လေတပ်
Vol. 5 Ch. 72
အဆင့်မြင့်အဖွဲ့ရဲ့ အရှိန်က နောက်တစ်ခါ မြန်လာပြန်သည်၊ လမ်းကြောင်းတွေကလည်း ရှောက်ရွှမ်အရင်ကသိထားတဲ့ လမ်းကြောင်းများ မဟုတ်ပေ။ သူတို့က ခြေလှမ်းကျဲကျဲနဲ့ အလျင်အမြန် ပြေးနေလေရာ အခြားအမဲလိုက်အဖွဲ့များထက် နှစ်ဆ၊ သုံးဆ ပိုမြန်လေသည်။ သူတို့ အချိန်အတော်ကြာ ဒီအတိုင်းသွားရပြီး တခုခုစားဖို့သာ ခေတ္တမျှ နားလေသည်။ ပြီးတဲ့နောက် သူတို့ရှေ့ဆက်သွားကြပြီး ညရောက်လာတဲ့အခါ ဂူထဲမှာ တညနားကြသည်။ ဒါက ထာ့နဲ့ အခြားသူတွေ အမဲလိုက်ခရီးထွက်ရင်နားနေကြနေရာဖြစ်လေသည် ။
ရှောက်ရွှမ်က ဒီလို တစ်နေကုန်ပြေးရခြင်းမျိုးနဲ့ ပထမနေ့မှာ အသားမကျသေးပေ ။ သူ့စွမ်းရည်များက ခွန်အား၊သက်လုံ နဲ့ အလျင်မှာ အများကြီးပိုကောင်းလာသော်လည်း ပြောရရင် သူက အခုနှစ်မှ နိုးထလာကစအဆင့် အငယ်တန်းစစ်သည်တော် လေးပင်ဖြစ်သည်။ အဆင့် မြင့်အဖွဲ့ထဲက အားအနည်းဆုံး စစ်သည်တော်သည်ပင် အလယ်တန်းစစ်သည်တော် ဖြစ်ရန်ခြေတလှမ်းသာလိုတော့သည့်သူပင်ဖြစ်သည်။ ရှောက်ရွှမ် မှာ သူတို့နဲ့ယှဥ်လို့ပင်မရပေ ။
ထို့ကြောင့် ပထမညမှာ အနားယူဖို့ ဂူကိုရောက်တဲ့အခါ ရှောက်ရွှမ်မှာ လုံးလုံး ခြေကုန်လက်ပန်းကျနေလေသည်။ သူက လှဲချလိုက်ပြီး သူ့ခြေထောက်ကိုပင် သူ မ မနိုင်တော့ပေ ။ သူ့ကြွက်သားတွေအကုန်လုံးလည်း နာကျင်နေပြီး သူ့ဦးနှောက်များလည်း ယောင်ယမ်းနေသည်ဟု ခံစားရသည်။
အဆင့်မြင့်အဖွဲ့ထဲက အခြားစစ်သည်တော်များလည်း ပင်ပန်းနေကြသော်လည်း သူတို့က အသားကျနေလေပြီ ၊ သူတို့ပွန်းရာပဲ့ရာများက ရှောက်ရွှမ်ယခုကြုံနေရသည်နှင့် မတူပါပေ ။ ရှောက်ရွှမ်အမူအရာကို ကြည့်ရင်း သူတို့အားလုံးက ဒီကောင်လေးကနောက်ဆုံးတော့ သူနဲ့သူတို့ကြားက ကွာဟချက်ကို သဘောပေါက်သွားပြီလို့ ထင်လိုက်ကြသည်။ အဆင့်မြင့်အဖွဲ့ဆိုတာလူတိုင်းဝင်လို့ရတဲ့ အဖွဲ့မဟုတ်ပေ ၊ စွမ်းရည်အဆင့်နည်း ပါးတဲ့သူတွေက အစွမ်းကုန်ကြိုးစားပြီး အဖွဲ့ဝင်တစိတ်တပိုင်းဖြစ်ဖို့ကြိုးစားရင်တောင် အဖွဲ့သားတွေနဲ့ အမှီလိုက်နိုင်မှာမဟုတ်ပေ ။ သို့သော် ရှောက်ရွှမ်က သူ့ပထမနေ့မှာ သူတို့နဲ့ အမှီလိုက်နိုင်သည့်အတွက် သူ့အပေါ် အထင်အမြင်ကောင်းကြလေသည်။
