အမဲလိုက်ခွေးကောင်းတစ်ကောင်က မုဆိုးတစ်ယောက်ရဲ့ နားနဲ့မျက်စိတွေပဲ
Vol. 5 Ch. 68
တောင်ခြေအုပ်စုက လူတွေက လောင်ခဲ့ ကျောက်ထည်ထွင်းတာတွေ လက်မခံတော့ဘူးဆိုတာကို သိကြသည်။ သူတစ်နေကုန်ဘာလုပ်နေသလဲကိုတော့ လူတွေကမသိကြပေမဲ့ နေ့တိုင်းမနက်စောစောမှာ ဝံပုလွေကျောပေါ်မှာထိုင်ပြီး သူ့လက်မှာတောင်ဝှေးကိုကိုင်ကာထွက်သွားပြီး ညမှောင်မှသာ အိမ်ပြန်လာသည်ကိုတော့ တွေ့ကြသည်။
လောင်ခဲ့မှာ သူ့အတွက်လဲစရာ သူ့ကိုယ်ပိုင်အသား မရှိပေမဲ့ ရှောက်ရွှမ် အမဲက သူတို့နှစ်ယောက်အတွက် လုံလောက်တာထက်ပိုသည်။ ရှောက်ရွှမ် စကားအရဆိုရင် သူကအသားနဲ့ သူ့ပညာသင်ကြေးကိုပေးနေတာဖြစ်ပြီး သူပြောပြတာကိုနားထောင်အပြီးမှာ လောင်ခဲ့ကလည်း သူပေးလာတာကို မငြင်းပယ်တော့ပါပေ။
တစ်ယောက်က ထောင်ခြောက်ကိုဆင်ပြီး တစ်ယောက်ကထောင်ခြောက်ကို ဖျက်ဖို့အားကုန်ထုတ်ရလေသည် ။ လောင်ခဲ့က ဒီရက်တွေမှာ ပင်ပန်းသော်လည်း စိတ်ကောင်းဝင်နေလေသည်။
နောက်ဆုံး သူက သူအမဲလိုက်အဖွဲ့ကထွက်ပြီးတဲ့နောက် သူသင်ခဲ့ရသမျှကို ပြန်သင်ကြား သရုပ်ပြလေ့ကျင့်ပေးလေသည်။ သူ အမဲလိုက်အဖွဲ့မှာရှိတုန်းကလောက်တော့ သူ့စွမ်းရည်တွေက မကောင်းတော့ပေမဲ့ ရှောက်ရွှမ် အတွက်တော့ လုံးဝအကျိုးရှိလေသည်။
ရှောက်ရွှမ် ထောင်ခြောက်တွေ ကျော့ကွင်းတွေအကြောင်း နေ့တိုင်းသင်ရသည်ကို မြင်ရတဲ့အတွက် လောင်ခဲ့ ဝမ်းသာနေသည်။ သူငယ်စဥ်ကလည်း ဒီလိုပဲ သင်ခဲ့ရသည်။ သို့သော် သူကတော့ ရှောက်ရွှမ်ကဲ့သို့ မတော်သည့်အတွက် သင်ကြားရတာ ပိုကြာခဲ့သည်။ အဲ့ဒီအတိတ်အကြောင်းတွေ ယခုထိတောင်မှ သူပြန်မတွေးခဲ့တာကြာလေပြီ ။ ထို့ကြောင့် လောင်ခဲ့က ရှောက်ရွှမ်ရဲ့ထူးဆန်းတဲ့အခိုက်အတန့် အတွေ့အကြုံတွေကို မိနစ်တိုင်း တွေးနေတတ်သည်။
လောင်ခဲ့က သူ့စိတ်ထဲကနေ ရှောက်ရွှမ်က အလွန်အရည်အချင်းရှိမှန်း သိသည်။ အချိန်တစ်ခုကြာရင် သူထောင်တဲ့ဘယ်ထောင်ခြောက်ကမှ သူ့ကိုတားနိုင်တော့မည်မဟုတ်ပေ ။ အကယ်၍ လောင်ခဲ့ကသာ သူ အမြင့်ဆုံးရောက်ချိန်ကဆို ရှောက်ရွှမ်ကို ဒီ့ထက်ပိုကြာကြာ သင်ကြားပေးနိုင်ပေမည်။
