မဟာဓားအင်မော်တယ်သုံးဦး
Vol. 171 Ch. 2551
ဂမ္ဘီရမိုးကောင်းကင်ခန်းမက အလွန်တရာကျယ်ပြောပြီး လူပေါင်းဆယ်သန်းကျော်ကို ဝင်ဆံ့စေနိုင်သည်။
ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်သည် သူတို့၏ တပည့်ဂိုဏ်းသားတစ်သိန်းကျော်နှင့်အတူ ရောက်ရှိလာသည့်အချိန်မှာ ဂမ္ဘီရမိုးကောင်းကင်ခန်းမထဲတွင် လူများစွာက စုဝေးရောက်ရှိနေကြပြီဖြစ်လေသည်။ သူတို့သည် သိပ်သည်းများပြားပြီး တစ်ချက်ကြည့်ရုံဖြင့် အကုန်လုံးကို မတွေ့မြင်နိုင်ပေ။
ဂမ္ဘီရမိုးကောင်းကင်နန်းတော်မှာ ကျင့်ကြံသူများသည် ခန်းမ၏ အမြင့်ဆုံးနေရာမှာ နေရာယူထားကြသည်။
တစ်ဘက်တစ်ချက်စီမှာ ကောင်းကင်အဆင့်အဖွဲ့အစည်းခုနှစ်ခုအတွက် နေရာများကို အသီးသီးပြင်ပေးထား၏။ ယခုအချိန်မှာ ယန်ယန်းအင်မော်တယ်နိုင်ငံ၊ တောင်တန်းပင်လယ်အင်မော်တယ်ဂိုဏ်းနှင့် အင်ပါယာလေဘုရားကျောင်းတို့က ရောက်ရှိလာကြပြီဖြစ်လေသည်။
လူအုပ်ကြားထဲမှာ ရင်းနှီးနေကျမျက်နှာတချို့ကို ခပ်ရေးရေးတွေ့မြင်နိုင်လေသည်။
ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှလူတိုင်း ရောက်ရှိလာသည့်အချိန်မှာ အဖွဲ့အစည်းသုံးခု၏ ခေါင်းဆောင်များက တစ်ယောက်ပြီးတစ်ယောက် မတ်တတ်ထရပ်ပြီး သူတို့၏ လက်များကိုယှက်ကာ နှုတ်ဆက်လိုက်ကြ၏။
“ယွဲ့ဟွား... ငါတို့နောက်ဆုံးတွေ့ခဲ့တာ အတော်ကြာသွားခဲ့ပြီပဲ”
အင်ပါယာလေဘုရားကျောင်းမှ အဖြူရောင်ဝတ်အမျိုးသားတစ်ယောက်က မတ်တတ်ထရပ်ပြီး ဓားအင်မော်တယ်ယွဲ့ဟွားကို ကြည့်ကောင်းတင့်တယ်သောအမူအရာဖြင့် နှုတ်ဆက်လိုက်၏။ သူ့မှာ ထက်ရှသောမျက်ခုံးများနှင့် တောက်ပသောမျက်လုံးများရှိပြီး သူ၏ ခါးမှာ ဓားရှည်တစ်လက်ကိုချိတ်ဆွဲထား၏။
“ညီကိုချွန်းဖုန်း... မင်းက အရင်အတိုင်း ကြော့ရှင်းသန့်ပြန့်နေတုန်းပါလား”
ဓားအင်မော်တယ်ယွဲ့ဟွားက ရယ်မော၍ အသိအမှတ်ပြုခေါင်းညိတ်ပြလိုက်၏။
ယန်လောရှုက အသံတစ်ခုကို တိတ်တဆိတ်ပို့လွှတ်လိုက်၏။
“သူက အင်ပါယာလေဘုရားကျောင်းက ချွန်းဖုန်းကျန့်ပဲ... မဟာဓားအင်မော်တယ်သုံးဦးထဲက တစ်ဦးပေါ့”
“အဲဒီသူက စီနီယာအစ်ကိုယွဲ့ဟွားနဲ့ ဆက်ဆံရေးကောင်းရှိတယ်... အခုမင်းက အဆူရာတိုက်ပွဲမြေမှာ ကောင်းကင်အင်မော်တယ်လောယန်ကို ဒုက္ခိတဖြစ်အောင်လုပ်ခဲ့တဲ့အတွက် မင်းက အခုသူ့ကိုသတိထားရမယ်”