အချို့စစ်သည်တော်များသည် ရှောက်ရွှမ် အပေါ်မှာ အမြင်ကောင်းလာလေသည်။ သူတို့အမြင်မှာ ရှောက်ရွှမ်က ကလေးသာဖြစ်ပြီး မျိုးနွယ်စုထဲမှာ ကလေးများအတွက် အလွန်သည်းခံစိတ်ရှည်တတ်ကြလေသည်။ ထာ့နဲ့အခြား အဆင့်မြင့်တဲ့သူများက နောက်တစ်နေ့မှာ ရှောက်ရွှမ်ကို အလှည့်ကျသယ်သွားဖို့အကြောင်း ဆွေးနွေးကြပြီးဖြစ်သည်။ ပြောရရင် မနက်ဖြန်မှာ ရှောက်ရွှမ်အတွက် ကိုယ့်ဘာသာ ပြေးကာအမှီလိုက်ဖို့ မဖြစ်နိုင်တော့ဖို့များလေသည်။
သို့သော် အားလုံးက နောက်တစ်နေ့မနက်စောစောမှာ သူတို့နိုးလာတဲ့အခါ ရှောက်ရွှမ်က အကောင်းအတိုင်းဖြစ်နေသည်ကို တွေ့ရတဲ့အတွက် အားလုံးအံ့အားသင့်နေကြသည်။ မနေ့ညက သူက သူ့ခြေမကို မဖို့ပင် ရုန်းကန်နေရပေမဲ့ ယခုတော့ သူက လှုပ်လှုပ်ရှားရှားနဲ့ ဘာမှမဖြစ်သည့်အလား။ သူက တခြားသူကိုအားကိုးဖို့ မလိုပဲ စွမ်းအင်အပြည့်နဲ့ အမှီလိုက်နိုင်ဖို့ကြိုးစားလေသည်။
အဆင့်မြင့်အဖွဲ့က စစ်သည်တော်အားလုံး မျက်နှာအမူအရာ တူညီနေကြသည်။
ဘုရားရေ..ဒီကလေးက မိဘမဲ့ဂူက ကလေးမှ ဟုတ်ပါရဲ့လား
သူ မွေးကတည်းက ဘာတွေများ စားလာတာလဲ ပုံမှန်သားရဲတွေလား ၊ အဆင့်မြင့်သားရဲလား ၊ ဘုရင်အဆင့်သားရဲတွေလား ၊
မဖြစ်နိုင်ပေ ၊ မိဘမဲ့ဂူသို့ ထောက်ပံ့တဲ့အစားအစာများမှာ စွမ်းအင်ကောင်းတွေမပါဝင်တဲ့ ပုံမှန်သားရဲများနဲ့ သစ်ဥသစ်ဖုများပင်ဖြစ်သည်။ သူက ဘယ်လိုများ ဒီလိုအင်အားကြီးစစ်သည်တော်အဖြစ် ကြီးလာရသနည်း။
သူတို့ခေါင်းတွေကို ဘယ်လောက်ကုတ်ကုတ် သူတို့အတွက် ပဟေဠိတစ်ခုဖြစ်နေလေသည်။
တကယ်ပင် ထူးဆန်းလွန်းသည် ။
မဟုတ်မှလွဲရော ဘိုးဘေးများဆီက ကောင်းချီးရခဲ့ခြင်းကြောင့်ဖြစ်မည်။
ဒုတိယနေ့ပြေးရသည့်အခါလူတွေက ရှောက်ရွှမ် ကိုပြေးနေရင်း မကြာမကြာ လှမ်းကြည့်ကြလေသည် ။
ဒီကလေးရဲ့စွမ်းအင်အပြည့်နဲ့ပုံ ကြည့်ရသည်မှာ အတုအယောင်တော့ မဟုတ်ပါပေ ။
အခြား အမဲလိုက်အဖွဲ့များလို အခြားနေရာတစ်ခုကိုမသွားခင် အမဲလိုက်ခြင်းမပြုဘဲ အဆင့်မြင့်အဖွဲ့ရဲ့ အမဲလိုက်ပုံစံက ကွဲပြားလေသည် ။ ထာ့က အဖွဲ့ကို ဦးဆောင်ကာ ဆက်ပြေးနေသည်။ ဂူထဲမှာ တစ်ညနားပြီးနောက် သူတို့ ရှေ့ဆက်ချီတက်ဖို့လိုအပ်လေသည်။
