အခန်း (၂၄၂၈-၂၄၃၀)
Vol. 98 Ch. 2428-2430
အပိုင်း (၂၄၂၈)
ထိုစကားကိုကြားသည့်အခါ ကျိယုက ခေါင်းညိတ်လျက် ဝင်ပြောလိုက်လေသည်။ “ကျွန်မ သူ့ကို မကြောက်ဘူး ဘိုးဘေး… အဲ့ကောင်က ကြွားလုံးပဲထုတ်တတ်တာ… တကယ်တမ်း ဘာအရည်အချင်းမှ ဒီလောက် ရှိတာမဟုတ်ဘူး…”
ပင်းယွင် မပြောနိုင်သေးခင်မှာပင် ရန်ကိုင်က ဝါးလုံးကွဲအော်ရယ်မောလျက် ဝင်ပြောလိုက်လေသည်။ “အခုလိုစဉ်းစားပေးတဲ့အတွက် ဂျူနီယာညီမယုကို ကျေးဇူးအများကြီးတင်ပါတယ်… ဒါပေမဲ့ ဒီကောင်က ကြွားလုံးပဲ ထုတ်တတ်တာဆိုတော့ ငါ သူ့ကို ဘာမှကြောက်နေစရာ မလိုတော့ဘူး… နင့်စီနီယာအစ်ကို အဲ့ကောင်ကို သူ့မိန်းမတွေတောင် မမှတ်မိသွားတဲ့ထိ ဘယ်လိုရိုက်ပြမလဲ သေချာကြည့်ထား…”
ထိုစကားကိုကြားသည့်အခါ ကျိယု တခစ်ခစ် ရယ်မောလိုက်လေသည်။
ပင်းယွင်က ချက်ချင်း ဆူပူလိုက်လေ၏။ “နင့်ရန်သူကို အထင်သွားသေးမနေနဲ့… နင့်အကြောင်းငါသိလို့ သူ နင့်ကို နိုင်မှာမဟုတ်မှန်း ငါသိတယ်… ဒါပေမဲ့ ဖုန်းရွှမ် ဧကရာဇ်တတိယအဆင့်ကို ရောက်ထားတာလည်းမမေ့နဲ့ဦး… အဲ့အဆင့်ကို ရောက်ပြီဆိုတည်းက သူလည်း ငါ့လိုပဲ ဧကရာဇ်အာဏာပိုင်ဓာတ်လုံးတစ်လုံး ဖန်တီးနိုင်မှာ… ဖုန်းရှီမှာသာ ဧကရာဇ်အာဏာပိုင်ဓာတ်လုံးတစ်လုံး ရှိနေခဲ့ရင် နင်ဒုက္ခရောက်မှာ… အဲ့ဒါကြောင့် တိုက်ပွဲကို အချိန်ဆွဲမနေနဲ့… မြန်မြန်အပြီးဖြတ်ပြီး ပြန်လာခဲ့လိုက်…”
ထိုစကားကိုကြားသည့်အခါ ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့လေသည်။
ရှင်းရှင်းပြောရလျှင် ဖုန်းရှီကို သူမကြောက်ချေ။ သို့သော်ငြား ဧကရာဇ်အာဏာပိုင်ဓာတ်လုံးနှင့်ဆိုလျှင်တော့ သူ့အနေဖြင့် သတိချပ်ရပေတော့မည်။ ရန်ကိုင်ကိုယ်တိုင်သည်လည်း ဧကရာဇ်အာဏာပိုင်ဓာတ်လုံးကို နှစ်ကြိမ်တိုင်တိုင် အသုံးပြုဖူးသည့် အတွက်ကြောင့် ဧကရာဇ်အာဏာပိုင်ဓာတ်လုံးတစ်လုံး မည်မျှ အားကောင်းသလဲဆိုသည်ကို ကောင်းကောင်းသိပေသည်။ ဖုန်းရှီသာ ဧကရာဇ်အာဏာပိုင်ဓာတ်လုံးကို ထုတ်သုံးလိုက်မည်ဆိုပါက ရန်ကိုင်သည် သူ့ပြိုင်ဘက် လုံးဝ ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။
ထိုကဲ့သို့ စဉ်းစားမိလိုက်သော် ရန်ကိုင်က ခေါင်းညိတ်လျက် ပြန်ပြောလိုက်လေသည်။ “ကျုပ်မှတ်ထားလိုက်ပါမယ်…”
“ဒါပေမဲ့ နင် အဲ့လောက်ကြီးလည်း စိတ်ပူမနေနဲ့… သူ ဧကရာဇ်အာဏာပိုင်ဓာတ်လုံးကို သုံးရဲရင် ငါဝင်တားပေးမယ်…” ပင်းယွင်က ပြောလိုက်လေသည်။
ရန်ကိုင်က ချက်ချင်း ပြုံးဖြီးလျက် ပြောလိုက်လေ၏။ “အဲ့ဒါဆိုရင် ကျုပ် ဘာမှ စိတ်ပူနေစရာမလိုတော့ဘူး…”
“အဲ့ဒါဆိုရင်သွားကြရအောင်… သူတို့ကို အကြာကြီး စောင့်ခိုင်းနေရင် ဗျစ်တောက်တောက် ထပ်ပြောနေဦးမယ်…” ပင်းယွင်သည် အကုန်လုံးကို ဦးဆောင်၍ ရေခဲလမြို့တော်၏ မြို့လယ်ခေါင်ဆီသို့ ထွက်သွားလေ၏။
ထိုရုတ်ရုတ်သဲသဲအဖြစ်အပျက်သည် ရေခဲလမြို့တော်ရှိ ကျင့်ကြံသူအားလုံးကို တပ်လှန့်လိုက်သလို ဖြစ်သွားစေခဲ့လေသည်။ လူတော်တော်များများမှာ တည်းခိုခန်းရှေ့ မည်သည့်ကိစ္စများ ဖြစ်ပျက်သွားသလဲဆိုသည်ကို မသိကြသေးသော်ငြား ရမ္မက်ရှာဂိုဏ်း၏ သခင်လေးဖုန်းရှီသည် ဘယ်ကမှန်းမသိရသော လူငယ်လေးတစ်ဦးနှင့် မြို့လယ်ခေါင်ရှိ တိုက်ပွဲစင်မြင့်ပေါ်တွင် တိုက်ခိုက်တော့မည်အကြောင်းကိုတော့ ကြားထားကြပေသည်။
ထိုသတင်းကို ကြားလိုက်သည်နှင့် တစ်ပြိုင်နက် ရေခဲလမြို့တော်တွင် ရှိနေသည့် ကျင့်ကြံသူအားလုံးနီးပါး တိုက်ပွဲစင်မြင့် ရှိရာဆီသို့ အပြေးအလွှား သွားကြလေ၏။ ရန်ကိုင်နှင့် ပင်းယွင်တို့ ထိုနေရာသို့ ရောက်လာကြသော် စင်မြင့်တစ်ခုလုံးနီးပါးမှာ လူများဖြင့် ပြည့်ကျပ်သိပ်နေခဲ့လေသည်။
တိုက်ပွဲစင်မြင့်မှာ အတော်လေးကိုမှ အထင်ကြီးဖွယ်ရာ ကောင်းပေသည်။ ထိုစင်မြင့်သည် ရေခဲလမြို့တော်၏ မြို့သခင်ကိုယ်တိုင်မှ မြို့ထဲရှိ ကျင့်ကြံသူများ သူတို့ကြားရှိ မကျေနပ်ချက်များကို စိတ်ကြိုက်ဖွင့်ထုတ်ပစ်နိုင်ရန်အတွက် ဖန်တီးပေးထားခြင်း ဖြစ်သည့်အတွက်ကြောင့် စင်မြင့်ပတ်ပတ်လည်တွင် အားကောင်းသော အစီအရင်များ၊ အကာအရံများ ရှိနေကြပေသည်။ ထို့အတွက်ကြောင့် ကျင့်ကြံသူများအနေဖြင့် အခြားသူများအား ထိခိုက်သွားမည်ကို စိုးရိမ်စရာမလိုဘဲ သူတို့ခွန်အားအကုန်အစင်ကို ထုတ်သုံးနိုင်ကြလေ၏။
ထို့အပြင် တိုက်ပွဲစင်မြင့်မှာ အတော်လေးကိုလည်း ကျယ်ပေသည်။ ဘဲဥပုံစံတိုက်ပွဲစင်မြင့်သည် အချင်းဝက် မီတာတစ်ထောင်နီးပါး ရှိလေ၏။ ထိုစင်မြင့်တစ်ခုလုံးကိုမူ ပွဲကြည့်ပရိသတ်များ ရပ်ကြည့်စေနိုင်ရန်အလို့ငှာ အလွှာလိုက်အလွှာလိုက် တပ်ဆင်ထားသော ခုံတန်းများဖြင့် ဝိုင်းရံထားခဲ့လေသည်။
လက်ရှိအချိန်တွင် ခုံတန်းအားလုံး ပြည့်နေပြီဖြစ်သော်ငြား လူများမှာတော့ အတောမသတ်နိုင်အောင် ရောက်ရှိလာနေကြပေသေးသည်။
ဖုန်းရှီသည် မည်သူ့ကိုမှ ထီမထင်သည့် အမူအယာမျိုးဖြင့် တိုက်ပွဲစင်မြင့်အလယ်ဗဟိုတွင် ရပ်နေခဲ့လေသည်။
ရန်ကိုင်ရောက်လာသည်ကိုမြင်သော် ရန်ကိုင့်အား သူ့လည်ပင်းကို လက်ဖြင့် ဖြတ်တောက်လိုက်သည့် ပုံစံမျိုး လုပ်ပြလိုက်လေသည်။
“သတိထား…” ပင်းယွင်က နောက်တစ်ကြိမ် ထပ်သတိပေးလိုက်လေသည်။
ရန်ကိုင်သည် ခေါင်းတစ်ချက် ညိတ်လိုက်ပြီး တိုက်ပွဲစင်မြင့်ဆီသို့ ပြေးထွက်သွားလေ၏။ ထို့နောက် ဖုန်းရှီနှင့် မီတာတစ်ရာအကွာတွင် ရပ်လိုက်လေသည်။
ရန်ကိုင်ရောက်လာသည်ကိုမြင်သော် ခုံတန်းများပေါ်တွင် ရှိနေကြသည့် ပွဲကြည့်ပရိသတ်များမှာ ရန်ကိုင့်ကို လက်ညှိုးတထိုးထိုးလုပ်ရင်း စတင်၍ ဆွေးနွေးကြတော့လေ၏။ ရန်ကိုင် ဘယ်သူဘယ်ဝါမှန်း မည်သူမျှ မသိကြချေ။ သို့သော်ငြား တစ်ယောက်စကား တစ်ယောက်နားထောင်ရင်းမှ မကြာခင်တွင် တည်းခိုခန်းရှေ့၌ ဖြစ်ပျက်သွားခဲ့သည့် အကြောင်းစုံကို လူတိုင်း သိသွားကြလေတော့သည်။
ရန်ကိုင်သည် ရမ္မက်ရှာဂိုဏ်း၏ ဂိုဏ်းချုပ်ဆီမှ အလယ်အလတ်အဆင့် အရင်းအမြစ်ကျောက် သန်းတစ်ထောင်ကို တောင်းယူခဲ့ရုံမက ဒုဂိုဏ်းချုပ်နှင့် သခင်လေးဆီမှလည်း သိုလှောင်လက်စွပ်နှစ်ကွင်းအား ဓါးပြတိုက်ခဲ့သည် ဆိုသော အကြောင်းကို သိလိုက်ရချိန် အကုန်လုံး အလွန်ကိုမှ စိတ်လှုပ်ရှားလာခဲ့ကြလေသည်။
ရေခဲလမြို့တော်တွင် ရှိနေသည့် ကျင့်ကြံသူအများစုမှာ ရေခဲနှလုံးသားတောင်ကြား၏ လက်အောက်တွင် ရှိနေကြသည့် အတွက်ကြောင့် ရမ္မက်ရှာဂိုဏ်းမှ ကျင့်ကြံသူများကို မနှစ်မြို့ကြချေ။ ထို့ကြောင့် ရမ္မက်ရှာဂိုဏ်း၏ အဖွဲ့ဝင်သုံးယောက် ရန်ကိုင့်လက်၌ ဆိုးဆိုးရွားရွား ခံလိုက်ရသည့်အကြောင်းကို ကြားလိုက်ရသော် အကုန်လုံးမှာ ဝမ်းသာပီတိ ဂွမ်းဆီထိ ဖြစ်ကုန်ကြလေသည်။
အားပေးသံများမှာလည်း ခုံတန်းစင်မြင့်များမှ ဟိန်းခနဲ မြည်ထွက်လာခဲ့လေ။ ထိုမြင်ကွင်းကိုကြည့်ရင်း ဖုန်းရှီမှာတော့ မျက်နှာကြီးကို မဲ့နေခဲ့လေ၏။
ထိုအချိန်တွင် စင်မြင့်ပေါ်၌ ရပ်နေသော ဖုန်းရွှမ်သည် ထိုအချက်ကို သတိပြုမိလိုက်သော် အေးစက်စက်လေသံဖြင့် ပြောလိုက်လေ၏။ “ရှီအာ… မင်း ဒီနေ့ အဲ့ကောင်လေးကို အနိုင်မယူနိုင်ဘူးဆိုရင် ရမ္မက်ရှာဂိုဏ်းရဲ့ သခင်လေး လုပ်မနေတော့နဲ့… ဒါပေမဲ့ မင်း သူ့ကို အနိုင်ယူနိုင်မယ်ဆိုရင်တော့ ကျိယုနဲ့ လက်ထပ်လို့ရစေမယ်လို့ ငါ အာမခံတယ်…”
ထိုစကားကိုကြားသော် ဖုန်းရှီ သွေးများ ဆူပွက်လာခဲ့ပြီး သူ့မျက်နှာမှာလည်း နီတက်လာခဲ့လေသည်။ ထို့နောက် ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြန်ပြောလိုက်လေ၏။ “စိတ်မပူနဲ့အဖေ… အဖေမျှော်လင့်ထားတဲ့အတိုင်း အဖေ့သားလုပ်ပြမယ်… ဒီကောင်လေးကို ကျွန်တော့်ခြေထောက်အောက်မှာ နင်းခြေပြီး ရမ္မက်ရှာဂိုဏ်းရဲ့ ပျက်စီးသွားတဲ့ ဂုဏ်သိက္ခာကို ပြန်အဖတ်ဆယ်ပေးမယ်… ရမ္မက်ရှာဂိုဏ်းကို လာရန်စရင် ဘာဖြစ်မလဲဆိုတာလည်း သူသိအောင် လုပ်ပြပေးလိုက်မယ်…”
“ကောင်းတယ်… မင်း စိတ်ကြိုက်သာလုပ်… ဘာမှ နောက်ဆံတင်းနေစရာ မလိုဘူး…” ဖုန်းရွှမ်က ခေါင်းညိတ်လိုက်လေသည်။
ထို့နောက်တွင် ဖုန်းရှီသည် ရက်စက်ကြမ်းကြုတ်စွာ ပြုံးလျက် ရန်ကိုင့်အား အေးစက်စက်အကြည့်ဖြင့် စိုက်ကြည့်ရင်း “ကောင်စုတ်လေး… ငါ့အဖေပြောတာကို ကြားတယ်မလား… မင်း ဆိုးဆိုးရွားရွား မခံစားချင်ရင် ချက်ချင်း ဒူးထောက်ပြီး တောင်းပန်လိုက်… အဲ့ဒါဆိုရင် ငါမင်းကို မြန်မြန်သေရအောင် လုပ်ပေးမယ်… မဟုတ်ဘူးဆိုရင်တော့….”
