အခန်း (၂၄၂၅-၂၄၂၇)
Vol. 98 Ch. 2425-2428
အပိုင်း (၂၄၂၅)
ဖုန်းရှီမျက်နှာ ရုတ်တရက် ဖြူလျော်သွားခဲ့ပြီး မသိမသာလေး ချောင်းဟန့်လိုက်လေသည်။ ယခင်တစ်ကြိမ် ရန်ကိုင် ထိုကဲ့သို့ပြောစဉ်က သူနှင့် ဒုဂိုဏ်းချုပ်၏ သိုလှောင်လက်စွပ်နှစ်ကွင်း ပါသွားခဲ့ရသည်။ ယခု ထိုစကားကိုပင် ထပ်ပြောလာခဲ့ပြန်လေပြီ။ နောက်တစ်ကြိမ် သူတို့ဘက်မှ ဘာများ ထပ်ပါသွားဦးမည်နည်း။ ရုတ်တရက် သူ့စိတ်ထဲ ဘာကြောင့် မသက်မသာ ခံစားနေရသလဲ ဆိုသည်ကို ဖုန်းရှီ နားလည်သွားတော့လေသည်။
ဖုန်းရွှမ်သည် ရန်ကိုင့်အား ထူးထူးဆန်းဆန်း အမူအယာဖြင့် ကြည့်လျက် တည်တည်ငြိမ်ငြိမ်ဖြင့် မေးလိုက်လေသည်။ “မင်းက ဒီဘုရင်ကို ဈေးလာဆစ်နေတာလား…”
ရန်ကိုင်သည် ဖုန်းရွှမ်ကို ပြန်ကြည့်လျက် ပြောလိုက်လေ၏။ “စီနီယာက သွေးကျောက်စိမ်းချီလင်ကို လိုချင်မှတော့ တစ်ခုခုတော့ ပြန်ပေးရမှာပေါ့… စီနီယာက ဂုဏ်သိက္ခာကြီးမားတဲ့ လူတစ်ယောက်ပဲ… ဒီလောကကြီးမှာ အလကားရတဲ့နေ့လည်စာ မရှိဘူးဆိုတာ သိသင့်တာပေါ့…”
ဖုန်းရွှမ်မှာ သူ့ဒေါသကို တတ်နိုင်သလောက် ချုပ်တည်းထားရင်း မျက်နှာကြီးမှုန်ကုပ်လျက် ပြန်မေးလိုက်လေသည်။ “ဘယ်လောက်လဲပြော…”
ရန်ကိုင်က အော်ရယ်မောလျက် “စီနီယာက တကယ်ကို ပြောရဆိုရ လွယ်ကူတာပဲ… စီနီယာရဲ့သားထက် အများကြီးသာတယ်… စီနီယာဘက်က လက်ပေါက်ကပ်မနေမှတော့ ဒီဂျူနီယာကလည်း များများစားစား မတောင်းတော့ပါဘူး… ဒီလောက်ဆိုလုံလောက်ပြီ…”
ပြောပြီးသည့်နောက် လက်တစ်ချောင်း ထောင်ပြလိုက်လေ၏။
ဖုန်းရွှမ်က ယဲ့ယဲ့လေးခေါင်းညိတ်လျက် “ဆယ်သန်းလား… ရတယ်လေ…”
ရန်ကိုင်သည် ဖုန်းရွှမ်အား မင်သက်နေသည့် အမူအယာဖြင့် စိုက်ကြည့်လျက် ဝါးလုံးကွဲအော်ရယ်မောရင်းမှ ပြန်ပြောလိုက်လေသည်။ “ဆယ်သန်း… စီနီယာနောက်နေတာလား… ဒီသွေးကျောက်စိမ်းချီလင်က စီနီယာရဲ့ဘိုးဘေးကနေ လက်ဆင့်ကမ်းပေးလာတဲ့ အမွေပိုင်ပစ္စည်းတစ်ခုနော်… ဒါက ရတနာတစ်ခု မဟုတ်ရင်မဟုတ်နိုင်ပေမဲ့ စီနီယာတို့ဂိုဏ်းရဲ့ ဂုဏ်ကျက်သရေကို ကိုယ်စားပြုတဲ့ အမှတ်အသားတစ်ခုပဲ… စီနီယာရဲ့မျက်လုံးထဲမှာ ဒါက ဆယ်သန်းပဲတန်တာလား…”
“ဒီတော့ မင်းက သန်းတစ်ရာလိုချင်နေတာပေါ့…” ဖုန်းရွှမ်၏မျက်လုံးထဲ အေးစက်စက်အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့ပြီး ဒေါသတကြီးဖြင့် ပြန်ပြောလိုက်လေသည်။ “ကောင်လေး… မင်းက တော်တော်လေးကို လောဘကြီးပါလားကွ… စားချင်ရင်လည်း ကြည့်ကျက်စားနော်… တော်ကြာ ဗိုက်မနိုင်ပဲ ပေါက်ကွဲထွက်နေဦးမယ်…”
“သန်းတစ်ရာ…” ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “ရမ္မက်ရှာဂိုဏ်းက စီးပွားရေးတွေအများကြီးကို ထိန်းချုပ်ထားတာ… ဒီလောက်တောင်ချမ်းသာနေတာတောင် သန်းတစ်ရာပဲပေးနိုင်တာလား… စီနီယာ့ဆီကတောင်းရတာတောင် ဂျူနီယာရှက်လာပြီ… ဘာလဲ ရမ္မက်ရှာဂိုဏ်းက ဒီနေရာမှာပဲ မျက်နှာအပျက်ခံတော့မှာလား…”
“ဘာလဲ… မင်းက သန်းတစ်ထောင်တောင် လိုချင်နေတာလား…” ဖုန်းရွှမ်မှာ တစ်ခေါင်းလုံး ချာချာလည်သွားခဲ့ပြီး ဒေါသထွက်လွန်းသဖြင့် သွေးပင် အန်လုမတတ် ဖြစ်သွားခဲ့လေသည်။
“အလယ်အလတ်အဆင့် အရင်းအမြစ်ကျောက် သန်းတစ်ထောင်လောက်ကတော့ ရမ္မက်ရှာဂိုဏ်းအတွက် ဘာမှမဟုတ်လောက်ပါဘူး… ဟုတ်တယ်မလား စီနီယာ…” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် ပြန်မေးလိုက်လေသည်။
“အလယ်အလတ်အဆင့် အရင်းအမြစ်ကျောက်…” ဖုန်းရွှမ်၏ ပါးစပ်ကြီး မဲ့ရွဲ့သွားခဲ့လေသည်။ အစကတော့ ရန်ကိုင်သည် အဆင့်နိမ့် အရင်းအမြစ်ကျောက်သန်းတစ်ထောင်ကို လိုချင်နေခြင်း ဖြစ်သည်ဟု ထင်နေခြင်း ဖြစ်လေသည်။ အလယ်အလတ်အဆင့် အရင်းအမြစ်ကျောက်များ ဖြစ်နေလိမ့်မည်ဟုတော့ မထင်ထားခဲ့ချေ။ ထို့အတွက်ကြောင့် ဖုန်းရွှမ်မှာ ဒေါမာန်တကြီး ထအော်တော့လေ၏။ “ခွေးကောင်လေး… လက်စသတ်တော့ မင်းက ငါ့ကို သွေးကျောက်စိမ်းချီလင် မပေးချင်လို့ တမင်သက်သက် လာနောက်နေတာကိုး… ကောင်းပြီလေ… အဲ့လိုဆိုမှတော့လည်း ဒီဘုရင်က ဒီလောကကြီးမှာ မင်းရန်စလို့မရတဲ့ လူတွေ ရှိတယ်ဆိုတာကို မင်းမိဘတွေကိုယ်စား သင်ပေးရသေးတာပေါ့…”
အစကတော့ ဖုန်းရွှမ်မှာ သူ့အဆင့်အတန်းနှင့် ဂုဏ်သိက္ခာကို ထောက်ထား၍ တာအိုသခင်တတိယအဆင့်သာ ရှိသေးသော ရန်ကိုင်ကဲ့သို့ ဂျူနီယာတစ်ဦးအား မတိုက်ခိုက်ချင်ပေ။ သို့သော်ငြား ရန်ကိုင်မှ မတန်တဆဈေးအား တောင်းဆိုလာသည်ကို မြင်ပြီးသည့်နောက်တွင် ဖုန်းရွှမ် ဆက်၍ သည်းမခံနိုင်တော့ချေ။ သူ့ဂုဏ်သိက္ခာ ထိခိုက်ရမည်ဆိုလျှင်ပင် ရန်ကိုင့်ကို သတ်ပစ်ချင်နေလေပြီ။ အခြားသူများသည်လည်း သူ့အား အနိုင်ကျင့်ဗိုလ်ကျသည်ဟု ထင်ကျလိမ့်မည်မဟုတ်။ တကယ်တော့ ရန်ကိုင့်၏လုပ်ရပ်ကိုက သောက်မြင်ကပ်ဖွယ် ကောင်းနေသည်မဟုတ်ပေလော။
ပြောရင်းဆိုရင်း ဖုန်းရွှမ်သည် ရန်ကိုင့်ဆီသို့ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်လေသည်။ မျက်တောင်တစ်ခတ်အတွင်း ကောင်းကင်နှင့် မြေပြင်တစ်ခုလုံး မှိန်ကျသွားခဲ့ပြီး နိယာမစွမ်းအားတို့သည်လည်း အဘက်ဘက်မှ ဖြာထွက်လာခဲ့လေသည်။
ရေခဲလမြို့တော်တစ်ခုလုံး ထိုလက်ဝါးချက်ကြီး၏ ဖုံးလွှမ်းခြင်း ခံလိုက်ရသည့်အလား မြို့ထဲတွင် ရှိနေသည့်လူတိုင်း အသက်ရှူမွန်းကြပ်လာကြတော့လေသည်။
ဟုယွမ်နှင့် အခြားသူများမှာ ဖြူဖတ်ဖြူလျော်မျက်နှာများဖြင့် အလျင်စလို နောက်သို့ ဆုတ်သွားကြလေသည်။ ရန်ကိုင့်အပေါ်လည်း သနားစိတ်ဝင်မိသွားကြလေ၏။ ထိုကောင်လေးသည် ကောင်းကင်နှင့်မြေပြင် မည်မျှ ကွာခြားသလဲဆိုသည်ကို မသိ။ ဧကရာဇ်တတိယအဆင့်သို့ ရောက်နေသော ပညာရှင်တစ်ပါးကို ထပ်တလဲလဲ သွားရန်စနေခဲ့လေသည်။ အသက်ရှင်ရမည်ကို ထိုကောင်လေး ငြီးငွေ့နေသလော။
ဖုန်းရွှမ်မှာ မပြောမဆိုဘဲ တိုက်ခိုက်လိုက်သည့်အတွက်ကြောင့် ရေခဲနှလုံးသားတောင်ကြားမှ အကြီးအကဲများမှာလည်း ရန်ကိုင့်အား အချိန်မီ မကယ်ဆယ်နိုင်ခဲ့ပေ။ သူတို့အသိဝင်လာချိန် နောက်ကျလွန်းနေခဲ့လေပြီ။
ဖုန်းရွှမ်မှ ထုတ်လွှတ်နေသည့် ဧကရာဇ်ဖိအားကြောင့် ရန်ကိုင့်မှာ တစ်ချက်ကလေးမှပင် မလှုပ်ရှားနိုင်တော့ဘဲ ဖြူဖတ်ဖြူလျော်မျက်နှာဖြင့် အသေကောင်ကြီးနှယ် တောင့်တောင့်ကြီး ရပ်နေခဲ့လေ၏။ သို့သော်ငြား သူ့မျက်လုံးထဲ ကြောက်ရွံ့မှုအရိပ်အယောင် တစ်စွန်းတစ်စကိုမှပင် မမြင်တွေ့ရချေ။ ထို့အစား သူ့မျက်လုံးများမှာ အကြွင်းမဲ့ တည်ငြိမ်နေပြီး လှောင်ရိပ်ပင် သန်းနေသေး၏။
ရွှစ်…
မြည်သံသဲ့သဲ့နှင့်အတူ နှင်းဖြူရောင်ဓါးချီလှိုင်းတစ်လှိုင်းသည် တည်းခိုခန်းထဲမှ ရုတ်တရက် ပျံထွက်လာခဲ့ပြီး ဖုန်းရွှမ်၏ လက်ဝါးချက်ကို သွားရောက် ထိမှန်လေသည်။
