မင်းသေမလား ငါသေမလား
Vol. 4 Ch. 48
သူတို့ကို လိုက်နေခဲ့သည့် ဟေးစစ်ဖုန်း သူတို့နှင့်နီးကပ်လာနေသည်ကို ရှောက်ရွှမ် ခံစားမိနေခဲ့သည်။ သူ၏ ဆူးချွန်များ လှုပ်ခါခြင်းသည် ဤနေရာတွင် အလုပ်မဖြစ်နေသည့်ပုံရသည်။ ထို့ကြောင့် ၎င်းသည် ဤအတိုင်းသာ လိုက်လာနေခဲ့ခြင်းဖြစ်သည်။
ဟေးစစ်ဖုန်းသည် သူတို့နောက်သို့လိုက်ရန်အတွက် သူ၏ခွန်အားများကို အကုန်အစင်အသုံးပြုနေခဲ့သည်။ သူ၏ မျက်လုံးများသည် ရှောက်ရွှမ်တို့ထံတွင်သာရှိနေခဲ့ပြီး ပစ်မှတ်သေ တစ်ခုအဖြစ် လိုက်နေခဲ့ခြင်း ဖြစ်လေသည်။ သူ၏ ခြေထောက်များသည် ထူထဲသော နှင်းများကို ဖိနင်းလိုက်ပြီး အေးခဲနေသော မြေပြင်ကို ဖိလျှက် လျှောက်လှမ်းနေခဲ့သည်။ ထို့ကြောင့် မြေပြင်ထံမှ အသံများ ထွက်ပေါ်နေလေသည်။
နီးကပ်လာသော ခြေသံများကို ကြားလိုက်ရပြီးနောက် မောင် သူ့နှလုံးသားထဲ အေးစက်သွားခဲ့သည်။ သူသည် ကျောက်တုံးတစ်ခုပေါ်မှ ချော်ကျသွားမည်ကဲ့သို့ပင် ဖြစ်သွားရသည်။
ရှောက်ရွှမ်နှင့်မောင်တို့ နှစ်ယောက်လုံး အရှိန်မြင့်လိုက်သော်လည်း ခက်ခဲသော ပတ်ဝန်းကျင်ကြောင့် ထင်သလောက် ခရီးပေါက်နေခြင်းမရှိပေ။ ထို့အပြင်သူတို့ကို လိုက်နေသော ဟေးစစ်ဖုန်းသည် “ဟေးဖုန်း“ ဟု နာမည်ကြီးသည့် တောင်တန်းများပေါ်ရှိ လူသတ်သော ဟေးစစ်ဖုန်း ဖြစ်လေသည်။ ထို့ကြောင့် မောင် နှင့် ရှောက်ရွှမ်တို့အနေဖြင့် ၎င်းကို မျက်ခြေဖြတ်ရန် သိပ်မဖြစ်နိုင်ပေ။
ရှောက်ရွှမ် ကျောရိုးတစ်လျှောက် အေးစက်မှုကို ခံစားလိုက်ရသည်။ အေးစက်သော လေကြောင့် သူ့ဆံပင်များသည် ထောင်မတ်နေခဲ့ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး သည် ရေခဲရေထဲတွင် ရေချိုးထားသကဲ့သို့ဖြစ် နေခဲ့သည်။
“ လူခွဲလိုက်ရအောင် “ ရှောက်ရွှမ် အော်ပြောလိုက်သည်။
ရှောက်ရွှမ်နှင့် မောင်တို့ ဟေးစစ်ဖုန်းရန်မှ လွတ်မြောက်စေရန် လူခွဲလိုက်ကြသည်။