ဖုန်းရှီမှာ သူ့စကားကို ဆုံးအောင်မပြောနိုင်သေးခင်မှာပင် ရန်ကိုင်သည် သူ့မြင်ကွင်းမှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့လေ၏။
ထို့အတွက်ကြောင့် ဖုန်းရှီမှာ အထိတ်ထိတ်အလန့်လန့် ဖြစ်သွားပြီး ကောင်းကင်စိတ်အာရုံကို ကမန်းကတမ်း ဖြန့်ကျက်၍ ရန်ကိုင့်၏တည်နေရာကို အာရုံခံလိုက်လေသည်။ သို့သော်ငြား သူမည်သို့ပင် ကြိုးစားနေစေကာမူ ရန်ကိုင့်အား အာရုံခံမရခဲ့။ ရန်ကိုင်သည် ဗြုန်းစားကြီး လေထဲသို့ ပျောက်ကွယ်သွားသလားဟုပင် ထင်မှတ်ရပေသည်။
သူ့စိတ်ထဲ မယုံသင်္ကာ ဖြစ်နေစဉ်မှာပင် ဖုန်းရှီခေါင်းထဲ အချက်ပေးသံတို့ ဆူဝေသွားခဲ့လေသည်။ ထို့ကြောင့် တစ်ချက်ကလေးမှပင် တုံ့ဆိုင်းနေခြင်းမရှိဘဲ အရင်းအမြစ်ချီကို အရူးအမူးလှည့်ပတ်လျက် ဘဲဥပုံစံ အလင်းအကာအကွယ်တစ်ခုကို ထုတ်ယူလျက် သူ့ကိုယ်သူ ကာကွယ်လိုက်လေ၏။
ဤအရာသည် အလွန်ကိုမှ အဆင့်မြင့်သော အကာအကွယ် မှော်ရတနာတစ်ခု ဖြစ်ပေသည်။
ဖုန်းရှီမှ အကာအကွယ် မှော်ရတနာကို အသက်သွင်းလိုက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင်သည် တစ္ဆေသရဲတစ်ကောင်နှယ် သူ့ရှေ့တွင် ဗြုန်းစားကြီးပေါ်လာပြီး လှောင်ပြုံးပြုံးရင်း လက်သီးဖြင့် ထိုးချ
လိုက်လေသည်။
လက်သီးချက်ကလေးတစ်ချက်သာ ဖြစ်သော်ငြား ထိုလက်သီးချက်ထဲ ဤလောကကြီးတစ်ခုလုံးအား ဖျက်ဆီးပစ်နိုင်လိုက်အောင် ထင်မှတ်ရသော အဖျက်စွမ်းအားတို့ ပါဝင်နေခဲ့လေသည်။
ဖုန်းရှီ၏မျက်နှာ ဖြူဖတ်ဖြူလျော် ဖြစ်သွားခဲ့လေ၏။
မိုးခြိမ်းသံတမျှ ကျယ်လောင်သည့် ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာခဲ့ပြီး တိုက်ပွဲစင်မြင့်တစ်ခုလုံး တုန်ခါသွားခဲ့လေသည်။ ဖုန်းရှီမှာတော့ တောင်တစ်လုံး သူ့တည့်တည့်သို့ ပစ်ဝင်လာသလို ခံစားလိုက်ရကာ သူ့ရင်တစ်ခုလုံး ဗလောင်ဆူသွားခဲ့ရလေသည်။ ထို့နောက် သူ့ရင်ဘတ်တစ်ခုလုံး မခံမရပ်နိုင်လောက်အောင် နာကျင်လာပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း ကြိုးပြတ်သွားသည့် စွန်တစ်စင်းနှယ် လွင့်ထွက်သွားခဲ့လေသည်။
ဖုန်းရှီမှ အချိန်မီ ထုတ်ကာလိုက်သည့် ဒိုင်းကာဆီမှ အက်သံတို့ ထွက်ပေါ်လာခဲ့လေသည်။
အက်သံကို ကြားလိုက်သည့်အခိုက် ဖုန်းရှီ၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး အလျင်စလို ငုံ့ကြည့်လိုက်ရာ သူ့အကာအကွယ်မှော်ရတနာပေါ်တွင် ၅မီတာခန့် အရှည်ရှိသော အက်ရာကြီးတစ်ခု ရှိနေကြောင်းကို တွေ့လိုက်ရလေသည်။
အက်ရာကိုမြင်လိုက်သည့်အခိုက် ဖုန်းရှီမျက်နှာ သွေးမရှိတော့သည့်အလား ဖြူလျော်သွားခဲ့ပြီး ကြောက်ရွံ့မှုတို့သည်လည်း သူ့စိတ်အတွင်းပိုင်းဆီမှ တရိပ်ရိပ် ထိုးတက်လာခဲ့လေသည်။
ဤသည်မှာ အဆင့်မြင့်တာအိုအဆင့် မှော်ရတနာတစ်ခု ဖြစ်ပေသည်။ ဤအကာအကွယ်မှော်ရတနာကို အသက်သွင်းလိုက်ပြီဆိုသည်နှင့် မည်သည့်အဆင့်တူကျင့်ကြံသူ၏ တိုက်ခိုက်မှုကိုမဆို အသက်ဆယ်ရှိုက်စာခန့် ခုခံနိုင်ပေသည်။ သို့သော်ငြား ဤအဖိုးတန်မှော်ရတနာသည် ရန်ကိုင့်၏လက်သီးတစ်ချက်ကိုပင် မခုခံနိုင်ဘဲ အက်သွားခဲ့ရလေသည်။ ရန်ကိုင်သာ နောက်တစ်ချက် ထပ်ထိုးမည်ဆိုလျှင် မှော်ရတနာတစ်ခုလုံး ပျက်စီးသွားပေရော့မည်။
ထိုအချင်းအရာကို မြင်ပြီးသည့်နောက် ပွဲကြည့်စင်ပေါ်ရှိ ခုံပေါ်တွင် ထိုင်နေသည့် ဖုန်းရွှမ်သည်လည်း မျက်လုံးအပြူးသားဖြင့် ထရပ်လိုက်လေသည်။
ဖုန်းရွှမ်သည် ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင် လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် တစ်ခုခုမှားယွင်းနေမှန်း ချက်ချင်း နားလည်သွားခဲ့သည်။ ထိုကောင်လေးသည် လုံးဝကို သာမန် တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦး မဟုတ်ချေ။ ရှင်းရှင်းပြောရလျှင် သူ့သားသည် ထိုကောင်လေး၏ ပြိုင်ဘက် လုံးဝ မဖြစ်နိုင်ပေ။
“မြန်လိုက်တာ… အားကလည်း ကောင်းချက်ပဲ… ဒီကောင် လူရော ဟုတ်သေးရဲ့လား…” ဟုယွမ်လည်း အလန့်တကြား ထအော်လေ၏။
“လက်သီးချက်တစ်ချက်တည်းနဲ့ ဖုန်းရှီ လွင့်ထွက်သွားတာလား… ဒီကောင် ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အားကောင်းနေရတာလဲ…”
“မင်း ဘာသိလို့လဲ… အဲ့ကောင်က ဂိုဏ်းချုပ်ပင်းယွင်ရဲ့…”
“မင်းသေချင်နေတာလား… လူကြီးမင်းဖုန်းရွှမ်က အဲ့လိုပြောလို့ရပေမဲ့ မင်းက ဘာကောင်မို့လို့ အဲ့လိုပြောချင်နေတာလဲ…” ဧကရာဇ်အဆင့် ပညာရှင်အားလုံးမှာ အတွေ့အကြုံကြွယ်ဝသူများပီပီ ရန်ကိုင့်၏လက်သီးတစ်ချက်ကို မြင်ပြီးသည့်နောက် ဖုန်းရှီအနေဖြင့် ရန်ကိုင့်အား မည်သည့်နည်းနှင့်မျှ အနိုင်ယူနိုင်လိမ့်မည်မဟုတ်မှန်း သိသွားကြပေသည်။ အမြန်နှုန်းအရဖြစ်စေ ခွန်အားအရဖြစ်စေ ရန်ကိုင်သည် ဖုန်းရှီထက် အစစအရာရာ သာလွန်ပေသည်။
ရေခဲနှလုံးသားတောင်ကြားမှ အကြီးအကဲများမှာလည်း အံ့အားသင့်သွားကုန်ကြလေ၏။ သူတို့စိတ်ထဲ ရန်ကိုင် တစ်ခုခုဖြစ်သွားမည်ကို စိုးရိမ်နေခဲ့ပါသော်ငြား ရန်ကိုင် ထုတ်ပြသွားသည့်ခွန်အားကို မြင်ပြီးသည့်နောက် သူတို့စိုးရိမ်နေသည်မှာ အပိုသက်သက်သာမှန်း နားလည်သွားခဲ့ကြလေသည်။ ဤရန်ကိုင်ဆိုသည့် ကောင်လေးသည် ကျိယုထက်ပင် အများကြီးပိုသန်မာသေးသည်။
အမျိုးသမီးအားလုံးမှာ ပင်းယွင်ဆီသို့ မသိမသာလေး လှမ်းကြည့်လိုက်ကြလေ၏။ သို့ရာတွင် ပင်းယွင်မှာ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေကြောင်း တွေ့လိုက်ရလေသည်။ ပင်းယွင်ကိုကြည့်ရသည်မှာ ရန်ကိုင့်အား စိုးစဉ်းမျှပင် စိုးရိမ်ခြင်း မရှိသည့်ပုံပင်။ ထိုအခါမှသာ သူတို့ဆရာသည် ဤအချက်ကို အစောကြီးတည်းက ကြိုသိထားပြီးပြီမှန်း နားလည်သွားခဲ့ကြလေသည်။
ကျိယုအား ရန်ကိုင့်အစား ဖုန်းရှီနှင့် သွားတိုက်ခိုင်းလျှင် ပိုအဆင်ပြေလိမ့်မည်ဟု ပြောခဲ့သည့်စကားကို ပြန်အမှတ်ရလိုက်သော် စွန်းယွင်ရှုမှာ ရှက်လွန်းသဖြင့် သူမ၏ပါးများသည်ပင် နီတက်လာခဲ့လေသည်။
“သေရေးရှင်ရေးတိုက်ပွဲမှာတောင် ဟောင်ဖွာဟောင်ဖွာ လာလုပ်နေရဲတယ်… ဒီသခင်လေး မင်းပါးစပ်ကို ဘယ်လိုပိတ်ပေးမလဲ ကြည့်ထားပေတော့…” ရန်ကိုင်သည် သူ့လက်သီးများကို ငါးရောင်ခြယ်အလင်းဖြင့် လွှမ်းခြုံစေလျက် ဖုန်းရှီနောက်သို့ ပြေးလိုက်သွားလေသည်။ ဖုန်းရှီတွင် ဧကရာဇ်အာဏာပိုင်ဓာတ်လုံး ရှိမရှိကို မသိထားသည့်အတွက်ကြောင့် ရန်ကိုင်သည် သူ့ခွန်အားကို ထိန်ချန်မနေတော့ဘဲ တိုက်ပွဲအား အမြန်ဆုံး အဆုံးသတ်ပစ်နိုင်ရန် ကြိုးစားတော့လေသည်။
