ဂူထဲက အရိုးစုများ
Vol. 4 Ch. 58
ကျောက်တုံးပိုးကောင်ဘုရင်ကြီးရှိတဲ့အတွက်ကြောင့်လားမသိပေမဲ့ ယခုအချိန်အထိရှောက်ရွှမ်ရင်ဆိုင်ရတဲ့ တစ်ကောင်တည်းသော သတ္တဝါမှာ သူ့ကို ဆွဲခေါ်လာသော အင်းဆက်ပင် ။ အခြားသော အကောင်များနှင့် ပိုးကောင်များမှာ မရှိသည့်အလားပင် ။
ဖြစ်နိုင်တာက မျက်လုံးမဲ့ပင့်ကူနှင့် အခြားသတ္တဝါများမှာ ကျောက်တုံးပိုးကောင်ဘုရင်ကြီးနိုးလာကာ လျှောက်သွားသည့်အတွက် သူတို့ဖြစ်တည်မှုကို သူတို့ပုန်းနေကြခြင်း ဖြစ်မည် ။
ရှောက်ရွှမ်နဲ့ရင်ဆိုင်ခဲ့သော အင်းဆက်မှာ လက်စားချေဖို့ရာ အလွန်စိတ်ပြင်းပြနေသည့်အတွက်ကြောင့်သာ ဖြစ်မည် ။ ဒါသာ အမှန်ဆိုရင် ရှောက်ရွှမ်အနေနဲ့ လမ်းသုံးခွဆုံကို ပြန်သွားပြီး လမ်းသစ်ရွေးသင့်ပေသည် ။
ထားလိုက်ပါ ၊ ရှောက်ရွှမ်ဟာ ခေါင်းခါလိုက်ပြီး သူ့သိစိတ်နောက်ကိုလိုက်ကာ ဆက်လျှောက်လာခဲ့သည် ၊ ဤတောင်မှာ အလွန်ထူးဆန်းလှပေသည်။
ရှောက်ရွှမ် သူဖြတ်ယူလာခဲ့တဲ့ဥမင်တံကို သူ့လက်မောင်းတွင် ပတ်ထားလိုက်၏ ။ ဥမင်တံထိပ်က အသွားတွေနဲ့ ချိတ်ကောက်မှ လွဲရင် ကျန်တဲ့အစိတ်အပိုင်းတို့မှာ နူးညံ့လေရာ ရှောက်ရွှမ် လက်မောင်းကို ပတ်ထားသည့်အခါ နာကျင်ခြင်းမရှိပါချေ ။
ရှောက်ရွှမ် အခု သူတောင်၏ ဘယ်နေရာရောက်နေသလဲ သူမသိပေ ။ အကြောင်းမှာ သူ ဒီမှာ အချိန်ကြာလာလေလေ အထဲက လမ်းကြောင်းတွေက အဓိပ္ပါယ်မရှိလေဆိုတာကို သူရှင်းရှင်းလင်းလင်း သိလာသည့်အတွက်ပင် ။ ဤနေရာမှာ အလွန်ထူးဆန်းနေပြီး သူ့တွင် လမ်းကြောင်းများနှင့် ပတ်သက်လျှင် အားကောင်းသောအာရုံရှိသော်လည်း ဤနေရာတွင် အလုပ်မလုပ်ပါချေ ။
ပြောရရင် ရှောက်ရွှမ် အရင်ဘဝတွင် ဝင်္ကပါဂိမ်းများ ဆော့ရသည်ကိုနှစ်သက်ပြီး သူရောက်ဖူးတဲ့နေရာတိုင်းကိုလည်း မှတ်သားထားနိုင်လေသည် ။ အခြားသူများ လမ်းရှာရင်း ခေါင်းရှုပ်နေချိန်တွင်ပင် သူက လမ်းမှန်ကို အမြဲသေချာရှာနိုင်ခဲ့သည်ပင် ၊
