အိမ်ပြန်လာပြီ
Vol. 6 Ch. 84
အမဲလိုက်အဖွဲ့ပေါင်းစုံ ဆုံရမည့်အချိန်ရောက်လာသောအခါ အဆင့်မြင့်အဖွဲ့က စုရပ်ကိုပထမဆုံးရောက်နေလေသည်။ သူတို့က သူတို့စုဆောင်းရရှိခဲ့သမျှဆေးပင်တွေသိမ်းဆည်းဖို့ သစ်သားသေတ္တာတစ်ခုဆောက်ရန်လိုအပ်လေသည်။ အစိမ်းရောင်သူခိုးပင်ကြောင့် သူတို့အပြေးမြန်လာကြလေရာ အခြားအဖွဲ့များထက်တစ်ရက်တိတိပင်ပိုစောနေလေသည်။
စုရပ်ကို ရောက်ခြင်းမှလွဲရင် မောပန်းနေတဲ့စစ်သည်တော်များမှာ အနားယူစရာအချိန်များများစားစားမရှိပေ။ သစ်ပင်အနည်းငယ်ခုတ်လှဲပြီးတဲ့နောက် အပြင်ကနေ အသေပိတ်မပစ်ခင် ဆေးပင်တွေအားလုံးထည့်လို့ရသည့် အရွယ်အစား သစ်သား သေတ္တာတလုံးပြုလုပ်လိုက်ကြသည်။
သူတို့က သေတ္တာကိုတင်းနေအောင်နွယ်ကြိုးများနဲ့စည်းနှောင်လိုက်ပြီး အရွက်များနဲ့ဖုံးအုပ်ပစ်လိုက်ကြသည်။ အပြင်ကနေဘယ်သူမှမမြင်နိုင်သလို အင်းဆက်နဲ့အခြားအကောင်ပလောင်များအထဲကိုမဝင်နိုင်ရန်လည်းကာကွယ်ပေးထားလေသည်။
သူတို့အပင်တွေကိုထုပ်ပိုးပြီးသည့်အခါ အဆင့်မြင့်အဖွဲ့က နှစ်ဖွဲ့ခွဲလိုက်ကာ တစ်ဖွဲ့က အပင်တွေကိုစောင့်ကြည့်ရန်ဖြစ်ပြီး တခြားအဖွဲ့ကတော့ အမဲလိုက်ထွက်ရပေမည်။ သူတို့အားလုံးအမဲရနိုင်စေရန်အတွက် အလှည့်ကျနှင့် အမဲလိုက်ခွင့်ပြုထားလေသည်။
ဆိုရသော် သူတို့ရက် ၂၀လောက်အပြင်ထွက်သွားပြီးသည့်နောက် အနည်းဆုံးတော့ အိမ်ကိုတစ်ခုခုပြန်ယူလာသင့်ပေသည်။ မဟုတ်ရင် နောက် ရက်ဒါဇင်ပေါင်းများစွာမှာသူတို့ဘာကိုစားကြမှာလဲ ။ ထို့ပြင် သူတို့အောင်မြင်ခြင်းလမ်းမကို လမ်းလျှောက်ရတဲ့အခါ သူတို့တစ်ခုခုဆွဲသွားဖို့ရာလိုအပ်ပေသည်။ မဟုတ်ပါက ရှက်စရာကောင်းပေလိမ့်မည်။
စုရပ်ရဲ့အနီးတဝိုက်မှာ အဆင့်မြင့်သားရဲကြီးတွေ အများအပြားမရှိလေရာ သူတို့သိုလှောင်ထားတဲ့ဧရိယာမှာ အနိုင်ယူဖို့ခက်ခဲတဲ့အန္တရာယ်များရှိလာနိုင်သည်ကိုတွေးပူရန်မလိုပေ ။ ထို့ပြင် စုရပ်မှာ တောင်ထိပ်အနီးတဝိုက်တွင်ဖြစ်လေရာ အနီးတဝိုက်တွင် တိရိစ္ဆာန်အနည်းငယ်သာရှိလေသည်။
