← Chapters

တချက်တည်း

Vol. 4 Ch. 51

တချက်တည်း

Vol. 4 Ch. 51

မီးတောက်ဦးချိုများ မျိုးနွယ်စု ။

မျိုးနွယ်စုထဲက နေ့စဥ်ဘဝတွေကတော့ အမြဲအေးအေးချမ်းချမ်းသာသာယာယာပင်။ မနက်စောစောမှာ လောင်ခဲ့က ဆီဆာကို အသားနဲ့အရိုးနည်းနည်း ပစ်ကျွေးလိုက်ပြီးတာနဲ့ သူ့ကျောက်ထည်ပစ္စည်းတွေကို ဆွဲယူကာ စပြီး ပြောင်လက်တဲ့အထိ တိုက်ချွတ်နေသည် ။ အရင်ကလိုပဲ သူ့မျက်နှာမှာလည်း အမူအရာမရှိ ၊ ဘာစကားမှလည်း မပြောချေ ။ ဒါပေမဲ့ သူနဲ့ရင်းနှီးတဲ့သူတွေကတော့ သူက အရင်တုန်းကနဲ့ သိပ်မတူတော့ဘူးဆိုတာ သိနိုင်လိမ့်မည် ။ ဥပမာအနေနဲ့ ထောင့်နားက ကျောက်အမှိုက် အစအနတွေထည့်တဲ့ သစ်သားပုံးလေးကို ကြည့်ရင် သိနိုင်သည် ။ ပုံပျက်သွားတဲ့ ကျောက်ထည်တွေကနေထွက်လာတဲ့ ကျောက်ပြားတွေ ၊ ကျောက်စကျောက်န အမှိုက်တွေအကုန် ဒီပုံးထဲ တိုက်ရိုက်ပစ်ထား၏။ လောင်ခဲ့ဆိုလျှင် ဒီထက် အလေအလွင့်ပိုနည်းလေ့ရှိသည်။

ထောင့်နားမှာ ပျင်းတိပျင်းရွဲနဲ့ အရိုးကိုက်နေတဲ့ ဆီဆာကတော့အရင်ကထက် ပို ပိုပိန်လာတဲ့ပုံပေါက်နေ၏။ လောင်ခဲ့က အစာသေချာမကျွေးလို့မဟုတ်ဘဲ သူ့ဝိညာဥ်အားနည်းလာတာရယ် နဲ့ စားချင်စိတ်မရှိတာရယ်ကြောင့်သာ ပို ပိန်လာခြင်းဖြစ်၏ ။ ထို့ကြောင့်ပင် အခုဆို ဆီတာက အရိုးပေါ်ရေတင်ပုံ ဖြစ်နေလေသည်။

ဆီဆာသည် အရိုးကို ဖြေးဖြေးချင်းဝါးနေရင်း သူ့နားရွက်တွေ ဆတ်ခနဲလှုပ်သွားပြီး ပြတင်းပေါက်ကို လှမ်းကြည့်လိုက်သည်။ ခဏကြာတော့ အပြင်ကနေ လူတယောက် ပြတင်းပေါက်ကိုဖြတ်ပြီး ဝင်လာ၏ ။ အဲ့ဒီလူက မြေပေါ်ခြေမချခင် မြေကြီးကို သူ့လက်ချောင်းတချောင်းတည်းနဲ့ ထောက်လိုက်ပြီး အဲ့ဒီလက်ညိုးကအားနဲ့ပဲ တခုခုကိုရှောင်ဖို့ လေထဲမှာ ကျွမ်းတပတ်ထိုးလိုက်သေးသည်။

" ဘာလဲဟ "

ကောက မြေပေါ်ကို သတိထားနင်းလိုက်ပြီး ပတ်ပတ်လည်ကို စစ်ဆေးကြည့်လိုက်သည် ။ သူ နောက်ဆုံးလာလည်တုန်းက ဒီပြတင်းပေါက်ကနေ ဖြတ်တော့ ထောင်ခြောက်မိသေးသည် ။ အခုတခါ မြေကြီးထဲကနေ တခုခုများ အသစ်ထွက်လာမလားလို့ သူက အစကတည်းက ကြိုပြင်ထားခဲ့သော်လည်း မထင်ထားဘဲ ဘာမှကို ရှိမနေပေ။

