အမှန်တရားလား ထင်ယောင်ထင်မှားအဖြစ်လား
Vol. 15 Ch. 146
အားကျောက် သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ကျန်းကျင်းခိုင်ကတော့ ဆေးရုံကဆင်းပြီး နှစ်ရက်အကြာမှာပင် အလုပ်ပြန်ဝင်၏။ တကယ်တမ်းတွင် အားကျောက်ကလည်း အထူးတလည် ကန့်ကွက်နေသည်မျိုးတော့ မရှိချေ။ အကြောင်းမှာ သူမကိုယ်တိုင်လည်း အားရှုဘယ်ရောက်နေမှန်း သိလိုနေသည် မဟုတ်ပါလား။
ကျန်းကျင်းခိုင် ရုံးရောက်သည်နှင့် သူ့အဖွဲ့သားများက ဝိုင်းဝန်းဂုဏ်ပြုကြ၏။ တဖက်တွင်လည်း သူတို့က ကျန်းကျင်းခိုင် ဘာတွေ့ခဲ့မှန်း သိလိုနေကြပေသည်။ လူဆိုသည်မှာ စပ်စုတတ်ကြသည့် အမျိုးပင် မဟုတ်ပါလား။ သို့သော် ကျန်းကျင်းခိုင်ကတော့ ပေါက်ကွဲမှုတခုဖြစ်ပြီး သူ သတိမေ့သွားကြောင်းသာ ပြောပြပီး တခြားတခွန်းမှ မဟလေရာ သူ့အဖွဲ့သားများမှာ အောင့်သက်သက် ဖြစ်ကုန်ကြ၏။ သို့သော် ကျန်းကျင်းခိုင်မှာ သူတို့အထက်အရာရှိ ဖြစ်နေ၍ ငြိမ်ခံနေရုံမှအပ တခြားမရှိချေ။
“ရှောက်ချိန် ဒီကိုလာအုံး"
ရုံမှအဖွဲ့သားများနှင့် စကားစမြည်ပြောပြီးသည်နှင့် ကျန်းကျင်းခိုင်က လူရှောက်ချိန်ကို ခေါ်ယူပြီး အောက်ပါအတိုင်း ပြောလိုက်သည်။
“မင်းလုပ်ပေးရမယ့် ကိစ္စတစ်ခုရှိတယ်”
“ဟုတ်ကဲ့ အင်စပက်တာကျန်း အမိန့်ရှိပါ”
လူရှောက်ချိန် ခေါင်းညိတ်ရင်း ဖြေလိုက်သည်။
“ကျန်းနန်ဆီကိုသွား ပြီးရင် ပထမဆုံးမှုခင်းဖြစ်ပွားရာနေရာကို သွားလိုက်”
ကျန်းကျင်းခိုင်က လူရှောက်ချိန်၏ တာဝန်ကို ရှင်းပြလိုက်၏။
“လူအချို့ကိုခေါ်သွား ပေါက်တူးပေါက်ပြားတွေလဲ ယူသွား ပြီးရင် ပထမဆုံးမှုခင်းဖြစ်ပွားခဲ့တဲ့အခန်းရဲ့ ပြတင်းပေါက်အပြင်ဘက် မြေကွက်လပ်ကို မင်းတို့က တူးကြပေတော့ အဲဒီနေရာမှာ တခုခု မြှုပ်ထားတာ ရှိနိုင်တယ်"
“ဟုတ်ကဲ့ ပြဿနာမရှိပါဘူးအင်စပက်တာ”
"အော် နေအုံးကွ”
ထိုအခိုက်မှာပင် ကျန်းကျင်းခိုင်က တစုံတခုကို သတိရသွားဟန်ဖြင့် ပြောလိုက်ပြန်သည်။
"အစတုန်းက ကျုပ် လိုက်မလို့ပဲ ဒါပေမဲ့ မင်းနဲ့ ကျန်းနန်ပဲ အရင်သွားလိုက်ကွာ တစ်ခုခုတွေ့ရင် ချက်ချင်း ကျုပ်ဆီကို ဖုန်းဆက် ဟုတ်ပြိလား"
“ဟုတ်ကဲ့ အင်စပက်တာ တခြားဘာများရှိအုံးမလဲ"
လူရှောက်ချိန်က ထပ်မေးလိုက်ပြန်သည်။
“မရှိတော့ဘူး မင်းအလုပ်စလုပ်လို့ရပြီ"