တစ်ခါတစ်ရံ သူတို့က နှင်းဖုံးနေတဲ့ တောင်ထိပ်တွေကိုလည်း တက်ရသည်။ တစ်ခါတစ်ရံ တောင်တွေကိုပတ်ကာ အဝေးကတောင်တွေဆီ သွားရပြန်သည်။ လမ်းမှာလည်း နွံတောနှင့် ကတ္တရာကျွင်းများကဲ့သို့ အန္တရာယ်ရှိတဲ့နယ်မြေတွေကို ဖြတ်ရပြန်သည်။
ရှောက်ရွှမ်က ကြီးမားကာရက်စက်တဲ့ရုပ်ဆိုးဆိုးသားရဲများနှင့် အရောင်စုံအဆိပ်ရှိမြွေများကဲ့သို့ အမည်မသိတဲ့သားရဲဆိုးကြီးများကိုလည်းတွေ့ရသည်။ သူတို့ထဲက တစ်ကောင်ကိုသာ အောင်မြင်ခြင်းလမ်းမကို ပြန်ယူလာလျှင် အားလုံး မျက်လုံးပြူးကုန်ကြပေလိမ့်မည်။ သို့သော် အဖွဲ့ခေါင်းဆောင်ကတော့ လုံးဝမရပ်နားပါပေ ။ သူတို့ တစ်ခုခုကိုသတ်လျှင်တောင်မှ ဒါ အစားအစာအတွက်နှင့် နေ့စဥ်လိုအပ်ချက်အတွက်ပင် ဖြစ်သည်။ ပိုနေသော အစိတ်အပိုင်းကိုပင် သူတို့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်ရန် လွှင့်ပစ်ကြသည်။
ရှေ့ဆက် ၊ အမဲလိုက် ပြီးတော့ ရှေ့ဆက် ၊ ပြီးတော့ အမဲတစ်ခါထပ်လိုက် နှင့်ပင်...
သူတို့က နေ့တိုင်းဤသို့လည်ပတ်နေလေသည်။ ကိုယ်ကာယစွမ်းအင်ကို အများအပြားအသုံးပြုခြင်းသည် စွမ်းအင်အထောက်အပံ့အများကြီးလိုအပ်ပေသည်။ အဆင့်မြင့်သားရဲတို့အသားများမှာ အကောင်းဆုံးအထောက်အပံ့ပါပေ ။
မူလက အခြားစစ်သည်တော်များက ရှောက်ရွှမ်က အဆင့်မြင့်သားရဲတွေအသားကို စားပြီးရင် အိပ်ချင်နေမည်ကို စိုးရိမ်ကြသော်လည်း သူတို့အလကားစိတ်ပူခြင်းသာဖြစ်သွားလေသည်။
ဟေးစစ်ဖုန်းကို အမဲလိုက်ပြီးနောက် ရှောက်ရွှမ်က အဆင့်မြင့်သားရဲတွေအသားကိုစားရတာ အသားကျလာလေသည်။သူ့အစားအသောက်ဓလေ့ကိုပင် ပြောင်းလဲပစ်တာကြာလေပြီ ၊ ပြောရရင် သူက အဆင့်ပိုမြင့်တဲ့အစားအသောက်များက စွမ်းအင်များကိုပင်စုပ်ယူနိုင်လေသည်။
ဒီနှစ်မှ နိုးထကာစ စစ်သည်တော်လေးအနေနဲ့ သူက အခြားသူများထက် စားရာတွင်ပိုမနည်းသည့်အပြင် အနာကျက်နိုင်စွမ်းလည်းမြန်လေသည်။ ပထမကတော့ အဆင့်မြင့်အဖွဲ့က စစ်သည်တော်များက ရှောက်ရွှမ် အမူအကျင့်များကို အံ့သြနေကြလေသည်။ ကြာတော့ သူတို့လည်း အသားကျလာပြီး သိပ်မအံ့သြကြတော့ပေ ။
