← Chapters

ဝံပုလွေရိုင်းများ

Vol. 4 Ch. 53

ဝံပုလွေရိုင်းများ

Vol. 4 Ch. 53

အနီးနားရှိ သားရဲများ၏လှုပ်ရှားမှုများကြောင့် ကြောက်နေကြသည့် ချိုကြီးသမင်အုပ်သည် စမ်းချောင်းလေးနားတွင် လျှောက်သွားနေကြသည် ။

ရှောက်ရွှမ်သည် သစ်ပင်အမြင့်ကြီးပေါ်မှ သူ့ကိုယ်သူအား သစ်ကိုင်းကြီးတွေကြား ပုန်းနေလိုက်ပြီး သစ်ရွက်တွေကြားမှ မီတာရာဂဏန်းလောက်အဝေးက သမင်အုပ်၏ဦးတည်ရာကို ကြည့်နေလေ၏ ။

ဒီနေ့ဆို သူတို့အမဲလိုက်ထွက်လာတာ ၅ရက်မြောက်နေ့ ဖြစ်ပြီး သူတို့ ပထမအမဲလိုက်နယ်ပယ်ထဲမှာ သားကောင်အလုံအလောက်ရခဲ့ပြီးဖြစ်တဲ့အတွက် မိုင်က သူတို့အမဲလိုက်အုပ်စုကို ဒုတိယအမဲလိုက်နယ်ပယ်ထဲ ခေါ်သွားဖို့စီစဥ်ထားလေသည်။

ဒုတိယအမဲလိုက်နယ်ပယ်က ချိုင့်ဝှမ်းရဲ့အခြားတဖက်မှာ ရှိပြီး အဲ့ဒီကိုသွားဖို့ဆိုရင် ချိုင့်ဝှမ်းကိုဖြတ် ၊ အခြားတောင်တခုပေါ်ကိုလည်း တက်ရဦးမည်ဖြစ်၏ ။ ရှောက်ရွှမ်နဲ့မောင်ပါနေသည့် အမဲလိုက်အုပ်စုဖြစ်သည့်အတွက် မိုင်သည် ချိုင့်ဝှမ်းအား တည့်တည့်ဖြတ်၍ မသွားလိုပေ။ ထိုအစား မိုင်က အုပ်စု ချိုင့်ဝှမ်းအစွန်းဖက်ကသာ ကွေ့သွားကြဖို့မှာလေသည် ။ ခရီးက ပိုရှည်သွားသော်ငြား ချိုင့်ဝှမ်းကို တည့်တည့်ဖြတ်ဖို့ထက်တော့ အန္တရာယ်ကင်းလေသည် ။

ဒီခရီးအတွင်း ချိုကြီးသမင်အုပ်လိုက်ကြီးနဲ့သူတို့ကို လိုက်နေတဲ့ ဝံပုလွေအုပ်ကိုပါ အမဲလိုက်အုပ်စု ရင်ဆိုင်ခဲ့ရသည် ။ မိုင်သည် အခြားသူများအား ပုန်းနေဖို့ အရင်အမိန့်ပေးလိုက်ကာ ရှောက်ရွှမ်ကိုတော့ တောအုပ်ထဲမှ ဝံပုလွေများအား ရှာခိုင်းသည်။

ရှောက်ရွှမ်သည် ဝံပုလွေတစ်ကောင်အား ကိုယ်တိုင်မွေးဖူးပေမဲ့ မိုင်သည်တော့ အရိုင်းဆန်သည့် ဝံပုလွေအစစ်ကို မမြင်ဖူးသည့်အတွက် စိတ်ပူနေသည် ။ တကယ်တော့ စစ်သည်အများစုမျက်လုံးထဲတွင် ဆီဆာအား တကယ့်ဝံပုလွေအစစ်လို့ပင် သတ်မှတ်မထားကြချေ၊ ဒီတော့ ဝံပုလွေတွေအပေါ် ဆီဆာလိုအပြုအမူရှိမယ်လို့ ရှောက်ရွှမ်ထင်နေမှာကို သူမုန်းမိသည်။