" အလိုလေး "
လောင်ခဲ့က နည်းနည်းစိတ်ခုပေမဲ့ သူအရင်ကကဲ့သို့ ဒေါသထွက်ခြင်းမဟုတ်ပါပေ။
" မင်းက ဘာကိုသက်ပြင်းချတာလဲ "
ရှောက်ရွှမ်က မျက်နှာမှာ ရွံ့အပြည့်နဲ့ တောင်ကိုတက်လာပြီး လောင်ခဲ့ဘေး လာထိုင်သည်။ ဒီရက်တွေမှာ လောင်ခဲ့က အဆင့်မြင့်ထောင်ခြောက်နည်းနည်းပြုလုပ်ပြီး သူကတော့ ခြုံပုတ်တွေကနေ ပစ်တဲ့မြားတွေကိုရှောင်လိုက်ရာ သူ့မျက်နှာကို ရွှံ့ဘောလုံးနဲ့ရိုက်မိသွားသည်။
ဒီရွှံ့တွေက သူဒီနားကို အဲ့အချိန်လာမည်ကို သိနေသည့်အလား သူ့ကိုစောင့်နေလေသည်။ ရှောင်ချိန်ပင်မရှိလိုက်လေရာ ရှောက်ရွှမ်မျက်နှာကို တည့်တည့်ကို ရွှံ့တွေနဲ့ ဆုံသွားလေသည်။
ရှောက်ရွှမ်က သူအများကြီးသင်ဖို့လိုသေးတယ်လို့ခံစားလိုက်ရသည်။
အမဲလိုက်ခံရသူအနေနဲ့ ဒီထောင်ခြောက်တွေ အကုန်လုံးကိုသာမြင်နိုင်ရင် သူ့ကိုကျွမ်းကျင်အဆင့်အဖြစ်သတ်မှတ်နိုင်သည်။ အမဲလိုက်သူအနေနဲ့ကတော့ ကျိန်းသေ သတ်နိုင်တဲ့ထောင်ခြောက်ကိုဆင်နိုင်မှသာ ကျွမ်းကျင်အဆင့်အဖြစ်သတ်မှတ်ပေမည်။
သို့သော် မျိုးနွယ်စုထဲက အများစုက ဒီစွမ်းရည်ကို သင်ကြားရမှာ သိပ်အသုံးမဝင်ဟုသာ ထင်ကြလေသည်။ ဘယ်သူကများ အမဲလိုက်မြေပြင်မှာ ထောင်ခြောက်ဆင်ဖို့အချိန်အများကြီးရမှာလဲ၊ အားလုံးက အားနဲ့သာရက်ရက်စက်စက်တိုက်ခိုက်ရပေမည်။
သို့သော် ရှောက်ရွှမ်ကတော့ သူသင်ပြီးတဲ့နောက် အတော်လေးအသုံးဝင်နိုင်တယ်လို့ ခံစားရလေသည် ။
လောင်ခဲ့က ရှောက်ရွှမ် လှုပ်ရှားမှုတွေကို ကြမ်းတမ်းစွာဝေဖန်ခဲ့ပြီးနောက် သူ့တုံ့ပြန်မှုကို ကြည့်ဖို့သူ့ကိုကြည့်လိုက်လေသည်။ ရှောက်ရွှမ် က အောက်ကထောင်ခြောက်ဇုံကိုကြည့်ပြီး အလေးအနက်တွေးနေသည်ကိုသူသတိထားမိလိုက်သည်။ ရှောက်ရွှမ်ကသူ့ဝေဖန်မှုကို စိတ်ခုခြင်း ၊ မကျေမနပ်ဖြစ်ခြင်းမရှိသည်ကို တွေ့ရတဲ့အခါ စိတ်သက်သာရာရသွားသည် ။
