အခန်း (၂၃၃)
Vol. 16 Ch. 233
စားသောက်ပြီးနောက် ကျီလင်းချန်က သူ့ဇနီးလေးအား ရုပ်ရှင်သွားမကြည့်မီ အချိန်အနည်းငယ်ဖြုန်းရန် အနီးနားရှိ ကုန်တိုက်တစ်ခုသို့ ခေါ်သွားခဲ့သည်။
"ယောကျ်ား၊ ရုပ်ရှင်ရုံထဲမှာ လူတွေအများကြီးရှိမှာမို့ ရှင်ကျွန်မကို နမ်းလို့မရဘူးနော်" ဖန့်ရှောင်နွမ် သူမယောကျ်ားကို သတိပေးလိုက်သည်။
"ဘာရုပ်ရှင်ကားလဲ" ကျီလင်းချန် မေးလိုက်သည်။
ဖန့်ရှောင်နွမ်က ရုပ်ရှင်လက်မှတ်တွေကို မထုတ်ရဲဘဲ အပြစ်ကင်းစွာ မျက်တောင်ခတ်လိုက်သည်။
အထဲဝင်လာပြီးနောက် ကျီလင်းချန်က ပရိုမိုးရှင်းဗီဒီယိုကိုမြင်ပြီး ကျူးကျူးလွန်လွန် မြင်ကွင်းများစွာပါရှိသော စိတ်ကူးယဉ် အချစ်ဇာတ်ကားတစ်ကားဖြစ်ကြောင်း သဘောပေါက်သွားသည်။ သူ ရှက်ရွံ့နေတဲ့ ဇနီးလေးကို လှည့်ကြည့်လိုက်သည်။
ဖန့်ရှောင်နွမ် ရှက်ကိုးရှက်ကန်းနဲ့ ပြောလိုက်သည်။ “ဒီရုပ်ရှင်က အွန်လိုင်းမှာ အဆင့်သတ်မှတ်ချက် ပိုမြင့်တယ်။ စုံတွဲဇာတ်ကားတစ်ကားဖြစ်ပြီး ကြင်စဦးဇနီးမောင်နှံတွေအတွက် အထူးသင့်တော်တယ်။ အဲဒါကြောင့် လက်မှတ်ဝယ်လိုက်တာ။ ရည်းစားကောင်လေးတွေက အဲ့တာကို ကြည့်ပြီးတဲ့နောက် သူ့ရဲ့တပ်မက်မှုတွေ ပေါ်လာပြီး သူ့ကောင်မလေးကို နမ်းချင်လာလိမ့်မယ်လို့ မှတ်ချက်တွေပေးထားကြတယ်။ အဲဒါကြောင့် ကျွန်မ ရှင့်ကို ကြိုပြီးသတိပေးထားချင်တာ”
ကျီလင်းချန်က ဘာမှပြန်မပြောခဲ့သလို သဘောတူတာမျိုးလည်း မလုပ်ခဲ့ပေ။ သူ ရှေ့ကော်တာသို့ သွားကာ Coke နဲ့ ပေါက်ပေါက် ဝယ်လိုက်သည်။ မုန့်တွေကို သူ့မိန်းမကို ပေးလိုက်သည်။
သူမယောကျ်ားက သူမအား စောင့်ဆိုင်းရန်နေရာသို့ ခေါ်သွားစဉ် သူမက Coke နဲ့ ပြောင်းဖူးပေါက်ပေါက်ကို ကိုင်ထားသည်။ နှစ်ယောက်သား ထိုင်ခုံရှာပြီး ထိုင်လိုက်ကြသည်။ သူတို့ရဲ့ လက်မှတ်တွေကိုတောင် မစစ်ဆေးရသေးခင်မှာ အစားကြူးတဲ့ကြောင်ပေါက်လေးက ပေါက်ပေါက်တချို့ကို စားခဲ့သည်။ စားသောက်ရင်းနဲ့ ခင်ပွန်းဖြစ်သူနဲ့ စကားစမြည်ပြောခဲ့သည်။ “ယောကျ်ား၊ ရှင် ပေါက်ပေါက်နည်းနည်းပဲ ဝယ်လာတယ်။ ကျွန်မအတွက်မလောက်ဘူး။"
