← Chapters

နတ်ဆေးဆရာရဲ့ကောင်းချီး

Vol. 6 Ch. 87

နတ်ဆေးဆရာရဲ့ကောင်းချီး

Vol. 6 Ch. 87

နောက်နေ့ တောင်ပေါ်သွားတဲ့အခါ ရှောက်ရွှမ်ကသားရေအိတ်လေးကိုယူသွားခဲ့သည်။ သူက ငှက်ကိုထိန်းသိမ်းထားတဲ့အကြောင်း နတ်ဆေးဆရာကိုအသိပေးတာက ပိုကောင်းလိမ့်မည်ဟု ထင်သည်။

သားရေအိတ်ထဲမှာ ချာချာ ပါသည်။ ဒီအသေးလေးက သားရေအိတ်ထဲ ခဏခဏထည့်ပြီးသယ်သွားခံရတဲ့အတွက် သူက အကျင့်ဖြစ်နေရာ အထဲမှာတော့ သူကတိတ်တိတ်နေလေသည်။

တောင်ထိပ်ဘက်ကလူများက ရှောက်ရွှမ်နဲ့အတော်လေးရင်းနှီးကြလေရာ တချို့ဆိုရင်သူ့ကိုတွေ့သည်နှင့် နှုတ်ဆက်ကြလေသည်။ ထာ့ အမဲလိုက်အဖွဲ့က ဖြစ်ဖြစ် ၊ အခြားအဖွဲ့ကဖြစ်ဖြစ် သူ့ကိုနှုတ်ဆက်လာတဲ့လူတိုင်းကို ရှောက်ရွှမ်က အပြုံးလေးနဲ့တစ်ယောက်ချင်းစီတိုင်းကို ပြန်နှုတ်ဆက်လိုက်သည်။

" မင်း လာပြီပဲ "

နတ်ဆေးဆရာက ကျောက်တုံးခန်းထဲမှာနေရင်း ရှောက်ရွှမ်ကိုစောင့်နေခဲ့သည်။ ရှောက်ရွှမ် ဝင်လာတာကိုမြင်ရတဲ့အခါ သူ့မျက်နှာကအပြုံးက ပို၍ပီသလာသည်။ သူ့မျက်နှာက အရေးအကြောင်းများက သူ့မျက်နှာတခုလုံးကို ပြန့်ကားသွား၏။

ရှောက်ရွှမ်ကအတော်လေး ငယ်သေးသည်ကိုဖယ်လျှင်ပင် နတ်ဆေးဆရာက လူတိုင်းကို သဘောကောင်းကောင်းနှင့်ဆက်ဆံတတ်သူမဟုတ်ပါပေ ။ သူက နတ်ဆေးဆရာ ဒီလိုပုံစံ ဆက်ဆံတာခံရတဲ့ တစ်ယောက်တည်းသော သူသာဖြစ်လေသည်။ ဘာမှပြောဖို့မလိုပဲ ရှောက်ရွှမ်ကကောက်ရိုးဖျာလေးပေါ်ကို တိုက်ရိုက်ဝင်ထိုင်လိုက်သည်။

" ကျိကျိ "

ရှောက်ရွှမ် ထိုင်လိုက်သည်နှင့် ချာချာက သားရေအိတ်ထဲကနေအသံထွက်လာလေသည်။ သူက ပတ်ဝန်းကျင်က ထူးဆန်းတဲ့နေရာရောက်နေသည်ကိုအာရုံခံမိသည် ထင်၏ ။ သားရေအိတ်က ဖျာပေါ်ကျသွားတဲ့အခါ ချာချာက ခဲခဲယဥ်းယဥ်းအော်ဟစ်လေသည်။

ရှောက်ရွှမ် အထဲဝင်လာကတည်းက နတ်ဆေးဆရာက သူယူလာတဲ့သားရေအိတ်ကို အကြိမ်အနည်းငယ်တော့ကြည့်နေမိလေသည်။ အခု ဒီအသံကြားရသောအခါ နတ်ဆေးဆရာမျက်နှာက အပြုံးမှာ သိချင်နေသော မျက်နှာအမူအရာအဖြစ်ပြောင်းလဲသွားသည်။

ရှောက်ရွှမ် အိတ်ထဲကိုလက်လှမ်းလိုက်ကာ ချာချာကို သားရေအိတ်ထဲကအပြင်ထုတ်လိုက်သည်။

ပေါက်ကာစတုန်းကနဲ့ယှဥ်ရင် ချာချာက အခုအတော်လေးကြီးလာပြီး ရှောက်ရွှမ် လက်တစ်ဖက်တည်းနှင့် မနည်းကိုင်ရလေသည်။

" ဒါက.."

