← Chapters

အခန်း (၁၄၁)

Vol. 15 Ch. 141

အခန်း (၁၄၁)

Vol. 15 Ch. 141

ကျန်းကျင်းခိုင်တယောက် ရုံးခန်းထဲတွင် ထိုင်နေ၏။ ထိုအချိန်မှာပင် လူရှောက်ချိန်က ဝင်လာရင်း ပြောလိုက်သည်။

"အင်စပက်တာ ဒီရက်ပိုင်းအတွင် စုံစမ်းရေးက တော်တော်လေးကို နှေးကွေးနေတယ်"

"ဘာသဲလွန်စမှ ထပ်မရတော့ဘူးပေါ့ ဟုတ်လား"

ကျန်းကျင်းခိုင် ခေါင်းမော့ရင်း လူရှောက်ချိန်က်ို စိုက်ကြည့်လိုက်သည်။

"မရဘူးအင်စပက်တာ"

လူရှောက်ချိန် ပခုံးတွန့်ပြလိုက်၏။

"ကျွန်တော် လမ်းကြားထဲက မိန်းကလေးအားလုံးရဲ့ နေအိမ်တွေကို စစ်ဆေးပြီးပြီ ရှောက်မေ အရင်က အလုပ်လုပ်ခဲ့တဲ့ ဟိုတယ်တောင်ပါသေးတယ် သူတို့အားလုံး ရှောက်မေနဲ့ပတ်သက်လို့ တညီတညွတ်တည်းပြောကြတယ် ရှောက်မေမှာ တခြားသူငယ်ချင်းလုံးဝမရှိဘူးဆိုတာ အမှန်ပဲနဲ့ တူပါတယ်"

"ဒီတော့ အားကျောက်ကလွဲပြီး သူ့အတွက် တခြားလက်စားချေမဲ့သူ မရှိဘူးပေါ့ ဟုတ်လား"

အထက်ပါအတိုင်းပြောရင်း ကျန်းကျင်းခိုင် သက်ပြင်းချလိုက်၏။ သူတို့နှစ်ယောက်သာ အားကျောက်ကို မသိခဲ့လျင် သူမသာ ရာဇဝတ်သားဟု တထစ်ချယူဆမိပေလိမ့်မည်။

"မှန်ပါတယ်အင်စပက်တာ"

လူရှောက်ချိန် မချိပြုံးပြုံးလိုက်၏။

"သံသယဖြစ်ချင်းဖြစ်ရင် ကျွန်တော်ကမှ သံသယဖြစ်စရာအကောင်းဆုံးလူဖြစ်နေအုံးမယ်"

"ဟားဟား အေး ဟုတ်သားကွာနော်"

ကျန်းကျင်းခိုင် ရယ်မောလိုက်၏။ ထို့နောက် သူက လူရှောက်ချိန်ကို နှစ်သိမ့်လိုက်လေသည်။

"စိတ်ထဲထားမနေပါနဲ့ကွာ လူသတ်သမားက ကျောက်ရန်းချူနောက်ကို လိုက်နေတာဖြစ်ပါလိမ့်မယ် ရှောက်မေဟာ မတော်တဆအသတ်ခံရတာမျိုး ဖြစ်ဖို့များနေတယ်"

"ကျွန်​တော်လဲ အဲဒီလိုပဲ မျှော်လင့်ပါတယ်"

"ကဲ တခြားဘာမှမရှိရင် အလုပ်ပြန်လုပ်တော့"

ကျန်းကျင်းခိုင်က သွား၍ရပြီဖြစ်ကြောင်း လူရှောက်ချိန်ကို အချက်ပြလိုက်၏။ ထိုစဥ် လူရှောက်ချိန်က တစုံတခုကို သတိရသွားဟန်ဖြင့် ကျန်းကျင်းခိုင်ကို ပြောလိုက်ပြန်သည်။

"ဒါနဲ့ အင်စပက်တာဒီနှစ်ရက်အတွင်း ကျွန်တော် မှုခင်းဓာတ်ပုံတွေကို ကြည့်နေတာ ထူးဆန်းတာတစ်ခု သတိထားမိတယ်"

