← Chapters

အခန်း (၂၄၁၆-၂၄၁၈)

Vol. 98 Ch. 2416-2418

အခန်း (၂၄၁၆-၂၄၁၈)

Vol. 98 Ch. 2416-2418

အပိုင်း (၂၄၁၆)

ကျိယုမှာ ကျန်းစွန်းယင်အား အကြောင်းစုံကို ရှင်းပြချင်သော်ငြား လက်ရှိအချိန်သည် ရှင်းပြလို့ကောင်းသည့် အချိန်မဟုတ်နေမှန်း သိနေခဲ့လေသည်။ နောက်ပိုင်းတွေ့သည့်အခါမှသာ ရှင်းပြရန် ဆုံးဖြတ်လိုက်ပြီးသည့်နောက် ကျေးဇူးတင်တကြီးဖြင့် ပြောလိုက်လေ၏။ “ကျေးဇူးအများကြီးတင်ပါတယ် သတ္တမဂိုဏ်းတူဒေါ်လေး…”

ထို့နောက် ရန်ကိုင့်ဆီသို့ ပြေးသွားပြီး သူ့လက်ကိုဆွဲ၍ ပြောလိုက်လေသည်။ “မြန်မြန်ထွက်သွားကြမယ်…”

“နောက်ကျသွားပြီ…” ရန်ကိုင်က အားတင်းပြုံးလျက် ကျန်းစွန်းယင်အား ကူကယ်ရာမဲ့စွာ ကြည့်လိုက်လေသည်။

ကျန်းစွန်းယင်သည်လည်း တစ်ခုခုအား အာရုံခံမိသွားသည့်အလား သုန်သုန်မှုန်မှုန်အမူအယာဖြင့် မျက်မှောင်ကြုတ်လိုက်လေသည်။

ရန်ကိုင်နှင့် ကျိယုတို့အား တားလိုက်စဉ်က သူမ၏မသိစိတ်အရ လုပ်မိလိုက်ခြင်းသာ ဖြစ်ပေသည်။ ရေခဲနှလုံးသားတောင်ကြား၏ အကြီးအကဲတစ်ဦး ဖြစ်သည့်အလျောက် သူစိမ်းလူတစ်ဦးမှ သူမတို့၏ ပိုင်နက်နယ်မြေထဲတွင် ခိုးကြောင်ခိုးဝှက် လှုပ်ရှားနေသည်ကို သူမအနေဖြင့် မမြင်ချင်ယောင် မဆောင်နိုင်ချေ။

သို့သော်ငြား သူမ၏လုပ်ရပ်သည် လူပေါင်းများစွာအား သတိပေးလိုက်သလို ဖြစ်သွားခဲ့လေသည်။ ယခု ရန်ကိုင်နှင့် ကျိယုတို့ သူတို့၏ ထွက်ပြေးမည့်အခွင့်အရေးကို ဆုံးရှုံးသွားခဲ့ရလေပြီ။

ကျန်းစွန်းယင်စိတ်ထဲ နောင်တတော့ရနေမိခဲ့လေသည်။ ယခုကဲ့သို့ဖြစ်မည်မှန်းသာ ကြိုသိခဲ့လျှင် ရန်ကိုင်တို့အား တားခဲ့လိမ့်မည် မဟုတ်ပေ။

“ရွှစ် ရွှစ် ရွှစ်…”

အလင်းတန်းများနှင့်အတူ ဧကရာဇ်အဆင့် ပညာရှင်ပေါင်းများစွာ ထွက်ပေါ်လာပြီး ရန်ကိုင်နှင့် ကျိယုတို့အား ဝိုင်းလိုက်ကြလေ၏။ စုစုပေါင်း ရှစ်ယောက်ရှိပေသည်။ ရှစ်ယောက်မှာ အကုန်မဟုတ်သေးချေ။ သူတို့ဆီသို့ လာနေသည့် အခြားသော ပညာရှင်များလည်း ရှိနေကြသေးသည်။

သို့သော်ငြား ထိုလူများထဲ မည်သည့် ဧကရာဇ်တတိယအဆင့် ပညာရှင်မှ ရှိမနေခဲ့ချေ။ သို့သော်ငြား ဒုတိယအဆင့်သို့ ရောက်နေသော နှစ်ယောက်တော့ ရှိနေခဲ့ပေသည်။ ကျန်လူအားလုံးမှာတော့ ပထမအဆင့်များသာ ဖြစ်ကြသည်။

မျက်တောင်တစ်ခတ်အတွင်း ရန်ကိုင့်အား လှပသော အမျိုးသမီးပေါင်းများစွာမှ ဝိုင်းလိုက်ကြလေသည်။ တကယ်ကို ယစ်မူးဖွယ်ရာမြင်ကွင်းပင်။

အလှကိုယ်စီ၊ စရိုက်ကိုယ်စီနှင့် အပြစ်ဆိုရက်စရာ မရှိလှသော မိန်းမချောလေးများ တစ်ယောက်ပြီးတစ်ယောက် သူ့ရှေ့တွင် ပေါ်လာနေသည်ကိုကြည့်ရင်း သူ့ကိုယ်သူ မိန်းမတိုင်းပြည်သို့ ရောက်နေသလားဟုပင် ရန်ကိုင် ခံစားလိုက်ရလေသည်။

သို့သော်ငြား ထိုကိစ္စနှင့်ပတ်သက်၍ ရန်ကိုင့်မှာတော့ အနည်းငယ်လေးပင် ပျော်မနေခဲ့။ အချိန်ကြာလာသည်နှင့်အမျှ သူ့အမူအယာမှာ ပိုပို၍ အရုပ်ဆိုးလာခဲ့လေသည်။

ဤသည်မှာ သူ့ဘဝတွင် ဧကရာဇ်အဆင့် ပညာရှင်ပေါင်းများစွာ၏ ပထမဦးဆုံးအကြိမ်အဖြစ် ဝိုင်းရံခြင်း ခံရခြင်း ဖြစ်ပေသည်။ လေဟာနယ်နိယာမကိုသုံး၍ ထွက်ပြေးနိုင်သည်ဆိုလျှင်ပင် ဤလူအုပ်ကြီးလက်မှ အန္တရာယ်ကင်းကင်းနှင့် ထွက်ပြေးနိုင်မလား ဆိုသည့်အပေါ် ယုံကြည်ချက်မရှိ‌ချေ။

“ကျိယု… နင်တကယ်ကို သတ္တိရှိနေတယ်ပေါ့… ယောကျ်ားတစ်ယောက်နဲ့ ခိုးကြောင်ခိုးဝှက်တွေ့ပြီး တားမြစ်နေရာကလည်း ထွက်ပြေးတယ်… ဂိုဏ်းရဲ့အဖိုးတန်မှော်ရတနာကိုတောင် ခိုးယူသွားရဲတယ်…” ရန်ကိုင်အတွေးထဲ နစ်မျောနေစဉ် ဧကရာဇ်ဒုတိယအဆင့် ကျင့်ကြံသူနှစ်ဦးအနက် တစ်ဦးမှ ရုတ်တရက် ကောက်အော်ပြောလိုက်လေသည်။

ထိုအမျိုးသမီးသည် မိုးပြာရောင်စကပ်ကို ဝတ်ဆင်ထားခဲ့ပြီး သူမပုံစံမှာ အလွန်ကိုမှ ကျော့ရှင်းလှပနေခဲ့သည်။ သို့သော်ငြား သူမ၏ အေးစက်စက်မျက်နှာထားနှင့် သူမဆီမှ ဖြာထွက်နေသည့် ခက်ထန်သည့် အရှိန်အဝါကြောင့် သူမနားတွင် ရှိနေသည့် မည်သူ့ကိုမဆို စိတ်မသက်မသာ ဖြစ်သွားစေနိုင်ပေသည်။ မည်ကဲ့သို့သော ကျင့်စဉ်မျိုးကို ကျင့်ကြံထားလဲ မသိရ။ ထိုနေရာတွင် ရပ်နေစဉ်အတောအတွင်း သူမခန္ဓာကိုယ်တစ်ခုလုံးအား သိပ်သည်းလှသည့် ဓါးစိတ်ဆန္ဒမှ လွှမ်းခြုံထားခဲ့လေသည်။

ကျိယုမှာ ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး သူမလက်ကို ကမန်းကတမ်း ဝှေ့ယမ်းရင်း ရှင်းပြရန် ကြိုးစားလိုက်လေ၏။ “အကြီးအကဲ… အဲ့လိုမျိုးမဟုတ်ဘူး… နားလည်မှုလွဲနေတာ…”

“နားလည်မှုလွဲနေတာ…” ထိုအမျိုးသမီးက နှာခေါင်းရှုံ့လိုက်လေသည်။ “ဒီဘုရင် မျက်စိကန်းနေတယ်လို့ နင်ထင်နေတာလား… တားမြစ်နယ်မြေထဲမှာ နင်တစ်ယောက်တည်းရှိတာ… အခု အဲ့မှော်ရတနာက မရှိတော့ဘူး… အဲ့ဒါက နင့်လက်ချက်မဟုတ်ဘူးလို့ နင်ငြင်းချင်နေသေးတာလား…”

ကျိယုမှာ ရန်ကိုင့်ဆီသို့ လှမ်းကြည့်လိုက်သည်။ သို့သော်ငြား မှော်ရတနာကို ခိုးယူသွားသည့်လူမှာ ရန်ကိုင်ဖြစ်သည်ဟု ပြောမထွက်နိုင် ဖြစ်နေခဲ့လေသည်။

“ဒီတော့ နင် ခိုးတယ်လို့ ဝန်ခံတယ်ပေါ့…” အမျိုးသမီးမှာ လှောင်ပြုံးပြုံးလျက် အခြားသော ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တစ်ဦးဘက်သို့ လှည့်လိုက်လေသည်။ “ကျိယုက ဂိုဏ်းစည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်တယ်… သူ့ကို အပြစ်ပေးထားတာကနေလည်း ခွင့်ပြုချက်မရဘဲ ထွက်ပြေးလာတယ်… အဲ့ဒါတင်မကသေးဘူး တားမြစ်နေရာထဲက ဂိုဏ်းရဲ့ အဖိုးတန်မှော်ရတနာကိုပါ ခိုးယူသွားသေးတယ်… ဒီတော့ စီနီယာအစ်မ သူ့ကို ဘယ်လိုအပြစ်ပေးဖို့ စဉ်းစားထားလဲ…”

ထိုစကားကိုကြားသော် အခြားသော ဧကရာဇ်ဒုတိယအဆင့် ပညာရှင်မှာ သက်ပြင်းချလိုက်လေသည်။ ထို့နောက် ကျိယုအား ချစ်လည်းချစ် အပြစ်လည်းမကင်းသလို ခံစားရသည့် အကြည့်ဖြင့် လှမ်းကြည့်လိုက်လေသည်။ အချိန်အတော်ကြာပြီးသည့်နောက်တွင် ထိုအမျိုးသမီးက ပြောလိုက်လေသည်။ “ယုအာ… အဲ့ရေခဲဓာတ်လုံးက ဘိုးဘေးတည်ထောင်သူ ချန်ထားရစ်ခဲ့တာ သမီး ဘာလို့ယူလိုက်တာလဲ…”

ထိုဓာတ်လုံးကို ခိုးယူသွားသည့်လူမှာ ကျိယုဖြစ်သည်ဟုသာ ထိုအမျိုးသမီးလည်း ထင်မှတ်နေခဲ့လေသည်။ တကယ်တော့ တားမြစ်နေရာတွင် ရှိနေသည့်လူမှာ ကျိယုတစ်ယောက်တည်းသာ မဟုတ်ပေလော။ ယခု မှော်ရတနာပျောက်သွားပြီဖြစ်လေရာ အကုန်လုံးသည် ကျိယုကိုသာ အပြစ်တင်ကြသည်မှာ အထူးအဆန်းတော့ မဟုတ်ချေ။

ကျိယုက ပြောလိုက်လေ၏။ “ဆရာ… အဲ့မှော်ရတနာကို သမီးခိုးတာမဟုတ်ဘူး…”

ကျိယုသည် မှော်ရတနာကို သူမ မခိုးဘူးဟူ၍သာ ပြောခဲ့လေသည်။ ရန်ကိုင်ခိုးခဲ့သည်ဟူ၍ မပြောခဲ့။ ဤကိစ္စထဲ ရန်ကိုင့်ကို ဆွဲမထည့်ချင်သည်မှာ အသိသာပင်။

