အခန်း (၂၅၃)
Vol. 17 Ch. 253
ကျီလင်းချန် ဖုန်းကိုချကာ ဓာတ်ပုံအယ်လ်ဘမ်ကိုဖွင့်လိုက်သည်။ လျိုစစ်ယွီ၏ ဓာတ်ပုံကိုကြည့်ရင်း၊ ငါးနှစ်သား လျိုစစ်ယွီက ယခုသူရထားတဲ့ဓာတ်ပုံနှင့် လုံးဝကွဲပြားသွားသည်ဟု ခံစားမိသည်။ လျိုစစ်ယွီက သူ့ညီမဖြစ်ကြောင်း သူခံစားနေရသည်။
ကျီဝမ်က အိပ်ခန်းထဲမှာ ဂိမ်းဆော့နေသည်။ ဖန့်ရှောင်နွမ်က သူနဲ့အတူ ကစားနေသည်။
ဖန့်ရှောင်နွမ် ပြောလိုက်သည်။ “ Challenger ကစားဖို့ အဖေ့ကို မသင်ပေးခဲ့တာ ကောင်းသွားတယ်။ မဟုတ်ရင် သူ ငါတို့ကို သူနဲ့ တစ်ချိန်လုံး ကစားခိုင်းလိမ့်မယ်။”
ကျီဝမ် ပြောလိုက်သည်။ “ငါ သူ့ကို အကုန်သင်မပေးနိုင်ဘူး။ သူက အသက်အရမ်းကြီးနေပြီ။ သူပျင်းရင် Fight the Landlord and Snake ကို ကစားသင့်တယ်။ မင်း သူ့ကို PUBG ကစားနည်းကို သင်ပေးခဲ့တာ။ လွန်ခဲ့တဲ့ရက်အနည်းငယ်က သူ ငါ့ရဲ့အကောင့်ကို PUBG ကစားဖို့ သုံးခဲ့တာ အကြိမ်တိုင်း ရှုံးနေတာပဲ။ တစ်ခါက သူ့အသင်းဖော်ကိုတောင် သတ်ပစ်ပြီး တောင်းပန်ခဲ့တယ်!”
ဖန့်ရှောင်နွမ် မရယ်ဘဲ မနေနိုင်တော့ပေ။
"ဟမ့် မင်း ငါ့ဆီက အမှတ်ဘယ်လောက်ပဲ နုတ်နေပါစေ ငါ့အဆင့်က မင်းရဲ့ထက်တောင် ပိုနေလိမ့်မယ်။"
ကျီလင်းချန် တံခါးမခေါက်ခင် သူတို့နှစ်ယောက် ခဏလောက် စကားစမြည်ပြောခဲ့ကြသည်။ "ရှောင်နွမ်၊ အခုကစားတာကို ရပ်လိုက်တော့။ အခန်းထဲပြန်လာပြီး ရေချိုးပြီးအိပ်တော့"
ဖန့်ရှောင်နွမ်ပြောလိုက်သည်။ “သိပါပြီ ယောကျ်ား။ ခဏလေးပဲ။ ဒီပွဲက မကြာခင် ပြီးတော့မှာ"
သူတို့နှစ်ယောက် ဂိမ်းကို ဆက်ကစားနေကြပြီး ဖန့်ရှောင်နွမ်က ထပ်ပေါင်းပြောခဲ့သည်။ "မနက်ဖြန် Anipop ကစားနည်းကို အဖေ့ကို သင်ပေးရမယ်"
ကျီဝမ် ပြောလိုက်သည်။ “ကောင်းတယ်။ မြန်မြန်လုပ် သူ့ကို ဘယ်လိုကစားရမလဲဆိုတာ သင်ပေးလိုက်။ ဒီဂိမ်းက ကျွမ်းကျင်မှုကို အခြေခံထားတာ သူ့အသက်အရွယ်နဲ့ မလိုက်ဖက်ဘူး။”
နောက်ဆုံးအချီမှာ အနိုင်ရပြီးနောက် ဖန့်ရှောင်နွမ်က သူမရဲ့ဖုန်းနဲ့ထွက်သွားခဲ့သည်။
အိပ်ခန်းထဲတွင် ကျီလင်းချန်က ရေချိုးပြီးနောက် ရေချိုးခန်းမှ ထွက်လာခဲ့သည်။ သူက သဝန်တိုနေတဲ့အရိပ်အမြွက်နဲ့ ပြောခဲ့သည်။ " ရှောင်ဝမ်နဲ့ အမြဲတပူးပူးတတွဲတွဲမနေနဲ့။ မင်းက သူ့အဒေါ်၊ သူ့ရည်းစားမဟုတ်ဘူး!"
