စာလိပ်အဆုံးက ပုံများ
Vol. 6 Ch. 77
ရှောက်ရွှမ် က သန်းခေါင်ကျော်တဲ့နောက် လုံးဝအိပ်မောကျသွားသည်။ နောက်ဆုံးအကြိမ် သူအိပ်မက်မက်ခဲ့တာပက် အတော်ကြာခဲ့ပြီဖြစ်ပြီး ညကတော့ သူအိပ်မက်တစ်ခုမက်လေသည်။
တိတိကျကျပြောရရင် အိပ်မက်ကအတိအကျဘာလဲဆိုတာကို ရှောက်ရွှမ် မသိပါပေ ။ သူ့အိပ်မက်ထဲမှာ အစိမ်းရောင်တစ်ခုခုကိုမက်နေတာဖြစ်ပြီး သူ့မြင်ကွင်းတစ်ခုလုံးကို တဖြည်းဖြည်း ဖုံးလွှမ်းသွားခဲ့သည်။ ၎င်းက ရွေ့လျားစီးဆင်းနေတဲ့ အစိမ်းရောင်ဖြစ်ပြီး သူက ၎င်းအစိမ်းရောင်ပင်လယ်ကြီးထဲမှာ မျောလွင့်နေသည် ။ သူ အသက်ရှူလိုက်တိုင်း သူ့ရင်ဘတ်ထဲကိုအစိမ်းရောင်များဝင်လာပြီး သူ့တစ်ကိုယ်လုံးကို နွေးနွေးထွေးထွေးဖြစ်သွားစေသည်။ သူ့တစ်ကိုယ်လုံးကအစိတ်အပိုင်းတိုင်း သန့်စင်သွားတယ်လို့ ခံစားနေရသည်။ နမူနာပြောရရင် သူ့ကိုယ်လုံးက ဖုန်နဲ့အညှစ်အကြေးတွေဖုံးနေတဲ့ မြေကြီးတစ်ခုဆိုရင် ယခုအကုန်လုံးကို ရေအေးနှင့်သန့်ရှင်းပစ်လိုက်သကဲ့သို့ပင် ။ သူ့တစ်ကိုယ်လုံး သန့်ရှင်းသွားသည်ဟုခံစားရလေသည်။
ယခင်ကကဲ့သို့ တင်းကြပ်လေးလံတဲ့ခံစားချက်များနဲ့မတူဘဲ ဒီအချိန်မှာ ချုပ်ထိန်းထားသည်များကနေ လွတ်လပ်သွားတဲ့ခံစားချက်မျိုး ခံစားရလေသည်။ ဒါ ရှောက်ရွှမ် အရင်က မခံစားဖူးတဲ့သက်တောင့်သက်သာ ဖြစ်မှုမျိုးပါပင် ။ အမဲလိုက်ခရီးအတွင်းက မောပန်းမှုတွေနဲ့မကောင်းတဲ့စိတ်ခံစားချက်များက ဆေးကြောပစ်ခံလိုက်ရပြီး ရှောက်ရွှမ် ကောင်းကင်သို့ပင် ဟစ်ကြွေးပစ်ချင်မိသည်။
ထိုအရာအားလုံးက တိတ်တဆိတ်သာ ဖြစ်သော်လည်း ရင်သပ်ရှူမောဖွယ်အတိပါပေ ။
မနက်စောစောတွင် နေထွက်လာသောအခါ စစ်သည်တော်တို့၏ အိပ်မောကျမှုကို အစိမ်းရောင်မြေက အသံပေါင်းစုံတို့က ဖျက်ဆီးလိုက်လေသည်။ သို့သော် ၎င်းက အားလုံးကို နှိုးတဲ့စစ်သည်တော်ရဲ့အလောတကြီးအသံသာ ဖြစ်လေသည်။
" ခေါင်းဆောင်၊ခေါင်းဆောင်..ဒီကိုလာပြီး တစ်ချက် ကြည့်ကြည့်ပါဦး "
အပင်ပေါ်က ခုနကဆင်းသွားသော စစ်သည်တော်က အပင်အပေါက်ရဲ့အဝင်ဝကနေ ထာ့ကိုအော်ခေါ်နေသည်။ ထာ့က သားရေစာလိပ်ကို ဖတ်ရင်းမှ စစ်သည်တော်ကို ကြည့်လိုက်သည်။