အကယ်၍ အမဲလိုက်လမ်းကြောင်းကနေ မျိုးနွယ်စုဆီ ပြန်ဖို့လိုလာလျှင်တောင် သူတုံ့ဆိုင်းနေမည်မဟုတ်သော်လည်း ဤတောင်ထဲတွင်တော့ သူ ရှုပ်ထွေးနေပေသည် ။
၄င်းတွင် ဂူလမ်းပေါင်းများစွာနှင့်အကောင်ပေါင်းများစွာရှိလေသည် ။ ကျောက်ပိုးကောင်ဘုရင်ကြီးအပြင် အခြားအကောင်အမျိုးအစားများစွာလည်း ရှိပြီး မျက်လုံးမဲ့ပင့်ကူနဲ့ ရှောက်ရွှမ် သတ်ခဲ့တဲ့အင်းဆက်တို့မှာ ဒီအကောင်တွေထဲက နှစ်မျိုးဖြစ်သည် ။
သီအိုရီအရဆိုရင် ဒီမှာနေထိုင်သည့် အကောင်ပေါင်းစုံတို့ရဲ့ခြေရာလက်ရာများ ရှိသင့်သည်ပင်။ ကံမကောင်းစွာ ဤတွင် ဘာခြေရာလက်ရာမှမရှိပေ ၊ ခြစ်ရာ ၊ အကြွင်းအကျန် ၊ ပင့်ကူအိမ် ၊ အခွံအပိုင်းအစများ မရှိ ၊ မည်သူမှ မနေသည့်အတိုင်း ဘာဆိုဘာမှမရှိပေ ။ လမ်းမှန်ကိုသိရဖို့ အမဲလိုက်အုပ်စုက အမှတ်အသားပြုလုပ်ကြသလိုပင် နောက်တခါပြန်လာသည့်အချိန်တွင် လုံးဝဖျက်ပြီးသားဖြစ်နေလိမ့်မည် ။
အကယ်၍ နတ်စွမ်းအင်ကသာ လမ်းပျောက်နေတဲ့သူတွေကို လမ်းမှန်ကို ပြသကာစောင့်ရှောက်သည်ဆိုရင် တောင်ထဲမှာ လမ်းပျောက်ကြတဲ့သူတို့ ဘိုးဘေးတွေ ဘယ်လိုလုပ်လမ်းပျောက်နိုင်ပါမည်နည်း ။
ရှောက်ရွှမ်၏ သူစိတ်ထင်သည့်နောက်ကိုလိုက်ပြီး လျှောက်လာလေသည် ။ လမ်းဆုံလမ်းခွတွေရောက်တိုင်းမှာ ဘယ်လမ်းကို သွားရမလဲကို သူ့အထူးစွမ်းအင်နှင့် ပတ်ဝန်းကျင်ကိုသေချာစစ်ဆေးတတ်လေသည် ။ ရှောက်ရွှမ်ကတော့ သူ့အလိုလိုသိစိတ်က မှားမနေဖို့ ၊ သူ့ကိုမညာဖို့သာ ဆုတောင်းရသည် ၊ မဟုတ်ပါက သူ ငါးပါးမှောက်ပေမည် ။ လန်ကာ့ ပြောဖူးသည့်ပုံပြင်များအတိုင်းပင် သူဒီနေရာမှာ လမ်းပျောက်ကာ သူဘယ်တော့မှ ပြန်လာနိုင်တော့မည်မဟုတ်ပေ ။
မီးတောက်ကပေးသော သိစိတ်နှင့်ယှဥ်ရင် ရှောက်ရွှမ်၏ အထူးစွမ်းအင်ကို သုံးရတာ ပိုအားကောင်းသည်ဟုခံစားရလေသည့်။
သူအောက်ကို ဆင်းလာသည်ဟု ခံစားရကာ တောင်ဘေးဘက်ကို ကျော်လာခဲ့သည်မှာ အတော်ကြာပြီဟု ထင်မိကာ သူ တောင်ခြေရင်းသို့ ရောက်လုပြီဟုခံစားရသည် ။ သို့သော် သူ့သိစိတ်က သူ့ကို ဆက်လျှောက်နေဖို့သာ ပြောလေသည် ။