နတ်ဆေးဆရာက ရှောက်ရွှမ် လက်ထဲက ငှက်ပေါက်ကလေးကိုစိုက်ကြည့်နေလေသည်။

" ဒါ ကျွန်တော် နောက်ဆုံးတစ်ခေါက်တုန်းက ပြန်ပါလာတဲ့ငှက်ဥကပေါက်လာတာပါ "

ရှောက်ရွှမ် က အကြောင်းစုံကိုသေချာရှင်းပြလိုက်သည်။

" အဲဒါကြောင့် ကျွန်တော်သူ့ကို အစမ်းအနေနဲ့ လေ့ကျင့်ပေးကြည့်နေတာ၊ ကျွန်တော် ဆီဆာကိုလေ့ကျင့်ပေးနိုင်တော့ သူ့ကိုလည်းလေ့ကျင့်ပေးနိုင်မယ်လို့ တွေးထားပါတယ် "

နတ်ဆေးဆရာက နှူတ်ဆိတ်၍သာနေလေသည်။

နတ်ဆေးဆရာက နားလည်ရခက်နေတဲ့ပုံပေါက်နေသေးတာကို မြင်ရတဲ့အခါ ရှောက်ရွှမ် ကအမြန်ထပ်ပြောလိုက်သည်။

" ကျွန်တော်ပြောတာက ကျွန်တော် ဆီဆာကိုအမဲလိုက်ခွေးဖြစ်အောင်လုပ်ကျင့် ပေးနိုင်တော့ ချာချာကိုလည်း စွန်ရဲဖြစ်အောင်လေ့ကျင့်ပေးနိုင်ပါတယ်လို့ ၊ လောင်ခဲ့ကတော့ ချာချာက ရက်စက်ကြမ်းတမ်းတဲ့ အမဲလိုက်သမားဖြစ်နိုင်တယ်လို့ပြောပါတယ် ၊ အဲ့တာကြောင့်ကျွန်တော်သူ့ကိုလေ့ကျင့်ပေးနေတာပါ ၊ အမဲလိုက်တဲ့နေရာမှာ အသုံးဝင်လာလောက်ပါတယ် ၊ အမဲလိုက်တဲ့နေရာမဟုတ်တောင် မျိုးနွယ်စုအတွက် ဝေဟင်ကနေကြည့်ပြီး အန္တရာယ်လာရင်သတိပေးလို့ရတဲ့ ကင်းသမားဖြစ်လာနိုင်လောက်ပါတယ် "

နတ်ဆေးဆရာက ငုံ့ကြည့်လိုက်ပေမဲ့ ဘာအမူအရာမှတော့မပြပေ။ သူက အေးအေးဆေးဆေးဖြင့်ပင် မေးလာသည်။

" မင်း မအောင်မြင်ရင်ရော "

" အဲလိုဆိုရင်တော့ ကျွန်တော်သတ်ပစ်မှာပါ "

ရှောက်ရွှမ်က ဒီကစည်းမျဥ်းတွေအကုန်သိတဲ့အထိ နေရတာကြာလာပြီဖြစ်သည့်အတွက် တုံ့ဆိုင်းခြင်းမရှိ ပြန်ဖြေလိုက်သည်။

စည်းကမ်းမလိုက်နာတဲ့သူက အသတ်ခံရမည် ၊ မဟုတ်လျှင်စွန့်ပစ်ခြင်းခံရပေလိမ့်မည် ။ ပုံမှန်ဆိုရင်တော့ မျိုးနွယ်စုထဲကလူတွေကတော့ ပထမတစ်ခုကိုရွေးကြပြီး သတ်ပစ်ကြလေသည်။ ၎င်းက ထိရောက်ကာ ရိုးရှင်းလေသည်။ သူတို့မှာ အနုစိပ်တဲ့ခံစားချက်များမရှိကြလေရာ သူတို့က ကြမ်းတမ်းတဲ့နည်းကိုသာ သုံးပြီးဖြေရှင်းပေမည်။

" ကောင်းတယ် "