ရှောက်ရွှမ် ၏ ဦးဆောင်မှုမရှိပဲ မောင်သည် ထိုကဲ့သို့သော အခြေအနေတွင် ရေရှည် ရှင်သန်နိုင်လိမ့်မည် မဟုတ်ပေ။ မှောင်မဲသော ညနှင့် နှင်းများကြားတွင် သူသည် ကြီးမားသော ပုံရိပ်ကြီးကို မသဲမကွဲ မြင်နေရသည်။ အကယ်၍ ဟေးစစ်ဖုန်းသာ သူ့နောက်ကို လိုက်လာခဲ့လျှင် သူ့အနေဖြင့် ရှင်သန်နိုင်လိမ့်မည် ဟူသည့် ယုံကြည်ချက်မျိုး မရှိနေခဲ့ပေ။
သို့သော်လည်း ဟေးစစ်ဖုန်းသည် သူ့အား စိတ်နှောင့်အယှက်ပေးနိုင်သူမှာ ရှောက်ရွှမ်သာ ဖြစ်သည်ကို အာရုံခံမိဟန်တူသည်။ ထို့ကြောင့် သူသည် ရှောက်ရွှမ် နောက်သို့သာ လိုက်သွားခဲ့လေသည်။ သူ့နောက်ခြေထောက်များကို ကန်ထုတ်လိုက်ရာ အေးစက်သော လေများ တိုက်ခတ်လာပြီး မောင့်ထံသို့ပင် ရိုက်ခတ်လာခဲ့သည်။ ၎င်းသည် ရှောက်ရွှမ်နောက်သို့ လိုက်နေပြီဖြစ်သည်။
ရှောက်ရွှမ်ကိုသာ ဖမ်းမိနိုင်ခဲ့လျှင် အခြားကလေးတစ်ယောက်ကို ဖမ်းနိုင်ရန်မှာ လွယ်ကူကြောင်းကို ၎င်းက သိနေဟန်ရသည်။
ရှောက်ရွှမ် နှင်းပုံပေါ်တွင် ခုန်နေလိုက်သည်။ ထို့နောက် သူ့နောက်ကျောဖက်မှ လှံတိုလေး ကိုဆွဲထုတ်လိုက်သည်။ သူမြေပေါ်သို့ ပြန်မကျခင်တွင် သူ့ခန္ဓာကိုယ်ကို တပတ်လှည့်လိုက်ပြီး လှံတိုကို ထိုလှည့်လိုက်သည့် ခန္ဓာကိုယ်အားကို ရယူလိုက်ကာ ပစ်လွှတ်လိုက်သည်။ သူချိန်ထားသည်မှာ ဟေးစစ်ဖုန်း၏ မျက်လုံးတည့်တည့်သို့ပင် ဖြစ်သည်။
လှံတိုသည် ဟေးစစ်ဖုန်း၏ မျက်လုံးထံသို့ ကျည်ဆံတစ်ခုအလား တိုးဝင်သွားခဲ့၏။ လှံတိုကို မရှောင်နိုင်သော်လည်း သားရဲကြီးသည် လျင်မြန်စွာပင် တုံ့ပြန်လာခဲ့သည်။ သူ့ခေါင်းကို တဖက်သို့အနည်းငယ်လှည့်လိုက်ပြီး မျက်လုံးကို မှိတ်ထားလိုက်သည်။ ထို့နောက် သူ၏ထူထဲသော မျက်ခွံများဖြင့် ကာကွယ်ထားလိုက်လေသည်။
လှံတိုသည် မျက်လုံးကို ဖောက်ဝင်သွားနိုင်ခြင်း မရှိပေ။ ၎င်းသည် မျက်လုံးထောင်စွန်း တစ်နေရာတွင်သာ စိုက်ဝင်နေခဲ့၏။ မျက်လုံးကို ထူထဲသော အကြေးခွံများဖြင့် ကာကွယ်ထားရာ လှံသည် နက်ရှိုင်းစွာ အသားထဲ ထိုးစိုက်သွားခြင်းမရှိပဲ မျက်လုံးထောင့်တစ်နေရာတွင်သာ စိုက်ဝင်နေခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ဟေးစစ်ဖုန်း၏ မျက်လုံးများ အနည်းငယ်နာကျင်သွားပြီး သွေးများ စီးကျလာခဲ့သည်။