ထို့နောက် ကျန်းကျင်းခိုင်က လူရှောက်ချိန်ကို အခန်းထဲမှ ထွက်သွားရန် အချက်ပြလိုက်သည်။ သို့သော် လူရှောက်ချိန်ကား အခန်းထဲမှ ထွက်မသွားပဲ တစုံတခုကို စဥ်းစားနေဟန်ဖြင့် တွေဝေနေ၏။ ထို့နောက် သူက ပြောလိုက်လေသည်။
“အင်စပက်တာ ကျွန်တော် အဲဒီညက တစ်ခုခု မြင်ခဲ့တာရှိသေးတယ် တခြားဘယ်သူ့ကိုမှ မပြောရသေးဘူး အဲဒါ ဆရာ့ကို ပြောရင်ကောင်းမလားလို့ ကျွန်တော်စဥ်းစားနေတာ”
“မင်းဘာတွေမြင်ခဲ့တာလဲ ပြောလေ”
“ကျွန်တော်…”
လူရှောက်ချိန် အထက်ပါအတိုင်း စကားစရင်း စိတ်မသက်မသာဖြစ်ဟန်ဖြင့် ကျန်းကျင်းခိုင်ကို လှမ်းကြည့်လိုက်သည်။
"အင်စပက်တာ ကျွန်တော့်ကို အယူသည်းတယ်လို့တော့ မထင်ပါနဲ့ ကျွန်တော် အဲဒီညက ကျွန်တော့်ညီမကို မြင်ခဲ့သလိုပဲ"
“မင်းရဲ့ညီမ... မင်း ရှောက်မေကို မြင်ခဲ့တာလား”
ကျန်းကျင်းခိုင် အံ့သြသွားဟန် တူသည်။
“ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ ပြီးတော့ အခန်းထဲကို မင်း ဘယ်အချိန်လောက်မှာ ဝင်လာတာလဲ"
“အပြင်ဘက်အခြေအနေ ပုံမှန်ပြန်ဖြစ်သွားတော့မှ ကျွန်တော် ဝင်လာတာပါ”
လူရှောက်ချိန်က ဖြေလိုက်၏။
“အဲဒီမှာ ကျွန်တော် ရှောက်မေကို မြင်လိုက်ရတယ် ကျွန်တော် သူ့ကို လှမ်းခေါ်လိုက်တော့ သူ ကျွန်တော့်ကို လှည့်ကြည့်တယ် ဒါပေမဲ့ စကားတော့မပြောဘူး ပြီးတော့ သူ ငိုနေတယ်ဗျ"
“တကယ်လား”
ကျန်းကျင်းခိုင် သက်ပြင်းချလိုက်၏။
“ကောင်းပြီ မင်းကို ကျုပ် ယုံပါတယ်ကွာ သူက အဖြူရောင်ဂါဝန်ရှည် ဝတ်ထားတယ်မလား ပြီးတော့ ဆံပင်တွေက ပုခုံးနားလောက်ထ်ိ ဖြန့်ချထားတယ်လေ"
“ဟာ အဲဒီအတိုင်းပဲ အင်စပက်တာ”
လူရှောက်ချိန် အံ့သြသွားသည်။
“အင်စပက်တယ…ဆရာ… ဆရာ ဘယ်လိုလုပ်သိနေတာလဲ”
“ထားလိုက်ပါတော့ကွာ”
ကျန်းကျင်းခိုင် ပခုံးတွန့်ရင်း ပြောလိုက်၏။
“အဲဒီညက သူ့ကို ကျုပ်လည်း မြင်ခဲ့တယ်ထင်တာပဲ ဘာပဲဖြစ်ဖြစ်ပါ မင်းယုံချင်ယုံ၊ မယုံချင်နေ သူက ပြောလိုက်သေးတယ်ကွ သူဟာ မင်းတို့အားလုံးကို အရမ်းချစ်ပါတယ်တဲ့ ဒါပေမဲ့ သူ အခုမရှိတော့ဘူး ဘယ်တော့မှ ပြန်မလာနိုင်တော့ပါဘူးတဲ့"
"အော်"
လူရှောက်ချိန် ခေါင်းညိတ်ပြီး ထရပ်လိုက်၏။ သူ တုန်လှုပ်ချောက်ချားနေပုံရသော်ငြား ကျန်းကျင်းခိုင်ကိုတော့ ယဥ်ယဥ်ကျေးကျေးပင် ကျေးဇူးတင်စကား ပြောလိုက်၏။
။“ကျေးဇူးတင်ပါတယ်ဗျာ ဒါနဲ့ သူ ဒီအမှုတွေနဲ့ ပတ်သက်မပတ်သက်ကိုကော ဆရာပြောနိုင်မလားမသိဘူး"
“အင်း… ပြောရမယ်ဆိုရင်တော့ ပတ်သက်နေတယ်လို့ပဲ ပြောရမလားမသိဘူး”
