← Chapters

သုံးကောင်လုံး

Vol. 4 Ch. 52

သုံးကောင်လုံး

Vol. 4 Ch. 52

" ဒါ..ဒါ ဘာလဲ "

လန်ကာ့သည် တုန်တုန်ရီရီနှင့် လက်ညိုးထိုးကာ တုန်ယင်နေသောအသံဖြင့် မေးလိုက်ပြီး လှံရှည်အား လက်ထဲတွင် တင်းတင်းကြပ်ကြပ်ကိုင်ထားလိုက်သည်။

အန်း နဲ့ တခြားသူများသည်လည်း တံတွေးမျိုချလိုက်ရင်း ရှောက်ရွှမ်၏အဖြေကို စောင့်နေကြသည် ။ သူတို့က ဒါ ဘာလဲ ခန့်မှန်းကြည့်ရုံနှင့် သိကြသော်လည်း ယုံကြည်နိုင်ဖို့ ခက်နေ၏ ။ သူတို့အထင်ကို မယုံနိုင်တဲ့အပြင် တချို့ဆို အိပ်မက်မက်နေသည်ဟုပင် ထင်နေကြသည်။

သူတို့ထဲမှ အများစုသည် မနေ့က ဂူထဲ ကမောက်ကမ ဖြစ်သွားသည်အားကြည့်ကာ ဤကလေးနှစ်ယောက်အား နောက်ထပ်မတွေ့ရတော့ဘူးဟုပင် တွေးပြီး သူတို့စိတ်ကို သူတို့ကြို ပြင်ဆင်ထားကြသည်။ တစ်ညလုံး လိုက်ရှာထားရသောကြောင့် မိုးလင်းပေါက်တဲ့ည ဖြစ်ခဲ့၏ ။

အစက သူတို့ ကျကျန်ခဲ့သည့် ပစ္စည်းလိုမျိုးခြေရာလက်ရာတွေအား ရှာတွေ့ခဲ့သည်။ သို့သော်လည်း သူတို့လိုက်ရှာရင်းနှင့် နှင်းဖုံးနေသည့်ဘက် ရောက်လာရာ သူတို့ခြေရာအား ရှာရန်ပင် မဖြစ်နိုင်တော့လောက်သည်အထိ ဖြစ်လာသည့်အတွက် ကံကိုယုံပြီးသာ ရှာကြရတော့သည်။

ရှာရင်းဖွေရင်း သူတို့အမဲလိုက်တဲ့ဧရိယာကိုတောင် အတော်လေးကျော်လာခဲ့ပေပြီ။ အဲ့ဒီမှာ တခြားအမဲလိုက်အုပ်စုနဲ့တွေ့ပြီး အဲ့ဒီအမဲလိုက်အုပ်စုကပါ သူတို့ကို လိုက်၍ ကူရှာပေးကြသည်။ သို့သော်ငြား ကြာလေ ကြာလေ သူတို့ရင်လေးလာလေဖြစ်၏။ ဤတောအုပ်ထဲ၌ သားရဲပေါက်စလေးများပင် အသက်ရှင်ဖို့ခက်ခဲလေရာ လူတွေအတွက်လည်း အတူတူပင်။

အခု မောင်နဲ့ ရှောက်ရွှမ် နှစ်ယောက်လုံးကို အဆင်ပြေပြေ မြင်ရတဲ့အခါ သူတို့မျှော်လင့်ထားတာထက် ပိုအဆင်ပြေနေသည့်အတွက် လန်ကာ့နှင့်တခြားသူများ စိတ်ချမ်းသာနေကြသည် ။ ဟေးစစ်ဖုန်းအန္တရာယ်ကနေ လွတ်နိုင်တာ လူနည်းနည်းသာ ရှိသည် ။ သို့သော် ဒီလိုအကောင်ကြီး မြေကြီးပေါ်မှာ လဲနေတယ်ဆိုတာ သူတို့အတွက် ပရမ်းပတာအိပ်မက်တခုသာသာ ဖြစ်နေ၏ ။

" ဒါ တကယ်သေနေပြီလား "

" ခေါင်းမှာလည်း အပေါက်ကြီး နဲ့..သွေးတွေကလည်း အများကြီး ထွက်နေတာဆိုတော့..ဒါ သေနေသင့်ပြီလေ..ဟုတ်တယ်မလား "