“အဲ့ဒါဆိုရင် အဲ့မှော်ရတနာက ဘယ်ရောက်သွားတာလဲ…” သူမ၏ဆရာက ထပ်မေးလိုက်လေသည်။ ကျိယု၏ဆရာသည် အခြားသော ဧကရာဇ်ဒုတိယအဆင့် ပညာရှင်ထက် အများကြီးသိမ်မွေ့ကာ စိတ်ထားနူးညံ့ပေသည်။

ရန်ကိုင်က ပြောလိုက်လေ၏။ “ဂျူနီယာညီမယု… သူတို့တွေက ဘယ်သူတွေလဲ…”

ကျိယုက အလျင်စလို ရှင်းပြလိုက်လေ၏။ “ဒီတစ်ယောက်က ကျွန်မရဲ့ဆရာ အန်းရို့ယွင်ပဲ… အခြားတစ်ယောက်ကတော့ ရေခဲနှလုံးသားတောင်ကြားရဲ့ အကြီးအကဲချုပ် စွန်းယွင်ရှု ကျွန်မရဲ့ ဒုတိယမြောက်ဂိုဏ်းတူဒေါ်လေးဆိုလည်း ဟုတ်တယ်… ကျွန်မရဲ့ဆရာက သူ့ညီအစ်မတွေထဲမှာ စီနီယာအမြင့်ဆုံးပဲ…”

ရန်ကိုင် ချက်ချင်းနားလည်သွားခဲ့လေသည်။ ကျိယုအား သိမ်သိမ်မွေ့မွေ့နှင့် ဆက်ဆံနေသော အမျိုးသမီးမှာ သူမ၏ဆရာဖြစ်သလို ရေခဲနှလုံးသားတောင်ကြား၏ လက်ရှိတောင်ကြားသခင်လည်း ဖြစ်သည့် အန်းရို့ယွင်သာဖြစ်လေသည်။ အလွန်ကိုမှ စိတ်ဆတ် ဒေါသကြီးသည့် အခြားသောအမျိုးသမီးမှာတော့ အကြီးအကဲချုပ်ဖြစ်သော စွန်းယွင်ရှုဖြစ်သည်။ သူတို့နှစ်ယောက်နှင့်အတူ အစောပိုင်းက ရန်ကိုင်တွေ့လိုက်သော ကျန်းစွန်းယင်တို့အားလုံးမှာ ဂိုဏ်းတူညီအစ်မများ ဖြစ်ကြပေသည်။

(ပင်းယွင်မှာ တပည့်ကောင်းတွေအများကြီး ရှိနေတာပဲ… အကုန်လုံးက ဧကရာဇ်အဆင့်ကို ရောက်နေတာဆိုတော့ ဒီပတ်ဝန်းကျင်ကောင်းနေလို့ပဲလား ပင်းယွင်တော်လို့ပဲလား ငါလည်း မပြောတတ်တော့ဘူး…)

သို့သော်ငြား ဤအချိန်သည် ဤအကြောင်းကို ထိုင်တွေးနေရမည့် အချိန်မဟုတ်ချေ။ ရန်ကိုင်က လက်သီးဆုပ်၍ ပြောလိုက်လေ၏။ “ဂျူနီယာရန်ကိုင် စီနီယာတို့ကို နှုတ်ဆက်ပါတယ်…”

“ရေခဲနှလုံးသားတောင်ကြားထဲ ခိုးကြောင်ခိုးဝှက်နဲ့ ဝင်လာပြီး ငါတို့ တပည့်တစ်ယောက်ကို ပြန်ပေးဆွဲရအောင် နင့်ကိုယ်နင် ဘာမှတ်နေတာလဲ…” စွန်းယွင်ရှုက အေးစက်စက်အမူအယာဖြင့် ရန်ကိုင့်အား ပြစ်တင်ပြောဆိုလိုက်လေသည်။

ရန်ကိုင်က မျက်မှောင်ကျုံ့လိုက်လေ၏။ “အကြီးအကဲစွန်း… ခင်ဗျား နားလည်မှုလွဲနေပြီ… ကျုပ်ဒီကို ပြန်ပေးဆွဲဖို့ လာတာမဟုတ်ဘူး… အခြားတစ်ယောက်က ဂျူနီယာညီမကို ခေါ်ခိုင်းလိုက်လို့ လာခေါ်တာ…” စွန်းယွင်ရှုမှာ အလွန်ကိုမှ ရန်လိုလွန်းနေသဖြင့် ရန်ကိုင့်မှာ သူမအား သိပ်၍ အမြင်မကြည်တော့ချေ။ သူမပုံစံကို ကြည့်ရသလောက်လည်း ကျိယုအား သိပ်ပြီး အမြင်ကြည်သည့်ပုံမပေါ်။ သူမသည် ရမ္မက်ရှာဂိုဏ်း၏ ကမ်းလှမ်းချက်ကို သဘောတူလိုက်သည့် လူများအနက်မှ တစ်ယောက်ပင်လျှင် ဖြစ်နေနိုင်ပေသေးသည်။

“နင် ငါ့ကို ပြန်ပြောရဲတယ်ပေါ့…” စွန်းယွင်ရှုက ဒေါသတကြီး အော်ပြောလိုက်လေသည်။

ယခုတစ်ကြိမ်တွင်တော့ နောက်ထပ်လူနှစ်ဦးပါ ထပ်ရောက်လာခဲ့လေသည်။ ထိုလူနှစ်ဦးအနက် တစ်ယောက်သည် ကျိယုအား ကြည့်၍ အော်ပြောလိုက်လေ၏။ “ညီမယု… နင် ဒီမှာ ဘာလုပ်နေတာလဲ…”

ကျိယုကိုမြင်လိုက်ချိန် ထိုလူသည် အကြီးအကျယ်ကို စိတ်ပျက်သွားသည့်ပုံပင်။ သို့သော်ငြား ရန်ကိုင့်ကိုမြင်လိုက်သည့်အခိုက် သူ့မျက်နှာထက် ဖုံးဖိမရနိုင်သည့် အမုန်းတရားနှင့် သတ်ဖြတ်လိုစိတ်တို့ ထွက်ပေါ်လာခဲ့လေသည်။

အသစ်ရောက်လာသည့် လူနှစ်ဦးလုံးမှာ အမျိုးသားများဖြစ်ကြသည်။ တစ်ဦးသည် ဧကရာဇ်ဒုတိယအဆင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားပြီး တည်ကြည်လေးနက်သည့် သက်လတ်ပိုင်းလူကြီးတစ်ဦး ဖြစ်ပေသည်။ အခြားတစ်ဦးမှာတော့ တာအိုသခင်တတိယအဆင့်သို့ ရောက်နေသော လူငယ်လေးတစ်ဦး ဖြစ်သည်။

ထိုနှစ်ဦး မည်သူဖြစ်သလဲဆိုသည်မှာ အထင်းသားပင်။ ရေခဲနှလုံးသားတောင်ကြားထဲတွင် ဧည့်သည်အဖြစ် နေနေသည့်လူဆို၍ နှစ်ဦးသား ရှိပေသည်။ ထိုနှစ်ဦးသည် ရမ္မက်ရှာဂိုဏ်း၏ ဒုဂိုဏ်းချုပ်နှင့် သခင်လေးသာ ဖြစ်လေ၏။

သူတို့နှစ်ယောက် ဤနေရာသို့ ရောက်လာခြင်းမှာ ရေခဲနှလုံးသားတောင်ကြားတစ်ခုလုံး အုတ်အုတ်ကျက်ကျက် ဖြစ်သွားသည့် အတွက်ကြောင့်ပင်လျှင်။ သို့သော်ငြား ဤနေရာသို့ ရောက်လာပြီး ကျိယုမှ ရန်ကိုင့်လက်အား ကိုင်ထားသည်ကို မြင်သော် ဖုန်းရှီမှာ ဒေါသူပုန်ထသွားလေ၏။

ကျိယု၏ လုပ်ရပ်သည် ဖုန်းရှီအား ဖောက်ပြန်ခံလိုက်ရသလို ခံစားသွားရလေသည်။ သူ့စိတ်ထဲ အလွန်ကိုမှ ရှက်မိသွားလေ၏။ ထို့အတွက်ကြောင့် ဖုန်းရှီသည် အချိန်မရွေး ပေါက်ကွဲတော့မည့် မီးတောင်ရှင်ကြီးတစ်လုံးနှယ် ဖြစ်လာခဲ့လေသည်။ သူကြိုက်နှစ်သက်သည့် မည်သည့်အမျိုးသမီးမှ သူ့အပေါ် ဤကဲ့သို့ မဆက်ဆံရဲချေ။ အကုန်လုံးသည် သူ့အပိုင် ဖြစ်လေသည်။ ထိုအမျိုးသမီးအားလုံးသည် သူပေးသည့် အမိန့်အတိုင်းအား သစ္စာရှိသည့် အစေခံများနှယ် လိုက်နာကြသည်။

ကျိယုသည် သူ့အား မာမာထန်ထန်ဖြင့် အမြဲပြန်ပြောလေ့ရှိသော်ငြား ဖုန်းရှီကမူ ထိုကိစ္စအား စိတ်ထဲ မထားခဲ့ချေ။ သို့သော်ငြား ယခုမူ ထိုမိန်းမပျက်မသည် အခြားသော ယောကျ်ားတစ်ဦးနှင့် ဖက်လှဲတကင်း ပြုမူနေခဲ့သည်။ သူဒေါသထွက်အောင် တမင်သက်သက် လုပ်နေခြင်းပေလော။ ဤအကြောင်းသာ သတင်းပြန့်သွားမည်ဆိုပါက မြောက်ဘက်နယ်မြေတွင် မည်သည့်မျက်နှာဖြင့် လူရှေ့သူရှေ့ ထွက်ရတော့မည်နည်း။ လူတိုင်းသည် သူ့အား မြင်သည့်အခါ လှောင်ပြောင်လိုသည့် အကြည့်များဖြင့် စိုက်ကြည့်လာကြပေမည်။

ဖုန်းရှီမှ သူမလက်အား ကြည့်နေသည်ကိုမြင်သော် ကျိယုသည်လည်း လက်ရှိအခြေအနေအကြောင်း နားလည်သွားခဲ့လေသည်။

ရန်ကိုင်နှင့်အတူ ထွက်ပြေးရန် ကြိုးစားနေစဉ်အတောအတွင်း ရန်ကိုင့်လက်ကို အမှတ်မထင် ဆုပ်ကိုင်ထားမိလိုက်သည်။ သို့သော်ငြား သူတို့ ထွက်မပြေးနိုင်ခင်မှာပင် ရေခဲနှလုံးသားတောင်ကြား၏ အကြီးအကဲအားလုံး ရောက်လာပြီး သူတို့အား ဝိုင်းလိုက်ကြလေသည်။ ထိုအကြီးအကဲများ၏ ဖိအားအောက်တွင် ကျိယုမှာ ရန်ကိုင့်လက်ကို ပြန်လွှတ်ပေးရန် မေ့လျော့သွားခဲ့လေသည်။

ယခု သူမအသိပြန်ဝင်လာသည့် အချိန်တွင် ရန်ကိုင့်၏လက် မည်မျှ နွေးထွေးကြောင်းကို ခံစားမိလိုက်ပြီး ရှက်သွေးဖြာမိသွားခဲ့လေသည်။

သို့သော်ငြား ထိုအခိုက်အတန့်တွင် တစ်ခုခုအား မှတ်မိသွားသည့်အလား ရန်ကိုင့်လက်အား လွှတ်ရမည့်အစား တင်းတင်းကြပ်ကြပ်ပင် ဆုပ်ကိုင်လိုက်လေသည်။ ယခုတစ်ကြိမ်တွင်တော့ သူတို့၏လက်ချောင်းများ အချင်းချင်း ယှက်ဖြာနေသည်အထိ ပို၍တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။

ရန်ကိုင်လည်း ကျိယုအား အံ့အားသင့်တကြီးဖြင့် ကြည့်မိလိုက်လေသည်။

ရန်ကိုင့်၏အကြည့်ကြောင့် ကျိယု ရှက်သွေးဖြာသွားခဲ့လေ၏။ သို့သော်ငြား မည်သည့်အခြားကိစ္စကိုမှ ဂရုစိုက်မနေခဲ့ဘဲ ရန်ကိုင့်၏လက်မောင်းပေါ် သူမ၏ခန္ဓာကိုယ်လေးကို မှီလျက် ဖုန်းရှီကိုကြည့်ကာ ရန်စလိုသည့် ပုံစံဖြင့် ပြောလိုက်လေသည်။ “သခင်လေးဖုန်းရှီ ရှင့်စကားရှင် သတိထားနော်… ကျွန်မ ရှင့်ကို ဂျူနီယာညီမယုလို့ ခေါ်ပါလို့ တစ်ခါမှ မပြောဖူးဘူး… ပြီးတော့ ကျွန်မလုပ်ချင်တာလုပ်တာ ရှင်နဲ့ဘာဆိုင်လို့လဲ…”

