ဆွေမျိုးတော်နေသလား
Vol. 15 Ch. 143
တဖက်တွင်လည်း ကျောက်ရန်းချူ၏ နောက်ခံကို စုံစမ်းရာတွင် ကျန်းကျင်းခိုင်တယောက် အခက်အခဲများစွာ ကြုံတွေ့နေရ၏။။ ကျောက်ရန်းချူသည် မိဘမဲ့တဦးဖြစ်ပြီး ဆွေမျိုးလည်းမရှိချေ။ စွေ့တီကွမ်း၏ ရုပ်အလောင်းကိုလည်း လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက မီးသင်္ဂြိုဟ်ခဲ့ပြီဖြစ်လေရာ ကျန်းကျင်းခိုင်အနေနှင့် ကျောက်ရန်းချူနှင့် စွေ့တီကွမ်းကို မျိုးရိုးဗီဇစစ်ဆေးရန်မှာ ဘယ်လိုမှမဖြစ်နိုင်တော့ပဲဖြစ်နေ၏။ ထို့ပြင် ကျောက်ရန်းချူ၏ မိသားစုဝင်များမှာလည်း ထိပ်ပြောင်ဝံပုလွေလက်ချက်နှင့် အကုန်အသက်ပျောက်ကုန်ကြလေပြီ။
နောက်ဆုံးတွင် ကျန်းကျင်းခိုင်အနေနှင့် စွေ့တီကွမ်း၊ စွေ့ကျုံးယီတို့၏ အမှုများနှင့် ပတ်သက်သူများကို တစ်ဖန်ပြန်လည် စစ်ဆေးမေးမြန်းရန်မှအပ ရွေးစရာမရှိတော့။ ဤသို့ ဒုတိယအကြိမ် စစ်ဆေးမေးမြန်းမှုတွင် ကျောက်ရန်းချူနှင့်ပတ်သက်၍ ထူးခြားချက်တချို့ကို တွေ့ရှိနိုင်ရန် ကျန်းကျင်းခိုင် မျှော်လင့်ထားခဲ့သည်။ ထင်ထားသည့်အတိုင်း သက်သေအများအပြားက ကျောက်ရန်းချူနှင့် စွေ့တီကွမ်းတို့ ရုပ်ချင်းဆင်သည်ဟု အတည်ပြုခဲ့ကြသည်။ သို့သော် ဆွေမျိုးတော်မတော်ကိုတော့ မည်သူမှ မသိချေ။
ထိုအခါ အမှုသည် နောက်တကြိမ် လမ်းပိတ်သွားပြန်၏။ ကျန်းကျင်းခိုင်တယောက် ဦးနှောက်စားရပြန်သည်။ သူလိုအပ်သည့် အချက်အလက်များအားလုံး သူ့ရှေ့တွင် ရှိနေသော်လည်း ရာဇဝတ်ကောင်ကို ဖော်ထုတ်ရန်မူကား သူ မစွမ်းဆောင်နိုင်သေးချေတကား။
ကျန်းကျန့်ခိုင်၏ စိတ်ထဲတွင်လည်း ဤထင်မြင်ယူဆချက်များကို ချိုတောက်ကန်းအား ပြောပြသင့်၊ မပြောပြသင့် ချီတုံချတုံ ဖြစ်နေ၏။ ကျောက်ရန်းချူသည် စွေ့တီကွမ်းနှင့် ဆွေမျိုးတော်စပ်ကြောင်း သူသံသယရှိနေသည်ကို ချိုတောက်ကန်းအား ပြောပြသင့်သည်။ သို့သော် ချိုတောက်ကန်း၏ စိတ်ထဲတွင် ဘာတွေရှိနေမှန်း သူ မသေချာပဲ ဖြစ်နေ၏။
နောက်ဆုံးတော့ ချိုတောက်ကန်း မုသားပြောနေသည်ဟု ကျန်းကျင်းခိုင် ယူဆလိုက်သည်။သို့သော် ချိုတောက်ကန်းအနေနှင့် ကျောက်ရန်းချူ၏ တကယ့်ဇစ်မြစ်ကို အဘယ်ကြောင့် လိမ်ညာရသနည်း။ ထို့ပြင် ကျောက်ရန်းချူနှင့် အခြားသူများ သေဆုံးခဲ့သည်ကို ချိုတောက်ကန်း အဘယ်ကြောင့် ဤမျှ စိတ်အားထက်သန်စွာ သိလိုရသနည်း။ သူတို့သေဆုံးခြင်းနောက်ကွယ်တွင် တခြားအကြောင်းရင်းတစ်ခု ရှိနေသလား။ သို့မဟုတ် ကျောက်ရန်းချူ သေဆုံးခြင်းနှင့်အတူ လျှို့ဝှက်ချက်ကြီးတခုတလေများ ပါသွားလေသလား။