ဒါပေမဲ့လည်း မိုင်နဲ့တခြားသူတွေက တကယ်တော့ အဓိပ္ပါယ်မရှိစိတ်ပူနေကြခြင်းသာ ။ ရှောက်ရွှမ်က တောရိုင်းထဲက ဝံပုလွေတွေအကြောင်း သိပါသည် ။ မဟုတ်ရင် သူ ဆီဆာကို ခွေးတကောင်လို ဆက်ဆံမည်မဟုတ်ချေ ။

သို့ပေမဲ့ ဒီက ဝံပုလွေများက ရှောက်ရွှမ်အရင်ဘဝက ဝံပုလွေတွေထက် အများကြီး သန်မာကြသည် ။ သူတို့ကြွက်သားတွေက ပိုသန်မာကြသလို ပိုပြီးလည်း ဖျက်ဆီးတတ်ကြလေ၏ ။ သူတို့ဦးခေါင်းနဲ့မေးရိုးကို ကြည့်ရုံဖြင့် သူတို့ကိုက်အားမှာ သန်မာကာ အားအရမ်းကောင်းကြောင်းပြောနိုင်လေသည် ။ ပြောရရင် သူတိုက သူတို့ထက်အများကြီးအကောင်ကြီးတဲ့ သားရဲတွေကိုသာ အမဲလိုက်ကြလိမ့်မည်။

ယခုတွင် ထိုဝံပုလွေများသည် သူတို့ပထမဆုံး အရဲစွန့်မလှုပ်ရှားခင်မှာ ချောင်းမြောင်းနေကြသည် ။

" သူတို့က ဒီလို ချိုပိုကြီးတဲ့သမင်တွေကို ရှောင်တတ်ကြတယ် "

မိုင်က လက်ညိုးထိုးပြီး ရှောက်ရွှမ်ကို ပြောသည်။

ဒီသမင်အုပ်ကြီးထဲ ချိုအကြီးကြီးတွေနဲ့ သမင်ဖိုတွေအများကြီးရှိပြီး တချို့ဆိုရင် ထူးခြားတဲ့ချိုကြီးတွေရှိကြသည် ။ တခြားသမင်တွေလိုမဟုတ်ပဲ သူတို့ချို တွေက ဘေးကိုပြန့်ကားမသွားကြပဲ နောက်ဘက်ကို တော်တော်များများ ကွေ့ကောက်ကုန်ပြီး သူတို့တစ်ကိုယ်လုံးကို အုပ်ထားလေသည် ။ ဒီလိုကောင်တွေဆိုရင် တကယ်ရင်ဆိုင်ဖို့ ခက်လေသည် ။

ရှောက်ရွှမ်ကတော့ ဒီလိုချိုမျိုး မျိုးနွယ်စုထဲ မြင်ဖူးခဲ့ပြီး တချို့လူတွေဆိုရင် ဒီလိုချိုတွေကို ရိုးရာအခမ်းအနားတွေတက်တဲ့အခါ ဝတ်ဆင်ကြလေ့ရှိသည် ။

" တစ်ခုခုတော့ ဖြစ်တော့မယ် "

လန်ကာ့က အသံတိုးတိုးနဲ့ ပြောလိုက်ပြီး သူတို့ဘေးက သစ်ပင်ပေါ်မှာ ထိုင်ချလိုက်သည် ။ သူအတော်လေး စိတ်လှုပ်ရှားနေ၏ ၊ တကယ်တော့ လန်ကာ့က ဝံပုလွေအုပ် အတူတကွ အမဲလိုက်တာကို မြင်ရတိုင်း စိတ်လှုပ်ရှားလာလေ့ ရှိသည်။ သူက သူတို့ဆီကနေ သူတို့၏ အမဲလိုက်စွမ်းရည်နှင့် အတိုက်အခိုက်ကို သင်နိုင်လိမ့်မည်ဟု ယူဆထားသည် ။

