← Chapters

ပြန်လည်သတိရလာခြင်း

Vol. 15 Ch. 145

ပြန်လည်သတိရလာခြင်း

Vol. 15 Ch. 145

ပေါက်ကွဲမှုဖြစ်ပြီး နှစ်ရက်အကြာ ကျန်းကျင်းခိုင်နှင့်အားကျောက်တို့ ဆေးရုံတွင် အသီးသီးနိုးထလာကြ၏။ ပထမဆုံးသတိရလာသူမှာ အားကျောက်ပင် ဖြစ်သည်။ သူမသည် မျက်လုံးပွင့်လာလာချင်း အဖြူရောင်မျက်နှာကြက်ကို ငေးကြည့်နေ၏။ တဖန် သူ့ဘေးနားရှိ ကုတင်ပေါ်တွင် လဲလျောင်းနေသည့် ကျန်းကျင်းခိုင်ကို ငေးကြည့်လိုက်ပြန်သည်။

ထိုအခိုက်အတန့်တွင် ကျန်းကျင်းခိုင်၏ ပုံစံမှာ အိပ်ပျော်နေသည်နှင့်ပင် တူနေသေး၏။ သူတို့ခန္ဓာကိုယ်ထဲတွင် မည်သည့်ဆေးထိုးပိုက်မျိုးမှ ရှိမနေချေ။ ဆရာဝန်၏ ပြောစကားအရ သူတို့နှစ်ဦးလုံးသည်ပင် မီးခိုးငွေ့များ ရှုရှိုက်မိခြင်း၊ ထိတ်လန့်ခြင်းတို့ကြောင့် သတိလစ်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

"ဟန်နီ"

အားကျောက် လှမ်းခေါ်လိုက်၏။ သို့သော် ပြန်ထူးသံကား ပေါ်မလာချေ။ ထိုအခါ အားကျောက်က ထထိုင်ရန် ကြိုးစားလိုက်သည်။ သူမ ခေါင်းကိုက်ပြီး တကိုယ်လုံး အားမရှိသကဲ့သို့ ခံစားနေရ၏။ သို့သော် အသက်ရှင်နေသေးသည်ကိုပင် ကံကောင်းသည်ဟု ဆိုရပေလိမ့်မည်။ သူမ ကုတင်ပေါ်မှ ဆင်းရန်ကြိုးစားလိုက်၏။ သို့သော် ခြေလှမ်းနှစ်လှမ်းစာမျှကိုပင် မနည်းလှမ်းနေရလေသည်။ ကျန်းကျင်းခိုင်၏ ကုတင်ကို မှီပြီး အားကျောက် ထပ်ခေါ်လိုက်ပြန်သည်။

"ဟန်နီ ရှင်အဆင်ပြေရဲ့လား သတိရတော့လေ"

တချိန်တည်းမှာပင် သူမ၏ မျက်ဝန်းအစုံမှ မျက်ရည်များ စီးကျလာတော့သည်။

ထို့နောက် သူမ ကျန်းကျင်းခိုင်၏ ပါးပြင်ကို စမ်းသပ်လိုက်သည်။ သူ့ပါးပြင်သည် နွေးထွေးနေ၏။ ထိုအနွေးဓာတ်ကို ခံစားလိုက်ရမှ အားကျောက် စိတ်သက်သာရသွားသည်။ တဖန် သူမသည် နူးညံ့သော အနုပညာလက်ရာတစ်ခုကို စစ်ဆေးသည့်နှယ် ကျန်းကျင်းခိုင်၏ မျက်နှာနှင့် ခန္ဓာကိုယ်တလျှောက်ကို သတိကြီးကြီး ပွတ်သပ်​နေပြန်၏။ ကျန်းကျင်းခိုင် တစုံတခု ထိခိုက်သွားမည်ကို အားကျောက် အကြီးအကျယ် စိတ်ပူနေခြင်းပင်။