လှံရှည်ကြီးဖြင့် တစ်ချက်နှစ်ချက်လောက် လှမ်းရိုက်ကြည့်ပြီးမှ လန်ကာ့နှင့်တခြားသူများ ပို၍ သတ္တိရှိလာကြသည် ။ မောင့်တုန်းကလိုပင် သူတို့ ရှောက်ရွှမ်နှင့်မောင်အား ဂရုတောင်မစိုက်ကြတော့ပဲ ဟေးစစ်ဖုန်းအသေကောင်ကြီးအနား ဝိုင်းလိုက်ကြပြီး စိတ်လှုပ်ရှားလွန်းလို့ ဟိုတို့ဒီတို့ လုပ်နေကြသည် ။

" ဒါ နောက်ဆုံးတခါတုန်းက အကောင်မလား..သူ့အမြီးကိုကြည့်ဒီမှာ ဒဏ်ရာကြီး ရှိနေတုန်းပဲ "

" ဟေ့..ဒီမှာ အဆူးကြီးတွေနဲ့ သားရေထူကြီးတွေကိုကြည့်စမ်း၊အိုး..ချိုးလို့တောင် မရပါလား ၊ အားရွှမ်ရေ..ငါ့ကျောက်လှံကို ကိုင်ထားဦး ၊ ငါမချိုးနိုင်ဘူးလို့ ငါမယုံဘူး.."

" ဆူးတွေကလည်း တော်တော်မာတာပဲ..မိုင်သာ ဆူးတွေနဲ့အလွှာကို ခုတ်မိလို့ကတော့ သူ့အမြီး ဒီလောက်ဆိုးဆိုးရွားရွား ထိခိုက်မှာမဟုတ်လောက်ဘူး "

" ဟေ့..လက်သည်းတွေကိုလည်း ကြည့်ပါဦး..ချွန်ထက်နေတာပဲ..ဝိုး.."

" ... "

ဒီလူတွေကို ဘေးကနေကြည့်နေရတာ ရှောက်ရွှမ် ခေါင်းကိုက်ချင်လာသည် ။ ခုနတုန်းကတော့ သူတို့နဲ့ ပြန်ဆုံရတဲ့အတွက် ဒီလူတွေ ငိုတော့မလို ဖြစ်နေခဲ့သည် ။ ခဏအကြာတွင်တော့ သူနှင့်မောင့်အား ဂရုပင်မစိုက်ကြတော့။

ကံကောင်းစွာပင် လန်ကာ့ကတော့ တောင်အောက်မှ တခြားစစ်သည်တော်များအား လှမ်းအသိပေးရန် သတိရ၍ လေချွန်သံဖြင့် သတင်းလှမ်းပေးလိုက်သည်။ ပထမက သူတို့အစီအစဥ်မှာ ရှောက်ရွမ်နဲ့မောင့်ကို တောင်အောက်ဆင်းပြီး တခြားသူများနှင့် ပြန်ဆုံစေဖို့ပင် ။ သို့သော်လည်း ဟေးစစ်ဖုန်းအသေကောင်ကြီးကြောင့် သူတို့စိတ်ပြောင်းသွားပြီး တခြားသူတွေကိုပါ တောင်ပေါ်တက်လာဖို့ခေါ်လိုက်ကြသည် ။

ဒီမှာ အလဟဿပုပ်သွားအောင် ထားပစ်ခဲ့ရမှာ နှမြောစရာကောင်းလှသည် ။ စစ်သည်တွေသာ ဒါကို ပြန်သယ်သွားရမည်ဆိုလျှင် တက်တက်ကြွကြွပင် သယ်သွားကြလိမ့်မည် ။

အမဲလိုက်နှစ်ဖွဲ့ကြားက ပြိုင်ပွဲက အတော်လေးပြင်းထန်၏။

သူတို့ ပြန်လာပြီဆိုလျှင် သူတို့သားကောင်တွေအကြောင်း ကြွားလုံးထုတ်ကြလေ့ရှိသည် ။ သူတို့သာ ဒီလို သားရဲဆိုးကြီးကို ပြန်သယ်လာလို့ကတော့ သူတို့အပြတ်သာနေလိမ့်မည် ။