ရန်ကိုင်မှ ရက်ရက်စက်စက် ထိုးချလိုက်စဉ် သူ့လက်သီးချက်တွင် လွှမ်းခြုံနေသော ငါးရောင်ခြယ်ဓါးချီသည် တစ်ခုနှင့်တစ်ခု အပြန်အလှန် အားဖြည့်ပေးနေခဲ့လေရာ ရန်ကိုင့်၏တိုက်ခိုက်မှုများမှာ ပို၍ အားကောင်းကြမ်းတမ်းလာခဲ့လေ၏။
လက်ရှိရန်ကိုင်၏ခွန်အားအရ အဆင့်တူကျင့်ကြံသူတစ်ယောက်နှင့် ရင်ဆိုင်လိုလျှင် မည်သည့်မှော်ရတနာကိုမှပင်လျှင် ထုတ်သုံးနေစရာ မလိုချေ။
တဖြည်းဖြည်းနီးကပ်လာနေသော ရန်ကိုင့်၏လက်သီးချက်နှင့် ထိုလက်သီးချက်နောက်ကွယ်တွင် ပါလာနေသော ကြောက်မက်ဖွယ်ရာ စွမ်းအားကို ခံစားမိလိုက်သော် ဖုန်းရှီ နောက်သို့ ဒယီးဒယိုင် ဆုတ်သွားခဲ့လေသည်။ ရန်ကိုင်သည် လက်သီးတစ်ချက်ဖြင့် သူ့မှော်ရတနာကို အက်သွားအောင် လုပ်ပြီးတည်းက ရန်ကိုင့်၏လက်သီးချက် မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်းကို ဖုန်းရှီ သိသွားခဲ့လေပြီ။ နောက်လက်သီးတစ်ချက်သာ ထပ်ဝင်လာပါက သူ့မှော်ရတနာ လုံးဝ ပျက်စီးတော့ပေမည်။ ထိုသို့ဖြစ်သွားသည့်အခါ သူ့အနေဖြင့် မသေလျှင်ပင် ဆိုးဆိုးရွားရွားတော့ ဒဏ်ရာ ရသွားပေလိမ့်မည်။
ဖုန်းရှီမှာ သူ၏ဝှက်ဖဲကို ထုတ်သုံးတော့မည်အပြု သူ့အသက်စွမ်းအင်နှင့် အရင်းအမြစ်ချီမှာ ကသောင်းကနင်း ဖြစ်နေပြီး သူ့ခွန်အားကို ကောင်းကောင်းမွန်မွန် အသုံးချနိုင်ခြင်း မရှိကြောင်း တွေ့ရှိလိုက်ရလေသည်။ ထို့အတွက်ကြောင့် ကြောက်လန့်တုန်လှုပ်သွားခဲ့ပြီး သွေးပျက်ခြောက်ခြားစွာ ထအော်တော့လေ၏။ “အဖေ… ကျုပ်ကို ကယ်ပါဦး…”
တိုက်ပွဲစသည်မှာ အသက်ဆယ်ရှိုက်စာသာ ရှိသေးသော်ငြား ဖုန်းရှီမှာမူ သေးထွက်လုမတတ် ကြောက်လန့်နေခဲ့လေပြီ။ ပွဲကြည့်စင်ပေါ်တွင် ရှိနေသော ဖုန်းရွှမ်သည်လည်း အခြေအနေမဟန်တော့မှန်း အစောကြီးတည်းက သိနေခဲ့သည်။ ထို့ကြောင့် ဖုန်းရှီမှ အော်ခေါ်လိုက်သည်နှင့် တစ်ပြိုင်နက် သူ့လက်ကို ဆန့်ထုတ်၍ ရန်ကိုင့်အား ဖမ်းကိုင်ရန် ကြိုးစားလိုက်လေသည်။ မည်သို့ပင်ဖြစ်စေကာမူ သူ့သား လူမြင်ကွင်းရှေ့ အသတ်ခံလိုက်ရ၍ မဖြစ်ချေ။
ထိုအချင်းအရာကိုမြင်သော် ပင်းယွင်က လှောင်ပြောင်ပြောဆိုလိုက်လေ၏။ “ဖုန်းရွှမ်း ဖုန်းရွှမ်… မတွေ့ရတာ နှစ်သုံးထောင်လောက် ကြာသွားတာနဲ့ နင်က အရင်ကထက်ကို ပိုပြီး အရေထူလာတော့တာပဲလား… ဂျူနီယာနှစ်ယောက် တိုက်ခိုက်နေတာကို နင့်ဝါစဉ်ကြီးနဲ့ ဝင်ရှုပ်နေတာ မရှက်တတ်ဘူးလား…”
ထိုသို့ပြောနေရင်း ဖုန်းရွှမ်ဆီသို့ လက်ဝါးတစ်ချက်ကို အသာအယာ ရိုက်ထုတ်လိုက်လေ၏။
“ပင်းယွင်… နင် ဒီဘုရင်နဲ့ တကယ်ရန်သူ ဖြစ်ချင်နေတာလား…” ဖုန်းရွှမ် ဒေါသူပုန် ထသွားခဲ့လေသည်။ သို့တိုင် သူ့လက်ကို ပြန်ရုတ်သိမ်း၍ ပင်းယွင်၏ တိုက်ခိုက်မှုကို ခုခံလိုက်ရပေသေးသည်။ ပင်းယွင်သည် သူနှင့် အဆင့်တူကျင့်ကြံသူတစ်ဦး ဖြစ်သည့်အတွက်ကြောင့် သူသာ မခုခံပါက ပင်းယွင်၏တိုက်ကွက်ကြောင့် ဒဏ်ရာ ရသွားနိုင်ပေသည်။ သူသာ ဒဏ်ရာရသွားမည်ဆိုလျှင် ရမ္မက်ရှာဂိုဏ်း ပြဿနာ အကြီးအကျယ် တက်ပေလိမ့်မည်။
တိုက်ကွက်နှစ်ကွက် လေထဲတွင် ထိပ်တိုက်တွေ့ဆုံသွားခဲ့ပြီး တစ်ခုကိုတစ်ခု ချေဖျက်သွားခဲ့လေသည်။ ထိုတိုက်ကွက်နှစ်ခု တွေ့ဆုံရာမှ ဖြာထွက်လာသော စွမ်းအင်များမှာ ပွဲကြည့်စင်ပေါ်တွင် ရှိနေသည့် မရေမတွက်နိုင်သော ကျင့်ကြံသူများအား တုန်ရီသွားစေခဲ့လေ၏။ အားနည်းသော ကျင့်ကြံသူများဆိုလျှင် နေရာတွင်ပင် တန်းသတိလစ်သွားကုန်ကြလေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၄၂၉)
တိုက်ပွဲစင်မြင့်ပေါ်တွင် ရန်ကိုင်သည် ကျားတစ်ကောင်အလား တက်ကြွသော အရှိန်အဟုန်ဖြင့် ဖုန်းရှီ၏ အကာအကွယ်မှော်ရတနာအား ထိုးချလိုက်လေသည်။ လက်သီးနှစ်ချက်စာ မိပြီးသည့်နောက်တွင် ဖုန်းရှီ၏ အကာအကွယ်မှော်ရတနာမှာ လုံးဝ ပျက်စီးသွားခဲ့ပြီး ဖုန်းရှီကိုယ်တိုင်မှာလည်း သွေးအပွက်ပွက်အန်ရင်း ချာချာလည်ထွက်သွားခဲ့လေ၏။
သို့ရာတွင် ဖုန်းရှီမှာ သူ့ကိုယ်သူ ဟန်ချက်ပြန်မထိန်းနိုင်သေးခင်မှာပင် ရန်ကိုင်၏ တတိယမြောက်လက်သီး သူ့ဆီသို့ ထပ်မံ တိုးဝင်လာလေ၏။
သေခြင်းတရား အငွေ့အသက်တို့ကို ခံစားမိလိုက်သည့်အခိုက် ဖုန်းရှီ တစ်ကိုယ်လုံး ကြောက်ရွံ့မှုကြောင့် တဆတ်ဆတ် တုန်ရီလာပြီး မျက်နှာတစ်ပြင်လုံး သွေးဆုတ်ဖြူလျော်သွားခဲ့လေသည်။
ရန်ကိုင့်အား လုံးဝကို အထင်သေးမိလိုက်ပြီမှန်း ဖုန်းရှီ နားလည်သွားခဲ့လေသည်။ ရန်ကိုင် စလှုပ်ရှားလိုက်တည်းက ဖုန်းရှီမှာ တစ်ချက်ကလေးပင် ပြန်မတိုက်နိုင်ခဲ့ချေ။ သူတို့နှစ်ယောက် ဤမျှ ကွာခြားနေမှန်းသာ နားလည်ခဲ့မည်ဆိုပါက ဖုန်းရှီသည် တိုက်ပွဲစတည်းက သူ၏ဝှက်ဖဲကို ထုတ်သုံးခဲ့ပေလိမ့်မည်။ တဖြည်းဖြည်းတိုးဝင်လာနေသည့် ရန်ကိုင့်၏လက်သီးချက်ကို ကြည့်ရင်း ဖုန်းရှီ၏သူငယ်အိမ်များ အပ်တစ်ချောင်းအလား ကြုတ်ဝင်သွားခဲ့လေသည်။
ထိုစဉ် တစ်ခုခု ရုတ်တရက် ပြောင်းလဲသွားခဲ့လေသည်။
ဖုန်းရှီအား တိုက်ခိုက်ရန် ကြိုးစားနေသည့် ရန်ကိုင်သည် အလစ်ချောင်းတိုက်ခိုက်ခံလိုက်ရသည့်အလား မျက်စိပျက်မျက်နှာပျက် ဖြစ်သွားခဲ့ပြီး သူ့လက်ကို အလျင်စလို ပြန်ရုတ်သိမ်းလိုက်လေသည်။ ထို့နောက် မျက်မှောင်ကြုတ်လျက် သူ့လက်ခုံအား ငုံ့ကြည့်လိုက်လေသည်။
သေခြင်းတရားအငွေ့အသက်တို့မှာလည်း ရုတ်တရက် ပျောက်ကွယ်သွားခဲ့လေသည်။ သို့ရာတွင် ဖုန်းရှီမှာတော့ အလန့်တကြားအော်ဟစ်ရင်း သူ့လက်မောင်းအား ငုံ့ကြည့်လိုက်လေသည်။ ချက်ချင်းဆိုသလို ဘာတွေဖြစ်ပျက်နေသလဲဆိုသည်ကို နားလည်သွားခဲ့ပြီး ဝမ်းသာအားရ ဖြစ်သွားခဲ့လေသည်။
ရန်ကိုင့်မှာမူ မျက်လုံးအပြူးသားဖြင့် သူ့လက်ခုံအား ငုံ့ကြည့်နေခဲ့လေ၏။
ယခုလေးတင် ဖုန်းရှီမျက်နှာကို ထိုးခါနီး၌ ခြစ်ခြစ်တောက်ပူလောက်သည့် ခံစားချက်တစ်ခု သူ့လက်ခုံဆီမှ ထွက်ပေါ်လာခဲ့လေသည်။ တစ်ယောက်ယောက် သူ့အား အလစ်ချောင်းတိုက်ခိုက်လိုက်ပြီဟု ထင်သည့်အတွက်ကြောင့် တိုက်ခိုက်မှုကို ချက်ချင်း ပြန်ရုတ်သိမ်း၍ ခပ်လှမ်းလှမ်းသို့ ပြန်ဆုတ်ခွာလာခဲ့လိုက်သည်။
သူပင် သတိမထားမိဘဲ သူ့အား အလစ်ချောင်းတိုက်ခိုက်နိုင်သည့် လူဆို၍ ဧကရာဇ်အဆင့် ပညာရှင်သာ ရှိပေလိမ့်မည်။ ရန်ကိုင် ထူးဆန်းသည်ဟု ခံစားနေရသည့်အချက်မှာ ပင်းယွင်ပင်လျှင် သူ့အား အလစ်ချောင်းတိုက်ခိုက်လိုက်သည့်လူကို သတိမထားမိလိုက်သည့် အချက်ပင်။