ဆူဇီမိုက ဓားအင်မော်တယ်ချွန်းဖုန်းကို ကြည့်လိုက်၏။
တစ်ချိန်တည်းမှာပင် ဓားအင်မော်တယ်ချွန်းဖုန်းက ဆူဇီမိုကို ကြည့်လာခဲ့လေသည်။ သူ၏ အကြည့်က ထူးဆန်းနေ၏။ အဲဒီမှာ ရန်လိုစိတ်နှင့် သနားဂရုဏာသက်မှုအငွေ့အသက်တစ်ခု ပါဝင်နေသည်။
ဓားအင်မော်တယ်ချွန်းဖုန်းအပြင် အင်ပါယာလေဘုရားကျောင်းမှ ဆူဇီမိုတွေ့မြင်ခဲ့ဖူးသော နောက်ထပ်လူတစ်ယောက်ရှိလေသည်။
နဂါးအသူတရာချောက်နက်ကြယ်မှာတုန်းက ပကတိအင်မော်တယ်သုံးဦးက ရောက်ရှိလာခဲ့ကြသည်။ ဓားအင်မော်တယ်ယွဲ့ဟွားနှင့် ဒုံမင်းအင်မော်တယ်မုန့်ယောင်အပြင် နောက်ထပ်လူတစ်ယောက်က ပကတိအင်မော်တယ်ဝူဖုန့်ဟု ခေါ်ဆိုပုံရသော ဤလူဖြစ်လေသည်။
ယန်ယန်းအင်မော်တယ်နိုင်ငံအဖွဲ့၏ ဤတစ်ခေါက်ခေါင်းဆောင်ကို သူနှင့်ရင်းနှီးကျွမ်းဝင်မှုရှိသူဟု သတ်မှတ်နိုင်လေသည်။ ထိုသူသည် နှစ်တစ်သောင်းတွေ့ဆုံပွဲနှင့် ချိပ်စည်းအတွက်တိုက်ပွဲကို ကျင်းပပေးခဲ့သည့် ရှဲ့လင်ဖြစ်လေသည်။
ဤတစ်ခေါက် တောင်တန်းပင်လယ်အင်မော်တယ်ဂိုဏ်းကို ဦးဆောင်လာသည့် ပကတိအင်မော်တယ်က မူဖုန့်ဖြစ်သည်။ သူသည် အရပ်အမောင်းမြင့်မားပြီး တောင့်တင်းခိုင်မာကာ စိမ်းသက်သောအမူအရာဖြင့် ဆူဇီမိုကို အတန်ကြာသည့်အထိစိုက်ကြည့်နေ၏။
အဆူရာတိုက်ပွဲမြေမှာ ယွဲ့ဟိုင်သည် ဆူဇီမို၏ သတ်ဖြတ်ခြင်း ခံခဲ့ရသည်။
ဤလူက သူ့အပေါ် ရန်လိုစိတ်ရှိလာသည်မှာ နားလည်လက်ခံ၍ ရနိုင်လေသည်။
ဆူဇီမိုက မူဖုန့်ကို လျစ်လျူရှုလိုက်၏။
ဤနေရာသည် ဂမ္ဘီရမိုးကောင်းကင်နန်းဖြစ်လေသည်။
သူသည် ရန်လိုစိတ်ရှိသည်ဆိုလျှင်တောင် သူက တိုက်ခိုက်ဖို့အခွင့်အရေးရလိမ့်မည် မဟုတ်ပေ။
ဆူဇီမို၏ စိတ်အာရုံကို တကယ်တမ်းဖမ်းစားလိုက်သည့်အရာမှာ မူဖုန့်၏ ဘေးမှာရှိသော အနက်ရောင်ဝတ်အမျိုးသားဖြစ်လေသည်။
အနက်ရောင်ဝတ်အမျိုးသားသည် အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်သာဖြစ်၏။ သို့သော်လည်း သူသည် မူဖုန့်နှင့် ဘေးချင်းယှဥ်ကာ တင်ပျဥ်ခွေထိုင်နေ၏။
ဤလူက မျက်လုံးများကို မှိတ်ထားပြီး သူ၏ ကျောက ဖြောင့်မတ်နေ၏။ သူ၏ လက်ဖဝါးနှစ်ဖက်ကို သူ၏ ဒူးပေါ်မှာ လှန်တင်ထားပြီး သူ့မှာ အေးစက်စက်အမူအရာတစ်ခုရှိနေလေသည်။ ဆူဇီမို၏ အကြည့်ကို အာရုံခံမိသွားပြီး အနက်ရောင်ဝတ်အမျိုးသားက ရုတ်တရက် သူ၏ မျက်လုံးနှစ်ဖက်ကိုဖွင့်ကာ ဆူဇီမိုကို လှမ်းကြည့်လိုက်၏။
'ထက်လိုက်တဲ့ အာရုံခံစိတ်'
