ရာထူးမှအနားယူခြင်း
Vol. 15 Ch. 149
ချိုတောက်ကန်းကား သေဆုံးသွားခဲ့ပြီဖြစ်သည်။ သူ့ဘဝ ဤပုံဤနည်းနှင့် အဆုံးသတ်သွားမည်ဟု မည်သူမှ ထင်မထားခဲ့ချေ။ အစိုးရသည် သူ့အသက်ကို ကယ်ဆယ်နိင်ရန် ငွေကြေးမြောက်များစွာ သုံးခဲ့ရ၏။ ယခုတော့ ထိုငွေအားလုံး မြောင်းထဲပစ်ချလိုက်သလို ဖြစ်သွားခဲ့ရလေပြီ။ ချိုတောက်ကန်း၏ စကားက မှန်ကောင်းမှန်နိုင်၏။ သူ လှုဒါန်းခဲ့သောပိုက်ဆံများက အစိုးရ သူ့အတွက် သုံးစွဲခဲ့သော ပိုက်ဆံများထက် ပိုသန့်ရှင်းခဲ့သည်ကတော့ အမှန်ပင်။
ချိုတောက်ကန်းသေဆုံးပြီးနောက်တစ်ရက်တွင် အားကျောက် ဆေးရုံသို့ သွားခဲ့၏။ သူမတွင် ကိုယ်ဝန်ရှိနေခဲ့လေပြီ။ ဒီသတင်းကြောင့် ကျန်းကျင်းခိုင် ပျော်လွန်း၍ မိုးပေါ်မြောက်တက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် တစ်ချိန်က သူ၏ဇနီးနှင့်သမီးကို ဆုံးရှုံးခဲ့ရ၏။ သို့သော် မကြာခင်မှာပင် သူ ဖခင်တစ်ယောက် ပြန်ဖြစ်လာပေတော့မည်။ ၎င်းမှာ သူ့အတွက် ကြီးကျယ်သော သတင်းကောင်းပေတည်း။
ထိုအခါ ကျန်းကျင်းခိုင်က ယောက်ထန်းယုနှင့်သွားတွေ့ပြီး မင်္ဂလာပွဲအတွက် ခွင့်တိုင်လိုက်၏။ သတင်းကြောင့် ယောက်ထန်းယုတယောက် အစပိုင်းတွင် အံ့အားသင့်သွားသော်ငြား သူ ချက်ချင်းပင် ဝမ်းသာအားရဖြစ်လာ၏။ ထို့နောက် သူ ကျန်းကျင်းခိုင်၏ တောင်းဆိုချက်ကို ချောချောရှုရှုပင် ခွင့်ပြုပေးလိုက်လေသည်။
တလခန့်အကြာတွင် ကျန်းကျင်းခိုင်နှင့် အားကျောက်တို့နှစ်ယောက် အကျဥ်းရုံးမင်္ဂလာဆောင်လိုက်ကြသည်။ သို့သော် မင်္ဂလာပွဲကို ရဲဌာနမှ အကြီးအကဲများကိုယ်တိုင် တက်ရောက်ချီးမြှင့်ကြလေရာ မယုံနိုင်လောက်အောင် စည်ကားသိုက်မြိုက်သည့် ပွဲလေးတပွဲ ဖြစ်သွားခဲ့၏။ ထိုပွဲကို ချွေကျင်းနှင့် အားမင်တို့စုံတွဲလည်း တက်ရောက်ချီးမြှင့်ကြလေသည်။ ချွေကျင်းကား အားကျောက်အတွက် အလွန်ဝမ်းသာကာ ပျော်မဆုံးဖြစ်နေ၏။
ကွင်းဆက်လူသတ်မှုများကိုကား တရားခံကိုသ်ိရှိခဲ့သည့်တိုင် အကြောင်းပြချက် ဖော်ပြရန် ခဲယဥ်း၍ မဖြေရှင်းနိုင်သောအမှုအဖြစ် အမှုပိတ်ခဲ့ရသည်။ ထိုကာလအတွင်းဝယ် လမ်းကြားလေးတွင် မည်သည့်လူသတ်မှုမှ ဖြစ်ပေါ်လာခြင်းမရှိတော့ပဲ ထာဝရငြိမ်းချမ်းသွားတော့၏။ အားရှုတယောက် စိတ်ကျေနပ်သွားပြီဟု ယူဆရလေသည်။