မဟုတ်သေးပါဘူး ၊

ကောက သူ့မျက်လုံးတွေကို ကျဥ်းမြောင်းသွားပြီး ထိုင်ချလိုက်ကာ တခန်းလုံးကို သူ့အမြင်ကနေ သေးသေးလေးမှ မလွတ်သွားအောင် သေချာလိုက်ကြည့်လိုက်သည် ။

ဆီဆာကတော့ ဒီလူ ဝင်လာတုန်းက ဘာလို့များ လှိမ့်ပြီးဝင်လာရသလဲဆိုတာကို နားမလည်တဲ့အတွက်ကြောင့် သူ့ပါးစပ်ထဲမှာ အရိုးကိုက်နေရင်း ကောကို ငေးကြည့်နေသည် ။

နောက်ဆုံး ဘာထောင်ခြောက်မှ မရှိတာကို လက်ခံပြီးမှပဲ ကောက မတ်တပ်ရပ်လိုက်သည် ။ ပြောရရင် အရင်က သူမိဖူးတဲ့ထောင်ခြောက်တွေကတောင် သူထားခဲ့တဲ့ပုံစံအတိုင်း ရှိနေတုန်းပင် ၊ လောင်ခဲ့ မျက်စိရှုပ်တယ်လို့တောင် ထင်ပုံမရပေ ။

" ဟေး...လောင်ခဲ့ရေ..အခြေအနေတွေ ဘယ်လိုလဲဗျ "

ကောက လောင်ခဲ့ ဘေးလာလိုက်ပြီး သူ ဖွက်ထားတဲ့အိတ်ထဲကနေ တိရိစ္ဆာန်အသားတုံးတွေ နဲ့ အချောသပ်ထားတဲ့ ကျောက်တုံးနှစ်တုံးကိုထုတ် ပြီး ခဲ့ကို ပေးလိုက်သည် ။

" ကျုပ်သားက နောက်အမဲလိုက်တဲ့မစ်ရှင်ကျ သူပါ ပါမလို့တဲ့ ၊ အဲ့ဒီတော့ သူ့အတွက် တခုခုအမဲလိုက်ဖို့ ထုလုပ်ပေးဖို့ ခင်ဗျားအကူအညီ လိုတယ် "

လောင်ခဲ့က သူ့လက်ထဲက လုပ်လက်စအလုပ်တွေကိုပဲ ဆက်လုပ်နေပြီး သူ့ကို စကားတောင် ပြန်မပြောပေ ။ ကောကတော့ သူ ဒါကို ကြားမိမယ်ဆိုတာ သိနေတဲ့အတွက်ကြောင့် စိတ်ထဲသိပ်မထားပေ ။ သူက သူ့အိမ်သူရာ လိုပဲ ပစ္စည်းတွေကို ဘေးမှာချလိုက်ပြီး ကျောက်ခုံလေးကို ဆွဲယူလိုက်သည် ။ ကောက လောင်ခဲ့ လုပ်နေတဲ့ ကျောက်ဓားကို ငေးကြည့်နေရင်းက ပြောလိုက်သည် ။

" အားရွှမ်တို့တွေ သူတို့ ပထမဆုံးနေရာကို ရောက်ပြီး စ အမဲလိုက်နေလောက်ပြီ ၊ သူတို့ ပထမဆုံးအမဲလိုက်မစ်ရှင်ကနေ ဘာတွေပြန်ယူလာမယ်လို့ ခင်ဗျားထင်လဲ "

လောင်ခဲ့က ကောစကားတွေကြောင့် ခဏတော့ တုံ့ဆိုင်းသွားသည် ။ ဒါပေမဲ့ သူ လုပ်လက်စ ကျောက်ထွင်းတာကိုပဲ အသံတိတ်ဆက်လုပ်နေ၏ ။

လောင်ခဲ့ကို ဒီလို မြင်လိုက်ရတော့ ကောက လောင်ခဲ့ ဘာတွေစိတ်ပူနေလဲဆိုတာ နောက်ဆုံးမှာ သေချာအောင်လေ့လာကြည့်နေလိုက်သည် ။