ထို့နောက် ရှောက်ရွှမ်ကို ဘယ်သူမှ မလှောင်ရယ်ကြတော့ပေ။
ထင်ထားသည့်အတိုင်းပင် ဘယ်သာမန်ပုဂ္ဂိုလ်ကိုမှ အဖွဲ့ခေါင်းဆောင်က အဆင့်မြင့်အဖွဲ့ထဲမထည့်ပါပေ ။
ငါးရက်ကြာ ခရီးဆက်ပြီးတဲ့နောက် ရှောက်ရွှမ်က အခြားသူများနဲ့ တောင်တက်ကာ ဂူထဲမှာ အနားဝင်ယူနေသည်။ သူတို့က သူတို့ပန်းတိုင်ကို ရောက်လေပြီ ၊ သို့သော် ရှောက်ရွှမ် ကအနည်းငယ်ထူးဆန်းနေသည်ကို ခံစားရသည်မှအပ အခြားကွာခြားမှုကိုမတွေ့ပါပေ ။
တစ်ညအိပ်ပြီးတဲ့နောက် ရှောက်ရွှမ် က မနက်စောစော နိုးလာလေသည် ။ သူက သူ့ပစ္စည်းတွေကိုသိမ်းကာ ထာ့ရဲ့နောက်အပြင်ကိုလိုက်လာလေသည်။
သူတို့က ဆက်တက်ကြပြီး မတ်စောက်တဲ့တောင်စွန်းနားမှာရပ်လိုက်ကြသည် ။
အချိန်ကြာလာလေ နေကမြင့်လာလေပင်။
ရှောက်ရွှမ် ရဲ့ တောင်စောင်းအစွန်းမှာရပ်ပြီး နေထွက်လာတာကို မျက်နှာချင်းဆိုင်ထားလေသည်။ သူ့မျက်စိတဆုံးမှာ အဆုံးမရှိတဲ့အစိမ်းရောင်တွေပြည့်နေလေသည်။ အခြားအရောင်များရောနှောနေပါသော်လည်း (၉၉)ရာခိုင်နှုန်းက ပုံစံအမျိုးမျိူးနဲ့အစိမ်းရောင်များပါပင် ။
ဒါက သူတို့ခရီးရဲ့ပန်းတိုင်ဖြစ်သည် ၊ အပင်တို့ရဲ့ မြို့တော်။ တောကြီးမြိုင်ထဲမှာ ကောင်းကင်နဲ့အဆုံးမဲ့အပင်မြို့တော်တို့ဆုံစည်းရာ ၊ နေထွက်လာခဲ့ပေပြီ ။
အေးစိမ့်စိမ့်လေထုဟာ နွေးလာလေသည်။
ရှောက်ရွှမ်က ဒီမြေပေါ်ကအရာအားလုံးနိုးထလာသည်ကို သေချာခံစားမိလိုက်သည်။
ဂါ့..ဂါ့..ဂါ့
အစိမ်းရောင် အပင်မြို့တော်ကြီးကြားမှာ အချို့အပင်မြင့်မြင့် ခပ်ဝိုင်းဝိုင်းများက သစ်သားတုံးကြီးများအချင်းချင်းရိုက်ခတ်သလို အသံများထွက်နေလေသည်။
ဒီအသံများနှင့်အတူ ခပ်ဝိုင်းဝိုင်းအပင်တို့အဖျားကလည်း သူတို့လိပ်နေတဲ့အရွက်များ ပြန့်ကားလာကြသည်။ အရွက်အလွှာများက ပန်းများကဲ့သို့ ဆန့်ကားပွင့်ထွက်လာကြသည်။
ပဲပင်ပေါက်ကဲ့သို့ အပင်ကြီးများကလည်း စမြင့်တက်လာကာ နေနှင့်မျက်နှာချင်းဆိုင်၍ သူတို့အရွက်ကြီးများကို အတောင်ပံလို ဖြန့်ကားလိုက်ကြသည်။
နေထွက်လာပြီး နေရောင်တို့က တောင်ရဲ့အခြားတဖက်ကို ရောက်ရှိလာသည် ။ နှိုးစက်နာရီကဲ့သို့ပင် တောင်၏ တဖက်မှ အခြားတဖက်မှ လောကကြီးဆီ အိပ်ပျော်နေတဲ့သတ္ထဝါလေးများကို နှိုးပေးလေသည်။