လောင်ခဲ့က အမြဲတမ်းဆိုးဆိုးဝါးဝါးဝေဖန်လေ့ရှိသေယ်လည်း သူ့စိတ်ထဲမှာတော့ ရှောက်ရွှမ် နဲ့သူ ပြသာနာတက်မည်ကိုစိုးရိမ်မိနေသည်။ သူ့အတွက်တော့ ဒီလိုသူ့လိုစွမ်းရည်တွေအကုန်တော်တဲ့ လူငယ်မျိုးတွေ့ရခဲလေသည်။ ရှောက်ရွှမ်သာ လမ်းတစ်ဝက်မှာထွက်သွားရင် သူ့ရင်ထဲကနေ သွေးအန်မိပေလိမ့်မည်။
လောင်ခဲ့က ရှောက်ရွှမ် ကို သူ ငယ်ငယ်တုန်းက သူ့ထက်ပိုတော်တယ်လို့ပြောသော်လည်း တကယ်က သူက ရက် ၁၀၀ ကျော်သင်ခဲ့ရခြင်းကြောင့်ဖြစ်ပြီး ရှောက်ရွှမ် စသင်တာကပင် ရက် ၂၀ မကျော်သေးပေ။
ရှောက်ရွှမ် က လောင်ခဲ့ရဲ့ဝေဖန်ချက်ကို တွေးနေဆဲ ဖြစ်ပြီး လောင်ခဲ့ ဝေဖန်မှုနဲ့သူ့လှုပ်ရှားမှုတို့ကို နှိုင်းယှဥ်ကြည့်နေမိသည်။ လောင်ခဲ့စိတ်ထဲ တစ်မျိုးဖြစ်သွားတဲ့အတွက် တောင်ကုန်းပေါ်ကတစ်နေရာကို လှည့်ကြည့်သောအခါ စောစောက ဘယ်သူမှမရှိပေမဲ့ အခု တစ်ယောက်ယောက်ရပ်နေပေသည်။
ရှောက်ရွှမ် တို့အမဲလိုက်အဖွဲ့ခေါင်းဆောင် ထာ့ ဖြစ်ပြီး မျိုးနွယ်စုခေါင်းဆောင်ရဲ့ သားအရင်းအချာ ဖြစ်ပေသည်။ သူက မျိုးနွယ်စုထဲက အကြီးတန်းစစ်သည်တော် အနည်းစုထဲကတယောက်ဖြစ်ပြီး နောက်ခေါင်းဆောင်ရွေးချယ်ရေးအတွက် အလောင်းအလျာတစ်ယောက်လည်းဖြစ်သည်။
လောင်ခဲ့က သူ့ကိုတစ်ချက်ကြည့်ရုံဖြင့်ပင် မှတ်မိလေသည်။
လောင်ခဲ့ ထာ့နှင့်အဆက်အသွယ် သိပ်မရှိပေ။ သူ့အမြင့်ဆုံးအချိန်တွင် ထာ့က ယခုမောင်ကဲ့သို့ အငယ်တန်းစစ်သည်တော်လေးသာဖြစ်သည်။ လောင်ခဲ့ အမဲလိုက်အဖွဲ့က ထွက်လိုက်သောအခါ ထာ့က အမဲလိုက်အုပ်စုထဲက အုပ်စုတစ်ခုကခေါင်းဆောင်သာဖြစ်သည်။
သူ့မိတ်ဆွေဟောင်းတွေဆီက ထာ့က ထောင်ခြောက်ဆင်ခြင်းကို သိပ်တန်ဖိုးမထားဟုတော့ ကြားရပေသည်။ သူက အဆင့်မြင့်အုပ်စုထဲဝင်တဲ့အခါ ပို၍ပင်ဆိုးလာလေသည်။ အဆင့်မြင့်အုပ်စုထဲက အနည်းငယ်ကသာ ထောင်ခြောက်ဆင်ခြင်းနဲ့ပတ်သက်လို့တစ်ခု၊နှစ်ခုသာသိလေပြီး ကျွမ်းကျင်သူမရှိပေ။