လောင်ခဲ့က ဘယ်မိန်းမကိုမှ လက်မထပ်ခဲ့ဘူးသလို ဘယ်ကလေးကိုမှလည်း မမွေးဖူးခဲ့ဘူးချေ ။ သူငယ်တုန်းကတော့ ဒီလိုမျိုး နေရတာ အဆင်ပြေခဲ့သည် ၊ ဒါပေမဲ့ အမဲလိုက်အဖွဲ့ကနေ သူ့ခြေထောက်ကြောင့် ထွက်လိုက်ရပြီးနောက်ပိုင်းမှာ သူ့ဒေါသကလည်း ပိုပိုကြီးလာခဲ့၏ ။ လူတွေကလည်း သူနဲ့ပေါင်းရသင်းရ ခက်လာပြီး ဘယ်ကလေးကမှလည်း သူနဲ့အဆင်ပြေပြေနေဖို့ သူ့ဆီမလာကြတော့ပေ ။ သူ့ဆီကို ကျောက်ထွင်းပညာလာသင်ကြတဲ့ ကလေးတွေတောင်မှပဲ သူနဲ့အဆင်မပြေကြ ၊ နောက်ဆုံးမှာ အားရွှမ် သူ့ဘဝထဲ ရောက်လာခဲ့သလို သူကလည်း သူ့သားအရင်းလေးလို သူ့ကိုဆက်ဆံသည် ။

ကလေးတွေက သူတို့အနေနဲ့ ပထမဆုံးအကြိမ် အမဲလိုက်ထွက်ကြရင် သူတို့မိဘဆွေမျိုးတွေက စိတ်ပူတတ်ကြတာက သဘာဝပင် ။ မိဘတော်တော်များများဆိုရင် အနည်းဆုံးတော့ သူတို့ကလေးကို သူတို့သေချာ စောင့်ရှောက်ပေးလို့ရတယ်ဆိုပြီး သူတို့ပါ အတူတူလိုက်လာလေ့ရှိကြ၏ ။ တကိုယ်ရေအမြင်အရ ပြောရရင် တိုက်ပွဲကိုအတူတူဝင်တိုက်ပေးမဲ့အစား ကလေးတွေကိုပဲ တခြားသူတွေကို ယုံကြည်ပြီး လုံးလုံးအပ်လိုက်တာ ပိုကောင်း၏ ။

လောင်ခဲ့သာ ဒဏ်ရာ ရမထားဘူးဆိုရင် သူလည်း အားရွှမ်ကို ဒီနှစ်ထဲ အမဲလိုက်မစ်ရှင်ကို ခေါ်သွားလိမ့်မည် ၊ သို့သော်လည်း...

" မပူပါနဲ့..အားရွှမ်က ငယ်ငယ်လေးနဲ့ စွမ်းအားနိုးထလာတဲ့ သင်လွယ်တတ်လွယ် ကလေးမို့လား ၊ နတ်ဆေးဆရာက စောင်မကြည့်ရှူပေးတာကို ဖယ်လိုက်ပါဦး ၊ သူ အဆင်ပြေမှာပါ ၊ ပြီးတော့ သူ အောင်အောင်မြင်မြင်နဲ့ ပြန်လာတာကိုပဲ ခင်ဗျား စိတ်ရှည်ရှည်နဲ့စောင့်နေလိုက်ပါဗျာ ၊ ပြီးတော့ ခင်ဗျားရဲ့ အစွယ်ဓားကိုလည်း ပေးလိုက်သေးတယ်မလား ၊ သူ အဆင်ပြေမှာပါ ၊ သူလည်း ကျုပ်တို့ကို အနားယူဖို့ပြောခဲ့သေးတယ်လေ ၊ ဟုတ်တယ်မလား ၊ သူ ပိုသိပါတယ် "

အဲ့ဒီအချိန် မျိုးနွယ်စုရဲ့အဝေးတစ်နေရာ တောင် တွေရဲ့တခြားဖက်မှာ သူတို့ကို " ပိုသိပါတယ် ၊ အနားယူပါ '' လို့ပြောခဲ့တဲ့ ရှောက်ရွှမ်ကတော့ အစွယ်ဓားကို ကြည့်ပြီးသက်ပြင်းချနေသည် ။

ဟေးစစ်ဖုန်း သေသွားတာ သေချာပြီဆိုမှ ရှောင်ရွှမ်က ဓားကိုဆွဲထုတ်လိုက်သည် ။ အစွယ်ဓားက ဟေးစစ်ဖုန်း ရဲ့ ခေါင်းခွံထဲနစ်ဝင်နေလို့ သူ မနည်းအားသုံးပြီးမှ ဆွဲထုတ်လိုက်ရသည် ။