တစ်အောင့်ကြာသော် လူကြီးတစ်ယောက်လက်သီးဆုပ်ပမာဏရှိသော အချို့ပိုးကောင်အသေးများကို တွေ့ရလေသည် ။ သူ့အမြင်တွင် ထိုပိုးကောင်များမှာ မီးခိုးရောင်ဖြော့ ဖြော့ ဘောလုံးလေးများနှင့်တူနေပြီး သူ့အထူးစွမ်းအင်ကြောင့်သာ သူတို့ပုံစံကို ရှင်းရှင်းလင်းလင်း မြင်ရခြင်းဖြစ်သည် ။
ပိုးကောင်များ ရှောက်ရွှမ်အနားကပ်လာလျှင် သူက ဥမင်တံကိုသုံး၍ ရိုက်ထုတ်လိုက်လေသည်။ ပြောရရင် ပိုးကောင်ငယ်လေးများမှာ ဥမင်တံက အနံ့ကို ကြောက်နေကြပုံပေါ်သည်။ ရှောက်ရွှမ် က ဥမင်တံနဲ့ ရိုက်လိုက်လျှင် သူတို့က အတော်လေးကြောက်ကြောက်လန့်လန့် ထွက်ပြေးသွားပြလေသည်။
ဒီပိုးကောင်ငယ်လေးများမှာ ထိုအင်းဆက်တို့ရဲ့အစာဖြစ်လို့သာ သူတို့ဒီလိုအထိတ်တလန့်ဖြစ်ကြခြင်းဖြစ်မည်ဟု ရှောက်ရွှမ် ခန့်မှန်းကြည့်လိုက်သည် ။
ဥမင်တံကြာပွတ်နဲ့အတူ အစွယ်ဓားကလည်း အင်းဆက်များကို ရှင်းလင်းဖို့ကူညီလေသည် ။ လက်သီးဆုပ်လောက် ရှိပိုးကောင်များက နံရံပေါ်မှာ တွယ်ကပ်သွားလာပြီး ရှောက်ရွှမ်က သူတိူ့နံရံကို ကုတ်ခြစ်နေသံများကိုပင် ကြားနေရသည် ။ သို့ပေမဲ့ ရှောက်ရွှမ်ဘယ်သွားသွား ထိုပိုးကောင်များက သူ့ကိုရှောင်သွားကြလေသည် ။
အကယ်၍ သူသာ ပိုးကောင်ကို သတ်ပြီး ဥမင်တံကိုဖြတ်ယူမလာလျှင် အခု သူပြသာနာတက်နေကောင်းတက်နေလိမ့်မည် ။ ပိုးကောင်များမှာ မကြီးလှသော်လည်း အကောင်ရေအများကြီး ဖြစ်သည့်အတွက် ရင်ဆိုင်ရန်မလွယ်ကူပါပေ ။
ပထမတော့ ရှောက်ရွှမ်က လက်စားချေလိုသည့်အတွက်သာ ဖြတ်ခဲ့ခြင်းဖြစ်သော်လည်း မထင်ထားပဲ ၄င်းမှာ အလွန်အသုံးဝင်နေလေသည် ။
သူ့စိတ်ထဲက ထူးထူးခြားခြားခံစားမှုမှာ ပို၍အားကောင်းလာသည် ။အစောပိုင်းက သူ့စိတ်ထဲက ခံစားမှုတို့မှာ လေပြေလေညှင်းလေးနဲ့ဆင်တူပြီး ယခုကတော့ လေပြင်းတိုက်ခတ်နေသည်နှင့်တူစွာ လမ်းမှန်ကို ညွှန်ပြနေလေသည် ။
ထွက်ပေါက်မဟုတ်သော်လည်း သူ့နတ်စွမ်းအင်နှင့် သူ့အထူးစွမ်းအင်နှစ်ခုလုံးက တစ်လမ်းတည်းကို ညွှန်ပြနေသည် ။
ဘာကြောင့်များ ဖြစ်ပါလိမ့်?
ရတနာ တစ်ခုခုများလား?
