ပြတင်းပေါက်အပြင်ဘက်က အလောင်း
Vol. 15 Ch. 147
ကျန်းကျင်းခိုင်တယောက် ဤယနေ့တွင်တော့ နေ့လယ်စာ မစားပဲ နံရံပေါ်ရှိ နာရီကို စိုက်ကြည့်နေ၏။ ဒစ်ဂျစ်တယ်နာရီသည် ဘာအသံမှ မမြည်သော်ငြား စက္ကန့်လက်တံလှုပ်ရှားသွားတိုင်း တဒေါက်ဒေါက်မည်သံကို ကျန်းကျင်းခိုင်၏ ခေါင်းထဲတွင် ကြားနေရလေသည်။
နှစ်နာရီတိတိတွင်ကျန်းကျင်းခိုင်၏၏ စားပွဲပေါ်မှ တယ်လီဖုန်းသံ မြည်လာ၏။
"အင်စပက်တာကျန်း ကျွန်တော်တို့ ရှာတွေ့ပြီ"
ဖုန်းထဲမှ လူရှောက်ချိန်၏အသံ ထွက်ပေါ်လာသည်။
"ပထမဆုံး လူသတ်မှု ဖြစ်ပွားခဲ့တဲ့ အခန်းရဲ့ ပြတင်းပေါက်နားက မြေကွက်လပ်အောက်မှာ အလောင်းတလောင်း ကျွန်တော်တို့ တွေ့တယ် အင်စပက်တာ အလောင်းက အရိုးတောင်ကျနေပြီ ကြည့်ရသလောက် အမျိုးသမီးအရိုးစုနဲ့တူတယ် "
"ဟုတ်လား"
ဤသတင်းကို ကျန်းကျင်းခိုင် စောင့်နေသည်မှာ တမနက်ရှိပေပြီ။ သူ သက်ပြင်းတချက်ချရင်း အမိန့်ပေးလိုက်၏။
"အဲဒီနေရာပတ်ပတ်လည်ကို ဘယ်သူမှမဝင်စေနဲ့ ဒါနဲ့ မုမင်းယွမ်ရောရောက်ပြီလား"
"မရောက်သေးဘူး"
လူရှောက်ချိန် ပြန်ဖြေလိုက်သည်။
"ဒါပေမဲ့ သူ့ကို အကြောင်းကြားပြီးပြီ လမ်းမှာရောက်နေလောက်ပြီ"
"ကောင်းပြီ ကျုပ်လည်း အခုပဲ လိုက်လာခဲ့မယ်"
ကျန်းကျင်းခိုင် ဖုန်းချပြီး ရုံးခန်းထဲမှ ထွက်လာခဲ့၏။ လမ်းတဝက်အရောက်တွင် သူ အားကျောက်ကို ဖုန်းဆက်လိုက်သည်။
"ဟန်နီ အောက်ဆင်းပြီးစောင့်နေလိုက် ကျုပ် မင်းကို ခုပဲလာခေါ်လိုက်မယ်"
"ဟုတ်ပြီ ဒါနဲ့ ရှင်တို့ ရှာတွေ့ပြီလား"
အားကျောက် စိုးရိမ်တကြီး မေးလိုက်၏။
"တွေ့ပြီ ဒါဆို ကျုပ် အခုပဲ ထွက်လာပြီနော်"
ကျန်းကျင်းခိုင်နှင့် အားကျောက်တို့နှစ်ယောက် ထိုနေရာသို့ ရောက်ချိန်တွင် မုမင်းယွမ်လည်း ရောက်ရှိနေပြီ ဖြစ်သည်။ သူ မြောင်းထဲတွင် ထိုင်ပြီး အရိုးစုပေါ်မှ ရွှံ့များကို သေသေချာချာပင် ရှင်းလင်းနေ၏။ ကျန်းကျင်းခိုင်တို့ကိုမြင်သည်နှင့် ကျန်းနန်က လျှောက်လာပြီး ပြောလိုက်သည်။