ရှောက်ရွှမ်က ပထမအဖွဲ့နဲ့ အတူတွဲကာ အမဲလိုက်သွားချင်လေသည်။ ထာ့က သူ့စိတ်အခြေအနေကောင်းနေသည့်အတွက်ခွင့်ပြုလိုက်လေသည်။ မည်သို့ပင်ဖြစ်စေ အနီးအနားက သားရဲဆိုးကြီးများမှာလည်း အရမ်းအန္တရာယ်မများလှပါပေ ။ ထို့ကြောင့်တခုခုသာဖြစ်ရင် အမဲလိုက်အဖွဲ့ကအခြားစစ်သည်တော်များကသူ့ကိုကောင်းကောင်းကာကွယ်ပေးနိုင်ပေလိမ့်မည်။
နောက်တစ်နေ့တွင် အခြားအမဲလိုက်အဖွဲ့များလည်းစုရပ်ကိုစတင်ရောက်လာကြလေသည်။
မိုင်ရဲ့အမဲလိုက်အဖွဲ့ကတော့ အဖွဲ့ ၅ ဖွဲ့ထဲမှာ ဒုတိယရောက်လာသည့်အဖွဲ့ဖြစ်သည်။ စစ်သည်တော်များ၏မျက်နှာမှာ အတော်လေးပျော်ရွှင်နေသည့်အတွက် ယခုတစ်ခေါက် အမဲကောင်းကောင်း ရလာခဲ့ပုံရလေသည်။
" အားရွှမ်..အဆင့်မြင့်အဖွဲ့ကဘယ်လိုနေလဲ ၊ မင်းကြည့်ရတာတော့ အဆင်ပြေနေပုံပဲ "
လန်ကာ့ ရယ်ရယ်မောမောဖြင့် ရှောက်ရွှမ် လက်မောင်းကိုရိုက်ရင်းပြောလာသည်။ သို့သော် သူ့မျက်လုံးက အခြားအဆင့်မြင့်အဖွဲ့ကစစ်သည်တော်များဆီရောက်သွားသောအခါ သူ့အပြုံးကအေးခဲသွားသည်။
လန်ကာ့တင်မဟုတ်ပဲ အခြားအမဲလိုက်အဖွဲ့များက အခြားသူများကလည်း အဆင့်မြင့်အဖွဲ့ ဖြစ်နေတဲ့အခြေအနေကိုကြည့်ကာ သူတို့အတော်လေးဒုက္ခကြီးကြီးမားမားတွေ့ခဲ့တာဖြစ်နိုင်သည်ဟု တွက်ဆနေကြလေသည်။
အဆုံးမရှိတဲ့ ပြေးလွှားရပြီး ၊သတ်ဖြတ်ရသော ရက်အနည်းငယ်ပြီးတဲ့နောက်မှာ သူတို့နောက်ဆုံးစုရပ်ကိုရောက်လာသောအခါတွင်လည်း သေတ္တာလုပ်ခြင်း ၊ ဆေးပင်များထုပ်ခြင်းနဲ့အလွန်အလုပ်များနေလေသည်။ ထို့ပြင် သူတို့ကတောင်အောက်ကိုဆင်းကာ သူတို့ အဆင့်အတန်းနဲ့ဂုဏ်သိက္ခာကိုထိန်းဖို့ရာ အမဲလိုက်ရသေးလေသည် ။ထို့အတွက် သူတို့က လွယ်တဲ့သားကောင်များကိုလည်း မရွေးနိုင်ကြလေရာ သူတို့မှာအနားယူရန်အချိန်ပင်မရှိသေးချေ။
စစ်သည်တော်အယောက်လေးဆယ်ကိုနှစ်ဖွဲ့ခွဲကာ တောင်အောက်ကိုဆင်း၍အမဲလိုက်ကြရလေသည်။ သူတို့မနေ့ညကသာ နားရသေးပြီး တစ်ညတာအနားယူရခြင်းက သူတို့ပင်ပန်းမှုများပြေပျောက်ဖို့ရာမလုံလောက်သေးပါချေ။ အခြားသူများစုရပ်ကိုလာကြသောအခါ သူတို့က အရှုပ်ထုပ်များဖြစ်နေလေသည်။ အမြန်သန့်ရှင်းရေးလုပ်လိုက်လျှင်တောင်မှ သူတို့ကအရှုပ်ထုပ်ပုံပေါက်နေဆဲပင်။