မြေပေါ်မှာ နောက်ယောင်ခံလိုက်ခဲ့တာရော ဟေးစစ်ဖုန်းရဲ့ အခြေအနေရော အရဆိုရင် တောင်ပေါ်ကနေ နှင်းထုပြိုကျတုန်းက ဒီသားရဲကြီး ကျောက်တုံးကြီးတွေနဲ့ ရိုက်မိထားတာ ဖြစ်နိုင်တယ်လို့ ရှောက်ရွှမ်တွက်ထားသည် ။ ပြီးတော့ တောင်ပေါ်ကနေ လိမ့်ကျသွားပြီး ဟေးစစ်ဖုန်း ကြီး ဒီအောက်မှာ မြုပ်နေတာဖြစ်မည် ။ အစွယ်ဓားက ခေါင်းမှာ ဒီနှင်းပြိုတုန်းက ပိုနက်နက်စိုက်မိသွားတာ ဖြစ်ပြီး သူ့ကိုယ်မှာ အရိုးတွေကျိုးနေတာက ကျောက်တုံးတွေနဲ့ရိုက်မိထားလို့ဖြစ်နိုင်သည် ။

ဒီ ဟေးစစ်ဖုန်းကြီး ကံဆိုးတာပဲလို့ ပြောရမှာပဲ ။

အကယ်၍များ တခြား စွမ်းအင်နိုးထလာကာစ ကလေးတယောက်ယောက်သာဆိုရင် ၊ အကယ်၍ ရှောက်ရွှမ်သာ ဒီအမဲလိုက်ခရီးကို လိုက်မလာဘူးဆိုရင် ဒီလိုအဖြစ်မျိုး လုံးလုံးဖြစ်မှာမဟုတ် ။ ရှောက်ရွှမ်သာ မရှိရင် ဟေးစစ်ဖုန်းက ဂူထဲမှာ လက်စားပြန်ချေနိုင်ခဲ့လောက်သည် ။

အစွယ်ဓားကို ဆွဲထုတ်လိုက်ပြီးတဲ့နောက် ဓားအဖျား တလက်မလောက် ကျိုးသွားတာ သတိထားမိလိုက်သည် ။ ပြီးတော့ ပဲ့နေတဲ့အသွားဖက်မှာ အက်ရာလေးတွေပါ တွေ့ရသည် ၊ ဒါ့အပြင် အစွယ်ဓားကလည်း ခြစ်ရာတွေနဲ့ ပြည့်နေ၏ ။

သူ ပြန်ရောက်လို့ လောင်ခဲ့ ရှေ့ကိုသာ ဒီအစွယ်ဓားကို ပြလိုက်ရင် သူ့မျက်နှာမှာ ဘယ်လိုအံ့အားသင့်တဲ့ အမူအရာတွေများ ရှိနေမလဲလို့ သူသိချင်မိသည် ။

ပြီးတော့ ကောဆိုရင် ဒီဓားကို မြင်ရင် ငိုများငိုလေမလားမသိ။

သူဆိုရင် ဒီဓားကို ပိုင်လာတာ ကြာလှနေပြီ ၊ ထိရင်တောင်မှနူးနူးညံ့ညံ့လေးပဲ ထိရှာ ၊ ကိုင်ရှာပေသည် ။ ဒါပေမဲ့လည်း သူ့ရတနာလေးက ရှောက်ရွှမ်လက်ထဲ ကြမ်းကြမ်းတမ်းတမ်းအကိုင်ခံရပြီး ဒီလိုပျက်စီးသွားတာ...

ရှောက်ရွှမ်က ဓားကို ကြည့်ရင်း သက်ပြင်းချနေသလို မောင့်ကလည်း သူ့မျက်စိရှေ့က ဟေးစစ်ဖုန်းရဲ့ အလောင်းကောင်ကြီးကို မျက်နှာသေနဲ့ ကြည့်နေမိတယ် ၊ ဒီလို သားရဲမိစ္ဆာကြီးက ဒီလိုသေသွားလိမ့်မယ်လို့ သူဘယ်တုန်းကမှ မျှော်လင့်မထားပေ ။

