ဘဝဟောင်းကပုံစံ
Vol. 15 Ch. 142
ထိုညနေခင်းခတွင် အားကျောက်နှင့် ကျန်းကျင်းခိုင်တို့နှစ်ယောက် ဦးလေးကိုင်၏ ဆိုင်တွင် ချိန်း၍ ညနေစာစားသောက်ကြ၏။ အားကျောက်သည် ယခင် လမ်းကြားထဲမှ မိန်းကလေးတဦးသဖွယ် ပြင်ဆင်ထားလေရာ သူမကို ကြည့်ပြီး ကျန်းကျင်းခိုင်တယောက် အတိတ်ကို သတိရသွားသည်မှာ အမှန်ပင်။ ၎င်းမှာ ထိုပုံစံကို သူ သဘောကျသွားသည်ဟု မဆိုလို။ ယခင်အားကျောက်နှင့် အလွန်တူနေကြောင်းကိုသာ သတိပြုမိလိုက်သည့်။ ဦးလေးကောက်နှင့် ဦးလေးကိုင်တို့သည်လည်း အားကျောက်၏ ပုံစံကို လက်ခံရန်ခက်ခဲနေကြဟန်ရှိ၏။
စားသောက်၍ ပြီးစီးသွားသည်နှင့် ကျန်းကျင်းခိုင်တို့နှစ်ယောက် ဆိုင်ထဲမှ ထွက်လာခဲ့ကြ၏။ လမ်းကြားအနီးသို့ ရောက်သည်နှင့် ကျန်းကျင်းခိုင်က အားကျောက်ကို သတိပေးလိုက်လေသည်။
"ဟန်နီ သတိထားအုံးနော်"
“စိတ်မပူပါနဲ့ ကျွန်မက အရင်အားကျောက် ဖြစ်သွားပြီလေ"
သူမက ပြုံးပြရင်း ပြန်ဖြေလိုက်၏။
“ဒါနဲ့ ရှင်ကရော ဘယ်မှာရုပ်ဖျက်မှာလဲ"
“ဟိုမှာလေ"
ကျန်းကျင်းခိုင်က ကားလမ်းမတနေရာတွင် ရပ်ထားသောကားကို လက်ညိုးထိုးပြရင်း ပြောလိုက်၏။
"ခနကျရင် မင်းလဲ ကျုပ်ကို မမှတ်မိစေရဘူး ကြည့်ထားလိုက်"
“ဟုတ်ပါပြီနော်”
အားကျောက် ပြုံးလိုက်၏။
“ကဲ သွားတော့"
ကျန်းကျင်းခိုင် အားကျောက်၏ နဖူးကို ငြင်သာစွာ နမ်းရှိုက်ရင်း ပြောလိုက်သည်။
“လမ်းကြောင်းကို ဂရုစိုက်နော် သတိမလွတ်စေနဲ့"
“သိပါပြီလို့ ရှင်က နေ့တိုင်း ဒီစကားပဲ ပြောနေတာပဲ"
အားကျောက် နှုတ်ခမ်းစူရင်း ပြောလိုက်သည်။
"ကဲ ဒါဆို ကျွန်မ အရင်သွားတော့မယ် ရှင်လည်း သတိထားအုံး"
ထို့နောက် အားကျောက်တယောက် လမ်းကြားထဲသို့ ပြေးဝင်သွားတော့သည်။
ထိုအခါကျမှ ကျန်းကျင်းခိုင်လည်း စိတ်ချလက်ချဖြစ်ကာ လမ်းဘေးရှိကားဆီသို့ ဦးတည်လိုက်၏။ လမ်းကြားထဲတွင် အားကျောက် အန္တရာယ်ကင်းမည်မှန်း သူသိနေ၏။ သူမကို ရဲများစောင့်ကြည့်နေသည် မဟုတ်ပါလား။ ထို့နောက် ကျန်းကျင်းခိုင်သည် သူ့ကိုစောင့်နေသော ဗင်ကားထဲသို့ ဝင်ထ်ိုင်လိုက်၏။
"ကဲ ကျန်းဖိန် ကျုပ်ကို မိတ်ကပ်လိမ်းပေးပါအုံးကွာ”
“ဟုတ်ကဲ့ အင်စပက်တာ"
မုမင်းယွမ်၏ လုပ်ဖော်ကိုင်ဖက် ကျန်းဖိန်က ကျန်းကျင်းခိုင်ကို ပြုံးပြရင်း မေးလိုက်၏။
“ဘယ်ပုံစံမျိုးလိုချင်လဲ အင်စပက်တာ"
“ပုံစံ”
ကျန်းကျင်းခိုင် အံ့အားသင့်သွားသည်။
“ဘယ်ပုံစံဖြစ်ဖြစ် ကျုပ်နဲ့ မတူရင် ရပြီ"