ယခုလောက်အထိ အရှက်ရတာမျိုး အမဲလိုက်အဖွဲ့မှာ ရှိနိုင်ပါဦးမလား ၊ အခြားသူများကတော့ အမျိုးမျိုးခန့်မှန်းကြည့်ကြလေသည်။ အနည်းဆုံး သူတို့နိုးထပြီး အမဲလိုက်အဖွဲ့ထဲစလိုက်ရကတည်းက အဆင့်မြင့်အဖွဲ့ကို ဒီလိုလူမဆန်တဲ့ညှင်းပန်းနှိပ်စက်မှုမျိုးခံလာရတဲ့ပုံနှသ့် ဒီလိုအခြေအနေမျိုး မမြင်ဖူးခဲ့ပါပေ။
အကြောင်းပြချက်ကိုတော့ သူတို့မတွေးတတ်ကြတော့သော်လည်း ဒီတခါအမဲလိုက်ခရီးရဲ့ကွာခြားချက်များကို နှိုင်းယှဥ်ကြည့်နေကြသည်။ ကွဲခြားချက်တခုကတော့ ရှောက်ရွှမ် အဆင့်မြင့်အဖွဲ့နဲ့တွဲပြီးလိုက်သွားခြင်းပင်ဖြစ်သည်။
အခြားကလေးများကတော့ သူတို့ပထမဆုံးအမဲလိုက်ခရီးပါဝင်ရတဲ့ ပျော်ရွှင်မှုအကြားနစ် မြောနေကာ အခုမှနိုးထကာစအခြားစစ်သည်တော်လေးများနဲ့သူတို့အတွေ့အကြုံကို ပြန်လည်ဆွေးနွေးနေကြသည်။ သို့သော် သူတို့ကယခုရှောက်ရွှမ်အကြောင်းကိုအချင်းချင်းတီးတိုးပြောနေကြသည်။
" ကြည့်..အဆင့်မြင့်အဖွဲ့ထဲက စစ်သည်တော်တွေအကုန်လုံး ပင်ပန်းနေကြတာ ၊ သူတို့ရှောက်ရွှမ်ကိုကာကွယ်ပေးနေရလို့နေမှာ..ဒါပေမဲ့ ရှောက်ရွှမ်ကတော့ အဆင်ပြေနေပုံပဲ "
" ဟုတ်တယ် ၊ အမှန်ပဲ ၊ သူကတော့ဝန်ထုပ်ဝန်ပိုးကြီးဖြစ်နေမှာသေချာတယ် "
" သူ ဘိုးဘေးတွေကောင်းချီးပေးတာခံရတော့ကော ဘာဖြစ်လဲ ၊ ကံက သူ့ကိုအမြဲတမ်း မ နေမှာမဟုတ်ဘူး ၊ ပြောရရင် သူဘေးကင်းကင်းပြန်လာတာကတင် ကံကောင်းနေပြီ "
" ဒီပုံကြည့်ရတာတော့ နောက်တစ်ခါဆိုရင်သူ့ကိုအဆင့်မြင့်အဖွဲ့ထဲ လိုက်သွားဖို့ခွင့်ပြုတော့မှာ မဟုတ်လောက်ဘူး "
" ငါတို့လို အမဲလိုက်အဖွဲ့အသေးလေးထဲမှာနေပြီး ကောင်းကောင်းမွန်မွန် နေတာကမှ သူ့အတွက်ပိုကောင်းဦးမယ် ၊ သူက အဆင့်မြင့်အဖွဲ့လို အရွယ်မရောက်သေး သန်မာသေးတာလည်းမဟုတ်ဘူး ၊ သူကငါတို့လိုအငယ်တန်းစစ်သည်တော်လေးပဲ ရှိသေးတာ ၊ ဒါပေမဲ့သူက အားအကောင်းဆုံးအဖွဲ့နဲ့မှတွဲသွားချင်နေတယ် "