အားချွန်နှင့်အားရှာတို့သည်လည်း သူတို့ အကြာကြီးနေခဲ့သော လမ်းကြားလေးကို စွန့်ခွာသွားကြ၏။ အားရှာ ဘယ်ကိုရောက်သွားမှန်း မည်သူမှ မသိကြချေ။ အားချွန်မူကား ဟိုတယ်ပိုင်ရှင်တစ်ယောက် ဖြစ်လာ၏။ သူသည်လည်း သူ့မိသားစုကိုခေါ်ကာ လမ်းကြားမှ အပြီးတိုင်ပြောင်းရွှေ့သွားခဲ့လေသည်။ လမ်းကြားထဲမှ ပြည်တန်ဆာများကတော့ ပုံမှန်အတိုင်း အသက်မွေးဝမ်းကျောင်းလျက် ရှိကြ၏။ လူတိုင်း အသက်ရှင်ရပ်တည်ရန်အတွက် အလုပ်လုပ်ရ၏။ အသက်ရှင်ရပ်တည်ရေးက သူတို့၏ ဂုဏ်သိက္ခာထက် ပိုအရေးကြီးနေသည် မဟုတ်ပါလား။
ခြောက်လတာအချိန်များ ကုန်လွန်ပြီးနောက် နွေဦးရာသီ နီးကပ်လာခဲ့ပြီ ဖြစ်သည်။ အားကျောက်၏ ဗိုက်ကလည်း အတော်လေး စူထွက်နေခဲ့ပြီ။ ချွေးကျင်းကလည်း မကြာခန လာလည်တတ်သဖြင့် အားကျောက်အဖို့ အဖော်မမဲ့လှ။ ဤနေ့တွင်လည်း ချွေကျင်းတယောက် အိမ်လာလည်ပြီး ပြန်သွား၏။ မရှေးမနှောင်းမှာပင် ကျန်းကျင်းခိုင်တယောက် မျက်နှာမသာမယာနှင့် ရောက်လာပြီး အိမ်ရှေ့ခန်းတွင် ငူငူကြီးထိုင်နေလေသည်။ ကျန်းကျင်းခိုင်၏ အမူအရာကြောင့် အားကျောက် စိတ်ပူသွားပြီး မေးလိုက်၏။
"ရှင် ဘာဖြစ်နေတာလဲ အလုပ်မှာ တခုခု အဆင်မပြေဖြစ်လာတဲ့ပုံပဲ"
"ကျုပ် ရာထူးဆိုင်းငံ့ခံလိုက်ရပြီ"
ကျန်းကျင်းခိုင် ပခုံးတွန့်လိုက်သည်။
"ဟင် ဘာလို့လဲ"
အားကျောက် ကြောင်အန်းအန်း ဖြစ်သွား၏။
"ဘာအတွက်လဲ ကော်မရှင်နာယောက်လား ဘာလို့ သူက ရှင့်ကို ရာထူးဆိုင်းငံ့တာလဲ"
"မဟုတ်ဘူး ကော်မရှင်နာယောက်မဟုတ်ဘူး"
ကျန်းကျင်းခိုင် အသက်ကိုဝအောင် ရှုသွင်းလိုက်သည်။
"ကျုပ်ကို ရှေ့နေချုပ်ရုံးက စုံစမ်းစစ်ဆေးနေတယ်လေ အဲဒါကြောင် ရာထူးဆိုင်းငံ့ခံရတာ"
"ရှေ့နေချုပ်ရုံး ကျွန်မ နားမလည်ဘူး"
အားကျောက် အံ့သြနေ၏။
"သိပ်ပြီးအရေးတကြီးမဟုတ်လှပါဘူးကွာ"
ကျန်းကျင်းခိုင် ချောင်းတချက်ဟန့်ရင်း စတင်ရှင်းပြလိုက်သည်။
"လီဟုန်းပင်ကို မှတ်မိတယ်မလား သူ့ကို အားမင် ထိုးကြိတ်တုန်းက တိုင်ချက်ဖွင့်မဲ့ကိစ္စကို ကျုပ် ကြားဝင်ဖုံးကွယ်ခဲ့တယ်လို့ သူတို့ သံသယရှိနေကြတယ်လေ"
"လီဟုန်းပင် ပြီးတော့ ဖုံးကွယ်တယ်ဟုတ်လား"
အားကျောက် မျက်မှောင်ကုတ်လိုက်သည်။
"ဒါပေမဲ့ အဲဒါ လီဟုန်းပင်ရဲ့ အမှားပဲ မဟုတ်ဘူးလား သူ ကျွန်မကို ကိုယ်ထ်ိလက်ရောက်လုပ်ဖို့ ကြိုးစားခဲ့တာလေ ပြီးတော့ သူကိုယ်တိုင်ကလည်း အမှုမဖွင့်တော့ဘူးလို့လည်း ပြောခဲ့တာပဲ မဟုတ်ဘူးလား"
အားကျောက်၏ မေးခွန်းများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာ၏။
"ဟားဟားဟား! စိတ်အေးအေးထားပါကွာ"