သူတို့မှာ အမြင်မတူကွဲပြားလေရာ အမြင်မတူလျှင် မိတ်ဆွေဖြစ်ဖို့ခက်ခဲသည့်အတွက် လောင်ခဲ့က ထာ့အပေါ်မှာ အမြင်ကောင်းမရှိပေ။ ပြီးတော့ ထာ့ကလည်း လောင်ခဲ့အပေါ်မှာ ဖော်ရွေခြင်း မရှိပါပေ။
မူလက ရှောက်ရွှမ်ကို တပ်သားသစ်အနေနဲ့ အဆင့်မြင့်အုပ်စုထဲထည့်ဖို့ ထာ့ကတွေးထားလေသည်။ ဒါက ကြိုးစားကြည့်ရုံသာဖြစ်လေသည်။ ရှောက်ရွှမ်က ဘိုးဘေးတွေကာကွယ်မှုအောက်မှာ ရှိနေသည့်အတွက် သူက ဘိုးဘေးတွေရဲ့ကောင်းချီးကြောင့် ကံကောင်းသည်ဟူ တွေးလေသည်။ ရှောက်ရွှမ်ကိုသာ သူတို့အုပ်စုထဲ ထည့်လိုက်ရင် သူတို့အမဲလိုက်တာဝန်ကို အမဲတွေအများကြီးရပြီး အောင်မြင်မည်ဟု တွေးထားလေသည်။
မနှစ်ကတည်းက ထာ့တို့အမဲလိုက်အဖွဲ့က အမဲလိုက်ရလဒ်တွေမှာ ကျဆင်းလာလေသည်။ ထာ့တို့အဖွဲ့က သားရဲဆိုးကြီးအများအပြား ပြန်ယူလာနိုင်ခဲ့သော်လည်း သူတို့တာဝန်အများအပြားမပြီးမြောက်ခဲ့ပါပေ။ အောင်မြင်မှုရသော်လည်း အခြားအမဲလိုက်အဖွဲ့များထက် ပိုမကောင်းပါပေ။
အမဲလိုက်အဖွဲ့ ခေါင်းဆောင်နှစ်ယောက်လုံးက နောက်အကြီးအကဲရွေးချယ်ရေးအတွက် အလောင်းအလျာများဖြစ်လေသည့်အတွက် အမြဲတမ်း အပြိုင်အဆိုင် ဖြစ်နေလေသည်။ တစ်ခါတစ်လေ တဖက်အဖွဲ့က သူ့အဖွဲ့ထက် သာနေသည်ကို မြင်ရသောအခါ ထာ့မှာ စိုးရိမ်ပူပင်လာလေသည်။ ဒီတစ်ခါတော့ ဘိုးဘေးတွေကိစ္စဖြစ်သွားပြီးနောက် သူက သူ့အာရုံကို သူ့သားနှင့်ရွယ်တူ ရှောက်ရွှမ်အပေါ်ထားလိုက်လေသည်။
ထာ့က ပြီးခဲ့တဲ့နောက်ဆုံးခရီးက အကြောင်းတွေကို အသေးစိတ်ကြားထားသည်။ သူပိုသိရလေ သူရှောက်ရွှမ်နဲ့ပတ်သက်ရင် ပိုသဘောကျလေပင်ဖြစ်သည်။ ပထမကတော့ ရှောက်ရွှမ် ကသူ့သားထက် နည်းနည်းသာသန်မာပြီး ညဘက်မြင်နိုင်စွမ်းနှင့်ကံကောင်းခြင်းသာရှိသည်ဟုထင်မိသည်။
သို့သော် ခဲ့ခဲ့နဲ့သူစမ်းသပ်အပြီးမှာ ဒီကလေးက ချက်ချင်းတိုးတက်လာပြီး ဒါကြောင့်လည်း နတ်ဆေးဆရာက သူ့ကိုသဘောကျခြင်းပင်ဖြစ်မည်။