စစ်သည်တော်အားလုံးက ခုနက သန်းဝေနေကြသော်လည်း ယခုအားလုံး ခေါင်းများကြည်လင်သွားကြလေသည်။
အော်ခေါ်လိုက်တဲ့စစ်သည်တော် အသံအရဆိုရင် သူကထူးခြားတာတခုခုကို တွေ့ထားတာဖြစ်နိုင်သည် ။ အန္တရာယ်ရှိတာ တစ်ခုခု မဖြစ်နိုင်ပဲ ထူးခြားတာခုခုသာ ဖြစ်နိုင်ပေမည်။
ထာ့ တင် မဟုတ်ပဲ အခြားစစ်သည် တော်များကလည်း အမြန်ဆင်းလာကြသည်။
ရှောက်ရွှမ်က အပင်အပေါက်ထဲကနောက်ဆုံးထွက်လာတဲ့သူဖြစ်ပြီး သူအပေါက်ဝကနေအောက်ငုံ့ကြည့်လိုက်သောအခါ စစ်သည်တော်အကုန်လုံးက သူညကထောင်ခဲ့တဲ့ထောင်ခြောက်တွေအနားကို အမြန်ပြေးဆင်းကာ ဝိုင်းပတ်နေကြသည်ကိုတွေ့ရသည်။
" ဒါက ဘာကြီးလဲ "
" ကြည့်ရတာ ရယ်စရာကြီး ၊ ဒါကခြေထောက်လား "
" ဒါ အပင်ရဲ့ခြေထောက်လား "
" ဒါသေနေပြီမလား "
" ငါ ထိကြည့်ပေမဲ့ မလှုပ်တော့ဘူးဆိုတော့ သေနေတာဖြစ်မယ်"
" ဒါကို ကြိုးဖြေပေးလိုက်သင့်တယ် ၊ ဒါဆို ငါတို့သေချာ ကြည့်လို့ရတာပေါ့ "
" ဒါပေမဲ့ ဒီကြိုးထုံးကို ဘယ်လိုဖြေမှာလဲ "
" ငတုံးကလည်း ဆွဲဖြစ်ပစ်လိုက်လို့ရတာပဲ "
" ရပ်လိုက် ခဲ့ခဲ့ ၊ မင်းက ပါးနပ်မှုမရှိတဲ့ငတုံးပဲ "
ထာ့က သူတို့ကို ကြိုးထဲပိတ်မိနေတဲ့အရာကို ကြိုးဖြေပေးဖို့ပြောလိုက်ပေမဲ့ သူတို့က ဘယ်ကစဖြေလို့ဖြေရမှန်းမသိကြပေ။ ၎င်းကို တုတ်ထားတဲ့ကြိုးက ဖြတ်ဖို့ခက်တဲ့ မနေ့က အဖြူရောင်အမွေးများနှင့် ပြုလုပ်ထားခြင်းပါပေ ။ ထို့ပြင်သူတို့က အထဲကအရာကိုပျက်စီးမသွားဖို့ကိုလည်း ဂရုစိုက်ရပေဦးမည်။
ထွော်က ကျောက်ဓားကို မြှောက်လိုက်သော်လည်း ခဏအကြာ သူဝင်မပါတော့ဖို့ဆုံးဖြတ်လိုက်သည် ။ သူလှည့်ကြည့်လိုက်သောအခါ ရှောက်ရွှမ်က အပင်ပေါ်ကနေအေးအေးဆေးဆေး ဆင်းလာနေသည်ကိုတွေ့ရသာ်။ သူကအလောတကြီးနဲ့ပြောလိုက်သည်။
" အားရွှမ်..ဒီကိုလာ..မင်းထောင်ခြောက်ထဲမှာ တစ်ခုခုမိထားတယ် "
ဆူညံနေတဲ့လူအုပ်က ချက်ချင်း အသံတိတ်သွားလေသည်။
ရှောက်ရွှမ် မနေ့ညက ဆင်ခဲ့တဲ့ထောင်ခြောက်က တစ်ညအတွင်းတစ်ခုခုမိသွားလေသည် ။ မနေ့ညက စစ်သည်တော်များက သူ့ကိုပင် မခံနိုင်အောင်စကြသေးသည်။