နတ်ဆေးဆရာက တဖန်ပြန်ပြုံးလာပြီး ဒီတစ်ခါတော့ ရှောက်ရွှမ် ဝင်လာတုန်းကထက်ပင် အားကျ ကျေနပ်တဲ့အပြုံးမျိုးပြုံးလေသည် ။ သူ့ကြည့်ရတာ အတော်ပျော်နေပုံပါပင် ။

" ငါ အနီးကပ်ကြည့်ရအောင်ပြပါဦး "

နတ်ဆေးဆရာကပြောသည်။

ရှောက်ရွှမ် ကသူ့လက်ကိုဆန့်ကာ ချာချာ့ကို အနီးကပ်ကြည့်နိုင်စေရန်အတွက် နတ်ဆေးဆရာရဲ့ နှာခေါင်းအောက်ဘက်နားမှာ ကိုင်ပေးထားလေသည်။ ထိုအချိန်မှာ ချာချာက သူ့အရှေ့ကလူကို ဆိတ်ချင်လာရင် ကာပေးဖို့လည်း လက်တစ်ဖက်ကအဆင်သင့်ပြင်ထားလေသည်။

နတ်ဆေးဆရာဆိုသည်မှာ မျိုးနွယ်စုတစ်ခုလုံးရဲ့အမြင့်ဆုံးရာထူး နှစ်ခုထဲကတစ်ခု ဖြစ်လေသည်။ ပြောရလျှင် မျိုးနွယ်စုခေါင်းဆောင်ထက်ပင် အနေအထားကမြင့်မားလေသည်။ ရှောက်ရွှမ် ဘယ်နည်းနဲ့မှ နတ်ဆေးဆရာအား ချာချာ တိုက်ခိုက်မာ်ကိုလက်ခံမည်မဟုတ်ပေ ။ သူသာနတ်ဆေးဆရာကို ထိခိုက်စေမိလျှင် မျိုးနွယ်စုထဲ အခြားသူများကသူ့ကို အသက်ရှင်လျက်အရေခွံနွာပစ်ပေလိမ့်မည်။

သို့သော် ချာချာ့က ဒီနေ့လိမ္မာနေသည့်အတွက် ရှောက်ရွှမ် အံ့သြသွားသည်။ ပထမက သူရုတ်တရက်ထအော်သည်ကလွဲရင် သူ ဘာကိုမှ တို့ဆိတ်ခြင်းမပြုပါပေ ။

ချာချာကလည်း သူ့အရှေ့ကိုလူကို တိတ်တဆိတ်ကြည့်နေချိန်တွင် နတ်ဆေးဆရာကလည်း အမွေးတွေအတော်လေးဖုံးနေတဲ့ငှက်ပေါက်လေးကိုကြည့်နေလေသည်။

ခဏကြာသော် နတ်ဆေးဆရာက သူ့လက်ကိုမကာ လက်ဖဝါးအရွယ်ကျောက်ပြားလေးကို သူ့ဘေးက စားပွဲအပုလေးကနေထုတ်လိုက်လေသည်။ ကျောက်ပြားလေးမှာ အနက်ရောင်အမှုန့်တချို့ရှိလေသည်။

သူ့ လက်နောက်တစ်ဖက်ကို ဆန့်လိုက်ကာ အမှုန့်များကြားသို့ သူ့လက်ညိုးနဲ့လက်ခလယ်ကို နှစ်လိုက်လေသည်။ ထို့နောက်သူက အနက်ရောင်အမှုန့်တွေကပ်နေတဲ့ လက်ညိုးနဲ့လက်ခလယ်ကိုလှည့်ဖို့ သူ့လက်မကိုသုံးလိုက်လေသည်။ သူကလက်မ မပါပဲ လက်သီးတစ်ဝက်ဆုပ်ကာ သူ့လက်သီးဆုပ်ကိုချာချာ့ရှေ့ကို ကမ်းလိုက်လေသည်။

နတ်ဆေးဆရာက ချာချာ့ခေါင်းကို သူ့လက်မနဲ့ထိလိုက်သည်။ ဖွဖွသာထိသော်လည်း ချာချာ့ရဲ့မီးခိုးညိုရောင်အမွေးများပေါ်မှာ မြင်သာတဲ့အနက်ရောင်မျဥ်းကြောင်းလေးထင်သွားလေသည်။ သို့သော် ချာချာကတော့ မရှောင်ပဲ နတ်ဆေးဆရာကိုသာ ငြိမ်ငြိမ်လေးကြည့်နေရာ ရှောက်ရွှမ် ပင်အတော်လေး အံ့သြနေမိသည်။ သူစပေါက်လာတဲ့နေ့တည်းက ဒီလိုမျိုးငြိမ်ငြိမ်မနေဖူးသေးပါပေ။