" ဒီ ချိုကြီးတဲ့သမင်အုပ်လို သတ္တဝါတွေကို အမဲလိုက်ဖို့အကောင်းဆုံးနည်းက သူတို့ထွက်ပြေးအောင်လုပ်တာပဲ "

မိုင်က တီးတိုးပြောလေသည် ။

ရှောက်ရွှမ်က ဝံပုလွေတွေကို ကြည့်ရင်း ပထမ ဝံပုလွေတကောင်က ပတ်လျှောက်ပြလိုက်ပြီး နောက် တဖြည်းဖြည်းအုပ်စုခွဲကာ ဖြည်းဖြည်းချင်း သမင်အုပ်နားကို ချဥ်းကပ်သွားတာကို သတိထားမိလိုက်သည် ။ တစ်ချို့ဝံပုလွေတွေဆို အစွန်ဖက်က သမင်တွေကို ခြောက်လှန့်ဖို့တောင် ကြိုးစားကြလေသည် ။

ဝံပုလွေအုပ် ချဥ်းကပ်လာတဲ့အတွက် သမင်အုပ်ဟာ စပြီး ကြောက်စိတ်မွှန်လာကာ ဝံပုလွေတွေချိန်းခြောက်မှုကြောင့် လျင်လျင်မြန်မြန် ကစဥ့်ကလျားဖရိုဖရဲ ဖြစ်လာသည် ။ သမင်တွေက စပြီးပြေးကြကာ အချို့က ဦးတည်ရာအမျိုးမျိုးကွဲသွားကြလေသည် ။

ဝံပုလွေတွေက သင့်တော်တဲ့ပစ်မှတ်ကို ရှာရင်း ချိုကြီးသမင်အုပ်ကို ခွဲထုတ်လိုက်ကြလေသည် ။

" သမင်ပေါက်လေးတွေကို သမင်အုပ်အလယ်မှာ အားသန်တဲ့သမင်ကြီးတွေက တကောင်ချင်း ကာကွယ်ပေးကြတယ် ၊ ပုံမှန်ဆိုရင် ဝံပုလွေအုပ်က သူတို့ကို အမဲလိုက်ကြမှာမဟုတ်ဘူး ၊ ဒါပေမဲ့ ဒီလိုဦးတည်ရာပေါင်းစုံ ပြေးကြရင်တော့ ဒဏ်ရာရတဲ့သမင်တို့ သမင်အိုတို့ကို ရွေးဖို့ဆိုတာ ဝံပုလွေအုပ်အတွက် လွယ်သွားပြီ ၊ ဒဏ်ရာရထားတဲ့သမင်တို့ အားနည်းတဲ့သမင်တို့ကို သတိထားမိပြီဆိုရင် ဝံပုလွေတွေက တခြားကောင်တွေကိုဆက်မလိုက်တော့ဘဲ အဲ့ဒီသိပ်မပြေးနိုင်တဲ့တကောင်ကို ဝိုင်းလိုက်ကြတာပဲ "

မိုင် ပြေးနေသည့်ဝံပုလွေများအား လက်ညိုးထိုးပြီး ရှောက်ရွှမ်ကို ရှင်းပြလေသည် ။ ခဏတုံ့ဆိုင်းပြီးတော့ သူကထပ်ပြောသည် ။

" တကယ်လို့ မင်း ထိခိုက်ထားတယ်ဆိုရင်တောင်မှပဲ မင်းအားနည်းချက်ကို သူတို့ရှေ့မှာ မပြသင့်ဘူး ၊ ပြီးတော့ ဘယ်တော့မှလည်း မင်းကျောပေးမထားမိစေနဲ့ ၊ အရမ်းအန္တရာယ်များတယ် "

ရှောက်ရွှမ်ကတော့ အခုထိ ဘယ်သမင်က အားနည်းသလဲ ရှာလို့မတွေ့သေးပေ ။ ဒါပေမဲ့ ဝံပုလွေထဲက တစ်ကောင်က ရုတ်တရက် အရှိန်တင်ကာ သမင်တစ်ကောင်တည်းနောက်ကို လိုက်လေသည် ။ ထို့နောက် ဝံပုလွေ ခြောက်ကောင် ၊ ခုနစ်ကောင်ကပါ တူတူ လိုက်ကြလေပြီး ကြာလေကြာလေ ဝံပုလွေ အကောင်ရေပိုများလာလေဖြစ်၏ ။