ကျိယု၏စကားကို ကြားလိုက်သည့်အခါ ဖုန်းရှီ၏မျက်နှာ ပို၍ အရုပ်ဆိုးသွားခဲ့လေသည်။ ဘီလူး သံပုရာသီးကိုက်ထားသည့် ရုပ်ဖြင့် ရန်ကိုင့်အား ဒေါသတကြီးစိုက်ကြည့်ရင်း အံကြိတ်ကာ အော်ပြောလိုက်လေ၏။ “မင်း… မင်း သေချင်နေတာပဲ… မင်း ဘယ်လိုလုပ်ပြီး ငါ့မိန်းမကို ခိုးရဲတာလဲ…”

ထိုအချင်းအရာကိုမြင်သော် ရန်ကိုင် လှောင်ပြုံးပြုံးလိုက်လေ၏။ ကျိယု ဘာကြောင့် သူ့လက်အား တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်သလို သူ့အပေါ်လည်း မှီထားမှန်း ချက်ချင်းနားလည်သွားခဲ့လေသည်။ ကျိယုသည် သူနှင့်ရန်ကိုင် မည်မျှနီးကပ်သလဲဆိုသည်ကို ဖုန်းရှီမြင်အောင် ပြလိုခြင်းဖြစ်သည်။ ကျိယုလုပ်ပုံမှာ အတော်လေးကို ရယ်စရာကောင်းသည်ဟု ထင်မြင်မိသဖြင့် ရန်ကိုင်လည်း သူမဇာတ်အတိုင်း လိုက်ကပေးလိုက်လေသည်။ ကျိယုမှာ သူမ၏အနာဂတ်ကို မထိန်းချုပ်နိုင်တော့‌ချေ။ ဤနည်းလမ်းသည်သာ သူမကိုယ်သူမ ကယ်တင်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ပေသည်။ ဤနည်းလမ်းကိုသုံးလိုက်လျင် ဖုန်းရှီ လက်လျော့သွားလိမ့်မည်ဟု မျှော်လင့်ထားခဲ့ပါသော်ငြား ဖုန်းရှီမှာ ကျိယုနှင့် ရန်ကိုင်တို့ ပူးပူးကပ်ကပ်နေသည်ကို မြင်ပြီးသည့်နောက် အလွန်ကိုမှ ဒေါသူပုန်ထကာ လူသတ်ရန်ပင် လုပ်လာခဲ့လေသည်။

“ဘယ်သူက နင့်ရဲ့အမျိုးသမီးလဲ… အရှက်မရှိတဲ့စကားတွေ လာပြောမနေနဲ့…” ကျိယုသည် ဖုန်းရှီအား တစ်ချက်ကလေးပင် မျက်နှာသာမပေးချေ။ ရန်ကိုင့်အား ခြိမ်းခြောက်စကား ပြောလာနေသည်ကိုမြင်သော် ပွင့်ပွင့်လင်းလင်း ပြန်လည်ပြစ်တင်ပြောဆိုလေ၏။

ဖုန်းရှီမှာ ဒေါသထွက်လွန်းသဖြင့် သူ့မျက်နှာကြီးတစ်ခုလုံးပင်လျှင် ဖြူဆွတ်လာခဲ့လေသည်။ ကျိယုအား အော်ဆဲဖို့ရာ သိပ်မသင့်တော်လှသဖြင့် ရန်ကိုင့်ဘက်သို့သာ လှည့်၍ အော်ပြောလိုက်လေ၏။ “ကောင်လေး… မင်းက တကယ်ကို သွေးကြောင်တာပဲကွ… မင်းကိုယ်မင်း သတ္တိရှိတယ်လို့ထင်ရင် မိန်းမတစ်ယောက်နောက်မှာ ပုန်းမနေနဲ့… ရှေ့ထွက်လာပြီး ကိုယ်တိုင်ပြောလိုက်…”

ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “သခင်လေးရှီ… အချို့ကိစ္စတွေဆိုတာ နှစ်ဦးနှစ်ဖက် သဘောတူမှ လုပ်လို့ရတာ… သဘောမတူရင် ဘယ်လောက်ပဲ ဖိအားပေး ဖိအားပေး ဘာမှထူးမှာမဟုတ်ဘူး… ဂျူနီယာညီမယုနဲ့ ကျုပ်က တစ်ယောက်နဲ့တစ်ယောက် ချစ်ကြိုက်နေကြတာ… နှစ်ယောက်စလုံး သေတစ်ဖန်သက်တစ်ဆုံးအထိ ပေါင်းသင်းသွားမယ်လို့တောင် ကတိပြုပြီးသွားကြပြီ… ဒီတော့ ဘယ်သူက ဘယ်သူ့ရဲ့မိန်းမကို ခိုးဖို့လုပ်နေတာလဲ… ဒီသခင်လေး ကိုယ့်အဆင့်တန်းကိုယ် မနှိမ့်ချချင်ဘူး… ဒီတော့ ကိုယ့်ဘာသာကိုယ် သူခိုးဖြစ်နေတာကို သူများကို သူခိုးဆိုပြီး လိုက်စွပ်စွဲမနေနဲ့…”

အကုန်လုံး မင်သက်သွားခဲ့ကြလေသည်။

ရေခဲနှလုံးသားတောင်ကြားမှ ဧကရာဇ်အဆင့် ပညာရှင်အားလုံး ရန်ကိုင်နှင့် ကျိယုအား ပါးစပ်အဟောင်းသားဖြင့် ငေးကြောင် ကြည့်နေကြလေ၏။

ကျိယုသည်လည်း ကြောင်တောင်တောင် ဖြစ်နေခဲ့လေသည်။ လူရှေ့သူရှေ့တွင် ရန်ကိုင် ဤကဲ့သို့ ပြောလိမ့်မည်ဟု မထင်ထားခဲ့ချေ။ သေတစ်ဖန်သက်တစ်ဆုံး ပေါင်းသင်းသွားမည်ဟု ကတိပြုထားသည်မှာ မည်ကဲ့သို့သော စကားမျိုးနည်း။ ရန်ကိုင်သည် သူမ၏ဂုဏ်သိက္ခာကို အဖတ်ပြန်ဆယ်မရအောင် ဖျက်ဆီးပစ်နေခြင်းသာ ဖြစ်လေသည်။ ရန်ကိုင့်စကားကို ကြားပြီးသည့်နောက် ကျိယု၏မျက်နှာမှာ မီးလောင်နေသည့်အလား ရဲတက်လာခဲ့လေသည်။ သူမ၏ပုံစံသည် ရန်ကိုင်ပြောသည့်စကားကို ပို၍ ထောက်ခံပေးသလိုပင် ဖြစ်သွားစေလေသည်။

ကျိယု၏နီမြန်းနေသည့် မျက်နှာကိုမြင်သော် ရေခဲနှလုံးသားတောင်ကြားမှ ဧကရာဇ်အဆင့် ပညာရှင်အားလုံး သူမအား အထူးအဆန်းအမူအယာများဖြင့် ကြည့်လိုက်ကြလေသည်။

သူမ၏ သတ္တမဂိုဏ်းတူဒေါ်လေးဖြစ်သော ကျန်းစွန်းယင်သည် ရန်ကိုင့်အား ချီးကျူးလိုသည့် အမူအယာဖြင့် လှမ်းကြည့်လိုက်လေသည်။ ရန်ကိုင့်အား စစချင်းမြင်စဉ်က ဘာမှ သိပ်မတွေးခဲ့။ ယခု သူပြောသည်ကို ကြားပြီးသည့်နောက် ကျိယု လူရွေးမှန်သွားသည်ဟု တွေးလိုက်လေသည်။

သူတို့နှစ်ဦးသာ တကယ်မချစ်ကြိုက်လျှင် ဧကရာဇ်အဆင့် ပညာရှင်ပေါင်းများစွာရှေ့၌ပင် ရန်ကိုင်သည် ဘာကြောင့်များ ဤကဲ့သို့ ရဲတင်းစွာ ပြောဝံ့မည်နည်း။

သို့သော်ငြား ဖုန်းရှီ၏မျက်နှာမှာတော့ ရေခဲစများပင် ကပ်ညိလာနိုင်သည်ဟု ထင်မှတ်ရလေအောင် အေးစက်နေခဲ့လေသည်။ လက်ရှိအခြေအနေနှင့် ပတ်သက်၍ သူ့စိတ်ထဲ အလွန်ကိုမှ မသက်မသာ ခံစားနေရသည်။ သူအလွန်ကိုမှ နှစ်သက်မြတ်နိုးရသော သူ့ဂိုဏ်း၏အရင်းအမြစ်များကိုပင်လျှင် အသုံးချ၍ လက်ထပ်ပွဲကို မဖြစ် ဖြစ်အောင် ဖန်တီးထားခဲ့ရသော အမျိုးသမီးတစ်ဦးသည် အခြားလူတစ်ဦး၏ အပိုင် ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။

ဖုန်းရှီမှာ သူ့ပါးစပ်ထဲ ယင်ကောင်ဝင်သွားသလိုသာ ခံစားနေရတော့လေသည်။ သူ့စိတ်ထဲ အလွန်ကိုမှ ရွံရှာမိသွားပြီး ကျိယုအား ခက်ထန်သည့် အမူအယာဖြင့် လှမ်းကြည့်လိုက်လေ၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၄၁၇)

“သူအရူးလုပ်တာ မခံရစေနဲ့… ကျိယုရဲ့ အပျိုစင်ယင်က အကောင်းအတိုင်း ရှိနေတုန်းပဲ…” ယောင်ကျိုးက ဖုန်းရှီနားနားသို့ကပ်ကာ တိုးတိုးလေးပြောလိုက်လေသည်။

ထိုစကားကို ကြားသော် ဖုန်းရှီ၏မျက်လုံးထဲ ထူးဆန်းသည့်အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့ပြီး ကျိယုအား ခေါင်းအစခြေအဆုံး သေသေချာချာ စစ်ဆေးကြည့်လိုက်လေသည်။ ယောင်ကျိုးပြောသည်မှာ အမှန်ဖြစ်နေကြောင်း တွေ့ရှိလိုက်ရသည်။ ကျိယု၏ အပျိုစင်ယင်သည် အကောင်းအတိုင်းသာ ရှိနေသေးသည်။ တစ်နည်းဆိုရသော် ကျိယုသည် သူမ၏အပျိုစင်ဘဝကို မဆုံးရှုံးရသေးချေ။ သို့သော်ငြား မည်သို့ပင်ဖြစ်နေစေကာမူ ကျိယုမှ ရန်ကိုင့်လက်အား ကိုင်ထားသည်ကို ကြည့်ရင်း သူ့စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်အောင် ဖြစ်နေခဲ့သည်။

လက်ရှိဖြစ်ရပ်သည် သာမန်လူတစ်ဦးကိုပင်လျှင် ဒေါသူပုန်ထသွားစေနိုင်လေရာ ရမ္မက်ရှာဂိုဏ်း၏ သခင်လေး ဆိုလျှင်တော့ ပြောနေစရာပင်မလိုတော့။

သူနှစ်သက်မြတ်နိုးရသော အမျိုးသမီးသည် အခြားယောက်ျားတစ်ဦးနှင့် ပလူးပလဲလုပ်နေသည်။ ဤသည်မှာ ဖုန်းရှီ၏ ကိုယ်ရေးကိုယ်တာပြဿနာတစ်ခု မဟုတ်တော့‌ချေ။ ဤအကြောင်းသာ ပြန့်သွားမည်ဆိုပါက သူ့ဂိုဏ်း၏ဂုဏ်သတင်းသည်ပင်လျှင် ထိခိုက်သွားရနိုင်ပေသည်။

