အခန်း (၂၄၂၂-၂၄၂၄)
Vol. 98 Ch. 2422-2424
အပိုင်း (၂၄၂၂)
“ရမ္မက်ရှာဂိုဏ်းက သဘောမတူဘူးဆိုရင် ရေခဲနှလုံးသားတောင်ကြားက သူ့စကားသူ မတည်တော့တာပေါ့…”
“ရမ္မက်ရှာဂိုဏ်းရဲ့ ဒုဂိုဏ်းချုပ်နဲ့ သခင်လေးက ရေခဲနှလုံးသားတောင်ကြားမှာ ရောက်နေတယ်လို့ ငါကြားတယ်… ဒါဆို အခု သူတို့ ဘယ်ရောက်ကုန်ပြီလဲ…”
“လေတွေကတော့ တဖြူးဖြူးတိုက်နေပြီ… မုန်တိုင်းကတော့ လာတော့မယ်… ကြည့်ရတာ မြောက်ဘက်နယ်မြေကြီးတစ်ခုလုံး ကသောင်းကနင်း ဖြစ်တော့မယ်နဲ့တူတယ်…”
“ရောင်းရင်းကျိုးရာ မဟုတ်တရုတ်တွေ လျှောက်မပြောစမ်းနဲ့ပါကွာ… ရေခဲနှလုံးသားတောင်ကြားက အားကောင်းတယ်ဆိုပေမဲ့ ရမ္မက်ရှာဂိုဏ်းနဲ့ ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ… ရေခဲနှလုံးသားတောင်ကြားက အရင်လို ထိပ်တန်းဂိုဏ်းတစ်ခုမဟုတ်တော့မှန်း ငါတို့ မြောက်ဘက်နယ်မြေတစ်ခုလုံး သိထားပြီးသား… ရမ္မက်ရှာဂိုဏ်းကသာ တကယ်ကြီး ဖိအားပေးလာမယ်ဆိုရင် ရေခဲနှလုံးသားတောင်ကြား ဘာမှ ပြန်လုပ်နိုင်မှာမဟုတ်ဘူး…”
“မင်္ဂလာပွဲနေ့ကျရင် ရမ္မက်ရှာဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဖုန်းရွှမ်ကိုယ်တိုင် ရေခဲနှလုံးသားတောင်ကြားဆီ လာမယ်လို့ ငါသတင်းကြားထားတယ်… ရေခဲနှလုံးသားတောင်ကြားကသာ မင်္ဂလာပွဲကို ဖျက်ပစ်လိုက်တဲ့အကြောင်း သိသွားမယ်ဆိုရင်တော့…”
ချက်ချင်းဆိုသလို ဧကရာဇ်အဆင့် ပညာရှင်များသည် တစ်ဦးနှင့် တစ်ဦး အားတက်သရော ဆွေးနွေးငြင်းခုန်ကြတော့လေသည်။ အကုန်လုံး သိကြသည့် တစ်ချက်တော့ ရှိသည်။ ထိုအရာမှာ ရေခဲနှလုံးသားတောင်ကြား ဒုက္ခရောက်ပြီဟူသော အချက်ပင်။ မည်သူကများ ထိုအမျိုးသမီးများကို မင်္ဂလာပွဲအား ကိုယ့်သဘောနဲ့ကိုယ် ဖျက်ရဲသည့် သတ္တိအား ပေးခဲ့လေသနည်း။ မင်္ဂလာပွဲကို ဖျက်လိုက်ခြင်းသည် ရမ္မက်ရှာဂိုဏ်း၏မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းနှင့် မခြားချေ။ ထိုကိစ္စကို ဖုန်းရွှမ် မည်သည့်နည်းနှင့်မှ သည်းခံနေလိမ့်မည်မဟုတ်။
“ရောင်းရန်းဟုယွမ်… ငါတို့ တောင်ကြားသခင်နဲ့ အခြားအကြီးအကဲတွေကို သွားစည်းရုံးသင့်လား… မင်းမိန်းမက ရေခဲနှလုံးသားတောင်ကြားကနော်… ရေခဲနှလုံးသားတောင်ကြားသာ တစ်ခုခုဖြစ်သွားလို့ရှိရင် မင်းရဲ့ အသွင်ပြောင်းဂိုဏ်းလည်း လွတ်လိမ့်မှာမဟုတ်ဘူး…”
ထိုစကားကိုကြားသော် ဟုယွမ်၏အမူအယာ မဆိုစလောက်ကလေး ပြောင်းလဲသွားခဲ့လေသည်။ တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် အန်းရို့ယွင်နှင့် အခြားသောအကြီးအကဲများနောက်သို့ အလျင်စလို ပြေးလိုက်သွားလေ၏။ ကြည့်ရသည်မှာ အန်းရို့ယွင်အား သူမ၏ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ပြန်စဉ်းစားရန် စည်းရုံးလိုခြင်း ဖြစ်ဟန်တူသည်။
အခြားသော ဧကရာဇ်အဆင့် ပညာရှင်များသည်လည်း အကြည့်ချင်းဖလှယ်နေပြီးသည့်နောက် ရေခဲနှလုံးသားတောင်ကြားမှ အကြီးအကဲများနောက်သို့ ပြေးလိုက်သွားကြလေ၏။
သူတို့သည် ဤမြို့သို့ ဂုဏ်ပြုပေးရန်အတွက် ရောက်ရှိနေခြင်း ဖြစ်လေသည်။ သို့သော်ငြား အခြေအနေသည် ဤအတိုင်းအတာထိ ရောက်ရှိလာပြီ ဖြစ်သည့်အတွက်ကြောင့် ရေခဲနှလုံးသားတောင်ကြားတွင် မည်သည့်ကိစ္စများ ဖြစ်ပျက်သွား၍များ ရမ္မက်ရှာဂိုဏ်းနှင့် မင်္ဂလာပွဲကို ဖျက်ပစ်ရဲသလဲဆိုသည်ကို သိချင်မိလာခဲ့လေသည်။
မကြာမီ ရေခဲလမြို့ထဲရှိ တည်းခိုခန်းတစ်ခန်းရှေ့တွင် လူများ စုပြုံလာခဲ့လေသည်။ ထိုနေရာသို့ ရောက်လာပြီးသည့်နောက် အန်းရို့ယွင်နှင့် အခြားသော အကြီးအကဲများသည် တည်းခိုခန်းရှေ့တွင် အလေးအနက်အမူအယာများဖြင့် ငြိမ်သက်စွာ ရပ်နေကြောင်းကို တွေ့လိုက်ရလေသည်။ အကြီးအကဲအားလုံးမှာ မည်သည့်စကားတစ်ခွန်းမှ မပြောဘဲ တည်းခိုခန်းထဲဆီသို့သာ လေးစားအားကျ စိတ်လှုပ်ရှားနေသည့် အမူအယာများဖြင့် စိုက်ကြည့်နေကြသည်။
ထိုအမျိုးသမီးများ၏ မီတာတစ်ထောင်ပတ်လည်တွင် အခြား မည်သူမျှ ရှိမနေကြချေ။ မဆိုင်သည့်လူများမှာ ခပ်ဝေးဝေးသို့ ဆုတ်သွားကုန်ကြလေပြီ။ အကုန်လုံးသည် သူမတို့အား အဝေးမှသာ ကြည့်နေခြင်း ဖြစ်သည်။
ဟုယွမ်သည်လည်း ထိုနေရာဆီသို့ အလျင်စလို ပြေးလာခဲ့လေ၏။ တစ်ခုခုပြောတော့မည်အပြု အန်းရို့ယွင် ရုတ်တရက် ဒူးထောက်ချလိုက်သည်ကို တွေ့လိုက်ရလေသည်။
ချက်ချင်းဆိုသလို အခြားသော ရေခဲနှလုံးသားတောင်ကြားမှ အကြီးအကဲအားလုံးလည်း ဒူးထောက်လိုက်ကြလေ၏။
ထိုမြင်ကွင်းကိုကြည့်ရင်း ဟုယွမ်မှာ မျက်လုံးကျွတ်ထွက်မတတ် ဖြစ်သွားခဲ့လေသည်။ အန်းရို့ယွင်နှင့် အခြားသောအကြီးအကဲများ ဘာလုပ်ချင်လို့ လုပ်ချင်နေမှန်းကို မစဉ်းစားတတ်နိုင်အောင် ဖြစ်နေခဲ့လေသည်။
ဟုယွမ်နောက်မှ လိုက်လာသော ပညာရှင်များသည်လည်း ထိုမြင်ကွင်းကြောင့် မိုးကြိုးပစ်ချ ခံလိုက်ရသည့်နှယ် မှင်တက်နေကုန်ကြလေသည်။
“ရောင်း… ရောင်းရင်းဟု… ဘာတွေဖြစ်နေတာလဲ…” တစ်စုံတစ်ဦးသည် ဟုယွမ်နားသို့ တိုးကပ်လာလျှက် လေသံတိုးတိုးဖြင့် မေးလိုက်လေသည်။
ဟုယွမ်ကိုယ်တိုင်သည်လည်း နားမလည်နိုင် ဖြစ်နေခဲ့သဖြင့် ခေါင်းသာခါလျက် ပြန်ပြောလိုက်လေ၏။ “ငါလည်းမသိဘူး… ငါရောက်လာလာချင်းမှာပဲ သူတို့ ဒီလိုတွေ လုပ်နေကြတာ…”
“အဲ့တည်းခိုခန်းထဲမှာ ဘယ်သူရှိနေလို့ တောင်ကြားသခင်အန်း၊ အကြီးအကဲစွန်းနဲ့ အခြားအကြီးအကဲတွေအကုန်လုံး အခုလိုမျိုး လုပ်နေကြတာလဲ…”
ရေခဲနှလုံးသားတောင်ကြားမှ ပညာရှင်များထဲတွင် အန်းရို့ယွင်နှင့် စွန်းယွင်ရှုသည် ဧကရာဇ်ဒုတိယအဆင့် ပညာရှင်များကြပြီး အခြားသူများမှာ ဧကရာဇ်ပထမအဆင့် ပညာရှင်များ ဖြစ်ကြပေသည်။ တာအိုသခင်တတိယအဆင့်သို့ ရောက်နေသူဆို၍ တစ်ယောက်သာ ပါပေသည်။ ထိုလူအင်အားသည် အလွန်ကိုမှ တောင့်တင်းသည့် အင်အားတစ်ရပ် ဖြစ်သည်။
သို့သော်ငြား ထိုလူအုပ်ကြီးသည် တည်းခိုခန်းရှေ့တွင် နေ့ခင်းကြောင်တောင်ကြီး ဒူးထောက်နေခဲ့ကြလေရာ ဝိုင်းကြည့်နေသူကြသူများမှာ သူတို့ ဘာလုပ်ချင်လို့ လုပ်ချင်နေမှန်းကို နားမလည်နိုင်အောင် ဖြစ်နေခဲ့ကြသည်။ ရေခဲနှလုံးသားတောင်ကြားမှ အကြီးအကဲများ၏လုပ်ရပ်ကို ကြည့်ရင်း အခြားလူများ အတွေးနက်ကုန်ကြလေသည်။
အန်းရို့ယွင်သည် ရေခဲနှလုံးသားတောင်ကြား၏ လက်ရှိတောင်ကြားသခင်ဖြစ်သလို စွန်းယွင်ရှုမှာလည်း ရေခဲနှလုံးသားတောင်ကြား၏ အကြီးအကဲချုပ်တစ်ဦး ဖြစ်လေသည်။ သူတို့၏ စကားတစ်ခွန်းစီတိုင်း လုပ်ရပ်တိုင်းသည် ရေခဲနှလုံးသားတောင်ကြားကို ကိုယ်စားပြုနေလေရာ သူတို့ဒူးထောက်ရသည့် လူဆိုလျှင် သူတို့ထက်ပို၍ အဆင့်အတန်းမြင့်သူတစ်ဦးသာ ဖြစ်ရပေလိမ့်မည်။
ဟုယွမ်သည် တစ်ခုခုအား စဉ်းစားမိသွားသည့်အလား အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်သွားသည့်အမူအယာဖြင့် ရေရွတ်လိုက်လေ၏။ “ဖြစ်နိုင်တာက…”
ဟုယွမ်မှာ သူ့စကားကို ဆုံးအောင် မရေရွတ်နိုင်သေးခင်မှာပင် အလွန်ကိုမှ စိတ်လှုပ်ရှားနေသည့် အမူအယာတစ်ခု သူ့မျက်နှာထက် ထွက်ပေါ်လာခဲ့လေ၏။