ရှောက်ရွှမ် က အသက်ဝဝရှူကာ လမ်းကို လျှောက်ပြီး အောက်ကို ငုံ့ကြည့်လိုက် လေသည်။
၎င်းမှာ တောင်စောင်းကြီး ဖြစ်ကာ ခုန်ချလိုက်ရင် ဘယ်သူမဆို အပိုင်းပိုင်းကြေမွသွားနိုင်လေသည်။
" ကျွန်တော်တို့အောက်ကို ဘယ်လိုဆင်းမှာလဲ "
ရှောက်ရွှမ် မေးလိုက်သည် ။ သူတို့အောက်ကို ဖြေးဖြေးချင်းဆင်းမယ်ဆိုရင် ဘာလို့သူတို့တက်လာကြတာလဲ ၊ ပြီးတော့ သူတို့ရပ်နေတဲ့တောင်စောင်းက မြေပေါ်ကို ထောင့်မှန်ကျအောင်ပင် မတ်စောက်နေသည်။ သူတို့သာ တိုက်ရိုက်ပြန်ဆင်းရင် ဆင်းနေစဥ်အတွင်း အခြားသတ္ထဝါများတိုက်ခိုက်ခံရမလဲ မည်သူမှမသိနိုင်သည်ကို ဖယ်လျှင် အင်မတန် အန္တရာယ်များပေလိမ့်မည်။ ဒါ မဖြစ်နိုင်တဲ့ကိစ္စဖြစ်သည်။
" ငါတို့ ခုန်မချပါဘူး "
တစ်ယောက်ယောက်ကရယ်လိုက်သည်။
" ဟေး...ရေကန်ကို ကြည့်လိုက်..မင်း သဘောပေါက်သွားလိမ့်မယ် "
ထွော်က အခြားတနေရာကို လက်ညိုးထိုးပြလေသည် ။
ရှောက်ရွှမ်က ထွော်လက်ညိုးထိုးပြတဲ့နေရာကို ကြည့်လိုက်သည် ။
ဘာရေကန်လဲ..အဲ့ဒီမှာ အမှောင်ရေကန်ကြီးတခုပဲရှိတယ် မဟုတ်သေးဘူး
အဲ့ဒါထက်ပိုတာပဲ ။
ရှောက်ရွှမ် သေချာကြည့်လိုက်သောအခါ အနက်ရောင် ရေကန်ကြီးထဲမှာ တစ်ခုခု လှုပ်ရှားနေတာကို တွေ့လိုက်ရပြီး အဝေးကကြည့်လျှင် သတိထားမိရန်မလွယ်ပေ ။
သေချာတာက အနက်ရောင်ရေကန်ကြီးက အရင်ကလို ငြိမ်မနေပဲ ပြန့်ကားလာလေသည်။ အနက်ရောင်အစက်ကလေးတွေ အများကြီး မြင့်တက်လာကြသည်။ ပထမကတော့ နည်းနည်းသာ ရှိသေယ်လည်း အနည်းငယ်ကြာသောအခါ သိပ်သည်းတဲ့အမဲရောင်အကွက်ကြီးက လေထဲကို စတင်မြင့်တက်လာသည်။ ပြီးတော့ ထိုအနက်ရောင်အစက်တွေ ဖုံးလွှမ်းထားတဲ့ရေကန်ကလည်း ရှောက်ရွှမ် မျက်လုံးထဲပေါ်လာလေသည်။
၎င်းမှာ ကန်ရေပြင်ကျယ်ပြီးဖြစ်ပြီး ကန်ထဲမှာ အရောင်စုံ အပင် အများအပြားလည်း ပေါက်နေပုံရသည် ။ အဝါ ၊ အစိမ်း ၊ အညို ၊ အနီ..အရောင်စုံစွာ ကန်ထဲတွင်ရောနှောနေပြီး ရေကန်၏ ပုံစံနှင့်ပေါင်းစပ်လိုက်တဲ့အခါ အင်းဆက်တွေရဲ့မျက်လုံးများကဲ့သို့ မျက်လုံးအသေးလေးများအများကြီး ပေါင်းစပ်ထားသည်နှင့်တူလေသည်။