“လျှော့စား။ ဒီည ရှု့ရှန်း ဥယျာဥ်ကို သွားမှာ။ ကိုယ်တို့ အရမ်းဗိုက်ပြည့်သွားရင် ညစာ ဘယ်လိုစားမလဲ"
ရှု့ရှန်းဥယျာဥ်ကို သွားကြမယ်ဆိုတာကို သူမကြားတာနဲ့ ဖန့်ရှောင်နွမ်က သူမဘေးနားကလူကို သူမ ကိုင်ထားတဲ့ ပေါက်ပေါက်ကို ချက်ချင်းကျွေးလိုက်သည်။ "ယောကျ်ား၊ ဒါဆို ရှင် ပိုစားသင့်တယ်။ မဟုတ်ရင် ကျွန်မ စားလို့ကုန်သွားလိမ့်မယ်"
ကျီလင်းချန် ခေါင်းယမ်းလိုက်သည်။ ဒီအရာတွေကို သူ မကြိုက်ပေ။
ဖန့်ရှောင်နွမ်က သူ့ကိုကျွေးဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် သူက မစားဖို့ ငြင်းဆန်ခဲ့သည်။ သူမ မကူညီနိုင်ဘဲ ကွန်ပလိန်းတက်ခဲ့သည်။ “ဟမ့် ! ကျွန်မရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ဘယ်လို share ရမှန်းတောင် ရှင် မသိဘူး။”
ကျီလင်းချန် ပြန်ပြောလိုက်ချင်ပေမယ့် တိတ်တိတ်လေး နားထောင်ခဲ့သည်။
သူတို့ ရုပ်ရှင်ရုံထဲဝင်ပြီး မကြာခင်မှာပဲ ကုန်သွားတော့သည်။
ရုပ်ရှင်စပြီး တစ်နာရီအကြာတွင် ဖန့်ရှောင်နွမ်သည် ကျီလင်းချန်၏ ပခုံးကို အလွန်သတိရှိစွာ မှီလိုက်သည်။ သူ့ဘေးနားက ဇနီးလေးကိုသူ လှည့်ကြည့်လိုက်သည်။ သူမ အမှန်တကယ် အိပ်ပျော်သွားခဲ့သည်။ သူမ ပေါက်ပေါက်တစ်ဘူးလုံးကို အကုန်စားပြီးသွားရုံသာမက Coke ကိုလည်း သောက်ပြီးသွားပြီ။ နောက်ဆုံးတော့ ရုပ်ရှင်တောင် မပြီးသေးဘူး။ သူမက လှုပ်ရှားမှုများကို ဖြတ်လျှောက်ပြီး သူ့ပခုံးပေါ်တွင် အိပ်ပျော်သွားခဲ့သည်။
ကျီလင်းချန်က သူမ၏ အိပ်ပျော်နေတဲ့ မျက်နှာကို ကြည့်ပြီး အကြောင်းတစ်ခုခုကြောင့် ရယ်လိုက်သည်။ သူမက သကြားလိုပဲ။ သူမသည် သူ၏ နူးညံ့သိမ်မွေ့သော ဘဝထဲသို့ ရောက်ရှိလာပြီး ချိုမြိန်စေခဲ့သည်။ ထို့ကြောင့် သူမကိုကြည့်တိုင်း သူ မပြုံးဘဲ မနေနိုင်ပေ။ သူ့ပျော်ရွှင်မှုကို ဖုံးကွယ်မထားနိုင်ခဲ့ပေ။ သူ့မိန်းမကို မနှိုးခဲ့ပေမယ့် သူ ရုပ်ရှင်ကို ဆက်ကြည့်ဖို့ စိတ်ကူးမရှိတော့ပေ။