"ဟေ ဟုတ်လား ဘာကိုသတိထားမိတာတုန်းကွ"

"ကျောက်ရန်းချူကိုကြည့်တာ စွေ့တီကွမ်းနဲ့ တော်တော်ကိုတူနေသလိုပဲ အင်စပက်တာ"

လူရှောက်ချိန် မရောရာဟန်ဖြင့် ပြောလိုက်သည်။

"တကယ်လား မင်း စွေ့တီကွမ်းရဲ့ဓာတ်ပုံကို ဘယ်မှာတွေ့ခဲ့တာလဲ"

"တလောကထွက်လာတဲ့ သတင်းစာဆောင်းပါးတခုမှာ သူ့ဓာတ်ပုံပါလာတယ်လေ အင်စပက်တာ"

လူရှောက်ချိန်က ပြန်ဖြေလိုက်သည်။

"စွေ့ရာဇဝတ်ဂိုဏ်းအကြောင်း ဆောင်းပါးလို့ပဲ ဆိုရမယ်ထင်တယ် အဲ့ဒီဆောင်းပါးထဲမှာ စွေ့တီကွမ်းဓာတ်ပုံပါလာတယ် ကျွန်တော့အမြင်အရတော့ သူတို့နှစ်ယောက် အတော်လေးရုပ်ဆင်နေတယ်"

"တကယ်လား"

ကျန်းကျင်းခိုင် ကုလားထိုင်ပေါ်မှီရင်း စဥ်းစားလိုက်၏။ ကျောက်ရန်းချူနှင့်စွေ့တီကွမ်း ရုပ်ချင်းဆင်တူနေသည်ဆိုပါကလား။ ဒါက ဘာကိုဆိုလိုနေသနည်း။ သူတို့နှစ်ဦး သွေးသားတော်စပ်နေသည့်သဘောပေလား။

အထက်ပါအတိုင်းစဥ်းစားရင်း သူ လူရှောက်ချိနိက်ို အမိန့်ပေးလိုက်၏။

"ရှောက်ချိန် လောလောဆယ် ရှောက်မေကိစ္စကို ခနလွှတ်ထားပြီး ကျောက်ရန်းချူရဲ့နောက်ခံသမိုင်းကို အရင်စုံစမ်းကွာ ဟုတ်ပြီလား"

"ဟုတ်ကဲ့ အင်စပက်တာကျန်း"

လူရှောက်ချိန် ခေါင်းညိတ်လိုက်လေသည်။

လူရှောက်ချိန် ထွက်သွားသည်နှင့် ကျန်းကျင်းခိုင်တယောက် ပြတင်းပေါက်အပြင်ကိုငေးကာ အတွေးနယ်ချဲ့လျက်ရှိသည်။ ကျောက်ရန်းချူအကြောင်းကို သိရှိရန်မှာ ချိုတောက်ကန်းကို မေးမြန်းခြင်းထက် ပိုကောင်းသောနည်းလမ်း မရှိချေ။ အထက်ပါအတိုင်း အတွေးပေါက်သွားသည်နှင့် ကျန်း​ကျင်းခိုင်တယောက် ဆေးရုံသို့ အသော့ထွက်ခွာလာခဲ့တော့သည်။

ဆေးရုံရောက်သည်နှင့် ကျန်းကျင်းခိုင်က ချိုတောင်ကန်းအခန်းထဲသို့ တန်းဝင်လာခဲ့သည်။ ထို့နောက် သူ ကုတင်ဘေးရှိ ထိုင်ခုံတွင် ဝင်ထိုင်ရင်း ပြောလိုက်သည်။

"နေကောင်းတယ်မလား ခင်ဗျားကိုကြည့်ရတာ အတော်လေးအခြေအနေကောင်းနေပြီပဲ"

"အတော်လေးသက်သာနေပါပြီဗျာ ဒါနဲ့ အင်စပက်တာလဲ ဒီမရောက်တာ ကြာသွားပြီပဲ"