သို့သော်ငြား ဖုန်းရှီဆီမှ ခပ်လှမ်းလှမ်းအကွာသို့ ပြန်ဆုတ်လာခဲ့ပြီး သေချာစစ်ဆေးကြည့်လိုက်ပြီးသည့်နောက်တွင် သူထင်ထားသလို ဖြစ်မနေကြောင်း တွေ့လိုက်ရလေသည်။ သူ့လက်ခုံမှာ မီးရှို့ခံနေရသည့်အလား ခြစ်ခြစ်တောက်ပူလောင်နေပါသော်ငြား အလစ်ချောင်းတိုက်ခိုက်ခံလိုက်ရသည့် မည်သည့်အရိပ်အယောင်မှ ရှိမနေခဲ့ပေ။ အချိန်ကြာလာသည်နှင့်အမျှ သူ့လက်တစ်ချောင်းလုံးမှာ ချော်ရည်ကန်ထဲသို့ ရောက်နေသည့်အလား ပိုပို၍ ပူသည်ထက်ပူလာခဲ့လေသည်။
ရန်ကိုင့်စိတ်ထဲ ဘာတွေဖြစ်နေသလဲ အတွေးနက်နေစဉ်မှာပင် ဖုန်းရှီသည် အလွန်ကိုမှ ပြင်းထန်လွန်းလှသည့် နှိပ်စက်မှုကို ခံစားနေရသည့်အလား အလန့်တကြား ထအော်လေသည်။
ရန်ကိုင် လှမ်းကြည့်လိုက်ရာ ဖုန်းရှီသည် လက်တစ်ဖက်ဖြင့် ကျန်လက်တစ်ဖက်၏လက်ခုံကို ဖိကပ်ထားရင်း အံကြိတ်ကာ အော်ဟစ်နေကြောင်း တွေ့လိုက်ရလေသည်။ ပို၍ထူးဆန်းသည့်အချက်မှာ ဖုန်းရှီတစ်ဦးတည်းသာ အော်နေခြင်းမဟုတ် စင်မြင့်ပေါ်တွင် ရှိနေသည့် လူအချို့လည်း နာကျင်စွာ အော်ဟစ်နေခြင်းပင်။
(ဘာတွေဖြစ်နေတာလဲ…)
ရန်ကိုင့်အမူအယာ လေးနက်တည်ကြည်သွားခဲ့လေသည်။ နားမလည်နိုင်ဟန်ဖြင့် လှမ်းကြည့်လိုက်ရာ ရေခဲနှလုံးသားတောင်ကြား အဖွဲ့သားများထဲမှ ကျိယုသည် သူမ၏လက်ကို ကျန်လက်တစ်ဖက်ဖြင့် ဖိကပ်ထားရင်း အံကြိတ်ထားကြောင်း တွေ့လိုက်ရလေသည်။
သို့သော်ငြား ထူးဆန်းသည့်အချက်တစ်ချက်ကို ရန်ကိုင်ရှာတွေ့သွားခဲ့သည်။ နာကျင်မှုဒဏ်ကို ခံစားနေရသည့် လူအားလုံးမှာ လူငယ်များသာ ဖြစ်နေကြပြီး အရေအတွက်မှာလည်း အတော်နည်းခြင်းပင်။ ရှင်းရှင်းပြောရလျှင် ဆယ်ယောက်ကျော်လောက်သာ ရှိပေသည်။ ထို့အပြင် ထိုလူအားလုံးသည် တာအိုသခင်အဆင့် ကျင့်ကြံသူများဖြစ်ကြ၏။
ထိုရုတ်တရက်အဖြစ်အပျက်ကြောင့် ပွဲကြည့်စင်ပေါ်တွင် ရှိနေသော ဧကရာဇ်အဆင့် ပညာရှင်များ အံ့အားသင့်သွားကုန်ကြလေသည်။ သူတို့၏ဂျူနီယာများ ဘာတွေဖြစ်နေသလဲ ဆိုသည်ကို မသိသည့်အတွက်ကြောင့် ပင်းယွင်သည်ပင် ဖုန်းရွှမ်နှင့်တိုက်ခိုက်မနေတော့ဘဲ ရန်ကိုင့်ဆီသို့သာ စိုးရိမ်တကြီးဖြင့် လှမ်းကြည့်လိုက်လေ၏။
အန်းရို့ယွင်၊ စွန်းယွင်ရှုနှင့် အခြားသူများမှာမူ ကျိယုနားတွင် စုဝေးရင်း မေးမြန်းနေခဲ့ကြလေသည်။
ဘာတွေဖြစ်လို့ဖြစ်နေမှန်း မသိရသေးခင်မှာပင် နာကျင်စွာအော်ဟစ်နေကြသည့် လူငယ်အသီးသီး၏ လက်ခုံဆီမှ ကြယ်အလင်းစက်ကလေးများ ထွက်ပေါ်လာခဲ့ကြလေသည်။ ထို့နောက် ထိုကြယ်အလင်းစက်လေးများသည် မရေမတွက်နိုင်သော ပိုးစုန်းကြူးလေးများ အတူတကွ စုဝေးနေကြသည့်အလား အတူပေါင်းစည်းလျက် တဖြည်းဖြည်းနှင့် ကောင်းကင်ပေါ်သို့ ပျံတက်သွားကုန်ကြလေ၏။
“ဒါက…” ပင်းယွင်၏မျက်လုံးများ မှေးစင်းသွားခဲ့လေသည်။
မြောက်ဘက်နယ်မြေ၏ ဂိုဏ်းအသီးသီးမှ ပညာရှင်ပေါင်းများစွာသည်လည်း ထိုအလင်းစက်ကလေးများကို ကြည့်ရင်း စိတ်လှုပ်ရှားမှုကြောင့် တုန်ရီနေကြလေသည်။
တစ်ခုသောအချိန်သို့ရောက်သော် သူ့လက်ခုံပေါ်ရှိ ပူလောင်နေသော ခံစားချက်မှာ ရုတ်တရက် ပျောက်ကွယ်သွားခဲ့လေသည်။ ရန်ကိုင်လည်း ငုံ့ကြည့်လိုက်ရာ သူ့လက်ခုံပေါ်၌ ငါးထောင့်ပုံစံအမှတ်အသားတစ်ခု ရှိနေကြောင်း တွေ့လိုက်ရလေ၏။
ထိုအမှတ်အသားကို မြင်သည်နှင့် ရန်ကိုင် ချက်ချင်း နားလည်သွားခဲ့လေသည်။ “ကြယ်စည်းတံဆိပ်…”
ဤငါးထောင့်ပုံစံအမှတ်အသားသည် ကြယ်ပျက်ပင်လယ်ထဲမှ ရရှိခဲ့သော ကြယ်စည်းတံဆိပ်သာ ဖြစ်လေသည်။ ဤကြယ်စည်းတံဆိပ်ကို ရန်ကိုင်ရထားခဲ့သည်မှာ အတော်ကြာနေခဲ့ပြီ ဖြစ်သည့်အတွက်ကြောင့် မေ့မေ့လျော့လျော့ပင် ဖြစ်နေခဲ့လေပြီ။ သို့သော်ငြား ယခုကဲ့သို့ ဖုန်းရှီနှင့် သူ သေခြင်းရှင်ခြင်းတိုက်ပွဲကို ဆင်နွှဲနေသည့်အခါမှသာ ကြယ်စည်းတံဆိပ်သည် ရုတ်တရက်ကြီး အသက်ဝင်လာလိမ့်မည်ဟု မထင်ထားခဲ့ချေ။
ကြယ်စည်းတံဆိပ်သည် ကြယ်ပျက်ပင်လယ်ထဲသို့ ဝင်ရန် လိုအပ်သော သော့တစ်ချောင်း ဖြစ်ပေသည်။ အရေးကြီးဆုံးအချက်မှာ ကြယ်ပျက်ပင်လယ်သည် ကြယ်တာရာအစုအဝေး၏ အားအကောင်းဆုံးသော ပညာရှင်များ ကျဆုံးသွားရာနေရာဖြစ်သည်ဟု ကောလဟာလများ ထွက်နေခြင်းပင်။ ကြယ်တာရာအစုအဝေးထဲရှိ အားအကောင်းဆုံးပညာရှင်တစ်ဦး ဖြစ်ခဲ့သော ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်သည် ကြယ်ပျက်ပင်လယ်ထဲတွင် သေဆုံးသွားခဲ့ပြီး သူ့အမွေအနှစ်မှာလည်း ကြယ်ပျက်ပင်လယ်ထဲတွင် ရှိနေသည်ဟု ကောလဟာလများ ရှိကြပေသည်။ ကံမကောင်းစွာဖြင့် ကြယ်ပျက်ပင်လယ်ထဲသို့ မည်သည့်ဧကရာဇ်အဆင့်ပညာရှင်မှ မဝင်နိုင်ဘဲ ဧကရာဇ်အဆင့်အောက် ကျင့်ကြံသူများသာ ဝင်နိုင်ကြခြင်းပင်။
ကောင်းကင်ဝါးမျိုခြင်း မဟာဧကရာဇ် သေသွားခဲ့သည်မှာ နှစ်ပေါင်း သောင်းနှင့်ချီနေပြီဖြစ်သော်ငြား ဤနှစ်များအတွင်း မရေမတွက်နိုင်သော ဂိုဏ်းများသည် ကောင်းကင်ဝါးမြိုခြင်းမဟာဧကရာဇ်၏ အမွေအနှစ်ကို ရှာတွေ့လိုတွေ့ငြား သူတို့၏ လက်ရွေးစင်တပည့်များကို ကြယ်ပျက်ပင်လယ်ထဲသို့ စေလွှတ်ခဲ့ကြပါသော်ငြား မည်သူမျှ ရှာမတွေ့ခဲ့ကြချေ။
ကောင်းကင်ဝါးမျိုခြင်း မဟာဧကရာဇ်၏ လျှို့ဝှက်ချက်များမှာ ကြယ်ပျက်ပင်လယ်ထဲရှိ တစ်နေရာရာတွင် နစ်မြုပ်ကိန်းအောင်းနေသည့်ပုံပင်။
ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်၏ အမွေအနှစ်သက်သက်ကြောင့်ဆိုလျှင်တော့ ကြယ်ပျက်ပင်လယ်သည် ကျင့်ကြံသူပေါင်းများစွာကို ဆွဲဆောင်နိုင်လိမ့်မည် မဟုတ်ချေ။ တကယ်တော့ ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်၏ အမွေအနှစ်မှာ တစ်ခုသာရှိသည် မဟုတ်ပေလော။
ကျင့်ကြံသူများ ကြယ်ပျက်ပင်လယ်အား အလွန်ကိုမှ စိတ်ဝင်စားရခြင်းမှာ ထိုကြယ်ပျက်ပင်လယ်ထဲတွင် ကြယ်အမြုတေအစိတ်အပိုင်းများကို ရှာတွေ့နိုင်သည့် အတွက်ကြောင့်ပင်ဖြစ်လေသည်။ ထိုကြယ်အမြုတေအစိတ်အပိုင်းများကို စုပ်ယူဝါးမျိုနိုင်သည့် မည်သူမဆို လောကနိယာမများကို နားလည်ဆင်ခြင်နိုင်ကာ သူတို့၏ ဧကရာဇ်အဆင့်သို့ ချိုးဖြတ်ဝင်ရောက်နိုင်ချေကို တိုးမြှင့်နိုင်ပေသည်။
အချို့သော ကောလဟာလများအရ ကြယ်တာရာအစုအဝေးထဲရှိ ဧကရာဇ်အဆင့် ပညာရှင်ဆယ်ဦးအနက် ခုနှစ်ဦးလောက်မှာ ကြယ်ပျက်ပင်လယ်ထဲ ဝင်ခဲ့ဖူးသည်ဟု ပြောကြပေသည်။ ထိုအချက်ကိုကြည့်ရုံဖြင့်ပင်လျှင် ကြယ်ပျက်ပင်လယ် မည်မျှအစွမ်းထက်ကြောင်းကို မြင်တွေ့နိုင်ပေသည်။
တာအိုသခင်အဆင့် ကျင့်ကြံသူများအတွက် ကြယ်ပျက်ပင်လယ်သည် သူတို့အား ဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်အောင် ကူညီပေးမည့် လှေကားတစ်စင်း ဖြစ်ပေသည်။ မည်သူမျှ ထိုကဲ့သို့သောဆွဲဆောင်မှုကို မလွန်ဆန်နိုင်ပါချေ။