"အင်စပက်တာကျန်း ဆေးရုံက ဆင်းလာပြီလား ကျန်းမာရေးအခြေအနေကော ကောင်းရဲ့မလား"
"ကောင်းပါတယ်"
ကျန်းကျင်းခိုင်က ပြုံးပြရင်း ဖြေလိုက်သည်။
"ဒီမှာကော အဆင်ပြေတယ်မလား"
"အဆင်ပြေပါတယ် ဒါပေမဲ့ အလောင်းကတော့ တော်တော်လေးကြာနေပြီနဲ့တူတယ်"
ကျန်းနန်က အရိုးစုကို လက်ညှိုးထိုးပြရင်း ပြောလိုက်၏။
"ကြည့်လိုက်လေ အသားတစမှကိုမကျန်အောင် အရိုးကျနေပြီ"
"ဟေး ဒီမှာကြည့်ကြပါဦး"
ထိုစဥ် မုမင်းယွမ်က မြောင်းထဲမှ ထပ်ရပ်ရင်း တစုံတခု ပြောရန် ဟန်ပြင်လိုက်သည်။ ထိုအခါကျမှ သူ အားကျောက်ကို မြင်သွားဟန်တူ၏။
"ဟာ အင်စပက်တာ မိန်းကလေးကျီးယွမ်ကို ဘာလို့ခေါ်လာတာလဲ တော်ကြာ အိပ်မက်ဆိုးတွေ မက်နေအုံးမယ်"
အားကျောက်က မုမင်းယွမ်ကို မျက်စောင်းထိုးပြီး အရိုးစုကို လှမ်းကြည့်နေ၏။ တချိန်တည်းမှာပင် ပေါက်ကွဲမှုဖြစ်ပွားသောညက သူမအလောင်းဘယ်မှာရှိမှန်း ကိုယ်ထင်ပြကာ လာပြောသော အားရှု၏ ကြောက်စရာပုံစံကို မြင်ယောင်နေလေသည်။
ဒါ တကယ်ပဲ အစ်မရှုလား....
သူ တကယ်ပဲ အရိုးစုဖြစ်သွားတာလား...
သူ ဒီနေရာမှာ နှစ်နှစ်လုံးလုံး လဲလျောင်းနေခဲ့တာလား
မြင်ရသလောက်ကတော့ အားရှု သေဆုံးသွားသည်မှာ အတော်လေးကြာနေသည့်ဟန်ပင်။
"အခြေအနေ ဘယ်လိုရှိသလဲ"
ကျန်းကျင်းခိုင်က မြောင်းထဲက အရိုးစုကို လက်ညှိုးထိုးပြီး မုမင်းယွမ်ကို မေးလိုက်သည်။
"သူ သေတာ တော်တော်ကြာနေပြီ ထင်တယ် ဟုတ်တယ်မလား"
"မြင်ရတဲ့ပုံစံအရတော့ အဲဒီလို ဖြစ်နေတယ်"
မုမင်းယွမ်က သူ့ဘေးမှ အရိုးစုကို ငုံ့ကြည့်ရင်းပြန်ဖြေလိုက်သည်။
"ဒါပေမဲ့ တကယ်တော့ သူ သေတာ သိပ်မကြာသေးဘူး အများဆုံး သုံးနှစ်ထက် မကျော်ဘူးဗျ ပြီးတော့ အမျိုးသမီးအရိုးစုဆိုတာ သိပ်သေချာတယ် သူသေဆုံးရတဲ့ပုံစံကတော့ ခန္ဓာကိုယ်က ရေဓာတ် အပြင်းအထန် ခန်းခြောက်သွားလို့ပဲ"
"မျိုးရိုးဗီဇနည်းလမ်းနဲ့ သူ ဘယ်သူဘယ်ဝါဆိုတာကို ခွဲခြားနိုင်တဲ့ နည်းလမ်းရှိလား"