တွေးရင်းတွေးရင်းနှင့် ကျန်းကျင်းခိုင် ပို၍ဂနာမငြိမ်ဖြစ်လာ၏။ သို့သော်ဘာစိတ်ကူးစိတ်သန်းမှ သူ့ခေါင်းထဲမှ ထွက်မလာတော့။
နောက်ဆုံးတော့ ကျန်းကျင်းခိုင်သည် ရှုပ်ထွေးနေသောအတွေးများကို မောင်းထုတ်ကာ ညစာစားရန် အားကျောက်ကို ဖုန်းခေါ်လိုက်၏။ သူတို့၏ ဆက်ဆံရေးသည် ဤကာလတစ်လျှောက်တွင် အတော်လေးတည်တည်ငြိမ်ငြိမ် ရှိနေ၏။ သူ့အနေနှင့် အလုပ်ဖိအားကြောင့် အနည်းငယ် စိတ်တိုနေခဲ့သော်လည်း အားကျောက်ရှေ့တွင်တော့ သူ့ကိုယ်သူ ထိန်းထားနိုင်ဆဲပင်။ သူမနှင့်အတူရှိနေသရွေ့ သူ့ဘဝ သာယာပြည့်စုံနေသည်ဟု ကျန်းကျင်းခိုင် ခံစားနေရ၏။
ညစာစားပြီးသည်နှင့် အားကျောက်နှင့် ကျန်းကျင်းခိုင်တို့ ဦးလေးကိုင်၏ ခေါက်ဆွဲဆိုင်မှ ထွက်လာခဲ့ကြသည်။ ဆိုင်ပြင်ရောက်သည်နှင့် ကျန်းကျင်းခိုင်က မေးလိုက်၏။
"ဟန်နီ ဒီည အစားနည်းလှချည်လား"
အားကျောက်က အမှန်အတိုင်းပင် ပြောပြလိုက်သည်။
"စားချင်စိတ်မရှိဘူးဖြစ်နေတယ် ဒီတစ်ရက်နှစ်ရက်အတွင်း နည်းနည်း ပင်ပန်းနေတယ် အိပ်ရေးမဝသလိုပဲ”
"တကယ်လား"
ကျန်းကျင်းခိုင် ချက်ချင်းပင် အားကျောက်၏ နဖူးကို စမ်းကြည့်လိုက်၏။
"ဖျားနေတာလား"
“မဖျားပါဘူး ကျွန်မ အဆင်ပြေပါတယ်”
ထို့နောက် သူမက ကျန်းကျင်းခိုင်ကို တချက်ကြည့်ရင်း စနောက်လိုက်၏။
“တကယ်တော့ ဒီလိုဖြစ်နေတာရှင့်ကြောင့် ဒီရက်ပိုင်း ရှင်တအားထန်နေတယ်လေ အဲတာကြောင့် ကျွန်မ အားကုန်နေတာ"
"ဟေ ကျုပ်ထက်စာရင် မင်းက ထန်နေတာ မဟုတ်ဘူးလား"
"ဟွန့် မဟုတ်ပါဘူး အို ဘာဖြစ်ဖြစ်"
ထို့နောက် အားကျောက်က ကျန်းကျင်းခိုင်၏ ကိုယ်ပေါ်မှီနွဲ့ရင်း ပြောလိုက်ပြန်သည်။
"ဟန်နီ လူသတ်သမားက ဘာလို့ ခုထိ ပေါ်မလာသေးတာလဲဟင်"
"ဘာလဲ စိတ်ပူလို့လား"
ကျန်းကျင်းခိုင်၏ အသံမှာ နူးညံနွေးထွေးနေ၏။
"ဟုတ်တယ် သူသာ ပေါ်မလာရင် ကျွန်မတော့ မလွယ်တော့ဘူးထင်တယ်"
“ဟုတ်ပြီ ဒါဆို ကျုပ် ဒီည သူ့ကို ဖုန်းဆက်ခေါ်လိုက်မယ်လေ"
ကျန်းကျင်းခိုင်က နောက်ပြောင်လိုက်သည်။
အားကျောက် နှုတ်ခမ်းစူလိုက်ပြန်သည်။ ပြီးမှ သူမက ပြောလိုက်၏။
"တကယ်တော့ ဆာဂျင်ကျန်း ရှာတွေ့ခဲ့တဲ့ အခန်းက မဆိုးလှဘူးသိလား ကော်မရှင်နာကို ပြောပေးပါလား အဲဒီအခန်းကို ကျွန်မတို့ကို ပြန်ရောင်းပေးလို့ရမလားလို့လေ"
“ဟားဟားဟား သိပ်ရတာပေါ့ကွာ"