ကျန်းကျင်းခိုင် ခါးသီးစွာ ရယ်မောလိုက်၏။
"ကျုပ်အထင် တစ်ယောက်ယောက်ကို စိတ်မကျေမနပ် ဖြစ်အောင် လုပ်မိခဲ့တဲ့ပုံပါပဲ ကျုပ်က သာမန်ရဲအရာရှိတစ်ယောက်လေ ဒီတော့ သူတို့အတွက် ကျုပ်ကို အရေးယူအပြစ်ပေးဖို့ဆိုတာ သိပ်လွယ်တာပေါ့"
"ဒါက တကယ်ကို မတရားဘူး"
အားကျောက် နှုတ်ခမ်းစူလိုက်၏။
"ကျွန်မ ကော်မရှင်နာယောက်ကို ပြောရမယ် ဒါ ရှင့်အပြစ်မှမဟုတ်တာပဲ"
"ရပါတယ်ကွာ"
ကျန်းကျင်းခိုင်က အားကျောက်၏ နဖူးကို နမ်းရင်း ပြောလိုက်၏။
"လီဟုန်းပင်ရဲ့အဖေက ရဲအရာရှိကြီးတယောက်လေ ဒါကြောင့် ဒီကိစ္စတွေ အားလုံးက အဓိပ္ပာယ်ရှိပါတယ် ဒီတိုင်းထားလိုက်ပါတော့ကွာ ပြီးတော့ကျုပ်တို့ကိုယ်တိုင်လည်း ဒီအမှုပြီးရင် အနားယူဖို့ ဆုံးဖြတ်ထားတာပဲလေ ခုဆိုရင် အမှုလဲပြီးသွားပြီ တရားခံဟာ အားရှုရဲ့ဝိညာဥ်မှန်း ကျုပ်တို့သိခဲ့ရပြီမလား ရှောက်မေအတွက် အားလီတို့စုံတွဲနဲ့ ကျူးယုပင်တို့လင်မယားကို အားရှုပဲ ရှင်းပစ်ခဲ့တာမှန်းလဲ ကျုပ်တို့ သိခဲ့ရပြီပဲလေ ပြီးတော့ အကောင်းဘက်က မြင်ကြည့်ရင် ရာထူးဆိုင်းငံ့ခံရတာက အချိန်ကိုက်ဖြစ်လာတယ်လိုမဆိုနိုင်ဘူးလား အခု ကျုပ် အိမ်မှာအချိန်ပြည့်နေပြီး မင်းကိုပြုစုနိုင်ပြီလေ ကဲ မင်း နားလိုက်အုံး ကျုပ် ညစာသွားချက်လိုက်မယ် ဟုတ်ပြီလား"
ထို့နောက် ကျန်းကျင်းခိုင် မီးဖိုချောင်ထဲ ဝင်သွား၏။ အားကျောက် ဆိုဖာပေါ်တွင် ထိုင်ရင်း ကျန်းကျင်းခိုင်အတွက် စိတ်မကောင်းဖြစ်နေလေသည်။
အေးလေ...ဒါကို ဒီတိုင်း ထားလိုက်တာက သူ့အတွက် အကောင်းဆုံးနေမှာပါ...
အားကျောက် စူနေသောဗိုက်ကိုပွတ်ရင်း အထက်ပါအတိုင်း စဉ်းစားမိ၏။
နောက်နှစ်လအကြာတွင် ရှေ့နေချုပ်ရုံး၏ စုံစမ်းရေးပြီးဆုံးသွား၏။ ကျန်းကျင်းခိုင်တွင် အပြစ်မရှိဟု သူတို့ ဆုံးဖြတ်လိုက်ကြသည်။ ဤသို့ဆုံးဖြတ်ရာတွင် ယောက်ထန်းယု၏ သြဇာကလည်း အတိုင်းအတာတခုအထိ သက်ရောက်မှုရှိခဲ့သည်မှာ အမှန်ပင်။
သို့သော် ကျန်းကျင်းခိုင်ကတော့ ရဲလောကကို စိတ်ကုန်သွားခဲ့လေပြီ။ ယောက်ထန်းယု အသည်းအသန် ကန့်ကွက်နေသည့်ကြားကပင် သူ အလုပ်မှ အပြီးအပိုင် နှုတ်ထွက်လိုက်၏။ သူ့စိတ်ထဲတွင် အားကျောက်နှင့် မွေးလာမည့်ကလေးအတွက်သာ အာရုံစိုက်ထားတော့သည်။ အရာအားလုံးကို နောက်ချန်ထားရစ်ခဲ့လိုက်တော့မည်ဟု ကျန်းကျင်းခိုင် ဆုံးဖြတ်လိုက်လေသည်။
အရှေ့ဆီတွင် ရောင်နီတို့ သန်းနေခဲ့ပြီ မဟုတ်ပါလား။
ပြီးပါပြီ။