သူ အရင်က ကြားဖူးတဲ့ ပုံပြင်တွေထဲမှာဆိုရင် အကြိမ်ရေများများမတိုက်ဖူးတဲ့သူတွေသာဆိုရင် မျိုးနွယ်စုစစ်သည် တော် တွေတောင် ဒီလို ရက်စက်တဲ့သားရဲကြီးတွေနဲ့သာ ရင်ဆိုင်ရရင် အသက်ရှင်ဖို့အခွင့်အရေးရှိမှာမဟုတ်ပေ ။ အခုမှ စွမ်းအင် နိုးထလာကာစ စစ်သည်အနေနဲ့ဆိုရင် ဒီလိုမျိုးသားရဲတွေနဲ့ ရင်ဆိုင်ရဖို့ကို တွေးတောင်မတွေးကြ ၊ သူတို့သာ ဒီလိုရက်စက်တဲ့သားရဲကြီးတွေနဲ့ ထိပ်တိုက်တွေ့ရင်တော့ အတွေ့အကြုံရှိတဲ့ စစ်သည်အိုကြီးတွေက " ကလေးတွေ ဝေးဝေးနေကြ " လို့ တချက်တည်းအော်ပြီး ဘေးထွက်နေဖို့ အမိန့်ပေးမှာ ဖြစ်သည် ။

မောင့်က သူ့လက်ထဲက ဟေးစစ်ဖုန်း ရဲ့ အကြေးခွံတွေနဲ့ဆူးချွန်တွေကို ကြည့်ရင်း ပိုပြီး စိတ်လှုပ်ရှားလာသည် ။ သူ အမဲလိုက်တဲ့နေရာမှာ အများကြီး အကူအညီမပေးခဲ့ပေမဲ့လည်း ဒီလို အမဲလိုက်တာနဲ့လက်တုံ့ပြန်ကြတာမျိုးကို မျက်မြင်ကိုယ်တွေ့ တွေ့ရလို့ အတော်လေးစိတ်လှုပ်ရှားနေမိ၏ ။ ပြီးတော့ သူ့နှလုံးသားထဲက ဆူးနက်လေရဲ့ အထိမခံတဲ့ပုံရိပ်ကလည်း အဝေးကိုလွင့်သွားတော့သည် ။

တချက်တည်း ပဲ ။

ပြီးတော့ နောက်တချက် ၊ ဘုရားရေ.. အစွယ်တွေကိုလည်း ကြည့်ပါဦး

သေချာပေါက် ထိကိုထိကြည့်ရမယ် ။

စဥ်းစားကြည့်ပါဦး ၊ သူ့မျိုးနွယ်စုက ရွယ်တူတွေကြားထဲ သူကသာအရွယ်ရောက်ပြီးသား ဆူးနက်လေ သားရဲရဲ့အစွယ်ကိုပထမဆုံးထိဖူးတဲ့သူ ဖြစ်သင့်သည် ။

ရှောက်ရွှမ်က မောင့်ကို လှမ်းကြည့်လိုက်တော့ ဟေးစစ်ဖုန်းရဲ့မေးရိုးကို ဆွဲဖြဲပြီး အထဲကို လည်ဆန့်ကြည့်နေပြီး ထူးထူးဆန်းဆန်းတွေလုပ်နေတဲ့ မောင့်ကို တွေ့လိုက်ရသည်။

သောက်ကျိုးနည်း ၊ ဘာတွေကြည့်နေတာလဲဟ ရှောက်ရွှမ်က မောင့်ဆီ ပြေးသွားလိုက်ပြီး အဝေးကို ပိတ်ကန်ပစ်လိုက်သည် ။

" ဒါကြီးက သေသေးတာ မဟုတ်ဘူး ၊ မင်း သေအောင်အကိုက်ခံရမှာ မကြောက်ဘူးလား ..ငတုံးရဲ့ "

'' ခင်ဗျားပဲ သေပြီးသားလို့ ပြောတယ် မဟုတ်ဘူးလား "

မောင်က သူ့အဝတ်အစားပေါ်က နှင်းတွေကို ခါချလိုက်ပြီး မတ်တပ်ရပ်လာ၏ ။ ရှောက်ရွှမ် ကန်တာကို ဂရုတောင်မစိုက်ပဲ ဟေးစစ်ဖုန်းသားရဲကြီးကို စိတ်အားထက်သန်စွာ ဆက်ကြည့်နေသည်။

ရှောက်ရွှမ်ကတော့ ဒီမျိုးနွယ်စုထဲက လူတွေ ဒီလိုအဆင့်မြင့်သားကောင်တွေနဲ့ပတ်သက်ရင် ထူးထူးဆန်းဆန်းစိတ်ဝင်တစားရှိကြတာ ဘာလို့လဲဆိုတာ ဘယ်တော့မှနားမလည်ပေ။