နတ်ဆေးဆရာက ဘာကြောင့်ပင်လုပ်နေသည်ဖြစ်ပါစေ ရှောက်ရွှမ် ကနတ်ဆေးဆရာက သူ့လုပ်ဆောင်ချက်ကို သဘောတူကြောင်းသိလေသည်။ တစ်နည်းပြောရလျှင် နတ်ဆေးဆရာက ရှောက်ရွှမ် ကို မျိုးနွယ်စုထဲမှာ ငှက်ကိုဆက်ထိန်းသိမ်းထားဖို့ ခွင့်ပြုပေးလိုက်ခြင်းပင်။ ထို့ပြင် နတ်ဆေးဆရာကကောင်းချီးပေးထားလေရာ မျိုးနွယ်စုထဲမှာ သည်းမခံနိုင်ကြတော့ရင်တောင် သူ့ကိုထိခိုက်အောင် လုပ်မည်မဟုတ်ပါပေ ။ ဘယ်သူကမှ သူ့ကိုသတ်ရဲမည်မဟုတ်ဘဲ အဆိုးဆုံးမှ နှင်ထုတ်ပစ်လိုက်ရုံပင်လုပ်ကြလိမ့်မည်။

သို့သော် နတ်ဆေးဆရာက ကျောက်ပြားလေးကိုအောက်ပြန်ချပြီးတဲ့နောက် ရပ်မသွားပဲ ပုံစံအကွက်ပြားလေးကိုယူကာ ရှောက်ရွှမ်ကိုပေးလိုက်လေသည်။ ကျောက်ပြားလေးမှာ အရင်က ဆီဆာကိုပေးတဲ့ကျောက်ပြားလေးနဲ့ဆင်တူပြီး ဒါ ချာချာ့အတွက်ဖြစ်ကြောင်း ရှင်းပါသည်။

သူက နှစ်ကြိမ်တောင် အသိအမှတ်ပြုပေးလေရာ ဆီဆာထက် ချာချာ့ကိုပိုတန်ဖိုးထားပုံပေါ်လေသည်။

ချာချာကိုယူလာတုန်းက မမြင်ရတဲ့အနာဂါတ်မှာ အစာဖြစ်လာနိုင်သည့်အတွက် ထိန်းသိမ်းထားမည်ဟုတွေးထားသော်လည်း ထူးဆန်းစွာပင် နတ်ဆေးဆရာရဲ့အာရုံအထူးရသွားလေရာ ရှောက်ရွှမ် နည်းနည်းတော့ ရှုပ်ထွေးသွားလေသည်။ နတ်ဆေးဆရာက အနာဂါတ်ကိုခန့်မှန်းနိုင်ပြီး ချာချာ့ရဲ့အလားအလာကိုမြင်နိုင်သည်လား။

ကံဆိုးစွာနဲ့ နတ်ဆေးဆရာက ထူးထူးဆန်းဆန်းလုပ်ဖို့ဆုံးဖြတ်လျှင် ဘယ်သူကမှ သူ့ဆီက စကားမစပ်စုရဲပါပေ ။ ဘယ်သူကမှလည်းထိုသို့မလုပ်ရဲပါပေ ။ သူက သင်္ချိုင်းကုန်းကိုခြေတလှမ်း လှမ်းနေတဲ့အဖိုးကြီးတစ်ယောက်ဖြစ်ပါသော်လည်း လူများကသူ့ကို လေးစားကြည်ညိုမှုအပြည့်နဲ့ အလေးထားကြလေသည်။

ရှောက်ရွှမ်က ချာချာ့ကို သားရေအိတ်ထဲ ပြန်ထည့်ပြီး နတ်ဆေးဆရာကို ကျေးဇူးတင်ကြောင်းပြသည့်အနေနဲ့ အလေးအမြတ်ပြုလိုက်လေသည်။ နတ်ဆေးဆရာကောင်းချီးပေးမှုနဲ့ဆိုရင် ချာချာအတွက် အနာဂါတ်မှာနေရဖို့ပိုလွယ်သွားလေသည်။