“ကောင်လေး… မင်း ဘယ်သူလဲ… ဘယ်လိုလုပ်ပြီး ငါတို့ ရမ္မက်ရှာဂိုဏ်းကို လာပြဿနာရှာရဲတာလဲ… မင်း သေမှာကို မကြောက်ဘူးလား…” ယောင်ကျိုးသည် ရန်ကိုင့်အား စူးရဲစွာစိုက်ကြည့်ရင်း သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ပြောလိုက်လေသည်။ ယနေ့ကိစ္စကို သေသေချာချာကိုင်တွယ်မှ ရမည်မှန်း ယောင်ကျိုးသိထားလေသည်။ ထိုသို့မဟုတ်ဘဲ ယနေ့အကြောင်းသာ သတင်းပြန့်သွားမည်ဆိုလျှင် ရမ္မက်ရှာဂိုဏ်း၏ ဂုဏ်သတင်း ထိခိုက်သွားရပေလိမ့်မည်။ ဖုန်းရှီအတွက်လည်း ကောင်းလိမ့်မည် မဟုတ်ချေ။ ကျိယုမှ ရန်ကိုင့်လက်အား ကိုင်ထားသည်ကို မြင်ပြီးသည့်နောက် ဖုန်းရှီ၏စိတ်ထဲ ကိုယ်တွင်းနတ်ဆိုး ထွက်ပေါ်လာလောက်ပေသည်။ ထိုကိုယ်တွင်းနတ်ဆိုးကို ဖြေရှင်းရန် အကောင်းဆုံးသောနည်းလမ်းမှာ ဖုန်းရှီကိုယ်တိုင် ရန်ကိုင့်အား သတ်ခိုင်းလိုက်စေခြင်းပင်။ သို့သော်ငြား ဤနေရာသည် ရေခဲနှလုံးသားတောင်ကြား ဖြစ်နေသည့်အတွက်ကြောင့် အခြေအနေကို သေသေချာချာ နားမလည်သေးဘဲ ကမူးရှူးထိုး လုပ်ခြင်းသည် ပြဿနာကို လက်ယပ်ခေါ်လိုက်သလို ဖြစ်သွားစေနိုင်ပေသည်။

ရေခဲနှလုံးသားတောင်ကြားမှ ဧကရာဇ်အဆင့် ပညာရှင်များသည်လည်း ရန်ကိုင့်အား စိတ်ဝင်တစားဖြင့် ကြည့်နေကြလေသည်။ ထိုလူသည် ရေခဲနှလုံးသားတောင်ကြားတွင် ရုတ်တရက်ကြီးပေါ်လာပြီး ကျိယုအား ခိုးပြေးသည်။ ကျိယု၏ဆရာဖြစ်သော အန်းရို့ယွင်သည်ပင်လျှင် လက်ရှိအခြေအနေအပေါ် အလုံးစုံ နားမလည်နိုင် ဖြစ်နေခဲ့သည်။

ကျိယုတွင် ချစ်သူကောင်လေးတစ်ယောက် ရှိနေသည်ဆိုသည့်အကြောင်းကို သူမ တစ်ခါမှ မကြားဖူးချေ။

“ကျုပ်က ဂျူနီယာညီမယုကို ခေါ်ဖို့ လာခဲ့တာလေ… ဘယ်လိုလုပ်ပြီး ခင်ဗျားတို့ရမ္မက်ရှာဂိုဏ်းကို ပြဿနာရှာတာ ဖြစ်သွားရတာလဲ… စီနီယာ ခင်ဗျား မဟုတ်တရုတ်တွေ လျှောက်မပြောနဲ့နော်… လူကြီးလူကောင်းတစ်ယောက်မှန်ရင် သမာသမတ်ကျကျ ပြောရတယ် …” ရန်ကိုင်က နှာခေါင်းရှုံ့လျက် ဆက်ပြောလိုက်လေသည်။ “ပြီးတော့ ဒါက ရေခဲနှလုံးသားတောင်ကြား… ရေခဲနှလုံးသားတောင်ကြားရဲ့ကိစ္စက ဘယ်လိုလုပ်ပြီး ခင်ဗျားတို့ရမ္မက်ရှာဂိုဏ်းရဲ့ ကိစ္စ ဖြစ်သွားတာလဲ…”

“မင်း သူ့ကို ဂျူနီယာညီမယုလို့ ခေါ်ရဲတယ်ပေါ့…” ဖုန်းရှီမှာ ဒေါသအမျက်ချောင်းချောင်း ထွက်နေလေသည်။

ရန်ကိုင်သည် ဖုန်းရှီအား တစ်ချက်လှမ်းကြည့်လျက်‌ အေးစက်စက်လေသံဖြင့် အော်ပြောလိုက်လေသည်။ “ငါ သူ့ကိုဘယ်လိုခေါ်ခေါ် မင်းအကြောင်းမပါဘူး… မင်းက ဘာမို့လို့ လာဟောင်နေတာလဲ…”

ဖုန်းရှီရင်ထဲ ခံစားနေရသည့် ဒေါသမီးတောက်တို့မှာ လောကကြီးတစ်ခုလုံးအား ပြာချလုမတတ် အရှိန်အဟုန်ပြင်းစွာ လောင်ကျွမ်းနေလေသည်။ သည်းမခံနိုင်တော့သည့်အဆုံးတွင် ယောင်ကျိုးဘက်သို့ လှည့်၍ ပြောလိုက်လေ၏။ “ဂိုဏ်းတူဦးလေး… ကျုပ် ဒီကောင့်ကို သတ်ချင်နေပြီ…”

သူ့တစ်သက်နှင့်တစ်ကိုယ် တစ်ခါမှ ဤမျှ အရှက်ခွဲမခံခဲ့ရဖူးချေ။ သူကြိုက်နေသည့် အမျိုးသမီးသည် အခြားယောကျ်ားတစ်ဦးကို သွားဖက်တွယ်နေရုံမက ထိုယောကျ်ားကလည်း သူ့အား လူမလေးခွေးမခန့်ပုံစံဖြင့် အထင်တသေး လာပြာနေလေ၏။ ဖုန်းရှီသာ ရန်ကိုင့်အား မသတ်နိုင်လျှင် သူ့ရင်ထဲရှိ အမုန်းတရားကို မည်သို့မှ ဖြေဖျောက်နိုင်လိမ့်မည် မဟုတ်ချေ။

ရန်ကိုင်က လှောင်ပြုံးပြုံးလိုက်လေ၏။ “ငါ့ကိုသတ်ချင်တာလား… ဟျောင့်… ငါပြောလိုက်မယ်… မင်းလိုကောင်မျိုးတွေ ငါအများကြီး ကြုံပြီးသွားပြီ… ဒါပေမဲ့ ငါက အခုထိ အကောင်းတိုင်း ရှိနေသေးတုန်းပဲ…အဲ့ဒါ ဘာဆိုလိုတာလဲ မင်းသိလား”

“ကောင်လေး… မင်းက တကယ်ကို လေလုံးထွားတာပဲကွ…” ယောင်ကျိုး၏မျက်နှာမှာလည်း သုန်မှုန်နေခဲ့လေသည်။ ရန်ကိုင့်အား မီးထွက်မတတ်အကြည့်ဖြင့် စိုက်ကြည့်ရင်း ဧကရာဇ်ဖိအားကို ထုတ်လွှတ်၍ ရန်ကိုင့်အား ဖိနှိပ်ရန် ကြိုးစားလိုက်လေသည်။

ရေခဲနှလုံးသားတောင်ကြားမှ ဧကရာဇ်အဆင့် ပညာရှင်များမှာလည်း အံ့အားသင့်နေကြလေသည်။ ရန်ကိုင်သည် တာအိုသခင်တတိယအဆင့်သာ ရှိသေးသော်ငြား သူတို့ရှေ့တွင် ဤကဲ့သို့ ထင်ရာစိုင်းနေရဲသည်။ ရန်ကိုင် ရူးများ ရူးသွားလေသလော။

ရန်ကိုင်သည် ယောင်ကျိုး၏အရှိန်အဝါကြောင့် ဖိနှိပ်ခံလိုက်ရသည့်အလား မဆိုစလောက်ကလေး ညည်းတွားလိုက်လေသည်။ ထို့နောက် အသက်ပြင်းပြင်းရှူသွင်းလျက် ယဉ်ယဉ်ကျေးကျေးဖြင့် ပြန်ပြောလိုက်လေသည်။ “ကျုပ်ကို ခွင့်လွှတ်ပေးပါနော်… ကျုပ်က လူငယ်ဆိုတော့ မောက်မာမိသွားတာပါ… ပြီးတော့ လူကြီးသူမတွေနဲ့လည်း ဘယ်လိုစကားပြောရမှန်း မသိလို့ပါ…”

ထိုစကားကိုကြားသော် အမျိုးသမီးအားလုံး မျက်မှောင်ကြုတ်သွားကုန်ကြလေသည်။ ရန်ကိုင်၏လက်ရှိပုံစံသည် အစောပိုင်းကပုံစံနှင့် လုံးဝကို ကွဲပြားနေခဲ့လေသည်။ ယခုလေးတင်ကမှ ရန်ကိုင်သည် မည်သူ့ကိုမှ မျက်စိထဲမထည့်သည့် ပုံစံမျိုးဖြင့် ပြောနေခဲ့သည်။ သို့သော်ငြား ယောင်ကျိုးမှ အနည်းငယ်မျှ ဖိအားပေးလိုက်သည်နှင့်တစ်ပြိုင်နက် ချက်ချင်း ငြိမ်ကုတ်သွားလေ၏။ ထိုကဲ့သို့သောလူမျိုးသည် ယုံစားရသည့်လူမျိုးမဟုတ်ချေ။ ရန်ကိုင်သာ ယောင်ကျိုး၏ဖိအားကို ခံစားနေရသည့်တိုင် နောက်မတွန့်ဘဲ ဝံ့ဝံ့ကြွားကြွား ဆက်ရှိနေဦးမည် ဆိုလျှင်တော့ သူတို့အနေဖြင့် ရန်ကိုင့်အား လေးစားချင် လေးစားပေဦးမည်။ သို့သော်ငြား လက်ရှိပုံစံကိုမြင်ပြီးသည့်နောက် အကုန်လုံး ရန်ကိုင့်အား အမြင်ကတ်သွားကြလေသည်။

တစ်ချို့ဆိုလျှင် ကျိယု လူရွေးမှားသွားပြီဟုပင် အထင်ရောက်လျက် ကြိတ်၍ သက်ပြင်းချနေလေသည်။

ကျိယုသည် အချစ်ကြောင့် စုံလုံးကန်းသည်ဟုပင် တွေးနေကြသူများ ရှိကြလေသည်။ ထိုလူငယ်လေးနှင့်ယှဉ်လိုက်သော် ဖုန်းရှီမှာ အဆပေါင်းများစွာ ပိုသာပေသည်။ အနည်းဆုံးတော့ ဖုန်းရှီသည် ရမ္မက်ရှာဂိုဏ်း၏ သခင်လေးတစ်ဦး ဖြစ်နေသည်။ သူ့အဆင့်အတန်းသည် သာမန်လူတစ်ယောက် သွားယှဉ်၍မရသည့် အဆင့်အတန်းမျိုး ဖြစ်ပေသည်။ ဖုန်းရှီအား လက်ထပ်ပြီးသည့်နောက် ကျိယုအနေဖြင့် သူမ၏ သိုင်းတာအိုခရီးလမ်းကို ဆက်၍ မလျှောက်လှမ်းနိုင်တော့လျှင်ပင် သူမဘဝကြီးမှာတော့ ခက်ခဲနေလိမ့်မည်မဟုတ်ချေ။ အနည်းဆုံးတော့ သာမန်လူတစ်ဦးနှင့် အတူနေရသည်ထက် အများကြီး ပိုကောင်းပေလိမ့်မည်။

သို့ရာတွင် ကျိယုကမူ ဖုန်းရှီကဲ့သို့သော လူမျိုးကို ပစ်ပယ်၍ ရန်ကိုင့်အား ရွေးချယ်သွားခဲ့သည်။ သူမ၏ အနာဂတ်မှာတော့….