ဧကရာဇ်အဆင့် ပညာရှင်ပေါင်းများစွာမှာလည်း ကြယ်ပျက်ပင်လယ်ထဲသို့ ဝင်နိုင်မည့် ဝင်ပေါက်ကို ကြိုးစားရှာဖွေခဲ့ကြပါသော်ငြား မည်သူမှ မအောင်မြင်ခဲ့ချေ။
တကယ်တော့ ကြယ်ပျက်ပင်လယ်သည် မဟာဧကရာဇ်များနှင့် ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာတစ်ခု ဖြစ်ပေသည်။ ထိုစဉ်က မိုးမြေတစ်ခုလုံးမှာ ဗြောင်းဆန်သွားကာ ကြယ်ပျက်ပင်လယ်တစ်ခုလုံးလည်း တစ်စစီ ပျက်စီးသွားခဲ့ရလေသည်။ ထို့အတွက်ကြောင့် ဟင်းလင်းပြင်တစ်ခုလုံးမှာ တစ်စစီဖြစ်ကုန်ကာ ပညာရှင်ပေါင်းများစွာအတွက် ထိုနေရာတွင် လွတ်လွတ်လပ်လပ်သွားလာနိုင်ရန် မဖြစ်နိုင်တော့အောင် ဖြစ်သွားခဲ့လေသည်။ ထိုတိုက်ပွဲအတွင်း ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ် သေသွားခဲ့သလို အခြားသော မဟာဧကရာဇ်များစွာလည်း သေသွားခဲ့ရပေသည်။
တစ်နည်းဆိုရသော် ကြယ်ပျက်ပင်လယ်ထဲတွင် ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်၏ အမွေအနှစ်သာ ရှိနေခြင်းမဟုတ်။ အခြားသော မဟာဧကရာဇ်များ၏ အမွေအနှစ်များလည်း ရှိနေကြပေသည်။ မဟာဧကရာဇ်တစ်ပါး၏ အမွေအနှစ်ကို ရှာမတွေ့နိုင်လျှင်ပင် တိုက်ပွဲအတွင်း ပျောက်ဆုံးသွားခဲ့ကော မှော်ရတနာများ၊ သိုလှောင်လက်စွပ်များကို ကံကောင်းထောက်မ၍ ရှာတွေ့နိုင်ပေသည်။ ထိုကဲ့သို့သော ရတနာတစ်ခုကို ရှာတွေ့လိုက်လျှင်ပင် ကြယ်ပျက်ပင်လယ်ထဲသို့ ဝင်ရကျိုး နပ်သွားခဲ့လေပြီ။
အမျိုးမျိုးသောအကြောင်းအရင်းများကြောင့် ကြယ်ပျက်ပင်လယ်သည် ကြယ်တာရာအစုအဝေးထဲရှိလူတိုင်း အဝင်ချင်ဆုံး နေရာတစ်ခု ဖြစ်နေခဲ့လေသည်။ ကြယ်ပျက်ပင်လယ် ပွင့်လာသည့်အခါ နယ်မြေလေးခုလုံးတွင် ရှိနေသော လက်ရွေးစင်ပညာရှင်များအားလုံး ဝင်ရောက်ဆင်နွှဲကြလေ၏။
ကြယ်ပျက်ပင်လယ်နှင့် ယှဉ်လိုက်သော် ဥတုလေးမျိုးနယ်မြေမှာ သာမန်အဖြစ်အပျက်တစ်ခုသာ ဖြစ်သွားတော့လေသည်။
သူ့လက်ခုံမှ ငါးထောင့်ပုံစံ ကြယ်စည်းတံဆိပ်ကို မြင်လိုက်သည့်နောက် ဘာတွေဖြစ်ပျက်နေသလဲဆိုသည်ကို ရန်ကိုင် ချက်ချင်း နားလည်သွားခဲ့လေသည်။
“ကြယ်ပျက်ပင်လယ်ပွင့်နေပြီ…” ပွဲကြည့်စင်ပေါ်မှ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည့် အော်သံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ အော်သံထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဧကရာဇ်အဆင့် ပညာရှင်ပေါင်းများစွာမှာ စိတ်လှုပ်ရှားစွာဖြင့် ထရပ်လိုက်ကြလေ၏။
ရန်ကိုင်သည် အံကိုတင်းတင်းကြိတ်လျက် ဖုန်းရှီအား စူးရဲစွာစိုက်ကြည့်ကာ အော်ပြောလိုက်လေ၏။ “မင်းကံကောင်းသွားတယ်မှတ်…”
ကြယ်စည်းတံဆိပ်ကြောင့်သာ မဟုတ်ပါက ရန်ကိုင့်လက်ချက်ဖြင့် ဖုန်းရှီ ဆိုးဆိုးရွားရွား ထိခိုက်သွားလောက်ပေပြီ။ တကယ့်သေရေးရှင်ရေးအခိုက်အတန့်တွင် ထိုကံကောင်းလှသည့် ကြယ်လေးသည် တလက်လက်တောက်ပလာပြီး ဖုန်းရှီအား ဆိုးဆိုးရွားရွား ဒဏ်ရာရသွားမည့်အရေးမှ ကယ်တင်ပေးသွားခဲ့လေသည်။
ကြယ်စည်းတံဆိပ် တုန့်ပြန်လာပြီဖြစ်သည့်အတွက်ကြောင့် မတော်တဆ တစ်ခုခုဖြစ်သွားခဲ့သည်ရှိသော် ကြယ်ပျက်ပင်လယ်ထဲသို့ မဝင်နိုင်တော့မည်ကို စိုးရိမ်သည့်အတွက်ကြောင့် ရန်ကိုင်လည်း ဘာမှမဆင်မခြင် မလုပ်ရဲတော့ချေ။
ဖုန်းရှီကိုယ်တိုင်တွင်လည်း ကြယ်စည်းတံဆိပ်တစ်ခု ရှိနေသည့်အတွက်ကြောင့် သူလည်း ကြယ်ပျက်ပင်လယ်ထဲသို့ ဝင်နိုင်ပေလိမ့်မည်။
တိုက်ပွဲစင်မြင့်ပေါ်တွင် ရန်ကိုင့်အနေဖြင့် ဖုန်းရှီအား ထိခိုက်သွားအောင် လုပ်နိုင်ပါသော်ငြား သတ်တော့မသတ်နိုင်ချေ။ ထိုသို့သာမဟုတ်ပါက ရေခဲနှလုံးသားတောင်ကြားနှင့် ရမ္မက်ရှာဂိုဏ်းကြား တိုက်ပွဲတစ်ခု ဖြစ်လာပေလိမ့်မည်။ သို့သော်ငြား ကြယ်ပျက်ပင်လယ်ထဲသို့ ရောက်သွားလျင်မူ ရန်ကိုင့်အနေဖြင့် ထိုကိစ္စအားလုံးကို စိတ်ပူနေစရာ မလိုတော့ချေ။ ထိုကဲ့သို့စဉ်းစားလိုက်ပြီးနောက် ရန်ကိုင်သည် ဖုန်းရှီအား ပြဿနာရှာရန် စိတ်မဝင်စားတော့ဘဲ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရပ်နေလိုက်တော့လေသည်။
ရန်ကိုင့်၏စကားကိုကြားသော် ဖုန်းရှီမှာ ပြန်လည်၍ ချေပပြောဆိုချင်ပါသော်ငြား ရန်ကိုင့်၏ အေးစက်စက်အကြည့်ကို သတိပြုမိလိုက်သည့်နောက် သူငယ်အိမ်များ ကျုံ့ဝင်သွားခဲ့ပြီး ပြောရန်ကြံနေသည့် စကားများကို အမြန် ပြန်မျိုချလိုက်လေသည်။
ရန်ကိုင်နှင့် ဖုန်းရှီကြားရှိတိုက်ပွဲမှာ တစ်ခဏလေးသာ ကြာခဲ့သော်ငြား ထိုအခိုက်အတန့်လေးတွင် ဖုန်းရှီမှာ အသက်ရှူချိန်ပင် မရအောင် ဖိတိုက်ခံခဲ့ရလေသည်။ ထို့အတွက်ကြောင့် သူ့စိတ်ထဲ ရန်ကိုင်နှင့်ပတ်သက်၍ အရိပ်မည်းကြီး ကျန်ရစ်နေခဲ့လေ၏။ ထိုသို့ဖြစ်လေရာ ဖုန်းရှီအနေဖြင့် လက်ရှိအချိန်တွင် ရန်ကိုင့်အား မည်ကဲ့သို့ သွားရန်စရဲပါမည်နည်း။
တိုက်ပွဲစင်မြင့်ပေါ်တွင် ရှိနေသော ရန်ကိုင်သည် ပွဲကြည့်စင်ဘက်သို့ လှည့်ကြည့်လိုက်ရာ လက်ခုံဆီမှ အလင်းစက်များ ဖြာထွက်နေကြသည့် ကျင့်ကြံသူပေါင်းများစွာ ရှိနေကြောင်း တွေ့လိုက်ရလေသည်။ ထိုလူများ၏ အနီးအနားတွင် အနည်းဆုံး ဧကရာဇ်အဆင့် ပညာရှင် တစ်ဦးစီ ရှိနေကြလေ၏။
ဧကရာဇ်အဆင့် ပညာရှင်များ၏ အကာအကွယ်အား ရထားသည်ကိုကြည့်လျှင် ထိုလူအားလုံးမှာ မြောက်ဘက်နယ်မြေ၏ ဂိုဏ်းအသီးသီးမှ လက်ရွေးစင်ကြယ်ပွင့်များဖြစ်မှန်း မည်သူမဆို သိနိုင်ပေသည်။
ကျိယုသည်လည်း ထိုလူများအနက် တစ်ဦးဖြစ်လေ၏။ လက်ရှိအချိန်တွင် ရေခဲနှလုံးသားတောင်ကြားမှ အကြီးအကဲအားလုံးမှာ ကျိယုအနီးတစ်ဝိုက်တွင် စုဝေးနေကြလေသည်။ မကြာခဏဆိုသလို ကျိယုသည် ရန်ကိုင့်အား လှမ်းလှမ်းကြည့်တတ်သည်။ သူတို့နှစ်ဦး အကြည့်ချင်းဆုံသွားသည့်အခါတွင် ရန်ကိုင်က အသာအယာ ခေါင်းညိတ်ပြလိုက်လေ၏။
ကျိယုတွင် ကြယ်စည်းတံဆိပ်တစ်ခု ရှိနေသည့်အတွက်ကြောင့် သူမလည်း ကြယ်ပျက်ပင်လယ်ထဲသို့ ဝင်လို့ရပေသည်။ ကြယ်ပျက်ပင်လယ်ထဲ အချင်းချင်း တွေ့ဆုံလာခဲ့လျှင်တော့ နှစ်ဦးသား အတူပူးပေါင်း၍ လှုပ်ရှားနိုင်ပေသည်။
ရန်ကိုင်သည် ကြယ်ပျက်ပင်လယ်အကြောင်း များများစားစား မသိထားချေ။ သူသည် နေမင်းပြာကျောင်းတော်၏ အမည်ခံတပည့်တစ်ဦး ဖြစ်သလို နေမင်းပြာရွှေတံဆိပ်ကိုပင် ပိုင်ဆိုင်ထားသော်ငြား သူသည် နေမင်းပြာကျောင်းတော်ရှိ မည်သည့်ဧကရာဇ်အဆင့် ပညာရှင်များ၏ သင်ကြားပြသခြင်းကိုမှ မခံခဲ့ရပေ။ သူကိုယ်တိုင်ကလည်း ကြယ်ပျက်ပင်လယ်ထဲရှိ အကြောင်းအရာများကို ဝမ်ကျိရှန်း သို့မဟုတ် ကောင်းရွှယ်ထင်းတို့အား သွားမမေးခဲ့ပေ။ ထို့အတွက်ကြောင့် ကြယ်ပျက်ပင်လယ်နှင့်ပတ်သက်သော် ရန်ကိုင်၏ နားလည်မှုသည် အဖျားပိုင်းလောက်သာ ရှိပေသည်။