ကလေးအဖွဲ့ကသာ ထိုသို့တွေးကြခြင်းမဟုတ်၊ အခြားအမဲလိုက်အဖွဲ့ကလူများကလည်း ထိုသို့တွေးကြလေသည် ။ အဆင့်မြင့်အဖွဲ့ထဲမှာရှောက်ရွှမ်ကလွဲရင် ကျန်တဲ့သူအကုန်လုံးက နွမ်းနယ်ကာ ပင်ပန်းနေကြပုံမှာ အဖွဲဲ့ထဲမှ လူသစ်လေးများကို အကောင်းဆုံးကြိုးစားကာကွယ်ထားကြသည့် အတွေ့အကြုံရှိဝါရင့်စစ်သည်တော်များနှင့်တူနေလေသည်။ သူတို့အဖွဲ့ထဲမှာ ရှောက်ရွှမ် ရှိနေလေရာ သူတို့မောပန်းနေရခြင်းမှာလည်း အကျိုးအကြောင်းသင့်လေသည်။
အဆင့်မြင့်အဖွဲ့ အမဲလိုက်သွားရသည့်နေရာမှာ ပိုပြီး အန္တရာယ်များသည်မှာ သေချာလေရာ အမှားသေးသေးလေးတခုကပင် နောက်ဆက်တွဲပေါင်းများစွာရင်ဆိုင်ရပြီး မတူညီတဲ့ရလဒ်များထွက်လာနိုင်လေသည်။ ရှောက်ရွှမ်တစ်ယောက်တည်းကသာ ဒီအချိန်မှာ တည်ငြိမ်မှုမရှိစေသည့်လူပင်ဖြစ်သည်။
" ရှောက်ရွှမ် ကိုအဆင့်မြင့်အဖွဲဲ့ထဲ ထည့်ဖို့ခွင့်မပြုသင့်ဘူးလို့ငါပြောခဲ့သားပဲ " တစ်စုံတစ်ယောက်ကတီးတိုးပြောလေသည်။
" အဆင့်မြင့်အဖွဲ့ထဲက လူတွေ ရှောက်ရွှမ် ဆိုတဲ့ကလေးကိုကာကွယ်ဖို့ တကယ်ကိုအစွမ်းကုန်ကြိုးစားခဲ့တာဖြစ်ရမယ်။ သူတို့နွမ်းနေတဲ့မျက်နှာတွေကိုကြည့်ပါဦး ၊ အရင်က ဒါမျိုးမတွေ့ဖူးပေါင် "
" အဆင့်မြင့်အဖွဲ့ ဒီတစ်ခါတော့ တကယ့်ပြသာနာတွေဖြေရှင်းခဲ့ရပုံပဲ "
" ဒီလို ဒုက္ခတွေရောက်ခဲ့ရတာတောင်မှပဲ ရတဲ့အမဲကနည်းလိုက်တာ "
" ကျုပ်တော့ ကျုပ်သားက ရှောက်ရွှမ် ထက်တော့မဆိုးနိုင်ဘူးလို့ထင်တယ် ၊ အနာဂါတ်မှာ သူအဆင့်မြင့်အဖွဲ့ထဲကို ပါရင်ပါနိုင်လောက်ဦးမှာ "
" အားရွှမ် ဆိုတဲ့ကလေးနောက်ဆုံးတစ်ခါတုန်းက သားရဲအမြင့်စားကို အမဲလိုက်နိုင်ခဲ့လို့ အဆင့်မြင့်အဖွဲ့ထဲကတစ်ယောက်ယောက်က သဘောကျပြီး သူ့သမီးနဲ့ပေးစားချင်နေတာဖြစ်ရမယ်၊ အဲ့တာကြောင့် ရှောက်ရွှမ်ကအဆင့်မြင့်အဖွဲ့ထဲကို အထူးပါဝင်ခွင့်ရတာဖြစ်မယ် "
" လျှောက်ပြောမနေပါနဲ့ ၊ အဖွဲ့ခေါင်းဆောင်မှာ သမီးမှမရှိတာ "
" ဒါပေမဲ့ အခြားသူတွေမှာ သမီးရှိတယ် "
" ဟေ့..နားထောင်ဦး ၊ မျိုးနွယ်စုကိုပြန်ရောက်ရင် ရှောက်ရွှမ်ကို အဆင့်မြင့်အဖွဲ့ထဲက အခြားသူတွေက ကန်ထုတ်ပစ်မယ်လို့ထင်လား "