ဆူဇီမိုက အသိအမှတ်ပြုခေါင်းညိတ်လိုက်၏။
သူထင်တာမမှားဘူးဆိုလျှင် ဤလူသည် ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ပေါ်မှ အဆင့်-၂ တောင်တန်းပင်လယ်အင်မော်တယ်ဂိုဏ်း၏ ပြန်ဝင်စားပကတိအင်မော်တယ် ချင်ကူဖြစ်ပေမည်။
ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှလူတိုင်းက တစ်ယောက်ပြီးတစ်ယောက် နေရာယူထိုင်လိုက်ကြ၏။
ထိုစဥ်မှာပင် မဟာကျင်းအင်မော်တယ်နိုင်ငံမှ အဖွဲ့က ခန်းမထဲကို ရောက်ရှိလာကြလေသည်။
သူတို့၏ ခေါင်းဆောင်က ဆူဇီမိုနှင့် ပဋိပက္ခဖြစ်ခဲ့ဖူးသော အရိပ်မဲ့ဓား ကြွယ်ဝူယင်းဖြစ်လေသည်။
“ဝါး... ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်တွေ့ဆုံပွဲက ဒီတစ်ခေါက်အတော်လေးကို စည်ကားသိုက်မြိုက်နေတာပဲ... မဟာဓားအင်မော်တယ်သုံးဦးတောင်မှ ဒီနေရာမှာလာဆုံနေကြပြီ”
“မဟာနတ်မိမယ်လေးပါးထဲက ဘယ်နှစ်ပါးရောက်လာမလဲ မသိဘူး”
“ဒုံမင်းအင်မော်တယ်နဲ့ ပန်းချီအင်မော်တယ်က ဒီကိုရောက်လာပြီလို့ ငါကြားထားတယ်... ဒါပေမဲ့ စစ်တုရင်အင်မော်တယ်ရဲ့ အရိပ်အယောင်ကိုတော့ မတွေ့မြင်ရသေးဘူး”
စစ်တုရင်အင်မော်တယ်သည် တောင်တန်းပင်လယ်အင်မော်တယ်ဂိုဏ်းမှဖြစ်လေသည်။
စစ်တုရင်အင်မော်တယ်၏ အဆင့်အတန်းအရ သူမသည် ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်တွေ့ဆုံပွဲသို့ ရောက်ရှိလာမည်ဆိုပါက မူဖုန့်ပင်လျှင် သူမ၏ စကားကို နာခံရပေမည်။
ယခုအချိန်မှာ မူဖုန့်သည် တောင်တန်းပင်လယ်အင်မော်တယ်ဂိုဏ်းမှအဖွဲ့ကို ဦးဆောင်လာနေ၏။ သူတို့သည် ဤတစ်ခေါက်မှာ စစ်တုရင်အင်မော်တယ်ကို တွေ့မြင်ခွင့်မရလောက်တော့ဘူးဆိုတာ လူတိုင်းက ခန့်မှန်းမိလိုက်ကြ၏။
ဓားအင်မော်တယ်ယွဲ့ဟွားက မတ်တတ်ထရပ်ပြီး ကြွယ်ဝူယင်းရှိရာဘက်သို့ သူ၏ လက်နှစ်ဖက်ကို ယှက်ပြလိုက်၏။
ကြွယ်ဝူယင်းသည် ဓားအင်မော်တယ်ယွဲ့ဟွားနှင့် လေထဲမှာအကြည့်ချင်းဆုံသွားပြီး အသိအမှတ်ပြုခေါင်းညိတ်ပြလိုက်သည်။
ရုတ်တရက် ယန်လောရှုက မျက်မှောင်ကြုတ်လိုက်လေသည်။
တစ်စုံတစ်ရာလွဲမှားနေသည်ဟု သူက ခံစားနေရ၏။
မဟာကျင်းအင်မော်တယ်နိုင်ငံမှ ပကတိအင်မော်တယ်ဆယ်ဦးကျော်က ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်တွေ့ဆုံပွဲသို့ ပါဝင်တက်ရောက်လာကြလေသည်။ အဲဒါက အတော်လေးထူးဆန်းနေသည်။