အားစွော်က သူ့ဘေးနားမှာရပ်နေတဲ့ အဖွဲ့ခေါင်းဆောင်ကို စိုက်ကြည့်နေကာ ခပ်တည်တည်မျက်နှာနဲ့ဘာတွေ တွေးနေသလဲဆိုတာကို အဖြေရှာနေလေသည်။ သူက ထွော်က ရှောက်ရွှမ် ကိုခေါ်သည်ကို မကြားချင်ယောင်ဆောင်နေလေသည်။ ရှောက်ရွှမ်က သူ့တို့ဝိုင်းနေကြတဲ့ဆီကို လျှောက်လာကာ စစ်သည်တော်များက သူထောင်ခြောက်အနားသွားဖို့ လမ်းရှင်းပေးကြလေသည်။
မနေ့ညက ရှောက်ရွှမ်က ဒီပတ်ဝန်းကျင်နဲ့မရင်းနှီးလေရာ ထောင်ခြောက်အများကြီး မဆင်နိုင်ခဲ့ပေ ။ သူက ဘယ်သူ့ဆီမှအကူအညီမရသည့်အတွက်ထောင်ခြောက်နှစ်ခုသာဆင်နိုင်ခဲ့ပြီး အချိန်ကလည်းကန့်သတ်ချက်ရှိနေခဲ့သည်ပင်။
သူက သူများတွေသူ့ကိုစောင့်ဖို့လည်း မပြောခဲ့ပေ။ သူကအနားမှာ ကပ်စေးစေးကော်ကဲ့သို့ သစ်စေးတွေထွက်နေတဲ့အပင်ကိုတွေ့သည့်အတွက်ကြောင့် သူထောင်ခြောက်မှာ သုံးခဲ့သည်။
အခု သူ သစ်စေးသုတ်ခဲ့တဲ့နေရာမှာ တစ်ခုခုက ကပ်မိနေလေသည်။ ၎င်းက သစ်ကိုင်းစိမ်းများနဲ့ဖွဲ့စည်းထားတဲ့ အရိုးစုလေးနဲ့တူလေသည်။ ၎င်းမှာ ရှုပ်ထွေးတဲ့ လက်ချောင်းများမပါတဲ့ လက်၊ ခြေများရှိလေသည်။ သူ့မှာ ခြေမသုံးခုရှိကာ လက်သည်းများကဲ့သို့ရှည်လျားပေသည်။
ရှောက်ရွှမ်က လေထဲမှာခြောက်သွားသည့်အတွက် ဤသစ်စေးက ဒီလောက်ကပ်စေးနေမည်ဟု ထင်မထားပါပေ ။ မနေ့က သူ အဲ့ဒီမှာသုတ်တုန်းက သာမန်ကော်များနဲ့သာတူပြီး အခု၎င်းက အဆင့်မြင့်ကော်(စူပါဂလူး) ဖြစ်နေလေသည်။
သူက မြန်မြန်ပြေးနိုင်တဲ့ တိရိစ္ဆာန်များ ရှိလေရာ သူက ဒီသစ်စေးကို သူတို့အရှိန်နှေးသွားအောင် သုံးနိုင်မည်ဟုတွေးခဲ့လေသည်။ အရမ်းမြန်တဲ့သတ္တဝါဆိုရင်ပင် အလွန်ကပ်သောကော်က သူ့အရှိန်ကို ဖယ်ဖျက်ပစ်လိုက်မည်သာ ။ ထိုအချိန်မှာ သူတို့က အဲ့သတ္တဝါကို ကျော့ကွင်းနဲ့တင်းနေအောင် ချည်လိုက်ရုံပင် ။
အခြားထောင်ခြောက်မှာတော့ ဘောလုံးအရွယ်အစားလောက်ရှိသည့် မီးခိုးညိုရောင်ရှိတဲ့ အလုံးလေးက ပိတ်မိနေလေသည် ။ လေပြင်းပြင်းတိုက်သောအခါ အဖြူရောင်ကြိုးတွေထဲ ပိတ်မိနေတဲ့အလူံးလေးက တကျိကျိ မြည်သံထွက်လာလေသည်။
အလုံးလေးက လေနဲ့ပျံတက်သွားချင်သော်လည်း အဖြူရောင်ပိုက်ကွန်ထဲ ပိတ်မိနေလေခြင်းက သူ့ကိုနောက်ပြန်ဆွဲထားစေလေသည်။ ပြန်ကန်အားကြောင့် အဖြူရောင်ကြိုးများက ကြိုးတုန်ခါသည့်အသံများထွက်ပေါ်လာလေသည်။