နားကွဲမတတ် ပေါက်ကွဲသံအကျယ်ကြီးနှင့်အတူ စွမ်းအင်လှိုင်းများ အဘက်ဘက်သို့ ဖြာထွက်လာခဲ့ကြလေသည်။ ထိုစွမ်းအင်လှိုင်းများကြောင့် မီတာတစ်ထောင်အတွင်းတွင် ရှိနေသော အဆောက်အဦးများအားလုံး ယိမ်းထိုးကုန်ကြလေ၏။
လက်ဝါးချက်မှာ သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့ပြီး ဓါးချီလှိုင်းမှာတော့ ကောင်းကင်ယံထိတိုင် ထိုးတက်သွားခဲ့လေသည်။
အကုန်လုံး အသိပြန်ဝင်လာချိန် မိန်းမငယ်လေးတစ်ဦး ရန်ကိုင့်ရှေ့တွင် ရပ်နေသည်ကို တွေ့လိုက်ရလေသည်။ ထိုမိန်းမငယ်လေးမှာ အသက်ကြီးသည့်ပုံမပေါ် ၁၇၊ ၁၈ လောက်သာ ရှိဦးမည်ဟု ထင်ရသည်။ သို့သော်ငြား သူမ၏အရှိန်အဝါမှာ မြူမှုန်တစ်မှုန်မျှပင်လျှင် စွန်းထင်းနေခြင်း မရှိသည့်အလား အလွန်တရာကိုမှ သန့်စင်နေပေသည်။
အမျိုးသမီးကို မြင်လိုက်သည်နှင့် ဖုန်းရွှမ်၏သူငယ်အိမ်များ ကျုံ့ဝင်သွားခဲ့လေသည်။
အန်းရို့ယွင်နှင့် အခြားသူများသည်လည်း အသစ်ပေါ်လာသည့် မိန်းကလေးအား အံ့အားသင့်တကြီးဖြင့် စိုက်ကြည့်ရင်း ကတုန်ကယင် လေသံများဖြင့် အော်လိုက်ကြလေသည်။ “ဆရာ…”
(ဆရာ…)
ထိုအော်သံကို ကြားသည့်အခါမှသာ အနီးမှ ရပ်စောင့်ကြည့်နေကြသော ဟုယွမ်နှင့် အခြားသူများလည်း ထိုမိန်းမငယ်လေး မည်သူမှန်း သိသွားခဲ့ကြလေသည်။ ထိုကောင်မလေးမှာ အခြားမဟုတ်၊ နှစ်ပေါင်းသုံးထောင်ကြာအောင် ပျောက်နေခဲ့သော ရေခဲနှလုံးသားတောင်ကြား၏ တည်ထောင်သူဘိုးဘေး ပင်းယွင်သာ ဖြစ်လေသည်။
“တပည့်တို့ ဆရာ့ကို နှုတ်ဆက်ပါတယ်…” အန်းရို့ယွင်နှင့် အခြားသူအားလုံး ဦးညွှတ်လိုက်ကြလေသည်။
ပင်းယွင်သည် အန်းရို့ယွင်တို့အား တည်တည်ငြိမ်ငြိမ်ဖြင့် တစ်ချက်လှမ်းကြည့်လိုက်သည်။ သူမဘာတွေးနေသလဲ မပြောနိုင်ရာ ထို့နောက် ရန်ကိုင်ဘက်သို့ လှည့်ကြည့်၍ နှာခေါင်းရှုံ့လျက် ပြောလိုက်လေ၏ “နင်က တကယ်ကို သတ္တိရှိနေတာပဲ…”
ရန်ကိုင်မှ ဖုန်းရွှမ်အား ထပ်တလဲလဲ ရန်စနေသည့် လုပ်ရပ်ကို ပင်းယွင်ပြောနေခြင်းသာ ဖြစ်လေသည်။
ပင်းယွင်သည် နှစ်ပေါင်းသောင်းနှင့်ချီကြာအောင် အသက်ရှင်လာခဲ့သော်ငြား ရန်ကိုင်ကဲ့သို့ မဆင်မခြင်လုပ်တတ်သည့် လူစားမျိုးကို တစ်ခါမှ မမြင်တွေ့ခဲ့ဖူးပေ။ ရန်ကိုင်သည် တာအိုသခင် တတိယအဆင့်သာ ဖြစ်လင့်ကစား ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးအား သွားအကြပ်ကိုင်ကာ ခြိမ်းခြောက်ဈေးကိုင်ရဲပေသည်။
“ဟဲ ဟဲ…” ရန်ကိုင်က ရယ်မောလျက် ပြုံးကာ ပြောလိုက်လေသည်။ “ကျုပ်မှာ စီနီယာရှိနေတာကို ဘာလို့ သူ့ကို ကြောက်နေရဦးမှာလဲ…” ထိုသို့ပြောပြီးနောက် စိုးရိမ်တကြီးဖြင့် တိုးတိုးလေးမေးလိုက်လေသည်။ “စီနီယာပြန်ကောင်းသွားပြီလား…”
ပင်းယွင်က နှာခေါင်းတစ်ချက်ရှုံ့လျက် “ကောင်းခါနီးပဲ…”
ထိုစကားကိုကြားသည့်အခါမှသာ ရန်ကိုင် စိတ်သက်သာရာ ရသွားခဲ့လေသည်။ ပင်းယွင်မှ ကောင်းခါနီးဟု ပြောလိုက်ခြင်းသည် သူမ အပြည့်အဝ ပြန်ကောင်းသွားပြီဟု ပြောလိုက်ခြင်းနှင့် အတူတူသာ ဖြစ်ပေသည်။ ထို့အတွက်ကြောင့် သူမအဖို့ ဖုန်းရွှမ်နှင့် ရင်ဆိုင်ဖို့ရာ ဘာပြဿနာမှ မရှိတော့ချေ။
“ပင်းယွင် နင်ဘာလုပ်နေတာလဲ…” ဖုန်းရွှမ်သည် ပင်းယွင်ကို အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်လျက် အော်ပြောလိုက်လေသည်။ “ဒီဘုရင် မှတ်မိသလောက်ဆိုရင် နင်နဲ့ ရေခဲနှလုံးသားတောင်ကြားက ယောကျ်ားလေးတပည့်တွေကို လက်မခံပါဘူး… အဲ့ဒါကို နင်က ဘာဖြစ်လို့ ဒီကောင်လေးကို လိုက်ကာကွယ်ပေးနေရတာလဲ…”
ပင်းယွင်သည် ဖုန်းရွှမ်ကိုကြည့်လျက် ပြန်ပြောလိုက်လေသည်။ “ငါ့တောင်ကြားကိစ္စကို ရှင်းပြီးတဲ့ထိစောင့်… ပြီးမှ နင်နဲ့ပြန်ပြောမယ်…”
ဖုန်းရွှမ် ကြောင်တောင်တောင် ဖြစ်သွားခဲ့လေသည်။ သို့သော်ငြား ဘာမျှတော့ပြန်မပြောခဲ့ချေ။ ကြယ်တာရာအစုအဝေးကြီးထဲတွင် သူ့အား ဤကဲ့သို့ ပြန်ပြောရဲသည့်လူ အနည်းငယ်လောက်သာ ရှိသော်ငြား ပင်းယွင်သည် ထိုလူများအနက် တစ်ဦးအပါအဝင် ဖြစ်လေသည်။ သူတို့နှစ်ဦး အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ဖူးသလို အကြိမ်တိုင်းလည်း သရေကျခဲ့ရသည်။
ပင်းယွင်သည် အန်းရို့ယွင်တို့ဘက်သို့ လှည့်၍ ပြောလိုက်လေ၏။ “ထတော့… နင်တို့ ဘာလို့ ဒူးထောက်နေကြသေးတာလဲ…”
အန်းရို့ယွင်နှင့် အခြားသူများမှာ ခေါင်းသာငုံ့ထားကြပြီး မည်သူမှ မတ်တပ်ရပ်မလာကြချေ။
ပင်းယွင်က အေးစက်စက်လေသံဖြင့် နှာခေါင်းရှုံ့လျက် ပြောလိုက်လေ၏။ “ဒီဘုရင်မထွက်သွားတာ နှစ်သုံးထောင်လောက်ပဲရှိသေးတယ်၊ နင်တို့က စကားတောင် ပြန်မပြောနိုင်ကြတော့ဘူးပေါ့ ဟုတ်လား… တောင်ကြားရဲ့ အတော်ဆုံးတပည့်ကို အခြားလူတစ်ယောက်ဆီ လက်ထပ်ပေးရဲတာ မထူးဆန်းတော့ပါဘူးလေ… ဒီဘုရင်မရဲ့ ရေခဲနှလုံးသားတောင်ကြားက ဘယ်တုန်းကများ ကိုယ်လုပ်စရာ ပြောစရာ ရှိရင် ရဲရဲဝံ့ဝံ့မပြောဘဲ၊ မလုပ်ရဲဘဲနဲ့ နေခဲ့ဖူးလို့လဲ… နင်တို့ကောင်မလေးတွေ တကယ်ကို အထင်ကြီးစရာကောင်းလှချည်းလား…”
ပင်းယွင်၏ လေသံကို ကြည့်ရသလောက် လက်ရှိအဖြစ်အပျက်အကြောင်းစုံကို သိထားသည့်ပုံပင်။ အပြင်ဘက်တွင် အခြားလူများပြောနေသည့် အကြောင်းအရာများကို နားထောင်ရင်းမှ သဲလွန်စရထားခြင်း ဖြစ်လောက်ပေသည်။
သူမ၏ဆရာ အမှန်တကယ် ဒေါသထွက်နေပြီမှန်း သိလိုက်သည့်နောက်တွင် အန်းရို့ယွင်၏ ခန္ဓာကိုယ်လေး တဆတ်ဆတ် တုန်ရီသွားခဲ့ပြီး ချက်ချင်းပဲ ထိတ်လန့်တကြားဖြင့် ပြန်ပြောလိုက်လေ၏။ “ဆရာ့ရဲ့ သင်ကြားမှုအတိုင်း မလိုက်နာခဲ့မိလို့ တပည့်တို့တွေ တကယ်ကို မှားသွားခဲ့ပါတယ်… ကျေးဇူးပြုပြီး အပြစ်ပေးပါဆရာ…”
စွန်းယွင်ရှုက စိုးရိမ်တကြီးဖြင့် ဝင်ပြောလိုက်လေသည်။ “ဆရာ… ဒီကိစ္စက ကျန်တဲ့ညီအစ်မတွေနဲ့ မဆိုင်ပါဘူး… လက်ထပ်ပွဲကို သဘောတူလိုက်တာ တပည့်တစ်ယောက်တည်းပါ… ဆရာအပြစ်ပေးချင်တယ်ဆိုရင် တပည့်ကိုပဲပေးပါ…”
“ငါနင့်ကို အပြစ်မပေးဘူးလို့ ထင်နေတာလား…” ပင်းယွင်သည် စွန်းယွင်ရှုအား စိုက်ကြည့်လိုက်လေသည်။ စွန်းယွင်ရှုမှာ ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တစ်ဦးပင် ဖြစ်လင့်ကစား ပင်းယွင်၏ စိုက်ကြည့်ခြင်းခံနေရသော် ကြောင်ကိုမြင်သည့် ကြွက်ကလေးတစ်ကောင်နှယ် တုန်ရီလာခဲ့လေသည်။
ထိုစဉ် ကျိယုက ဝင်ပြောလိုက်လေ၏။ “ကျေးဇူးပြုပြီး စိတ်ထိန်းပါဦး ဘိုးဘေး… အကြီးအကဲချုပ်က တောင်ကြားအတွက် မျှော်ကိုးပြီးတော့ပဲ အခုလိုမျိုး လုပ်ခဲ့တာပါ… ဒါကြောင့် သူတို့တွေကို ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်…”
ကျိယု၏လုပ်ရပ်ကို မြင်ပြီးသည့်နောက် စွန်းယွင်ရှု လုံးဝကို အံ့အားသင့်သွားခဲ့လေသည်။