" ဟားဟား..ဖြစ်နိုင်တယ် "
ဘယ်သူပြောလိုက်မှန်း မသိပေမဲ့ အားလုံးက စတင်ကျယ်လောင်စွာရယ်မောကြလေသည်။ သို့သော် သူတို့ရယ်သံများက သိပ်မကြာလိုက်ပဲ သူတို့မျက်နှာများအေးစက်သွားလေသည်။ အကြောင်းမှာ အဆင့်မြင့်အဖွဲ့က လူလေးဆယ်လောက်က ငတုံးတွေကိုကြည့်နေရသည့်အလား သူတို့ဘက်ကိုကြည့်နေသောကြောင့်ပင် ဖြစ်သည်။
အကယ်၍ အဆင့်မြင့်အဖွဲ့ထဲကလူတွေသာ မလှုပ်နိုင်လောက်အောင်ပင်ပန်းနေခြင်းမဟုတ်ပါက သူတို့ခေါင်းလှည့်ပြီးတာနဲ့ သူတို့ကိုကန်ပစ်လိုက်မည်ဖြစ်သည်။
အားရွှမ်က အသုံးမဝင်ဘူးတဲ့လား? ဒီကောင်လေး ဆင်တဲ့ထောင်ခြောက်တွေကို မင်းတို့မြင်ဖူးလို့လား၊
ဒီကောင်လေး အစိမ်းရောင်သူခိုးကိုဖမ်းမိတာကိုကော မင်းတို့သိရဲ့လား ၊ ဒီကလေး မီးလှံရှည်ပင်နှစ်ပင်ကို ဖြတ်ပစ်ပြီး သူတို့သွေးတွေနဲ့မြေကို တစ်ချက်တည်းနဲ့လွှမ်းသွားစေခဲ့တာ မင်းတို့မြင်ဖူးရဲ့လား ၊ မင်းတို့ ပေါက်ကရပြောနေတဲ့သူအကြောင်းကို မင်းတို့ဘာမှတောင် မသိဘူးပဲ ။
သူတို့ ဘာမှမတတ်နိုင်သော်လည်း သူတို့ကိုယ်တိုင်ရှောက်ရွှမ်ကိုလှောင်ရယ်နေတဲ့အချိန်ကို သူတို့ပြန် တွေးကြည့်မိနေသည်။ အဆုံးမှာတော့ တောထဲရောက်တဲ့နှစ်ရက်မှာပင် သူတို့မျက်နှာများဖြတ်ရိုက်ခံလိုက်ရလေသည်။
သူတို့ အတော်ဒုက္ခ ခံစားရသည်တဲ့လား ၊ သူတို့သာ လေဘောလုံးနဲ့အစိမ်းရောင်သူခိုးပင်ကိုသာ ဖမ်းဖို့အခွင့်ရှိလျှင်သူတို့နေ့တိုင်း ဒုက္ခခံရဖို့ပင် စိတ်လိုလက်ရ ရှိပေလိမ့်မည်။
သူတို့လမ်းတစ်လျှောက် ရင်ဆိုင်ခဲ့ရတဲ့ပြသာနာများကတော့ ပြောဖို့ရာ နည်းပင်နည်းပါသေးသည်။ အရာအားလုံးမှာတန်ဖိုးရှိလေသည်။ သူတို့က အစိမ်းရောင်သူခိုးပင်ကဲ့သို့ တန်ဖိုးရှိလှသည့်အရာတခုကိုတွေ့လေရာ ဒီ့ထက်အားပိုစိုက်ဖို့ရာပင်ထိုက်တန်လေသည်။ သူတို့အမဲလိုက်အဖွဲ့ထဲကို ပထမဆုံးစဝင်ကတည်းက သူတို့အထက်တန်းလွှာအခွင့်ထူးခံများဖြစ်လာဖို့ စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်ထားပြီးဖြစ်လေသည်။
