ကြောက်မက်ဖွယ်အန္တရာယ်
Vol. 15 Ch. 144
အခန်းထဲရောက်သည်နှင့် ကျန်းကျင်းခိုင်နှင့်အားကျောက်တို့နှစ်ယောက် အဝတ်အစားများ အသီးသီးချွတ်ကာ ကုတင်ပေါ်တက်လိုက်ကြ၏။ အတန်ကြာသော် အားကျောက်က ပြောလိုက်လေသည်။
"ကျွန်မ အဆင်သင့်ဖြစ်နေပြီ"
အားကျောက် အကြောဆန့်ရင်း ပြောလိုက်၏။
"ဒီည စောစောပြန်လို့ရအောင် ကျွန်မတို့ မြန်မြန်စလိုက်ရင်ကောင်းမယ်"
သူမက ကျန်းကျင်းခိုင်ကို ငံ့လင့်ဟန်ဖြင့် ကြည်နေသည်။ ဤည အေးလွန်း၍ အားကျောက်၏စိတ်ထဲတွင် အိမ်ပြန်ချင်စိတ် တဖွားဖွား ပေါ်ပေါက်နေ၏။
"ကောင်းပြီလေ"
ပြောပြောဆိုဆို ကျန်းကျင်းခိုင်က အားကျောက်ကို ခွလိုက်၏။
---------------------------
"ကြည့်စမ်း သူတို့နှစ်ယောက်ဟာ မခွဲနိုင်မခွာနိုင်အောင် ချစ်နေကြပုံပဲ"
ကျန်းနန်က ဖန်သားပြင်ကို ကြည့်ရင်း မှတ်ချပြုလိုက်သည်။
"အခုတလော အအေးပိုလာတယ် ညနေပိုင်း မိုးရွာပြီးရင် ပိုအေးလာမဲ့သဘောမှာ ရှိတယ်"
"ဟုတ်တယ် ဆာဂျင်ကျန်း"
လူရှောက်ချိန် ခေါင်းညိတ်ရင်း ပြန်ဖြေလိုက်၏။
"သူတို့များ အေးနေမလားမသိဘူး"
ကျန်းနန်က ဖန်သားပြင်ကို ညွှန်ပြရင်း ပြောလိုက်ပြန်သည်။ မှန်သားပြင်ပေါ်မှ ပုံရိပ်မှာ ဝေဝါးနေပြီး ဘာတခုမှ ရှင်းရှင်းလင်းလင်း မမြင်ရချေ။
ထိုအချိန်မှာပင် အသံဖမ်းစပ်မှ ထူးခြားဆန်းကြယ်လှသော အက်ကွဲသံတစ်ခု ထွက်လာပြီး တချိန်တည်းမှာပင် ကျယ်လောင်တဲ့ ပေါက်ကွဲသံကြီး ပေါ်လာ၏။ ထို့နောက် ထိန်းချုပ်ခန်းတစ်ခုလုံး မှောင်မဲသွားတော့သည်။ ထိန်းချုပ်ခန်းအတွင်းရှိ ရဲများအားလုံး မမျှော်လင့်သော အဖြစ်အပျက်ကြောင့် အံ့အားသင့်သွားကြ၏။ သူတို့အားလုံး ပါးစပ်အဟောင်းသားဖြစ်ပြီး ဖန်သားပြင်ကို စိုက်ကြည့်နေကြလေသည်။ အက်ကွဲသံနှင့် နောက်ဆက်တွဲ ဆူညံသံများ ဘာကိုရည်ရွယ်နေမှန်း မည်သူမှမသိကြချေ။
အဖြစ်အပျက်ကြောင့် လူတိုင်း စက္ကန့်သုံးဆယ်ခန့်ကြောင်အန်းအန်း ဖြစ်ကုန်ကြသည်။ ပထမဆုံးသတိဝင်လာသူများမှာ ကျန်းနန်နှင့်လူရှောက်ချိန်တို့ပင် ဖြစ်သည်။ သူတို့သည် စောင့်ကြည့်ခန်းထဲမှ ပြေးထွက်ပြီး အားကျောက်နှင့် ကျန်းကျင်းခိုင်တို့အခန်းသို့ တဟုန်ထိုး ပြေးသွားကြ၏။