ချာချာ့ကိစ္စပြီးသွားသောအခါ နတ်ဆေးဆရာက တစ်ခုခုအား အလေးအနက်ပြောဖို့ ရွေးလိုက်၏။ သူက အမဲလိုက်ခရီးအတွင်းက အစိမ်းရောင်တောအုပ် အတွေ့အကြုံများကိုမေးလေသည်။ ရှောက်ရွှမ်က နတ်ဆေးဆရာကို အချို့ကိစ္စများကို မျှဝေလိုက်သည် ။ အားလုံးမဟုတ်သော်လည်း ဒီတစ်ကြိမ်တော့ နည်းနည်းပဲ ထိန်ချန်ထားလိုက်ပြီး သူက အစိမ်းရောင်သူခိုးပင်အရိပ်များဝေဝေဝါးဝါး တွေ့ရကြောင်းကိုပါပြောလိုက်သည်။

ရှောက်ရွှမ်က သူ့တစ်ဘဝလုံး ဒီမှာကုန်ဆုံးရနိုင်ချေများလေရာ သူ့အထူးစွမ်းအင်ကို တစ်သက်လုံး သိမ်းထားနိုင်မည်ဟု မထင်ပါချေ။ သူ့မှာ ယုံကြည်စရာဘယ်သူမှ မရှိလေရာ ထာ့ကြောင့် သူမျှော်လင့်ချက်အားလုံးကို မျိုးနွယ်စုခေါင်းဆောင်အပေါ် ယုံကြည်မှုအပြည့်အဝ ထားရအောင်မတုံးပါပေ ။

ထာ့သာ နောက်တက်မည့်မျိုးနွယ်စုခေါင်းဆောင် ဖြစ်လာလျှင် ရှောက်ရွှမ်ကိုအခက်တွေ့အောင်လုပ်နိုင်ပေသေးသည်။ ဒါ ရှောက်ရွှမ် လျှော့တွက်ရခြင်းမဟုတ်ပါပေ ။ ဒီတစ်ခေါက်အမဲလိုက်ခရီးအတွင်း သူ ထာ့နှင့်အတူလက်တွဲသွားဖို့ မဖြစ်နိုင်ဘူးဟု ခံစားရလေသည်။ ခေါင်းဆောင်ကသာ အရာအားလုံးဆုံးဖြတ်နိုင်လေရာ မျိုးနွယ်စုထဲမှာဘယ်သူကမှ အခွင့်အရေးမရှိပါပေ ။ ခေါင်းဆောင်များက မှားနေသည်ဟုဆိုလျှင် သင်တကယ်ကိုမှားနေပြီဖြစ်သည်။ သင့်မှာ ပြန်ဖြေရှင်းဖို့အခွင့်အရေးမရှိပါပေ။

လေ့လာပြီးတဲ့နောက်မှာ ရှောက်ရွှမ်က ဝိညာဥ်ဆိုင်ရာ ဦးဆောင်သူဖြစ်တဲ့ နတ်ဆေးဆရာပေါ်မှာအတော်လေးယုံကြည်လာလေသည်။

သီးသန့်မျိုးနွယ်စုဖြစ်သည့်အတွက်တိုးတက်မှုမမြန်သော်လည်း အတော်လေး မပျက်စီးသွားသည်မှာ နတ်ဆေးဆရာများရဲ့မျိုးရိုးအဆက်ဆက် ထိန်းသိမ်းလာခဲ့ခြင်းကြောင့် ဖြစ်လေသည်။ သူက နောင်တက်မည့်နတ်ဆေးဆရာ

က အရမ်းဆိုးမှာမဟုတ်ဟု သူ ယုံကြည်လေသည်။

တစ်နေ့နေ့မှာ နတ်ဆေးဆရာက အမှန်တရားအကုန်လုံးအတွက်ကျင့်သားရနေရန် သူ့လျှို့ဝှက်ချက်ကို နည်းနည်းဆီ ချပြဖို့ဆုံးဖြတ်ထားလေသည်။

ရှောက်ရွှမ် အသံတိတ်ဖော်ပြသည်ကိုနားထောင်အပြီးမှာ သူ့ကိုအသေးစိတ်ထပ်မမေးတော့ပဲ နတ်ဆေးဆရာက ရောထားတဲ့ဆေးထုပ်နှစ်ထုပ်ကိုပေးလာ၏။