ဖန့်ရှောင်နွမ် ပြောလိုက်သည်။ “ကျွန်မက နောက်တစ်ဆင့်တက်ချင်တာကြောင့် သူနဲ့ကစားတာပါ။ သူက အတော်ဆုံးပဲ။ ကျွန်မ တစ်ယောက်တည်း rankမတင် နိုင်ဘူးလေ"
“ယောက်ျားလေးတွေက စာကိုကြိုးကြိုးစားစားမလုပ်ကြဘူး၊ သူတို့က ဂိမ်းကစားနည်းလောက်ပဲ သိတယ်” ကျီလင်းချန်က မထီမဲ့မြင် ပြောဆိုခဲ့သည်။
ဖန့်ရှောင်နွမ် ပြောလိုက်သည်။ “ယောကျ်ား၊ အဲ့လို မပြောနဲ့။ ရှောင်ယွီနဲ့ ကျွန်မက စာမေးပွဲတွေမှာ သူလုပ်ထားတာတွေကို အမြဲကူးနေတာ”
"မင်းက သူ့ကို ချီးကျူးနေတာလား" ကျီလင်းချန် လုံးဝ သဝန်တိုနေသည်။
ဖန့်ရှောင်နွမ် ချိုသာစွာပြုံးလိုက်ပြီး ခင်ပွန်းဖြစ်သူ၏ခါးကို ဖက်လိုက်သည်။ “မဟုတ်ပါဘူး၊ ကျွန်မက သူ့ကိုအသုံးချနေတာ။ စာမေးပွဲတွေအောင်အောင် ကူညီပေးရာမှာ သုံးသလိုမျိုး တိုးတက်အောင်မြင်အောင် ကူညီဖို့ သူ့ကို အသုံးချရုံလေးပါပဲ။ ဒီလိုနည်းနဲ့ ကျွန်မ ခက်ခက်ခဲခဲ လေ့လာနေစရာ မလိုသလို အဆင့်တက်ဖို့ အားထုတ်မှုလည်း ဖြုန်းတီးနေစရာ မလိုတော့ဘူးလေ။ အချိန်နဲ့ စွမ်းအင်ကို သက်သာစေပြီး ရှင့်နဲ့ ချိန်းတွေ့ဖို့ ကျွန်မရဲ့အချိန်တွေကို ကုန်ဆုံးလို့ရတာပေါ့!"
ဖန့်ရှောင်နွမ်က ချိုသာစွာ စကားပြောတတ်သူဖြစ်ပြီး ကျီလင်းချန် ကောင်းကောင်းနားလည်သည်။ ဇနီးဖြစ်သူက သူနဲ့ အချိန်ဖြုန်းချင်တာကြောင့် စာမလုပ်တာ ဒါမှမဟုတ် ဂိမ်းမဆော့တာဆိုတာကို သူ နားလည်သည်။
"မင်း ဘာဂိမ်းကစားနေတာလဲ"
“Kings of Glory” လို့ ဖန့်ရှောင်နွမ် ပြန်ဖြေခဲ့သည်။
“အိုခေ ဒါဆို သူနဲ့ ထပ်ပြီးမကစားတော့နဲ့။ မင်းကို ကိုယ် rank တင်ပေးမယ်" ကျီလင်းချန် ပြန်ပြောလိုက်သည်။
ဖန့်ရှောင်နွမ်က သူမယောကျ်ားက ဤကဲ့သို့သောဂိမ်းကစားနည်းကို သိသည့်အတွက် အံ့အားသင့်သွားသည်။
"မင်းတစ်ယောက်တည်းကိုပဲ ကိုယ်လုပ်ပေးမှာ၊ တခြားဘယ်သူ့ကိုမှ မလုပ်ပေးဘူး" ကျီလင်းချန် ပြန်ပြောလိုက်သည်။
ဖန့်ရှောင်နွမ်က ဆန်စေ့ကောက်နေတဲ့ ကြက်ကလေးလို ခေါင်းညိတ်ပြခဲ့သည်။ "ကောင်းပါပြီ! ဒါပေမယ့် ရှင်အရင်က Challenger ကစားဖူးလား"
“ကိုယ့်ကို အချိန် တစ်ရက် ပေး။ သေချာပေါက် ကိုယ် သင်ယူနိုင်တယ်” ကျီလင်းချန် ဖြေကြားခဲ့သည်။
ဖန့်ရှောင်နွမ် ကြက်သေသေသွားသည်။ သူမယောကျ်ားက အဲဒါကို တစ်ခါမှ မကစားဖူးဘူး၊ သူက သူ့မကို rank တင်ပေးချင်လို့လား။