ထာ့က ရှောက်ရွှမ်၏လျှင်မြန်စွာတိုးတက်နေမှုကို ဘယ်သူ့ကိုမှပြောမပြပေ။ ခဲ့ခဲ့နှင့်ထွော်ကိုလည်း လျှို့ဝှက်ထားဖို့ အမိန့်ပေးထားသည်။
ပုံမှန်အားဖြင့် နိုးထကာစ စစ်သည်တော်လေးများကို အဆင့်မြင့်အဖွဲ့ထဲ မထည့်ဖို့ စည်းကမ်းမျိုး မရှိပါသော်လည်း သူတို့က အတွေ့အကြုံများများရှိတဲ့ အကြီးတန်းစစ်သည်တော်များကိုသာရွေးချယ်လေ့ရှိသည်။ သူတို့က သူတို့မှာဘာဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်ပေသည်။ အမှန်ပင် အဆင့်မြင့်အဖွဲ့ထဲသို့ နိုးထကာစ စစ်သည်တော်တွေကို တပ်သားသစ်အဖြစ်ထည့်သွင်းဖို့ ဦးစားပေးခြင်းမရှိပေ။
နောက်အမဲလိုက်ခရီးက နီးကပ်လာလေရာ ထာ့က နတ်ဆေးဆရာနဲ့အခုရက်များအတွင်း အဆင့်မြင့်အုပ်စုထဲသို့ အခုမှနိုးထကာစ စစ်သည်တော်လေးကို ထည့်သွင်းရန် ဆွေးနွေးခဲ့သည်။ သတ်မှတ်ထားသော စည်းမျဥ်းမရှိသည့်တိုင် သူကမေးကြည့်ဖို့တော့လိုအပ်လေသည်။ မျိုးနွယ်စုခေါင်းဆောင်မှာ သူ့အဖေပင် ၊ ထို့ကြောင့် သူ့ဘက်က ပါလိမ့်မည်၊ ထို့အတွက် ခေါင်းဆောင်က အတားအဆီးမဟုတ်ပါပေ။
ရှောက်ရွှမ်က အခုရက်တွေ မှာ ဒီနေရာမှာ လေ့ကျင့်နေသည်ဟု သူကြားလေသည့်အတွက် သူ့ကိုလာပြီးစစ်ဆေးကြည့်ခြင်းဖြစ်သည်။သို့သော် သူတွေ့တာက ရှောက်ရွှမ်က အမဲလိုက်အဖွဲ့ကထွက်ထားတာကြာတဲ့ အဖိုးကြီးနဲ့ ထောင် ခြောက်ဆင်တာကို ကြိုးစားသင်နေတာကိုပင်။ ဒါ သူ့အရည်အချင်းကိုသပ်သပ်ဖြုန်းတီးနေခြင်းဖြစ်ပြီး၊ စိတ်ပျက်စရာပင်။
ထာ့နှင့် လောင်ခဲ့သည် အချင်းချင်းမဖော်ရွေသည့်အကြည့်ဖြင့် ဝေဖန်ပြီးသည့်နောက် ရှောက်ရွှမ် က တရားထိုင်ရာမှ ထလာလေသည်။
" ဟေး.."
ထာ့သည် ရှောက်ရွှမ်နှင့် လောင်ခဲ့၏အမြင်ကိုအကဲခပ်လိုက်သည်။ နတ်ဆေးဆရာ သမုတ်ပေးထားတဲ့ဝံပုလွေသည် တောင်အောက်ကနေပြေးတက်လာတာကို တွေ့လိုက်ရသည်။ ပျော်ရွှင်စွာပြေးလွှားနေသည်မှာ ဘယ်သူက ဝံပုလွေဟုထင်ပါမည်နည်း၊ သူက တောထဲက ဝံပုလွေတွေနှင့်ယှဥ်ကြည့်လျှင် သိပ်မစွံပါပေ။..