“ရောင်းရင်းဟု ဘာဖြစ်လို့လဲ…” ရောင်းရင်းဟု ဘာကြောင့် ဤကဲ့သို့ ဖြစ်နေသလဲဆိုသည်ကို နားမလည်နိုင်သဖြင့် သူ့ဘေးတွင်ရှိနေသော တစ်ယောက်ယောက်က ထမေးလိုက်လေသည်။
လူအုပ်ကြီးထဲမှ တစ်ယောက်က တွေးတွေးဆဆဖြင့် ပြောလိုက်လေ၏။ “ဒီလောကကြီးထဲမှာ မဟာဧကရာဇ်ဆယ်ပါးတောင် ရေခဲနှလုံးသားတောင်ကြားရဲ့ တောင်ကြားသခင်အန်းကို အခုလိုမျိုးဖြစ်အောင် မလုပ်နိုင်ဘူး… ဒါပေမဲ့ အဲ့လိုမျိုးလုပ်နိုင်တဲ့လူ တစ်ဦးတော့ရှိတယ်…”
“ရေခဲနှလုံးသားတောင်ကြားရဲ့ ဘိုးဘေးတည်ထောင်သူ စီနီယာပင်းယွင်လား…” တစ်ယောက်က ရုတ်တရက် ဝင်ပြောလိုက်လေသည်။
“တည်းခိုခန်းထဲမှာ စီနီယာပင်းယွင် တကယ်ကြီးရှိနေတာလား…”
“စီနီယာပင်းယွင် သေသွားပြီလို့ ပြောနေကြတာမဟုတ်ဘူးလား… သူနဲ့ပတ်သက်တဲ့သတင်းတွေ မရတာတောင် နှစ်သုံးထောင်ရှိသွားပြီလေ…”
“သတင်းမရတိုင်း စီနီယာပင်းယွင် သေပြီလို့ မင်းကို ဘယ်သူပြောလဲ… စီနီယာပင်းယွင် သူ့ဘာသာ တစ်ယောက်တည်း တံခါးပိတ်ကျင့်ကြံနေတာလည်း ဖြစ်မှာပေါ့… ဒါမှမဟုတ် အခြားတစ်နေရာရာမှာ ပိတ်မိနေတာလည်း ဖြစ်မှာပေါ့… စီနီယာပင်းယွင်လို ဧကရာဇ်တတိယအဆင့် ရောက်နေတဲ့လူက ဘယ်လိုလုပ်ပြီး ဒီလောက် လွယ်လွယ်ကူကူ သေနိုင်မှာလဲ…”
တည်းခိုခန်းထဲတွင် ရှိနေသည့်လူမှာ ပင်းယွင်ဖြစ်လောက်မည်ဟု ခန့်မှန်းမိလိုက်သည့်နောက်တွင် ဘေးမှ ရပ်ကြည့်နေကြသည့် လူအားလုံး၏အမူအယာ ပြောင်းလဲသွားကုန်ကြလေသည်။ လူအုပ်ကြီးထဲတွင် ရှိနေသည့် လူအချို့မှာ ရေခဲနှလုံးသားတောင်ကြားနှင့် ရင်းနှီးကြပြီး အချို့မှာတော့ ရမ္မက်ရှာဂိုဏ်းနှင့် ရင်းနှီးကြပေသည်။ ထို့ကြောင့် လူတိုင်းသည် ခံစားချက်အမျိုးမျိုးကို ခံစားနေကြရလေ၏။
“အခုလို အချိန်မျိုးမှာမှ စီနီယာပင်းယွင်က ရုတ်တရက်ပေါ်လာတယ်… စီနီယာဖုန်းရွှမ်ကလည်း မနက်ဖြန်ကြရင် ဒီကိုလာတော့မယ်… သူတို့နှစ်ယောက်သာ တွေ့ရင်တော့…” ပြောလိုက်သည့်လူမှာ သူ့စကားကိုပင် ဆုံးအောင် မပြောရဲတော့ပဲ တုန်တုန်ရီရီ ဖြစ်သွားခဲ့လေသည်။
သာမန်အခြေအနေမျိုးတွင် ပင်းယွင်နှင့် ဖုန်းရွှမ်တို့တွေ့သည့်မှာ ကိစ္စမရှိချေ။ နှစ်ယောက်စလုံးသည် မြောက်ဘက်နယ်မြေ၏ ထိပ်တန်းဂိုဏ်းချုပ်များဖြစ်လေရာ သူတို့နှစ်ဦး တစ်ကြိမ်မက တွေ့ခဲ့ဖူးသည်မှာ သေချာသလောက်ရှိသည်။ သို့သော်ငြား လက်ရှိတွင် အန်းရို့ယွင်သည် ဂိုဏ်းနှစ်ဂိုဏ်းကြားမှ မင်္ဂလာပွဲကို တစ်ဖက်သတ်ကြီး ကိုယ့်သဘောနှင့်ကိုယ် ပယ်ဖျက်ပစ်လိုက်လေသည်။ ထို့ကြောင့် ဖုန်းရွှမ်သာ ရောက်လာမည်ဆိုပါက သူ့သားမင်္ဂလာပွဲပျက်ရသည့် ကိစ္စနှင့်ပတ်သက်၍ ကျိန်းသေ စကားပြောတော့ပေမည်။
(အန်းရို့ယွင်နဲ့ အခြားအကြီးအကဲတွေ မင်္ဂလာပွဲကို ဖျက်ပစ်ရဲတာလဲ အထူးအဆန်းမဟုတ်တော့ပါဘူးလေ… သူတို့ရဲ့ဆရာ စီနီယာပင်းယွင် ပြန်ရောက်လာတာကိုး…)
အန်းရို့ယွင်နှင့် အခြားသူများသည် တည်းခိုခန်းရှေ့တွင် ဒူးထောက်နေကြသလို ပင်းယွင်ကိုလည်း မည်သည့်နေရာတွင်မှ မတွေ့ရသော်ငြား မည်သူမျှ သူတို့ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ မစစ်ဆေးရဲကြပေ။ အကုန်လုံးသည် ရင်တမမ ဖင်တကြွကြွဖြင့်သာ ဘေးမှရပ်၍ စောင့်ကြည့်နေကြလေ၏။
မျက်စိတစ်မှိတ်အတွင်း ဧကရာဇ်အဆင့်ပညာရှင် အယောက်နှစ်ဆယ်ကျော်မက တည်းခိုခန်းအနီးတစ်ဝိုက်တွင် စုဝေးလာကြလေသည်။
ရန်ကိုင်သည် လုံးဝကို ကူကယ်ရာမဲ့နေသည့်ဟန်ဖြင့် တည်းခိုခန်းရှေ့၌ ရပ်နေလေ၏။
ရေခဲနှလုံးသားတောင်ကြားမှ ဧကရာဇ်အဆင့် ပညာရှင်များသည် ဤနေရာသို့ ရောက်လာပြီးသည့်နောက် ယခုကဲ့သို့ ပြုမူလိမ့်မည်ဟု သူလည်း မထင်ထားခဲ့ချေ။ ထို့အတွက်ကြောင့် လူပေါင်းများစွာမှာ သူတို့အား တိရစ္ဆာန်ဥယျာဉ်ထဲရှိ မျောက်များနှယ် ဝိုင်းကြည့်နေကြလေ၏။
အပြင်ဘက်ရှိ ရုတ်ရုတ်သဲသဲ အဖြစ်အပျက်များကို သတိပြုမိသော် ဖန်ရှင်းနှင့် အခြားသူများ တည်းခိုခန်းထဲမှ ထွက်လာကြလေသည်။ အန်းရို့ယွင်နှင့် အခြားသော အကြီးအကဲများကို တစ်ချက်ကြည့်လိုက်ပြီးသည့်နောက် ရန်ကိုင်နားသို့ ကပ်ကာ တိုးတိုးလေးမေးလိုက်လေ၏။ “စီနီယာအစ်ကိုရန်… သူတို့တွေက ဘယ်သူတွေလဲ… ဘာလို့ ဒီမှာ ဒူးထောက်နေကြတာလဲ…”
ရန်ကိုင်က မျက်နှာကြီးမဲ့လျက် ပြန်ပြောလိုက်လေ၏။ “သူတို့တွေက နင့်ရဲ့စီနီယာအစ်မတွေပဲ…”
“စီနီယာအစ်မတွေ…” ဖန်ရှင်း အံ့အားသင့်သွားခဲ့လေသည်။ ထို့နောက် သူမ၏ပါးစပ်ကလေးကို လက်ဖြင့်အုပ်လျက် အလန့်တကြားဆိုလိုက်လေ၏။ “ဒီတော့ သူတွေက ရေခဲနှလုံးသားတောင်ကြားက…”
ရန်ကိုင်က ခေါင်းညိတ်ပြလိုက်လေသည်။ ဖန်ရှင်းသည် အန်းရို့ယွင်နှင့် အခြားသော အကြီးအကဲများဆီသို့ သူ၏ ဂျူနီယာညီမများနှင့်အတူ အလျင်စလို လျှောက်သွားလိုက်ပြီး ဦးညွှတ်ကာနှုတ်ဆက်လိုက်လေသည်။ “ဖန်ရှင်း စီနီယာအစ်မတို့ကို နှုတ်ဆက်ပါတယ်…”
“နင်က…” အန်းရို့ယွင်သည် ဖန်ရှင်းအား အံ့အားသင့်တကြီး ကြည့်လိုက်လေသည်။
“ကျွန်မက ဂျူနီယာညီမဖန်ရှင်းပါ… ကျွန်မတို့ကို ဆရာက ဟင်းလင်းပြင်ကမ္ဘာထဲမှာ ရှိနေတုန်းက တပည့်အဖြစ် လက်ခံခဲ့တာပါ…” ဖန်ရှင်းက သူမနောက်ဘက်ရှိ မိန်းကလေးများကို ညွှန်ပြရင်း ပြောလိုက်လေသည်။
ထိုမိန်းကလေးများမှာလည်း ဧကရာဇ်အဆင့်ပညာရှင်များစွာ သူတို့ရှေ့တွင် ဒူးထောက်နေကြသည်ကို မြင်သော် အတော်လေးကို ဆွံ့အနေကြလေ၏။ တကယ်တော့ ဧကရာဇ်အဆင့် ပညာရှင်များမှာ သူတို့အတွက် ဒဏ္ဍာရီသဖွယ် မဟုတ်ကြလေလော။ ယခုမူ ထိုကဲ့သို့သော ဒဏ္ဍာရီအဆင့် ပုဂ္ဂိုလ်များသည် သူတို့၏ စီနီယာအစ်မများ ဖြစ်နေကုန်ကြလေသည်။ ထို့အတွက်ကြောင့် အကုန်လုံးမှာ ကြောင်တောင်တောင်လည်းဖြစ် အံ့လည်း အံ့အားသင့်နေကြလေ၏။
“နင်တို့က ဆရာ့ရဲ့တပည့်တွေလား…” အန်းရို့ယွင်၏မျက်လုံးများ တောက်ပသွားခဲ့လေသည်။
ဖန်ရှင်းသည် ယဲ့ယဲ့လေးပြုံးလျက် သူမ၏ကျင့်စဉ်အား လှည့်ပတ်ပြလိုက်လေသည်။ ချက်ချင်းဆိုသလို သူမ၏ပတ်ဝန်းကျင်တစ်ဝိုက်မှာ စတင်၍ အေးစက်လာခဲ့လေ၏။
စွန်းယွင်ရှုက ခေါင်းညိတ်လျက် ပြောလိုက်လေ၏။ “ငါတို့ရေခဲနှလုံးသားတောင်ကြားရဲ့ ကျင့်စဉ်ပဲ…”
ထိုစကားထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဖန်ရှင်းနှင့် သူမ၏ ဂျူနီယာညီမများကို ကြည့်နေသည့် ရေခဲနှလုံးသားတောင်ကြားမှ အကြီးအကဲတို့၏အကြည့် သိမ်မွေ့သွားခဲ့ကြလေသည်။
“ကောင်းတယ်…” အန်းရို့ယွင်က သိမ်မွေ့စွာပြုံးလျက် “ဆရာ နောက်ဆုံးတော့ တပည့်အသစ်တွေ လက်ခံလိုက်ပြီပေါ့… ဒီနှစ်တွေအတောအတွင်း ဆရာ့ကို ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်နော်… ဆရာ့ကိုယ်စား ဒီစီနီယာအစ်မတွေကပဲ နင်တို့ကို ကျေးဇူးတင်ပါတယ်…”
ဖန်ရှင်းသည် ခေါင်းခါလျက် ချက်ချင်းပြန်ပြောလိုက်လေသည်။ “ကျွန်မတို့က ဆရာ့ကို ဂရုစိုက်ပေးခဲ့ရတာမဟုတ်ဘူး… ဆရာကပဲ ကျွန်မတို့ကို ဂရုစိုက်ပေးခဲ့ရတာ… ဆရာ့ကြောင့်သာမဟုတ်ရင် ကျွန်မတို့ ဒီနေရာမှာတောင် ရှိနေနိုင်မှာမဟုတ်ဘူး… ဒါပေမဲ့ စီနီယာအစ်မတို့က ဘာလို့ ဒီမှာ ဒူးထောက်နေကြတာလဲ”
ကျန်းစွန်းယွင်က ပြုံးလျက် ရှင်းပြလိုက်လေသည်။ “ငါတို့ အမှားတစ်ခုလုပ်ထားတယ်လေ… ဒီတော့ ငါတို့ကိုယ်ငါတို့ အပြစ်ပေးနေရတာပေါ့…”