" ဒါဆို မနေ့က ကြားရတဲ့အသံက ဒီကလာတာပေါ့ "
ညက အစောင့်တစ်ယောက်ကပြောသည်။
" ငါလည်း မနေ့ညက ကြားသေးတယ် ၊ ဒီအလုံးလေးက ထွက်လာတယ်လို့ မထင်ထားဘူး "
" အဲ့တာ ဘာလဲ ၊ ဆရာ "
အားစွော်က မေးသည် ။
ထာ့က သူ့အကြည့်ကို ထူးဆန်းတဲ့အစိမ်းရောင်အရိုးစုလေးက ခွာလိုက်ပြီး အဖြူရောင်ကြိုးပိုက်ကွန်ထဲက ခုန်နေတဲ့အလုံးလေးကိုတစ်ချက်ကြည့်လိုက်သည်။ သူက သားရေစာလိပ်ကို ထုတ်ကာ ကျန်နေတဲ့သုံးပုံတစ်ပုံကို ဖွင့်လိုက်လေသည်။
စာလိပ် ပထမ သုံးပုံနှစ်ပုံမှာ သူတို့ရှာရမယ့်အရာများရဲ့ပုံများရှိလေသည်။ သူတို့ သစ်တောထဲကို လာတိုင်း သင့်တော်တဲ့ရာသီမှာဆိုရင် ထိုအထဲက သတ္တဝါအများစုကို တွေ့ရသည်ပင်။ သို့သော် ကျန်တဲ့သုံးပုံတပုံမှာတော့ ရှားပါးပစ္စည်းများကိုမှတ်တမ်းတင်ထားလေသည် ။ နတ်ဆေးဆရာစကားအရဆိုရင် ထိုအရာများနဲ့တွေ့ဆုံရရင်ပင် ကောင်းချီးပေးခံရသည်ဟု ထင်မှတ်နိုင်လေသည်။
ထို့အတွက်ကြောင့် သူတို့က ထိုအရာများကို ရှာဖို့ရာအရမ်းအာရုံမထားပါပေ ။ အတိတ်တုန်းက သူတို့ဘိုးဘေးများကတော့ စာလိပ်အဆုံးမှ အရာတို့ကို တစ်ခုနှစ်ခု တွေ့ကြဖူးလေသည်။
ပြီးခဲ့တဲ့နှစ်တွေတုန်းက အခြားအဖွဲ့ရဲ့ခေါင်းဆောင်က စာလိပ်အဆုံးကပုံတွေထဲက အပင်တစ်ပင်ကို ရှာတွေ့ခဲ့သေးသည်။
သူ့နာမည်က ကွေ့ဟယ် ဖြစ်ပြီး အခြားအမဲလိုက်အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်သည့်အတွက် သူကလည်း နောက်တက်မြင့်မျိုးနွယ်စုခေါင်းဆောင်နေရာအရွေးချယ်ခံရနိုင်တဲ့သူထဲက တစ်ယောက်ပါပင်။ သိသိသာသာပင် သူက ထိုအပင်ရှာတွေ့တဲ့အတွက် ချီးကျူးမှူအမြောက်အမြားရကာ နတ်ဆေးဆရာကလည်း သူ့အပေါ် အမြင်ကောင်းရှိလေသည်။
ကွေ့ဟယ်က နတ်ဆေးဆရာဆီမှတိုက်ရိုက်နာမည်ရလေသည်။ သူ့မိသားစုဇစ်မြစ်ကိုလိုက်လျှင် ကွေ့ဟယ်က နတ်ဆေးဆရာ၏တူတော်စပ်သူရဲ့သားပါပေ ။ သဘာဝအားဖြင့် ကွေ့ဟယ်က နတ်ဆေးဆရာနှင့်ပို၍ သွေးနီးလေသည်။
ထာ့ရဲ့အဖေကသာ မျိုးနွယ်စုခေါင်းဆောင်မဟုတ်ရင် သူက ကွေ့ဟယ်နှင့်ယှဥ်ဖို့ရာ လုံးဝကွာဟနေမည်သာဖြစ်သည်။ အထူးသဖြင့် ပြီးခဲ့တဲ့နှစ်တွေမှာကွေ့ဟယ်က အမဲလိုက်ရာတွင် အရင်ကထက် ပိုမိုအောင်မြင်လာလေသည်။