မိုင်နဲ့ တခြားလူတွေ ရောက်လာတော့ လန်ကာ့က သူ့လက်မောင်းတွေထဲ ဟေးစစ်ဖုန်း လက်သည်းကြီးတွေပိုက်ထားပြီး ခဏခဏ ထိကြည့်နေသည်။

အစောက ဟေးစစ်ဖုန်းကို တွေ့လိုက်ရတဲ့သူများလိုပင် ဒီလူများလည်း မျက်လုံးများပြူးကာ ဆွံ့အကုန်ကြ၏ ။ ပြီးနောက် ရှောက်ရွှမ် ထင်ထားသလိုပင်၊ ဤလူများသည်လည်း ဟေးစစ်ဖုန်းအနား ချက်ချင်းဝိုင်းအုံသွားကြသည်။

" နာ နေ လား "

သတိဝင်လာပြီး မိုင်က ရှောက်ရွှမ်နဲ့မောင့်အနား လျှောက်လာခဲ့သည်။

" အဆင်ပြေပါတယ် "

ရှောက်ရွှမ်က သူ့လက်မောင်းနဲ့ ခြေထောက်ကို လှုပ်ကြည့်ပြီး နည်းနည်းခုန်ကြည့်လိုက်သည် ။ ပြောရရင် သူ့နံရိုးနည်းနည်းနဲ့ လက်မောင်း မနေ့ညက ကျိုးသွားခဲ့သည် ။ ဒါပေမဲ့ ကံကောင်းစွာ သိပ်မပြင်းထန်တဲ့အတွက်ကြောင့် အခုဆို အများစုက ပြန်ကောင်းလာပြီ ဖြစ်သည်။ ဖြစ်နိုင်တာက မျိုးနွယ်စု အစွမ်းကြောင့် ဖြစ်နိုင်သည် ။

ရှောက်ရွှမ် နဲ့ မောင် တကယ်အဆင်ပြေတာ သေချာမှပဲ မိုင်မှာ စိတ်ဖိစီးမှုနှင့် ၊ ဖိအားများမှ သက်သာရာရသွားတော့သည်။

လူတိုင်းသည် သူတို့ တိုက်ခိုက်ခဲ့ကြသည့်အကြောင်းအား မေးလာသောကြောင့် ရှောက်ရွှမ် မနေ့ညက ဘာတွေဖြစ်ခဲ့သလဲဆိုသည်အား သေချာရှင်းပြလိုက်သည်။ မောင်က ဘေးမှာရပ်ပြီး ထပ်ဖြည့်ပြောသည် ။ အရင်က လုံးလုံး စိတ်မငြိမ်သေးသော်ငြား အမဲလိုက်အုပ်စု လာခေါ်တဲ့အခါ စိတ်လျှော့သွားပြီး စကားများများ ပြောလာသည်။ ထိုအခါ မောင်လည်း လူအများအား သူ့အတွေ့အကြုံအကြောင်း မရပ်မနားကြွားလုံးထုတ်နေလေသည် ။

ရှောက်ရွှမ်ကတော့ သူ အရိုးတွေကို မြင်နိုင်တယ်ဆိုသည်နှင့် သူအခုလိုနိုင်ခဲ့တာက သူများတွေထက် ညဘက်မှာ ကောင်းကောင်းပိုမြင်ရလို့ဆိုသည်အား မပြောပြခဲ့ပေ။ ထို့အပြင် အဓိကမှာ ကံကိုသာ အစမှအဆုံး ကျေးဇူးတင်ရမည်။

တခြားအမဲလိုက်အုပ်စုမှ လူများလည်း မိုင်နှင့်ပါလာကြသည်။ ရှောက်ရွှမ် ပြောပြသည်အားနားထောင်ပြီးနောက်သူတို့သက်ပြင်းချပြီး

" ကြည့်ရတာ မနေ့ညက တောင်ပေါ်က အသံတွေက မင်းကြောင့်ဖြစ်နေတာပေါ့ "