ထို့အတွက်ကြောင့် ကြယ်ပျက်ပင်လယ်အကြောင်း သိလိုပါက သူ့ဘာသာသူ စူးစမ်းလျှင်စူးစမ်း မစူးစမ်းလျှင် သူနှင့်အသိအကျွမ်းများကို လိုက်ရှာ၍ မေးမြန်းရပေလိမ့်မည်။
ရန်ကိုင့်စိတ်ထဲ အတွေးများစဉ်နေမှာပင် ပင်းယွင်၏အသံကို ကြားလိုက်ရလေသည်။ “ကြယ်ပျက်ပင်လယ်က အခွင့်အလမ်းကောင်းတစ်ခုဆိုပေမဲ့ အသက်ရှင်ဖို့က အရေးအကြီးဆုံးပဲ… ကြယ်ပျက်ပင်လယ်ထဲမှာ ဘယ်လိုအခွင့်အလမ်းတွေနဲ့ပဲကြုံကြုံ အသက်ရှင်လျက် ပြန်မလာနိုင်ရင် ဘာမှမထူးဘူး…”
ရန်ကိုင် ခေါင်းညိတ်ပြလိုက်လေ၏။
ပင်းယွင်မှာ ရန်ကိုင့်အား ထပ်၍ သတိပေးစကား ပြောချင်နေပါသော်ငြား ပြောခွင့်မရတော့ချေ။ အကြောင်းမှာ လူတိုင်း၏ လက်ခုံဆီမှ စိမ့်ထွက်လာနေသော ကြယ်အလင်းစက်များမှာ ရုတ်တရက်ဆိုသလို ပိုမိုသိပ်သည်းလာပြီး အကုန်လုံး၏ ခေါင်းထက်တွင် စုဝေးနေသည့် အတွက်ကြောင့်ပင်လျှင်။ မျက်တောင်တစ်ခတ်အတွင်း တဖြည်းဖြည်းစုဝေးသွားသော ကြယ်အလင်းစက်များသည် အမျိုးမျိုးသော တံခါးပေါက်များအသွင်သို့ ပြောင်းလဲသွားခဲ့ကြလေ၏။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၄၃၀)
မူလကထက် အဆပေါင်းမြောက်မြားစွာ ပိုမိုသေးငယ်သွားသော ကြယ်စီရင်စုကြီးတစ်ခု အကုန်လုံးခေါင်းထက် ပေါ်လာလေသလားဟုပင် ထင်မှတ်ရလေသည်။
ကြယ်အလင်းစက်တံခါးပေါက်ဆီမှ ဖြာထွက်လာနေသော သိမ်မွေ့နက်နဲကာ စဉ်ဆက်မပြတ် ပြောင်းလဲနေသည့် အရှိန်အဝါကြောင့် ကြည့်နေသည့်လူအားလုံး ရင်တထိတ်ထိတ် ဖြစ်လာကြ၏။
ထိုစဉ်မှာပင် ကြယ်အလင်းတန်း မြောက်မြားစွာတို့သည် ကြယ်စည်းတံဆိပ်ရှိသူများအပေါ်သို့ ကျဆင်းလာခဲ့လေ၏။
ချက်ချင်းဆိုသလို ကြယ်များသည် တဖျတ်ဖျတ်တောက်ပလာခဲ့ပြီး ကျဆင်းလာသော ကြယ်အလင်းတန်းများ ပျောက်ကွယ်သွားသည့်နောက် ထိုကြယ်အလင်းများ၏ ဖုံးလွှမ်းခြင်းခံလိုက်ရသည့် ကျင့်ကြံသူများမှာလည်း အားလုံး၏မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့ကြလေသည်။
အလားတူဖြစ်ရပ်မျိုးသည် ကြယ်တာရာအစုအဝေး အနှံ့အပြားတွင် ဖြစ်ပျက်နေခဲ့လေသည်။ နယ်မြေကြီးလေးခုအတွင်းတွင် ရှိနေသည့် ထောင်ပေါင်းများစွာသော တာအိုသခင်အဆင့် ကျင့်ကြံသူများမှာ ကြယ်ပျက်ပင်လယ်ထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဆွဲခေါ်ခံနေရ၏။
ထိုအချိန်အတောအတွင်း ရေခဲလမြို့တော်ထဲရှိ ပွဲကြည့်စင်ပေါ်တွင် ဖုန်းရွှမ်သည် ပင်းယွင်အား အေးစက်စက်အကြည့်ဖြင့် စိုက်ကြည့်လိုက်ပြီးသည့်နောက် ထထွက်သွားလေ၏။
ထွက်သွားသည့်တိုင် ဖုန်းရွှမ်သည် စကားတစ်ခွန်းမှ မပြောခဲ့ချေ။
ယခုမှ စကားပြောနေ၍လည်း အဓိပ္ပာယ်မရှိတော့ချေ။ ဂျူနီယာများမှာ ကြယ်ပျက်ပင်လယ်ထဲသို့ ရောက်သွားပြီဖြစ်သည့်အတွက်ကြောင့် ရမ္မက်ရှာဂိုဏ်းနှင့် ရေခဲနှလုံးသားတောင်ကြား၏ လက်ထပ်ပွဲကို ဖုန်းရှီနှင့် ကျိယုတို့ ပြန်ရောက်လာသည့်အချိန်အထိ ရွှေ့ဆိုင်းထားရုံသာ ရှိတော့လေသည်။ သို့သော်ငြား နှစ်ယောက်ထဲမှ တစ်ယောက်သည်သာ ကြယ်ပျက်ပင်လယ်ထဲတွင် သေဆုံးသွားမည်ဆိုပါက မင်္ဂလာပွဲကို လုံးဝ ရပ်တန့်ပစ်လိုက်ရပေလိမ့်မည်။
ပင်းယွင်သည်လည်း ဖုန်းရွှမ်အား သွားမတားခဲ့ချေ။ ဖုန်းရွှမ်ကို ကြောက်သည့်အတွက်ကြောင့် မဟုတ်။ သွားတား၍လည်း သူမအတွက် မည်သည့်အကျိုးအမြတ်မှ မရှိသည့်အတွက်ကြောင့်ပင်။
မှောင်မိုက်ပြီး အေးစက်သည့် ဟင်းလင်းပြင်ထဲဝယ် တစ်စစီပျက်စီးနေသော ကျင့်ကြံရေးကြယ်များ၏ အပျက်အစီး အပိုင်းအစများသည် နေရာအနှံ့ ပြန့်ကျဲ လွင့်မျောနေကြလေသည်။ ဟင်းလင်းပြင်တစ်ခုလုံး မိုးမြေစွမ်းအင်များ ကင်းမဲ့နေပြီး အာကာသမုန်တိုင်းများမှာတော့ နေရာအနှံ့ တိုက်ခတ်နေကြလေ၏။ ကောင်းကင်ယံတစ်ခုလုံးမှာလည်း ကျယ်ပြောလှသော ဂြိုလ်သိမ်ဂြိုလ်မွှားပင်လယ်ကြီးဖြင့် ပြည့်နှက်နေခဲ့သည်။
ဤနေရာသည် စကြာဝဠာတစ်ခုလုံး၏ မူလအစဖြစ်သည့်အလား အလွန်တရာကိုမှ တိတ်ဆိတ်နေခဲ့လေသည်။ ဤပရမ်းပတာဖြစ်နေသော နေရာကြီးတွင် ကောင်းကင်နှင့်မြေပြင်သည်ပင်လျှင် မဖြစ်ပေါ်သေးချေ။
ရုတ်တရက်ဆိုသလို အဖြူရောင်အလင်းတစ်ချက် ဖျတ်ခနဲ လက်သွားခဲ့ပြီး ရန်ကိုင် ထူးထူးဆန်းဆန်း ပေါ်လာခဲ့လေသည်။
သူ့အား ကြယ်ရောင်အလင်းတန်းမှ လွှမ်းခြုံသွားစဉ်က သူ့ပတ်ပတ်လည်တစ်ဝိုက်တွင် ရစ်သိုင်းနေသော လေဟာနယ်နိယာမစွမ်းအားများကို ခံစားမိလိုက်လေသည်။ ရန်ကိုင်သည် ထိုခံစားချက်နှင့်ပတ်သက်၍ အတော်လေးကို ရင်းနှီးလှသည်။ ထိုကြယ်ရောင်အလင်းတန်းသည် သူ့အား အခြားတစ်နေရာသို့ ပို့ဆောင်ပေးတော့မည်ဖြစ်ကြောင်းကို ရန်ကိုင် ချက်ချင်းနားလည်ခဲ့လေသည်။
ထိုအကြောင်းကြောင့်ပင်လျှင် ကြယ်စည်းတံဆိပ်ရှိသူများသာ ကြယ်ပျက်ပင်လယ်ထဲသို့ ဝင်နိုင်ကြခြင်း ဖြစ်လေသည်။ ကြယ်စည်းတံဆိပ်မရှိဘဲ မည်သည့်နေရာတွင် ရှိနေသလဲဆိုသည်ကို မသိရသော ကြယ်ပျက်ပင်လယ်ထဲသို့ ဝင်ရန် မဖြစ်နိုင်ချေ။
ကြယ်ပျက်ပင်လယ်ထဲ ဝင်လာသည်နှင့် ရန်ကိုင့်၏အကြည့်ထဲ အတိတ်အား လွမ်းဆွတ်သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့လေသည်။
အကြောင်းမှာ သူ့ရှေ့ရှိမြင်ကွင်းနှင့် အတော်လေး ရင်းနှီးနေသည့် အတွက်ကြောင့်ပင်။ ဤနေရာသို့ ရောက်လာပြီးနောက် သူ့ကိုယ်သူ ဟုန်းလော့ကြယ်စီရင်စုထဲသို့ ပြန်ရောက်သွားသလားဟုပင် ခံစားလိုက်ရလေသည်။
ဟုန်းလော့ကြယ်စီရင်စုကြီးထဲတွင် ရှိစဉ်က ရန်ကိုင်သည် ကျင့်ကြံရေးဂြိုလ် တစ်ဂြိုလ်မှတစ်ဂြိုလ်သို့ ကူးကလန်ခတ် သွားလာခဲ့ဖူးပေသည်။ ထိုကဲ့သို့ သွားလာနေစဉ်အတောအတွင်း ဂြိုလ်သိမ်ဂြိုလ်မွှားပင်လယ်ပေါင်းများစွာကိုလည်း ကြုံတွေ့ခဲ့ရသလို အာကာသမုန်တိုင်းများနှင့်လည်း ရင်ဆိုင်ခဲ့ရပေသည်။ တစ်ခုတည်းသော ကွာခြားချက်ဆို၍ ဤနေရာသည် ဟုန်းလော့ကြယ်စီရင်စုကြီးထက် ပို၍ ခြောက်ခြားဖွယ် ကောင်းနေခြင်းပင်။ ဧရာမ ကျင့်ကြံရေးကြယ်ပျက်ကြီးတစ်လုံးကိုပင်လျှင် ရန်ကိုင်မြင်နေခဲ့ရသည်။
ယခုလက်ရှိနေရာမှ ထိုကျင့်ကြံရေးကြယ်ဆီသို့ သွားလိုပါက အနည်းဆုံး တစ်လလောက် အချိန်ယူရနိုင်သည်။ ထို့အပြင် ထိုကျင့်ကြံရေးကြယ်၏ အရွယ်အစားမှာ အရိပ်ကြယ်အောက် သေးငယ်ခြင်းမရှိချေ။ သို့သော်ငြား ကျင့်ကြံရေးကြယ်၏ တစ်ဝက်လောက်မှာ ကြောက်မက်ဖွယ်ရာ အဖျက်စွမ်းအားတစ်ခု၏ ဖျက်ဆီးခြင်း ခံထားရသည့်အလား တစ်စစီကွဲကြေနေခဲ့လေသည်။