ပုံမှန်အခြေအနေမှာဆိုလျှင် ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်တွေ့ဆုံပွဲ၏ အဓိကအာရုံစိုက်စရာက ကောင်းကင်အင်မော်တယ်များဖြစ်သည်။
ယေဘုယျအားဖြင့် သူတို့၏ အဖွဲ့များကို တာဝန်ယူဦးဆောင်လာသည့် ပကတိအင်မော်တယ်တချို့ကလွဲလျှင် ဂိုဏ်းကြီးများနှင့် အဖွဲ့အစည်းကြီးများမှ ပကတိအင်မော်တယ်ပညာရှင်များက ဤပွဲတော်သို့ ပါဝင်တက်ရောက်လေ့မရှိပေ။
ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်တွေ့ဆုံပွဲပြီးနောက် မကြာခင် မိုးကောင်းကိုးလွှာတွေ့ဆုံပွဲရောက်ရှိလာပေလိမ့်မည်။
ထိုပွဲတော်သည် ပကတိအင်မော်တယ်ပညာရှင်များကို အဓိကထားပြီး ထိုအချိန်မှာ မရေမတွက်နိုင်သော ပကတိအင်မော်တယ်ပညာရှင်များက ထိုပွဲတော်သို့ တက်ရောက်လာကြပေလိမ့်မည်။
ဤတစ်ခေါက်မှာ ယန်ယန်းအင်မော်တယ်နိုင်ငံ၏ အဖွဲ့ကို ရှဲ့လင်တစ်ယောက်တည်းကသာ ဦးဆောင်လာ၏။
တောင်တန်းပင်လယ်အင်မော်တယ်ဂိုဏ်းသည် ပကတိအင်မော်တယ်တစ်ဦးတည်းကိုသာ စေလွှတ်လိုက်လေသည်။
အင်ပါယာလေဘုရားကျောင်းမှ ဓားအင်မော်တယ်ချွန်းဖုန်းနှင့် ပကတိအင်မော်တယ်ဝူဖုန့်တို့ကသာ တက်ရောက်လာကြ၏။
ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်က ပကတိအင်မော်တယ်လေးဦးကို အရေအတွက်များလွန်းသည်ဟု ဆိုနိုင်နေပြီဖြစ်သည်။
သို့သော်ယခု... မဟာကျင်းအင်မော်တယ်နိုင်ငံမှ ပကတိအင်မော်တယ်ဆယ်ဦးကျော်က ရောက်ရှိလာကြ၏။
“မဟာကျင်းအင်မော်တယ်နိုင်ငံက ဒီလောက်များတဲ့ ပကတိအင်မော်တယ်တွေက ဘာလာလုပ်ကြတာလဲ”
“မင်းမသိဘူးလား... ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်က အဆင့်-၅ နံပါတ်တစ်ကောင်းကင်အာဏာပါးကွက်သားအစောင့်တပ်သား စုန့်စဲက ဆူဇီမိုရဲ့ လှုပ်ရှားကွက်တစ်ကွက်တည်းနဲ့ သတ်ဖြတ်ခံလိုက်ရတယ်... မဟာကျင်းအင်မော်တယ်နိုင်ငံက ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်မှာ လူသုံးယောက်ပဲကျန်တော့တယ်... နောက်ပြီး သူတို့ရဲ့အဆင့်တွေကလည်း အဆင့်-၅၀ အောက်မှာပဲ”
“အင်း... ငါသိတယ်လေ... အဲဒါဘာဖြစ်လို့လဲ”
“သူတို့တွေက မျက်နှာအရမ်းမပျက်ရအောင် ပကတိအင်မော်တယ်တချို့ကို ထပ်ပြီးခေါ်လာတာဖြစ်ရမယ်”
လူအုပ်ကြားထဲမှာ ကျင့်ကြံသူအချို့သည် ရုတ်ရုတ်သဲသဲအခြေအနေကို သတိထားမိသွားပြီး ဆွေးနွေးပြောဆိုလိုက်ကြ၏။