ရန်ကိုင်သည် ယောင်ကျိုးနှင့် ဖုန်းရှီအား တည်တည်ငြိမ်ငြိမ်ဖြင့် စိုက်ကြည့်၍ ထူးဆန်းစွာပြုံးလျက် ဆက်ပြောလိုက်လေသည်။ “ကျုပ်ပြောတဲ့ စကားတွေက ခင်ဗျားတို့အတွက် နားခါးချင် နားခါးနေလိမ့်မယ်… ဒီတော့ ကျုပ် ခင်ဗျားတို့ကို ရန်စသလို ဖြစ်သွားလို့ ခင်ဗျားတို့ဘက်က မကျေနပ်ဘူးဆိုရင် လာကိုက်လို့ရတယ်နော်… ကျုပ် ဒီမှာ ရှိနေတယ်…”

သက်ပြင်းအဆက်မပြတ် ချနေသည့် လူအုပ်ကြီး ရန်ကိုင် ထပ်ပြောလိုက်သည့် စကားကိုကြားပြီးနောက် မှင်သေသေ ဖြစ်ကုန်ကြလေ၏။

ရေခဲနှလုံးသားတောင်ကြားမှ လူအားလုံးမှာ ရန်ကိုင့်အား မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်လိုက်ကြလေသည်။ အကုန်လုံးမှာ သူတို့နား သူတို့ မယ့ုကြည်နိုင်ကြတော့။ ယောင်ကျိုးနှင့် ဖုန်းရှီမှာတော့ ရန်ကိုင့်စကားကို ကြားပြီးသည့်နောက် ဆွေ့ဆွေ့ခုန်သွားကြလေသည်။

ယောင်ကျိုးသည် စွန်းယွင်ရှုဘက်သို့လှည့်၍ “အကြီးအကဲချုပ်… ဖုန်းရှီ ဒီကောင့်ကိုသတ်လိုက်ရင် ပြဿနာရှိလား…”

ယောင်ကျိုးသည် ရေခဲနှလုံးသားတောင်ကြား၏ တောင်ကြားသခင် အန်းရို့ယွင်အား သွားမမေးခဲ့ဘဲ စွန်းယွင်ရှုကိုသာ သွားမေးခဲ့သည်။ အန်းရို့ယွင်၏စရိုက်အရ သူ့ဘက်မှ တောင်းဆိုနေ၍လည်း လက်ခံလိမ့်မည်မဟုတ်မှန်း သိနေခဲ့သည့် အတွက်ကြောင့်ပင်။

ယောင်ကျိုးအနေဖြင့် ဖုန်းရှီအား ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားစေရခြင်းမှာ ဖုန်းရှီ အတွက်ကြောင့်သာ ဖြစ်လေသည်။ ရန်ကိုင့်၏လုပ်ပုံကိုမြင်သော် ဖုန်းရှီစိတ်ထဲ ကိုယ်တွင်းနတ်ဆိုး ပေါ်လာပြီမှန်း ယောင်ကျိုး သိနေခဲ့သည်။ ရန်ကိုင့်အား သူ့လက်ဖြင့် သတ်လိုက်ရမှသာလျှင် ဖုန်းရှီအနေဖြင့် သူ့ရင်ထဲရှိ ကိုယ်တွင်းနတ်ဆိုးကို ရှင်းထုတ်ပစ်နိုင်ပေလိမ့်မည်။ သို့မှသာ သူ၏ ကျင့်ကြံခြင်းခရီးလမ်းသည်လည်း ချောချောမောမော ရှိနေလိမ့်မည်။ ရမ္မက်ရှာကျင့်စဉ်ဆိုသည့်အတိုင်း ထိုကျင့်စဉ်အား ကျင့်ကြံသူများသည် သူတို့မိတ်ဖက်၏ စိတ်နှလုံးကို လှုပ်ခါသွားအောင် လုပ်နိုင်ရန်အတွက် သူတို့၏ တကယ့်ခံစားချက်များကို ဖွင့်ထုတ်ပစ်ရန် လိုပေသည်။

ယောင်ကျိုး၏စကားကို ကြားသော် စွန်းယွင်ရှု၏မျက်နှာ မှုန်ကုပ်သွားခဲ့ပြီး အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။ “ဒုဂိုဏ်းချုပ် အခုရှိနေတဲ့နေရာက ရေခဲနှလုံးသားတောင်ကြားပဲ… ဒီနေရာမှာ ဘယ်သူသေတယ်ရှင်တယ်ဆိုတာကို ကျွန်မတို့ပဲ ဆုံးဖြတ်မယ်… ရမ္မက်ရှာဂိုဏ်းရဲ့ ဒုဂိုဏ်းချုပ်နဲ့ သခင်လေး ဝင်ပါးစရာ မလိုဘူး …”

သူမ၏အေးစက်စက်စကားလုံးများကို ကြားပြီး ရန်ကိုင် အံ့အားသင့်သွားခဲ့ရလေသည်။

ရမ္မက်ရှာဂိုဏ်းမှ ပေးကမ်းလာသည့် အကျိုးအမြတ်များကို မက်မောပြီး ကျိယုအား ဖုန်းရှီလက်ထဲသို့ ထည့်ပေးရန် သဘောတူလိုက်သည့် လူများအနက် တစ်ဦးမှာ စွန်းယွင်ရှုဖြစ်နေလိမ့်မည်ဟု ရန်ကိုင် ထင်ထားခဲ့သည်။ ပုံမှန်အားဖြင့် ထိုကဲ့သို့သောလူများသည် ရမ္မက်ရှာဂိုဏ်းမှ တစ်ခုခုပြောလာလျှင် လုံးဝကို မုချ သဘောတူကြပေလိမ့်မည်။ သို့သော်ငြား လက်ရှိ စွန်းယွင်ရှုမှာတော့ ယောင်ကျိုးအား အနည်းငယ်လေးပင် မျက်နှာသာမပေးခဲ့ပေ။ သူ၏ကမ်းလှမ်းချက်ကို ယတိပြတ်ငြင်းဆိုပစ်လိုက်သည်။ ရေခဲနှလုံးသားတောင်ကြားတွင် တကယ်ကြီး ဘာတွေများ ဖြစ်နေသနည်း။

စွန်းယွင်ရှုမှာ ယောင်ကျိုးအား မျက်နှာသာမပေးခဲ့သော်ငြား ရန်ကိုင့်ကိုလည်း ကြည့်ရသည်တော့မဟုတ်။ ယနေ့ကိစ္စတစ်ခုလုံးသည် ရန်ကိုင့်ကြောင့် ဖြစ်လာခြင်းသာ ဖြစ်လေရာ သူမစိတ်ထဲ ရန်ကိုင်အား သတ်ပြစ်ချင်စိတ်များ တဖွားဖွား ထွက်ပေါ်လာနေခဲ့သည်။

စွန်းယွင်ရှုတစ်ခုခုပြောတော့မည်အပြု အန်းရို့ယွင်က ဖြတ်ပြောလိုက်လေသည်။ “ကောင်လေး… နင် ခုနတုန်းက ကျိယုကို တစ်ယောက်ယောက်က လာခေါ်ခိုင်းတာလို့ ပြောလိုက်တယ်နော်… သူ့ကို လာခေါ်ခိုင်းတာ ဘယ်သူလဲ…”

သူမ၏စကားလုံးများထဲ လေးနက်သည့်အဓိပ္ပာယ်တို့ ကိန်းအောင်းနေခဲ့လေသည်။ ဤမေးခွန်းကို မေးလိုက်ရခြင်းမှာ ဒုတိယဂျူနီယာညီမ၏ စရိုက်ကို ကောင်းကောင်းသိထားသည့် အတွက်ကြောင့်ပင်လျှင်။ သူမသာ ယခုကဲ့သို့ ဝင်မပြောလိုက်ပါက စွန်းယွင်ရှု ရန်ကိုင်အား တိုက်ခိုက်တော့မည်မှာ မြေကြီးလက်ခတ် မလွဲပင်။

တာအိုသခင်တတိယအဆင့်သာ ရှိသေးသော ရန်ကိုင်သည် ဧကရာဇ်ဒုတိယအဆင့်သို့ ရောက်နေသော စွန်းယွင်ရှု၏တိုက်ကွက်ကို မည်သို့များ ခုခံနိုင်ပါမည်နည်း။

ရန်ကိုင် အခြားတစ်ယောက်၏အမိန့်ကြောင့် ဤနေရာသို့ ရောက်နေသည်ဖြစ်စေ၊ ကျိယုကို ချစ်မြတ်နိုးသည့်အတွက်ကြောင့် ရောက်နေသည်ဖြစ်စေ သူမမျှော်လင့်သည်မှာတော့ ရန်ကိုင်နှင့်ကျိယု ဤနေရာမှ အဆင်ပြေပြေနှင့် ထွက်သွားနိုင်ရေးပင်။ ကျိယုသည် သူမ၏အဖိုးတန်တပည့်ဖြစ်ကာ ငယ်စဉ်ကတည်းက သမီးအရင်းတစ်ယောက်နှယ်မခြား ပျိုးထောင်ပေးခဲ့ခြင်း ဖြစ်သည်။ အဘက်ဘက်မှ ဖိအားပေးခံနေရသည့် အတွက်ကြောင့်သာမဟုတ်လျှင် သူမအနေဖြင့် ဤလက်ထပ်ပွဲအား မည်သို့များ သဘောတူနိုင်ပါမည်နည်း။ အန်းရို့ယွင်မှ ကျိယုအား ဤနေရာမှ ထွက်ပြေးနိုင်အောင် တိတ်တဆိတ် ကူညီပေးခဲ့သည်ကို ကြည့်လျှင်ပင် ကျိယုအား သူမ မည်မျှ ချစ်မြတ်နိုးကြောင်း မြင်နိုင်တွေ့နိုင်၏။။ ကံမကောင်းစွာဖြင့် ကံတရားမှာ သူမဘက်တွင် ရှိမနေချေ။ ထို့အတွက်ကြောင့် ကျိယုမှာ အဖမ်းခံရပြီး ရေခဲနှလုံးသားတောင်ကြားသို့ ပြန်ခေါ်လာခံခဲ့ရလေသည်။

ရန်ကိုင်မှာလည်း အန်းရို့ယွင်အား လေးစားပေသည်။ အန်းရို့ယွင်မှာ ကျိယု၏ဆရာဖြစ်သလို ရေခဲနှလုံးသားတောင်ကြား၏ တောင်ကြားသခင်လည်း ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်မှာ သူမအား လေးစားပေသည်။ သို့သော်ငြား သူမစရိုက်သည် ဂိုဏ်းတစ်ဂိုဏ်းကို ဦးဆောင်ဖို့ရာ သင့်လျော်မနေခဲ့ပေ။

စစ်မှန်သောခေါင်းဆောင်တစ်ဦးသည် ဘက်မလိုက်ပဲ ပြတ်သားသည့် စိတ်ဆန္ဒကို ပိုင်ဆိုင်ထားရန် လိုအပ်သည်။ သို့သော်ြငား အန်းရို့ယွင်တွင်မူ ထိုအချက်အလက်နှင့်ကိုက်ညီသည့် မည်သည့်စရိုက်ကိုမှ မတွေ့ရချေ။ ဤသို့ဖြစ်ရခြင်းမှာ ရေခဲနှလုံးသားတောင်ကြားသည် အဖက်ဖက်မှ ဖိအားပေးခံနေရသည့် အတွက်ကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

ရန်ကိုင်က လက်သီးဆုပ်လျက် ပြောလိုက်လေသည်။ “ဂျူနီယာက ဒီကို စီနီယာပင်းယွင်ရဲ့ အမိန့်နဲ့ ရောက်နေတာပါ… စီနီယာပင်းယွင်က အမိန့်ပေးထားလို့ ဂျူနီယာညီမယုကို လာခေါ်ခဲ့တာပါ…”

“ဘယ်လို…”

“ကောင်လေး… နင်ဘာပြောလိုက်တာလဲ…”

ရေခဲနှလုံးသားတောင်ကြားမှ ဧကရာဇ်အဆင့် ပညာရှင်အားလုံး၏ အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ကြပြီး အကုန်လုံး အလန့်တကြားဖြင့် ထအော်ကြလေသည်။ မျက်လုံးပေါင်းများစွာသည် ရန်ကိုင့်အား တုန်ရီနေသည့် အကြည့်များဖြင့် စိုက်ကြည့်လာကြလေ၏။ စွန်းယွင်ရှု၏ ခန္ဓာကိုယ်သည် ရန်ကိုင့်ရှေ့တွင် ရုတ်တရက် ပြန်ပေါ်လာပြီး သူ့ပုခုံးကိုဆွဲကိုင်၍ အံကြိတ်ကာ အော်ပြောလိုက်လေ၏။ “ကောင်လေး… နင်ပြောလိုက်တာကို ပြန်ပြောလိုက်စမ်း…”

“ခင်ဗျားလုပ်တာ ကျုပ်နာနေပြီနော်…” ရန်ကိုင်သည် သူ့ပုခုံးကိုကြည့်ရင်း အေးစက်စက်လေသံဖြင့် ပြောလိုက်လေသည်။

ရန်ကိုင့်စကားကို ကြားပြီးသည့်နောက် စွန်းယွင်ရှု ဒေါသငယ်ထိပ် ဆောင့်တက်သွားခဲ့လေ၏။ သို့သော်ငြား တစ်ခုခုအား စဉ်းစားမိသွားပြီး သူမ၏ဒေါသကို ချုပ်တည်းထားလိုက်လေသည်။ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီးသည့်နောက် ရန်ကိုင့်အား ပြန်လွှတ်ပေးလိုက်ပြီး နောက်သို့ တစ်လှမ်း ဆုတ်လိုက်လေ၏။ ထို့နောက် ရန်ကိုင့်အား မျှော်လင့်ချက်၊ စိုးရိမ်မှုတို့ဖြင့် ပြည့်နှက်နေသည့် အကြည့်ဖြင့် လှမ်းကြည့်လိုက်လေသည်။