ပင်းယွင်သည် ကျိယုအား လှမ်းကြည့်လိုက်လေ၏။ သူမ၏အမူအယာမှာ ချက်ချင်းဆိုသလို သိမ်မွေ့သွားခဲ့လေသည်။ ထို့နောက် တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်လေ၏။ “နင် အရမ်းစိတ်ပျော့လွန်းတယ်… သူက နင့်ကို မီးတွင်းထဲ တွန်းပို့ခဲ့တဲ့လူလေ… အဲ့ဒါကို ဘာဖြစ်လို့ သူ့ကိုယ်စား ဝင်ပြောပေးနေသေးတာလဲ…”
ကျိယုက ခေါင်းခါလျက် စွန်းယွင်ရှုဘက်မှ ဆက်၍ ကာပြောပေးလိုက်လေသည်။ “အကြီးအကဲချုပ် လုံးဝကို ကူကယ်ရာမဲ့နေလို့ပါ… သူသာ အခုလိုမျိုး မလုပ်လို့ရှိရင် ကျွန်မတို့ညီအစ်မတွေအတွက်လည်း အသက်ရှင်ဖို့ ခက်ခဲသွားမှာပါ… ကျန်တဲ့ညီအစ်မတွေ အန္တရာယ်ကင်းကင်းနဲ့ နေနိုင်ဖို့ ကျိယုရဲ့ ပျော်ရွှင်မှုကို စတေးရမယ်ဆိုရင် ကျိယု စတေးနိုင်ပါတယ်… ကျိယုစိတ်ထဲ အဲ့လိုလုပ်ချင်ခဲ့ပေမဲ့ ဘာဖြစ်လို့ ထွက်ပြေးမိခဲ့တာလဲ မသိဘူး… ကျိယု လုံးဝကို ရူးမိုက်မိသွားတယ်… ဒီလောကကြီးအကြောင်းကို ဘာမှ သေသေချာချာ နားမလည်ခဲ့ဘူး… အဲ့ဒါကြောင့် ဘိုးဘေး ကျေးဇူးပြုပြီး အကြီးအကဲတို့ကို အပြစ်မတင်ပါနဲ့လား…” ပြောနေရင်း ကျိယုမှာ စိတ်လည်းရှုပ် ဝမ်းလည်းဝမ်းနည်းလာသည့်အလား ရှိုက်ကြီးတငင် ငိုကြွေးတော့လေသည်။
ပင်းယွင်သည် တစ်ခုခုပြောရန် လုပ်လိုက်သော်ငြား နောက်ဆုံးတွင်မူ သက်ပြင်းချ၍သာ ခေါင်းစဉ်ပြောင်းလိုက်လေ၏။ “စိတ်အေးအေးထားလိုက်ပေတော့… ငါရောက်နေပြီဆိုမှတော့ ဘယ်သူမှ နင်မလုပ်ချင်တဲ့အရာကို တွန်းအားပေးပြီး လုပ်ခိုင်းလို့ ရတော့မှာမဟုတ်ဘူး…”
ကျိယုသည် ငိုရင်းမှ ပြုံးလျက် ဦးညွှတ်ကာ ပြောလိုက်လေသည်။ “ကျေးဇူးအများကြီးတင်ပါတယ် ဘိုးဘေး…”
ထို့နောက်တွင် ပင်းယွင်သည် စွန်းယွင်ရှုအား ကြည့်လျက် ပြောလိုက်လေ၏။ “နင့်အမှားအတွက်ကတော့ တောင်ကြားရောက်မှ ဆုံးဖြတ်တော့မယ်… အရင်ဆုံး မတ်တပ်ရပ်လိုက်…”
“ကျေးဇူးအများကြီးတင်ပါတယ်ဆရာ…” အမျိုးသမီးအားလုံး ပြိုင်တူ ပြောလိုက်ကြလေသည်။ ထို့နောက် မတ်တပ်ရပ်လိုက်ကြလေ၏။
အကုန်လုံး၏မျက်နှာကို မြင်ပြီးသည့်နောက် ပင်းယွင်၏အကြည့် ပျော့ပျောင်းသွားခဲ့လေသည်။ ဧကရာဇ်အဆင့် ပညာရှင်များအနက် တစ်ဝက်လောက်သည် သူမ၏တပည့်များ ဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။ ယခင်က သူမလက်ခံထားခဲ့သော တပည့်လေးများမှာ ယနေ့တွင်မူ ဧကရာဇ်အဆင့်သို့ ချိုးဖြတ်ဝင်ရောက်ကုန်ကြလေပြီ။ အခြားသော ဧကရာဇ်အဆင့် ပညာရှင်များကိုလည်း သူမသိပေသည်။ ထိုလူများသည် အတိတ်အခါက ရေခဲနှလုံးသားတောင်ကြား၏ ထူးချွန်ထက်မြက်သော တပည့်များ ဖြစ်ခဲ့ကြသည်။ ထိုလူများသည် သူမ၏ တိုက်ရိုက်တပည့်များ မဟုတ်သည့်တိုင် ရေခဲနှလုံးသားတောင်ကြား၏ ပထမမျိုးဆက်များတော့ ဟုတ်ပေသည်။ ထိုဧကရာဇ်အဆင့် ပညာရှင်များအနက် သူမ မမြင်ဖူးသည့်လူဆို၍ နှစ်ယောက်သုံးယောက်လောက်သာ ရှိပေသည်။ ထိုလူများကို သူမ မရှိစဉ်အတောအတွင်း အန်းရို့ယွင်နှင့် အခြားသူများမှ ခေါ်ယူထားခြင်း ဖြစ်လောက်ပေသည်။
ဤလောကကြီးတွင် အားကောင်းသည့်နောက်ခံကို ပိုင်ဆိုင်ထားခြင်း မရှိသော်ငြား ကံကြမ္မာကိုပင်လျှင် ပြောင်းလဲသွားစေနိုင်သည့် အခွင့်အလမ်းများနှင့် ကြုံကြိုက်ရသည့် ကျင့်ကြံသူများ ရှိကြပေသည်။ ထိုကဲ့သို့သော ကျင့်ကြံသူများမှာ သိုင်းတာအိုတွင် အဆင့်မြင့်မြင့်သို့ လျှောက်လှမ်းနိုင်ကြပြီး မရေမတွက်နိုင်သော အင်အားစုများ၏ ဝမ်းပန်းတသာဖိတ်ခေါ်ခြင်းကို ခံကြရလေသည်။ ထိုကဲ့သို့သော ကျင့်ကြံသူများသည် အားကောင်းသည့်နောက်ခံ မရှိသည့်တိုင် မြင့်မားသောအဆင့်သို့ တက်လှမ်းနိုင်မည်ဆိုပါက နောက်ခံသာရှိလာမည်ဆိုလျှင် ဧကရာဇ်အဆင့်သို့ ချိုးဖြတ်ဝင်ရောက်နိုင်ကြပေလိမ့်မည်။
ရန်ကိုင်သည် အကောင်းဆုံးဥပမာပင် ဖြစ်လေသည်။
ထိုကဲ့သို့သော ကျင့်ကြံသူများသာ ထိပ်တန်းဂိုဏ်းများထဲသို့ ဝင်ချင်သည်ဆိုပါက ကန့်သတ်ချက်အချို့ကို ဖြတ်ကျော်လိုက်ရုံပင်။ သို့သော်ငြား ဂိုဏ်းထဲသို့ဝင်ပြီးသွားသည့်နောက်တွင် အခြားဂိုဏ်းတစ်ဂိုဏ်းဂိုဏ်း၏ သူလျှို ဟုတ်မဟုတ် သိရလေအောင် အချိန်အတန်ကြာသည်အထိ စောင့်ကြည့်ခြင်းတော့ ခံရပေလိမ်မည်။
“သုံးလေး၊ ငါးလေး၊ ကိုးလေးရော…” ပင်းယွင်က ရုတ်တရက် ကောက်မေးလိုက်လေသည်။ သူမ၏စိတ်ထဲ မကောင်းတို့သည့် ခံစားချက်တို့ ရနေခဲ့လေ၏။
အန်းရို့ယွင်က အလျင်အမြန် ပြောလိုက်လေသည်။ “တတိယဂျူနီယာညီမက ဆရာ ရေခဲနှလုံးသားတောင်ကြားကနေ ထွက်သွားပြီး မကြာဘူး လိုက်ထွက်သွားတာပါ… ဆရာ့ကို ရှာဖို့ဆိုပြီး ထွက်သွားပေမဲ့ နောက်ပိုင်း သူနဲ့ပတ်သက်တဲ့ ဘာသတင်းအစအနကိုမှ မရတော့ပါဘူး…”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၄၂၆)
ပင်းယွင်၏ သူငယ်အိမ်များ ကျုံ့ဝင်သွားခဲ့ပြီး ချက်ချင်း ပြန်မေးလိုက်လေ၏။ “သူ့အသက်မီးအိမ်ရော လောင်နေသေးလား…”
အန်းရို့ယွင်က ပြန်ပြောလိုက်လေသည်။ “လောင်နေသေးပါတယ်ဆရာ… သူဘယ်မှာလဲဆိုတာကိုပဲ မသိတာပါ”
“အဲ့ဒါဆို အဆင်ပြေတယ်…” ထိုအခါမှသာ ပင်းယွင် စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချလိုက်နိုင်၏။
အန်းရို့ယွင်က ဆက်ပြောလိုက်လေသည်။ “ငါးမြောက်ယောက်ဂျူနီယာညီမလေးကတော့ ဧကရာဇ်အဆင့်ကို ချိုးဖြတ်ရင်း သေသွားခဲ့ပါတယ်…”
ထိုစကားကိုကြားသော် ပင်းယွင်၏ခန္ဓာကိုယ် တုန်တက်သွားခဲ့လေသည်။ သို့သော်ငြား သူမ၏ ဟန်အမူအယာကို ချက်ချင်း ပြန်ထိန်းလိုက်နိုင်၏။ ထို့နောက် သက်ပြင်းချလျက် ပြောလိုက်လေသည်။ “ကံတရားပဲပေါ့… ငါးလေးက အမြဲတမ်း ပျာတီးပျာယာနဲ့၊ သူ့အနာဂတ် ဒီလောက်လွယ်ကူမှာမဟုတ်မှန်း ငါထင်နေတာ တကယ်ကို ဖြစ်သွားခဲ့တာပဲ…”
အန်းရို့ယွင်၏မျက်လုံးများ နီရဲသွားခဲ့ပြီး သူမကိုယ်သူမ အပြစ်လိုက်လေ၏။ “သူ့စီနီယာအစ်မတစ်ယောက်အနေနဲ့ သူ့ကို ကောင်းကောင်း မစောင့်ရှောက်ပေးနိုင်တဲ့ ကျွန်မအမှားပါ…”
ပင်းယွင်ကခေါင်းခါလျက် နှစ်သိမ့်ပေးလိုက်လေ၏။ “ဒီကိစ္စက နင်နဲ့ ဘာမှမဆိုင်ဘူး… ကိုးလေးရော သူအသက်ရှင်နေသေးလား…”
အန်းရို့ယွင်က ပြန်ပြောလိုက်လေသည်။ “ကိုးယောက်မြောက်ဂျူနီယာညီမကတော့ ဧကရာဇ်အဆင့်ကို မရောက်မချင်း ထွက်မလာဘူးဆိုပြီး တံခါးပိတ်ကျင့်စဉ်ဝင်သွားတာ အခုထိပါပဲ”
“ကောင်းတယ်…” ပင်းယွင်၏မျက်နှာထက် အပြုံးတစ်ပွင့် ထွက်ပေါ်လာခဲ့လေသည်။ လွန်ခဲ့သော နှစ်၃၀၀၀ခန့်က ပင်းယွင်သည် တပည့်ကိုးယောက်ကို လက်ခံခဲ့သည်။ ထိုတပည့်ကိုးယောက်အနက် ခုနှစ်ယောက်မှာ ဧကရာဇ်အဆင့်သို့ အောင်မြင်စွာ ချိုးဖြတ်ဝင်ရောက်သွားနိုင်ခဲ့ကြသည်။ အန်းရို့ယွင်နှင့် စွန်းယွင်ရှုတို့ဆိုလျှင် ပင်းယွင်၏ မျှော်လင့်ချက်ကိုပင်လျှင် ကျော်လွန်ကာ ဧကရာဇ်ဒုတိယအဆင့်သို့ပင်လျှင် တက်ရောက်နိုင်ခဲ့ကြသည်။ ကျန်သည့်နှစ်ယောက်အနက် တစ်ယောက်မှာ ဤလောကကြီးကို စွန့်ခွာသွားခဲ့ပြီး အငယ်ဆုံးဖြစ်သည့် ကျန်တစ်ယောက်မှာတော့ ဧကရာဇ်အဆင့်သို့ ဝင်ရောက်ရန် ကြိုးပမ်းနေဆဲပင်။