ထိုကဲ့သို့သော တစ်စစီပျက်စီးနေသည့် ကြယ်ပေါင်းများစွာကို ဤနေရာ၏ ပတ်ပတ်လည်နေရာအနှံ့တွင် မြင်တွေ့နေခဲ့ရလေသည်။
ထိုအချင်းအရာကိုကြည့်ရင်း ရန်ကိုင့်မှာ အတော်လေးကိုမှ တုန်လှုပ်နေခဲ့ရလေသည်။
ဂြိုလ်ပေါင်းများစွာကို ဤကဲ့သို့ ဖျက်ဆီးနိုင်ရန်အတွက် လူတစ်ဦး မည်မျှ အားကောင်းရမလဲ ဆိုသည်ကို ရန်ကိုင် မသိသော်ငြား ထိုကဲ့သို့ လုပ်နိုင်သည့်လူတစ်ဦးသည် အနည်းဆုံး မဟာဧကရာဇ်တစ်ပါး ဖြစ်နေရမည်မှန်းတော့ သိပေသည်။
(မဟာဧကရာဇ်အများကြီးက ကောင်းကင်ဝါးမျိုခြင်း မဟာဧကရာဇ်ကို ဝိုင်းတိုက်ခိုက်တယ်လို့ ပြောကြတယ်… သူတို့တိုက်ပွဲက ဒီကြယ်စီရင်စုကြီးထဲမှာ ဖြစ်သွားတာလား…) ရန်ကိုင့်စိတ်ထဲ အတွေးတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။ ထို့ကြောင့်သာမဟုတ်လျှင် ကြယ်ပျက်ပင်လယ်ထဲ၌ တစ်စစီပျက်စီးနေသော ကျင့်ကြံရေးကြယ်ပေါင်းများစွာ ဘာကြောင့်များ ရှိနေရမည်နည်း။
ထိုတိုက်ပွဲကြီးမှာ အလွန်တရာကိုမှ ပြင်းထန်ခဲ့ရပေလိမ့်မည်။ ထိုတိုက်ပွဲကြောင့်ပင်လျှင် ဤကြယ်စီရင်ကြီးတစ်ခုလုံး ဤကဲ့သို့ ခြောက်ကပ်သွားခဲ့ရခြင်း ဖြစ်လောက်သည်။
ထိုသို့တွေးမိသည့်နောက်တွင် ရန်ကိုင်သည် ရုတ်တရက်ကြီး ဝမ်းနည်းချင်သလို ဖြစ်လာခဲ့လေသည်။ ထိုကဲ့သို့သော တိုက်ပွဲသည်သာ ဟုန်းလော့ကြယ်စီရင်စုကြီးတွင် ဖြစ်ခဲ့ပါက ဘာတွေများဖြစ်သွားပါမည်နည်း။ သမိုင်းကြောင်းသာ အနည်းငယ်လေး ကွဲပြားသွားခဲ့မည်ဆိုလျှင်ပင် ခြောက်ကပ်နေသော ဖုန်းဆိုးမြေကြီးသည် ဟုန်းလော့ကြယ်စီရင်ကြီး ဖြစ်နေပေလိမ့်မည်။ ထုန်းရွှမ်လောကကြီးဆိုသည်မှာလည်း ရှိလာလိမ့်မည် မဟုတ်သလို ရေလကြယ်နှင့် အရိပ်ကြယ်တို့သည်လည်း ရှိတော့လိမ့်မည်မဟုတ်ချေ။ ထို့အစား တစ်စစီပျက်စီးနေသော ကြယ်များနှင့် ဂြိုလ်သိမ်ဂြိုလ်မွှားများသာ ရှိနေပေလိမ့်မည်။
ရန်ကိုင် သူ့ဘာသာ အတွေးထဲ နစ်မျောနေစဉ်မှာပင် ထူးဆန်းသည့် စွမ်းအင်လှိုင်းတစ်ရပ် သူ့နောက်ဘက် မလှမ်းမကမ်းဆီမှ ဖြာထွက်လာသည်ကို ရုတ်တရက် ခံစားမိလိုက်လေသည်။
ချက်ချင်းလှည့်ကြည့်လိုက်ရာ သူနှင့် မီတာတစ်ထောင်ခန့်အကွာတွင် လူတစ်ဦး ရုတ်တရက်ကြီးပေါ်လာကြောင်း တွေ့လိုက်ရလေသည်။ ထိုလူသည် ငေးကြောင်ကြောင်ဖြင့် ရန်ကိုင့်အား လှမ်းကြည့်နေခဲ့လေ၏။
ထိုလူ၏မျက်နှာကို မြင်ပြီးသည့်နောက် ရန်ကိုင်က ပြုံးဖြီးလျက် ပြောလိုက်လေသည်။ “သခင်လေးနဲ့ကျုပ်က တကယ်ကို ရေစက်ပါတာပဲနော်…”
ကြယ်ပျက်ပင်လယ်ဖွင့်စဉ်က နှစ်ယောက်သား ဘေးချင်းယှဉ် ရပ်နေသည့် အတွက်ကြောင့်လားမသိ ဖုန်းရှီသည် ရန်ကိုင်နှင့် မလှမ်းမကမ်းတွင် တကယ်ကြီးကို ပေါ်လာခဲ့ပေသည်။ သို့သော်ငြား မြောက်ဘက်နယ်မြေ၏ တက်သစ်စ လက်ရွေးစင်များကိုတော့ မည်သည့်နေရာတွင်မှ မတွေ့ရချေ။ ထိုလူများ မည်သည့်နေရာသို့ ရောက်သွားသလဲဆိုသည်ကို ဘုရားသာ သိပေလိမ့်မည်။
ထိုသို့ပြောနေရင်းမှ ရန်ကိုင်သည် ဖုန်းရှီဆီသို့ ခုန်ဝင်သွားခဲ့လေသည်။
ဤနေရာသည် ကြယ်ပျက်ပင်လယ်ဖြစ်သည်။ ဤနေရာတွင် သူတို့၏တိုက်ပွဲကို စောင့်ကြည့်နေသည့် မည်သူမှ မရှိသလို ဖုန်းရှီအား ကူညီပေးမည့် ဖုန်းရွှမ်နှင့် ယောင်ကျိုးတို့လည်း မရှိချေ။ ဖုန်းရှီ ဤနေရာတွင် အသတ်ခံရမည်ဆိုလျှင်ပင် ရေခဲနှလုံးသားတောင်ကြားနှင့် ရမ္မက်ရှာဂိုဏ်းကြား တိုက်ပွဲတစ်ခု ဖြစ်ပွားလာမည်ကို ရန်ကိုင့်အနေဖြင့် စိုးရိမ်စရာမလို။
ထိုသို့ဖြစ်လေရာ ရန်ကိုင့်အနေဖြင့် ဤကဲ့သို့သော အခွင့်အလမ်းကောင်းကြီးတစ်ရပ်ကို မည်ကဲ့သို့များ လက်လွတ်ခံနိုင်ပါမည်နည်း။ စတိုက်ခိုက်သည်နှင့် ဖုန်းရှီအား တစ်ချက်တည်းနှင့် သတ်ပစ်နိုင်ရန်အတွက် သူ့ခွန်အားအကုန်အစင်ကို ထုတ်သုံးလိုက်လေသည်။
သို့သော်ငြား ထူးခြားစွာပင် ဖုန်းရှီသည် ရန်ကိုင် သူ့ဆီသို့ ပြေးဝင်လာနေသည်ကို မြင်သော်ငြား လုံးဝ ထိတ်လန့်သွားခဲ့ခြင်း မရှိချေ။ ထို့အစား လှောင်ပြုံးပြုံး၍သာ ရန်ကိုင့်အား အေးစက်စက်အကြည့်ဖြင့် စိုက်ကြည့်ရင်း “ကောင်းကင်ကိုသွားမဲ့လမ်း ရှိပေမဲ့ မင်းက ငရဲကို သွားချင်နေမှတော့ ငါကလည်း မင်းဆန္ဒကို ဖြည့်ဆည်းပေးရတော့မှာပေါ့…”
ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင့်ဆီသို့ ဓာတ်လုံးတစ်လုံး ပစ်ထည့်လိုက်လေသည်။
ဟင်းလင်းပြင်တစ်ခုလုံး ဧကရာဇ်ဖိအားဖြင့် ပြည့်နှက်သွားခဲ့ပြီး ကြောက်မက်ဖွယ်ရာ အဖျက်စွမ်းအင်တစ်ခု ဖြာထွက်လာခဲ့လေသည်။ ချက်ချင်းဆိုသလို ကြယ်တာရာကောင်းကင်တစ်ခုလုံး ထိန်းမရအောင် လှုပ်ခါလာခဲ့လေ၏။
“ဧကရာဇ်အာဏာပိုင်ဓာတ်လုံး…” ရန်ကိုင့်၏မျက်နှာ ရုတ်ချည်းဆိုသလို ဖြူလျော်သွားခဲ့လေသည်။
ဖုန်းရှီတွင် ဧကရာဇ်အာဏာပိုင်ဓာတ်လုံး ရှိနေနိုင်သည့်အကြောင်းကို ပင်းယွင်မှ ရန်ကိုင့်အား သတိပေးထားပြီးသားပင်။ ထို့အတွက်ကြောင့် ရန်ကိုင်လည်း ဧကရာဇ်အာဏာပိုင်ဓာတ်လုံးကို အမြဲ သတိထားခဲ့လေသည်။ သို့သော်ငြား ဖုန်းရှီသည် အစောပိုင်းကတိုက်ပွဲတွင် ဧကရာဇ်အာဏာပိုင်ဓာတ်လုံးကို ထုတ်ယူခြင်း မရှိသည့်အတွက်ကြောင့် ရန်ကိုင်လည်း ဖုန်းရှီတွင် ဧကရာဇ်အာဏာပိုင်ဓာတ်လုံး ရှိလိမ့်မည်မဟုတ်ဟု ထင်ခဲ့မိပေသည်။
သို့သော်ငြား အမှန်တရားမှာ တက်တက်စင်အောင် လွဲချော်နေခဲ့လေသည်။
ဧကရာဇ်အာဏာပိုင်ဓာတ်လုံးကိုသာ ထုတ်မသုံးပါက တိုက်ပွဲစင်မြင့်ကကဲ့သို့ပင် ထပ်ဖြစ်လိမ့်မည်ကို စိုးရိမ်သည့်အတွက်ကြောင့်လားမသိ ဖုန်းရှီသည် ရန်ကိုင့်ကို တွေ့တွေ့ချင်း ဧကရာဇ်အာဏာပိုင်ဓာတ်လုံးကို ချက်ချင်း တန်းသုံးခဲ့သည်။ ဤဧကရာဇ်အာဏာပိုင်ဓာတ်လုံးထဲ ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦး၏ အားကုန်သုံးတိုက်ကွက်တစ်ကွက် ပါဝင်နေလေရာ ရန်ကိုင့်အနေဖြင့် ထိုအရာကို မည်ကဲ့သို့များ ထိပ်တိုက်ရင်ဆိုင်ရဲပါမည်နည်း။ အခြေအနေမဟန်တော့မှန်း သိလိုက်သော် လေဟာနယ်နိယာမစွမ်းအားကိုသုံး၍ ချက်ချင်း တည်နေရာခုန်ကူးကာ ထွက်ပြေးလေ၏။
“ဘုန်း…”
ဗလာကျင်းနေသော ဟင်းလင်းပြင်ထဲ ဖုန်းရွှမ်၏ ဧရာမပုံရိပ်ကြီး ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။ ထိုပုံရိပ်နှင့်အတူ အားကောင်းလှသည့် ဖိအားတစ်ရပ်သည်လည်း ရန်ကိုင့်အပေါ်သို့ ကျဆင်းလာခဲ့လေ၏။ ထို့နောက်တွင် မိုင်တစ်ရာခန့်အကွာဆီမှ အသံတစ်သံ ပျံ့လွင့်လာခဲ့လေသည်။ “ရမ္မက်ရှာလက်ချောင်း…”
ထိုအသံကိုကြားလိုက်သည်နှင့်တစ်ပြိုင်နက် ခြောက်ခြားဖွယ်ရာအရှိန်အဝါတစ်ရပ် သူ့ဆီသို့ တိုးဝင်လာနေသည်ကို ရန်ကိုင် ခံစားလိုက်ရလေသည်။