အန်းရို့ယွင်က ရုတ်တရက် မေးလိုက်လေသည်။ “ဂျူနီယာညီမ… နင် ခုနတုန်းက ဟင်းလင်းပြင်ကမ္ဘာအကြောင်း ပြောလိုက်သေးတယ်မလား… ဒီနှစ်တွေအတောအတွင်း ဆရာက အဲ့ဟင်းလင်းပြင်ကမ္ဘာကြီးထဲမှာ ပိတ်မိနေခဲ့တာလား…”
“ဟုတ်တယ်… ကျွန်မတို့တွေအကုန်လုံး ဟင်းလင်းပြင်ကမ္ဘာကြီးထဲမှာ ပိတ်မိနေတာ… လွန်ခဲ့တဲ့ရက်ပိုင်းလောက်ကပဲ ခက်ခက်ခဲခဲနဲ့ ပြန်ပြီး လွတ်လာခဲ့တာ…” ဖန်ရှင်းက ခေါင်းညိတ်လျက် ပြောလိုက်လေ၏။
“ဆရာ့ဒဏ်ရာတွေကရော ဟင်းလင်းပြင်ကမ္ဘာထဲမှာ ရခဲ့တာလား…” အန်းရို့ယွင်က စိုးရိမ်တကြီးဖြင့် မေးလိုက်လေသည်။
ဖန်ရှင်းက ရှင်းပြလိုက်လေသည်။ “အဲ့ဟင်းလင်းပြင်ကမ္ဘာထဲမှာ ချီရီဆိုတဲ့လူတစ်ယောက်ရှိတယ်… သူ့ကျင့်ကြံခြင်းအဆင့်က ဆရာ့နဲ့ အတူတူပဲ… ဆရာ အဲ့ထဲကနေ ထွက်လာဖို့လုပ်တုန်းက ချီရီက ကျွန်မတို့ကို လမ်းမှာဖြတ်တားတယ်လေ… အဲ့လိုနဲ့ တိုက်ပွဲဖြစ်သွားတာ…”
ရေခဲနှလုံးသားတောင်ကြားမှ ဧကရာဇ်အဆင့် ပညာရှင်များသည် ဖန်ရှင်း ရှင်းပြနေသည်ကို သေချာ အာရုံစိုက်၍ နားထောင်နေခဲ့လေသည်။ အန္တရာယ်များသည့် အဖြစ်အပျက်များအကြောင်း၊ ကြောက်ရွံ့ရင်ဖိုဖွယ်ရာကောင်းသည့် အဖြစ်အပျက်များအကြောင်းကို ကြားသည့်အခါ အကုန်လုံး စိုးရိမ်သွားခဲ့ကြလေသည်။ တစ်ချက်ကြည့်ရုံဖြင့်ပင်လျှင် အန်းရို့ယွင်နှင့် အခြားသော အကြီးအကဲများ၌ မေးချင်နေသည့် မေးခွန်းပေါင်းမြောက်မြားစွာ ရှိနေမှန်း ရန်ကိုင် ပြောနိုင်ပေသည်။ ထိုနှစ်များအတောအတွင်း သူမတို့၏ဆရာ ဘာလုပ်နေသလဲဆိုသည်ကို သူတို့အားလုံး သိချင်နေကြသည်မှာ အထင်းသားပင်။
ထို့အတွက်ကြောင့် ရန်ကိုင်လည်း သူတို့ စိတ်ရှိတိုင်း ပြောလို့ရလေအောင် ထိုနေရာမှ ခဏတဖြုတ် ထွက်ခွာလာခဲ့လိုက်လေသည်။
ထို့နောက်တွင် သူ့အခန်းဆီသို့ ပြန်လာပြီး ဖုန်းရှီနှင့် ယောင်ကျိုးတို့၏ သိုလှောင်လက်စွပ်များကို စတင် စစ်ဆေးကြည့်တော့လေသည်။ ယခုတစ်ကြိမ်တွင် ရန်ကိုင်သည် ဧကရာဇ်အာဏာပိုင်ဓာတ်လုံးကိုသုံး၍ သိုလှောင်လက်စွပ်နှစ်ကွင်းကို ရရှိခဲ့ပေသည်။ ထို့အတွက်ကြောင့် သူ့အတွက် အရမ်းကြီးအရှုံးမရှိဟု ပြောနိုင်ပေသည်။ ထို့အပြင် ဤသိုလှောင်လက်စွပ်နှစ်ကွင်းထဲ၌ အလွန်ကိုမှ အဖိုးတန်သည့် မရေမတွက်နိုင်အောင် များပြားလှသော ရတနာများလည်း ရှိနေသေးသည်။ သေသေချာချာ စစ်ဆေးကြည့်ပြီးသည့်နောက်တွင် သူ့အတွက် အရှုံးမရှိရုံမက အမြတ်ပင်ထွက်သွားသေးကြောင်း တွေ့ရှိသွားခဲ့ရသည်။
ရန်ကိုင် နောင်တရနေသည့်အချက်ဆို၍ သူ၏ အသက်ကယ်ဝှက်ဖဲတစ်ခုဖြစ်သော ဧကရာဇ်အာဏာပိုင်ဓာတ်လုံးအား ဆုံးရှုံးလိုက်ရခြင်းသာ ရှိလေသည်။
ယောင်ကျိုးနှင့် ဖုန်းရှီတို့၏ သိုလှောင်လက်စွပ်ထဲတွင် အဖိုးတန်ပစ္စည်းများစွာ ရှိနေသဖြင့် ထိုပစ္စည်းများကို သေချာ စီစစ် တွက်ချက်နိုင်ရန်အတွက် တစ်ရက်နီးပါး ရန်ကိုင် အချိန်ယူလိုက်ရသည်။ သိုလှောင်လက်စွပ်များထဲမှ အလယ်အလတ်အဆင့်နှင့် အဆင့်မြင့်အရင်းအမြစ်ကျောက် သန်းတစ်ရာထိ ရရှိခဲ့သည်။ ထိုအရာများကို အဆင့်နိမ့်အရင်းအမြစ်ကျောက်များအဖြစ် ပြန်လည်ပြောင်းလဲလိုက်မည်ဆိုပါက အရင်းအမြစ်ကျောက် သန်းနှစ်ထောင်မှ သုံးထောင်လောက်ထိ ရနိုင်ပေသည်။
ရမ္မက်ရှာဂိုဏ်း၏ ကြွယ်ဝချမ်းသာမှုကို ကြည့်ရင်း ရန်ကိုင် မျက်စိပွင့်နားပွင့် ဖြစ်သွားခဲ့ရသည်။ ရန်ကိုင်ကိုယ်တိုင်က ချမ်းသာနေသည်ဆိုလျှင်ပင် သိုလှောင်လက်စွပ်နှစ်ကွင်းမှ ရလာသည့် ပမာဏသည် ရန်ကိုင့်အား အတော်လေးကိုမှ အံ့အားသင့်သွားစေပေသေးသည်။ အဖိုးတန်ရတနာများစွာ ရလိုက်သည့်အတွက်ကြောင့် ရန်ကိုင်လည်း အတော်လေးကို စိတ်ပျော်နေကာ အသစ်ရရှိလာသော ရှားပါးအဖိုးတန်လှသည့် သတ္တုများကို သူ၏ကျောက်တုံးကိုယ်ပွား ဝါးမျိုနိုင်စေရန် ကမ္ဘာငယ်လေးထဲသို့ ပစ်ထည့်ထားပေးလိုက်လေသည်။
ကျောက်တုံးကိုယ်ပွားမှ ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသကိုသုံး၍ ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ဦးအား ဝါးမျိုပစ်ပြီးသည့်နောက် ၎င်း၏အရှိန်အဝါမှာ ထိပ်ဆုံးအဆင့်ထိသို့ ထိုးတက်သွားခဲ့ကာ ဧကရာဇ်အဆင့်သို့ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည့် အနေအထားသို့ ရောက်သွားခဲ့၏။
ကျောက်တုံးကိုယ်ပွားသည်သာ ထိုကဲ့သို့ဖြစ်နေခြင်းမဟုတ်။ ဟွာချင်းစီနှင့် လျို့ယန်တို့သည်လည်း အတူတူသာ ဖြစ်ကြလေသည်။ သူတို့၏ကျင့်ကြံခြင်းသည် တစ်ဟုန်ထိုး မြင့်တက်နေကြလေရာ ဧကရာဇ်အဆင့်သို့ ရောက်ရန် လက်တစ်ကမ်းသာ ဝေးကွာတော့လေ၏။ ကျင့်ကြံခြင်းအဆင့်နိမ့်သည့် လူဆို၍ ကျန်းရို့ရှီတစ်ဦးသာ ရှိပေသည်။ သို့သော်ငြား သူမ၏ ထူးခြားလှသော သွေးမျိုးဆက်ကြောင့် မိုးမြေစွမ်းအင်အလုံအလောက်သာ ရှိမည်ဆိုလျှင် ကျန်းရို့ရှီ၏ကျင့်ကြံခြင်းမှာ ကျန်သုံးယောက်ကို အလွယ်လေး လိုက်မီလာပေလိမ့်မည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၄၂၃)
သိုလှောင်လက်စွပ်နှစ်ကွင်းထဲရှိ ပစ္စည်းများကို အမျိုးအစား ခွဲခြားပြီးသည့်နောက်တွင် ရန်ကိုင်သည် ကမ္ဘာငယ်လေးထဲသို့ ဝင်၍ သူတို့လိုအပ်လောက်မည့် ပစ္စည်းများကို ဟွာချင်းစီ၊ လျို့ယန်နှင့် ကျန်းရို့ရှီတို့အား အသီးသီး ပေးလိုက်လေသည်။ ထို့နောက် သူ့အခန်းဆီသို့ ပြန်လာလေ၏။ အခန်းထဲ ရောက်ရောက်ပြီးချင်း ဘာမှမလုပ်ရသေးခင်မှာပင် အလွန်ပြင်းထန်သည့် ဖိအားတစ်ရပ် ကောင်းကင်ထက်ဆီမှ သူ့အပေါ်သို့ ပြိုဆင်းကျလာခဲ့လေသည်။
ရန်ကိုင့်အမူအယာ ပြောင်းလဲသွားခဲ့ပြီး ချက်ချင်း သတိချပ်လိုက်လေသည်။
အစောပိုင်းက သူခံစားလိုက်ရသည့် ဖိအားမှာ အားကောင်းလှသည့် ပညာရှင်တစ်ဦးဦးမှ သူ၏ကောင်းကင်စိတ်အာရုံကိုသုံး၍ အဆောက်အဦးတစ်ခုလုံးကို စစ်ဆေးလိုက်သည့်အတွက်ကြောင့်ပင် ဖြစ်လေသည်။ ထိုဖိအားမှာ ပေါ်လာပြီးပြီးချင်း ပြန်လည်ပျောက်ကွယ်သွားခဲ့သော်ငြား ရန်ကိုင်ကမူ တစ်ဖက်လူ၏ ခွန်အားကို အာရုံခံမိလိုက်ဆဲပင်။ ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တစ်ဦးသည် သူ့အား ထိုကဲ့သို့သော ဖိအားမျိုး ခံစားရအောင် မလုပ်နိုင်ချေ။ ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးသည်သာ လုပ်နိုင်ပေလိမ့်မည်။
နောက်ဆုံးတွင် ရမ္မက်ရှာဂိုဏ်း၏ ဂိုဏ်းချုပ် ဖုန်းရွှမ် ရောက်လာခဲ့လေပြီ။
ထိုကဲ့သို့ စဉ်းစားမိလိုက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင်သည် အခန်းအပြင်ဘက်သို့ ပြေးထွက်သွားခဲ့သည်။
တည်းခိုခန်းအပြင်ဘက်တွင် ရှိနေသော အန်းရို့ယွင်နှင့် အခြားသူများ၏ အမူအယာများမှာလည်း လေးနက်တည်ကြည်နေခဲ့လေသည်။ သူတို့သည်လည်း ဖုန်းရွှမ်ရောက်လာသည်ကို သတိထားမိကြ၏။
ဂုဏ်ပြုစကားပြောရန် ရောက်လာကြသော အနီးအနားတွင် ရှိနေကြသည့် ဧကရာဇ်အဆင့် ပညာရှင်များသည်ပင်လျှင် လေးနက်တည်ကြည်နေကြသည်။ ယနေ့တွင် ဖုန်းရွှမ်းရောက်လာလိမ့်မည်မှန်း၊ ဖုန်းရွှမ်းရောက်လာသည်နှင့် ပင်းယွင်နှင့် တိုက်ခိုက်ကောင်း တိုက်ခိုက်လိမ့်မည်မှန်းကို ကြိုသိထားပြီး ဖြစ်သော်ငြား တကယ်ဖြစ်လာသည့်နောက်တွင် အကုန်လုံးမှာ အသက်ပင် ရဲရဲမရှူနိုင်အောင် ဖြစ်နေကြလေသည်။