တကယ်ကို အံ့ဩဖွယ်ကောင်းသည့် ရလဒ်ပင်။ ကြယ်တာရာအစုအဝေးထဲ၌ ဤကဲ့သို့ တပည့်ကိုးယောက်အနက် ခုနှစ်ယောက်ကို ဧကရာဇ်အဆင့်သို့ ရောက်အောင် လုပ်ပေးနိုင်သည့်လူဆို၍ ပင်းယွင်တစ်ဦးတည်းလောက်သာ ရှိလောက်ပေသည်။
“ပင်းယွင်… နင့်ကိစ္စတွေပြီးသွားပြီဆိုရင် ငါတို့စကားပြောလို့ ရပြီလား…” ဖုန်းရွှမ်သည် စိတ်မရှည်တော့သည့်အလား အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်လေသည်။
ပင်းယွင်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် ဖုန်းရွှမ်ကိုကြည့်ကာ ပြန်ပြောလိုက်လေသည်။ “ဒီဘုရင်မရှိတဲ့နှစ်သုံးထောင်လုံး ဂိုဏ်းချုပ်ဖုန်းက ကျွန်မရဲ့ ရေခဲနှလုံးသားတောင်ကြားကို ကောင်းကောင်းဂရုစိုက်ထားတဲ့ပုံပဲနော်…”
သူမ၏လေသံထဲ လှောင်ပြောင်ထေ့ငေါ့ရိပ်တို့ ပြည့်နေခဲ့လေသည်။ ရမ္မက်ရှာဂိုဏ်းမှ သူမ မရှိစဉ်အတောအတွင်း ရေခဲနှလုံးသားတောင်ကြားအား ဖိအားပေး၍ သူမတို့ဂိုဏ်း၏ အတော်ဆုံးသော တပည့်အား အတင်းလက်ထပ်တောင်းသည့်အပေါ် ဒေါသထွက်နေသည့်ပုံပင်။
ဖုန်းရွှမ်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်လေသည်။ “နင်နဲ့ငါ နှစ်ယောက်လုံးက မြောက်ဘက်နယ်မြေရဲ့ ထိပ်တန်းဂိုဏ်းတွေကို ကိုယ်စားပြုနေတာ… ဒီတော့ ငါတို့တွေ မဟာမိတ်ဖြစ်သွားတာ ဘာပြဿနာရှိလို့လဲ… ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှမှားနေတယ်လို့ ဒီဘုရင်မထင်ဘူး… အဲ့ဒါကို နင်က ဘာဖြစ်လို့ ဒီလောက်စိတ်ဓာတ်သေးသိမ်နေရတာလဲ…”
“ဒီဘုရင်မကပဲ စိတ်ဓာတ်သေးသိမ်တာလား ဂိုဏ်းချုပ်ဖုန်းကပဲ ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းနေတာလား…” ပင်းယွင်က ပြန်ပြောလိုက်လေသည်။ “ရှင်ကိုယ်တိုင်က အခြားလူတွေနဲ့ ယှဉ်လိုက်လို့ရှိရင် စီနီယာတစ်ယောက် ဖြစ်နေပြီလို့တောင် ပြောလို့ရတယ်… အဲ့ဒါကို ကောင်မလေးတွေကို အနိုင်ကျင့်ဗိုလ်ကျနေရတာကို သဘောတွေ့နေတယ်ပေါ့ ဟုတ်လား…”
ဖုန်းရွှမ်က မျက်မှောင်ကျုံ့လျက်ပြန်ပြောလိုက်၏။ “ပင်းယွင် နင်က တကယ်ကို အရင်ကအတိုင်း လျှာစောင်းထက်နေတုန်းပါလား… ဒီဘုရင် နင်နဲ့ ပြိုင်မငြင်းချင်တော့ဘူး… ဒီနေ့ ဒီဘုရင် ကိစ္စနှစ်ခုအတွက် ရောက်လာတာ… တစ်ခုက ငါ့သားကို ကျိယုနဲ့လက်ထပ်ပေးဖို့… နောက်တစ်ခုက သွေးကျောက်စိမ်းချီလင်ကို ပြန်ယူဖို့… ပင်းယွင် ငါတို့အရင်ခင်မင်ခဲ့တာတွေကို ထောက်ထားပြီး ဒီကိစ္စကို နင်သဘောတူပေးဖို့ ငါပြောချင်တယ်…”
ပင်းယွင်သည် အေးစက်စက်အမူအယာဖြင့် ပြုံးလိုက်ပြီး သူမ၏လက်ညှိုးကို ထောင်လျက် ပြောလိုက်လေ၏။ “ဒီဘုရင်မ နင့်ကို ရှင်းအောင်ပြောထားလိုက်မယ်… ပထမဦးဆုံးအနေနဲ့ ကျိယုက ငါတို့ ရေခဲနှလုံးသားတောင်ကြားရဲ့ ထိပ်တန်းတပည့်ပဲ… ဒီတော့ သူ့ကို နင့်ရဲ့ အမှိုက်ကောင်သားနဲ့ ဘယ်လိုမှ လက်ထပ်ပေးမှာမဟုတ်ဘူး… ဒီတော့ အဲ့အတွေးကို နင့်ခေါင်းထဲကနေ ဖျောက်လိုက်ပေတော့… ဒုတိယတစ်ခုအနေနဲ့ သွေးကျောက်စိမ်းချီလင်က ငါနဲ့ ဘာမှမဆိုင်ဘူး… နင်လိုချင်ရင် နင့်ဘာသာနင်ယူ… မယူနိုင်ဘူးဆိုရင် ရေခဲလမြို့တော်ကနေ မြန်မြန် ထွက်သွားလိုက်ပေတော့… မဟုတ်ရင် နောက်တစ်ခါ လူရှေ့သူရှေ့ထွက်လို့မရအောင် နင့်ကိုအရှက်ခွဲပါတယ်ဆိုပြီး ငါ့ကိုလာမပြောနဲ့…”
ပင်းယွင်၏ သူမလူများအတွက် မားမားမတ်မတ် ရပ်တည်ပေးနေသည့် ပုံစံကြောင့် ဖုန်းရွှမ် အံ့အားသင့်သွားခဲ့လေသည်။
နှစ်ယောက်သားကြားရှိ အခြေအနေမှာ ပိုပို၍ တင်းမာလာနေသည်ကို သတိထားမိသော် ဟုယွမ်နှင့် အခြားသူများအားလုံး ကြောက်လန့်တုန်လှုပ်သွားကုန်ကြလေသည်။
ပင်းယွင်နှင့် ဖုန်းရွှမ်တို့ကို ကြည့်ရသလောက် နှစ်ဦးစလုံး အချိန်မရွေး ထတိုက်ခိုက်ကြတော့မည့် ပုံပင်။ သူတို့သာ တကယ်ကြီး တိုက်ခိုက်ကြမည်ဆိုပါက ရေခဲလမြို့တော်တစ်ခုလုံး စိစိညက်ညက် ကြေသွားရပေလိမ့်မည်။ ထို့အတွက်ကြောင့် တိုက်ပွဲမဖြစ်ခင် ယခုတည်းက ထွက်သွားလိုက်လျှင် ကောင်းမလားဟု လူတော်တော်များများ စတင် စဉ်းစားနေကြတော့လေ၏။
အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးသည့်နောက်တွင် ဖုန်းရွှမ်သည် ယဲ့ယဲ့လေးပြုံးလျက် ပြန်ပြောလိုက်လေသည်။ “ဒီကောင်လေးက နင့်ရဲ့ တရားမဝင်သားတော့ မဟုတ်ပါဘူးနော်… နင်ဘာဖြစ်လို့ သူ့ကို ဒီလောက်တောင် ကာကွယ်ပေးနေရတာလဲ…”
ဖုန်းရွှမ်မှ ထိုကဲ့သို့ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ရေခဲနှလုံးသားတောင်ကြားမှ အကြီးအကဲအားလုံး အံတကြိတ်ကြိတ် ဖြစ်သွားကြလေသည်။ အကုန်လုံးသည် သားကောင်အား အချိန်မရွေး ခုန်အုပ်တော့မည့် ကျားတစ်ကောင်နှယ် ဖုန်းရွှမ်အား စူးရဲစွာ စိုက်ကြည့်လိုက်ကြလေ၏။
သို့ရာတွင် ပင်းယွင်ကမူ အနည်းငယ်မျှပင် ဒေါသထွက်သွားခဲ့ခြင်း မရှိချေ။ ထို့အစား ရန်ကိုင့်အား အဓိပ္ပာယ်ပါပါ ကြည့်လျက် တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်လေ၏။ “ဒီဘုရင်မမှာသာ သူ့လိုမျိုးအမွေဆက်ခံမဲ့ လူတစ်ယောက် ရှိမယ်ဆိုရင် ဘာနောင်တမှ ရစရာ မရှိတော့ဘူး…”
ဖုန်းရွှမ် လုံးဝကို မင်သက်သွားခဲ့လေသည်။
အန်းရို့ယွင်နှင့် အခြားသူများမှာလည်း ပါးစပ်အဟောင်းသားဖြင့် သူမတို့ဆရာအား လှမ်းကြည့်လိုက်ကြလေ၏။
သူမတို့ဆရာ ဘာကိုပြောချင်နေသနည်း။ ရန်ကိုင်သည် သူမ၏ တရားမဝင်သားဟု တိတ်တဆိတ် ဝန်ခံခြင်းပေလော။ ထိုလူငယ်လေးသည် တကယ်ကြီး ပင်းယွင်၏ တရားမဝင်သား ဖြစ်နေသည်လား။ ထိုသို့သာ မဟုတ်လျှင် ဘာကြောင့်များ ထိုကဲ့သို့ ပြောရလေသနည်း။
ချက်ချင်းဆိုသလို အကုန်လုံး ရန်ကိုင့်အား ကြည့်နေသည့်အကြည့်မှာ အနည်းငယ် ထူးဆန်းသွားကုန်ကြလေသည်။
ရန်ကိုင်မှာ ချွေးစေးများ ပျံလာပြီး ပင်းယွင်အား ခါးသက်စွာ ကြည့်လျက် အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြန်ပြောလိုက်လေသည်။ “စီနီယာ… စီနီယာ အခုလိုမျိုး ဆက်လုပ်နေမယ်ဆိုရင် အခြားသူတွေ အထင်လွဲကုန်လိမ့်မယ်နော်…”
ပင်းယွင်က ပြုံးလျက် ပြန်ပြောလိုက်လေသည်။ “ငါ ဒီအတိုင်း ပြောလိုက်ရုံပဲ… နင့်စိတ်ထဲ ထားနေစရာမလိုဘူး…”
သူမ တမင်သက်သက် ရန်ကိုင့်အပေါ် အခွင့်ကောင်း ယူလိုက်ခြင်းမဟုတ်ချေ။ သို့သော်ငြား ဖုန်းရွှမ်မှ သူမ ဒေါသမထွက်ထွက်လာအောင် ရန်စနေခြင်းမှန်း သိနေသည်။ ထို့အတွက်ကြောင့် သူမကိုယ်သူမ တည်ငြိမ်အောင်ထားနိုင်မည့် အကောင်းဆုံးသော ရွေးချယ်မှုကို လုပ်လိုက်ရုံသာ။
“ကြည့်ရတာ ဒီကောင်စုတ်လေးက နင်နဲ့ တကယ်ကြီး ပတ်သက်နေတဲ့ပုံပဲ…” ရန်ကိုင်နှင့် ပင်းယွင်ကြားရှိ ဆက်ဆံရေးမှာ ပုံမှန်မဟုတ်ဟု ဖုန်းရွှမ် ရုတ်တရက် ခံစားလိုက်ရလေသည်။ ထို့ကြောင့်သာ မဟုတ်လျှင် ပင်းယွင်သည် သူမ၏ဂုဏ်သတင်းကို အထိခိုက်ခံ၍ ဘာကြောင့်များ ဤကဲ့သို့ ပြောပါမည်နည်း။