မျက်လုံး ဒဏ်ရာကြောင့် ဟေးစစ်ဖုန်းသည် စိတ်ရှုပ်သွားသကဲ့သို့ ကြောက်ရွံ့မှုလည်း ဖြစ်သွားရလေသည်။ သူသည် ထိုကလေးက သူ့အား ဒဏ်ရာရစေလိမ့်မည်ဟု မမျှော်လင့်ထားမိခဲ့ပေ။
ရှောက်ရွှမ်မှာမူ သွေးများကို မမြင်နိုင်ပေ။ လက်ရှိသူမြင်နေရသည်မှာ ကြီးမားသော အရိုးစုကြီးသာ ဖြစ်သည်။ ယခင်က သူသည် ဟေးစစ်ဖုန်း၏ မျက်လုံး အိမ်များ ရှိနေသည့်နေရာကို ချိန်ရွယ်ပစ်ခတ်ခဲ့သည်။ သို့သော်လည်း လှံသည် နက်ရှိုင်းသော နေရာအထိ ထိုးဖောက်နိုင်ခြင်း မရှိခဲ့ပေ။
သူသည် ဟေးစစ်ဖုန်း၏ မျက်လုံးများကို မမြင်နိုင်သော်လည်း သူ့မျက်လုံးများမှ ကြမ်းတမ်းသော ဒေါသထွက်နေသည့် အကြည့်များကိုမူ ခံစားနိုင်လေသည်။
ရှောက်ရွှမ်ရင်ဆိုင်နေရသည့် ဖိအားသက်သာသွားစေရန်အတွက် မောင်သည် အသံကို အာရုံခံလိုက်ပြီး ဟေးစစ်ဖုန်း ရှိနိုင်လောက်သည့်နေရာကို မှန်းဆလိုက်ကာ လှံဖြင့် ပစ်လိုက်သည်။ သို့သော်လည်း ဟေးစစ်ဖုန်း၏ အကြေးခွံများနှင့် ဆူးချွန်များသည် ထူထဲသော ချပ်ဝတ်တစ်ခုကဲ့သို့ပင်ဖြစ်နေခဲ့သည်။ ကျောက်တုံး လှံသည် အလွယ်တကူပင် ကျိုးပဲ့သွားခဲ့ရ၏။
၎င်း၏ အားနည်းချက်သည် ဦးခေါင်းနေရာအနည်းငယ်နှင့် အမြီးတွင် သာရှိသည်။ ယခင်က မိုင်တိုက်ခိုက်ခဲ့သည့် နေရာသည် အမြီးနေရာတွင် ဖြစ်သည်။ ထိုနေရာတွင် ထူထဲသော ဆူးချွန်များ ပေါက်နေခြင်း မရှိပေ။ ထို့ကြောင့် ထိုနေရာရှိ အကြေးခွံတစ်လွှာသည် မျိုးနွယ်စု စစ်သည်တော်တစ်ယောက်၏ ခွန်အားကို မခံနိုင်ပေ။
ဟေးစစ်ဖုန်းသည် မောင်ကို လုံးဝပင် လျစ်လျုရှုထားပြီး ရှောက်ရွှမ်ကိုသာ အာရုံစိုက်နေခဲ့သည်။ သူသည် ဒေါသတကြီး သူ့အမြီးဖြင့် မြေပြင်ကို ရိုက်ချလိုက်လေသည်။ နှင်းခဲများနှင့် ကျောက်တုံးများ နေရာအနှံ့ လွင့်ဝဲသွားသည်။
အမြီးရိုက်ချက်ကို ရှောင်တိမ်းလိုက်ပြီးနောက် ရှောက်ရွှမ် သူ၏ သွားဓါးကို ထုတ်ယူလိုက်ကာ သူ့ဘေးဖက်မှ တိုးဝင်လာနေသည့် လက်သည်းရိုက်ချက်ကို ခုခံလိုက်သည်။
တန်း .......