တဖန် အားကျောက်၏ လက်က ကျန်းကျင်းခိုင်၏ ဆွဲကြိုးကို စမ်းသပ်မိပြန်၏။ ဘုရားဆင်းတုတော်ကား ဆွဲကြိုးပေါ်မှ လုံးဝပျောက်ကွယ်သွားပြီတကား။ သူမ ထိတ်လန့်သွား၏။ ထူးဆန်းသောပေါက်ကွဲမှုကြောင့် ပျောက်သွားခြင်း ဖြစ်နိုင်ပေသည်။ ယခင်က ဘုရားဆင်းတုတော်ရှိခဲ့သော ကျန်းကျင်းခိုင်၏ ရင်ဘတ်မှာလည်း အမှတ်အသားတစ်ခု ပေါ်ပေါက်နေကြောင်း သူမ တွေ့လိုက်ရပြန်သည်။ ဘုရားဆင်းတုတော်က ကျန်းကျင်းခိုင်၏ အသက်ကို ကယ်တင်ခဲ့ခြင်းပေလား။

"အော် မင်း နိုးနေပြီလား"

ထိုအချိန်မှာပင် ကျန်းကျင်းခိုင်၏ ခေါ်သံ ထွက်ပေါ်လာ၏။

" မင်းက ငါ့ထက် စောပြီးနိုးလာတယ်ပေါ့ ကုတင်ပေါ်ကိုလာလေ ကြမ်းပေါ်မှာ အေးတယ်"

ကျန်းကျင်းခိုင်၏ လေသံမှာ အတော်လေးအားနည်းနေဟန်ပေါ်နေ၏။

"ဘုရားသခင် ကယ်တော်မူပါ ရှင် အဆင်ပြေရဲ့လားဟင်"

အားကျောက်၏ မျက်ဝန်းတွင် မျက်ရည်များ နောက်တကြိမ် ရစ်သိုင်းလာပြန်သည်။ ထို့နောက် သူမက ကုတင်ပေါ်တက်ပြီး ကျန်းကျင်းခိုင်၏ ဘေးတွင် လဲလျောင်းလိုက်၏။

"ကျုပ် အဆင်ပြေပါတယ်ကွာ ပင်ပန်းနေရုံပါပဲ"

သူ အားကျောက်၏ ပါးပြင်ပေါ်မှ မျက်ရည်များကို သုတ်ပေးရင်း နှစ်သိမ့်လိုက်၏။

"တိတ် တိတ် မငိုတော့နဲ့ ကျုပ် အဆင်ပြေတယ်"

သိပ်မကြာမီ ကျန်းကျင်းခိုင်နှင့်အားကျောက်တို့ သတိပြန်ရလာသည့် သတင်းက ဆေးရုံတခုလုံးသို့ ပျံ့နှံ့သွား၏။ တစ်ချိန်တည်းမှာပင် ရဲဌာနမှလည်း ထိုသတင်းကို ရရှိသွားတော့သည်။ ထိုနေ့ညမှာပင် ရဲဌာနချုပ်မှရဲအရာရှိများကို ဦးဆောင်ကာ ယောက်ထန်းယုကိုယ်တိုင် ကျန်းကျင်းခိုင်ကို လာတွေ့၏။

အချိန်အတော်ကြာသော် ကျန်ရဲအရာရှိများ ပြန်သွားကြ၏။ ယောက်ထန်းယုကတော့ မပြန်သေးပဲ ဆေးရုံမှာပင် ကျန်ရစ်ခဲ့သည်။ သူက ကုတင်ပေါ်တွင် အတူတကွလဲလျောင်းနေသော ကျန်းကျင်းခိုင်တို့စုံတွဲကို ကြည့်ရင်း ပြောလိုက်သည်။

"မင်းတို့နှစ်ယောက် ဒီလိုအခြေအနေမျိုး ကြုံပြီးတာတောင် ဒီအတိုင်း နေနေတုန်းပဲလား လက်ထပ်လိုက်တော့လေ! ဘယ်တော့ ကျုပ်ကို မင်္ဂလာဖိတ်စာပေးမှာလဲ"

"ကျွန်တော်လဲ လက်ထပ်ချင်တာ တပိုင်းသေနေပြီ ကော်မရှင်နာ"

ကျန်းကျင်းခိုင်က ယောက်ထန်းယုကို ရှိန်မနေပဲ ခပ်တည်တည်နှင့် ပြန်ဖြေလိုက်၏။

"ကောင်းတာပေါ့ ဆေးရုံက ဆင်းပြီးတာနဲ့ မင်းတို့ကို ခွင့်တလပေးလိုက်မယ် အဲဒီအခါကျရင် လက်ထပ်လိုက်"

ယောက်ထန်းယုက နောက်သလိုလို အတည်လိုလိုနှင့် ပြောလိုက်၏။

"အိုး ကျေးဇူးတင်ပါတယ် ကော်မရှင်နာ"