သူတို့အထဲက အကောင်အကြီးဆုံးနဲ့အသန်ဆုံး ဝံပုလွေက ခေါင်းဆောင်ဖြစ်မည်ထင်ရပြီး သူကပဲ စတိုက်ခိုက်လေသည် ။

သို့ပေမဲ့လည်း အခြားသမင်တွေက ဝိုင်းဝန်းကူညီတိုက်ခိုက်ကြတဲ့အတွက် သူတို့သားကောင် လွတ်သွားလေသည်မှတော့ ရှက်ဖွယ်ကောင်းလှသည် ။

" သားကောင်မရပဲ လက်လျှော့မှာမဟုတ်ဘူး "

လန်ကာ့က အကောင်းဘက်ကပြောလေသည် ။

နောက်ဆုံးမှာ သူတို့မအောင်မြင်မှုပြီးတဲ့နောက်မှာ နောက်တခါ အတူတကွပြန်လာကြသည် ။ ဖြစ်နိုင်တာက ဒီတခါအမဲလိုက်မှုမအောင်မြင်တဲ့အတွက်ကြောင့် ဝရုန်းသုန်းကားဖြစ်နေကြတာဖြစ်မည်။ ဘယ်လိုပဲဖြစ်ဖြစ် ဖရိုဖရဲဖြစ်မှုဟာ ခေါင်းဆောင်ကြောင့် သိပ်မကြာခင်အေးချမ်းသွားလေ၏ ။ သူက ကောင်းကင်ကိုမော့ကြည့်ကာ အူလိုက်ပြီး ရှောက်ရွှမ်ကတော့ ဒါ စိတ်အားတက်အောင်ဖြစ်မယ်လို့ ထင်မိသည်။

မကြာခင် သမင်အုပ်ကို နောက်တခါတိုက်ဖို့ပြင်ကြလေသည်။ ဝံပုလွေတစ်ကောင်က သမင်အိုတစ်ကောင်ကို ပစ်မှတ်ထားလိုက်ပြီး တခြားဝံပုလွေများကလည်း လိုက်ပါလာကြလေ၏ ။

နောက်ဆုံးအကြိမ်က အတွေ့အကြုံနဲ့သင်ခန်းစာအရ ဒီတကြိမ်တော့ သူတို့သမင်ကို မြေအလွတ်ဆီ လိုက်လိုက်ပြီး တခြားသမင်အုပ်နဲ့ ခွဲထုတ်လိုက်သည်။ အဲ့တာကြောင့် အခြေအနေက အကူအညီမဲ့ကာ တကိုယ်တည်းဖြစ်သွားစေသည်။

ဒီလို အမဲလိုက်တာကို သူ့စိတ်ထဲမှာ ပြင်ဆင်ပြီးဖြစ်သော်လည်း အဝေးကကြည့်ရရုံနဲ့တင် သူ့စိတ်ထဲမှာ ထိတ်လန့်စေမိတုန်းဖြစ်သည်။

ဖြစ်နိုင်တာက သားကောင်တစ်ကောင်အနေဖြင့် ရင်ဆိုင်ရ အကြောက်ဆုံးက သေချာပြင်ဆင်ထားသည့် ရက်စက်တဲ့မျက်လုံးတွေနဲ့ သားရဲ အုပ်လိုက်ကြီးအလိုက်ခံရခြင်းဖြစ်လိမ့်မည်။

ခေါင်းဆောင်က အရှေ့ဆုံးကို အမြန်ပြေးသွားလိုက်ပြီး အနီးရောက်တဲ့အခါ သမင်ကျောကို ရုတ်တရက် ခုန်အုပ်လိုက်လေသည်။ ချွန်ထက်တဲ့သွားများဖြင့် သမင်၏အရေပြားကို ကိုက်ဖောက်လိုက်ပြီး သာမန်ဝံပုလွေတွေထက်ကြီးတဲ့ သူ့ကိုယ်လုံးကြီးနဲ့ သမင်ကို တူကဲ့သို့ ရိုက်ပစ်လိုက်လေသည်။