ရုပ်ရှင်ပြီးသွားတော့ မီးတွေပွင့်လာသည်။ လူအုပ်ထံမှ ဆူညံသံကြောင့် ဖန့်ရှောင်နွမ် နိုးထလာခဲ့သည်။ "အာ။ ဘယ်လိုအဆုံးသတ်သွားလဲ။ ကျွန်မ ခဏလောက်ပဲ မျက်လုံးမှိတ်လိုက်တာပါ"
"မင်း မျက်လုံးတွေကို တစ်နာရီလောက် မှိတ်ထားလိုက်တာ"
ဖန့်ရှောင်နွမ်က ထွက်သွားတဲ့လူတွေကို ကြည့်ပြီး နောင်တရစွာနဲ့ ပြောလိုက်သည်။ "ဒါ ရှင့်အပြစ်ပဲလေ။ မနေ့ညက ဗီဒီယိုခေါ် ပြောတာ တော်တော်ကြာသွားလို့။ ဒီနေ့ အစောကြီးနိုးလာပြီး ပင်ပန်းလွန်းတာကြောင့် အိပ်ပျော်သွားတာလေ”
သူတို့ပတ်ဝန်းကျင်က လူတွေ တစ်ယောက်ပြီး တစ်ယောက် ထွက်သွားကြပြီး လင်မယားနှစ်ယောက်တည်း ထိုင်နေကြတုန်းပင်။
လူအများစု ထွက်ခွာသွားပြီးနောက် ဖန့်ရှောင်နွမ် ပျင်းရိစွာ ထကာ ထွက်သွားချင်ခဲ့သည်။
ကျီလင်းချန်က ဒီလောက် မြန်မြန်ကြီး လမ်းမလျှောက်ချင်တာကြောင့် သူ့ဇနီးလေးကို စိုက်ကြည့်နေသည်။
ဖန့်ရှောင်နွမ် မေးလိုက်သည်။ “ယောကျ်ား၊ ရှင် ဘာလို့ ကျွန်မကို စိုက်ကြည့်နေတာလဲ။ အိမ်မှာ ကျွန်မကို အဝမကြည့်ရလို့လား။ ကျွန်မတို့ အပြင်ထွက်တဲ့အခါ ရှင် ကျွန်မကိုပဲ စိုက်ကြည့်လို့မရဘူး။ ဒီအတိုင်းဆက်သွားရင် ရှင့်ရဲ့အမြင်တွေ မှုန်ဝါးလာလိမ့်မယ်။"
ဖန့်ရှောင်နွမ် စကားပြောနေချိန်မှာ ကျီလင်းချန်က ရုတ်တရက် ငုံ့ပြီး သူမရဲ့နှုတ်ခမ်းကို နမ်းလိုက်သည်။ အခုက ပေါက်ပေါက်အချိုတွေ အများကြီးစားထားတာဖြစ်ပေမယ့် ပါးစပ်က ချိုနေလို့ဖြစ်နိုင်သည်။
ကျီလင်းချန်က ချိုတဲ့ အစားအစာကို မကြိုက်သော်လည်း ဇနီးသည်၏ နှုတ်ခမ်းပေါ်၌ ရှိနေသော ချိုမြိန်မှုကို နှစ်သက်သည်။ သူတို့ရဲ့ လျှာတွေ ရောယှက်နေချိန်မှာ ဖန့်ရှောင်နွမ်က သူမ၏ မျက်လုံးတွေကို မှိတ်ထားသည်။