အနှိပ်စက်ခံရတာလား ၊ သူတို့သာ သားရေစာလိပ်ပေါ်က ရှားပါးအပင်များကိုပိုရှာနိုင်လျှင် ၊ အစိမ်းရောင်သူခိုးပင်လိုအရာများ စားရမည်ဆိုလျှင် ၊ ဒီလိုအံ့သြဖွယ်ရတနာများကိုသာတွေ့ရလျှင် သူတို့စိတ်နှလုံးအပြည့်နှင့် ဒီလိုနှိပ်စက်ခံရမှုမျိုးနေ့တိုင်းခံနိုင်ပေသည်။
အဆင့်မြင့်အဖွဲ့ရဲ့စစ်သည်တော်များမျက်နှာအမူအရာမကောင်းသည်ကိုမြင်ရသောအခါ အဖွဲ့ငယ်လေးများရဲ့ခေါင်းဆောင်တို့က စကားပြောနေကြသည့်သူများကို တစ်ချက်ကြည့်ကာ ရပ်လိုက်ကြဖို့သတိပေးလိုက်သည်။
အဆင့်မြင့်အဖွဲ့ကသူများလွဲရင် ထာ့ကသာ ရှောက်ရွှမ်ကိုသူတို့အမဲလိုက်အဖွဲ့ထဲပါဖို့ အရင်ကမ်းလှမ်းတဲ့သူဆိုတာကို ဘယ်သူကမှမသိပါချေ။ အခြားဘယ်သူကမှ ရှောက်ရွှမ်က ဒီလိုတောင်းဆိုမှုမျိုးမလုပ်ခဲ့သည်ကို မသိကြလေရာ သူတို့မှာအတွေးပေါင်းစုံရှိကြမည်မှာ သဘာဝပါပင် ။
သို့ပေမဲ့ တချို့ထက်ထက်မြက်မြက်ရှိသူများကတော့ တကယ့်အခြေအနေက ပိုပြီးရှုပ်နေနိုင်သည်ဟု ခန့်မှန်းမိကြလေသည်။ သို့သော် အဆင့်မြင့်အဖွဲ့မှာ ဘာတွေကြုံနေရပါစေ ၊ ထိုအရာက သူတို့အတင်းပြောရမည့်အကြောင်း မဟုတ်ပါပေ ။
" အရည်အချင်းကျမရှိဘဲ သူများကိုလှောင်ရယ်နေကြသေးတယ်"
လန်ကာ့က လှောင်ရယ်တဲ့အကြည့်ဖြင့်စကားပြောနေကြသည့်သူများအား လှောင်လိုက်သည်။
" မင်း ဘာပြောလိုက်တာလဲ "
အခြားလူအုပ်ထဲက လူတစ်ယောက်က ရုတ်တရက်ထရပ်လိုက်သည်။ အဆင့်မြင့်အဖွဲ့နဲ့ပတ်သက်၍ သူတို့ဘာမှမလုပ်နိုင်သော်လည်း သူ့ကိုပါမထိရဲဟု မဆိုလိုပါပေ ။
" အရှုံးသမားလို့ မင်းကိုငါခေါ်တာ ၊ ဘာဖြစ်လဲ "
လန်ကာ့ကလည်း ကြောက်ရွံ့မနေပါချေ။
လန်ကာ့တို့အမဲလိုက်အဖွဲ့က စစ်သည်တော်အချို့ကလည်း သူနဲ့အတူ ထရပ်လိုက်ကြသည်။ သူတို့လည်း ရှောက်ရွှမ်အပေါ်ကိုအလွန်အထင်ကြီးလေသည်။ ဘိုးဘေးများကောင်းချီးပေးသည်ဖြစ်စေ မ ပေးသည်ဖြစ်စေ ရှောက်ရွှမ်က တော်တဲ့စစ်သည်တော်တယောက်ဟုခံစားရလေသည်။ ၎င်းက လုံလောက်သည့်အကြောင်းရင်းပါပေ။
အမဲလိုက်အဖွဲ့နှစ်ခု အချင်းချင်းရန်ဖြစ်ကြတော့မည့်အချိန်တွင်ပင် အဖွဲ့ခေါင်းဆောင်ကအော်လိုက်သည်။