" တစ်ထုပ်က ကျန်းမာရေးပြန်သက်သာစေတဲ့ဆေး ၊ နောက်တစ်ခုကတော့ အစိမ်းရောင်သူခိုးပင်နဲ့ရောထားတာ ၊ မြန်မြန်သောက်လိုက် ၊ အထူးသဖြင့် အစိမ်းရောင်သူခိုးပင်ပါတဲ့ဟာ ၊ အကြာကြီးသိမ်းမထားမိစေနဲ့ "

ရောထားတဲ့ဆေးနှစ်ထုပ်ကို သေချာသိမ်းပြီးတဲ့နောက် ရှောက်ရွှမ်ကနတ်ဆေးဆရာပြောသည်ကိုကြားလိုက်ရလေသည်။

" နောက် အမဲလိုက်ခရီးကျ မင်းဘယ်သူ့နောက်လိုက်ချင်လဲ "

" ကျွန်တော်လည်း ဒါကိုပြောမလို့ပါပဲ ၊ နောက်အမဲလိုက်ခရီးကျရင် ကျွန်တော် ဦးလေးမိုင်တို့အဖွဲ့နဲ့ လိုက်သွားချင်ပါတယ် "

ထာ့က သူစိတ်ပြောင်းသွားကာ ရှောက်ရွှမ်ကိုနောက်အမဲလိုက်ခရီးကိုခေါ်သွားချင်သည့်အတွက် ရှောက်ရွှမ်ကို အဆင့်မြင့်အဖွဲ့ အမဲလိုက်စာရင်းကနေမဖယ်ရှားပါပေ။ သို့သော် ရှောက်ရွှမ်ကတော့ ထိုသို့လုပ်ရန်ငြင်းလိုက်ပြီး မိုင်တို့အမဲလိုက်အဖွဲ့နဲ့သာ အတူတွဲလိုက်သွားလိုသည်။

ဒီလိုလုပ်ခြင်းအားဖြင့် သူက သူ့ကိုယ်သူ တိုက်ပွဲဖြစ်ရာနေရာမှာ လေ့ကျင့်ဖို့အခွင့်အရေးပိုရနိုင်ပြီး သူသာအဆင့်မြင့်အဖွဲ့နဲ့သာဆက်သွားနေရင် သူတို့နဲ့အမှီလိုက်နိုင်တော့မည်မဟုတ်သလို ထောင်ခြောက်တစ်ခုတည်းနှင့်လည်းပြသာနာအားလုံးကိုဖြေရှင်းနိုင်မည်မဟုတ်သေးပေ ။ ထာ့ကတော့ ရှောက်ရွှမ်ပြောတာသိရရင် ကျေးဇူးမသိတတ်တဲ့ကလေးလို့တွေးပြီး သူ့ကိုအရင်ကထက်ပိုမုန်းနိုင်လေသည်။

ဒီတော့လည်း ဘာဖြစ်လဲ?

ရှောက်ရွှမ်က အဆင့်မြင့်အဖွဲ့ထဲကိုလည်း လာဘ်ကောင်တစ်ခုသာသာ အနေနဲ့ မပါဝင်လိုပါပေ ။ တကယ်အမဲလိုက်ရသောအခါ သူက အဝေးကသာ ကြည့်နေရသူ ဖြစ်ဖို့ ငြင်းဆန်လိုသည်။

" ကောင်းပြီ ၊ ငါနားလည်ပြီ "

နတ်ဆေးဆရာက ခေါင်း ညိတ်သည်။

ရှောက်ရွှမ်က နတ်ဆေးဆရာဒီလိုပြောတဲ့နောက် ဘာကိုမှမပူပင်တော့ပါပေ ။ ထာ့က နတ်ဆေးဆရာအရှေ့မှာ အတော်လေး ကြောက်တတ်လေသည်။ သူက မဝေဖန်ရဲလေရာ လူအိုကြီးပဲ အစားငြင်းပေးပါစေ။ မျိုးနွယ်စုခေါင်းဆောင် သူ့အဖေ အော့ တောင်မှပဲ နတ်ဆေးဆရာဆုံးဖြတ်ချက်ကိုတိုက်ရိုက်မငြင်းဆန်နိုင်ပါပေ။