မနေ့ညက တခြားအမဲလိုက်အုပ်စုရှိ လူများသည်လည်း တောင်ပေါ်မှ တအုန်းအုန်းမြည်သံများ ကြားခဲ့ရသည် ။ အသံက ဝေးနေတဲ့အတွက်ကြောင့်သာ နှင်းတွေသူတို့အပေါ် ပြိုကျမှာကို သူတို့မစိုးရိမ်ခဲ့ကြခြင်းပင်။ ပြီးတော့ ဒီလိုအရှိန်အဟုန်နဲ့ပြိုကျချိန် ဘယ်သူမှအသက်ရှင်မှာ မဟုတ်လို့ သူတို့အနေနဲ့ ဒီဘက်ကို လာရှာဖို့လည်း အစီအစဥ်မရှိခဲ့ပေ ။

တခြားအမဲလိုက်အုပ်စုက ခေါင်းဆောင်ကတော့ မိုင်ကို အားကျစွာကြည့်နေပြီး သူတို့ အောင်မြင်မှုနဲ့ပြန်လာရင် သူတို့ကို အကြီးအကျယ်ကြိုဆိုကြမယ့်အကြောင်းကို ပုံဖော်နေမိသည် ။

သူတို့အတွက် ဟေးစစ်ဖုန်းကို ထားခဲ့ဖို့ရာ မဖြစ်နိုင် ။ တခြားသားကောင်တွေလိုပဲ သူတို့ခွဲဝေဖို့ အရင်ဆုံးဖြတ်ရမည် ။

အမဲလိုက်အဖွဲ့စည်းမျဥ်းအရဆို သူ့သားကောင်ကို ခွဲဝေဖို့ ရှောက်ရွှမ်က ဦးဆောင်ရမှာဖြစ်သည် ။ သို့ပေမဲ့ ရှောင်ရွှမ်မှာ ဒီလိုခုတ်ထစ်ခွဲဝေဖို့ လတ်တလော အားမရှိပေ ။ ဟေးစစ်ဖုန်းရဲ့ အကြေးခွံအလွှာမှာ ဖြတ်ဖို့အတွက် အလွန်ထူသည် ။ အစာအိမ်တွေထဲမှာ အကြေးခွံတွေ မရှိတာတောင်မှ ရှောက်ရွှမ်အတွက် ဓားကိုသေချာကိုင်နိုင်ဖို့ မလွယ်ပေ ။ ဒါကြောင့် မိုင်နဲ့ တခြားစစ်သည်တွေ လမ်းညွှန်မှုအောက်မှာ ရှောက်ရွှမ်က အနည်းငယ်ခုတ်ထစ်လိုက်ပြီး ကျန်တာကို မိုင်က ဆက်တာဝန်ယူသည် ။

အကယ်၍ သားကောင်အား စစ်သည်များပူးပေါင်း အမဲလိုက်ခဲ့ရင်တောင် အမဲလိုက်ခေါင်းဆောင်ကသာ အူကလီစာ တွေကို ခွဲဝေပေးသင့်ပြီး အကုန်လုံး ရသင့်တာရကြရမည်။ အကယ်၍ လူတွေက သူတို့ရထားတာကို အချင်းချင်း လဲလှယ်ချင်ရင်တော့ သူတို့ကိစ္စသာ ဖြစ်သည် ။ အူကလီစာတွေအပြင် အသားတွေကိုလည်း သူတို့ပြန်ရောက်ပြီးတဲ့နောက် ခွဲဝေပေးလိမ့်မည် ။

ဒါပေမဲ့ အခု ဟေးစစ်ဖုန်းက ရှောက်ရွှမ် နဲ့ မောင်တို့ အမဲလိုက်ခဲ့တာဖြစ်သည် ။ အကယ်၍ ကံကောင်းထောက်မတယ်လို့ဆိုရင်တောင် သူတို့သားကောင်သာဖြစ်သည် ။ ဒါကြောင့် အူကလီစာအကုန်လုံး ရှောက်ရွှမ် နဲ့မောင်တို့သာ ပိုင်ပြီး သူတို့လဲချင်လျှင် တခြားသူများနှင့် လဲလို့ရသည် ။

အူတွေ ဆွဲထုတ်ပြီးသည့်နောက် မိုင်နှင့်တခြားသူများသည် တခြားအမဲလိုက်အုပ်စုကို နှုတ်ဆက်လိုက်ကြပြီး ဟေးစစ်ဖုန်းကို အားလုံးအတူတူ စဆွဲလိုက်ကြသည် ။