ထို့အတွက်ကြောင့် ထာ့က ဒီရှားပါးအပင်များကိုရှာဖို့စိတ်အားထက်သန်နေလေသည် ။ သူက ဘိုးဘေးများဆီကကောင်းချီးရအောင်ပင် ရှောက်ရွှမ်ကိုသူတို့အဆင့်မြင့်အဖွဲ့ထဲ ခေါ်လာခဲ့သေးသည်။
သို့သော် ထာ့က သူတို့ရှားပါးတာတစ်ခုခုနဲ့တွေ့ရမည်လို့တော့မထင်မှတ်ထားပေ ။ ဒီရှားပါးတဲ့အရာအားလုံးကို ရှောက်ရွှမ် ဖမ်းထားသည့်အတွက် သူ့စိတ်မှာရှုပ်ထွေးလာသည်။
မနေ့ကပင် သူက ဒီထောင်ခြောက်များက လူ့စိတ်စွမ်းအားကို လျော့နည်းစေတဲ့လှည့်ကွက်လေးတွေဟုပင်သူပြောခဲ့သေးသည်။ ဒီနေ့တော့ သူ့ပါးကိုတစ်ယောက်ယောက် ရိုက်လိုက်သည့်အလား ဖြစ်လေသော်လည်း ကောင်းတော့ကောင်းပါသည်။
အကယ်၍ သူသာ ဒီထောင်ခြောက်တွေက စာလိပ်အဆုံးကအပင်တွေကို ဖမ်းနိုင်မှန်းသိလျှက် ထာ့ဘယ်တုန်းကမှ လှည့်ကွက်လေးတွေဟုခေါ်မည်မဟုတ်ပါပေ။
" ဒါ စာလိပ်အဆုံးက လေဘောလုံးလေးပဲ "
ထာ့က စာလိပ်အဆုံးက အလုံးပုံလေးတစ်ခုကို လက်ညိုးထိုးပြသည်။
ရှောက်ရွှမ်က တစ်ချက်ကြည့်ကြည့်လိုက်သောအခါ စာလိပ်ပေါ်က ပုံကအတော်လေးရိုးရှင်းသော်လည်း သူတို့မိထားတဲ့အလုံးလေးအပေါ်မှာ ရှိတဲ့ အပေါက်များနဲ့ပုံထဲကအလုံးလေးအပေါက်များကတော့အတူတူပင် ဖြစ်သည်။
" ဟေး..ဒါက ကြောက်ဖို့ကောင်းတယ် "
အားစွော်က သူ့လက်ကိုပွတ်ကာ ရယ်လေသည် ။
စာလိပ်နောက်ဆုံးက အပင်တခုခုကိုရှာတွေ့လျှင် နတ်ဆေးဆရာရဲ့အရှေ့မှာ သူတို့အဆင့်အတန်းပိုမြင့်သွားမှာကို သိကြလေသည်။
အားလုံးက ဝမ်းမြောက်သွားကြလေသည်။
" ဒီတစ်ခုကကော ဘာလေးလဲ " ထွော်ကမေးလိုက်သည်။
သူတို့အားလုံးက တဖန်ပြန်တိတ်သွားပြီး ထာ့အဖြေကိုစောင့်နေကြလေသည်။ သူတို့ လေဘောလုံးကိုမကြည့်ခင်မှာ ထောင်ခြောက်ထဲက အခြားတစ်ခုလိုမျိုးနဲ့ဆင်တူတာကို စာလိပ်ပေါ်တွင်မတွေ့ချေ။
ထိုအရာလေးရဲ့ခြေထောက်က သစ်ဆေးတွေနဲ့ကပ်နေပြီး သူ့ခါးအောက်မှာလည်း အဖြူရောင်ကြိုးများက ရစ်ပတ်၍ထားလေသည်။ ထို့အတွက်ကြောင့်ပင် ၎င်းက ခြေထောက်ကို မ နိူင်ရင်ပင် လွတ်မသွားခြင်းဖြစ်လေသည်။
အဲ့ဒီအပြင် လူတွေက ထိုအရာလေးမှာ ခြေနဲ့လက်ရှိတာကို မြင်ရလေပြီး သူ့ရင်ဘတ်ပိုင်းကလည်း သစ်ကိုင်းများနှင့်ပြုလုပ်ထားပေသည်။ သို့သော်လည်း ၎င်းတွင်ခေါင်းမရှိပေ။
