ်းထားမှ ရတော့မည် ဖြစ်သည်။ မည်သူမှ ထိုမျှအေးသော အခြေအနေတွင် ရေရှည်နေနိုင်ကြလိမ့်မည် မဟုတ်ပေ။
ကံကောင်းစွာဖြင့်ပင် သူတို့ကိုလိုက်လာနေသည့် ဟေးစစ်ဖုန်းသည်လည်း အရှိန်နှေးသွားခဲ့လေပြီ။ ၎င်းသည် ရေခဲများ နှင်းများဖြင့် အသားမကျနေခဲ့ပေ။ ဟေးစစ်ဖုန်းများ၏ ကျော်ကြားသော တိတ်တဆိတ် အမဲလိုက်နိုင်စွမ်းသည် ဤနေရာတွင် အသုံးမဝင်တော့ချေ။ အကယ်၍ အာရုံစိုက်နားထောင်ပါက ထိုအကောင်၏ အသံများကို ကြားနိုင်ပေသည်။
သူတို့ကြားရှိ အကွာအဝေးသည် ပို၍ဝေးလာခဲ့ပြီး ရှောက်ရွှမ် တောင်ထိပ်ဆီသို့ ပြေးနေခြင်းကို ရပ်နားလိုက်သည်။ ထို့အစား သူထိုနားတစ်ဝိုက်တွင်သာ လျှောက်နေလိုက်သည်။ သူ့အနေဖြင့် အခြားရွေးချယ်စရာ မရှိပေ။ အပေါ်သို့ ဆက်တက်ခြင်းသည် ဟေးစစ်ဖုန်းထံမှ လွှတ်မြောက်မည် သေချာသော်လည်း သူတို့သည်လည်း အေးခဲသေသွားနိုင်ပေသည်။
သူတို့ရှေ့ဆက်သွားလိုက်သည့် အချိန်တွင် အပူချိန်သည် ပို၍ကျဆင်းလာသည်ကို သတိထားမိလိုက်ကြသည်။ ဟေးစစ်ဖုန်း၏ အမြန်နူန်းသည်သိသိသာသာ ကျဆင်းသွားပြီဖြစ်ပြီး သူ့လှုပ်ရှားမှုများသည် ရှုပ်ထွေးနေဟန်ရသည်။ ရှောက်ရွှမ် အနေဖြင့် ဒီ့ထက်ပိုမြင့်သော နေရာသို့ မတက်သွားချင်တော့ပေ။
သူ့စိတ်ထဲတွင်မူ သတ္တဝါကြီးထံမှ ပြေးထွက်လာနိုင်ကြသည့်အတွက် အနည်းငယ်စိတ်သက်သာရာ ရနေခဲ့လေသည်။
သို့သော်လည်း တစ်စုံတစ်ခုမှားနေပြီကို ရှောက်ရွှမ် သတိပြုလိုက်မိသည်။ ဟေးစစ်ဖုန်းသည် ရုတ်တရက် အရှိန်မြင့်လာပြန်သည်။ ထို့နောက် သူတို့ထံသို့ ပြေးဝင်လာနေခဲ့သည်။ သူတို့ ကြားရှိအကွာအဝေးသည် ရုတ်တရက် ကျဉ်းမြောင်းသွားပြန်သည်။
ပတ်ဝန်းကျင်သည် အသားကျရန်မလွယ်ကူကြောင်းကို ထိုအကောင်ကြီးသိနေခဲ့ပြီး နောက်ပြန်ဆုတ်ချင်နေခဲ့သည်။ ဤနေရာသည် အေးစက်ယုံတင်မက နှင်းများကလည်း အဆက်မပြတ် ကျဆင်းနေသည်။ အိပ်ငိုက်သွားရန်လည်း လွယ်ကူနေသည်။ မြက်ပင်များ သစ်ပင်များလည်း ဤနေရာတွင် ရှိမနေခဲ့ပေ။ ထို့အပြင် ကျင်းများချိုင့်များကလည်း များပြားလွန်းသည်။ တစ်ခါတစ်ရံတွင် ဟေးစစ်ဖုန်းသည် ချိုင့်များထဲသို့ ကျသွားလိုက်၊ နှင်းရေကန်ထဲသို့ ကျသွားလိုက် ဖြစ်နေခဲ့သည်။ ထို့ကြောင့်ပင် ၎င်းသည် တောင်အောက်သို့ ပြန်ဆင်းချင်နေပြီဖြစ်သည်။
သူ့ခန္ဓာကိုယ်ပေါ်မှ ရှည်လျားစွာထွက်နေခဲ့သည့် ဆူးချွန်များသည် ယခုတွင် ခန္ဓာကိုယ်နှင့်ကပ်နေခဲ့ပြီဖြစ်သည်။ သူ၏ လှုပ်ရှားမှုသည်လည်း ယခင်ကထက် နှေးကွေးလာခဲ့သည်။ သူ၏ လျှာကိုလည်း မထုတ်ရဲတော့ပေ။
သူ့အနေဖြင့် လူသားကလေးငယ်များသည် ဉာဏ်ကောင်းစွာဖြင့် တောင်ပေါ်သို့ တက်သွားကြလိမ့်မည်ကို မတွေးထားခဲ့မိချေ။ သူ့အတွက် တောင်ထိပ်ဆီသို့လာရခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ပြီး ရာသီဥတု သည် အလွန်တရာ အနှောင့်အယှက်ပေးနေခဲ့သည်။ သူကဲ့သို့ ဟေးစစ်ဖုန်းများ တောင်ပေါ်မတက်ကြသည်မှာ အံ့သြစရာတော့ မဟုတ်ပေ။
သို့သော်လည်း ထိုအကောင်သည် ယခုထိ လက်မလျော့ချင်သေးပေ။ ဤနေရာတွင် အနံ့ခံနိုင်ရန်မှာ အလွန်ခက်ခဲပေသည်။ အကယ်သူသာ ကလေးနှစ်ယောက်ကို မျက်ချေပြတ်သွားခဲ့လျှင် ပြန်လည် ရှာဖွေနိုင်လိမ့်မည် မဟုတ်ချေ။
မဟုတ်ဘူး.......။
သူတို့ကို လွတ်ပေးလို့မရဘူး ........။
သူသည် လူကြီး စစ်သည်တော် များကို မည်သို့ကိုင်တွယ်ရမည်ကို မသိသော်လည်း ထိုကလေးများကို သတ်ဖြတ်ပြီး ထိုလူကြီးများ၏ အရှေ့တွင် သူတို့၏ ခန္ဓာကိုယ်များကို ဖျက်ဆီးပြရန် တွေးထားလေသည်။
ထိုအကြောင်းကို တွေးလိုက်ပြီးနောက် ၎င်းသည် အမြန်နူန်းကို တိုးမြင့်လိုက်လေသည်။ စိတ်လှုပ်ရှားမှုကြောင့် သူ့ခန္ဓာကိုယ်ပေါ်မှ ဆူးချွန်များသည် နောက်တဖန် ပြန်လည် တုန်ယင်လာခဲ့၏။