“ဒါပေမဲ့ သူက နင့်ရဲ့ တရားမဝင်သားဆိုရင်တောင် သွေးကျောက်စိမ်းချီလင်ကိုတော့ ကျိန်းသေ ပြန်ပေးရမယ်… မဟုတ်ရင် ဒီဘုရင်ကို ရက်စက်လို့ဆိုပြီး လာအပြစ်မတင်နဲ့…” ဖုန်းရွှမ်သည် ရှေ့သို့ တစ်လှမ်းတိုးလိုက်ရင်းမှ လေသံမာမာဖြင့် အော်ပြောလိုက်လေသည်။
သူ၏ခြေတစ်လှမ်းနှင့်အတူ မြေပြင်တစ်ခုလုံး တသိမ့်သိမ့်တုန်ခါသွားခဲ့လေသည်။
သူ့ဆီမှ ဖြာထွက်လာသည့်ဖိအားကြောင့် ရေခဲလမြို့ထဲတွင် နေထိုင်သည့် မြို့သားများ ပို၍ အသက်ရှူမွန်းကြပ်လာကြလေသည်။
ရန်ကိုင့်၏မျက်နှာ မဆိုစလောက်ကလေး ဖြူလျော်သွားခဲ့ပြီး သွေးကျောက်စိမ်းချီလင်ကို မြင့်မြင့်ကိုင်ပြရင်းမှ သွေးရူးသွေးတမ်းဖြင့် အော်ပြောလိုက်လေ၏။ “ဒီသခင်လေးက တော်တော်လေးကြောက်တတ်တာနော်… စီနီယာဖုန်းရွှမ် ခင်ဗျားကျုပ်ကို သိပ်ပြီး မခြောက်ရင် ကောင်းလိမ့်မယ်... မဟုတ်ရင် ကျုပ် အထိတ်ထိတ်အပျာပျာနဲ့ ဒီသွေးကျောက်စိမ်းချီလင်ကို မတော်တဆ ဖျက်ဆီးပစ်မိလိုက်လိမ့်မယ်…”
ထိုစကားကိုကြားလိုက်သည့်အခိုက် အကုန်လုံး ဆွံ့အသွားကုန်ကြလေ၏။
(ဟျောင့် မင်းသာ ကြောက်တက်မယ်ဆိုရင် ဒီလောကကြီးမှာ သတ္တိရှိတဲ့လူ တစ်ယောက်မှ ရှိတော့မှာမဟုတ်ဘူးကွ…)
ပြောနေရင်း ရန်ကိုင်သည် သူ၏အရင်းအမြစ်ချီကို လှည့်ပတ်လိုက်လေရာ ရုတ်တရက်ဆိုသလို သွေးကျောက်စိမ်းချီလင်ဆီမှ အက်သံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။
ထိုအချင်းအရာကိုမြင်သော် ဖုန်းရှီ မျက်လုံးပြူးသွားခဲ့ပြီး အလန့်တကြားထအော်လေ၏။ “အဖေ… သူတကယ်ကြီး သွေးကျောက်စိမ်းချီလင်ကို ဖျက်ဆီးပစ်တော့မယ်…”
“ရပ်လိုက်စမ်း…” ဖုန်းရွှမ်က လေသံမာမာဖြင့် အော်ပြောလိုက်လေ၏။ “မင်း အဲ့ဒါကို ဖျက်ဆီးရဲဖျက်ဆီးပစ်ကြည့် ငါမင်းဘဝကို သေတာထက်ဆိုးအောင် လုပ်ပစ်မှာနော်…”
ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “အိုက်ယား… ဒီသခင်လေးက ကြောက်တတ်ပါတယ်ဆိုမှ စီနီယာက ဘာဖြစ်လို့ လာဖြဲခြောက်နေရတာလဲ… ကျုပ်အရမ်းကြောက်တတ်တာနော်…”
ပြောနေရင်း အရင်းအမြစ်ချီကို တဖြည်းဖြည်း ပို၍ လှည့်ပတ်လိုက်လေရာ သွေးကျောက်စိမ်းချီလင်ဆီမှ အက်သံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာတော့လေသည်။
ထိုအချင်းအရာကိုမြင်သော် ဖုန်းရွှမ်မှာ အသက်ပင် ကောင်းကောင်းမရှူနိုင်တော့ဘဲ သူ့မျက်နှာတစ်ခုလုံးမှာလည်း ပြာနှမ်းသွားခဲ့လေ၏။
သွေးကျောက်စိမ်းချီလင်မှာ အဖိုးတန်သည့်ရတနာတစ်ခု မဟုတ်ချေ။ ထိုအရာသည် ရမ္မက်ရှာဂိုဏ်း၏ သခင်လေး၏ မိန်းမကို ကိုယ်စားပြုနေသည့် အမှတ်သင်္ကေတတစ်ခုသာ ဖြစ်လေသည်။ ရမ္မက်ရှာဂိုဏ်း၏ သခင်လေးတိုင်းတွင် မိန်းမနှင့် ကိုယ်လုပ်တော်ပေါင်းများစွာ ရှိသည့်အတွက်ကြောင့် သွေးကျောက်စိမ်းချီလင်ကို ကိုင်ဆောင်ထားသည့်လူသာ သူ၏ တရားဝင်မယားဖြစ်သည်ဟု ပြော၍ရပေသည်။ ထိုတရားဝင်မယား ဆိုသည့်လူသည် မယားကြီးရာထူးကို လက်ခံရရှိထားပြီး ကျန်သည့်မိန်းမများနှင့် ကိုယ်လုပ်တော်အားလုံးကို အုပ်ချုပ်ရလေသည်။ သို့မှသာလျှင် ရမ္မက်ရှာဂိုဏ်း၏ သခင်လေးအနေဖြင့် သူ့မိန်းမများ၏ နှောင့်ယှက်ခြင်းမခံရဘဲ စိတ်အေးအေးဖြင့် ကျင့်ကြံနိုင်လိမ့်မည် မဟုတ်ပေလော။
ထိုကဲ့သို့သော အမှတ်အသားတစ်ခုသာ လူရှေ့သူရှေ့တွင် ဖျက်ဆီးခြင်း ခံလိုက်ရမည်ဆိုပါက ရမ္မက်ရှာဂိုဏ်း လုံးဝကို မျက်နှာပျက်ရပေလိမ့်မည်။
ခြိမ်းခြောက်၍ အလုပ်မဖြစ်သည်ကို မြင်သော် ဖုန်းရွှမ်လည်း အသက်ပြင်းပြင်းရှူသွင်း၍ သူ့အရှိန်အဝါကို ပြန်ရုတ်သိမ်းလိုက်ရလေ၏။ ထို့နောက် မှုန်ကုပ်ကုပ်အမူအယာဖြင့် ပြောလိုက်လေသည်။ “ကောင်လေး… မင်း ဘာလိုချင်တာလဲ…”
ရန်ကိုင်က နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်လေ၏။ “ကျုပ်ပြောပြီးသွားပြီလေ… စီနီယာဖုန်း သိနေသားနဲ့ ဘာလို့ ထပ်မေးနေသေးတာလဲ…”
“မင်း ငါ့ဆီကနေ အလယ်အလတ်အဆင့် အရင်းအမြစ်ကျောက် သန်းတစ်ထောင် တကယ်ကြီး လိုချင်နေတာလား…” ဖုန်းရွှမ်က ဒေါသတကြီး ထအော်ပြောလေသည်။ အရင်းအမြစ်ကျောက် သန်းတစ်ထောင်သည် ရမ္မက်ရှာဂိုဏ်းအတွက် ဘာမှ သိပ်မဟုတ်သော်ငြား သူသာ ရန်ကိုင်တောင်းသည့်အတိုင်း တကယ်ကြီး ပေးလိုက်မည်ဆိုပါက လုံးဝကို မျက်နှာပျက်ရပေလိမ့်မည်။
ရန်ကိုင်က မျက်လုံးမှေးစင်းလျက် ပြန်မေးလိုက်လေသည်။ “ဒါဆို စီနီယာ ဘယ်လောက်ပေးချင်တာလဲ….”
“အများဆုံးမှ သန်းတစ်ရာပဲရမယ်… တစ်လက်မပေးနေတာကို တစ်ကိုက်လာမလိုချင်နဲ့ကောင်လေး…” ဖုန်းရွှမ်က ပြန်ပြောလိုက်လေသည်။
“ကောင်းပြီလေ… အဲ့ဒါဆိုရင်တော့လည်း သန်းတစ်ရာပေါ့… ဒီသခင်လေးက အဲ့လောက်ကြီး လက်ပေါက်ကတ်တဲ့လူစားမျိုး မဟုတ်ပါဘူး….” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် ပြောလိုက်လေသည်။
ရန်ကိုင့်၏ တုံ့ပြန်ပုံကြောင့် အကုန်လုံး ကြောင်သွားခဲ့ကြသည်။ ရန်ကိုင် ဤမျှ အလွယ်တကူ သဘောတူလိုက်လိမ့်မည်ဟု မထင်ထားခဲ့ကြပေ။ ယခုလေးတင် ရန်ကိုင်သည် ထိန်းမရ သိမ်းမရ ပြုမူနေခဲ့သည် မဟုတ်ပေလော။ ထို့ကြောင့် ရမ္မက်ရှာဂိုဏ်း အရင်းအမြစ်ကျောက် သန်းတစ်ထောင် မပေး ပေးလာအောင် မရ ရအောင် ခြိမ်းခြောက် အကြပ်ကိုင်လိမ့်မည်ဟု ထင်နေခဲ့ခြင်း ဖြစ်လေသည်။ ထို့အပြင် ဖုန်းရွှမ်မှ သွေးကျောက်စိမ်းချီလင်ရုပ်ထုအား အလေးထားပုံကို ကြည့်ရသလောက် ရန်ကိုင်သာ ဆက်၍ တင်းခံနေမည်ဆိုပါက အရင်းအမြစ်ကျောက် သန်းတစ်ထောင်ကို ကျိန်းသေ ရနိုင်ပေလိမ့်မည်။
ရန်ကိုင် ကြောက်သွားလေခြင်းပေလော။ လူငယ်များသည် သွေးဆူလွယ်သော်ငြား သူတို့ကြောက်လန့်လာသည့်အခါတွင် တည်ငြိမ်သွားလေ့ ရှိကြပေသည်။
သို့သော်ငြား ဘာမဟုတ်သည့် တာအိုသခင် တတိယအဆင့် ကျင့်ကြံသူလေးတစ်ဦးသည် ရမ္မက်ရှာဂိုဏ်း၏ ဂိုဏ်းချုပ်အား အရင်းအမြစ်ကျောက် သန်းတစ်ရာပေးလာအောင် လုပ်ရဲခဲ့သည်။ နောက်နောင် ဤကဲ့သို့ ဖြစ်ရပ်မျိုး ရှိလေပါဦးမည်လား မည်သူမျှ မပြောတတ်ကြချေ။
“စီနီယာပင်းယွင်… ကျုပ်ကို နည်းနည်းလောက် ကူညီပေးလို့ရမလား…” ရန်ကိုင်က ပင်းယွင်ဘက်သို့လှည့်၍ ရုတ်တရက် ပြောလိုက်လေ၏။
ပင်းယွင်မှာ ရန်ကိုင် ဘာကြံလို့ကြံနေမှန်း မသိချေ။ ထို့ကြောင့် သင်္ကာမကင်းလေသံဖြင့် ပြန်မေးလိုက်လေ၏။ “နင် ဘာလုပ်ချင်နေတာလဲ…”
ရန်ကိုင်သည် သူ့လက်ထဲရှိ သွေးကျောက်စိမ်းချီလင်ရုပ်ထုကို ပြ၍ ဖြတ်တောက်သည့် ပုံစံမျိုး လုပ်ပြလိုက်လေသည်။ “စီနီယာဖုန်းရွှမ်က ကျုပ်တောင်းတာရဲ့ ဆယ်ပုံတစ်ပုံပဲ ပေးချင်နေတာလေ… ဒီတော့ သူ့ကိုလည်း ဆယ်ပုံတစ်ပုံပဲ ပေးရမှာပေါ့… အဲ့ဒါကြောင့် စီနီယာပင်းယွင် ဒီဟာကို ဆယ်ပုံတစ်ပုံလောက် ဖြတ်ပေးလို့ရမလား… စီးပွားရေးဆိုတာ မျှမျှတတလုပ်မှ အဆင်ပြေမှာ… အခြားသူတွေကိုလည်း သွားအမြတ်ထုတ်လို့ မဖြစ်သလို ကိုယ်အမြတ်ထုတ်ခံရလို့လည်း ဖြစ်လို့မရဘူး…”