သမင်အိုကြီးက ဝံပုလွေခေါင်းဆောင်ထက်အကောင်ကြီးပေမဲ့လည်း ခုန်အုပ်လိုက်မှုကြောင့် ယိုင်သွားပြီး မြေပေါ်လဲတော့မလို ဖြစ်သွားလေသည်။ ဒါ အစပဲ ဖြစ်သည် ။ ခေါင်းဆောင်ဝံပုလွေနောက်မှာ တခြားဝံပုလွေများကလည်း စတင်တိုက်ခိုက်ကြလေသည်။ သူတို့အစွယ်တွေက အရေပြားကိုဖောက်ပြီး ကြွက်သားများကိုကိုက်ခဲထားကြလေ၏ ။

သမင်ကြီးဟာ အဝိုင်းခံလိုက်ရပြီး ဝံပုလွေချိတ်ကဲ့သို့ ဖြစ်နေလေသည် ။ နောက်ဆုံး သမင်ကြီးက နှေးသွားကာ လဲကျသွားလေ၏ ၊ သို့ပေမယ့် သူ့ကိုယ်လုံးကတော့ နောက်ဆုံးထွက်သက်ထိ ရုန်းကန်နေခဲ့လေသည် ။

ဝံပုလွေတစ်ကောင်တည်းဆိုရင် အန္တရာယ်များလှသည်မဟုတ်ပေမဲ့ ကြောက်စရာသားရဲ ဒါဇင်လိုက် ပူးပေါင်းထားရင်တော့ တကယ်အန္တရာယ်ရှိလေသည် ။ ဒီလိုအမဲလိုက်နည်းဗျူဟာက ဒီနယ်ပယ်ထဲက သားရဲတော်တော်များများကို ခြောက်လှန့်ထားနိုင်လေသည် ။

" တစ်ခါတစ်လေ ငါတော့ ဝံပုလွေအုပ်ထက် ဟေးစစ်ဖုန်းတို့လို သားရဲကြီးတွေသာ ရင်ဆိုင်လိုက်ချင်တယ် "

အမဲလိုက်အုပ်စုထဲက စစ်သည်တော်အချို့ပြောလေ့ရှိကြသည်။

" ကံကောင်းတာက ဟေးစစ်ဖုန်းတွေက တစ်ကောင်တည်းကျက်စားကြလို့ပဲ ၊ တကယ်လို့ သူတို့သာ ယာယီပူးပေါင်းရင် ဒီလိုတောင် တိုက်ခိုက်နိုင်မှာမဟုတ်ဘူး "

သူတို့က တစ်သီးတစ်သန့်နေတတ်ကြပြီး အစုလိုက်မလှုပ်ရှားလိုကြပေ။ ဒီလို ဟေးစစ်ဖုန်းနှစ်ကောင် သူတို့လမ်းကိုပိတ်ထားတယ်ဆိုတာ အင်မတန်ရှားပါးလေသည်။ ဒါပေမဲ့ သူတို့က စစ်သည်တော်တွေကိုတော့ အတူတူ ပြင်းပြင်းထန်ထန် ဘယ်တော့မှတိုက်ခိုက်ကြမှာမဟုတ်ပေ။

" ဒါပေမဲ့ ငါ သူတို့ ဝံပုလွေပေါက်လေးတွေကို ဘယ်လိုစောင့်ရှောက်လဲတော့ အခုထိ ပုံဖော်မရဘူး "

လန်ကာ့က ပတ်ပတ်လည်ကို ကြည့်ရင်း ပြောလေသည် ။ သားပေါက်လေးတစ်ကောင်တည်းဖြစ်နေတုန်း ဆီဆာလေးကိုသူတို့ခေါ်လာခဲ့သည်မှာ လုံးဝတိုက်ဆိုင်မှုပင်ဖြစ်သည် ။