ထင်ထင်ရှားရှား အာရုံရနေသည့်တိုင် ရှောက်ရွှမ် အရှိန်မတင်ရဲပဲ ပတ်ဝန်းကျင်ကိုသတိထားကာ ပုံမှန်အရှိန်နဲ့ဆက်သွားသည် ။
ကံကောင်းစွာနှင့် ဤပိုးကောင်လေးများမှ လွဲရင် အခြားဘာကိုမှမတွေ့ရပေ ။
နီးလာပြီ..
ရှောက်ရွှမ် သူ့အစွယ်ဓား ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်သည် ။ ဂူကိုအကြာကြီးလျှောက်လာပြီးသည့်နောက် သူ လေပြေလေညှင်းနှင့် အသံတိုးတိုးလေးများ ကြားရခဲ့သည် ။ သို့သော် သူရှေ့ဆက်တိုးလာလေ သူ့ကိုယ်သူ သေခြင်းဆီသို့သွားနေသကဲ့သို့ ခံစားရလေသည် ။
ရှောက်ရွှမ် လမ်းကို ဆက်လျှောက်လေရာ အတန်ကြာသော် နံရံတွင် ပိုးကောင်များကို မတွေ့ရတော့ချေ ။ ဤနေရာတွင် အတော်လးတိတ်ဆိတ်ကာ နံရံပေါ်တွင် ပိုးကောင်များမရှိတော့သည့်အခါ ဘာသံမှ မကြားရတော့ပေ ။ တိတ်ဆိတ်ရုံတင်သာမကပဲ ဤနေရာတွင် လေပင် မတိုက်ပါချေ ။
အရှေ့မှာ လင်းနေသလို....
ရှောက်ရွှမ် တုံ့ဆိုင်းသွားသည် ။
အလင်းရောင်လား
ရှောက်ရွှမ် ပုံမှန်အမြင်နဲ့ ကြည့်လိုက်သည့်အခါ မှောင်မိုက်နေသေးသည် ။ သူ့အထူးစွမ်းအင်ကို သုံးကာ အထူးအမြင်နှင့် ကြည့်မှသာလျှင် ဤအမှောင်ထုထဲတွင် အလင်းပေါက်လေးကို မြင်နိုင်မှန်းသဘောပေါက်သွားလေသည် ။ ရှောက်ရွှမ် အလင်းပေါက်လေးဆီလျှောက်သွားလိုက်သည် ၊ ထို့နောက် ချက်ချင်းဆိုသလို သူ့နှလုံးမှာ မွန်းကြပ်သွားသလို ခံစားလိုက်ရသည် ။
ဘာမှန်းအတိအကျ သူမပြောတတ်သလို ဤခံစားချက်မှာ ရှေးကျတဲ့ သီးသန့်တခုခုက အဆုံးမဲ့ဝမ်းနည်းခြင်းတွေပြည့်နေသည်ဟု ခံစားရသည် ။
အလင်းပေါက်လေးမှာ ကြီးသကထက်ကြီးလာပြီး အခုဆိုလျှင် မြေကွက်ငယ်လေးကို ဖုံးထားသော အလင်းအကာအကွယ်လေးနှင့်တူနေသည်။
ရှောက်ရွှမ် နောက်ဆုံး အလင်းစက်လေးဆီရောက်လာသောအခါ အလင်းအကာအကွယ်လေးထဲက အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်ရ
လေပြီး သူ့မျက်ခုံးများပင် လှုပ်သွားလေသည် ။
အလင်းအကာအကွယ်လေးထဲမဗာ အရိုးစုလေးခုရှိနေပြီး ဒါကလည်း ရှောက်ရွှမ် အမြင်ထဲတွင်သာဖြစ်သည် ။ အလင်းအကာအကွယ်လေးအလယ်တွင် အရိုးစုတစ်ခု ဒူးထောက်နေပြီး ပတ်ပတ်လည်တွင် အခြားသုံးခုက သူ့ကိုဝန်းရံထားသည် ။