ရှောက်ရွှမ် က သူပြန်ထွက်လာတဲ့အခါ နတ်ဆေးဆရာကိုတဖန် အရိုအသေပေးလိုက်သည်။ သူမျိုးနွယ်စုအကြောင်းပိုသိလာလေ ဒီလူအိုကြီးဟာ လူတွေရဲ့လေးစားမှုနဲ့ထိုက်တန်ကြောင်းကိုသူပိုယုံကြည်လာလေပင်။ ဦးနှောက်ဆေးခြင်းကဲ့သို့ ကိစ္စမျိုးတော့ လုံးဝမရှိပါချေ။

ရှောက်ရွှမ် တောင်ပေါ်ကပြန်ဆင်းလာတဲ့အခါ သူတို့ငှက်ဥတွေစားတုန်းက သူတို့ထူးခြားတာတစ်ခုခုဖြစ်သေးသလားမေးရန်အတွက် သူကမိုင်နဲ့လန်ကာ့တို့အိမ်များကို အလည်သွားလိုက်လေသည်။ သိူ့သော် အဖြေကတော့ ဘာမှမဖြစ်ပါပေ ။ သူတို့စားတဲ့ငှက်ဥတွေက သာမန်ငှက်ဥတွေသာ ဖြစ်ပြီး ချာချာကတော့ လုံးဝခြွင်းချက်ဖြစ်နေသည်။

" မင်း တကယ် ဥကိုသားဖောက်ခဲ့တာလား? " လန်ကာ့ ထိတ်လန့်တကြားဖြစ်သွားသည်။

ရှောက်ရွှမ်မှာ ပြောစရာစကားမရှိသော်လည်း ၎င်းက ရှက်စရာမကောင်းတာတော့ သူသိလေသည်။

လန်ကာ့ကတော့ အံ့သြတာထက်ပိုလေသည်၊ သူက ရှောက်ရွှမ် သားရေအိတ်ကိုဆွဲကာအထဲကိုကြည့်လိုက်လေသည်။ သူကချာချာ့ကိုအနီးကပ်ကြည့်ဖို့အထဲကိုပင် လက်လှမ်းလိုက်လေသည်။ ဒီငှက်ကိုနတ်ဆေးဆရာက ကောင်းချီးပေးထားသည်။

သို့သော် သူ့လက်အထဲရောက်သည်နှင့် လန်ကာ့လက်ကို ခပ်ပြင်းပြင်း အဆိတ်ခံလိုက်ရ၏ ။ သူ့အသားသာ အရေမထူလျှင် ၊ သူ့နတ်စွမ်းအင်တွေသာမနိုးထသေးဘူးဆိုရင် သူကျိန်းသေပေါက်သွေးထွက်လာပေလိမ့်မည် ။

" ဒီငှက်က ကြမ်းတမ်းတာပဲ ၊ ဆီဆာ့ထက်သာတယ် "

လန်ကာ့နှင့်ခဲ့ခဲ့မှာ ကောင်းတယ် ဆိုတဲ့စကားလုံးအတွက် တူညီတဲ့သတ်မှတ်ချက်နဲ့ အဓိပ္ပါယ်များရှိလေသည်။

မျိုးနွယ်စုထဲမှာ လူအများက တိရိစ္ဆာန်နဲ့သားရဲများကို တူညီတဲ့သတ်မှတ်ချက်အဆင့်အတန်းများနှင့်ဆုံးဖြတ်လေသည်။ သူတို့ကပိုကြမ်းတမ်းလေ ပိုတော်လေ ဟုပင်။ ထို့ကြောင့် သူတို့သတ်နိုင်လေ ပိုပြီးအောင်မြင်သည်ဟုခံစားရလေပင်ဖြစ်သည်။

" အိုး..စကားမစပ် မင်းပြန်တဲ့အခါ မင်းတဲကို ပြန်စစ်ဆေးကြည့်ဦး ၊ မိုးရာသီလာတော့မယ် ၊ မင်းတဲက ဒီနှစ်မှဆောက်ပေမဲ့ သေချာစစ်ဆေးကြည့်လိုက်တာကမင်းအတွက် ပိုလုံခြုံလိမ့်မယ်။ ပြီးတော့ မင်း သစ်သားခြောက်တွေကို ပိုစုဆောင်းထားသင့်တယ် "

မိုးရာသီ

ရှောက်ရွှမ် မနှစ်က ဒီလိုအချိန်ကိုတွေးမိသောအခါ အမှန်ပင် မိုးရာသီကိုရောက်လာတော့ပေမည်။

All Chapters