လက်သည်းကို ဓါးဖြင့် ထိတွေ့သည့်အသံနှင့် လက်သည်းက ဓါးသွားကို ခြစ်မိသည့် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
လိုဏ်ဂူထဲမှ ကျောက်တုံးများကိုပင် တစ်စစီဖြစ်အောင် လုပ်နိုင်ခဲ့သည့် လက်သည်းများသည် ယခု ရှောက်ရွှမ်၏ ဓါးကိုမူ အစင်းရာအနည်းငယ်လေးသာ ထင်အောင် ပြုလုပ်နိုင်လေသည်။
ဓါးသည် ထိခိုက်မှုများပြားခြင်းမရှိပေ။ သို့သော်လည်း ရှောက်ရွှမ်မှာမူ ဓါးကိုင်ထားသော လက်မောင်း တစ်ခုလုံး ထုံကျဉ်သွားခဲ့လေသည်။
ရှောက်ရွှမ်အနေဖြင့် ဒဏ်ရာရသွားသော သူ့လက်ကို စစ်ဆေးကြည့်နေရန် အချိန်မရပေ။ ထို့နောက်သူသည် ဟေးစစ်ဖုန်းနှင့် နောက်တစ်ကြိမ် အနီးကပ် မတိုက်ခိုက်မိစေရန် နောက်သို့ အနည်းငယ် ဆုတ်လိုက်သည်။ ဟေးစစ်ဖုန်းကို တောအုပ်၏ သတ်ဖြတ်သူဟု ခေါ်သည်မှာ အလကား ခေါ်ကြခြင်း မဟုတ်ပေ။ ၎င်းသည် ရှောက်ရွှမ် ရှောင်တိမ်းရန်ပြင်လိုက်သည့် ဖက်ကို အမြီးဖြင့် ကြိုတင်ရိုက်ချလိုက်ပြီး ဖြစ်နေသည်။
မြေပြင်ပေါ်သို့ ကျပြီးသည့်အချိန်တွင် ရှောက်ရွှမ် အနေဖြင့် ထိုရိုက်ချက်ကို အချိန်မှီ ရှေဦင်တိမ်းနိုင်ရန် မဖြစ်နိုင်တော့ပေ။ သူလုပ်နိုင်သည်မှာ သွားဓါး ကို သူ့ရင်ဘတ်ရှေ့တွင် ထားလိုက်ပြီး ထိုရိုက်ချက်ကို ခုခံလိုက်ခြင်းဖြစ်သည်။
ဘန်း .....
ကြမ်းတမ်းသော ခွန်အားများကြောင့် ရှောက်ရွှမ် အဝေးတစ်နေရာသို့ လွင့်ထွက်သွားခဲ့သည်။ ထိုနေရာတွင် သူ့အခြေအနေမတည်မငြိမ်ဖြစ်နေဆဲဖြစ်ပြီး သူသည် နောက်သို့ ခြေလှမ်းများစွာ ဆုတ်လိုက်ရပြန်သည်။ ရိုက်ချက်ကြောင့် သူ့ရင်ထဲရှိသွေးများ ဗလောင်ဆူနေခဲ့ပြီဖြစ်သည်။ အကယ်၍ ဟေးစစ်ဖုန်းသာ ပတ်ဝန်းကျင်အခြေအနေကြောင့် အားနည်းနေခြင်း မဟုတ်လျှင် ၊ သူ့လှုပ်ရှားမှုများ ကန့်သတ်ထားခံရခြင်း မဟုတ်လျှင် ရှောက်ရွှမ်သည် ထိုရိုက်ချက်ကြောင့် အသားပြားတစ်ခု ဖြစ်နေပြီဖြစ်သည်။
သူဤကမ္ဘာသို့ ရောက်လာပြီးနောက်တွင် ရှောက်ရွှမ် အနေဖြင့် ထိုမျှကြီးမားသော အန္တရာယ်ကို ပထမဆုံးအကြိမ် ရင်ဆိုင်ရခြင်း ဖြစ်သည်။
သူသည် အမဲလိုက်ထွက်လျှင် ကြုံလာရနိုင်သည့် အန္တရာယ်များကို စိတ်ထဲတွင် ပြင်ဆင်ထားခဲ့ပြီးဖြစ်၏။ သို့သော်လည်း ထိုမျှ ဇွဲကြီးပြီး ကြမ်းတမ်းသည့် သားရဲတစ်ကောင်နှင့် ပထမဆုံးသော အမဲလိုက်တာဝန်တွင် ရင်ဆိုင်ရလိမ့်မည် ဟူ၍ သူမသိထားခဲ့ပေ။