ဒီလိုအုပ်စုလိုက်နေတဲ့သတ္တဝါအများစုက သူတို့ကလေးတွေကို ကောင်းကောင်းကာကွယ်တတ်ကြလေသည်။ဥပမာ ဝံပုလွေအုပ် ဒါမှမဟုတ် သမင်အုပ်တို့ကဲ့သို့ပင် ။ သို့သော်လည်း ဟေးစစ်ဖုန်းကဲ့သို့ တိရိစ္ဆာန်တွေအတွက်က သူတို့ဘယ်လောက်ပဲ အစွမ်းရှိရှိ သန်မာရက်စက်ပါစေ သူတို့သာ ဂရုမစိုက်ဘူးဆိုရင် တခြားသားရဲများက သူတို့ရင်သွေး အကောင်ပေါက်လေးများကို ပစ်မှတ်ထားတိုက်ခိုက်ကြလိမ့်မည် ။ အားဖေး မဟုတ်ရင်တောင်မှ ကျား၊ ကျားသစ် ၊ ဝံပုလွေတို့လို အခြားသားရဲတွေ ရှိနေကြသေးသည် ။

ပြီးတော့ ဟေးစစ်ဖုန်း သူ့ရင်သွေးလေးဆုံးရှူံးသွားသည့် ရေကန်အောက်ခြေ၌ အသက်အရွယ်ပေါင်းစုံတို့နှင့် တိရိစ္ဆာန်ပေါင်းစုံတို့၏ အရိုးစုပေါင်းစုံ ရှိနေသေး၏ ။ တောတွင်းလောကကြီးက သတ်လိုက်ကြ ၊ အသတ်ခံလိုက်ကြနှင့် ရက်စက်ကြမ်းကြုတ်လေ၏ ။

" မြန်မြန် အရွယ်ရောက်လာတာပဲ "

ချောင် က ရှောက်ရွှမ် နှင့်မောင်ကို ကြည့်ပြီး ပြုံးလေ၏။

သူတို့ပစ္စည်းတွေ သိမ်းပြီးတဲ့နောက် အမဲလိုက်အုပ်စုသည် ဒုတိယအမဲလိုက်နယ်ပယ်ကို ဦးတည်လိုက်ကြသည် ။ သစ်ပစ်ကြီးတွေပေါ် ပြေးလိုက် ခုန်လိုက်ကြရင်း ရှောက်ရွှမ်က အစာစားဖို့ပြင်နေကြတဲ့ဝံပုလွေအုပ်ကို လှမ်းကြည့်လိုက်သည် ။

အားကြီးတဲ့ခေါင်းဆောင်က အူလိုက်ပြီး သားကောင်အနားကို ကပ်လာတဲ့အခြားဝံပုလွေတွေကို ရက်ရက်စက်စက် ကိုက်လေသည်။ ဝံပုလွေအုပ်ကို လွှမ်းမိုးနိုင်ဖို့ဆိုရင် ဒီလိုပင် ခုခံကာကွယ်ရမည်ဖြစ်သည် ။ ဝံပုလွေခေါင်းဆောင် မကိုက်ရသေးမီတွင်ပင် အခြားဝံပုလွေများမှာ ချိုကြီးသမင်ကြီးကို မြန်မြန်မြည်းစမ်းကိုက်နေကြသည် ။ အကယ်၍ သူတို့သာ စားဖို့နှေးနေမည်ဆိုလျှင် သားကောင်က ထကာ ပြေးသွားနိုင်လေသည် ။

သူတို့နဲ့ နှိုင်းယှဥ်ကြည့်ပါက အကောင်ပေါက်တည်းက ခွေးတစ်ကောင်လို ထိန်းသိမ်းစောင့်ရှောက်ခံရတဲ့ဆီဆာရော ဘာလုပ်လိမ့်မလဲ၊ နေပူဆာလှုံရင်း အရိုးကို ပျင်းပျင်းရိရိ ကိုက်နေလိမ့်မလား။

All Chapters