ရန်ကိုင်လုပ်နေသည့်ပုံကိုကြည့်ရင်း ပင်းယွင် ရယ်ချင်ပတ်ကျိ ဖြစ်သွားခဲ့လေသည်။ သို့သော်ငြား လူမြင်ကွင်းတွင် ဖြစ်သည့်အတွက်ကြောင့် သူမ၏ဟန်အမူအယာကို ပြန်ထိမ်းထားလိုက်လေ၏။ ထို့နောက် ဓါးတစ်ချောင်းကိုထုတ်လျက် သွေးကျောက်စိမ်းချီလင်အား ဖြတ်တောက်ရန် လုပ်လိုက်လေသည်။
ရန်ကိုင်က ဖုန်းရွှမ်ကိုကြည့်လျက် အေးစက်စွာ ပြုံးရင်းမှ ပြောလိုက်လေသည်။ “စီနီယာ… ဒါမျိုးဆို အဆင်ပြေမလားဗျ…”
ဖုန်းရွှမ်မှာ ဒေါသထွက်လွန်းသဖြင့် သွေးအန်လုမတတ် ဖြစ်သွားလေသည်။ သူဘာမှမပြောနိုင်သေးခင်မှာပင် ရန်ကိုင်က ထပ်ပြောလိုက်လေသည်။ “စီနီယာ သန်းငါးရာပေးမယ်ဆိုရင် ဒီဟာကို တစ်ဝက်ဖြတ်ပေးမယ်လေ… သွေးကျောက်စိမ်းချီလင်ကို စီနီယာ ဘယ်လောက်ရနိုင်မလဲ ဆိုတာကတော့ စီနီယာ ဘယ်လောက်ပေးနိုင်လဲ ဆိုတဲ့အပေါ်မှာ မူတည်လိမ့်မယ်… ကျုပ်က အမြဲတမ်း မျှမျှတတပဲ လုပ်တာပါ…. ဒီတော့ စီနီယာ ဘယ်လောက်လောက်လိုချင်လဲ…”
ဖုန်းရွှမ်မှာ ဒေါသထွက်လွန်းသည့်အတွက်ကြောင့် အမောတကောပင် အသက်ရှူနေရလေသည်။
သူ့ဘဝတွင် တစ်ခါမှ ဤမျှ ဒေါသမထွက်ခဲ့ဖူးချေ။ သို့သော်ငြား ဘာမဟုတ်သည့် ခွေးကောင်လေးတစ်ကောင်ကြောင့် သူ့ခမျာ လူပုံအလယ်တွင် အရှက်ဗြန်းဗြန်း ကွဲခဲ့ရလေပြီ။
ဟုယွမ်နှင့် အခြားသူများမှာလည်း ကြိတ်၍ တွေးနေကြလေ၏။ (ဒီကောင်က တကယ်ကို ရက်စက်တာပဲကွ… စီနီယာဖုန်းရွှမ်ကို အရင်းအမြစ်ကျောက် သန်းတစ်ထောင် မပေး ပေးအောင်ကို လုပ်နေတာ…”
သို့သော်ငြား ရမ္မက်ရှာဂိုဏ်းအား ဤကဲ့သို့ သွားရန်စလိုက်ခြင်းဖြင့် ရန်ကိုင်သည် ဆိုးရွားသည့် တန်ရာတန်ကြေးတစ်ခုကိုတော့ ပြန်ပေးရပေလိမ့်မည်။ သူသာ ပင်းယွင်၏ တရားမဝင်သား မဟုတ်ပါက ဖုန်းရွှမ်လက်မှ မည်သို့မှ အသက်ရှင်နိုင်လိမ့်မည် မဟုတ်ချေ။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၄၂၇)
“အဖေ… သွေးကျောက်စိမ်းချီလင် ပျက်စီးသွားလို့ မဖြစ်ဘူးနော်…” ဖုန်းရှီက ထအော်လေသည်။
“မင်းပါးစပ်ပိတ်ထားစမ်း…” ဖုန်းရွှမ်သည် ဖုန်းရှီအား စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။ သူ့သားနှင့် သူ့ရှေ့ရှိ လူငယ်လေးကြားတွင် ကွာခြားချက် ကြီးကြီးမားမား ရှိနေကြောင်းကို ရုတ်တရက် နားလည်သွားခဲ့သည်။
(ငါ ဒီကောင့်ကို အရမ်း အလိုလိုက်ထားလွန်းလို့များလား) ဖုန်းရွှမ် စိတ်ထဲမှနေ၍ တွေးလိုက်လေသည်။
ရန်ကိုင်က ထပ်ပြောလိုက်လေ၏။ “ကြည့်ရတာ စီနီယာဖုန်းက အလယ်အလတ်အဆင့် အရင်းအမြစ်ကျောက်သန်းတစ်ထောင် တကယ် မတတ်နိုင်ဘူးနဲ့တူတယ်… ဒါဆိုရင်တော့ ရမ္မက်ရှာဂိုဏ်းမှာ စီးပွားရေးတွေအများကြီးရှိပြီး ချမ်းသာတယ်ဆိုတဲ့စကားကို ကျုပ်ပြန်ရုတ်သိမ်းရတော့မယ်နဲ့တူတယ်… ဒီသခင်လေးလို တောသားမြို့ရောက်က တကယ်ကို မျက်စိပွင့်နားပွင့် ဖြစ်ချင်နေတာ… ဒါပေမဲ့ ဘယ်သူကထင်ထားမှာလဲ… ကျွတ် ကျွတ် ကျွတ်… စီနီယာပင်းယွင် သူတို့မတတ်နိုင်မှတော့ ဖြတ်ကြတာပေါ့…”
ပင်းယွင်က ခေါင်းညိတ်၍ သူမဓါးကို မြှောက်လိုက်လေသည်။
ဖုန်းရွှမ်က ချက်ချင်း လှမ်းအော်ပြောလေ၏။ “ကောင်းပြီ… သန်းတစ်ထောင်…”
အလယ်အလတ်အဆင့် အရင်းအမြစ်ကျောက် သန်းတစ်ထောင်လောက်ပဲကို ဘာကြောင့်များ သူမပေးနိုင်ရမည်နည်း။ ယခုအချိန်ထိ သူသဘောမတူရသေးခြင်းမှာ ရန်ကိုင်မှ သူ့အား နှာတစ်ဖျားဖြင့် ဦးဆောင်သွားမည်ကို မလိုလားသည့် အတွက်ကြောင့်သာ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေကာမူ ဖုန်းရွှမ်သည် ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်နေဆဲ။ သူ့ကဲ့သို့ ပညာရှင်ကြီးတစ်ဦးသည် ရန်ကိုင်ကဲ့သို့သော လူငယ်လေးတစ်ဦး၏ ကြိုးဆွဲရာ လိုက်ကနေမည်ဆိုပါက မျက်နှာပျက်စရာ ဖြစ်နေပေလိမ့်မည်။ သို့သော်ငြား သူ့တွင် ရွေးချယ်စရာ ရှိမနေတော့ချေ။ ထို့အတွက်ကြောင့် လက်မခံချင်သည့်တိုင် လက်ခံရုံသာ ရှိတော့သည်။
“အဲ့လိုမှပေါ့… စီနီယာဖုန်းက တကယ်ပြတ်သားတာပဲ… အဲ့လိုစိတ်ပြတ်သားတဲ့လူတွေကို ဒီသခင်လေး တကယ်လေးစားတာ သိလား…” ရန်ကိုင်က အော်ရယ်မောရင်းမှ ပြောလိုက်လေသည်။
ရန်ကိုင်မှ ထိုကဲ့သို့ ပြောလိုက်သည်နှင့် မျက်နှာတည်ဖြင့် ရှိနေသော ပင်းယွင်သည်ပင်လျှင် မျက်မှောင်ကြုတ်သွားခဲ့လေသည်။ ရန်ကိုင် ဘာကြောင့် ဤမျှ ပေါက်တက်ကရစကားများ ပြောလွန်းနိုင်လေသလဲဆိုသည်ကို သူမနားမလည်နိုင်အောင် ဖြစ်နေခဲ့သည်။
ဖုန်းရွှမ်၏မျက်နှာကြီး အေးစက်သည်ထက် အေးစက်လာခဲ့လေသည်။ “ဒီဘုရင် မင်းကို အလယ်အလတ်အဆင့် အရင်းအမြစ်ကျောက် သန်းတစ်ထောင်ပေးနိုင်တယ်… ဒါပေမဲ့ စမ်းသပ်ချက်တစ်ခုတော့ ရှိတယ်…”
ရန်ကိုင်က နှာခေါင်းရှုံ့လျက် ချက်ချင်း ပြန်ပြောလိုက်လေသည်။ “ကြည့်ရတာ စီနီယာဖုန်း အခုထိ အိပ်မှုန်စုံမွှား ဖြစ်နေတုန်းနဲ့တူတယ်… စီနီယာဖုန်း တကယ်ကိုနားမလည်သေးတာလား… ဘာမှလုပ်မနေနဲ့... အရင်းအမြစ်ကျောက်တွေသာ အရင်ပေးလိုက်… ကျန်တာတွေကို နောက်မှပြောမယ်…”
ဖုန်းရွှမ်သည် ရန်ကိုင့်အား လှောင်ပြောင်လိုဟန်ဖြင့် စိုက်ကြည့်လျက် မေးလိုက်လေသည်။ “ဒီဘုရင် ဘာမှမပြောရသေးတာကို မင်း ဘာဖြစ်လို့ ဒီလောက် ဘူးခံပြီး ငြင်းနေတာလဲ…”
ရန်ကိုင်က အထင်အမြင်တသေးဖြင့် ပြောလိုက်လေသည်။ “ခွေးပါးစပ်ကနေ လူစကားထွက်လာမှာမဟုတ်ဘူး… ဒီတော့ ကျုပ် နားမထောင်ချင်ဘူး ရှင်းပြီလား…” ထိုသို့ပြောနေရင်းမှ လက်ဖြန့်ပြလျက် ပြောလိုက်လေသည်။ “လက်တစ်ဖက်နဲ့ ပိုက်ဆံပေးပြီး ကျန်လက်တစ်ဖက်နဲ့ ဒါကို ယူလိုက်… ဝေ့လည်ကြောင်ပတ် လုပ်မယ်တော့ မကြံနဲ့နော်…”
ဖုန်းရွှမ်မှာ သူ့ဒေါသကို အတတ်နိုင်ဆုံး ချုပ်တည်းရင်းမှ ထူးမခြားနားဟန်ဖြင့် ပြန်ပြောလိုက်လေသည်။ “အဲ့နေ့ညတုန်းက ငါ့သား မင်းလက်မှာ ဆိုးဆိုးရွားရွား ခံလိုက်ရတယ်… လူငယ်တွေဆိုတာ လဲကျပြီးရင် ပြန်ထရမှာ သဘာဝပဲ… ဒါကြောင့် ငါ့သားက မင်းကို အခု စိန်ခေါ်ချင်နေတယ်… မင်းသဘောတူရဲလားတော့ မသိဘူး…”
သူ့အဖေမှ ထိုကဲ့သို့ ပြောလိုက်သည်နှင့်တစ်ပြိုင်နက် ဖုန်းရှီသည် ရှေ့သို့တစ်လှမ်းတိုးလာပြီး ရန်ကိုင့်အား အထင်အမြင်တသေးဖြင့် လှမ်းကြည့်လိုက်လေသည်။ ထိုနေ့ညက သူ့မျက်လုံးထဲ မြင်တွေ့ခဲ့ရသော ကြောက်ရွံ့နေသည့် အရိပ်အယောင်များမှာတော့ သဲလွန်စမကျန် ပျောက်ကွယ်နေခဲ့လေပြီ။
ရန်ကိုင် အားကောင်းသည်ဟု ဖုန်းရှီမထင်ပေ။ ထိုနေ့ညက သူဒုက္ခရောက်ခဲ့ရခြင်းမှာ ရေခဲနှလုံးသားတောင်ကြားမှ အကြီးအကဲများကြောင့်သာ ဖြစ်သည်ဟု ဖုန်းရှီ ယုံမှတ်နေသေးသည်။ ရေခဲနှလုံးသားတောင်ကြား၏ ဘိုးဘေးတည်ထောင်သူမှ ပေးထားသည့် တံဆိပ်ပြားကြောင့်သာ မဟုတ်ပါက ရန်ကိုင်သည် သူ့အဆင့်သို့ မည်သည့်နည်းနှင့်မျှ ရောက်လာလိမ့်မည်မဟုတ်ဟု ဖုန်းရှီ ယုံကြည်နေသည်။