" ငါပြောတာနဲ့ ယုံတော့တာပဲလား ၊ ငါမှားနေရင် ဘယ်လိုလုပ်မလဲ၊ငါ ဓားကို ဆွဲထုတ်တုန်းက ငါတော်တော်လေးစိတ်လှုပ်ရှားနေတာ မင်းသတိမထားမိဘူးလား ၊ မဟုတ်ရင်လည်း ငါ ဓားကိုဆွဲထုတ်ပြီးတာနဲ့ ဒီဟာကြီးရဲ့ခပ်ဝေးဝေးမှာ နေနေတာကိုကော သတိမထားမိဘူးလား "

တကယ်လို့ ရှောက်ရွှမ်က ဟေးစစ်ဖုန်း သေပြီဆိုတာကို သေချာပါတယ်ဆိုရင်တောင်မှ လောကကြီးမှာ ခန့်မှန်းလိူ့မရတဲ့ကိစ္စတွေ အများကြီးရှိသေးတယ် ၊ ရှောက်ရွှမ်အနေနဲ့ ကိုယ်မရင်းနှီးတဲ့မျိုးစိတ်တွေနဲ့ပတ်သက်ရင် သတိကြီးကြီးထားတာက ပိုကောင်းမယ်လို့ ထင်သည်၊ ခေါင်းဖြတ်ခံထားရတဲ့ မြွေတွေတောင် တခါတလေ လူတွေကို ကိုက်တတ်ကြသေး၏ ၊ ဟေးစစ်ဖုန်းမှာကော ဒီလိုထူးထူးဆန်းဆန်းအပြုအမူတွေ မရှိဘူးလို့ ဘယ်သူပြောနိုင်မှာလဲ။

သူ ပြောလို့တောင် မဆုံးဘူး ။ ရှောက်ရွှမ်ကော မောင်ပါ အသက်မပါတဲ့လေချွန်သံကို ကြားလိုက်ရ၏ ။ အနီးကတော့ မဟုတ်ပေမဲ့ တေးသွားအရဆိုရင် ဒါသူတို့ အမဲလိုက်အုပ်စုက အသံဖြစ်သည် ။

ရှောက်ရွှမ်ရဲ့မျက်နှာက ချက်ချင်း ပျော်သွားပြီး လက်ကိုမြှောက်ကာ လက်မနဲ့လက်ညိုးကို သူ့ပါးစပ်ထဲ ထည့်ပြီး လေချွန်သံပြန်ပေးလိုက်၏ ။

သူတို့မျိုးနွယ်စုမှာမတူညီတဲ့လေချွန်သံအလိုက် မတူညီတဲ့အဓိပ္ပါယ်တွေရှိသည် ။ ဒါ အမဲလိုက်သူတိုင်း သိထားရမှာဖြစ်တဲ့အတွက် ရှောက်ရွှမ်ကလည်းသိတယ် ။ ရှောက်ရွှမ်က သူ့လက်ချောင်းတွေနဲ့ လေချွန်သံအကျယ်ကြီးလုပ်နေတာမြင်တော့ မောင်ကပါ သူ့အတိုင်းလိုက်လုပ်လေသည်၊ မောင် သရေတွေတော့ ထွက်ကျလာပေမဲ့ လေချွန်သံတော့ ထွက်မလာချေ ။

လန်ကာ့ ၊ အန်း နဲ့ တခြားစစ်သည်တွေက သူတို့ကိုလာရှာကြလေသည်။ ရှောက်ရွှမ်နဲ့ မောင်တို့ မထိမခိုက်ပဲတွေ့ရတော့ လန်ကာ့မှာ မျက်လုံးတွေနီနေရာကနေ မျက်ရည်တွေပါ ကျတော့မလိုဖြစ်လာ၏ ။ သို့ပေမဲ့ တစ်ခဏကြာ နှင်းတွေအောက်က သတ္တဝါကြီးအပေါ် အကြည့်တွေရောက်သွားတော့ စစ်သည်တော်တွေမှာ ချော်ကျတော့မလို ဖြစ်ကုန်ကြသည်။

နှင်းတွေက အမြန်ပင်အရည်ပျော်ကုန်ကြလေသည် ၊ အသက်အန္တရာယ်ပေးတတ်တဲ့ ညရဲ့လူသတ်မိစ္ဆာကြီးက မြေပြင်ပေါ်မှာ တိုးတိတ်စွာနှင့် အသက်မဲ့စွာ မှောက်ယက်လဲလျောင်းလို့နေလေ၏။

All Chapters