"မြန်မြန်ဟေ့ မြန်မြန်"
အိပ်ခန်းတံခါးဝအရောက်တွင် အခြေအနေမှာ စိတ်ပျက်ဖွယ်ရာ ဖြစ်နေ၏။ တံခါးမှာ အတွင်းမှ လော့ခ်ချထားလေရာ မည်သို့မှဖွင့်မရနိုင်ပဲ ဖြစ်နေသည်။
ဘာဖြစ်နေသနည်း။ သာမာန်အားဖြင့်ဆိုလျင် တံခါးမှာ လော့ခ်ချထားရမည်မဟုတ်ချေ။ ပေါက်ကွဲမှုကြောင့် တံခါးပိတ်သွားခြင်းပေလား။
"ကျင်းခိုင် အထဲမှာလား"
ကျန်းနန်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။
"ဆာဂျင်ကျန်း ခနဖယ်ပေးပါ"
လူရှောက်ချိန် အော်ဟစ်ပြီး တံခါးကို ပြင်းပြင်းထန်ထန် ပြေးဝင်တိုက်လိုက်၏။ သို့သော် တံခါးမှာ လားလားမျှမလှုပ်ချေ။
"အတူတူ လုပ်ကြည့်ကြမယ်"
ကျန်းနန်က ကျန်ရဲများကို အကူအညီတောင်းလိုက်၏။
"ပြိုင်တူတွန်းကြဟေ့ မြန်မြန်"
သို့သော် တံခါးမှာ သံမဏိတံခါးကြီးပမာ လှုပ်ပင်မလှုပ်။ သာမာန်တံခါးတချပ်က ဤသို့ဖြစ်နေသည်မှာ ရယ်စရာပင် ကောင်းနေသေး၏။
"တောက် ဖွင့်လို့မရဘူး"
လူရှောက်ချိန်နှင့် ကျန်ရဲများအားလုံး ကြံရာမရ ဖြစ်ကုန်ကြလေပြီ။
"ဖုန်း… ဖုန်းခေါ်ကြည့်စမ်းပါအုံး"
ကျန်းနန်က ဆဲလ်ဖုန်းကို ကိုင်ထားရင်း ပြောလိုက်သည်။
"မင်းတို့ထဲက ဘယ်သူ့ဖုန်း လိုင်းမိလဲ"
ရဲများအားလုံး သူတို့ဖုန်းများကို ထုတ်လိုက်ကြသည်။ သို့သော် လူတိုင်း၏ ဖုန်းမှာ ဧရိယာပြင်ပရောက်နေ၏။
"ဆာဂျင်ကျန်း တောက် အထဲဝင်လို့မရဘူး"
အတွေ့အကြုံရှိရဲတဦးက တံခါးကိုကြိုးစားဆွဲဖွင့်ရင်း စိတ်ပျက်လက်ပျက်နှင့် ကျိန်ဆဲလိုက်သည်။
"သေစမ်း ကျွန်တော်တို့တော့ သွားပြီနဲ့တူတယ်"
လူရှောကိချိန်တံခါးရှေ့တွင် လက်ပိုက်ရင်း ကူရာကင်းမဲ့စွာ မတ်တပ်ရပ်နေ၏။ ထိုအချိန်မှာပင် သူ ခါးကြားထဲမှ အေးစက်သောအထိအတွေ့ကို ရလိုက်လေသည်။
"သေနတ် ဆာဂျင်ကျန်း သေနတ်တွေ"
သူ သေနတ်ကိုထုတ်ပြီး တံခါးလက်ကိုင်ကို ပစ်ရန် ချိန်ရွယ်လိုက်သည်။ သို့သော် ကျန်းနန်က ပြေးလာပြီး သူ့ကို တားလိုက်၏။
"မလုပ်နဲ့ ရှောင်ချိန် မှန်ကို ခွဲရအောင် တံခါးရဲ့ သံမဏိကို ကျည်ဆန်က မဖောက်နိုင်ဘူး"