"ဟဲဟဲ ကျွန်တော်က သူနာပြုမဟုတ်သလို ဆရာဝန်လဲမဟုတ်ဘူးလေ ဒီတော့ ခင်ဗျားဆီ အမြဲတမ်းဘယ်လာနိုင်ပါ့မလဲ"

ထို့နောက် သူတို့နှစ်ယောက် အချိန်အတော်လေးကြာအောင် အလာပသလာပ ပြောနေကြ၏။ ပြီးမှ ကျန်းကျင်းခိုင်က တစုံတခုကို သတိရသွားဟန်ဖြင့် မေးလိုက်သည်။

"အော် ဒါနဲ့ မေးရအုံးမယ် ခင်ဗျား တလောက သတင်းစာတွေ ဖတ်ဖြစ်သေးလား"

"သတင်းစာ"

ချိုတောက်ကန်း အံ့အားသင့်သွားသည်။

"ဖတ်တော့ဖတ်တယ် ဘာမှထူးခြားတာလဲ မတွေ့ရပါလား ဘာများဖြစ်လို့ပါလိမ့် အင်စပက်တာ"

ကျန်းကျင်းခိုင် ပြုံးလိုက်၏။

"ဒီလိုဗျ တလောက ကျွန်တော် စွေ့ရာဇဝတ်ဂိုဏ်းအကြောင်း ဆောင်းပါးတစ်ပုဒ် ဖတ်မိတယ် အဲဒီဆောင်းပါးထဲမှာ စွေ့တီကွမ်းရဲ့ဓာတ်ပုံပါလာတယ်လေ ကျွန်တော် သတိထားမိသလောက် စွေ့တီကွမ်းနဲ့ကျောက်ရန်းချူက ရုပ်ချင်းဆင်နေတယ်ဗျ"

"အိုး"

ချိုတောက်ကန်း အံ့သြဟန်ပေါက်သွား၏။ ပြီးမှ သူက ရယ်မောလိုက်သည်။

"အင်စပက်တာကျန်း စိတ်ထင်တာဖြစ်ပါလိမ့်မယ် ကျွန်တော်လည်း ဒီဆောင်းပါးကို ဖတ်မိသားပဲ အခု အင်စပက်တာပြောလိုက်မှ နည်းနည်းတူလာသလို ခံစားမိတယ် ဒါပေမဲ့ တကယ်တမ်းကျတော့ အပြင်မှာ သူတို့က ရုပ်ချင်းတခြားစီပဲ"

ပြောရင်းနှင့် ချိုတောက်ကန်း ပုခုံးတွန့်လိုက်၏။

"ဝမ်းနည်းစရာ ကောင်းတာက သူတို့နှစ်ယောက်လုံး သေသွားပြီ မဟုတ်ရင် အင်စပက်တာကိုယ်တိုင် သွားယှဥ်ကြည့်လို့ရတာပေါ့"

"အေး ဒါလည်း မှန်တာပဲကွ"

ကျန်းကျင်းခိုင် ပေါ့ပေါ့ပါးပါး ပြုံးလိုက်၏။

"ကဲ ဒီနေ့တော့ ဒီလောက်ပဲ ခင်ဗျားမှာလဲ ဘာသတင်းအချက်အလက်သစ်မှ ရှိပုံမပေါ်ဘူး ဒီတော့ ကျွန်တော် ပြန်တော့မယ်"

"ကောင်းပါပြီ အင်စပက်တာကျန်း ဒါပေမဲ့ ခင်ဗျားအနေနဲ့ စုံစမ်းမှုကို အရှိန်မြှင့်ဖို့လိုလိမ့်မယ်ထင်တယ် သိပ်မကြာခင် ကျွန်တော် အရှင်းကြီး နေပြန်ကောင်းတော့မယ်"

"စိတ်မပူပါနဲ့ကွာ ခင်ဗျား မျက်စိမှိတ်မသွားခင် အမှန်တရားကို ရှာတွေ့မှာပါ"

ကျန်းကျင်းခိုင်က ချိုတောက်ကန်းကို ပြုံးပြလိုက်၏။ ထို့နောက် သူသည် ဆေးရုံမှ ထွက်ခွာလာခဲ့လေသည်။

All Chapters