“ဘုန်း ဘုန်း ဘုန်း…”
ကောင်းကင်ထက်ဆီမှ ပေါက်ကွဲသံများ တရစပ် ထွက်ပေါ်လာခဲ့လေသည်။ ပေါက်ကွဲသံများသည် တစ်သံထက်တစ်သံ ပိုပို၍ ကျယ်လောင်လာခဲ့လေသည်။ ပေါက်ကွဲသံများနှင့်အတူ သူတို့ဆီသို့ ပြေးဝင်လာနေသော ပုံရိပ်တစ်ခု မိုးကုတ်စက်ဝိုင်းအောက်မှ တဖြည်းဖြည်း ထွက်ပေါ်လာခဲ့လေ၏။ ထိုပုံရိပ်မှာ အစပိုင်းတွင် ဝိုးတဝါးတား ဖြစ်နေသော်ငြား အသက်သုံးရှိုက်စာခန့် ကြာပြီးသည့်နောက် ရေခဲလမြို့ထဲရှိ တစ်ခုတည်းသော တည်းခိုခန်းရှေ့တွင် ဖျတ်ခနဲ ပြန်ပေါ်လာလေသည်။
မျက်တောင်တစ်ခတ်အတွင်း သည်းထိတ်ဖွယ်ကောင်းသော ဖိအားတစ်ရပ် ရေခဲလတစ်မြို့တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့လေ၏။ ထိုဖိအားကြောင့် ဟင်းလင်းပြင်တစ်ခုလုံး တုန်ခါသွားခဲ့ပြီး လောကကြီးတစ်ခုလုံး အရောင်အစင်း ကင်းမဲ့သွားခဲ့ရလေသည်။
ဟုယွမ်နှင့် အခြားသူများမှာ ခေါင်းမော့ကြည့်လိုက်ပြီးနောက် အလျင်စလို ဦးညွှတ်နှုတ်ဆက်လိုက်ကြလေသည် “ဂိုဏ်းချုပ်ဖုန်းကို နှုတ်ဆက်ပါတယ်…”
လူတစ်ဦးသည် လေထဲတွင် တည်ကြည်ခန့်ညားစွာ မတ်တပ်ရပ်နေခဲ့လေသည်။ ဟုယွမ်တို့က နှုတ်ဆက်လာသော် သူ့လက်ကိုမြှောက်၍ ပြောလိုက်လေ၏။ “အခုလိုမျိုး ယဉ်ကျေးနေစရာမလိုပါဘူး ရောင်းရင်းတို့…”
သူကိုယ်တိုင်သည် ပတ်ဝန်းကျင်လောကကြီးတစ်ခုလုံးနှင့် တစ်သားတည်းဖြစ်နေသည့်အလား သူ၏လှုပ်ရှားမှုတိုင်းသည် နက်နဲဆန်းကြယ်သော အနက်အဓိပ္ပာယ်ကို ဖော်ဆောင်နေခဲ့လေသည်။ နိယာမစွမ်းအားတို့မှာ ထိုလူတစ်ဝိုက်တွင် ရစ်သိုင်းနေခဲ့ကြပြီး သူတို့အား လာရောက်ရိုက်ခတ်နေသည့် မှိန်ဖျဖျ စွမ်းအင်တစ်ရပ်ကိုပင်လျှင် ဟုယွမ်နှင့် အခြားသူများ ခံစားနေခဲ့ကြရလေသည်။ သူတို့နှင့် ဖုန်းရွှမ်ကြားရှိ ကွာဟချက်ကို သတိပြုမိလိုက်သော် အကုန်လုံး ထိတ်လန့်တုန်လှုပ်သွားကုန်ကြလေသည်။
ရန်ကိုင်လည်း ခေါင်းမော့ကြည့်လိုက်ရာ ကျောင်းတော်သားပုံစံ ဝတ်စားထားသည့် သက်လတ်ပိုင်းလူကြီးတစ်ဦး ကောင်းကင်ပေါ်တွင် မတ်တပ်ရပ်နေကြောင်း တွေ့လိုက်ရလေသည်။ ထိုသက်လတ်ပိုင်းလူကြီးသည် ဖုန်းရှီနှင့် ရုပ်ချင်းဆင်သော်ငြား ဖုန်းရှီထက်စာလျှင် ပို၍ ခန့်ညားတည်ကြည်ပေသည်။ ထို့အပြင် ဖုန်းရှီနှင့်ယှဉ်လိုက်သော် ဖုန်းရွှမ်မှာ ပို၍ရုပ်ချောသလို ပို၍လည်း ရဲစွမ်းသတ္တိရှိသည့် ပုံလည်းပေါ်နေသည်။
ထိုလူသည် ရမ္မက်ရှာဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သော ဖုန်းရွှမ်မှလွဲ၍ အခြားမဟုတ်ချေ။ မွေးကတည်းက ဤကဲ့သို့မွေးလာခြင်းပေလော ထိုသို့မဟုတ်ဘဲ ရမ္မက်ရှာကျင့်စဉ်ကြောင့် ဤကဲ့သို့ ပြောင်းလဲသွားလေသလော မသိလေရာ ယဲ့ယဲ့လေး ပြုံးယောင်သန်းနေသည့် ဖုန်းရွှမ်သည် မြင်လိုက်သည့်လူတိုင်း သူတို့အား နွေဦးလေပြေ တဖြူးဖြူး တိုက်ခတ်သွားသလို ခံစားသွားရပေလိမ့်မည်။
ရန်ကိုင်ကမူ ဖုန်းရွှမ်ကိုကြည့်ရင်း အလွန်ကိုမှ စိတ်မသက်မသာ ဖြစ်လာခဲ့ရပေ၏။ ထိုသို့ဖြစ်လည်း ဖြစ်ချင်စရာပင်။ ဖုန်းရှီနှင့် ယောင်ကျိုးတို့နှစ်ဦးစလုံး ဖုန်းရွှမ်နောက်တွင် မတ်တပ်ရပ်နေသည် မဟုတ်ပေလော။ နှစ်ယောက်စလုံးမှာ အံတကြိတ်ကြိတ်လုပ်ရင်း ရန်ကိုင့်အား စားမတတ်ဝါးမတတ် အကြည့်များဖြင့် စိုက်ကြည့်နေကြလေ၏။ လွန်ခဲ့သောတစ်ရက်ခန့်က ရန်ကိုင်သည် သူတို့၏သိုလှောင်လက်စွပ်များကို ဓါးပြတိုက်သွားခဲ့ကြလေသည်။ လူအင်အားချင်း မယှဉ်နိုင်သည့်အတွက်ကြောင့် ခေါင်းငုံ့ကာ ကျိုးနွံခဲ့ရသည်။ သို့သော်ငြား ယခုတွင် သူ၏ ကျောထောက်နောက်ခံဖြစ်သော သူ့အဖေ ရှိနေပြီ ဖြစ်သည့်အတွက်ကြောင့် ဖုန်းရှီ၏ ယုံကြည်ချက်တို့ မိုးထိမတတ် မြင့်တက်သွားခဲ့လေသည်။ သူ့ကို အရှက်ခွဲခဲ့သည့်အပေါ် ရန်ကိုင်အား ရက်ရက်စက်စက် ပြန်လက်စားချေရန်လည်း သံဓိဠာန် ချထားလေသည်။
ဖုန်းရွှမ်သည် ရန်ကိုင့်အား သာမန်ကာလျှံကာ တစ်ချက်သာ ကြည့်ပြီးနောက် ဂရုစိုက်မနေတော့ချေ။ တကယ်တော့ တာအိုသခင် တတိယအဆင့်သာ ရှိသေးသော ရန်ကိုင့်ကဲ့သို့သော ကျင့်ကြံသူမျိုးသည် သူ့အတွက် ပုရွက်ဆိတ်တစ်ကောင်နှင့် မခြားချေ။ ဖုန်းရွှမ်၏အကြည့်သည် ဟင်းလင်းပြင်ကို ထိုးဖောက်သွားသည့်အလား တည်းခိုခန်းတည့်တည့်ကို စိုက်ကြည့်ရင်းမှ ပြုံးလျက် ပြောလိုက်လေ၏။ “ပင်းယွင်… နင်နဲ့ငါမတွေ့ရတာ နှစ်သုံးထောင်တောင် ရှိသွားပြီ… ဒီနေ့ နင့်ကို ပြန်တွေ့လိုက်ရတာ ဒီဘုရင် တကယ်ကို ဝမ်းသာတယ်…”
ဖုန်းရွှမ်မှာ ထိုကဲ့သို့ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် အကုန်လုံး ထိတ်လန့်သွားကုန်ကြလေသည်။
ရေခဲနှလုံးသားတောင်ကြားမှ အကြီးအကဲများ ဖြစ်ပါစေ၊ အမျိုးမျိုးသောဂိုဏ်းများမှ ပညာရှင်များ ဖြစ်ပါစေ မအံ့ဩဘဲ မနေနိုင်ကြချေ။ ပင်းယွင် တည်းခိုခန်းထဲတွင် ရှိနေသည်ဟူသော အချက်မှာ သူတို့၏ ခန့်မှန်းချက် သက်သက်တစ်ခုသာ ဖြစ်ခဲ့သည်။ မည်သူမျှ အတည်မပြုနိုင်ခဲ့ကြ။ မည်သူမျှလည်း သူတို့၏ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ မစစ်ဆေးရဲကြပေ။
အန်းရို့ယွင်နှင့် အခြားသူများမှာ တည်းခိုခန်းရှေ့တွင် တစ်ရက်နှင့် တစ်ညတိုင်တိုင် ဒူးထောက်နေခဲ့ကြပါသော်ငြား ပင်းယွင်ကမူ အပြင်သို့ ထွက်မလာသေးပေ။ ထို့အတွက်ကြောင့် တည်းခိုခန်းထဲတွင် ပင်းယွင် တကယ်မှ ရှိပါလေမလားဟု ဟုယွမ်နှင့် အခြားသူများ စတင်၍ သံသယဝင်စပြုလာကြ၏။
ပင်းယွင်သာ တည်းခိုခန်းထဲ ရှိနေမည်ဆိုလျှင်ပင် ဘာကြောင့်များ လူလုံး ထွက်မပြရလေသနည်း။ ဘာကြောင့်များ သူမ၏တပည့်များကို ဒူးထောက်ထားခိုင်းရလေသနည်း။ သို့ရာတွင် ဖုန်းရွှမ်၏စကားလုံးများသည် လူတိုင်းရင်ထဲရှိ သံသယများကို ပယ်ဖျက်ပေးသွားခဲ့လေသည်။
ပင်းယွင်သည် တည်းခိုခန်းထဲတွင် လုံးဝကို ရှိနေခဲ့သည်။ ထို့ကြောင့်သာမဟုတ်လျှင် ဖုန်းရွှမ် ထိုကဲ့သို့ ပြောစရာအကြောင်း မရှိချေ။
ယခု ဖုန်းရွှမ်ကိုယ်တိုင် ရေခဲမြို့တော်သို့ ရောက်လာပြီဖြစ်သည့်အတွက်ကြောင့် ပင်းယွင်အနေဖြင့် သူ့အား ထွက်တွေ့ကိုတွေ့ရပေတော့မည်။ သူ့အား မတွေ့ဘဲ ငြင်းလိုက်မည်က ဖုန်းရွှမ်ကို ရန်စလိုက်သလို ဖြစ်သွားပေလိမ့်မည်။
သို့ရာတွင် လူတိုင်း အံ့အားသင့်သွားရသည်မှာ ဖုန်းရွှမ်မှ ထိုကဲ့သို့ပြောလိုက်သည့်တိုင် တည်းခိုခန်းအတွင်းပိုင်းဆီမှ မည်သည့်အသံမျှ ထွက်မလာခြင်းပင်။ တည်းခိုခန်းရှေ့တွင် ဒူးထောက်နေကြသော အန်းရို့ယွင်နှင့် အခြားသူများပင်လျှင် ဘာမှ မပြောခဲ့ကြပေ။
အခြေအနေမှာ တဖြည်းဖြည်းနှင့် ထူးဆန်းလာနေသည်ကို သတိပြုမိလိုက်သော် ဟုယွမ်နှင့် အခြားသူများ စတင်၍ ရင်တုန်လာကြလေ၏။ အေးစက်စက် ချွေးသီးချွေးပေါက်တို့သည် သူတို့၏နဖူးထက် ဝေ့သီလာခဲ့ကြလေသည်။ သူတို့ရင်ထဲ ဘာကြောင့်မှန်းမသိ အလွန်ကိုမှ မသက်မသာ ဖြစ်နေခဲ့ကြသည်။