“အဟမ်း၊ ရှင်တို့ကို နှောင့်ယှက်မိလို့ တောင်းပန်ပါတယ်။ ရုပ်ရှင်က ပြီးသွားပြီ။" ဝန်ထမ်းတွေက နေရာကို သန့်ရှင်းရေးလုပ်ဖို့ လာကြသည်။ သူတို့ နှစ်ယောက် နမ်းနေကြတာကို တွေ့တော့ သူတို့က ပြောခဲ့သည်။
ဖန့်ရှောင်နွမ်ရဲ့ မျက်လုံးတွေ ပွင့်လာသည်။ သူစိမ်းတစ်ယောက်က သူမကို သူမရဲ့ယောကျ်ား နမ်းနေတာ မြင်သွားပြီ။ သူမရှက်လွန်းလို့ မျက်နှာကို လက်နှစ်ဖက်နဲ့ အုပ်ပြီး ဘယ်သူ့ကိုမှ မကြည့်ရဲတော့ပေ။
ကျီလင်းချန်လည်း ရှက်သွားပြီး နားရွက်တွေ နီရဲလာသည်။ ဒါပေမယ့် သူ့အမူအရာက အလွန်တည်ငြိမ်သည်။ မတ်တပ်ထရပ်ကာ ဇနီးသည်၏လက်ကိုကိုင်ကာ ကျောပိုးအိတ်ကို ကောက်ကိုင်ပြီး ရုပ်ရှင်ရုံမှ ထွက်လာခဲ့သည်။
ဖန့်ရှောင်နွမ်က သူမ ယောကျ်ားရဲ့နောက်တွင် တစ်ချိန်လုံး ပုန်းနေခဲ့သည်။ သူမက မည်သူတစ်ဦးတစ်ယောက်ကိုမှ မျက်နှာမပြရဲလောက်အောင် ရှက်ရွံ့သလို ခံစားခဲ့ရပြီး ကားထဲသို့ဝင်သောအခါတွင် သူမ အနည်းငယ် စိတ်သက်သာရာရသွားခဲ့သည်။
ဖန့်ရှောင်နွမ် စောဒကတက်ခဲ့သည်။ “အဲဒီမှာ မနမ်းချင်ဘူးလို့ ကျွန်မ ပြောထားတဲ့ဟာကို။ ဘာလို့ကိုယ့်ကိုကိုယ် မထိန်းနိုင်ရတာလဲ။ ကျွန်မတို့အိမ်ရောက်မှ နမ်းလို့မရဘူးလား"
ကျီလင်းချန်သာ မှတ်မိတာမှန်နေရင် သူ့ဇနီးလေး၏ စောနက တုံ့ပြန်မှု အလွန်ကောင်းနေခဲ့သည်။
ဖန့်ရှောင်နွမ် အရှက်မရှိ ဆက်ပြောလိုက်သည်။ "ရှင်ကျွန်မကို လာညှို့နေလို့ ကျွန်မ ရှင့်ပြန်နမ်းလိုက်တာနော်။ မဟုတ်ရင် ကျွန်မ မျက်လုံးမှိတ်ထားမှာ မဟုတ်ဘူး!"
ကျီလင်းချန် မျက်ခုံးပင့်လိုက်သည်။ သူ့ဇနီးလေးက သူဘာတွေတွေးနေမှန်း တကယ်ကို ခန့်မှန်းနိုင်ခဲ့သည်။ သူတို့နှစ်ယောက် ဒီပုံစံအတိုင်း အတူတူရှိတဲ့အခါ တစ်ဖက်က ဘယ်လိုတွေးနေလဲဆိုတာကို တစ်ချက်ကြည့်လိုက်ရုံနဲ့ သိနိုင်သည်။ ဒါကို သူတို့ သတိမပြုမိသေးတာ ဖြစ်နိုင်သည်။ သူတို့နှစ်ယောက်က အကြာကြီးတွဲလာတဲ့စုံတွဲတစ်တွဲကဲ့သို့ တိတ်တဆိတ်ဖြင့် နားလည်မှုများ တဖြည်းဖြည်း ကြီးထွားလာခဲ့သည်။ ဒါပေမယ့် သူတို့က ကြင်စဦးဇနီးမောင်နှံများပင်။