အခြားသော ဧကရာဇ်အဆင့် ပညာရှင်များမှာလည်း အလားတူသာ ဖြစ်လေသည်။

ရန်ကိုင်သည် ထိုလူများကိုကြည့်၍ အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်လေ၏။ “ကျုပ် ဒီကို စီနီယာပင်းယွင်ရဲ့အမိန့်နဲ့ လာခဲ့တာ… စီနီယာပင်းယွင်က ခေါ်ခိုင်းလိုက်လို့ ဂျူနီယာညီမယုကို လာခေါ်တာ…”

“ဆရာလား…” အန်းရို့ယွင်မှာ ယခုမှသာ သူမနားကြားမှားနေခြင်းမဟုတ်မှန်း သေချာသွားတော့သည်။ ရန်ကိုင်သည် ပင်းယွင်ဟူသောနာမည်ကို တကယ်ကြီး ပြောသွားခဲ့သည်။ ထိုနာမည်သည် သူမ၏ဆရာမ သူမအား ကျင့်ကြံခြင်းလမ်းခရီးပေါ်သို့ ခေါ်ဆောင်လာပေးခဲ့သည့် အမှတ်တရများနှင့်တကွ သူမစိတ်ထဲ နှစ်ပေါင်းသုံးထောင်မက ရစ်သိုင်းနေခဲ့ခြင်း ဖြစ်လေသည်။ ထိုစဉ်က သူမ၏ဘဝကြီးမှာ စိုးရိမ်ကြောင့်ကြမှု တစ်ခုခုနှင့် ကြုံလာလျှင်လည်း သူမခိုနားနိုင်မည့် သူမဆရာ၏အရိပ် ရှိနေခဲ့သည်။ သူမဆရာရှိနေစဉ်အတောအတွင်း သူမ၏ကျင့်ကြံခြင်းဘဝခရီးမှာ အလွန်ကိုမှ ချောမွေ့ခဲ့ရပေသည်။

အချိန်ကြာသွားသည့်နောက်ပိုင်း ထိုအမှတ်တရများမှာ ပြောင်းလဲသွားခြင်း မရှိသော်ငြား အခြေအနေအရပ်ရပ်မှာတော့ ပြောင်းလဲသွားခဲ့ရလေသည်။ ရေခဲနှလုံးသားတောင်ကြားသည် ရေခဲနှလုံးသားတောင်ကြားသာ ဖြစ်နေသေးသော်ငြား သူမ၏ဆရာမှာတော့ ဤနေရာတွင် ရှိမနေတော့ချေ။

အပြင်ဘက်တွင် ရှိနေသည့် လူများသည် သူမ၏ဆရာ သေသွားသည်ဟုပင် စတင်၍ သံသယဝင်လာကြကုန်လေသည်။ ဂိုဏ်းထဲရှိတပည့်ပေါင်းများစွာပင်လျှင် ဘိုးဘေးပင်းယွင် သေသွားပြီဟု မှတ်ယူထားကြလေသည်။

သို့သော်ငြား ယခုမူ ရန်ကိုင့်ဆီမှ သူမဆရာနှင့် ပတ်သက်သည့် သတင်းအကြောင်းကို ရလိုက်ရ၏။ အန်းရို့ယွင်မှာ အသက်ပင် ကောင်းကောင်းမရှူနိုင်တော့ဘဲ အားနည်းဖျော့တော့သည့် လေသံဖြင့် မေးလိုက်လေ၏။ “ဆရာ အခုဘယ်လိုနေလဲ…”

အန်းရို့ယွင်သည် ရန်ကိုင့်အား မျှော်လင့်ချက်တို့ ပြည့်နှက်နေသည့်အကြည့်ဖြင့် လှမ်းကြည့်လိုက်၏။

ရန်ကိုင်က လှောင်ပြုံးပြုံးလျက် ပြန်ပြောလိုက်လေသည်။ “ခင်ဗျားတို့က ကိုယ့်တပည့်ကိုယ် မီးတွင်းထဲတွန်းပို့နေတာကို မြင်တော့ စီနီယာပင်းယွင်ရဲ့စိတ်က သိပ်တော့ကောင်းမနေဘူး…”

ထိုစကားကိုကြားသော် အမျိုးသမီးအားလုံး စိတ်ဓာတ်ကျသွားကြလေ၏။ သူတို့စိတ်ထဲ အပြစ်မကင်းသလိုလည်း ခံစားလိုက်ရလေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်နှင့်ပင် အကြည့်ချင်းမဆုံရဲကြတော့ပေ။

“မဖြစ်နိုင်ဘူး… မဖြစ်နိုင်ဘူး…” စွန်းယွင်ရှုမှာ‌တော့ ရူးသွားသည့်အလား သွေးရူးသွေးတန်း ထအော်နေတော့သည်။ ရန်ကိုင့်အား မျက်ထောင့်နီကြီးဖြင့် စိုက်ကြည့်ရင်း ရှေ့သို့တိုးလျက် အော်မေးလိုက်လေ၏။ “ဆရာသာ တကယ်ရှိလို့ရှိရင် ဘာဖြစ်လို့ သူကိုယ်တိုင်မလာတာလဲ… ဘာဖြစ်လို့ နင့်လိုယောကျ်ားတစ်ယောက်ကို ရေခဲနှလုံးသားတောင်ကြားဆီ လွှတ်လိုက်တာလဲ… နင်လိမ်နေတာဆိုရင် ဒီဘုရင်မ နင့်ကို သတ်မှာနော်…”

“ဒုတိယဂိုဏ်းတူဒေါ်လေး… စီနီယာအစ်ကိုရန် လိမ်နေတာမဟုတ်ဘူး… သူ့ကိုတကယ်ကြီး ဘိုးဘေးတည်ထောင်သူက လွှတ်လိုက်တာ…” စွန်းယွင်ရှုမျက်နှာထက်ရှိ သတ်ဖြတ်လိုစိတ်ကိုမြင်သော် ကျိယုက ရန်ကိုင့်ရှေ့တွင် အလျင်စလို ပိတ်ရပ်၍ ပြောလိုက်လေသည်။

ထိုအချင်းအရာကိုမြင်ပြီးသည့်နောက် ဖုန်းရှီ၏ရင်ထဲ ပို၍ပင် နာကျင်သွားခဲ့ရလေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၄၁၈)

“ဘေးဖယ်နေ… ဒီကိစ္စမှာ နင်ဝင်ပါစရာမလိုဘူး…” စွန်းယွင်ရှုသည် သူမလက်ကို ဝှေ့ယမ်းလျက် ကျိယုအား ဘေးသို့ တွန်းထုတ်လိုက်လေသည်။ ကံကောင်းစွာဖြင့် သူမ၏ခွန်အားကို ထိန်းချုပ်ထားသည့် အတွက်ကြောင့် ကျိယု မည်သည့်ဒဏ်ရာမှ ရမသွားခဲ့ချေ။

ထို့နောက်တွင် စွန်းယွင်ရှုသည် ရန်ကိုင့်ရှေ့သို့ ရောက်လာပြီး လက်တစ်ဖက်ဖြင့် သူ့အင်္ကျီကော်လံကို ဆွဲကိုင်မြှောက်လျက် ရန်ကိုင့်မျက်လုံးတည့်တည့်ကို စိုက်ကြည့်ရင်း လေသံမာမာဖြင့် ပြောလိုက်၏ “ငါတို့ဆရာနာမည်ကို သုံးပြီး ငါတို့ကို လာလှည့်စားဖို့ ကြိုးစားနေရင် ငါနင့်ကို ကျိန်းသေ သတ်ပစ်မှာနော်…”

ထိုကဲ့သို့သာ ပြောနေသော်ငြား သူမ၏မျက်လုံးထဲ မည်သည့်သတ်ဖြတ်လိုစိတ်မှ ကိန်းအောင်းနေခြင်း မရှိချေ။ သူမ၏လေသံမှာလည်း ယခင်တစ်ကြိမ်ကနှင့်စာလျှင် အများကြီးပို၍ ပျော့ပျောင်းနေခဲ့သည်။

စွန်းယွင်ရှုသည် ရန်ကိုင်အား တကယ် သတ်လိုခြင်းမဟုတ်။ ဖိအားပေး၍သာ ရန်ကိုင်အား အမှန်ကို ပြောလာအောင် လုပ်လိုခြင်း ဖြစ်သည်။

ရန်ကိုင်ကမူ စွန်းယွင်ရှုဘာကြံနေသည်ကို သိနေသည့်အလား တစ်ချက်ကလေးမှပင် ခုခံခြင်းမရှိဘဲ သူမစိတ်ကြိုက်သာ လုပ်စေလျက် လှောင်ပြုံးပြုံးကာ ပြောလိုက်လေသည်။ “အဲ့ဒါဆိုသတ်လိုက်လေ… ဘာလို့မသတ်တာလဲ…”

စွန်းယွင်ရှုမှာ အံကိုသာ တင်းတင်းကြိတ်လိုက်သော်ငြား ရန်ကိုင့်အား သတ်မည့်ပုံတော့ မပေါ်။

ထိုအချင်းအရာကိုမြင်သော် ရန်ကိုင်သည် စွန်းယွင်ရှု၏ပါးကို ရုတ်တရက် ကောက်ရိုက်ချလိုက်လေသည်။ “ဒီမှာ ခင်ဗျားရဲ့ခွေးမျက်လုံးကိုဖွင့်ပြီး သေသေချာချာကြည့်လိုက်…”

စွန်းယွင်ရှုမှာ အတော်လေးကိုမှ စိတ်မတည်မငြိမ် ဖြစ်နေသည့်အတွက်ကြောင့် အလစ်အငိုက် ပါးရိုက်ခံလိုက်ရသည်ကို မခုခံလိုက်နိုင်ဘဲ နောက်သို့ ဒယိမ်းဒယိုင် ဆုတ်သွားရလေသည်။

ထိုမြင်ကွင်းကိုမြင်သော် အနားတွင်ရှိနေသည့် အမျိုးသမီးအားလုံး မျက်လုံးအပြူးသား ဖြစ်သွားကုန်ကြလေ၏။

လက်ရှိသူတို့မျိုးဆက်ထဲတွင် စွန်းယွင်ရှုသည် ဒေါသအကြီးဆုံး ဖြစ်သည်။ ထို့အပြင် သူမ၏ကျင့်ကြံခြင်းမှာလည်း ဧကရာဇ်ဒုတိယအဆင့်သို့ ရောက်နေသည့်အတွက်ကြောင့် ရေခဲနှလုံးသားတောင်ကြား၏ အကြီးအကဲချုပ်ရာထူးမှာ သူမနှင့် ပို၍ကို သင့်တော်နေလေ၏။ သို့သော်ငြား ယခုတွင်မူ သူမသည် တာအိုသခင် တတိယအဆင့်သာ ရှိသေးသော ကောင်လေးတစ်ယောက်၏ လူဘုံအလယ်တွင် ပါးရိုက်ခြင်း ခံလိုက်ရလေသည်။

ယနေ့ကိစ္စသည် ကောင်းကောင်းနှင့် အဆုံးသတ်နိုင်တော့လိမ့်မည်မဟုတ်ပေ။

ထိုအချင်းအရာကိုမြင်သော် အန်းရို့ယွင်၏ အမူအယာလည်း အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေ၏။ သူမစိတ်ထဲ ဒုတိယဂျူနီယာညီမ စိတ်ငြိမ်သွားနိုင်စေမည့် အကောင်းဆုံးသော နည်းလမ်းများကို အတတ်နိုင်ဆုံး စတင်၍ စဉ်းစားတော့လေသည်။ ရန်ကိုင် မည်သည့်အကြောင်းကြောင့် စွန်းယွင်ရှုအား ပါးရိုက်လိုက်သည်ဖြစ်ပါစေ သူသည် ကျိယုအား လာကယ်သည့်အတွက်ကြောင့် သူမအနေဖြင့် ရန်ကိုင်နှင့် ကျိယုတို့အား ဤနေရာမှ အန္တရာယ်ကင်းကင်းနှင့် ထွက်သွားစေချင်ပေသည်။