ဖုန်းရွှမ်၏မျက်နှာမှာလည်း တဖြည်းဖြည်း သုန်မှုန်လာခဲ့လေသည်။ ပင်းယွင် တည်းခိုခန်းထဲတွင် ရှိနေမှန်းကို သူသိပြီးသားပင်။ သူ့ဘက်မှ စ၍ နှုတ်ဆက်ခဲ့ပါသော်ငြား တစ်ဖက်လူသည် သူ့အား အဖက်ပင်မလုပ်ချေ။ ဤသည်မှာ သူ့အား အရှက်ခွဲလိုက်ခြင်းပင်။ လူရှေ့သူရှေ့တွင် ဤကဲ့သို့ အရှက်ခွဲခံရသည်ကို ဖုန်းရွှမ်အနေဖြင့် မည်ကဲ့သို့များ သည်းခံပါမည်နည်း။
“ပင်းယွင်… မတွေ့ရတာ နှစ်တွေကြာသွားတာနဲ့ နင်က တကယ်ကို မောက်မာလာတာပဲ…” ဖုန်းရွှမ်သည် အေးစက်စက်အမူအယာဖြင့် ပြောလိုက်လေသည်။
အန်းရို့ယွင်က မျက်မှောင်ကြုတ်လျက် အော်ရှင်းပြလိုက်လေ၏။ “ဂိုဏ်းချုပ်ဖုန်း… ဆရာက အရေးကြီးတဲ့ကိစ္စတစ်ခုခုနဲ့ အလုပ်ရှုပ်နေလို့ ပြန်မပြောနိုင်သေးတာပါ… ကျေးဇူးပြုပြီး နည်းနည်းလောက် စောင့်ပေးလို့မရဘူးလား…”
“အရေးကြီးတဲ့ကိစ္စ…” ဖုန်းရွှမ် မျက်ခုံးပင့်သွားခဲ့လေသည်။ သူဘာတွေးနေလဲ မည်သူမျှမသိ။ ခေါင်းတစ်ချက်ညိတ်ပြ၍ ပြန်ပြောလိုက်လေ၏။ “ကောင်းပြီလေ… အဲ့ဒါဆိုရင်လည်း ဒီဘုရင် ဒီမှာ စောင့်ရသေးတာပေါ့…”
ထိုအခိုက်အတန့်တွင် ဖုန်းရှီသည် ရန်ကိုင့်အား စူးရဲစွာ စိုက်ကြည့်နေခဲ့လေသည်။ ထို့နောက်တွင် ဖုန်းရွှမ်နားသို့ ကပ်သွားပြီး ရန်ကိုင့်ဘက်သို့ ညွှန်ပြရင်း တိုးတိုးလေးပြောလိုက်လေ၏။
ဖုန်းရွှမ်၏မျက်လုံးများ ကြမ်းကြုတ်သည့် အရိပ်အယောင်တို့ဖြင့် တဖျတ်ဖျတ်တောက်ပလာခဲ့ပြီး ရန်ကိုင့်ဘက်သို့ ကြည့်ကာ အော်ပြောလိုက်လေသည်။ “ဟိုကကောင်လေး…”
သူ့အော်သံထဲ စွမ်းအင်တချို့ ကိန်းအောင်းနေခဲ့လေသည်။ ထို့အတွက်ကြောင့် အော်သံကိုကြားလိုက်သည့်အခိုက် ရန်ကိုင့်ခေါင်းတစ်ခုလုံး ချာချာလည်ထွက်သွားခဲ့လေ၏။ ထို့အတွက်ကြောင့် ရန်ကိုင့်မှာလည်း အထိတ်ထိတ်အလန့်လန့်ဖြင့် စိတ်စွမ်းအင်ကို အရူးအမူးလှည့်ပတ်ရင်း ထိုမူးဝေလာသည့် ခံစားချက်ကို အသည်းအသန် ခုခံလိုက်ရလေသည်။ ရန်ကိုင့်၏အသိစိတ်ပင်လယ်ထဲတွင် ရှိနေသော ခုနှစ်ရောင်ခြယ်ဝိဉာဉ်ကြာပန်းမှာလည်း ဖြည်းဖြည်းချင်း လည်ပတ်လာခဲ့လေ၏။
ခုနှစ်ရောင်ခြယ်ကြာပန်း၏ သိမ်မွေ့သည့်စွမ်းအင် သူ့ကိုယ်ထဲ စီးဝင်လာသည့်အခါမှသာ ရန်ကိုင် နေရထိုင်ရ အဆင်ပြေသွားခဲ့လေသည်။ သို့သော်ငြား သူ့ပါးစပ်ထောင့်နှင့် နှာခေါင်းမှ သွေးများ စီးကျနေပေသေးသည်။ ထိုမျှသာလျှင်မဟုတ်သေးဘဲ ရန်ကိုင့်မှာ ပြိုလဲကျသွားတော့မည့်အလား ခါးကိုင်းသွားခဲ့ပြီး ခြေထောက်များမှာလည်း ယိုင်နဲ့သွားခဲ့လေသည်။
ကံကောင်းစွာဖြင့် ဝိဉာဉ်ကြာပန်း၏အကူအညီကြောင့် ရန်ကိုင်သည် တုန်တုန်ရီရီ ဖြစ်နေသည့်တိုင် ဆက်၍ မတ်တပ်ရပ်နေနိုင်ခဲ့သည်။
လဲမကျအောင် ဟန်ချက်ထိန်းလိုက်ပြီးသည့်နောက်တွင် ရန်ကိုင့်စိတ်ထဲ ဒေါသမီးတောက်တို့ ဟုန်းခနဲ တောက်လောင်လာခဲ့သည်။
ဖုန်းရွှမ်သည် ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးပင် ဖြစ်လင့်ကစား အခြားသူများ မသိအောင် သူ့အား ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခဲ့သည်။ ဖုန်းရွှမ်သည် ရန်ကိုင့်အား လူရှေ့သူရှေ့တွင် အရှက်ခွဲလိုခြင်းသာ ဖြစ်လေသည်။
ရန်ကိုင်သာ ဖုန်းရွှမ်၏စကားကြောင့် ဒူးထောက်သွားခဲ့ရသည်ဆိုပါက လူတိုင်း သူ့အား လှောင်ရယ်ကြပေတော့မည်။ စကားလေးတစ်ခွန်းကြောင့်ပင်လျှင် ဒူးထောက်ရလေသလားဟု သူ့အား ပျက်ရယ်ပြုကြပေတော့မည်။ ထို့အပြင် ထိုအဖြစ်အပျက်မှာလည်း သူ့အတွက် ကိုယ်တွင်းနတ်ဆိုးသဖွယ် ဖြစ်လာရပေတော့မည်။ ထိုကိုယ်တွင်းနတ်ဆိုးကိုသာ မဖျောက်ဖျက်နိုင်ပါက သူ၏ကျင့်ကြံခြင်းလမ်းခရီးမှာ ဆက်၍ တိုးတက်နိုင်တော့မည် မဟုတ်ချေ။
(ဒီဖုန်းရွှမ်ဆိုတဲ့လူက တကယ်ကို အောက်တန်းကျပြီး ညစ်ပတ်ယုတ်မာတာပဲ…) ရန်ကိုင်သည် အံကို တင်းတင်းကြိတ်လိုက်လေသည်။
အခြားတစ်ဖက်တွင် ရှိနေသော ဖုန်းရွှမ်မှာမူ ရန်ကိုင် ဆက်၍ မတ်တပ်ရပ်နေနိုင်သည်ကို မြင်သော် မျက်ခုံးတစ်ချက် ပင့်သွားခဲ့လေသည်။
ရန်ကိုင်သည် သူထင်ထားခဲ့သလို ဒူးထောက်ကျမသွားခဲ့ချေ။ အစောပိုင်းက ထိုအော်သံထဲ စွမ်းအင်များများစားစားကို အသုံးမပြုလိုက်သော်ငြား ထိုစွမ်းအားသည် တာအိုသခင် တတိယအဆင့် ကျင့်ကြံသူတစ်ဦး ခုခံနိုင်သည့် အရာမျိုးတော့ မဟုတ်ချေ။ ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူတစ်ဦးပင်လျှင် ထိုအော်သံဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခြင်း ခံလိုက်ရပြီးသည့်နောက် တစ်ခဏတာမျှ မိန်းမော သတိလစ်သွားရပေလိမ့်မည်။
သို့သော်ငြား ရန်ကိုင်ကမူ ခန္ဓာကိုယ်တစ်ချက် ယိုင်သွားရုံကလွဲ၍ ဘာမှ ဖြစ်မသွားခဲ့ချေ။
သို့သော်ငြား မည်သို့ပင်ဖြစ်စေကာမူ ဖုန်းရွှမ်ကတော့ အရမ်းကြီး ဂရုစိုက်မနေခဲ့ချေ။ သူတို့ကြားရှိ ခွန်အားကွာခြားချက်ကြောင့် ဖုန်းရွှမ်အမြင်တွင် ရန်ကိုင်သည် သေးနုပ်သည့် ပါးမွှားတစ်ကောင်သာ ဖြစ်လေသည်။
ဖုန်းရွှမ်စိတ်ထဲ ထိုကဲ့သို့ တွေးနေစဉ်မှာပင် ရန်ကိုင်သည် နှာခေါင်းနှင့်ပါးစပ်ထောင့်မှ စီးကျလာနေသည့် သွေးများကိုသုတ်လျက် လှောင်ပြောင်ပြောဆိုလိုက်လေသည်။ “ရမ္မက်ရှာဂိုဏ်းကလူတွေက ကြီးနိုင်ငယ်ညှင်း လုပ်ဖို့ပဲ သိကြတဲ့ အမှိုက်ကောင်တွေပဲ… ဒုဂိုဏ်းချုပ်လည်းအတူတူပဲ… ဂိုဏ်းချုပ်လည်းအတူတူပဲ… တစ်ဂိုဏ်းလုံး အတူတူပဲ… ခင်ဗျားတို့ကြောင့် ဒီသခင်လေး တကယ်ကို မျက်စိပွင့်နားပွင့် ဖြစ်သွားရပြီ… ခင်ဗျားတို့ဂိုဏ်းကို ရမ္မက်ရှာဂိုဏ်းလို့ နာမည် ပေးမနေတော့ပါနဲ့လား… ဗိုလ်ကျဂိုဏ်း ဆိုပြီးတော့ပဲ နာမည်ပေးလိုက်ပါလား…”
ရန်ကိုင်မှ ထိုကဲ့သို့ပြောလိုက်သည်နှင့်တစ်ပြိုင်နက် ဖုန်းရွှမ်၏အမူအယာ မဆိုစလောက်ကလေး ပြောင်းလဲသွားခဲ့လေသည်။
ရန်ကိုင်သည် လုံးဝကို ငြိမ်မနေခဲ့ပဲ ဤကဲ့သို့ ရဲရဲတင်းတင်း ပြန်ပြောလာလိမ့်မည်ဟု ဖုန်းရွှမ် မထင်ထားခဲ့ချေ။ လူရှေ့သူရှေ့တွင် သူ့ကဲ့သို့သော လူကိုပင်လျှင် လှောင်ပြောင်ပျက်ရယ်ပြုရဲသည်။
ဘေးမှ ရပ်စောင့်ကြည့်နေသည့် ဟုယွမ်နှင့် အခြားသူများမှာမူ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ကြပြီး ဇောချွေးများ ပျံသွားကုန်ကြလေသည်။ ဘာဖြစ်လို့ဖြစ်သွားမှန်းကို သူတို့သတိပြုမိလိုက်လိမ့်မည် မဟုတ်သော်ငြား ရန်ကိုင်၏ နှာခေါင်းနှင့် ပါးစပ်ထောင့်မှ သွေးများစီးကျလာနေသည်ကိုတော့ အကုန်လုံး အတိုင်းသား မြင်နေရပေသည်။ ထို့အတွက်ကြောင့် ဖုန်းရွှမ်၏အော်သံထဲ သူ့စွမ်းအားအချို့ကို ထည့်သုံးလိုက်မှန်း အကုန်လုံး အလွယ်တကူ သဘောပေါက်သွားခဲ့ကြသည်။
သို့ရာတွင် ရန်ကိုင့်အနေဖြင့် အလစ်ချောင်း တိုက်ခိုက်ခံရသည်ဆိုလျှင်ပင် ဤကဲ့သို့တော့ မပြောသင့်ပေ။
(ဒီကောင် သေခြင်းတရားဆိုတဲ့စကားလုံးကို ဘယ်လိုရေးလို့ ရေးရမယ်မှန်း မသိတာလား…)
အန်းရို့ယွင်နှင့် အခြားသူများမှာလည်း ထိုအခါမှသာ ဖြူဖတ်ဖြူလျော်ဖြစ်နေသော ရန်ကိုင့်မျက်နှာကို သတိထားမိသွားကြလေသည်။ “သခင်လေးရန်… အဆင်ပြေရဲ့လား…”