ထို့နောက် ကျန်းနန်က ကုလားထိုင်ကိုမြှောက်ပြီး ပြတင်းပေါက်မှန်ကို ရိုက်ချလိုက်သည်။ သို့သော် မှန်မှာ ကွဲမသွားပဲ ကုလားထိုင်သာ ပြန်ကန်ထွက်လာ၏။ ပြန်ကန်အားကြောင့် ကျန်းနန်ပင် လဲကျတော့မယောင် ဖြစ်သွားသည်။
"ဒီအခန်းက သရဲပူးနေတာလားဟ"
လူရှောက်ချိန် စိတ်ဆိုးမာန်ဆိုးနှင့် သေနတ်ကို မြှောက်ပြီး မှန်ကိုပစ်ထည့်လိုက်ပြန်၏။ တဖောင်းဖောင်းမည်သံနှင့် ကျည်ဆန်များသာ မှန်သားပြင်ကို စိုက်ဝင်သွားလေသည်။ မထင်မှတ်လောက်အောင် ထူးဆန်းသောအခြေအနေကြောင့် အားလုံး အံ့သြတကြီးနှင့် ဝရုန်းသုန်းကား ဖြစ်နေ၏။
ထိုအချိန်မှာပင် ထိန်းချုပ်ခန်းထဲမှ မီးများ ပြန်လင်းလာ၏။ တခနအကြာတွင် မော်နီတာတွေပေါ် ပုံရိပ်သစ်များ ပေါ်လာလေသည်။ သို့သော် လူတိုင်း စိုးရိမ်သောကပွားကာ တွေဝေနေကြ၏။
"ဆာဂျင်ကျန်း ကျွန်တော်… ကျွန်တော် တံခါးကို သွားစစ်ကြည့်အုံးမယ်"
လူရှောက်ချိန်၏ အသံက တုန်ယင်နေ၏။ ထို့နောက် သူ ကတုန်ကယင်နှင့် တံခါးကို ဖွင့်လိုက်၏။ ကျွီခနဲ အသံတချက်ပေါ်လာပြီး တခါးပွင့်သွားလေသည်။
အခန်းထဲတွင် မီးခိုးများ၊ ဖုန်မှုန့်များနှင့် ပြည့်နေပြီး ထူးဆန်းသော အနံ့ဆိုးကြီး လေထဲတွင် ပျံ့လွင့်နေ၏။ လူရှောက်ချိန် အခန်းထဲသို့ ဝင်လာရင်း အသံပြုလိုက်သည်။
"အင်စပက်တာကျန်း အစ်မကျီးယွမ် အခန်းထဲမှာ ရှိသလား"
မည်သည့်ထူးသံမှ ပေါ်မလာ။ အခန်းထဲရှိ မီးလုံးသည် မီးခိုးများကြားတွင် မှိန်ဖျော့ဖျော့ အလင်းရောင် ထွက်နေပြီး အခန်းတစ်ခုလုံးအား ကြောက်စရာအငွေ့အသက်များ ဖြစ်ပေါ်လာစေသည်။
လူရှောက်ချိန် နေရာတွင်ရပ်ပြီး အသက်ရှူရန် ကြိုးစားနေ၏။ လေထုသည် သိပ်သည်းသော်ငြား အသက်ရှုရခက်စေသည်မျိုးတော့ မရှိချေ။ ထိုအခါ လူရှောက်ချိန် ကုတင်ဆီသို့ စမ်းတဝါးဝါးနှင့် လျှောက်သွားလိုက်၏။
ကုတင်အနီးသို့အရောက်တွင် မြင်လိုက်ရသောမြင်ကွင်းကြောင့် လူရှောက်ချိန် ပါးစပ်အဟောင်းသားဖြစ်သွား၏။ ကျန်းကျင်းခိုင်နှင့် အားကျောက်တို့နှစ်ယောက်သည် ကုတင်ပေါ်တွင် အတိုင်းသား သတိမေ့မြောလျက်ရှိကြသည်တကား။