ရုပ်ပိုင်းဆိုင်ရာခွန်အား အရသော်လည်းကောင်း၊ အမြန်နူန်းအရသော်လည်း ကောင်း ရှောက်ရွှမ်နှင့် မောင်တို့နှစ်ယောက်လုံးသည် အားနည်းနေသော ဟေးစစ်ဖုန်း၏ ပြိုင်ဖက်မဖြစ်နိုင်ကြပေ။
၎င်းသည် အသက်ရှင်နိုင်ရန် ပြိုင်ဆိုင်ကြသည့် ပြိုင်ပွဲတစ်ခု ဖြစ်လေသည်။ မင်းသေမလား ငါသေမလား .........။
သူကျန်နေသည် တစ်ခုတည်းသော လှံတိုလေးကိုလည်း ပစ်လိုက်ပြီဖြစ်သည်။ ရှောက်ရွှမ်သည် မူလက လှံတိုသုံးချောင်းကို သူနှင့်အတူ ယူဆောင်လာခဲ့သည်။ သို့သော်လည်း နှစ်ခုကို အသုံးပြုခဲ့ပြီးဖြစ်သည်။ ယခုတွင် ရှောက်ရွှမ် လက်ထဲ၌ လောင်ခဲ့ပေးထားခဲ့သည့် သွားဓါး သာ လက်ထဲတွင် ရှိနေတော့၏။ ထို့အပြင် သူ့အိတ်ထဲတွင် လှံခေါင်း သုံးခုသာ ရှိနေတော့၏။
မောင်သည် လည်း ထိုအချိန်တွင် ဟေးစစ်ဖုန်း အာရုံပြောင်းသွားစေရန် ကူညီပေးနေခဲ့၏။ သို့သော်လည်း သူ၏ အကန့်အသတ်ရှိသော စွမ်းအားများကြောင့် ဟေးစစ်ဖုန်း သည် မောင်ကို ဂရုစိုက်လှခြင်း မရှိနေပေ။ သူ လိုဏ်ဂူထဲမှ ထွက်လာစဉ်က သူနှင့်အတူ လှံတို (၇) ချောင်း ယူလာခဲ့လေသည်။ ငါးခုကို သူပစ်လွှတ်ခဲ့ပြီး ဖြစ်ရာ ခြောက်ခုမြောက် သည် ဟေးစစ်ဖုန်း ၏ မျက်လုံးကို ထိမှန်လုနီးပါး ဖြစ်ခဲ့ရသည်။
ထိုအချိန်တွင် နောက်ဆုံး၌ ဟေးစစ်ဖုန်းသည် မောင့်ဖက်ကို အာရုံစိုက်လာခဲ့ပြီဖြစ်သည်။
အခုပဲ ......
ဤအရာသည် သူတို့ရနိုင်သည့် တစ်ခုတည်းသော အခွင့်အရေး ဖြစ်နိုင်ပေသည်။
ထိုအချိန်တွင် ရှောက်ရွှမ်၏ မျက်လုံးမှ ကြမ်းတမ်းသော သတ်ဖြတ်လိုစိတ်များ ထွက်လာခဲ့သည်။ သူ၏နတ်စွမ်းအားများ အားလုံးကို အသက်သွင်းလိုက်ပြီး သူ့စွမ်းအားများကို အထွတ်အထိပ်အဆင့်သို့ မြင့်တင်လိုက်ကာ ခုန်လိုက်သည်။
သို့သော်လည်းသူသည် အလျင်လိုနေခြင်း မရှိပေ။ မြေပြင်ပေါ်တွင် စိုက်နေခဲ့သည့် လှံကို အသုံးပြုလိုက်ပြီး သူ့လမ်းကြောင်းကို ပြောင်းလိုက်သည်။
အသံကိုကြားလိုက်သောအခါ ဟေးစစ်ဖုန်း ရှောက်ရွှမ်ကို အာရုံပြန်စိုက်လိုက်ရပြန်သည်။ ထို့နောက် သူ့လက်သည်းဖြင့် ရှောက်ရွှမ်ကို ခုတ်ပိုင်းလိုက်သည်။ သို့သော်လည်း လမ်းတစ်ဝက်တွင် ရှောက်ရွှမ် လမ်းကြောင်း ပြောင်းသွားလိမ့်မည်ဟု ၎င်းက မမျှော်လင့်ထားမိခဲ့ပေ။ သူအာရုံမစုစည်းနိုင်ခင်မှာပင် ရှောက်ရွှမ်သည် တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်လိုက်ပြီး ဖြစ်သည်။