ရန်ကိုင်က ပြန်ပြောလိုက်၏။ “သောက်ကျင့်မကောင်းတဲ့ ကောင်တစ်ကောင် အလစ်ချောင်းတိုက်ခိုက်လိုက်လို့ ကျုပ်နှလုံး၊ အသည်း၊ ကျောက်ကပ်၊ အဆုတ်နဲ့ သရက်ရွက်တွေ အကုန်လုံး ဆိုးဆိုးရွားရွား ထိခိုက်သွားတာကို ကျုပ်က ဘယ်လိုလုပ်ပြီး အဆင်ပြေနေမှာလဲ… ဒါ လုံးဝ ပေါ့သေးသေးကိစ္စမဟုတ်ဘူး…”
ရန်ကိုင် အပေါ်ယံလေးသာ ဒဏ်ရာရထားမှန်း အန်းရို့ယွင် ပြောနိုင်ပေသည်။ ဆိုးဆိုးရွားရွား ထိခိုက်သွားသည်ဆိုသည်မှာ မဟုတ်တရုတ် လျှောက်ပြောနေခြင်းသာ ဖြစ်၏။ ထိုအချင်းအရာကိုကြည့်ရင်း အန်းရို့ယွင်မှာ မဟုတ်တရုတ်ပြောနိုင်သည့် ရန်ကိုင့်၏အရည်အချင်းအပေါ် လုံးဝကို ဩချသွားခဲ့ရလေသည်။
ဟုယွမ်နှင့် အခြားသူများမှာလည်း ကြောင်တောင်တောင် ဖြစ်ကုန်ကြလေသည်။ (မင်းရဲ့နှလုံး၊ အသည်း၊ ကျောက်ကပ်၊ အဆုတ်နဲ့ သရက်ရွက်တွေ ဆိုးဆိုးရွားရွား ထိခိုက်သွားတယ်ဆိုရင် ဘယ်လိုလုပ်ပြီး အခုလိုမျိုး စကားပြောနေနိုင်သေးတာလဲ… ဒီကောင်ဘာကောင်လဲကွ… ကောင်းကင်နဲ့မြေပြင် ဘယ်လောက်ကွာခြားလဲဆိုတာကို တကယ် မသိတာလား… ကြည့်ရတာ မသိရူးမိုက်တဲ့လူတွေက အမြဲတမ်း အကြောက်အလန့်မဲ့တယ်ဆိုတာ တကယ်အမှန်ပါလား… တာအိုသခင်တတိယအဆင့်ပဲ ရှိသေးတာကို ဂိုဏ်းချုပ်ဖုန်းကို သွားစိန်ခေါ်နေရဲတယ်… ဒီနေ့ခေတ်လူတွေ တကယ်ကို သွေးဆူလွယ်ပါလားကွာ…)
(ဒီကောင်တော့ မြန်မြန်သေချင်နေတာလား မသိဘူး…)
မူလက တဖြည်းဖြည်း တင်းမာလာနေသော အခြေအနေမှာ ရန်ကိုင့်၏ စကားလုံးများကြောင့် ကို့ရို့ကားယား ဖြစ်သွားကုန်ကြလေသည်။
“ဟျောင့်… မင်း ဘာမဟုတ်တရုတ်တွေ ပြောနေတာလဲ…” ဖုန်းရွှမ်မှာလည်း ရန်ကိုင့်၏ ရန်စပြောဆိုသည့် စကားလုံးများကြောင့် သုန်မှုန်သွားခဲ့လေသည်။ အစောပိုင်းက သူ့အော်သံထဲ စိတ်စွမ်းအင်အချို့ကို ပေါင်းထည့်ခဲ့သော်ငြား ရန်ကိုင်ထိခိုက်သွားမည်ဆိုလျှင်ပင် ဆိုးဆိုးရွားရွား ဒဏ်ရာရသွားသည်အထိတော့ ဖြစ်လိမ့်မည် မဟုတ်ချေ။ ထိုသို့ဖြစ်လေရာ သူ့ကိုယ်တွင်းအင်္ဂါအားလုံး မည်ကဲ့သို့များ ထိခိုက်သွားရပါသနည်း။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၄၂၄)
ရန်ကိုင်က နှာခေါင်းရှုံ့လျက် မေးလိုက်လေ၏။ “စီနီယာဖုန်းရွှမ် ဘာလို့ ဒီလောက်တောင် စိတ်ပူနေတာလဲ… ကျုပ်ကို အလစ်ချောင်းတိုက်ခိုက်တဲ့လူက စီနီယာဖုန်းရွှမ်ပါလို့ ကျုပ်မှမပြောတာ… ဘာလဲ… စီနီယာဖုန်းရွှမ် ကိုယ့်လိပ်ပြာကိုယ် မလုံတာလား…”
ဖုန်းရွှမ် ဘာပြန်ပြောလို့ ပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။ သူသည် ဧကရာဇ်တတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည့်အတွက် သူ့တွင် သူ့ဂုဏ်သိက္ခာနှင့်သူ ရှိပေသည်။ ရန်ကိုင်ကဲ့သို့သော လူတစ်ဦးနှင့် ပြိုင်ငြင်းခုံနေရသည်မှာ သူ့အတွက် ရှက်ဖွယ်ကောင်း၏။
ထိုအချိန်မှာပင် ဖုန်းရှီသည် ရှေ့သို့တက်လာပြီး အော်ပြောလိုက်လေ၏။ “ခွေးသူတောင်းစားကောင်… မင်း ဘယ်လိုတောင် ငါတို့ရမ္မက်ရှာဂိုဏ်းကို ကျိန်ဆဲရဲတာလဲ… မင်း အခုချက်ချင်း ဒူးထောက်တောင်းပန်လိုက်ရင်ကောင်းမယ်… မဟုတ်ရင် မနက်ဖြန်နေထွက်တာကို မြင်ရတော့မှာမဟုတ်ဘူးမှတ်…”
ဖုန်းရှီသည် ရန်ကိုင့်အား သတ်ရန်ကို မစောင့်နိုင်တော့သည့်အလား သူ့မျက်နှာတစ်ခုလုံးမှာ သုန်မှုန်နေခဲ့လေသည်။ ထိုနေ့ညက အဖြစ်အပျက်ကို သူမမေ့သေးသည်မှာ အသိသာကြီးပင်။ မေ့ရက်ချင်စရာလည်း ရှိမှမရှိပေကိုး။ ငယ်စဉ်ကတည်းက အများသူငှာ၏ တလေးတစားဖြင့် ဆက်ဆံခြင်း ခံခဲ့ရသည့် သူ့ဘဝကြီးမှာ ရန်ကိုင်နှင့်တွေ့မှ စုတ်ပြတ်သွားခဲ့ရလေသည်။ ထိုနေ့ညတွင် သူ့ဂုဏ်သိက္ခာမှာ ကုန်းကောက်စရာမရှိအောင် ပျက်စီးသွားခဲ့ရသည်။ ထိုအကြောင်းကို ပြန်တွေးမိလိုက်တိုင်း ဖုန်းရှီမှာ အံတကြိတ်ကြိတ်ဖြစ်ကာ ရန်ကိုင့်၏အသွေးအသားများကို တဂျွတ်ဂျွတ်မြည်အောင် ဝါးစားပစ်ချင်စိတ်များ တဖွားဖွား ထွက်ပေါ်လာခဲ့လေသည်။
ရန်ကိုင်သည် ဖုန်းရှီဘက်သို့လှည့်၍ ဖော်ရွေစွာပြုံးလျက် မေးလိုက်လေသည်။ “ဘာလို့လဲသခင်လေးဖုန်း… ကျုပ် မှတ်မိသလောက်ဆို အဲ့နေ့ညတုန်းက ခင်ဗျား ကြောက်လွန်းလို့ လန့်ဖြန့်နေတာပါ… အခုကျမှ ဘယ်လိုလုပ်ပြီး မာန်တကြွကြွ ဖြစ်နေရတာလဲ… အော်… အားကောင်းတဲ့ကျောထောက်နောက်ခံကြီး ရောက်လာလို့ ခေါင်းမော့ရင်ကော့ လုပ်နိုင်တာပေါ့… အာ… ကျုပ်ကို အဲ့လိုမျိုး စိုက်မကြည့်နေစမ်းနဲ့ဗျာ… ခင်ဗျားမျက်လုံးတွေ ကျွတ်ထွက်သွားပါဦးမယ်…”
“မင်း မင်း… မဟုတ်တရုတ်တွေ လျှောက်ပြောမနေနဲ့… ဘယ်တုန်းက အဲ့လိုဖြစ်ခဲ့ဖူးလို့လဲ…” ဖုန်းရှီသည် အံတကြိတ်ကြိတ်ဖြင့် ရန်ကိုင့်အား စူးရဲစွာ စိုက်ကြည့်နေခဲ့လေသည်။ သို့ရာတွင် သူ့မျက်နှာမှာတော့ အလွန်ကိုမှ ရှက်ရွံ့နေသည့်အလား နီလိုက်ပြာလိုက် ဖြစ်နေလေ၏။
ရန်ကိုင်က အေးစက်စက်လေသံဖြင့် ဆက်ပြောလိုက်လေသည်။ “အဲ့နေ့ညတုန်းက ခင်ဗျား အသည်းအသန် ငိုယိုတောင်းပန်နေလို့ ဒီသခင်လေးလည်း သနားပြီး လွှတ်ပေးလိုက်တာ… အဲ့ဒါကိုတောင် ကျေးဇူးမတင်ဘဲနဲ့ အစာကျွေးတဲ့လက်ကို ပြန်ကိုက်လိမ့်မယ်လို့ ဒီသခင်လေး လုံးဝ မထင်ထားဘူး…”
ဟုယွမ်နှင့် အခြားသူများ ထိုစကားကိုကြားသည့်အခါ ဖုန်းရှီအား ထူးထူးဆန်းဆန်း အမူအယာများဖြင့် လှမ်းကြည့်လိုက်လေသည်။ ရန်ကိုင်နှင့် ဖုန်းရှီတို့ ပြောနေသည်ကို ကြားပြီးသည့်နောက် ထိုသခင်လေးနှစ်ဦးကြားတွင် ရန်ငြိုးရန်စတို့ ရှိနေမှန်း အကုန်လုံး သိလိုက်ကြလေသည်။ ထို့အပြင် သခင်လေးဖုန်းရှီ အသည်းအသန် ငိုယိုတောင်းပန်ရလေရအောင် ထိုနေ့ညက ဘာတွေများဖြစ်ပျက်ခဲ့သလဲ ဆိုသည်ကိုလည်း အကုန်လုံး သိချင်မိသွားကြလေသည်။
(ဒီတော့ အဲ့လိုမျိုးဖြစ်သွားခဲ့တာပေါ့… သူ ဒီလောက် ကျားကုတ်ကျားခဲ ငြင်းနေတာ အထူးအဆန်း မဟုတ်တော့ပါဘူးလေ…)
ဖုန်းရှီမှာ ရှင်းပြလိုက်ချင်ပါသော်ငြား ဖုန်းရွှမ်က သူ့လက်ကို ဝှေ့ယမ်း၍ တားလိုက်လေသည်။
ဖုန်းရှီမှာ အလွန်တရာကိုမှ ဒေါသထွက်နေခဲ့ပါသော်ငြား သူ့အဖေ၏ပြောစကားကိုတော့ မလွန်ဆန်ရဲသည့် အတွက်ကြောင့် မည်မျှပင် မကျေမနပ် ဖြစ်နေစေကာမူ အံကြိတ်ထားရုံသာ တတ်နိုင်ခဲ့လေသည်။
ဖုန်းရွှမ်သည် ရန်ကိုင့်ကိုကြည့်လျက် ထူးမခြားနားဟန်ဖြင့် ပြောလိုက်လေသည်။ “ကောင်လေး… ရဲစွမ်းသတ္တိရှိတာ မကောင်းတာတော့မဟုတ်ဘူး… ဒါပေမဲ့ အခြေအနေ အချိန်အခါကို ကြည့်ရတယ်ကွ… မစဉ်းစားမချင့်ချိန်တတ်တဲ့ လူတွေပဲ အခြေအနေအချိန်အခါမသိ လုပ်ချင်တိုင်းလုပ်ကြတာ”
“ဟမ့်…” ရန်ကိုင်သည် ထီမထင်ဟန်ဖြင့် ရပ်နေခဲ့လေ၏။ တံတွေးတစ်ချက် ထွေးထုတ်လိုက်ပြီးသည့်နောက် ဖုန်းရွှမ်ဘက်သို့လှည့်၍ ပျင်းရိပျင်းတွဲဖြင့် လက်သီးဆုပ်လျက် ပြောလိုက်လေ၏။ “စီနီယာရဲ့ပြောစကား ဂျူနီယာသေချာမှတ်ထားပါမယ်… ဒါပေမဲ့ စီနီယာပြောချင်တာ အဲ့အဓိပ္ပာယ်ရော ဟုတ်ရဲ့လား…”
ဖုန်းရွှမ် မျက်မှောင်ကြုတ်သွားခဲ့ပြီး ပြန်မေးလိုက်လေသည်။ “အဲ့နေ့ညတုန်းက ငါတို့ရမ္မက်ရှာဂိုဏ်းသားနှစ်ယောက်ရဲ့ သိုလှောင်လက်စွပ်တွေကို မင်း ဓါးပြတိုက်သွားလို့ ငါကြားတယ်…”
(ဒီကောင် ရမ္မက်ရှာဂိုဏ်းက သိုလှောင်လက်စွပ်နှစ်ကွင်းကို ဓါးပြတိုက်သွားတာလား…) ဟုယွမ်နှင့် အခြားသူများ မျက်လုံးအပြူးသားဖြင့် ရန်ကိုင့်အား လှမ်းကြည့်လိုက်ကြလေသည်။ သူတို့နားပင်သူတို့ မယုံကြည်နိုင်အောင် ဖြစ်နေခဲ့ကြလေ၏။