ရမ္မက်ရှာဂိုဏ်း၏ သခင်လေးတစ်ဦး ဖြစ်သည့်အလျောက် ဖုန်းရှီသည် အားကောင်းသော ကျင့်စဉ်များကို တတ်ကျွမ်းထားသည်။ ဒီလောကကြီးတွင် အခြားမည်သူများ မသင်ကြားနိုင်သည့် သိုင်းပညာရပ်များကိုလည်း လေ့ကျင့်ထားနိုင်သည်။ ထို့အတွက်ကြောင့် အဆင့်တူတွင် သူနှင့် ယှဉ်ပြိုင်နိုင်သည့်လူဆို၍ အနည်းငယ်လောက်သာ ရှိကြပေသည်။
တစ်ယောက်ချင်းယှဉ်တိုက်ရမည်ဆိုပါက မည်သူ့ကိုမှမရှုံးနိုင်ဟု ဖုန်းရှီ ယုံကြည်ပေသည်။
ထိုနေ့ညနှင့် ယနေ့တွင် ရမ္မက်ရှာဂိုဏ်းသည် ဆိုးဆိုးရွားရွားကို မျက်နှာပျက်ခဲ့ရပေသည်။ သူ့အနေဖြင့် ဆုံးရှုံးသွားသည်များကို ပြန်လည်ရယူလိုပါက ထိုကဲ့သို့ ဆုံးရှုံးသွားအောင်လုပ်ခဲ့သည့် တရားခံဖြစ်သော ရန်ကိုင့်ကို အနိုင်ယူပြီးမှသာ ဖြစ်နိုင်ပေလိမ့်မည်။
ဖုန်းရွှမ်နှင့် ယောင်ကျိုးတို့အတွက် ရန်ကိုင့်အား တိုက်ရိုက်ကြီး သွားတိုက်ခိုက်ဖို့ရာ မဖြစ်နိုင်ပေ။ သူတို့သာ တိုက်ခိုက်မည်ဆိုပါက ရေခဲနှလုံးသားတောင်ကြားမှ ဧကရာဇ်အဆင့် ပညာရှင်များလည်း ရပ်ကြည့်နေကြလိမ့်မည် မဟုတ်ချေ။ ထိုသို့သာ ဖြစ်လာမည်ဆိုလျှင် ဂိုဏ်းနှစ်ဂိုဏ်းကြား တိုက်ပွဲဖြစ်သွားနိုင်ပေသည်။
ထို့အတွက်ကြောင့် ရွေးချယ်စရာဆို၍ ဖုန်းရှီအား ရန်ကိုင့်ကို စိန်ခေါ်ခိုင်းလိုက်ခြင်းသာ ရှိတော့လေသည်။ ရန်ကိုင့်အား လူပုံအလယ်တွင် သတ်ပစ်ပြီး ဆုံးရှုံးသွားရသော ရမ္မက်ရှာဂိုဏ်း၏ ဂုဏ်သိက္ခာကို ပြန်လည်အဖတ်ဆယ်ရပေလိမ့်မည်။
သူ့အဖေ ဘာတွေးနေသလဲဆိုသည်ကို ဖုန်းရှီ ကောင်းကောင်းသိပေသည်။ သူတို့သားအဖနှစ်ဦးမှာ ထိုကိစ္စအကြောင်းကို ကြိုတင်ဆွေးနွေးတိုင်ပင်ထားခြင်း မရှိသော်ငြား ဖုန်းရွှမ်မှ ပြောလိုက်သည်နှင့်တစ်ပြိုင်နက် ဖုန်းရှီသည် ချက်ချင်းဆိုသလို အလိုက်သင့်ဝင်ပြောလေသည်။
ရန်ကိုင်သည် ဖုန်းရှီအား ကြည့်လျက် ယဲ့ယဲ့လေးပြုံးကာ ပြောလိုက်လေသည်။ “သခင်လေး… ကျုပ်ကြည့်ရသလောက်တော့ ခင်ဗျားက ဂိုဏ်းချုပ်ဖုန်းရဲ့ သွေးသားအရင်းချာ မဟုတ်လောက်ဘူးနဲ့တူတယ်နော်…”
ဖုန်းရှီကြောင်သွားခဲ့လေသည်။ သို့သော်ငြား ချက်ချင်းပဲ ဒေါမာန်တကြီးဖြင့် ပြန်ပြောလိုက်လေ၏။ “ခွေးကောင်… မင်းက တကယ်ကို လျှာစောင်းထက်နေတာပဲ…”
ရန်ကိုင်က အထင်အမြင်တသေးဖြင့် ပြန်ပြောလိုက်လေသည်။ “သခင်လေးသာ စီနီယာဖုန်းရဲ့ သားအရင်းဆိုရင် စီနီယာဖုန်းက သခင်လေးကို ဘာလို့ သေတွင်းဆီ တွန်းပို့နေမှာလဲ…”
ဖုန်းရှီမျက်နှာ ပြာနှမ်းသွားခဲ့ပြီး ချက်ချင်း ပြန်ပြောလိုက်လေ၏။ “ဒီသခင်လေးကို ဘယ်လိုတောင် အထင်သေးရဲတာလဲ… မင်းမှာ သတ္တိရှိတယ်ဆိုရင် ဘာလို့ ဘယ်သူပိုအားကောင်းလဲ မပြိုင်နိုင်တာလဲ… နိုင်တဲ့သူ ကျိယုနဲ့လက်ထပ်ရမယ်… ရှုံးတဲ့လူ မြောက်ဘက်နယ်မြေကနေ မြေပြင်ပေါ်မှာ လူးလိမ့်ပြီး ထွက်သွားရမယ်… ဘယ်တော့မှ ပြန်လာလို့ မရဘူး…”
ထိုစဉ် ကျိယုက မကျေမနပ်အမူအယာဖြင့် မျက်မှောင်ကျုံ့ကာ ဝင်ပြောလိုက်လေသည်။ “ရှင်တို့ကိစ္စက ကျွန်မနဲ့ ဘာဆိုင်လို့လဲ…”
ဖုန်းရှီသည် တစ်ခုခုတော့ တစ်ခုခုပင်။ ဘာမှမဆိုင်သည့် ကိစ္စအတွက်နှင့်ပင်လျှင် ကျိယုကို ဆွဲထည့်ရန် ကြံနေပေသည်။ သို့သော်ငြား ရန်ကိုင်မှ သူတို့နှစ်ဦးသည် သေတစ်ဖန် သက်တစ်ဆုံး အတူနေထိုင်သွားပါမည်ဟု တိုင်တည်ပြီးကြောင်း ပြောခဲ့သည်ကို အမှတ်ရလိုက်သော် ဖုန်းရှီဘာကြောင့် ဤကဲ့သို့ ပြုမူနေရသလဲဆိုသည်ကို ကျိယု ရုတ်တရက် နားလည်သွားခဲ့လေသည်။
သို့သော်ငြား ထိုအရာမှာ အကြောင်းပြချက်တစ်ခုသာ ဖြစ်ပေသည်။ အကုန်လုံးပြီးသွားသည့်နောက်တွင် သူမ၏ဂိုဏ်းတူဒေါ်လေးများသည်ပင် ထိုအကြောင်းကို စကားပြန်မစကြတော့ချေ။ ဖုန်းရှီတစ်ယောက်သည်သာ ရန်ကိုင်ပြောသွားသည့်စကားကို အတည်မှတ်ယူနေခြင်းဖြစ်လေသည်။
“အရင်းအမြစ်ကျောက်တွေအရင်ပေးလိုက်… စီနီယာဖုန်း ကိုယ့်စကားကိုယ် ပြန်ရုတ်သိမ်းချင်နေတာတော့ မဟုတ်ပါဘူး…” ရန်ကိုင်သည် ဖုန်းရှီ၏ရန်စစကားကို လျစ်လျူရှုလျက် ဖုန်းရွှမ်ဘက်သို့ လှမ်းကြည့်လိုက်လေသည်။
ဖုန်းရွှမ်သည် အသင့်ပြင်ထားသည့် သိုလှောင်လက်စွပ်ကို ထုတ်ပြလျက် ပြောလိုက်လေ၏။ “အရင်းအမြစ်ကျောက်တွေက ဒီမှာရှိနေပြီ… ဒါပေမဲ့ ညီငယ်လေး ဘာဖြစ်လို့ ခေါင်းစဉ်လွှဲချင်နေတာလဲ… မင်းငါ့သားကို ကြောက်နေတာလား… ကြောက်တယ်ဆိုလို့ရှိရင် တောင်းပန်လိုက်လေ… ငါ့သားကို ကောင်းကောင်း ပျိုးထောင်ပေးထားတာဆိုတော့ သူမင်းကို ခွင့်လွှတ်ရင် ခွင့်လွှတ်လောက်မှာပါ…”
“အရင်းအမြစ်ကျောက်တွေကို အရင်ပေး… ကျန်တာကို နောက်မှပြောမယ်…” ရန်ကိုင်က စိတ်မရှည်ဟန်ဖြင့် ပြောလိုက်လေသည်။
ဖုန်းရွှမ်သည် အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် သိုလှောင်လက်စွပ်ကို ပစ်ပေးလိုက်လေ၏။
ရန်ကိုင်လည်း သိုလှောင်လက်စွပ်ကို ဖမ်းယူပြီး ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်လေသည်။ ချက်ချင်းဆိုသလို သူ့မျက်နှာမှာ ဝင်းပသွားခဲ့ရလေသည်။
သိုလှောင်လက်စွပ်ထဲတွင် အလယ်အလတ်အဆင့် အရင်းအမြစ်ကျောက်များချည်းသာ ရှိမနေခဲ့ပဲ ထို့အစား အဆင့်မြင့် အရင်းအမြစ်ကျောက်ငါးသန်းနှင့် အလယ်အလတ်အဆင့် အရင်းအမြစ်ကျောက် သန်းငါးရာ ရှိနေခဲ့ပေသည်။ အကုန်လုံးကို ပြန်ပေါင်းကြည့်လိုက်မည်ဆိုပါက အလယ်အလတ်အဆင့် အရင်းအမြစ်ကျောက် သန်းတစ်ထောင်နှင့် အတူတူသာ ဖြစ်လေ၏။
(ရမ္မက်ရှာဂိုဏ်းက တကယ်ကို ချမ်းသာတာပဲ… အလယ်အလတ်အဆင့် အရင်းအမြစ်ကျောက် သန်းတစ်ထောင်ကို ဈေးထဲက ဂေါ်ဖီထုပ်တွေလို ပေးပစ်နေလိုက်တာ…) ရုတ်တရက် ဈေးပိုမတောင်းမိလိုက်လေခြင်းဟု ရန်ကိုင် နောင်တရလာလေတော့သည်။ ဖုန်းရွှမ်ပုံစံကို ကြည့်ရသလောက် အလယ်အလတ်အဆင့် အရင်းအမြစ်ကျောက် သန်းတစ်ထောင်သည် သူတို့အတွက် ဘာမှ သိပ်မဟုတ်သည့်ပုံပင်။
အရင်းအမြစ်ကျောက် သန်းတစ်ထောင်ပြည့်မပြည့် စစ်ဆေးကြည့်ပြီးသည့်နောက်တွင် ရန်ကိုင်သည် သွေးကျောက်စိမ်းချီလင်ရုပ်ထုကို ပြန်ပစ်ပေးလိုက်လေသည်။
ဖုန်းရွှမ်သည် သွေးကျောက်စိမ်းချီလင်ရုပ်ထုကို ဖမ်းယူလိုက်ပြီးသည့်နောက် ဖုန်းရှီဆီသို့ ပစ်ပေးလိုက်လေ၏။ ထို့နောက် ထူးမခြားနားဟန်ဖြင့် ပြောလိုက်လေသည်။ “ဒါကို ထပ်ပျောက်မယ်ဆိုရင်တော့ မင်း ရမ္မက်ရှာဂိုဏ်းရဲ့ သခင်လေး လုပ်မနေတော့နဲ့…”
ထိုစကားကိုကြားသော် ဖုန်းရှီ၏အမူအယာ ပြောင်းလဲသွားခဲ့ပြီး အလျင်စလို ပြန်ပြောလိုက်လေ၏။ “စိတ်ချပါအဖေ… သား ဒါကို နောက်တစ်ကြိမ် ထပ်မပျောက်စေရတော့ပါဘူး…”
ဖုန်းရွှမ်သည် ခေါင်းညိတ်လိုက်ပြီးသည့်နောက် ရန်ကိုင့်ဆီသို့ လှမ်းကြည့်၍ မေးလိုက်လေ၏။ “ခုနတုန်းက ပြောခဲ့တာနဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်ချင်လဲ….”