အမဲလိုက်အုပ်စု မနေ့ကသွားခဲ့ကြတဲ့ တောင်ထိပ်မှာတော့ တူးထားသည့် ဂူကြီးတခု ရှိသည် ။ ဂူကြီးထဲမှာ အေးတဲ့အတွက်ကြောင့် အမဲလိုက်အသားများအား အကြာကြီး သိမ်းဆည်းထားနိုင်ပြီး သူတို့သိမ်းထားတဲ့အမဲလိုက်အသားတွေလည်း ရှိသေးသည် ။ ဒါ့အပြင် အစွယ်လေးခု တောဝက်ရိုင်း နဲ့ ဟေးစစ်ဖုန်းတို့လို အဆင်မြင့်သားရဲတွေဆို ပုပ်သွားဖို့ပိုကြာတတ်သည် ။ ထို့ကြောင့်ပင် အမဲလိုက်အုပ်စုများသည် အဆင့်မြင့်သားရဲကြီးများအား ပိုနှစ်သက်ကြလေသည် ။

အဲ့ဒီ့အတွက်ကြောင့် အမဲလိုက်နယ်တခုစီမှာ ဂူနှစ်လုံးစီ အနည်းဆုံးရှိတတ်ကြသည် ။ တခုကနေတော့ အနားယူဖို့ဖြစ်ပြီး တောင်နံရံတွေ ဒါမှမဟူတ် ပိုနွေးတဲ့နေရာ ၊ အလုံပိတ်နေရာတွေမှာရှိကြသည် ။ တစ်ခုကတော့ အစားအစာသိုလှောင်ဖို့ဖြစ်ပြီး နှင်းတွေဖုံးအုပ်ထားတဲ့ တောင်ထိပ်နားတဝိုက်မှာ ရှိတတ်ကြသည် ။ ခြုံရရင် အမဲလိုက်ခရီးတခုက ရက်နှစ်ဆယ်နီးပါး ကြာမြင့်တတ်ကြသည် ။

ဟေးစစ်ဖုန်းကို အစာသိုလှောင်တဲ့ဂူထဲ ထည့်ပြီးနောက် မိုင်က သူတို့မှာ ရှိတဲ့ဂူက သုံးမရတော့တဲ့အတွက် အနားယူဖို့ တခြားဂူတခုကို ရှာချင်တဲ့အတွက်ကြောင့် လူတွေက တောင်နံရံကို ဦးတည်လိုက်ကြသည် ။

" မိုင်..အားရွှမ်..နောက်ဆုံးတော့ ပြန်လာပြီပေါ့ "

ပထမဂူထဲမှာနေနေတဲ့ လူငါးယောက်က ရှောက်ရွှမ်နဲ့မောင် အန္တရာယ်ကင်းကင်း ပြန်လာတာမြင်ရလို့ ပျော်နေကြသည်။ သို့ပေမဲ့ သူတို့မှာ တခြား သတင်းပို့စရာရှိနေ၏။

" မနေ့က မင်းတို့ ထွက်သွားတော့ ငါတို့ ဟေးစစ်ဖုန်း ဟိန်းသံကြီး တောင်အောက်ဖက်မှာ ကြားလိုက်သေးတယ် ။သူတို့ထဲက နှစ်ကောင်..ဘာဖြစ်နေတာလဲ ကြည့်မလို့ ငါ အနားကပ်သွားတော့ ငါတို့ကိုတားခဲ့တဲ့ နှစ်ကောင် အချင်းချင်းတိုက်ခိုက်နေကြတာတွေ့ခဲ့တယ်။ ငါ အနားကပ်ကြည့်ဖို့ အခွင့်မသာတာနဲ့ ခဏ ပတ်ကြည့်ပြီး ပြန်လာခဲ့တယ် "

မိုင်က ခဏစဥ်းစားကြည့်လိုက်ပြီး တခြားသူတွေကို အခု ဂူထဲမှာနေဖို့ အမိန့်ပေးလိုက်ကာ အချို့အလယ်အဆင့် မျိုးနွယ်စုစစ်သည်တွေကို အရင်ဆုံး စစ်ဆေးကြည့်ဖို့ ခေါ်သွားလိုက်သည် ။