အစောပိုင်းက ရန်ကိုင်သည် ကောင်းကင်နှင့် မြေပြင် မည်မျှ ကွာခြားသလဲဆိုသည်ကို မသိဘဲ မဆင်မခြင် ပြုမူတတ်သည့် လူတစ်ဦးဖြစ်မည်ဟု ထင်ခဲ့သည်။ သို့သော်ငြား ယခုမှသာလျှင် ရန်ကိုင်သည် မဆင်မခြင်လုပ်တတ်ခြင်းမဟုတ်ဘဲ လုံးဝကို အရူးတစ်ယောက်သာ ဖြစ်နေကြောင်း သိသွားတော့လေသည်။
မြောက်ဘက်နယ်မြေထဲရှိ မည်သူကများ ရမ္မက်ရှာဂိုဏ်းမှ သိုလှောင်လက်စွပ်များကို ဓါးပြတိုက်ရဲပါမည်နည်း။ ထိုကဲ့သို့ လုပ်ရဲသည့်လူဆို၍ ဤလူငယ်လေးတစ်ဦးသာ ရှိပေလိမ့်မည်။ ထို့အပြင် သိုလှောင်လက်စွပ်တစ်ကွင်းထဲကိုသာ ဓါးပြတိုက်သွားခြင်းမဟုတ် နှစ်ကွင်းပင်။ မည်သူကများ ကံမကောင်းအကြောင်းမလှ၍ သူတို့၏ သိုလှောင်လက်စွပ်များ ဓါးပြတိုက်ခံလိုက်ရလေသနည်း။ သို့သော်ငြား သေချာစဉ်းစားကြည့်မည်ဆိုလျှင် သိုလှောင်လက်စွပ်နှစ်ကွင်း ပေးလိုက်ရသည်ဆိုလျှင်ပင် ဂိုဏ်းချုပ်ဖုန်းရွှမ်ကိုယ်တိုင် ဘာကြောင့် ထိုအကြောင်းကို မေးနေရလေသနည်း။
ထိုကောင်လေးတော့ သွားလေပြီ။
ရန်ကိုင်က အလေးအနက် အမူအယာဖြင့် ချက်ချင်း ပြန်အော်ပြောလိုက်လေ၏။ “စီနီယာ… ခင်ဗျား စားချင်တာစားလို့ရပေမယ့် ပြောချင်တာတော့ အကုန်ပြောလို့မရဘူးနော်… ကျုပ်ဘယ်မှာ ဓါးပြတိုက်လို့လဲ… စီနီယာ ပြောတာကို ကျုပ်လုံးဝ လက်မခံဘူး… ကျုပ်ဘဝမှာ အမြဲ သမာသမတ်ကျကျပဲ နေလာခဲ့တာ… ဘယ်တော့မှ မဟုတ်တရုတ် မလုပ်ဘူး… ထိုင်ရင်တောင် မတ်မတ်ပဲ ထိုင်တာ… ဘာလို့ အဲ့လိုလုပ်ရမှာလဲ… သိုလှောင်လက်စွပ်နှစ်ကွင်းကို ဓါးပြတိုက်တယ်လို့ စီနီယာပြောလိုက်တာ ကျုပ်ဂုဏ်သတင်းကို ပျက်ပြားအောင် လုပ်လိုက်တာပဲ… အခုလိုမျိုး အခြေအမြစ်မရှိဘဲ စွပ်စွဲခံရတာမျိုးကို ကျုပ် တကယ်မကြိုက်ဘူး…”
ရန်ကိုင်မှာ အမှန်တကယ်ကို ဒေါသထွက်နေသည့်အလား သူ့မျက်နှာတစ်ခုလုံး သုန်မှုန်နေခဲ့လေသည်။
ထိုအချင်းအရာကိုကြည့်ရင်း ဟုယွမ်နှင့် အခြားသူများ သူတို့နဖူးထက် ဝေ့သီလာသော ချွေးအေးများကို ချက်ချင်း သုတ်ပစ်လိုက်ကြလေ၏။
အကုန်လုံးသည် ကြယ်တာရာအစုအဝေးထဲ လွတ်လွတ်လပ်လပ် ခြေဆန့်သွားလာခဲ့ဖူးသော နှစ်ပေါင်းများစွာ အသက်ရှင်လာသည့် ဧကရာဇ်အဆင့် ပညာရှင်များ ဖြစ်ကြသော်ငြား ယခုမှသာလျှင် သူတို့အားလုံး အမှန်တကယ်ကို မျက်စိပွင့်နားပွင့် ဖြစ်သွားရခြင်း ဖြစ်သည်။ သူတို့ဘဝတစ်လျှောက် ကြုံတွေ့လာခဲ့ရသည့် အဖြစ်အပျက်များပင်လျှင် ယနေ့အဖြစ်အပျက်လောက် အံ့အားသင့်စရာ မကောင်းတော့ဟု ခံစားလာရလေသည်။ ဤအရူးကောင် ဘယ်က ရောက်လာလေသနည်း။ ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးနှင့် ရင်ဆိုင်နေရသည့်တိုင် ဘာကြောင့်များ တစ်ချက်ကလေးပင် ကျိုးနွံခြင်း မရှိရလေသနည်း။
ယောင်ကျိုးက ဒေါသတကြီး ပြန်အော်ပြောလေသည်။ “မင်းပဲ ဒီဘုရင်နဲ့ ရှီအာရဲ့ သိုလှောင်လက်စွပ်တွေကို ဓါးပြတိုက်သွားတာမဟုတ်ဘူးလား… လျှာရိုးတိုင်းမရှိတိုင်း လျှောက်လိမ်မနေနဲ့…”
ယောင်ကျိုးမှ ထိုကဲ့သို့ ပြောလိုက်သည့်အခိုက် ယခုလေးတင် နဖူးထက် ဝေ့သီလာသော ချွေးများကို သုတ်ပြီးသွားသည့် ဟုယွမ်နှင့် အခြားသူများ ထပ်မံ၍ ချွေးပြန်လာတော့ပြန်လေသည်။ သိုလှောင်လက်စွပ် ဓါးပြတိုက်ခံလိုက်ရသည့် ဂိုဏ်းသားနှစ်ဦးမှာ အခြားမဟုတ်ဘဲ ရမ္မက်ရှာဂိုဏ်း၏ ဒုဂိုဏ်းချုပ်နှင့် သခင်လေး ဖြစ်နေခဲ့လေသည်။
ယနေ့ကိစ္စသည် လုံးဝကို ကောင်းကောင်းမွန်မွန်ဖြင့် အဆုံးသတ်သွားတော့မည် မဟုတ်သည်မှာ သိသာလှပေသည်။
အစကတော့ ရန်ကိုင်၏ ဓါးပြတိုက်ခြင်း ခံလိုက်ရသည့် လူနှစ်ဦးမှာ ရမ္မက်ရှာဂိုဏ်း၏ သာမန်တပည့်နှစ်ဦးသာ ဖြစ်လိမ့်မည်ဟု ထင်ခဲ့ကြပေသည်။ သို့သော်ငြား အမှန်တရားမှာတော့ ထိုထက်ပို၍ပင် ထိတ်လန့်အံ့အားသင့်ဖွယ် ကောင်းနေခဲ့သည်။ ဖုန်းရှီသာဆိုလျှင် အနည်းငယ် လက်သင့်ခံနိုင်ပေသေးသည်။ တကယ်တော့ သူသည် တာအိုသခင် တတိယအဆင့် ကျင့်ကြံသူတစ်ဦးသာလျှင် မဟုတ်ပေလော။ သို့သော်ငြား ဧကရာဇ်ဒုတိယအဆင့်သို့ ရောက်နေသော ယောင်ကျိုးသည် မည်ကဲ့သို့များ သူ့သိုလှောင်လက်စွပ် ဓါးပြတိုက်ခံလိုက်ရပါလေသနည်း။
ယနေ့ကိစ္စ မည်သို့ပင် အဆုံးသတ်စေကာမူ ရမ္မက်ရှာဂိုဏ်းကတော့ ကျိန်းသေကို မျက်နှာပျက်ရပေတော့မည်။ ဒုဂိုဏ်းချုပ်နှင့် သခင်လေး၏ သိုလှောင်လက်စွပ်များ တာအိုသခင် တတိယအဆင့်သာ ရှိသေးသော ကောင်လေးတစ်ယောက်၏ ဓါးပြတိုက်ခြင်း ခံလိုက်ရသည်ဆိုသောအကြောင်းသာ သတင်းပြန့်သွားမည်ဆိုပါက ရမ္မက်ရှာဂိုဏ်းသည် မြောက်ဘက်နယ်မြေထဲရှိ လူများ၏ လှောင်ပြောင်ရယ်မောစရာ ဂိုဏ်းတစ်ခု ဖြစ်လာပေတော့မည်။
“ဒီတော့ ခင်ဗျားတို့က အဲ့သိုလှောင်လက်စွပ်နှစ်ကွင်းကို ပြောနေတာပေါ့…” ရန်ကိုင်သည် ယခုမှသာလျှင် အိပ်မက်မှ နိုးလာသည့်အလား နားလည်သွားဟန်ဖြင့် ချက်ချင်း ပြန်ပြောလိုက်လေ၏။ “ဒုဂိုဏ်းချုပ်… တစ်ခုခုပြောတော့မယ်ဆိုရင် ခင်ဗျားစကားခင်ဗျား ကြည့်ပြောတာ ကောင်းလိမ့်မယ်… ကျုပ်ဘယ်တုန်းက ခင်ဗျားတို့သိုလှောင်လက်စွပ်ကို ဓါးပြတိုက်ခဲ့လို့လဲ… ကျုပ်ရလာတဲ့ သိုလှောင်လက်စွပ်နှစ်ကွင်းမှာ တစ်ကွင်းက အလဲအလှယ်အနေနဲ့ရတာ… နောက်တစ်ကွင်းက ခင်ဗျားသခင်လေးကိုယ်တိုင် ကျုပ်လက်ထဲကို အတင်းလာထည့်ပေးတာ… အဲ့လက်စွပ်ကို ကျုပ်မယူရင် ခင်ဗျားသခင်လေး စိတ်ပျက်သွားတော့မယ့်ပုံစံကြီး လုပ်နေလို့ ကျုပ်လည်း မယူချင်ပဲ ယူလိုက်ရတာ… အဲ့ဒါကို ခင်ဗျားတို့က ဘယ်လိုလုပ်ပြီး ကျုပ်ကို အခြေအမြစ်မရှိဘဲ လာစွပ်စွဲနေတာလဲ…”
“ခွေးသူတောင်းစား…” ယောင်ကျိုးမှာ ဒေါသအမျက်ချောင်းချောင်း ထွက်သွားခဲ့ပြီး ရန်ကိုင့်ဆီသို့ ပြေးဝင်သွားတော့မည့်အလား ဧကရာဇ်ချီကို အရူးအမူး လှည့်ပတ်လိုက်လေသည်။
ထိုအချင်းအရာကိုမြင်သော် ရန်ကိုင်သည် အန်းရို့ယွင်ဘေးနားသို့ ခုန်ဆုတ်သွားခဲ့ပြီး ယောင်ကျိုးကိုစိုက်ကြည့်လျက် ပြန်မေးလိုက်လေ၏။ “ခင်ဗျား ဘာလုပ်ချင်နေတာလဲ… ကျုပ်ကို သတ်ချင်နေတာလား… သတ်ချင်ရင် လာသတ်လေ…”
“ဂိုဏ်းချုပ်…” ယောင်ကျိုးသည် ဖုန်းရွှမ်ဘက်သို့ လှည့်၍ လက်သီးဆုပ်ကာ ပြောလိုက်လေ၏။ “ကျုပ် ဒီကောင့်ကို သတ်ချင်နေပြီ…”
ဖုန်းရွှမ်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်၏။ “မင်းသတ်လို့မရဘူး…”
ရန်ကိုင်မှာ အန်းရို့ယွင်ဘေးနားတွင် ရှိနေသည့် အတွက်ကြောင့် ယောင်ကျိုးအနေဖြင့် ရန်ကိုင့်အား မည်သို့မှ သတ်နိုင်လိမ့်မည် မဟုတ်ချေ။ ဖုန်းရွှမ်ကိုယ်တိုင်မှာလည်း ရမ္မက်ရှာဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ဦး ဖြစ်သည့်အတွက်ကြောင့် သူ့အဆင့်အတန်းကို နှိမ့်၍ ရန်ကိုင့်အား သွားသတ်လိမ့်မည်မဟုတ်ချေ။ ယခုမှသာလျှင် ဘယ်ကမှန်းမသိ ပေါ်လာသော ဤလူငယ်လေးသည် အလွန်ကိုမှ ခေါင်းကိုက်စရာကောင်းကြောင်း ဖုန်းရွှမ် သတိထားမိသွားတော့သည်။