ကျန်ကျင်းခိုင် သတိကြီးကြီးနှင့် ပြန်ဖြေလိုက်သည်။
"အားလီနဲ့ ကျူးယုပင်တို့ရဲ့အမှုက သူနဲ့ တိုက်ရိုက်ပတ်သက်နေတယ် ဒါပေမဲ့ သူက အပြစ်ကင်းပါတယ် ပြီးတော့ သူ သေရတာကလဲ မတော်တဆဖြစ်သွားတာ သူမ ဘယ်သူ့ကိုမှ မသတ်ခဲ့ပါဘူးကွာ"
လူရှောက်ချိန် ခေါင်းတချက်ညိတ်ပြပြီး အရိုအသေပြုကာ အခန်းထဲမှ ထွက်သွားလေသည်။
ငါ့ညီမ ဘယ်သူ့ကိုမှ မသတ်ခဲ့ဘူး...သူဟာ လူသတ်သမားမဟုတ်ဘူး
ထိုအတွေးတွေက သူမ၏ ဆွေမျိုးသားချင်းများကို နှစ်သိမ့်ရန် လုံလောက်၏။ သူတို့အတွက် သူမ လူသတ်သမားမဟုတ်လျင် လုံလောက်နေခဲ့ပေပြီ။
လူရှောက်ချိန် ထွက်သွားပြီးနောက် အခန်းထဲတွင် ကျန်ခဲ့သည့် ကျန်းကျင်းခိုင်ကိုယ်နှိုက်မှာလည်း စိတ်လှုပ်ရှားနေ၏။ အစပိုင်းတွင် ကျန်းကျင်းခိုင်သည် ထိုညက မြင်ခဲ့သော အရာများကို မယုံကြည်ခဲ့ပေ။ ပေါက်ကွဲမှုကြောင့် ထွက်လာသော ဓာတ်ငွေ့များက သူ့ကို စိတ်အာရုံချောက်ချားစေသည်ဟုသာ သူက ယူဆနေခဲ့၏။ သို့သော် အားကျောက်နှင့် စကားပြောပြီးနောက် သူတို့နှစ်ဦးစလုံး မြင်ခဲ့၊ ကြားခဲ့ရသည်မှာ အတူတူဖြစ်နေကြောင်း သိလိုက်ရသည်။ တဖန် ဤယနေ့တွင် လူရှောက်ချိန်ကလည်း လူရှောက်မေကို မြင်ခဲ့ကြောင်း ပြောပြနေပြန်၏။ သို့ဆိုလျင် ထိုနေ့ညက မြင်ခဲ့ကြားခဲ့ရသည်များကို အမှန်ဟု ကျန်းကျင်းခိုင် ယူဆရမလို ဖြစ်နေခဲ့လေပြီ။
ထိုအချိန်မှာပင် ကျန်ကျင်းခိုင်၏ ဖုန်းက အသံမြည်လာ၏။
“ဟန်နီ ကျွန်မ သော့ရှာ တွေ့ပြီ အစ်မရှုရဲ့ မိတ်ကပ်စားပွဲအံဆွဲထဲမှာ”
“တကယ်လား”
ကျန်းကျင်းခိုင် မသိမသာ တုန်လှုပ်သွား၏။
“မင်း တကယ် သော့တွေ့ပြီလား သော့က အမှန်ဟုတ်လို့လား"
“မှန်ရမှာပေါ့ရှင့်”
အားကျောက်က ပြန်ဖြေလိုက်သည်။
“သော့မှာ ‘၈၀၈’ ဆိုတဲ့ နံပါတ်ကပ်ထားတယ်လေ မှားစရာမှမရှိတာ"
"အင်း”
ကျန်းကျင်းခိုင် ယုံရခက်ပြီး ဖြစ်နေပုံပေါ်သည်။
“ဒါဆို သော့ကို သေချာသိမ်းထား ကျုပ် လူရှောက်ချိန်နဲ့ ကျန်းနန်ကို လမ်းကြားထဲလွှတ်လိုက်ပြီ မင်း ဒီနေ့ အပြင်မထွက်နဲ့ တစ်ခုခုဆို ကျုပ်လာခေါ်မယ်”
အထက်ပါအတိုင်းပြောပြီး ကျန်းကျင်းခိုင် ဖုန်းချလိုက်လေသည်။ ထို့နောက် သူ ထိုင်ခုံတွင် ကျောမှီပြီး မျက်နှာကျက်ကို မော့ကြည့်နေ၏။ သူ့မျက်လုံးအစုံမှာကား အဖြူရောင်မျက်နှာကျက်များကို မြင်ဟန်မပေါ်။ တစုံတရာကို အသည်းအသန်စဥ်းစားနေဟန်သာ ပေါက်နေလေသည်။