ကန်ရဲ့တခြားတစ်ဖက်မှာ တောင်တစ်လုံးရှိနေပြီး အခုသူရပ်နေတဲ့တောင်ထက်မြင့်မားကာ ကောင်းကင်ကိုပင် ထိလုနီးနီးဖြစ်သည်။
ထိုမြင့်တက်လာတဲ့အနက်ရောင်အစက်များက အပေါ်ကိုမပျံပဲ သူတို့လမ်းကြောင်းနှင့် သူတို့ပျံနေကာ ကခုန်နေတဲ့ အနက်ရောင်တိမ်တိုက်ကြီးနှင့်တူလေသည်။
" အားလုံး အဆင်သင့်ပြင်ထား "
ထာ့က အဖွဲ့သားများကို ပြောလိုက်ပြီး ရှောက်ရွှမ်ဘက်ကိုလှည့်ကာ
" ငါ့နောက်လိုက်ခဲ့..အားရွှမ် "
အနက်ရောင်တိမ်များက နီးကပ်လာပြီး ရှောက်ရွှမ်က အတောင်ပံများခပ်နေသံကိုပင် ကြားလာရသည် ။ နောက်ဆုံး ဒီအမဲစက်တွေကဘာလဲကို သူမြင်သွားသည်။
ပုစဥ်းတွေလား...
ခုနတုန်းက ဘာမှန်းသိဖို့ဝေးနေသော်လည်း အခု ရှောက်ရွှမ် ပုစဥ်းအုပ်လိုက်ကြီးပျံလာသည်ကိုတွေ့ရတဲ့အခါ ထိန်းမရအောင်နှလုံးခုန်မြန်လာလေသည် ။
ရှောက်ရွှမ် အရင်က ပုစဥ်းများကို အရင်ကမြင်ဖူးသော်လည်း ဒီလောက်အရွယ်အစားနှင့် ပမာဏအများကြီးမမြင်ဖူးပါပေ ။
၎င်းတို့က လေတပ်အကြီးစားအလားပင် ။
အကောင်သေးလေးများရဲ့ အတောင်ပံကပင် အနည်းဆုံးသုံးမီတာခန့်ရှိလေရာ အများစုရဲ့အတောင်ပံမှာ ငါးမီတာလောက်မျှရှိလေသည်။ အချို့ဆိုလျှင့် ထို့ထက်ပင်ကြီးကာ မရေမတွက်နိုင်တဲ့ ပုစဥ်းကောင်ကြီးများက သူတို့ဆီ အများကြီးပျံလာလေသည်။
ရှောက်ရွှမ်ကတော့ သူအရင်က မမြင်ဖူးသည့်အတွက် ထူးဆန်းစွာငေးကြည့်နေသည်။
သူတို့ဟာ တောင်ရဲ့တဖက်ကနေ အစိမ်းရောင် အပင်မြို့တော် ကြီးရှိရာတောင်တဖက်ကို သွားရန်ဖြစ်သည်။ လေတပ်ကြီးက သူတို့ခေါင်းပေါ်က ပျံသန်းသွားတဲ့အခါ ရှောက်ရွှမ်က သူတို့အတောင်ပံက အကြောများကိုပင် မြင်နေရလေသည် ။
သူတို့က စက်မဲ့လေယာဥ်များနှင့်တူလေသည်။
" သွားစို့ "
မြေပြင်အနေအထား အသာစီးရနေသည်နှင့် အဆင့်မြင့်အဖွဲ့ထဲက စစ်သည်တော်တွေက တောင်စောင်းပေါ်က ခုန်ချပြီး ပုစဥ်းတွေရဲ့ကျောပေါ်ကို ဆင်းလိုက်ကြသည်။
ရှောက်ရွှမ် မလှုပ်ရသေးခင်တွင်ပင် ထာ့က သူ့ကိုမကြီး ပုစဥ်းအကောင်ကြီးရဲ့ကျောပေါ်ကိုခုန်ချလိုက်သည်။
ဘဝမှာ ပထမဆုံးအကြိမ်အနေနဲ့ ရှောက်ရွှမ် ဧရာမပုစဥ်းပျံကို စီးဖူးသွားလေသည်။