“ဟုတ်ပြီ အင်စပက်တာ”
ထို့နောက် ကျန်းဖိန်က ကျန်းကျင်းခိုင်ကို ဗင်ကားအနောက်ခန်းသို့ခေါ်သွားပြီး မိတ်ကပ်ပြင်ပေးလိုက်၏။
အားကျောက် လမ်းကြားထဲဝင်လာသည်နှင့် မိန်းကလေးအတော်များများ အံ့သြသင့်ကုန်ကြ၏။ ထိုအထဲမှ တချို့က အားကျောက်ကို မြင်ဖူးသလိုလို ခံစားကြရ၏။ တချို့ကမူ လူသစ်ဖြစ်မည်ဟု ထင်ကြေးပေးကြသည်။ တကယ်တော့ အားကျောက်နှင့် ရင်းနှီးသူအများစုမှာ သေဆုံးကုန်ကြလေပြီ။ ကံကောင်းထောက်မ၍ အသက်ရှင်နေသူများမှာလည်း မြို့မှ ထွက်ပြေးတိမ်းရှောင်သွားကြပြီ ဖြစ်သည်။ ထို့ကြောင့် လမ်းကြားထဲတွင် အားကျောက်ကို မှတ်မိနိုင်သူ များများစားစား မကျန်လှတော့။
ထိန်းချုပ်ခန်းထဲတွင် ဖြစ်သည်။ ကျန်းနန်နှင့်ရဲများသည် မော်နီတာဖန်သားပြင်ကို ကြည့်နေကြ၏။ အမျိုးသမီးတစ်ဦး လမ်းကြားထဲ ဝင်လာသည်ကို သူတို့ မြင်တွေ့နေရသည်။ သို့သော် သူမ အားကျောက်ဖြစ်လိမ့်မည်ဟု မည်သူမျှ ထင်မထားကြ။ ထိုအမျိုးသမီးသည် ကျန်းနန်ရွေးချယ်ထားသော နေရာသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာ၏။ သူတို့အားလုံး အားကျောက်ကို မျက်စေ့ရှမ်းကုန်ကြသည်မှာ ထင်ရှားနေ၏။
သတ်မှတ်ထားသော နေရာသို့ ရောက်သည်နှင့် အားကျောက်က ပတ်ဝန်းကျင်ကို အကဲခတ်ကာ ဖောက်သည်စောင့်သည့်အမူအရာနှင့် မတ်တပ်ရပ်နေ၏။ ပြည့်တန်ဆာတဦး ပုံမှန်အတိုင်း ဖောက်သည်စောင့်နေခြင်းကို မည်သူမှ သံသယဝင်လိမ့်မည်မဟုတ်သည်မှာ သေချာနေသည်။
ကျန်းဖိန် ပြင်ဆင်ပေးပြီးနောက် ကျန်းကျင်းခိုင် သူ့ကိုယ်သူ မှန်ထဲတွင် ကြည့်လိုက်သည်။ သူ့ဆံပင်တိုများမှာ ရှည်လျားသော ဆံပင်များအဖြစ် ပြောင်းသွားပြီ ဖြစ်သည်။ မိတ်ကပ်ကြောင့် သူ့နှာခေါင်းနှင့်ပါးစပ်များပင် ပုံပြောင်းသွားသည်ဟု ထင်ရ၏။
“ဘယ်လိုထင်လဲ အင်စပက်တာ"
“မဆိုးဘူးကွ ကောင်းသားပဲ"
ကျန်းကျင်းခိုင် ကျေနပ်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
“ဒါပေမဲ့ ဆံပင်အရှည်ကြီးနဲ့ကျတော့ ပြေးရလွှားရ ခက်နေမလားလို့”
“ရပါလေ ဆံပင်ကို ကျစ်ပေးလိုက်မယ်”
ကျန်းဖိန် ပြုံးလိုက်သည်။
“ဆံပင်ကို ကျစ်မယ်ဟုတ်လား ကျုပ်က ချင်မင်းဆက်က မဟုတ်ဘူးကွ”
ထို့နောက် ကျန်းကျင်းခိုင် အားရပါးရ ရယ်မောပြီး ဗင်ကားထဲမှ ထွက်ကာ လမ်းကြားဆီသို့ ဦးတည်လိုက်တော့သည်။
ထို့နောက် သူ ပြုံးစေ့စေ့နှင့် အားကျောက်ထံ လျှောက်သွားပြီး မေးလိုက်၏။