" အားလုံးပါးစပ်ပိတ်ထားကြ "
ထာ့က နှစ်ဖွဲ့လုံးကို အေးစက်တဲ့အကြည့်နဲ့ အေးတိအေးစက်အသံနဲ့ပြောလိုက်သည်။
" နောက်ထပ်စကားပြောတဲ့ဘယ်သူမဆို နောက်အမဲလိုက်ခရီးကိုလိုက်ဖို့မေ့လိုက်တော့ "
နှစ်ဖက်လုံးကလူများက အဖွဲ့ခေါင်းဆောင်မှာ နောက်အမဲလိုက်ခရီးကို ဘယ်သူလိုက်ရမလဲ ဆုံးဖြတ်ခွင့်ရှိလေသည့်အတွက် ချက်ချင်းတိတ်သွားကြသည်။
လန်ကာ့က အမဲလိုက်အဖွဲ့က အနားယူတဲ့နေရာကိုပြန်လျှောက်သွားတဲ့အခါမှာ ရှောက်ရွှမ်က အဆင့်မြင့်အဖွဲ့နားတဲ့နေရာကနေ သူ့ကိုလက်လှမ်းပြလေသည်။ သူ့မျက်နှာမှာ စောစောက မကျေနပ်သည့်အရိပ်အရောင်များတွေ့ရသော်လည်း ဒါပေမဲ့ ယခုတော့ သူက ရှောက်ရွှမ်ကို အပြုံးကြီးကြီးပြုံးပြလေသည်။ ရှောက်ရွှမ်ရဲ့အမူအရာကိုကြည့်ရတာ သူတို့အိမ်ပြန်ရောက်တဲ့အခါ သူ့အတွက်ကောင်းတာတစ်ခုခု သူ့မှာရှိသည်ဟု ပြောနေသကဲ့သို့ပင် ။
အမဲလိုက်အဖွဲ့အားလုံးစုမိကြသောအခါ ထာ့ကဦးဆောင်ကာ မျိုးနွယ်စုဆီကို ပြန်ကြလေသည်။
မျိုးနွယ်စုအတွင်းမှာတော့.....
လောင်ခဲ့က သူ့လက်ထဲမှာတောင်ဝှေးကိုကိုင်ကာ လေ့ကျင့်ရေးကွင်းထဲက ကျောက်တုံးတစ်တုံးပေါ်ထိုင်ကာ အတွေးနယ်ချဲ့နေပုံပေါက်လေသည်။
ရုတ်တရက် သူအသံကြားလို့မော့ကြည့်လိုက်သောအခါ ဆီဆာဖြစ်နေပြီး သူ့ဆီကို ပါးစပ်မှာ မြက်အရည်များဖုံးနေသည့်ကျောက်တုံးတစ်တုံးကိုကိုက်ကာ ပြေးလာလေသည်။
ရှောက်ရွှမ် ထွက်ပြီးတဲ့နောက် လောင်ခဲ့က ဆီဆာကိုလေ့ကျင့်ပေးတာကို မရပ်ခဲ့ပေ ။ သူက ရှောက်ရွှမ် နည်းလမ်းများဖြင့် ဆီဆာ့ကိုလေ့ကျင့်ပေးသည်။ ဒီကလေးရဲ့နည်းလမ်းတွေက တော်တော်လေးကောင်းသည်ကိုတော့ သူဝန်ခံရပေမည်။ ဆီဆာသည် အတော်လေး သိသိသာသာတိုးတက်လာလေသည်။ သူကအတော်ဝေးဝေးကို ပစ်လိုက်သည့်ပစ္စည်းကိုပင် သူကမြန်မြန်ရှာဖွေပြီး ပြန်ယူလာနိုင်ပေသည်။
ဆုချသည့်အနေနှင့် လောင်ခဲ့က ဆီဆာ့ကို အမဲတစပစ်ကျွေးလိုက်လေသည်။ သူ ဘာမှမပြောခင်မှာ အမဲလိုက်အဖွဲ့ ပြန်လာကြောင်း အော်ဟစ်ကာ တစ်ယောက်ယောက်ပြေးလာသည်ကို တွေ့လိုက်ရသည်။