ကျန်းကျင်းခိုင် အားရပါးရ ရယ်မောလိုက်၏။
ထို့နောက် သူတို့နှစ်ယောက် ယမန်နေ့ကကဲ့သို့ပင် လမ်းခွဲလိုက်ကြပြန်၏။
ကျန်းကျင်းခိုင်နှင့် လမ်းခွဲပြီးသည်နှင့် အားကျောက်တယောက် သတ်မှတ်ထားသောနေရာသို့ တစ်လှမ်းချင်း လျှောက်လာခဲ့၏။ လမ်းတွင် မိန်းကလေးတချို့က သူမကို နှုတ်ဆက်ကြလေသည်။ သူမကလည်း ယဉ်ယဥ်ကျေးကျေးပင်ခေါင်းညိတ်ပြုံးပြခဲ့၏။ အားကျောက်၏ စိတ်ထဲတွင် လက်ရှိ ပြည့်တန်ဆာအဖြစ် ဟန်ဆောင်နေရသည့်အခိုက်အတန့်ကို တာဝန်တခုသဖွယ် သဘောထား၏။ သူမသည် ယခုတွင် လူတစ်ယောက်တည်းကိုသာ ဝန်ဆောင်မှုပေး၏။ အမှုပိတ်သွားပြီးနောက် ဤနေရာကို သူမ ဘယ်တော့မှပြန်လာတော့မည် မဟုတ်ချေ။
ညနေပိုင်းတွင် မိုးရွာခဲ့ခြင်းကြောင့် ရာသီဥတုမှာ အနည်းငယ် အေးစိမ့်စိမ့်ဖြစ်နေ၏။ ထိုအခါ လမ်းကြားထဲရပ်နေသော အားကျောက်ကိုယ်တိုင်လည်း အအေးဒဏ်ကို ခံစားနေရတော့သည်။ သူမ အအေးပေါ့သွားစေရန် လက်ပိုက်ထားလိုက်၏။
ရာသီဥတုက တော်တော်လေး အေးလာပြီ...
သူ့မွေးနေ့ရောက်တော့မှာလားမသိဘူး...
အတွေးနှင့်အတူ အားကျောက် လမင်းကြီးကို ငေးကြည့်နေ၏။ လမင်းကား တောက်ပစွာ လင်းထိန်နေဆဲပင်။
ငါသာ အမှတ်မမှားဘူးဆိုရင် သူ့မွေးနေ့က နောက်အပတ်ထဲ ဖြစ်ရမယ်...
ဒီရက်ပိုင်းထဲ ငါ သူ့မှတ်ပုံတင်တော့ ခိုးကြည့်ထားအုံးမှပါ...
တဖန် အားကျောက်၏ အာရုံက လမ်းကြားရှိ ကျန်မိန်းကလေးများဆီ ရောက်သွားပြန်သည်။ သူတို့သည်လည်း သူမကဲ့သို့ပင် အအေးဒဏ်က်ို ခံနေကြရဟန်ရှိ၏။
ဒီညတော့ လူတိုင်း အေးနေပုံပဲ...
အထက်ပါအတိုင်းတွေးရင်း အားကျောက် ပြုံးလိုက်၏။
ထိုအချိန်တွင် အားကျောက်အနီးသို့ရောက်လာသော ကျန်းကျင်းခိုင်က မေးလိုက်သည်။
"ဟေး ဘာတွေ စဉ်းစားနေတာလဲ မင်းကိုကြည့်ရတာ အရမ်း ပျော်နေပုံပဲ"
ထို့နောက် သူ သူမကို ပြောလိုက်၏။
"သွားကြရအောင် ဒီည တော်တော်ကိုအေးတယ်”
“ဟုတ်တယ်နော်”
အားကျောက် ပြုံးလိုက်၏။
“ရှင်လည်း အေးနေတာပဲနော် ဒါနဲ့ နေပါအုံး ဒီည ရှင် ရုပ်ဖျက်မလာဘူးလား"
"အင်း ဒီည မင်းယွမ် မအားဘူးလေ ပြီးတော့ ကျုပ်လည်း အလှကုန်တွေနဲ့ ဓာတ်မတည့်တဲ့ပုံပဲ"
အားကျောက်က ကျန်းကျင်းခိုင်၏ မျက်နှာကို ချက်ချင်းလှည့်ကြည့်လိုက်သည်။
"ဟုတ်လား ဒီမှာတော့ အဆင်ပြေပုံပဲ အိမ်ထဲရောက်ရင် ကျွန်မ သေချာကြည့်ပေးမယ်"
ကျန်းကျင်းခိုင် ခေါင်းညိတ်ရင်း ပြောလိုက်၏။
"ဟုတ်ပြီ ကဲ သွားရအောင် ပိုပိုပြီးအေးလာသလိုပဲ"