ရှောက်ရွှမ် အသားကင်တချို့ စားပြီးတဲ့နောက်မှာ မိုင်က ပျော်နေသည့်မျက်နှာကြီးဖြင့် လျှင်မြန်စွာပြန်လာ၏။ သူက တခြားသူများအား လာကူဖို့ ခိုင်းလိုက်သည်။

ဟေးစစ်ဖုန်း နှစ်ကောင်က ပိုင်နက်အတွက် အပြန်အလှန် ရက်ရက်စက်စက်သေတဲ့အထိ တိုက်ခိုက်ခဲ့ကြသည် ။ ရှုံးသွားတဲ့တကောင်ဆိုရင် အရိုးပဲကျန်တဲ့အထိ ဆုတ်ဖြဲခံထားရသည် ။ ကျန်တဲ့တကောင်ကလည်း ဆိုးဆိူးဝါးဝါးထိခိုက်ထားပြီး တချို့နေရာတွေမှာ အရိုးစတွေ ပေါ်နေပြီး နောက်ခြေထောက်တချောင်းလည်း ကျိုးနေလေသည် ။

မိုင် လူတွေကို အဲဲဒီကို ခေါ်သွားတော့ အနိုင်ရထားသည့် ဟေးစစ်ဖုန်းက တောထဲမှာ အနားယူနေ၏၊ ရေကန်က သူတို့တိုက်ပွဲ ဖြစ်သည့်နေရာနှင့် နည်းနည်းဝေးသည်။ ဆိုးဆိုးဝါးဝါး ထိခိုက်ထားတဲ့အတွက် ရေကန်ထဲကိုမဝင်ခင် တောထဲမှာ အနားယူဖို့အစတည်းက စီစဥ်ထားတာ ဖြစ်နိုင်သည်။

မထင်ထားပဲ မိုင်နဲ့တခြားသူတွေက သူ့ဒဏ်ရာအား အမြတ်ထုတ်ကာ သတ်ပစ်လိုက်ကြသည် ။

" သူတို့ကိုသာ အကူအညီတောင်းဖို့လုပ်တုန်းက ဒီနှစ်ကောင် အသေအလဲတိုက်နေကြတယ်ဆိုတာ ပထမတစ်ကောင် သိနေမယ်လို့ မင်းထင်လား " လန်ကာ့က မေးလိုက်သည် ။

ရှောက်ရွှမ်လည်း ဒီလိုပဲတွေးနေမိသည်။ ဖြစ်နိုင်တာက သူအကူအညီတောင်းဖို့အတွက် ပိုင်နက်ကို စတေးရရင် ဘာတွေဖြစ်မလဲကို သိခဲ့မည်ထင်သည်။ ကိစ္စတွေသာ အဆင်ပြေပြေဖြစ်ရင် အမဲလိုက်အုပ်စုထဲက ကလေးတွေကို သတ်ပြီး တစ်ကောင်နဲ့တစ်ကောင် အသေအကြေတိုက်ပြီးတာကို စိတ်ရှည်ရှည်နဲ့စောင့် နေလိမ့်မည် ။ တစ်ကောင် သေပြီး တစ်ကောင်က အားနည်းနေလျှင် ပြန်သွားပြီး သူ့ပိုင်နက်ကို သိမ်းလိုက်ရုံပင် ။ ဒါဆိုရင် လက်စားချေနိုင်ရုံတင်မဟုတ်ပဲ ဒီနှစ်ကောင် အ သေ တိုက်ခဲ့တဲ့အတွက်ကြောင့် သူ့နယ်မြေကို ပိုပြီးတောင် တိုးချဲ့နိုင်လိမ့်မည် ။

သူတို့သုံးကောင်လုံး အသတ်ခံရပြီး သူတို့ခန္ဓာကိုယ်တွေကို အမဲလိုက်စစ်သည်အုပ်စုက အစာသိုလှောင်တဲ့ ဂူထဲဆွဲခေါ်သွားမယ်ဆိုတာကိုတော့ သူတို့ မသိခဲ့ကြပေ ။

All Chapters