နေ့တွေကို ရေတွက်လိုက်ရာ အမဲလိုက်အဖွဲ့ ပြန်လာသင့်သည့်အချိန်ဖြစ်လေသည်။ လောင်ခဲ့ နည်းနည်းလေးမှထပ်မစောင့်နိုင်တော့ပေ ။ ဆီဆာ အသားတုံးကို စားပြီးသည့်နှင့် သူက ဝံပုလွေကျောပေါ်ထိုင်ကာ သူ့ခေါင်းကိုဖွဖွပုတ်ရင်း
" အိမ်မြန်မြန်ပြန်ရအောင် ၊ အားရွှမ်ပြန်လာတော့မယ်တဲ့ "
ပထမက ဆီဆာကပြန်ဖို့အင်တင်တင်ဖြစ်နေသော်လည်း ရှောက်ရွှမ် နာမည်ကြားရသောအခါ လောင်ခဲ့က ဖြေးဖြေးသွားဖို့အမိန့်ပေးသည်ကိုပင်နားမထောင်တော့ပဲ မြန်မြန် စပြေးလေတော့သည်။
ဒဏ်ရာရသူများကိုတော့ မျိုးနွယ်စုကို ပြန်ပို့ပြီးဖြစ်ကာ လောင်ခဲ့မျိုးနွယ်စုကို ပြန်ရောက်ချိန်မှာတော့ အောင်မြင်ခြင်းလမ်းမတစ်လျှောက်မှာ လူပေါင်းများစွာလည်ဆန့်ကာ စောင့်နေကြလေသည်။
နောက်ဆုံးမှာတော့ အဝေးမှပုံရိပ်များပေါ်လာလေသည်။ တောင်ခြေမှာ ရပ်နေတဲ့သူက စောင့်နေတဲ့သူများကို လေချွန်ကာ အချက်ပေးလိုက်လေသည်။
အမဲလိုက်အဖွဲ့က နောက်ဆုံးမှာအောင်မြင်ခြင်းလမ်းမကို ခြေချလိုက်သောအခါ လမ်းတစ်လျှောက်က လူများက ထိန်းမရသိမ်းမရ အားပေးအော်ဟစ်ကြလေသည်။ ဒီတစ်ခေါက် သူတို့ကလေးတွေ အမဲလိုက်ခရီး ပထမဆုံးလိုက်သွားကြသည့်သူများ၏မိသားစုများသည် တစ်မိသားစုလုံး သူတို့အိမ်အပြန်ကိုလာကြိုကြလေသည်။
ရှောက်ရွှမ်ကို အကောင်းတိုင်းမြင်ရတဲ့အခါ လောင်ခဲ့ကနောက်ဆုံးစိတ်အေးသွားလေသည်။ သို့သော် အဆင့်မြင့်အဖွဲ့ထဲကအခြားသူတွေကို ကြည့်လိုက်မိတဲ့အခါ သူနည်းနည်းရင်ခုန်သွားလေသည်။ သူ့ထက်မြက်တဲ့မျက်လုံးများနှင့် အဆင့်မြင့်အဖွဲ့စစ်သည်တော်များရဲ့အခြေအနေက ပုံမှန်မဟုတ်သည်ကိုအလွယ်လေးရှာတွေ့နိုင်လေသည်။
ရှောက်ရွှမ် က သူမထွက်ခင်က " စိတ်ချလက်ချနားနေလို့ရပါတယ် "လို့ပြောတဲ့အချိန်များကို ပြန်သတိရမိသည်။ လောင်ခဲ့က သူ့ဘယ်လက်နဲ့သူ့ရင်ဘတ်ကို အုပ်ကာ သူ့ခုန်နေတဲ့နှလုံးကိုငြိမ်အောင်မထိန်းနိုင်တော့ပေ။ " စိတ်ချလက်ချ နားနေလို့ရပါတယ် " လို့ ရှောက်ရွှမ် ပြောခဲ့သည့်အချိန်တိုင်း တစ်ခုခုတော့ကြီးကြီးမားမားဖြစ်တတ်သည်ကို။