သို့သော်ငြား အခြားသူများထင်မှတ်ထားသည်နှင့် မတူညီစွာပင် စွန်းယွင်ရှုမှာ ဒေါသူပုန်ထသွားခြင်း မရှိခဲ့။ ရန်ကိုင့်၏ ပါးရိုက်ခြင်း ခံလိုက်ရပြီးသည့်နောက်တွင် ငေးကြောင်ကြောင်ဖြင့် သူမပါးပေါ်သို့သာ လက်ထင်ထားခဲ့၏။ သေချာကြည့်မည်ဆိုလျှင် ပါးပေါ်တင်ထားသည့် သူမလက်ထဲ တံဆိပ်ပြားတစ်ခု ရှိနေသည်ကို မြင်တွေ့နိုင်ပေသည်။

ထိုတံဆိပ်ပြားမှာ ရေခဲနှလုံးသားတောင်ကြားထဲရှိလူတိုင်း သိနေသည့် တံဆိပ်ပြားဖြစ်သလို သူတို့မမြင်ခဲ့ရသည်မှာ နှစ်ပေါင်းသုံးထောင်မက ရှိနေပြီဖြစ်သည့် တံဆိပ်ပြားတစ်ခုလည်း ဖြစ်ပေသည်။

“ဆရာ့တံဆိပ်ပြားလား…” စွန်းယွင်ရှုသည် ‘ယွင်’ ဟူသောစာလုံး ထိုးထွင်းထားသည့် သူမလက်ထဲရှိ တံဆိပ်ပြားကို ငေးကြောင်ကြောင်ဖြင့် စိုက်ကြည့်ရင်း မျက်ရည်ဝိုင်းသွားခဲ့လေသည်။

“ဘာတံဆိပ်ပြား…” အန်းရို့ယွင်၏အမူအယာမှာလည်း အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး စွန်းယွင်ရှုဆီသို့ အလျင်စလို ပြေးလာလေသည်။

“အစ်မကြီး… ဒါ ဆရာ့တံဆိပ်ပြားပဲ… ဆရာ့ရဲ့တံဆိပ်ပြား…” စွန်းယွင်ရှုမှာ ငိုနေသော်ငြား သူမမျက်နှာထက် အပြုံးပန်းတစ်ပွင့်ကို မြင်တွေ့နိုင်ပေသည်။ စွန်းယွင်ရှုသည် တံဆိပ်ပြားကိုကိုင်၍ အန်းရို့ယွင်မြင်အောင် ပြလိုက်လေ၏။

ရန်ကိုင် သူမအား ပါးရိုက်လိုက်သည့်ကိစ္စကိုတော့ မေ့ပင်မေ့နေခဲ့လေပြီ။

လက်ရှိအချိန်တွင် စွန်းယွင်ရှုပုံစံမှာ ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးနှင့်ပင် မတူတော့ချေ။ ပျောက်သွားသည့်မိဘကို ပြန်တွေ့လိုက်ရသည့် မိန်းမငယ်လေးတစ်ဦးကဲ့သို့သာ ဖြစ်နေလေ၏။

စွန်းယွင်ရှုလက်ထဲရှိ တံဆိပ်ပြားကို လှမ်းယူပြီး စစ်ဆေးကြည့်လိုက်ပြီးသည့်နောက်တွင် အန်းရို့ယွင်၏ခန္ဓာကိုယ် တုန်ရီလာခဲ့လေသည်။ စိတ်ခံစားချက်များကို မထိန်းနိုင်တော့သည့်အတွက်ကြောင့် မျက်လုံးများသည်ပင်လျှင် နီရဲတက်လာခဲ့လေ၏။

ရေခဲနှလုံးသားတောင်ကြား၏ အခြားသော ဧကရာဇ်အဆင့် ပညာရှင်များသည်လည်း အန်းရို့ယွင်နှင့် စွန်းယွင်ရှုတို့နား ဝိုင်းအုံကပ်လာခဲ့လေသည်။ အကုန်လုံးသည် အန်းရို့ယွင်လက်ထဲရှိ တံဆိပ်ပြားကို မမှိတ်မသုန် စိုက်ကြည့်နေကြလေ၏။ တံဆိပ်ပြားကို မြင်ပြီးသည့်နောက် အကုန်လုံးမှာ မယုံကြည်နိုင်စရာ ဖြစ်ရပ်တစ်ခုကို မြင်လိုက်ရသည့်အလား အသက်ပင် ကောင်းကောင်း မရှူနိုင်ကြတော့ချေ။

အခြားတစ်ဖက်တွင်မူ ဆရာ့တံဆိပ်ပြားဟူသော စကားကို ကြားပြီးသည့်နောက် အခြေအနေမဟန်တော့မှန်း ယောင်ကျိုးသိလိုက်သည်။ ရမ္မက်ရှာဂိုဏ်းအနေဖြင့် ရေခဲနှလုံးသားတောင်ကြားကို ဖိနှိပ်နိုင်ခြင်းမှာ ရေခဲနှလုံးသားတောင်ကြား၏ တည်ထောင်သူ ပျောက်ဆုံးသွားသည့် အတွက်ကြောင့်သာ ဖြစ်လေသည်။ ပုံမှန်အားဖြင့် ပင်းယွင်ကဲ့သို့သော လူတစ်ဦးသည် မည်သည့်နေရာသို့ရောက်ရောက် လူအများ၏အာရုံစိုက်ခြင်း ခံရပေလိမ့်မည်။ ထို့အတွက်ကြောင့် သူမနှင့် ပတ်သက်သည့် သဲလွန်စများမှာ နှစ်သုံးထောင်ကြာအောင် ပျောက်ဆုံးမနေသင့်ပေ။ ထို့အတွက်ကြောင့်ပင်လျှင် ပင်းယွင်နှင့်ပတ်သက်၍ မည်သည့်သဲလွန်စကိုမှ နှစ်သုံးထောင်ထိကြာအောင် မရလိုက်သည့်နောက်တွင် ရမ္မက်ရှာဂိုဏ်းသည် စတင်၍ လှုပ်ရှားလာခဲ့ခြင်း ဖြစ်သည်။

ယခုဆိုလျှင် ပင်းယွင် အန္တရာယ်တစ်ခုခုနှင့်ကြုံကာ သေဆုံးသွားသည်ဟုပင် လူပေါင်းများစွာ ယုံကြည်ခဲ့ကြလေပြီ။

ပင်းယွင်မရှိတော့သည့်နောက် ရေခဲနှလုံးသားတောင်ကြားမှာ အစွယ်မရှိသည့် ကျားတစ်ကောင်သာသာ သာ ဖြစ်သွားတော့သည်။

သို့သော်ငြား ယခုတွင်မူ ရေခဲနှလုံးသားတောင်ကြား၏ တည်ထောင်သူတံဆိပ်ပြားမှာ ဤနေရာတွင် ရုတ်တရက် ပေါ်လာခဲ့လေသည်။ ထိုအရာ ဘာကိုဆိုလိုသနည်း။ ပင်းယွင် မသေသေးဘူးဟု ဆိုလိုက်ခြင်းပေလော။ ပင်းယွင်သာ မသေသေးပါက ရေခဲနှလုံးသားတောင်ကြား၏ ခွန်အားမှာ ရမ္မက်ရှာဂိုဏ်းနှင့် အတူတူသာ ဖြစ်သွားပေလိမ့်မည်။ ဖုန်းရှီနှင့် ကျိယုတို့၏ လက်ထပ်ပွဲမှာလည်း မသေချာမရေရာ ဖြစ်လာပေတော့မည်။

ရမ္မက်ရှာဂိုဏ်းသခင်လေး၏ မင်္ဂလာပွဲမှာ နောက်နှစ်ရက်နေလျှင် ကျင်းပပေတော့မည်။ သူတို့မင်္ဂလာပွဲအကြောင်းကို မြောက်ဘက်နယ်မြေတစ်ခုလုံး သိနေကြပေသည်။ ဖိတ်စာများကိုပင်လျှင် မြောက်ဘက်နယ်မြေရှိ နာမည်ရ ဂိုဏ်းအသီးသီးဆီသို့ ပို့ပြီးသွားခဲ့လေပြီ။ ထို့အတွက်ကြောင့်ပင်လျှင် မင်္ဂလာပွဲသို့ တက်ရောက်ရန်အတွက် ပညာရှင်ပေါင်းများစွာသည် ရေခဲလမြို့တော်တွင် စုဝေးနေကြခြင်း ဖြစ်သည်။ သို့သော်ငြား မင်္ဂလာပွဲသည်သာ စီစဉ်ထားသည့်အတိုင်း ဖြစ်မလာပါက ရမ္မက်ရှာဂိုဏ်း မျက်နှာပျက်ရပေတော့မည်။

ထိုသို့ဖြစ်အောင် လုပ်ခဲ့သည့် အဓိကတရားခံမှာ မည်သည့်နေရာကမှန်းမသိ ရုတ်တရက် ပေါ်လာသော လူငယ်လေးသာ ဖြစ်ပေသည်။

ထိုလူငယ်လေးသာ ဤတံဆိပ်ပြားကို ထုတ်မလာပါက ဤကဲ့သို့ ဖြစ်လာစရာ အကြောင်းမရှိချေ။

ထိုအချက်ကို စဉ်းစားမိလိုက်သော် လက်ရှိအချိန်တွင် ရန်ကိုင်ကို သူကိုယ်တိုင်သတ်လိုက်သည်မှာ အကောင်းဆုံးဖြစ်သည်ဟု တွေးမိသွားလေသည်။ ဖုန်းရှီအား ရန်ကိုင့်ကိုသတ်ခိုင်းရန် သူတို့၌ အချိန်မရှိတော့ချေ။ ရန်ကိုင့်ကို သတ်ပြီးသည့်နောက် ဖုန်းရှီနှင့် ကျိယု၏မင်္ဂလာပွဲကို ညတွင်းချင်း ကျင်းပရပေလိမ့်မည်။ ထိုသို့သာဖြစ်သွားမည်ဆိုပါက ပင်းယွင်ပြန်လာသည့်တိုင် ဘာဆိုဘာမှ လုပ်နိုင်လိမ့်မည် မဟုတ်‌ချေ။

ထိုသို့စဉ်းစားပြီးသော် ယောင်ကျိုးက အော်ပြောလိုက်လေသည်။ “အပိုတွေလာလုပ်မနေကြတော့နဲ့… အဲ့တံဆိပ်ပြားက ဒီကောင် လမ်းဘေးမှာ တွေ့တဲ့ဟာတစ်ခုကို ကောက်ယူလာတာ အသိသာကြီး… အဲ့ဒါကို နင်တို့က ယုံနေကြတာလား… နင်တို့ဂိုဏ်းတည်ထောင်သူသာ အသက်ရှင်နေဦးမယ်ဆိုရင် လူကိုယ်တိုင်လာမှာပေါ့… ဘာလို့ သူ့လို တာအိုသခင်အဆင့် ကောင်လေးတစ်ယောက်ကို လွှတ်လိုက်မှာလဲ…”

ထိုစကားကိုကြားသော် ရေခဲနှလုံးသားတောင်ကြား၏ အမျိုးသမီးအားလုံး တည်ငြိမ်သွားကုန်ကြလေသည်။ နှစ်ပေါင်းများစွာကြာအောင် ပျောက်ဆုံးသွားသော သူတို့ဆရာ၏ တံဆိပ်ပြားကို ရုတ်တရက် ပြန်တွေ့လိုက်ရသည့် အတွက်ကြောင့် အကုန်လုံးမှာ ထိန်းမရသိမ်းမရအောင် စိတ်လှုပ်ရှားသွားခဲ့ကြသည်။ ယခု ယောင်ကျိုးပြောသည်ကို ကြားသည့်အခါမှသာ သေချာ ပြန်စဉ်းစားမိကြတော့လေသည်။

ပင်းယွင်သာ အသက်ရှင်နေသေးသည်ဆိုပါက ဘာကြောင့်များ လူကိုယ်တိုင် ရောက်မလာရသနည်း။ သူမသည် ရေခဲနှလုံးသားတောင်ကြား၏ တည်ထောင်သူဖြစ်လေသည်။ ဤနေရာရှိ ဧကရာဇ်အဆင့် ပညာရှင်များအနက် တစ်ဝက်ကျော်လောက်မှာ သူမ၏တပည့်များ ဖြစ်ကြသည်။ သူမသာ လူကိုယ်တိုင်ရောက်လာမည်ဆိုပါက ဘိုးဘေးတံဆိပ်ပြားကိုပင်လျှင် ပြစရာမလိုချေ။

ထို့အတွက်ကြောင့် သူတို့ဆရာ၏တံဆိပ်ပြားကို ယူလာ၍ ပင်းယွင်၏အမိန့်ဟုပြောလျက် ကျိယုအား ခေါ်သွားရန် ကြံနေသည့် တာအိုသခင်အဆင့်သာ ရှိသေးသော ရန်ကိုင်ဆိုသည့်ကောင်လေးမှာ အလွန်ကိုမှ သံသယဝင်စရာ ကောင်းနေပေသည်။