အရိုးစုလေးခုမှာ မျိုးနွယ်စုရိုးရာဓလေ့အတိုင်း နဖူးရှေ့တွင် လက်ကိုယှက်ကာ ဒူးထောက်ပြီး ရိုသေစွာ တစ်ပုံစံတည်း ဦးညွှတ်နေကြလေပြီး တစ်နေရာတည်းကို ဦးညွှတ်ထားကြလေသည် ။
အရိုးစုလေးခုအနားတွင် မြေကြီးထဲ မြုပ်နေသော လှံရှည်နှင့်ကျောက်ဓားများ ရှိလေသည် ။ ဒီကျောက်လက်နက်တွေက နက်မှောင်သော အရောင်ရှိပြီး အလယ်မှာရှိသည့်လှံရှည်ဆိုရင် လုံးဝအနက်ဖြစ်လုနီးပါးပင် ။ အကုန်လုံးမှာ အလွန်ထူးခြားသည့်ကျောက်လက်နက်များမှန်းသိသာကာ ဒီစစ်သည်တော်များကလည်း မျိုးနွယ်စုထဲမှာ ထူးချွန်ကာ သန်မာခဲ့ကြမည့် အဓိပ္ပါယ်ရပေသည်။ အထူးသဖြင့် အလယ်က တယောက်၏ အနေအထားအရ သူက ရာထူးအမြင့်ဆုံးဖြစ်ခဲ့ပြီး အတော်ဆုံးဖြစ်နိုင်ပေသည် ။
သူတို့ ဦးချနေသည့်ဘက်ကိုကြည့်ရင် ရှောက်ရွှမ် အာရုံများရှုပ်ထွေးသွားကာ မျိုးနွယ်စုတုန်းက ကဲ့သို့ခံစားချက်ရလေသည် ။
ရှောက်ရွှမ်က အရိုးစုတွေနဲ့သူတို့ကျောက်လက်နက်တွေကို ကြည့်လိုက်ပြီးနောက် အလယ်ကအရိုးစုကို အာရုံစိုက်ကြည့်မိနေလေသည် ။
သူ့ရင်ဘတ်ရှေ့တွင် အရိုးနဲ့လုပ်ထားတဲ့အဆင်တန်ဆာတခု ရှိနေပြီး ဘာရိုးနှင့်လုပ်ထားမှန်း ရှောက်ရွှမ်မသိပေ ။ သို့သော်လည်း ရှောက်ရွှမ်ရဲ့ အထူးအမြင်တွေ အခြားအရိုးများထက် ထိုအရိုးလေးက ပို၍ တောက်ပနေလေသည် ။
သူ ဒီအထူးစွမ်းအင် စရကတည်းက ရှောက်ရွှမ် ဒီအမြင်အစွမ်းနဲ့ပတ်သက်ပြီး သုတေသနပေါင်းများစွာ ၊ အတွေးများစွာ ရှိခဲ့လေသည် ။ သူ့အထူးအမြင်အစွမ်းတွင် မတူတဲ့စစ်သည်တော်အဆင့်အလိုက် မတူတဲ့အရိုးအရောင်များ ရှိလေသည် ။
အငယ်တန်းစစ်သည်တော်လေးတွေမှာ အရိုးက မီးခိုးအဖျော့လေးဖြစ်သည် ။ အလယ်တန်းစစ်သည်တော်တွေမှာတော့ အဖြူရောင်အရိုးရှိလေသည် ။ အကြီးအကဲအော့ကဲ့သို့ အကြီးတန်းစစ်သည်တော်တွေမှာတော့ တောက်ပသော အဖြူရောင်အရိုးများ ရှိလေသည် ။ သို့ပေမဲ့ ဒီအရိုးစုလေးခုစလုံးမှာ တောက်ပသောအဖြူရောင် ရှိကြသည် ။
သူတို့ဟာ ပုံစံမတူကြသော်လည်း သူတို့ဟာ အထူးစစ်သည်တော်တွေဆိုတာတော့ အမှန်ပင် ဖြစ်လေသည် ။ သူတို့အကြားတွင် အလယ်ကတစ်ယောက်မှာ အရောင်အတောက်ပဆုံးပင် ၊ သို့တိုင်အောင် ဤအရိုးလေးခုမှာ အရိုးအဆင်တန်ဆာလေးနှင့် နှိုင်းယှဥ်၍မရပါပေ ။