ပြောထားသည့်အတိုင်း သူမယောကျ်ားက မလိမ်ညာခဲ့ပေ။ ကျီလင်းချန်က ဘုရင်အဆင့်ကို လေ့လာရန် တစ်ရက်သာ အချိန်ယူခဲ့သည်။ အဲဒီနောက် ညတိုင်း လူငယ်စုံတွဲတွေဟာ စောင်အောက်မှာ ပွေ့ဖက်ပြီး ဂိမ်းဆော့ကြသည်။ ဖန့်ရှောင်နွမ်က ခင်ပွန်းဖြစ်သူ၏ ပေါင်ပေါ်၌ လှဲလျောင်းပြီး အောင်ပွဲဆီသို့ အရောက်လှမ်းခဲ့သည်။ ဒါပေမယ့်လည်း ခင်ပွန်းဖြစ်သူက သူမကို ခေါ်ဆောင်သွားခြင်းအတွက် 'အဖိုးအခ'တော့ ပေးရသည်။
ဖန့်ရှောင်နွမ် ငိုချင်သော်လည်း မျက်ရည်မကျပေ။ ခြေထောက်တွေ ပျော့သွားသည်အထိ သူမ “အဖိုးအခ” ပေးရလေ့ရှိသည်။ ဟုတ်ပါတယ်၊ ဒါကအားလုံးအနာဂတ်မှာဖြစ်မည့်ဟာပင်။
နောက်တစ်နေ့မနက်မှာတော့ ကျီလင်းချန်က သူ့ဇနီးလေးကို ကျောင်းလိုက်ပို့ချင်ခဲ့သည်။
"ဘာလို့လဲ"
"မင်းကို ကျောင်းလိုက်ပို့ဖို့ အကြောင်းပြချက်လိုသေးတာလား"
ဖန့်ရှောင်နွမ်ရဲ့ မျက်နှာက ဖောင်းသွားသည်။ သူမက တခါတရံမှာ ရူးမိုက်သော်လည်း၊ ဉာဏ်ကတော့ကောင်းသေးသည်။ ခင်ပွန်းဖြစ်သူ လျိုစစ်ယွီကို သွားတွေ့ချင်နေတာ ဖြစ်နိုင်မလား။
"ယောပျ်ား၊ ရှင့်မှာ တစ်ခုခု လိုချင်နေတဲ့ အကြောင်းပြချက် ရှိသေးလား။ တစ်ယောက်ယောက်ကို တွေ့ချင်နေတာလား"
" ဘယ်သူ့ကိုလဲ " ကျီလင်းချန်က မသိချင်ယောင်ဆောင်ခဲ့သည်။
သူ့မိန်းမက လျိုစစ်ယွီအကြောင်း မေးနေတာကို သူသိပေမယ့် ရည်ရွယ်ချက်ရှိရှိ အဲ့တာကိုမငြင်းခဲ့ပေ။ ဒီလိုနည်းနဲ့ သူ့မိန်းမ အတွေးလွန်နေတာလို့ သံသယဖြစ်မိလိမ့်မယ်။
ဖန့်ရှောင်နွမ်က ခင်ပွန်းဖြစ်သူ၏ စေ့ဆော်မှုကို သေချာမသိနိုင်သော်လည်း သူမကို သူလိုက်ပို့ပေးမှာကို ငြင်းဆိုခဲ့သည်။
“မင်း ကျောင်းစတက်တာ တော်တော်ကြာပြီ” ကျီလင်းချန် ပြောလိုက်သည်။ “ဒါတောင် မင်းကို ကိုယ်အရင်က လိုက်မပို့ခဲ့ဖူးဘူး။ မင်းရဲ့ကျောင်းအုပ်ကိုတွေ့ဖို့ ဒီအခွင့်အရေးကို ကိုယ်ယူမှရမယ်"
"ကျွန်မတို့ ကျောင်းရဲ့ ရာထူးအမြင့်ဆုံး အကြီးအကဲက ဒီမှာလေ!"
ကျီလင်းချန် နှုတ်ဆိတ်နေသည်။ သူမက သူ့လမ်းကိုသိနေသည်။
မနက်ခင်းမှာ သူ့မိန်းမကို လိုက်မပို့ခဲ့ဘဲ နေ့ခင်းဘက်မှာ ကျောင်းလာကြိုခဲ့သည်။ စာသင်ခန်းအတွင်းရှိ ကျောင်းသူ/သားတွေက ထိုလူကို တံခါးဝမှာတွေ့လိုက်ရတော့ သူတို့က စိတ်မငြိမ်မသက်ဖြစ်ပြီး ဖန့်ရှောင်နွမ် အား အနောက်သို့ကြည့်ဖို့ အမြန်ပြောခဲ့ကြသည်။ ဖန့်ရှောင်နွမ် လှည့်ကြည့်လိုက်တော့ အပြုံးတွေနဲ့ ပြည့်နေတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရသည်။