ထာ့က ဆီဆာ့ကို အသိအမှတ်ပြုခြင်းမရှိပေ ၊ သူ့အမြင်မှာ အမဲဖြတ်လိုက်ပြီး မျိုးနွယ်စုထဲမှာဝေပေးလိုက်တာကပိုကောင်းပြီး သူ့ကိုမွေးထားရင် အစားအစာ ပို ဖြုန်းတီးရာရောက်ပေလိမ့်မည်။ ထိုအကြောင်းကို သူတွေးမိလေလေ သူ့စိတ်ထဲမှာ ပိုမကျေမနပ်ဖြစ်လာလေပင် ။ ထာ့က ရှောက်ရွှမ်က သူခွင့်မပြုတာတွေ အများကြီးလုပ်နေပြီး သူသာဘိုးဘေးတွေရဲ့ကောင်းချီးပေးမခံရရင် သူက အလယ်အလတ်အဆင့်တော်တဲ့စစ်သည်တော် ဖြစ်လာရင်တောင် သူ့ကို အဆင့်မြင့်အုပ်စုထဲ ပါခိုင်းမည်မဟုတ်ပါပေ။
အခြားတစ်ဖက်မှာတော့ ရှောက်ရွှမ်က အခြားလူတွေအမြင်ကို ဂရုမစိုက်ပဲ ရှောက်ရွှမ်ကို လေ့ကျင့်ပေးရင်း အလုပ်ရှုပ်ရသည်ကို ပျော်နေလေသည် ။
ဆီဆာက သူ့ပါးစပ်မှာ လက်ဖဝါးအရွယ်အိတ်လေးကို ကိုက်ပြီး ရှောက်ရွှမ်ဆီ မြူးထူးစွာပြေးလာလေသည်။ သူကအိတ်ကို ရှောက်ရွှမ် ရှေ့မှာ ချလိုက်ပြီး သူ့ဘေးမှာထိုင်ချကာ ချီးမွန်းခံရပြီးစောင့်နေလေသည်။
" လိမ္မာတယ် "
ရှောက်ရွှမ်က နူးနူးညံ့ညံ့ မြှောက်ပြောကာ တာဝန်ကျေတဲ့အတွက် ဆုချတဲ့အနေဖြင့် သိမ်းထားတဲ့ သားရဲ အသားကို ပစ်ကျွေးလိုက်သည်။
" ဘာတွေလုပ်နေတာလဲ အားရွှမ် "
လောင်ခဲ့က သိချင်သွားသည်။
ရှောက်ရွှမ်က သူ့သားရေအိတ်ထဲက သစ်သီးတွေလောင်းချလိုက်ပြီး သားရေအိတ်ကို သူ့အိတ်ကပ်ထဲ ပြန်ထည့်လိုက်သည်။ သူက ပြုံးကာ
" ဆိုရိုးတစ်ခု ရှိတယ် ၊ အမဲလိုက်ခွေးကောင်းတစ်ကောင်က မုဆိုးတစ်ယောက်ရဲ့ နားနဲ့မျက်စိပဲတဲ့ ၊ ကျွန်တော်က ဆီဆာ့ကိုအမဲလိုက်ခွေးကောင်းဖြစ်အောင် လေ့ကျင့်ပေးနေတာ ၊ နောက်ပိုင်းကျရင်တော့ အမဲလိုက်ခရီးကျရင် ကူညီပေးနိုင်လောက်တယ်လေ "
ထာ့က စိတ်ပျက်လက်ပျောက် ထထွက်ဖို့ပြင်နေပေမဲ့ သူ့စကားကိုကြားလိုက်ရတဲ့အခါ ရပ်သွားပြီး ဆက်နားထောင်နေလိုက်သည်။
" အမဲလိုက်ခွေးကောင်း "
လောင်ခဲ့ ခေါင်းရှုပ်သွားသည် ။