ရှောက်ရွှမ်သည် အလယ်အဆင့်စစ်သည်တော် တစ်ဦးဖြစ်သော မိုင်လောက် မသန်မာသည်မှာ ဖြစ်နိုင်သော်လည်း သွားဓါး၏ အကူအညီဖြင့် ၊ သူ့ခွန်အား များအားလုံးကို ထုတ်ယူသုံးစွဲခြင်းဖြင့် သူသည် ဟေးစစ်ဖုန်း ဦးခေါင်းရှိ အားနည်းသည့် နေရာကို တိုက်ခိုက်နိုင်ပေလိမ့်မည်။
သွားဓါးသွားသည် ဦးခေါင်း ကိုထိမှန်သွားခဲ့ပြီး ဦးခေါင်း ခွံကို ဖြတ်ကာ ထိုးစိုက်လိုက်နိုင်ခဲ့လေပြီ။
သူသည် အားအနည်းဆုံး ဖြစ်လောက်သည့်နေရာကို ရွေးချယ်ခဲ့သော်လည်း ၊ ခွန်အားအပြည့်ကို သုံးခဲ့သော်လည်း ဓါးသည် ဦးခေါင်းခွံကို နက်နက်ရှိုင်းရှိုင်း ဖောက်ထွင်းနိုင်ခြင်း မရှိနေပေ။ ဓါး၏ သုံးပုံနှစ်ပုံကို မြင်နေရဆဲဖြစ်သည်။ အကယ်၍ ထိုနေရာတွင် မိုင်သာ ဖြစ်မည် ဆိုပါက ဓါးသည်။
ထို့ထက်နက်ရှိုင်းစွာ ထိုးဖောက်နိုင်မည်ဖြစ်ပြီး ဟေးစစ်ဖုန်းသည်လည်း ထိုနေရာတွင်ပင်ချက်ချင်း သေဆုံးသွားမည် ဖြစ်သည်။ သို့သော်လည်း ယခုတွင်ကား ရှောက်ရွှမ်သည် မျိုးနွယ်စုနတ်စွမ်းရည် နှိုးထသည်မှာ တစ်လသာ ရှိပေသေးသည် မဟုတ်ပေလော။
ထိုသို့ဆိုသော်လည်း ဒဏ်ရာသည် ဟေးစစ်ဖုန်း အလွယ်တကူ လျစ်လျုရှုနိုင်သည့် သေးငယ်သော ဒဏ်ရာလေးတော့ မဟုတ်နေပေ။
ရှောက်ရွှမ်သည် ဓါးကို အဆုံးထိ ထိုးစိုက်ပြီး ဒဏ်ရာပိုဆိုးအောင် လုပ်ချင်နေသော်လည်း ဟေးစစ်ဖုန်းသည် လက်သည်းတိုက်ကွက်ကိုထုတ်ဖော်လာပြန် ခဲ့ပြီဖြစ်သည်။ ထို့ကြောင့် သူသည် နောက်ထပ် တိုက်ခိုက်မှုကို မလုပ်နိုင်တော့ပဲ အမြန် ရှောင်တိမ်းလိုက်ရလေသည်။
ရှောက်ရွှမ် သူ့နောက်ကျောကို အကုတ်ခံလိုက်ရလေ၏။ သို့သော်လည်း ကံကောင်းသည်မှာ အချိန်မှီ ရှောင်တိမ်းနိုင်လိုက်သဖြင့် သေစေနိုင်သည့် ဒဏ်ရာတစ်ခု မဟုတ်နေခဲ့ပေ။ အကယ်၍ သူသာ အနည်းငယ် နောက်ကျသွားပါက သူသေဆုံးသွားနိုင်ပေသည်။
ထိုနေရာတစ်ဝိုက်တွင် ကျယ်လောင်သော အော်မြည်သံတစ်ခု ထွက်ပေါ်လာခဲ့လေ၏။ ထိုအော်သံကြောင့် အနီးတဝိုက်ရှိ နှင်းခဲများ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။
သူ့ခေါင်းထက်တွင် ဓါးစိုက်နေပြီး ထိုဒဏ်ရာ၏ နာကျင်မှုကြောင့် ဟေးစစ်ဖုန်းသည် အော်မြည်နေခဲ့လေပြီ။ သူသည် သူ့လက်သည်းများဖြင့် ဓါးကို ဆွဲနုတ်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း အနည်းငယ်မျှသော လှုပ်ရှားမှုသည်ပင် ပြင်းထန်သော နာကျင်မှုကို ဖြစ်စေနိုင်သဖြင့် ဓါးကို ဆွဲထုတ်နိုင်ခြင်း မရှိနေပေ။ ၎င်းသည် နာကျင်လွန်းသဖြင့် သတိလစ်မေ့မျော လုမတတ် ဖြစ်နေလေ၏။