၎င်းက သူတွေ့သမျှထဲက အရေးကြီးဆုံးမဟုတ်သေးပေ ။
ရှောက်ရွှမ်အာရုံကို သေချာဖမ်းစားထားသည်မှာ အရိုးအဆင်တန်ဆာလေးကြားထဲတွင် ပတ်ထားသော အလုံးလေးပင် ၊ ၄င်းသည် အရိုးမဟုတ် ၊ သို့ပေမဲ့ ရှောက်ရွှမ် စောစောက မြင်ခဲ့သော အလင်းအကာအကွယ်လေးကို ဖန်တီးကာ ပတ်ဝန်းကျင် မီးသီးတလုံးကဲ့သို့ အလင်းပေးနေလေသည် ။
နောက်တစ်ကြိမ် သူ့အထူးအမြင်အစွမ်းကို ခဏပိတ်လိုက်လေသည် ။ ပုံမှန်အမြင်နဲ့ ပြန်ကြည့်လိုက်သောအခါ အမှောင်ကလွဲပြီး တခြားဘာအလင်းရောင်မှ မရှိနေချေ ။ သို့သော် သူ့အထူးအမြင်ဖြင့် ပြန်ကြည့်လိုက်သည့်အခါ အလုံးလေးဟာ လင်းမြဲလင်းနေပြီး သူ့ပတ်ဝန်းကျင်တွင် အလင်းအကာအကွယ်လေးဖန်တီးပေးနေသည် ။
နည်းနည်းလောက် ထပ်ရှာကြည့်သော အခါ အခြားအရိုးစုသုံးခုနဲ့မတူပဲ အလယ်ကအရိုးစုမှာ အပြည့်စုံဆုံး အနေအထားရှိနေသည်။ အခြားအရိုးစုတို့မှာ တစ်ချို့တစ်ဝက် မြေထဲ နစ်မြုပ်နေကြသည်။အလင်းအကာအကွယ်လေး၏ အစွန်ဖက်ကို ရောက်လေလေ မြေထဲသို့ မြုပ်လေလေ ဖြစ်သည် ။
အလင်းအကာအကွယ်လေးအတွင်းတွင် အချို့ကျောက်ထည်ပစ္စည်းများလည်း တွေ့ရသည် ။ ၄င်းတို့ အကုန်လုံးမှာ ကျောက်ချောများဖြင့် ပြုလုပ်ထားပြီး တစ်ချို့မှာမြေပေါ် ပေါ်နေပြီး တစ်ချို့တစ်ဝက်မှာ မြေထဲ မြုပ်နေလေသည် ။
သို့သော် အလင်းအကာအကွယ်လေးအပြင်မှာတော့ ရှောက်ရွှမ် အခြားဘယ်ကျောက်လက်နက် ၊ အရိုးစုကိုမှ မတွေ့ရပေ ။
ဤတောင်သည် လူစားလေသည် ၊ လူတင်မဟုတ် အခြားသတ္တဝါများပါ စားလေသည် ။ အကယ်၍ ရှောက်ရွှမ် သတ်ခဲ့သော အင်းဆက်သည် အခြားအကောင်များ မစားသုံးပါကလည်း တောင်က တဖြည်းဖြည်းနဲ့ သူ့အကြွင်းအကျန်များကို ဝါးမျိုသွားပေလိမ့်မည်။
ဆိုပါက တောင်က လမ်းပျောက်နေသောလူများ ၊ ပိုးကောင်၊အင်းဆက်အသေများကို အများအပြားစားပစ်လေသည် ။ ဤဂူတွေထဲ ဘာမှပင်မကျန်ခဲ့ပေ။
သို့သော် နှစ်ရာချီကြာပြီးသည့်တိုင် အလင်းအကာအကွယ်လေးထဲမှ စစ်သည်တော်များနှင့်ကျောက်ထည်ပစ္စည်းများမှာ အလင်းအကာအကွယ်လေးကြောင့် ဒီနေ့အထိ တည်ရှိနေပေသေးသည် ။