"ဟိတ် ကလေးမ ခေါ်လို့ရတယ်မလား"
အားကျောက်က ကျန်းကျင်းခိုင်ကို ခြေဆုံးခေါင်းဆုံး အကဲခတ်ရင်း လေသံမှာမှာနှင့် ငြင်းလိုက်သည်။
"မအားသေးဘူး"
“မအားဘူးဆိုရင် ဒီမှာ ဘာလာလုပ်နေတာလဲ”
ကျန်းကျင်းခိုင်က လှောင်ပြောင်လိုက်၏။
"ဘာလဲ မင်း အချိန်ဖြုန်းနေတာလား"
“ဟုတ်တယ် ကျွန်မက အချိန်ဖြုန်းရတာ ကြိုက်တယ်"
အားကျောက်က ကျန်းကျင်းခိုင်ကို ဒေါသထွက်လာဟန်ဖြင့် ကြည့်ရင်း ပြောလိုက်၏။
"ရှင် ဒီနေရာကနေ မြန်မြန်ထွက်သွားတာ ပိုကောင်းလိမ့်မယ်”
ထိုအခါ ကျန်းကျင်းခိုင်ကလည်း အသံမာမာနှင့် ပြန်လည်ခြိမ်းခြောက်လိုက်ပြန်၏။
"မင်း ဆက်ပြီးငြင်းနေရင် ကျုပ် အတင်းတက်လုပ်လိုက်မှာနော်"
“အိုး ရှင့်ကို ကြောက်မယ်ထင်နေတာလား ကောင်းပြီလေ ရှင် ဒီလောက်တောင် အစွမ်းထက်တယ်ဆိုရင် ကျွန်မနဲ့ လိုက်ခဲ့"
အားကျောက်၏ စကားကြောင့် ကျန်းကျင်းခိုင် အံ့သြသွား၏။
သူ ငါ့ကိုများ မှတ်မိသွားတာလားမသိဘူး
ဒါမှမဟုတ် ငါ့ကို ရဲလက်ထဲ အပ်ဖို့များ စီစဥ်နေသလားပဲ...
သို့သော် ကျန်းကျင်းခိုင်က ခပ်တည်တည်နှင့်ပင် အားကျောက်အနီးသို့ တိုးကပ်သွား၏။
“ဒီည ကျုပ် မင်းကို…”
ကျန်းကျင်းခိုင် စကားမဆုံးခင် အားကျောက်က တခစ်ခစ်ရယ်မောရင်း စကားဖြတ်ပြောလိုက်၏။
"ကဲ တော်ပါတော့ ရှင် သူခိုးဝတ်စုံဝတ်ထားတိုင်း သူခိုးတစ်ယောက်ဖြစ်သွားတာမဟုတ်ဘူးရှင့်"
“ဟေ"
ကျန်းကျင်းခိုင် ပါးစပ်အဟောင်းသားဖြစ်သွား၏။
“မင်း… မင်း ကျုပ်ကို တကယ် မှတ်မိသွားတာလား”
"မမှတ်မိပဲနေမလားရှင့် ရှင်ဝတ်ထားတာ ကျွန်မ ဝယ်ပေးထားတဲ့ အဝတ်အစားတွေလေ"
“သေရော”
ထို့နောက် ကျန်းကျင်းခိုင် စိတ်ပျက်လက်ပျက်နှင့် တိုက်ခန်းထဲသို့ ဝင်သွားလိုက်လေသည်။
သူတို့နှစ်ဦးကို မြင်တွေ့နေရသော ထိန်းချုပ်ခန်းအတွင်းမှ ရဲများမှာကား အထူးပင် အံ့သြနေကြလေသည်။ ရဲတစ်ဦးက လူရှောက်ချိန်ကို လှည့်မေးလိုက်၏။
“ဘာလဲ? ဒီနေ့ အခန်းထဲက လူတွေက လူသစ်တွေလား"
“မဟုတ်ဘူး"
အဝတ်အစားများကို မြင်သည်နှင့် ကျန်းကျင်းခိုင်မှန်း မှတ်မိနေသော လူရှောက်ချိန်က ပြုံးစေ့စေ့နှင့် ပြန်ဖြေလိုက်သည်။
ထိုအချိန်တွင် ကျန်းကျင်းခိုင်တို့နှစ်ယောက်မှာကား ညတိုင်းကပြနေကျ ပြဇာတ်ကို နောက်တကြိမ် ကပြကြရပြန်သည်။ ကိစ္စဝိစ္စများ ပြီးဆုံးသွားပြီးသကာလ အားကျောက်က အောက်ပါအတိုင်း ရေရွတ်လိုက်၏။
"ဟန်နီ ဒီနေ့လဲ အလကားဖြစ်သွားပြန်ပြီ"