ထာ့က ဒီခေါင်းမပါတဲ့အရိုးစုလေးကို နားလည်ရခက်တဲ့အကြည့်နဲ့စိုက်ကြည့်နေလေသည်။
" ငါ ပထမဆုံးအဆင့်မြင့်အဖွဲ့မှာပါရတုန်းက နတ်ဆေးဆရာနဲ့အရင်အကြီးအကဲ ကပြောဖူးတယ် "
ထာ့က ချည်ခံထားရတဲ့အစိမ်းရောင်အရိုးလေးကိုလက်ညိုးထိုးရင်း ပြောသည်။
" ဒါ နတ်ဆေးဆရာတို့ပြောဖူးတဲ့ဟာနဲ့ တူနေတယ် ၊ အစိမ်းရောင်သူခိုး "
" အစိမ်းရောင်သူခိုးလား "
" အဲ့တာ ဘာလဲ "
" အသုံးကောဝင်လား ၊ နတ်ဆေးဆရာက သားရေလိပ်အပေါ်မှာ ဖြည့်မထားဘူး "
ကောက်ချက်အမျိုးမျိုးချသံများ ပွက်ပွက်ဆူနေသည်။
ထာ့ကတော့ ထူးဆန်းတဲ့အပြုံးနဲ့ ပြုံးနေလေသည်။
" အသုံးဝင်လား..သောက်ကျိုးနည်းအသုံးဝင်တာပေါ့ ၊ ဒီ့ထက်အသုံးဝင်တာမရှိတော့ဘူး ၊ ဒါသာ အစိမ်းရောင်သူခိုးအစစ်သာဆို ငါတို့ပြန်ရောက်ရင် မျိုးနွယ်စုထဲ သူရဲကောင်းဘွဲ့တောင်ရနိုင်တယ်အစိမ်းရောင်သူခိုးကနေလုပ်တဲ့ဆေးတွေက လူတွေကိုအမှောင်ထဲမှာမြင်ရအောင်လုပ်ပေးတယ် "
စစ်သည်တော်အားလုံးက အသက်ဝဝရှူလိုက်ကြပြီးနောက် သူတို့အသက်ရှူသံများပိုပိုမြန်လာကြသည်။
ညအမြင်အာရုံ..ဒါ သူတို့အားလုံးရှာဖွေနေကြသည့်အရာပါပေ။
လူတွေက ဘာလို့ ညကိုကြောက်ကြသလဲ ၊ ဘာလို့ဆို ညကျရင် သူတို့မြင်နိုင်စွမ်းမရှိတော့၍ပင် ၊ အလယ်တန်းစစ်သည်တော် နှင့် အကြီးတန်းစစ်သည်တော် များပင်လျှင် အမှောင်နဲ့ရင်ဆိုင်ရရင် ကြောက်တတ်ကြသည်ပင်။ ထို့ကြောင့် အမဲလိုက်စစ်သည်တော်တွေက ညဘက်အမဲလိုက်ရမယ့်အစား သစ်ခေါင်းများ၊ဂူများတွင် ပုန်းအောင်းကြရခြင်းဖြစ်သည်။
မျိုးနွယ်စုစစ်သည်တော်များက သားရဆိုးတွေ၊တိရိစ္ဆာန်အမျိုးမျိုး အမဲလိုက်ခဲ့သော်လည်း ထိုအထဲကအများစုက ညမှကျက်စားသော သတ္တဝါများပင်ဖြစ်သည်။
ညမှကျက်စားတဲ့သတ္တဝါမျက်လုံးကိုစားလျှင် အမှောင်ထဲ ရှင်းရှင်းလင်းလင်း မြင်နိူင်သည်ဟု ဆိုကြသော်လည်း ၎င်းမှာအမှန်မဟုတ်ပေ ။ အနည်းဆုံး သူတို့မျက်လုံးများစားခဲ့သူများက သူတို့ညမြင်နိုင်စွမ်းတိုးတက်လာခြင်းကိုပင် မခံစားရပေ။ အသေးစားအကျိုးသက်ရောက်မှုသာ ရှိ၍လည်းဖြစ်နိုင်ပါသည်။
ဒါသာ တကယ် အစိမ်းရောင်သူခိုးဆိုရင်တော့...