"ကြိုးစားကြည့်မယ်လေ"
မုမင်းယွမ်က ခေါင်းကုတ်ရင်း ပြန်ဖြေလိုက်သည်။
"ဒါပေမဲ့ တအားကြီးတော့ မျှော်လင့်ချက်ထားလို့မရဘူး တော်တော်တော့ခက်လိမ့်မယ်"
"အကောင်းဆုံး ကြိုးစားပါ"
အထက်ပါအတိုင်းပြောပြီး ကျန်းကျင်းခိုင်က အားကျောက်ကို ဖက်ရင်း ပြောလိုက်ပြန်သည်။
"မင်းကော အဆင်ပြေတယ်မလား"
အားကျောက် ခေါင်းညိတ်ပြလိုက်၏။
"ပြေပါတယ် ဒါဆို ကျွန်မတို့ သွားကြမလား"
အားကျောက်က ကျန်းကျင်းခိုင်၏ ရင်ဘတ်ပေါ် ခေါင်းမှီရင်း ပြန်ဖြေလိုက်၏။
ထို့နောက် သူတို့လူစုမှ အရိုးစုကို ကျင်းထဲမှ ထုတ်လိုက်ကြလေသည်။ ကားထဲကို ပြန်ရောက်သည်နှင့် ကျန်းကျင်းခိုင်က အားကျောက်ဘက်ကို လှည့်လိုက်သည်။ ထို့နောက် သူက သူမပါးပြင်ပေါ်မှ မျက်ရည်များကို ညင်သာစွာ သုတ်ပေးရင်း ပြောလိုက်၏။
"ငိုချင်ရင် ငိုလိုက်လေ ဒီမှာ ဘယ်သူမှ မရှိပါဘူးကွာ"
"မငိုပါဘူး"
အားကျောက် ခေါင်းခါလိုက်၏။ သို့သော် သူမမျက်ဝန်းထဲမှ မျက်ရည်များ အဆက်မပြတ် စီးကျနေလေသည်။
"သူလဲ ကျွန်မကို ငိုစေချင်မယ် မထင်ဘူး ဒါနဲ့လေ သူ တကယ်ပဲ အစ်မရှု ဖြစ်နိုင်သလားဟင်"
"အဲ့ဒီလိုပဲ ဖြစ်မှာပါ"
ကျန်းကျင်းခိုင် တည်ငြိမ်သော မျက်နှာထားနှင့် ပြန်ဖြေလိုက်သည်။
"ဘာ… ဘာပဲဖြစ်ဖြစ် မင်းရောကျုပ်ရော ဒီဖြစ်ရပ်ကို အတူတူကြုံခဲ့တာပဲလေ ဒီအလောင်းက သူ့အလောင်းမှန်း သူကိုယ်တိုင် လာပြောသွားတာပဲမလား"
ထို့နောက် ကျန်းကျင်းခိုင်က အားကျောက်ပါးပြင်ပေါ်မှ မျက်ရည်များသုတ်ပေးရင်း အောက်ပါအတိုင်း ဆက်ပြောလိုက်ပြန်သည်။
"အားရှုပြောသွားတာကို မှတ်မိတယ်မလား သူ့ကို ထိခိုက်နစ်နာအောင် လုပ်တဲ့သူအားလုံးကို သူ လက်စားချေလိုက်နိုင်ပြီတဲ့လေ ကျုပ်တို့ သူ့အလောင်းကို ကောင်းကောင်းမွန်မွန် သင်္ဂြိုလ်ပေးလိုက်မယ် နောက်ဆုံးတော့ ဒီအဖြစ်ဆိုးတွေ အဆုံးသတ်သွားပြီလို့ပဲ ဆိုရမှာပေါ့ အမှုကို ပိတ်သိမ်းနိုင်ပြီ"
အားကျောက် ခေါင်းညိတ်ရင်း သက်ပြင်းချလိုက်လေသည်။