ခဏကြာအောင် စဉ်းစားနေပြီးသည့်နောက် ဖုန်းရွှမ်သည် ရန်ကိုင့်အားစိုက်ကြည့်လျက် ချီးကျူးလိုက်လေသည်။ “ကောင်လေး… မင်းက လူတွေကြားက နဂါးတစ်ကောင်ပဲကွ… မင်းအနာဂတ်က တောက်ပနေမှာ လုံးဝကိုသေချာတယ်… အဲ့သိုလှောင်လက်စွပ်ကို ဒီဂိုဏ်းချုပ်က မင်းကို လက်ဆောင်အဖြစ် ပေးလိုက်တယ်လို့ သဘောထားလိုက်…”
ရန်ကိုင်က မျက်ခုံးပင့်လျက် နှာခေါင်းရှုံ့ကာ ပြန်ပြောလိုက်လေ၏။ “စီနီယာက တကယ်ကို လူလည်ကျချင်တာပဲ… စီနီယာ့ပုံစံကို ကြည့်ရတာ အခုလိုမျိုး ခဏခဏပြောနေဖူးတဲ့အတိုင်းပဲ…”
ရန်ကိုင့်လက်ထဲရှိ သိုလှောင်လက်စွပ်နှစ်ကွင်းကို ပြန်ရနိုင်လိမ့်မည်မဟုတ်မှန်း ဖုန်းရွှမ် သိနေခဲ့သည်။ ထို့အတွက်ကြောင့် လက်ဆောင်ပေးလိုက်သည်ဟုသာ ပြောလိုက်လေသည်။ ဖုန်းရွှမ်မှာ အလွန်ကိုမှ အရှက်မရှိသော်ငြား ရမ္မက်ရှာဂိုဏ်း မည်မျှ ရက်ရောကြောင်းကိုလည်း ပြသသွားခဲ့သည်။ တစ်ချိန်တည်းတွင် မျက်နှာပျက်ရမည့် အရေးမှလည်း ရှောင်ကွင်းသွားနိုင်ခဲ့၏။
“ဒါပေမဲ့ ဒီဘုရင်ပြန်လိုချင်တာ တစ်ခုရှိတယ်… မင်းပေါင်းပါဝင်ပေးဖို့ မျှော်လင့်ပါတယ်…”
ရန်ကိုင်က မျက်မှောင်ကျုံ့လျက် မေးလိုက်လေသည်။ “ဘာလဲ…”
သူယူလာသည့် သိုလှောင်လက်စွပ်နှစ်ကွင်းထဲ၌ ထူးခြားသည့် မည်သည့်ပစ္စည်းကိုမှ ရှာမတွေ့ခဲ့ချေ။
“သွေးကျောက်စိမ်းချီလင်ပဲ…” ဖုန်းရွှမ်က ပြောလိုက်လေသည်။
“သွေးကျောက်စိမ်းချီလင်…” ထိုကဲ့သို့ ရေရွတ်လိုက်ပြီးသည့်နောက်တွင် ရန်ကိုင်သည် သိုလှောင်လက်စွပ်ကို ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လျက် အနီရောင်ချီလင်ရုပ်တုတစ်ခုကို အမြန်ထုတ်ယူလိုက်လေ၏။ ထိုချီလင်ရုပ်တုမှာ သုံးဆယ်စင်တီမီတာခန့်သာ အမြင့်ရှိပြီး အလွန်ကိုမှ အသက်ဝင်လွန်းလှပေသည်။ သို့သော်ငြား ဤချီလင်ရုပ်ကို မည်သည့်အသားဖြင့် ထွင်းထုထားသလဲ ဆိုသည်ကိုတော့ ရန်ကိုင်မသိချေ။ ဤအရုပ်ကိုမြင်စဉ်က ဘာမှအဖိုးမတန်ဘူးဟု အထင်ရောက်လျက် ဤအတိုင်း သိမ်းထားခဲ့လိုက်သည်။ ယခု ဖုန်းရွှမ် ပြောလာသည့်အခါမှသာ သေသေချာချာ ထုတ်ကြည့်လိုက်ခြင်း ဖြစ်သည်။
“အဲ့ဒါပဲ…” ဖုန်းရွှမ်က ခေါင်းညိတ်လိုက်လေသည်။
“ဒီပစ္စည်းက ဘာထူးခြားနေလို့လဲ…” ရန်ကိုင်က မေးလိုက်လေသည်။ ဖုန်းရွှမ် ဘာကြောင့် ဤပစ္စည်းကို လိုချင်နေမှန်း ရန်ကိုင်မသိပေ။
ဖုန်းရွှမ်သည် ဘာကိုမှ ဖုံးကွယ်မနေခဲ့ပဲ ရှင်းပြလိုက်လေ၏။ “အဲ့ပစ္စည်းက ငါတို့ရမ္မက်ရှာဂိုဏ်းက သခင်လေးရဲ့ မိန်းမကို ကိုယ်စားပြုတဲ့ အမှတ်သင်္ကေတမို့လို့ မင်းအတွက်ကတော့ ဘာမှ အသုံးဝင်မှာမဟုတ်ဘူး… အဲ့ပစ္စည်းက မျိုးရိုးအစဉ်အဆက် လက်ဆင့်ကမ်းပေးလာတဲ့ ပစ္စည်းတစ်ခု… ငါတို့ ရမ္မက်ရှာဂိုဏ်းရဲ့ အရေးကြီးတဲ့ အထိမ်းအမှတ် ပစ္စည်းတစ်ခုလို့လည်း ပြောလို့ရတယ်…”
“သခင်လေးရဲ့ မိန်းမကို ကိုယ်စားပြုတာလား…” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့ပြီး တည်းခိုခန်းရှေ့တွင် ဒူးထောက်နေသော ကျိယုအား လှမ်းကြည့်လိုက်လေသည်။ ဖုန်းရှီသည် ကျိယုအား အလွန်ကိုမှ စိတ်ဝင်စားနေရမည်မှန်းလည်း သိလိုက်လေသည်။ သူ့တွင် မိန်းမ၆၉ယောက် ရှိနေသည့်တိုင် မည်သည့်မိန်းမကိုမှ ချီလင်ရုပ်ကိုမပေးခဲ့ဘဲ ကျိယုကိုသာ ပေးရန် ရည်ရွယ်ထားခဲ့လေသည်။ ထိုအချက်ကိုကြည့်လျှင်ပင် ကျိယုအား မည်မျှအလေးထားကြောင်း မြင်တွေ့နိုင်၏။
သို့သော်ငြား သူ့အနေဖြင့် ထိုကဲ့သို့လုပ်သည်မှာလည်း အထူးအဆန်းမဟုတ်ချေ။ ကျိယုသည် ရေခဲနှလုံးသားတောင်ကြား၏ လက်ရွေးစင်ကြယ်ပွင့်တစ်ယောက်ပင် မဟုတ်လေလော။ သူမသည် ဖုန်းရှီနှင့် လုံးဝကို လိုက်ဖက်ပေသည်။ သူမ၏နောက်ခံရော အရည်အချင်းရော အပြစ်ဆိုရက်စရာ မရှိချေ။ ဖုန်းရှီ၏ ကိုယ်လုပ်တော် ၆၉ယောက်သည် ကျိယုနှင့် လုံးဝယှဉ်နိုင်လိမ့်မည် မဟုတ်ချေ။
ဖုန်းရွှမ် တကယ်ပြောနေခြင်းဟုတ်မဟုတ် ရန်ကိုင်မသိချေ။ သူ့စိတ်ထဲ အတွေးနက်နေစဉ်မှာပင် သူ့နားထဲ အသံတစ်သံကို ကြားလိုက်ရလေသည်။ “ဖုန်းရွှမ်လိမ်နေတာမဟုတ်ဘူး… ဒီသွေးကျောက်စိမ်းချီလင်က မျိုးဆက်တစ်ခုချင်းစီက သခင်လေးတိုင်းရဲ့မိန်းမကို ကိုယ်စားပြုတာ… သွေးကျောက်စိမ်းချီလင်ကို ပိုင်ဆိုင်ထားတဲ့လူပဲ သခင်လေးရဲ့ မိန်းမအဖြစ် ယူဆလို့ရတယ်… အခြားမိန်းမတွေအကုန်လုံးက ကိုယ်လုပ်တော်တွေပဲ…”
အသံပိုင်ရှင်မှာ အန်းရို့ယွင်သာ ဖြစ်လေသည်။ အန်းရို့ယွင်ကမူ သူ့အား လိမ်လိမ့်မည်မဟုတ်မှန်း သိထားသည့်အတွက်ကြောင့် ရန်ကိုင် ခေါင်းညိတ်လိုက်လေ၏။
“ဒီဘုရင်က အဲ့သွေးကျောက်စိမ်းချီလင်ရုပ်တုတစ်ခုပဲ ပြန်လိုချင်တာ… အဲ့ဒါကြောင့် မင်းအဲ့ပစ္စည်းကို ငါ့ဆီပြန်ပေးမယ်လို့ မျှော်လင့်ပါတယ်…” ထိုသို့ပြောရင်းမှ ဖုန်းရွှမ်သည် သူ့လက်ကို ဆန့်ထုတ်လိုက်လေသည်။
ရန်ကိုင်က အဓိပ္ပာယ်ပါပါ ပြုံးလျက် ပြန်မေးလိုက်လေသည်။ “စီနီယာ ဒီပစ္စည်းတစ်ခုပဲ ပြန်လိုချင်တာသေချာလား… သိုလှောင်လက်စွပ်ထဲမှာ အခြား အဖိုးတန်ပစ္စည်းတွေ အများကြီး ရှိနေသေးတယ်နော်…”
ဖုန်းရွှမ်က ပြောလိုက်လေသည်။ “အဲ့ပစ္စည်းတွေအကုန်လုံးက အဖိုးတန်တယ်ဆိုပေမဲ့ ငါတို့ရမ္မက်ရှာဂိုဏ်းအတွက်တော့ ရေပုံးထဲက ရေတစ်စက်စာလောက်ပဲရှိတယ်… သွေးကျောက်စိမ်းချီလင်ရုပ်ထုကတော့ ပျောက်သွားလို့မဖြစ်ဘူး…”
ရန်ကိုင်က ဝါးလုံးကွဲအော်ရယ်မော၍ ပြောလိုက်လေသည်။ “မြောက်ဘက်နယ်မြေရဲ့ ထိပ်တန်းဂိုဏ်းဆိုတဲ့အတိုင်းပါလား… ရမ္မက်ရှာဂိုဏ်းက တကယ်ကို ချမ်းသာတာပဲ… ဒီလောက်ရတနာအများကြီးကတောင် ခင်ဗျားတို့အတွက် ဘာမှ စာဖွဲ့လောက်စရာ မဟုတ်ဘူးဆိုတော့ ဒီသခင်လေး တကယ်ကို မျက်စိပွင့်နားပွင့် ဖြစ်သွားပြီ…”
ဖုန်းရွှမ်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် လှောင်ပြောင်လိုဟန်ဖြင့် ပြောလိုက်လေသည်။ “တကယ်ကို တောသားမြို့ရောက်ပဲ…”
ရန်ကိုင်သည် ဖုန်းရွှမ်အား ညစ်ကျယ်ကျယ်ပြုံးပြလိုက်လေသည်။ ရန်ကိုင့်၏အပြုံးကိုမြင်သော် ဘာကြောင့်မှန်းမသိ ဖုန်းရှီ တုန်ရီသွားခဲ့လေ၏။
ထိုစဉ် ရန်ကိုင်သည် ဖုန်းရွှမ်အား ကြည့်၍ ပြောလိုက်လေသည်။ “စီနီယာ ဒီသွေးကျောက်စိမ်းချီလင်ရုပ်တုကို လိုချင်တယ်ဆိုရင် ဒီသခင်လေး ပြန်ပေးလို့ရပါတယ်… တကယ်တော့ ဒါက စီနီယာတို့ဂိုဏ်းအတွက် အရမ်းကို အဖိုးတန်တယ်လေ… ပြီးတော့ အခြားတစ်ယောက် အရမ်းတန်ဖိုးထားရတဲ့ ရတနာကို ဒီသခင်လေး မလိုချင်ပါဘူး…”
“အခုလို နားလည်ပေးတဲ့အတွက် ကျေးဇူးပဲ…” ဖုန်းရွှမ်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။
ထို့နောက်တွင် ရန်ကိုင်က အဓိပ္ပာယ်ပါပါ ရယ်မောလျက် “ခင်ဗျားတို့ဒုဂိုဏ်းချုပ်နဲ့ သခင်လေး ပြောခဲ့တဲ့အတိုင်းပဲ လောကကြီးမှာ ရှိတဲ့ ဘယ်အရာမဆို အကုန်ဆွေးနွေးလို့ရတယ်… စီနီယာ ဒါကို ပြန်လိုချင်တယ်ဆိုရင် ကိစ္စမရှိပါဘူး… စီနီယာက ကျုပ်ကို တူညီတဲ့တန်ဖိုးတစ်ခုခု ပြန်ပေးသရွေ့ပေါ့…”
ထိုသို့ပြောနေစဉ်အတောအတွင်း ရန်ကိုင်သည် ငွေလိုချင်နေသည့်အလား သူ့လက်ချောင်းများနှင့် လက်ဖဝါးကို ပွတ်သပ်နေခဲ့လေသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း ခပ်လှမ်းလှမ်းမှ ရပ်ကြည့်နေကြသော ဟုယွမ်နှင့် အခြားသူအားလုံး ကြက်သေသေကုန်ကြလေသည်။