ထို့အတွက်ကြောင့် ဤတံဆိပ်ပြားတစ်ခုသက်သက်တည်းနှင့် ရန်ကိုင်ပြောနေသည်မှာ အမှန်ဖြစ်ကြောင်းကို ယုံဖို့ရာ မဖြစ်နိုင်လှချေ။ ရန်ကိုင်သည် ဤတံဆိပ်ပြားကို အခြားတစ်နေရာရာမှ ကောက်ရခြင်းလည်း ဖြစ်နိုင်ပေသည်။

အန်းရို့ယွင်သည် ဖြူဖတ်ဖြူလျော်မျက်နှာဖြင့် ရန်ကိုင့်ကိုကြည့်၍ မေးလိုက်လေသည်။ “မောင်လေး… ငါ့ကို အမှန်အတိုင်းပြော… ဒီတံဆိပ်ပြားကို နင့်ကို ဘယ်သူပေးလိုက်တာလဲ… နင် ဒီဟာကို ဘယ်ကနေရလာတာလဲ…”

ထိုမေးခွန်းများကို မေးနေစဉ်အတောအတွင်း အန်းရို့ယွင်မှာ အလွန်ကိုမှ စိုးရိမ်ပူပန်နေခဲ့လေသည်။ သူမ မကြားချင်သည့်အရာတစ်ခုအား ရန်ကိုင်ပြောလိုက်မည်ကို အလွန်ကိုမှ ကြောက်လန့်နေခဲ့သည်။

လွန်ခဲ့သည့် နှစ်သုံးထောင်အတွင်း သူမဆရာ သေသွားသည်ဟူသည့် မည်သည့်သတင်းစကားကိုမှ မကြားရသလို သူမသေဆုံးကြောင်း လက်ဆုပ်လက်ကိုင်ပြနိုင်သည့် မည်သည့်သဲလွန်စကိုမှလည်း ရှာမတွေ့ခဲ့ပေ။ ရန်ကိုင်သာ ဤတံဆိပ်ပြားကို အခြားတစ်နေရာမှ ကောက်ယူလာသည်ဆိုပါက သူမဆရာသေသွားပြီဟု ပြောလိုက်ခြင်းနှင့် အတူတူသာ ဖြစ်လေသည်။ ထိုအရာသည် သူမလက်ခံနိုင်သည့် အရာမျိုးမဟုတ်။ အန်းရို့ယွင်အနေဖြင့် ရေခဲနှလုံးသားတောင်ကြား၏ တောင်ကြားသခင်အဖြစ် နှစ်ပေါင်းသုံးထောင်ကြာအောင် တာဝန်ထမ်းဆောင်လာခဲ့သော်ငြား သူမစိတ်ထဲ မျှော်လင့်ချက်သိပ်မရှိသည့်တိုင် သူမဆရာ အသက်ရှင်နေသေးသည်ဟု ယုံကြည်နေမိလေသည်။ သူမစိတ်ထဲတွင် တစ်နေ့နေ့၌ သူမဆရာ ပြန်ရောက်လာလိမ့်မည်ဟု ယုံကြည်နေမိသည်။

ထို့အတွက်ကြောင့် ရန်ကိုင်သာ သူမဆရာ သေသွားပြီဟု ရုတ်တရက်ကြီး ပြောလာမည်ဆိုပါက အန်းရို့ယွင် လုံးဝကို ပြိုလဲသွားရပေလိမ့်မည်။

“နင် လိမ်ရဲလိမ်ကြည့်… ငါနင့်ကို အရှင်လတ်လတ် အရေခွံဆုတ်ပစ်မှာ…” စွန်းယွင်ရှုမှာတော့ အန်းရို့ယွင်ကဲ့သို့ ယဉ်ကျေးမနေခဲ့ချေ။ သူမပါးစပ်ဟလိုက်သည်နှင့် ခြိမ်းခြောက်စကားများသာ ထွက်လာတော့လေသည်။ သူမ၏ မျက်လုံးလှလှလေးများမှာလည်း ရန်ကိုင် လိမ်နေသလား မလိမ်ဘူးလား သိရလေအောင် သူ့မျက်နှာကို မမှိတ်မသုန် စိုက်ကြည့်နေလေ၏။

ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် ပြန်ပြောလိုက်လေသည်။ “အဲ့တံဆိပ်ပြားကို စီနီယာပင်းယွင် ကျုပ်ကို ပေးလိုက်တာလို့ ပြောရင် ခင်ဗျားတို့ ကျုပ်ကို ယုံမှာလား…”

အန်းရို့ယွင်မှာ အလျင်စလို ခေါင်းညိတ်လိုက်လေ၏။ “ယုံတယ်… ငါ နင်ပြောတာကိုယုံတယ်…”

စွန်းယွင်ရှုမှာလည်း သူမ ထမ်းပိုးထားရသည့် ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုကို လွှတ်ချလိုက်နိုင်သည့်အလား စိတ်သက်သာရာ ရသွားခဲ့လေသည်။ တင်းမာခက်ထန်နေသည့် သူမ၏မျက်ဝန်းများမှာလည်း ယခင်ကကဲ့သို့ ကြမ်းကြုတ်နေခြင်း မရှိတော့ပဲ ညင်သာသိမ်မွေ့သွားခဲ့လေ၏။

အခြားသူများမှာတော့ တိုက်ပွဲကြီးတစ်ခုအား ဆင်နွှဲထားရသည့်အလား တစ်ကိုယ်လုံး ချွေးများဖြင့် စိုရွှဲနေကြလေသည်။

ရန်ကိုင် အမှန်ကို ပြောနေခြင်းဟုတ်မဟုတ် မသေချာသော်ငြား အနည်းဆုံးတော့ သူတို့ရင်ထဲ မျှော်လင့်ချက်အချို့ကို မြင်လိုက်ရလေပြီ။

“နင်တို့မိန်းမတွေ အရမ်းတုံးလွန်းတာပဲ… သူလိမ်နေတာ အသိသာကြီးကိုတောင် ယုံနေသေးတယ်… ကြည့်ထား… ဒီဘုရင် သူ့ကို အမှန်ပြောလာအောင် လုပ်ပြပေးမယ်…” ထိုသို့ပြောပြီးသည့်နောက်တွင် ယောင်ကျိုးသည် ဧကရာဇ်ဖိအားကို ထုတ်လွှတ်၍ ရန်ကိုင့်အား သူ့လက်ဝါးဖြင့် ရိုက်ချလိုက်လေသည်။

သတ်ဖြတ်လိုစိတ်တို့သည်လည်း ဒီရေလှိုင်းလုံးနှယ် ဖြာထွက်လာခဲ့လေ၏။ ယောင်ကျိုးသည် ရန်ကိုင့်အား အမှန်ကိုပြောလာအောင် လုပ်လိုခြင်းမဟုတ်။ သတ်ပစ်လိုခြင်းသာ ဖြစ်လေသည်။

“ခွေးအိုကြီး… ခင်ဗျား နိုင်ထက်စီးနင်းလုပ်ဖို့ပဲ သိတာမလား… စောက်ရှက်မရှိတဲ့ကောင်ကြီး…” ယောင်ကျိုး၏တိုက်ကွက်ကိုမြင်သော် ရန်ကိုင့်၏သူငယ်အိမ် ကျဉ်းမြောင်းသွားခဲ့လေသည်။ ချက်ချင်းဆိုသလို ရန်ကိုင်သည် တည်နေရာခုန်ကူး၍ ယောင်ကျိုး၏တိုက်ခိုက်မှုကို ရှောင်တိမ်းရန် ကြိုးစားလိုက်လေသည်။

သို့သော်ငြား ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တစ်ဦး၏ ဖိအားမှာ အလွန်ကိုမှ အားကောင်းနေခဲ့လေသည်။ ထိုဖိအားကြောင့် သူ့ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်တစ်ခုလုံးမှာ အေးခဲနေလေရာ ရန်ကိုင့်၏လှုပ်ရှားမှုများမှာ တောင့်တောင့်ကြီး ဖြစ်နေရတော့လေသည်။ သူ့ကိုယ်သူ နွံအိုင်တစ်ခုထဲ နစ်ဆင်းသွားသလို ခံစားနေရကာ မည်သည့်ခွန်အားကိုမှ ထုတ်မသုံးနိုင်တော့ချေ။

သေခြင်းတရား အငွေ့အသက်တို့သည် ရန်ကိုင့်ဆီသို့ ချင်းနင်းတိုးဝင်လာခဲ့လေသည်။

လက်ရှိအချိန်တွင် ရေခဲနှလုံးသားတောင်ကြား၏ ဧကရာဇ်အဆင့် ပညာရှင်အားလုံးမှာ ငေးကြောင်ကြောင်ဖြင့် အသိပြန်မဝင်လာကြသေးချေ။ ယောင်ကျိုးကဲ့သို့သော ပညာရှင်တစ်ဦးသည် ရုတ်တရက်ကြီး ရန်ကိုင့်အား သတ်ရန် ကြိုးစားလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့သည့် မည်သူမှ အချိန်မှီ မတုန့်ပြန်နိုင်ခဲ့၏။

သူတို့ အသိပြန်ဝင်လာချိန်တွင် ရန်ကိုင့်ဆီသို့ တိုးဝင်သွားပြီးနေလေပြီ။ သူတို့ဘက်မှ ရန်ကိုင့်အား ကယ်ချင်သည်ဆိုလျှင်ပင် အချိန်မမီတော့။

“ရပ်လိုက်…” အန်းရို့ယွင်က ထအော်လေသည်။ ဖဲကြိုးကဲ့သို့သော မှော်ရတနာတစ်ခုကို ထုတ်ယူလျက် ယောင်ကျိုးဆီသို့ ပစ်လွှတ်လိုက်လေ၏။

“ရှင်သူ့ကို ထိခိုက်အောင်လုပ်ရဲရင် ကျွန်မ ရှင့်ကို သတ်ပစ်မှာနော်…” စွန်းယွင်ရှုကမူ ပို၍ပင် တည့်တိုးဆန်နေသည်။ သူမ၏ဓါးကိုထုတ်လျက် ယောင်ကျိုးတည့်တည့်သို့ ခုတ်ချလိုက်လေသည်။

ချက်ချင်းဆိုသလို အခြားသော ဧကရာဇ်အဆင့် ပညာရှင်အားလုံးသည်လည်း သူတို့၏ ပညာရပ် မှော်ရတနာအသီးသီးကို ထုတ်သုံး၍ ယောင်ကျိုးအား တိုက်ခိုက်လိုက်ကြလေ၏။

တိုက်ခိုက်မှုများစွာကို ရင်ဆိုင်နေရသည့်တိုင် ယောင်ကျိုးမှာတော့ တစ်ချက်ကလေးမှပင် နောက်တွန့်သွားခြင်း မရှိခဲ့သည့်အပြင် ရန်ကိုင်ကို သတ်ပစ်ချင်စိတ်မှာ ပို၍ပင် ခိုင်မာသွားခဲ့ရလေသည်။

ရေခဲနှလုံးသားတောင်ကြားမှ ပညာရှင်များ သူ့အား ကယ်နိုင်လောက်မည်မဟုတ်မှန်း ရန်ကိုင်လည်း သိနေခဲ့သည်သည်။ သူတို့လှုပ်ရှားလိုက်သည့်အချိန်တွင် ယောင်ကျိုး၏တိုက်ခိုက်မှုမှာ သူ့ဆီသို့ပင် ရောက်နေခဲ့လေပြီ။ ယောင်ကျိုး၏ တိုက်ကွက်ဖြင့်သာ ထိမှန်ခြင်း ခံလိုက်ရပါက သူ့အနေဖြင့် မသေလျှင်ပင် အနည်းဆုံး ဆိုးဆိုးရွားရွား ဒဏ်ရာရသွား ရပေလိမ့်မည်။

ထို့အတွက်ကြောင့် ရန်ကိုင်လည်း ဘာကိုမျှ နှမြောတသဖြစ်မနေတော့ဘဲ အံကြိတ်၍ ပင်းယွင်ပေးထားသော ဓာတ်လုံးလေးတစ်လုံးကို ထုတ်ယူလိုက်လေသည်။ ထို့နောက် ထိုဓာတ်လုံးထဲသို့ အရင်းအမြစ်ချီထည့်သွင်း၍ ယောင်ကျိုးတည့်တည့်သို့ ပစ်ထည့်လိုက်လေ၏။ “သေလိုက်ပေတော့ ခွေးအိုကြီး…”

All Chapters