ထို့ကြောင့် ချက်ချင်းထအော်လေ၏။ “နဂါးအသွင်ပြောင်းလဲခြင်း…”
ချက်ချင်းဆိုသလို ရန်ကိုင့်တစ်ကိုယ်လုံး နဂါးအကြေးခွံများဖြင့် ဖုံးလွှမ်းသွားခဲ့ပြီး သူ့လက်နှစ်ဖက်မှာလည်း နဂါးလက်သည်းများအသွင်သို့ ပြောင်းလဲသွားခဲ့လေ၏။ ရန်ကိုင်သည် ထိုမျှနှင့်ပင် မရပ်တန့်သေးချေ။ ဓာတ်ကြီးငါးပါး အကြွင်းမဲ့ဓါးချီကိုပါ လှည့်ပတ်လျက် သူ့ကျောပြင်အား ကာကွယ်ထားလိုက်လေ၏။
“သေရတော့မှာကို ဘာတွေဒီလောက်တောင် ရုန်းကန်ချင်နေသေးတာလဲ… ဟား ဟား ဟား…” ဟင်းလင်းပြင်ထဲ ဂုဏ်ယူဝံ့ကြွားစွာ ရပ်နေသော ဖုန်းရှီသည် ထိုအချင်းအရာကိုမြင်သော် ညစ်ကျယ်ကျယ်ဖြင့် အော်ရယ်မောလိုက်လေသည်။ ရန်ကိုင် ကြောက်လန့်တကြား ထွက်ပြေးနေသည်ကို ကြည့်ရသည်မှာ သူ့အတွက် အလွန်ကိုမှ အရသာရှိလှ၏။
ဧကရာဇ်အာဏာပိုင်ဓာတ်လုံးကို ထုတ်သုံးရသည်မှာ သူ၏ဝှက်ဖဲတစ်ခုကို ဆုံးရှုံးသွားစေနိုင်သလို သူ့အရင်းအမြစ်ချီ တော်တော်များများကိုလည်း ကုန်ဆုံးသွားစေနိုင်မည်ဖြစ်သော်ငြား ရန်ကိုင့်ကိုသာ သတ်နိုင်သရွေ့ ဘာကိုပဲရင်းရရင်းရ ထိုက်တန်ပေသည်။
ရန်ကိုင်သည် သူ့အမျိုးသမီးအား ခိုးယူသွားခဲ့သလို ရေခဲလမြို့တော်တွင်လည်း သူ့အား မျက်နှာပျက်အောင် လုပ်ခဲ့လေသည်။ ထို့အတွက်ကြောင့် ဖုန်းရှီမှာ ရန်ကိုင့်အား မသတ်ရမနေနိုင်အောင်ကို ဖြစ်လာခဲ့လေသည်။ သို့သော်ငြား ကြယ်ပျက်ပင်လယ်ထဲသို့ ရောက်ရောက်ချင်း ရန်ကိုင်နှင့် လာတိုးမည်ဟု မထင်ထားခဲ့ချေ။ ဤသည်မှာ ကောင်းကင်မှ သူ့အား ပေးလိုက်သော အခွင့်အရေးကြီးတစ်ခုသာ ဖြစ်လေသည်။
ရန်ကိုင်ကဲ့သို့သော တာအိုသခင်တတိယအဆင့်သာ ရှိသေးသည့် လူတစ်ဦးသည် သူ့အဖေ၏ ဧကရာဇ်အာဏာပိုင်ဓာတ်လုံးကို မည်သည့်နည်းနှင့်မျှ ခုခံနိုင်လိမ့်မည်မဟုတ်ဟု ဖုန်းရှီ ယုံကြည်ပေသည်။
ရန်ကိုင်သည် နဂါးအသွင်ပြောင်းလဲခြင်းနှင့် ဓာတ်ကြီးငါးပါး အကြွင်းမဲ့ဓါးချီတို့ကိုပါ ထုတ်သုံးထားခဲ့ပါသော်ငြား သူ့စိတ်ထဲ ဖိအားအကြီးကြီး ခံစားနေရဆဲပင်။ ထို့အပြင် ဧကရာဇ်အာဏာပိုင်ဓာတ်လုံး၏ တိုက်ကွက်မှာ သူ့ဆီသို့ပင် မရောက်သေးသော်ငြား ရန်ကိုင့်မှာ သတိလစ်ချင်ခါနီး ဖြစ်လာခဲ့လေ၏။ ဧကရာဇ်အာဏာပိုင်ဓာတ်လုံး၏ တိုက်ခိုက်မှု သူ့ကျောပြင်အား လာရောက်ထိမှန်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင့်၏ကျောပြင်တစ်ပြင်လုံး စုတ်ပြတ်ထွက်သွားခဲ့ပြီး သူ့စိတ်ထဲ မခံမရပ်နိုင်အောင် ခံစားသွားလိုက်ရလေသည်။ အရိုးများမှာလည်း အက်ကွဲကုန်ပြီး သွေးလည်း အပွက်ပွက် အန်ထုတ်လိုက်ရလေ၏။
သို့သော်ငြား ရန်ကိုင်မှာမူ သူ့ဒဏ်ရာများကို စစ်ဆေးမနေခဲ့ဘဲ လေဟာနယ်နိယာစွမ်းအားကို သုံး၍ ချက်ချင်း တည်နေရာခုန်ကူးသွားလိုက်လေ၏။
လက်ရှိ ရန်ကိုင်သည် ကြိုးတန်းပေါ် လမ်းလျှောက်နေရသည့် လူတစ်ဦးနှင့် မခြားတော့ချေ။ ယခု သူ့ကျောပြင်အား လာရောက်ထိမှန်သည့် စွမ်းအားမှာ ဧကရာဇ်အာဏာပိုင်ဓာတ်လုံး၏ စွမ်းအင်တစ်ပိုင်းတစ်စသာ ရှိပေသေးသည်။ စွမ်းအင်အကုန်လုံး မဟုတ်သေးချေ။
စွမ်းအားအားလုံးသည်သာ ပေါက်ကွဲထွက်လာမည်ဆိုပါက ရန်ကိုင့်အနေဖြင့် လေဟာနယ်တာအိုကို ကျွမ်းကျင်ထားမည်ဆိုလျှင်ပင် အသက်ရှင်လျက် လွတ်မြောက်နိုင်တော့လိမ့်မည် မဟုတ်ချေ။
သိပ်သည်းပြင်းထန်လှသည့် ဧကရာဇ်ဖိအားသည် ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံထားခဲ့လေသည်။ သူသာ အပြည့်အဝ ဖိနှိပ်ခံလိုက်ရမည်ဆိုပါက လုံးဝ ထွက်ပြေးနိုင်တော့လိမ့်မည်မဟုတ်မှန်း ရန်ကိုင် သိနေခဲ့သည်။
“ဘုန်း ဘုန်း ဘုန်း…”
ပြင်းထန်သည့် ပေါက်ကွဲသံများကို ရန်ကိုင့်၏နားထဲ အဆက်မပြတ် ကြားနေခဲ့ရလေသည်။ ဧကရာဇ်အာဏာပိုင်ဓာတ်လုံးမှ ထွက်ပေါ်လာသော လက်ချောင်းသည် အရိပ်တစ်ခုနှယ် ရန်ကိုင့်နောက်သို့ တကောက်ကောက်လိုက်နေသည့်အတွက်ကြောင့် ရန်ကိုင်မှ သူ့လျှာကို ကိုက်၍ သွေးအဆီအနှစ်ကို အရူးအမူးလောင်ကျွမ်းရင်း အရှိန်ကုန် တင်လိုက်ရာ မျက်တောင်တစ်ခတ်အတွင်း မီတာထောင်ပေါင်းများစွာအကွာသို့ ရောက်ရှိသွားခဲ့လေသည်။
ထိုစဉ် နောက်ထပ်ပေါက်ကွဲသံတစ်သံ ထပ်မံထွက်ပေါ်လာခဲ့လေသည်။ လက်ရှိအခိုက်အတန့်တွင် ဧကရာဇ်အာဏာပိုင်ဓာတ်လုံး၏ တကယ့်စွမ်းအား ပေါက်ကွဲထွက်လာသည့်ပုံပင်။
ဧရာမတွင်းနက်ကြီးတစ်ခုသည် ရန်ကိုင်ထွက်ပြေးသွားသည့်ဘက်တွင် ရုတ်တရက် ပေါ်လာခဲ့ပြီး ခြောက်ခြားဖွယ်ရာ ဟင်းလင်းပြင်အရှိန်အဝါတို့မှာ ထိုတွင်းနက်ကြီးဆီမှ အဖက်ဖက်သို့ ဖြာထွက်နေခဲ့လေသည်။
ဟင်းလင်းပြင်ထဲတွင် ရပ်နေသော ဖုန်းရွှမ်၏ ပုံရိပ်ယောင်ကြီးမှာလည်း ရန်ကိုင် ထွက်ပြေးသွားသည့်ဘက်သို့ ကြည့်နေရင်းမှ တဖြည်းဖြည်း လွင့်စင်ပျောက်ကွယ်သွားခဲ့လေ၏။
“ဟား ဟား ဟား… အသွေးအသား တစ်စက်တစ်လေးတောင် မကျန်ဘူး… ဒီသခင်လေးကို လာတိုက်ဖို့ ငယ်ပါသေးတယ်ကွာ…” ရန်ကိုင်သေသွားပြီဟု ဖုန်းရှီ တထစ်ချ ယုံကြည်နေခဲ့လေသည်။ သို့အတွက်ကြောင့် နှစ်ထောင်းအားရစွာဖြင့် အော်ရယ်မောနေမိလေ၏။ သို့သော်ငြား ထိုကဲ့သို့ ရယ်မောလိုက်သည့်အတွက် သူ့ခန္ဓာကိုယ်မှာ ပို၍ပင် ပင်ပန်းသွားခဲ့ရလေသည်။ ထို့အတွက်ကြောင့် ဖုန်းရှီမှာ တောင့်မခံနိုင်တော့ဘဲ ချောင်းတဟွတ်ဟွတ် ထဆိုးတော့လေ၏။
တည်ငြိမ်သွားသည့်နောက်တွင် ဖုန်းရှီသည် တွင်းနက်ကြီးရှိနေရာဘက်ဆီသို့ ခါးသက်စွာ တစ်ချက် လှမ်းကြည့်လိုက်ပြီးသည့်နောက် ဆန့်ကျင်ဘက်အရပ်ဆီသို့ ပျံသန်းထွက်သွားလေ၏။
ဧကရာဇ်အာဏာပိုင်ဓာတ်လုံးကို သုံးရန်အတွက် သူ့ကိုယ်ထဲရှိ အရင်းအမြစ်ချီအကုန်လုံးနီးပါးကို အသုံးပြုခဲ့ရလေသည်။ ထို့အတွက်ကြောင့် လက်ရှိအချိန်တွင် ကုန်ဆုံးသွားသော အရင်းအမြစ်ချီများကို အလျင်အမြန် ပြန်ဖြည့်ရပေမည်။ ကြယ်ပျက်ပင်လယ်သည် လုံခြုံသည်မဟုတ်။ ရန်သူတစ်ဦးဦးနှင့်သာ သွားတွေ့ပါက လက်ရှိအခြေအနေနှင့် မည်သို့မျှ ပြန်တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ချေ။
အခြားတစ်ဖက်တွင်မူ ဖုန်းရှီမှ သေသွားပြီဟု ထင်မှတ်နေသော ရန်ကိုင်သည် အနီးအနားတွင် ရှိနေသော ဂြိုလ်သိမ်ဂြိုလ်မွှားပင်လယ်ဆီသို့ ခက်ခက်ခဲခဲဖြင့် ပျံသန်းသွားနေခဲ့လေ၏။ ဧကရာဇ်အာဏာပိုင်ဓာတ်လုံး၏ တိုက်ကွက် ထိမှန်ခြင်း ခံလိုက်ရပြီးနောက် ရန်ကိုင့်၏မျက်လုံးများမှာ အသိစိတ်မဲ့နေသလို ဖြစ်နေခဲ့ပြီး သူ့အသိစိတ်မှာလည်း ဝိုးတိုးဝါးတား ဖြစ်နေခဲ့ရလေသည်။ ရန်ကိုင့်အနေဖြင့် တာအိုသခင်အဆင့်သို့ ရောက်ပြီးသည့်အချိန်မှစ၍ တစ်ခါမှ ဤမျှ ဆိုးဆိုးရွားရွား ဒဏ်ရာမရခဲ့ဖူးပေ။