" ညဏ်များတဲ့မြေခွေးတောင်မှ အမဲလိုက်ခွေးနှာခေါင်းအောက်က မလွတ်နိုင်ဘူး "
ရှောက်ရွှမ်က မေးလေသည် ။
" အမဲလိုက်ခွေး "
လောင်ခဲ့က မေးသည်။
ထာ့ကလည်း ရှောက်ရွှမ် ရှင်းပြတာကို အာရုံစိုက်နေသည်။
ဝံပုလွေတွေရဲ့အနံ့ခံအာရုံကို ကောင်းကောင်းအသုံးချနိုင်ဖို့ကို သူအတော်လေး စိတ်ဝင်စားစရာကောင်းလေသည်ဟု ခံစားရသည်။
" အမဲလိုက်ခွေး..ဒါ လေ့ကျင့်ထားတဲ့ဝံပုလွေ "
ရှောက်ရွှမ်က ဆီဆာကို လေ့ကျင့်ပေးနေပြီး သူက အနံ့ခံတာနဲ့ပတ်သက်လို့ သင်ပေးနေသည်။ ပထမမှာတော့ အဝတ်အစားတွေ ၊ အရိုးတွေ ၊ သစ်သီးတွေနဲ့သင်ပေးသည် ။ အခုဆိုရင် ရှောက်ရွှမ်က ဆီဆာကို အနံ့ဖျော့တဲ့ပစ္စည်းတွေကိုပင် ရှာခိုင်းချင်နေသည်။
" ဝံပုလွေတွေက အနံ့ခံကောင်းတယ် "
ရှောက်ရွှမ် က ပြုံးလေသည် ။
" နတ်ဆေးဆရာ သင်ပေးထားတာလား ၊ နည်းလမ်းကောင်းပဲ "
လောင်ခဲ့က စိတ်မပါလက်မပါ ပြောလေသည်။
လောင်ခဲ့စကားကို " အမ်း" တစ်လုံးတည်းသာ ပြန်ဖြေပြီး တခြား ဘာမှထပ်ရှင်းမပြတော့ပေ ။
တကယ်တမ်းမှာ သူက မိဘမဲ့ဂူက နံရံပေါ်မှာ ရေးဆွဲခဲ့တဲ့ပုံတွေကို အသက်သွင်းဖို့ကိုတော့ နှစ်သက်ပါသည်။ သို့သော်လည်း တစ်ယောက်ယောက်က ရည်ရွယ်ချက်ရှိရှိ ကျောက်မှုန့်တွေနဲ့ဖုံးထားလေရာ ရှောက်ရွှမ်ကလည်း လျှို့ဝှက်ချက်ကို လွယ်လွယ်ကူကူမဖော်ဖို့ပဲ ဆုံးဖြတ်လိုက်သည်။ သူ မိဘမဲ့ဂူကထွက်မလာခင်က အခြားကလေးတွေ အပြင်ငါးဖမ်းထွက်နေကြချိန် သူကတော့ကျောက်မှုန့်တွေနဲ့ အင်္ဂတေပန်းချီများရေးဆွဲနေခဲ့သည် ။ ထိုကျောက်အခန်း၏ပြတင်းပေါက်ကိုလည်း ပိတ်ဆို့ထားလေရာ ဘယ်သူကမှ သတိမထားမိပေ။
သူတို့ကောင်းကောင်း အနားပြီးကြတဲ့နောက် အိမ်ပြန်ဖို့ ဦးတည်လိုက်တဲ့အခါ သူ့လက်ထဲမှာ လောင်ခဲ့ရဲ့ကိရိယာသေတ္တာလေးနဲ့ထွက်မသွားခင် ရှောက်ရွှမ်က ခုနက ထာ့ရပ်နေတဲ့နေရာကို ကြည့်ကာ လှောင်လိုက်သည်။