အထက်ပါအတိုင်း သူတို့သုံးဦး အလာပသလာပ ပြောနေကြ၏။ အချိန်အတော်လေးကြာသွားမှ ယောက်ထန်းယုက လေသံကိုပြောင်းပြီး မေးလိုက်သည်။

"အဲ့ဒီညက အခန်းထဲမှာ မင်းတို့ ဘာထူးဆန်းတာတွေများ တွေ့ခဲ့သေးလဲ အမှုလမ်းကြောင်းကရော ဘယ်လိုဖြစ်သွားပြီလဲ"

"ထူးဆန်းတာတွေတော့ တွေ့ခဲ့တယ်ကော်မရှင်နာ"

ကျန်းကျင်းခိုင် ကိုယ်ကိုမတ်မတ်ထိုင်ရင်း တည်ငြိမ်သောလေသံနှင့် ပြန်ဖြေလိုက်၏။

"ကျုပ်ကို ပြောပြပါဦး"

ယောက်ထန်းယု စိတ်အားထက်သန်စွာ မေးလိုက်ပြန်သည်။

"အင်း..."

ကျန်းကျင်းခိုင် တွေဝေနေ၏။ ပြီးမှ သူက ရိုးရိုးသားသားပင် ပြန်ဖြေလိုက်သည်။

"ဒီလိုပါ ကော်မရှင်နာ ဖြစ်ခဲ့တာတွေက အရမ်းထူးဆန်းလွန်းနေတော့ ကျွန်တော် ဘယ်လိုပြောပြရမယ်မှန်း မသိဘူးဖြစ်နေတယ် ဆရာ့ကို မတင်ပြခင် ကျွန်တော် မြင်ခဲ့တာတွေ တကယ်မှန်ရဲ့လားဆိုတာ အရင်ဆုံး အတည်ပြုချင်ပါသေးတယ်ခင်ဗျ"

"ဟုတ်ပြီ ပြဿနာမရှိဘူး"

ယောက်ထန်းယု ခေါင်းညိတ်ပြီး သဘောတူလိုက်၏။ ဤနှစ်ရက်အတွင်းတွင် သူ့အနေနှင့် သဘာဝလွန်အရာများနှင့် ဆက်စပ်သော ကောလာဟလအတော်များများကို ကြားခဲ့ပြီးပြီ ဖြစ်သည်။ ထိုသီအိုရီများက သူ့ကို မထီမဲ့မြင်ပြုနေသကဲ့သို့ ရှိ၏။ အတွေ့အကြုံရှိ ဝါရင့်ရဲအရာရှိတစ်ဦးအနေနှင့် ဤအရာမျိုးကို သူ ဘယ်တော့မှယုံကြည်လိမ့်မည်မဟုတ်ချေ။

"ကော်မရှင်နာယောက် ကျွန်တော် ဘယ်တော့ ဆေးရုံက ဆင်းလို့ရမလဲ"

ကျန်းကျင်းခိုင်က မေးလိုက်ပြန်သည်။

"မင်းဆန္ဒရှိရင် ခုကိုယ်ပဲ ဆင်းလို့ရတယ် မင်းတို့အဆင်ပြေတယ်လို့ ဆရာဝန်က ပြောပြီးပြီ"

"တကယ်လား"

ယောက်ထန်းယု၏ အဖြေကြောင့် ချက်ချင်းပင် အားပြည့်သွားသကဲ့သို့ ကျန်းကျင်းခိုင် ခံစားလိုက်ရသည်။

"ဒါဆို မနက်ဖြန် ဆေးရုံဆင်းပြီး အလုပ်ကို တန်းသွားတာ ပိုကောင်းမယ်ထင်တယ်"

ကျန်းကျင်းခိုင် အားတက်သရောနှင့် ပြောလိုက်၏။

ထိုအချိန်မှာပင်

"မရဘူး ကျွန်မ ကန့်ကွက်တယ်"

အားကျောက်၏ ဒေါသတကြီးကန့်ကွက်သံ ထွက်ပေါ်လာ၏။ ထို့နောက် သူမက ဆက်ပြောလိုက်သည်။

"ကျွန်မတို့ အရင်ဆုံးလက်ထပ်ပြီးမှ သူ အလုပ်လုပ်ရမယ်"

All Chapters