ရန်ကိုင်က အေးစက်စက်လေသံဖြင့် ရယ်မောလျက် “စီနီယာ စီနီယာ… ခင်ဗျားရဲ့သားကို သေတွင်းထဲတွန်းပို့ဖို့ ဒီလောက်တောင်စိတ်စောနေရတာလား … ကြည့်ရတာ ကျုပ်ထင်တဲ့အတိုင်းပဲ သူက ခင်ဗျားရဲ့ သားအရင်း မဟုတ်ဘူးနဲ့တူတယ်… အဲ့ဒါက အထူးအဆန်းတော့လည်း မဟုတ်ပါဘူးလေ… စီနီယာမှာ မိန်းမတွေဒီလောက်များတာ စီနီယာတစ်ယောက်တည်းနဲ့ သူတို့တွေအကုန်လုံးကို ဘယ်လိုလုပ်ပြီး ကိုင်တွယ်နိုင်မှာလဲ… ဟုတ်တယ်မလား၊ ဒီတော့ သူတို့ဘာသာ စိတ်ပြေလက်ပျောက် အပြင်လေးဘာလေးထွက်ပြီး အတွေ့အကြုံအသစ်လေးတွေ ရှာရင်လည်းရှာကြမှာပေါ့”
ထိုစကားကိုကြားသော် ဟုယွမ်နှင့် အခြားသူများ၏ အမူအယာ ထူးဆန်းသွားခဲ့ကြလေသည်။ အကုန်လုံးမှာ အော်ရယ်ပစ်လိုက်ချင်ပါသော်ငြား ဖုန်းရွှမ် ဒေါသထွက်သွားမည်ကို ကြောက်သည့်အတွက်ကြောင့် မရယ်မိအောင် အတတ်နိုင်ဆုံး ချုပ်တည်းထားခဲ့ကြလေသည်။
ဤလောကကြီးထဲတွင် မည်သူကများ ဖုန်းရွှမ်အား ဤကဲ့သို့ ပြောရဲလေသနည်း။ ရန်ကိုင်တစ်ယောက်သည်သာ ရှိပေလိမ့်မည်။ ဖုန်းရွှမ်၏ ခေါင်းပေါ် ဦးထုပ်စိမ်းတင်ပေးရဲသည့် ရန်ကိုင်၏ သတ္တိကို သူတို့ မလေးစားဘဲ မနေနိုင်အောင် ဖြစ်သွားကြလေသည်။
“ကောင်စုတ်လေး… မင်း ဘာပြောလိုက်တာလဲကွ…” ဖုန်းရွှမ်မှာ ဒေါသူပုန်ထသွားခဲ့လေသည်။ တစ်ယောက်ယောက်သာ သူတို့အား ဤကဲ့သို့ ပြောလာပါက မည်သည့်ယောက်ျားမှ သည်းခံနိုင်လိမ့်မည် မဟုတ်ချေ။
ရန်ကိုင်က ခက်ထန်သည့် အမူအယာဖြင့် ပြန်ပြောလိုက်လေ၏။ “စီနီယာဖုန်းလဲ အခုလေးတင် စီနီယာပင်းယွင်ကို ချောက်ချနေတာ မဟုတ်ဘူးလား… သူများကို ချောက်ချတုန်းကတော့ တပြုံးပြုံးနဲ့လုပ်နေပြီး ကိုယ့်အလှည့်ကျမှ ဘာလို့ ဒီလောက်တောင် နာတတ်နေတာလဲ… ကြည့်ရတာ စီနီယာ ကိုယ့်စိတ်ကိုယ် ကောင်းကောင်း မကျင့်ကြံရသေးဘူးနဲ့တူတယ်… စီနီယာပင်းယွင်နဲ့ စီနီယာဖုန်း အဲ့ဒါကွာတာပဲ…”
ထိုစကားကိုကြားသည့်အခါ ဖုန်းရွှမ် အံ့အားသင့်သွားခဲ့လေသည်။ သို့သော်ငြား သူ့ဟန်အမူအယာကို ချက်ချင်း ပြန်ထိန်းလိုက်လေသည်။ ယခုဆိုလျှင် သူ့မျက်နှာထက် မည်သည့်ဒေါသအရိပ်အယောင်မှ ရှိမနေတော့။ ထို့အစား သူ့အမူအယာမှာ ရှေးဟောင်းကန်ရေပြင်တစ်ခုနှယ် လုံးဝကို တည်ငြိမ်နေခဲ့လေသည်။
မျက်နှာကိုတည်လိုက်ပြီးသည့်နောက်တွင် ဖုန်းရွှမ်သည် ထူးမခြားနားဟန်ဖြင့် ပြောလိုက်လေသည်။ “ဘာပဲဖြစ်ဖြစ် မင်းနဲ့ရှီအာက ဒီနေ့ တိုက်ကိုတိုက်ခိုက်ရမယ်…”
ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် သဘောတူလိုက်လေသည်။ “စီနီယာက ဒီလောက် အနိုင်ကျင့်ချင်နေမှတော့လည်း ဒီသခင်လေးကလည်း သဘောမတူချင်တူချင်နဲ့ပဲ တူလိုက်ရတော့မှာပေါ့…”
ဖုန်းရှီလိုလူမျိုးကိုတော့ ရန်ကိုင် အရှင်းဂရုမစိုက်ပါချေ။ ဖုန်းရှီတွင် ဝှက်ဖဲများ ရှိနေမည်ဆိုလျှင်ပင် ရန်ကိုင်ကမူ အနည်းငယ်မျှပင် စိုးရိမ်နေခြင်းမရှိ။
ထိုကဲ့သို့ စဉ်းစားမိလိုက်သော် ရန်ကိုင်သည် ပင်းယွင်အား လေသံတိုးတိုးဖြင့် မေးလိုက်လေသည်။ “ကျုပ် သူ့ကို သတ်လိုက်ရင် အဆင်ပြေလား…”
ပင်းယွင် မျက်မှောင်ကြုတ်သွားခဲ့သည်။ ရန်ကိုင် မည်မျှ အားကောင်းကြောင်း သိထားသည့်အတွက် ရန်ကိုင့်၏စကားအား အနည်းငယ်လေးမျှပင် သံသယမဝင်ချေ။ ဧကရာဇ်အဆင့်ပညာရှင်များသည်ပင်လျှင် ရန်ကိုင်နှင့်အတွေ့တွင် မဟာသင်္ချိုင်းဆီသို့ လေးဘက်ထောက်သွားခဲ့ရသည် မဟုတ်ပေလော။ ထို့အတွက်ကြောင့် ဖုန်းရှီ မည်မျှပင် အားကောင်းနေစေကာမူ ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးထက်တော့ အားကောင်းနိုင်လိမ့်မည် မဟုတ်ချေ။ သို့တိုင် ခဏမျှ စဉ်းစားနေပြီးသည့်နောက် ပြန်ပြောလိုက်လေ၏။ “သူ့ကို အသက်ရှင်လျက် ထားနိုင်ရင်တော့ အကောင်းဆုံးပဲ… နင်သာ လူပုံအလယ်မှာ ဖုန်းရှီကို သတ်လိုက်လို့ရှိရင် ဖုန်းရွှမ်က နင့်ကို ကျိန်းသေ အလွတ်ပေးမှာမဟုတ်ဘူး… ရေခဲနှလုံးသားတောင်ကြားက သူ့ကို မကြောက်ပေမဲ့ ဖြစ်နိုင်လို့ရှိရင် ဂိုဏ်းနှစ်ဂိုဏ်း တိုက်ပွဲမဖြစ်တာ ပိုကောင်းတယ်… မဟုတ်ရင် ဘာမှမဆိုင်တဲ့တပည့်တွေအများကြီး သေကုန်ကြရမှာ…”
“ကျုပ်နားလည်ပြီ…” ရန်ကိုင်က ခေါင်းညိတ်လိုက်လေ၏။ ထို့နောက် ညစ်ကျယ်ကျယ် ပြုံးလျက် ရေရွတ်လိုက်လေသည်။ “အဲ့ဒါဆိုရင် မသေရုံတမယ် ထားပေးလိုက်ရမှာပေါ့…”
ထိုစကားကိုကြားသော် ပင်းယွင်သည် ခေါင်းမော့ရင်ကော့ကာ ရပ်နေသော ဖုန်းရှီအား ကရုဏာသက်စွာ ကြည့်လိုက်လေသည်။
ရန်ကိုင် ဖုန်းရှီ၏ စိန်ခေါ်မှုအား ချက်ချင်းသဘောတူလိုက်သည်ကို မြင်သော် အကုန်လုံး၏ မျက်နှာထက် ထူးဆန်းသည့် အမူအယာများ ထွက်ပေါ်လာကြလေသည်။ ရေခဲနှလုံးသားတောင်ကြား၏ အကြီးအကဲများသည်ပင်လျှင် စိုးရိမ်နေကြလေ၏။ ရန်ကိုင် မည်မျှ အားကောင်းကြောင်းကို သူတို့မသိကြသော်ငြား ဖုန်းရှီသည် ရမ္မက်ရှာဂိုဏ်း၏ သခင်လေးတစ်ဦး ဖြစ်သည့်အတွက်ကြောင့် သူ့ခွန်အားနှင့်ပတ်သက်၍ ဘာမှ မေးခွန်းထုတ်စရာမလိုပင်။
ကျိယုသည်ပင်လျှင် ဖုန်းရှီနှင့် တိုက်ခိုက်ရမည်ဆိုပါက မည်သည့်ဒဏ်ရာမှ မရဘဲ ပြန်ထွက်လာနိုင်လိမ့်မည်မဟုတ်ချေ။ ရန်ကိုင်သည် ကျိယုထက် ပို၍ အားကောင်းမည်လော။
ဟုယွမ်နှင့် အခြားသူများမှာတော့ အလွန်ကိုမှ စိတ်လှုပ်ရှားနေကြလေသည်။ သူတို့ စိတ်လှုပ်ရှားနေရခြင်းမှာ တာအိုသခင်တတိယအဆင့် ပညာရှင်နှစ်ဦး တိုက်ခိုက်တော့မည်အတွက်ကြောင့် မဟုတ်ချေ။ အကုန်လုံးမှာ ဧကရာဇ်အဆင့် ပညာရှင်များ ဖြစ်ကြသည့်အတွက် တာအိုသခင်အဆင့် ကျင့်ကြံသူနှစ်ဦး၏ တိုက်ပွဲအပေါ် ဘာကြောင့်များ စိတ်လှုပ်ရှားနေရပါမည်နည်း။ သူတို့စိတ်လှုပ်ရှားနေရခြင်းမှာ ဤနည်းဖြင့် ထိပ်သီးဂိုဏ်းနှစ်ဂိုဏ်းဖြစ်သော ရေခဲနှလုံသားတောင်ကြားနှင့် ရမ္မက်ရှာဂိုဏ်းကြားမှာ ပဋိပက္ခတို့ ကြေအေးသွားမည့် အတွက်ကြောင့်ပင်လျှင်။ ဂိုဏ်းနှစ်ဂိုဏ်းသာ တိုက်ပွဲမဖြစ်ပါက သူတို့လည်း အေးအေးချမ်းချမ်းဖြင့် နေရပေလိမ့်မည်။ ထိုသို့သာ မဟုတ်လျှင် မြောက်ဘက်နယ်မြေတစ်ခုလုံး စစ်မီးတောက်များ ပြန့်နှံ့လာကာ သူတို့၏ဘဝများမှာလည်း အေးချမ်းတော့လိမ့်မည် မဟုတ်ချေ။
ရန်ကိုင်သည် တိုက်ပွဲအား အရှင်းဂရုမစိုက်ကြောင်းကို အကုန်လုံး သတိထားမိပေသည်။ သို့သော်ငြား ဖုန်းရွှမ်ကမူ ထိုကဲ့သို့မဟုတ်ချေ။ နိုင်ထက်စီးနင်းအမူအယာဖြင့် ရန်ကိုင့်အား ဖုန်းရှီနှင့် မတိုက်ခိုက် တိုက်ခိုက်အောင် အတင်း ဖိအားပေးခဲ့လေသည်။
ထိုအခိုက်အတန့်တွင် ဟုယွမ်က အလျင်စလို ဝင်ပြောလိုက်လေသည်။ “မြို့ထဲမှာ အဆင်သင့်တည်ဆောက်ထားတဲ့ ကြိုးဝိုင်းတစ်ခုတော့ ရှိတယ်… သခင်လေးတို့ စိတ်ထဲမထားလို့ရှိရင် အဲ့နေရာမှာ သွားတိုက်ခိုက်ကြပါလား…”
ဖုန်းရွှမ်က ခေါင်းညိတ်လျက် ပြောလိုက်လေ၏။ “ကောင်းပြီလေ… အဲ့လိုဆိုရင် အဲ့ကို သွားကြတာပေါ့…”
ပြောနေရင်း ဖုန်းရွှမ်၏ခန္ဓာကိုယ်ဆီမှ ဧကရာဇ်ချီတို့ ဖြာထွက်လာခဲ့ပြီး ဖုန်းရှီနှင့်အတူ အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေသည်။ ယောင်ကျိုးသည် ရန်ကိုင့်အား အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်လိုက်ပြီးသည့်နောက် လှောင်ပြုံးပြုံးကာ ထွက်သွားလေသည်။
“ဆရာ… အဆင်ပြေပါ့မလား… ကျိယုကို သူနဲ့တိုက်ခိုင်းလိုက်ရင်ရော… ဖုန်းရှီက ကျိယုကို ကြိုက်နေတာဆိုတော့ သူ့ကို သတ်ရဲမှာတော့မဟုတ်ဘူး… ပြီးတော့ သူတို့နှစ်ဦးရဲ့ ခွန်အားက ဒီလောက်ကွာတာမဟုတ်တော့ ကျိယုက ဖုန်းရှီအတွက် ပြိုင်ဘက်ကောင်းတစ်ယောက် ဖြစ်လောက်မှာပါ…” စွန်းယွင်ရှုသည် သူမစိတ်ထဲ ပေါ်လာသည့်စကားကို လုံးဝ ထိန်ချန်ထားခြင်းမရှိဘဲ ပွင့်ပွင့်လင်းလင်းပြောတတ်သည့် လူစားမျိုး ဖြစ်ပေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်မည်ကဲ့သို့ ခံစားနေရမလဲဆိုသည်ကို ဂရုစိုက်မနေခဲ့ပဲ ပြောချင်သည်ကိုသာ တန်းပြောလိုက်လေ၏။