သိပ်မကြာခင် ကျိရွှမ်အင်မော်တယ်နိုင်ငံမှလူတိုင်းက ရောက်ရှိလာပြီး ကျင့်ကြံသူများစွာ၏ စိတ်အာရုံကို ချက်ချင်းပင်ရရှိသွား၏။ ဂမ္ဘီရမိုးကောင်းကင်ခန်းမတစ်ခုလုံးက ရုတ်ရုတ်သဲသဲဖြစ်သွားကြလေသည်။
ကျိရွှမ်အင်မော်တယ်နိုင်ငံမှလူနှစ်ယောက်သည် ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာ အရမ်းကို ကျော်ကြားနေသောကြောင့်ဖြစ်လေသည်။
“ကြည့်စမ်း... ကျိရွှမ်အင်မော်တယ်နိုင်ငံကို စာအုပ်အင်မော်တယ်ယွင်ကျူးက ဦးဆောင်လာတာပဲ”
“အဲဒီရိုးရှင်းတဲ့ဝတ်စုံနဲ့အမျိုးသမီးက နတ်မိမယ်ယွင်ကျူးပဲ... စာအုပ်အင်မော်တယ်ဆိုတဲ့အတိုင်း မျက်နှာချေခပ်ပါးပါးနဲ့တောင် သူ့မှာ ဒီလိုမျိုးသွင်ပြင်ဟန်ပန်ရှိနေတာပဲ”
“ပန်းချီအင်မော်တယ်နဲ့ စာအုပ်အင်မော်တယ်တို့က ဒီကိုရောက်လာကြပြီ... သူတို့တွေက သူတို့ကိုယ်ပိုင်အရည်အချင်းတွေနဲ့ တကယ့်ကို ချောမောလှပကြတာပဲ... ငါသာ သူတို့ထဲကတစ်ယောက်ယောက်ရဲ့နှလုံးသားကို သိမ်းပိုက်နိုင်မယ်ဆိုရင် ငါ့ဘဝသက်တမ်းနှစ်တစ်သိန်းကို ပေးဆပ်ရဖို့ဝန်လေးနေမှာမဟုတ်ဘူး”
“စိတ်ကူးသာယဥ်နေလိုက်”
စာအုပ်အင်မော်တယ်ယွင်ကျူး၏ နောက်ဘက်မှာ ကျောပေါ်တွင် ဓားရှည်တစ်လက်လွယ်ထားသည့် လူငယ်အမျိုးသားတစ်ယောက်ရှိနေ၏။
သူက လျင်မြန်သောအကြည့်ဖြင့် သူ၏ ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုနေပြီး သူ့ပုံစံက ထက်ရှသောအနားစောင်းတစ်ခုနှင့်အတူ ထုတ်ဖော်ထားသောဓားတစ်လက်ကဲ့သို့ဖြစ်နေသည်။
ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်က အဆင့်-၁ ယွင်ထင်...။
ယွင်ထင်သည် လူအုပ်ကြားထဲမှာ တစ်ယောက်ယောက်ကို ရှာဖွေနေပုံရ၏။
သူက ချင်ကူကို တွေ့မြင်သောအခါ သူ၏ အကြည့်က လုံးဝရပ်တန့်မသွားပေ။ သူ၏ အကြည့်က ဆက်လက်၍ဖြတ်သန်းသွားပြီး ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ရှိရာဘက်သို့ ဆင်းသက်ကာ ဆူဇီမိုပေါ်သို့ ကျရောက်လာခဲ့သည်။
သူတို့နှစ်ယောက်က အကြည့်ချင်းဖလှယ်မိသည့်ခဏမှာပင် သူတို့၏ မျက်လုံးများက ဝင်းလက်သွားကြ၏။
သိပ်သည်းပြင်းထန်သော တိုက်ပွဲဝင်လိုစိတ်နှင့်အတူ သူတို့ထဲ မည်သူကမှ နောက်ဆုတ်ခြင်း သို့မဟုတ် ရှောင်လွှဲခြင်းမရှိကြပေ။
ဆူဇီမိုသည် လူသားသတ်ဖြတ်ခြင်းဓားပညာရပ်ကို ရယူလိုနေ၏။
ယွင်ထင်ကတော့... သူသည် ကောင်းကင်သတ်ဖြတ်ခြင်းနှင့် ကမ္ဘာမြေသတ်ဖြတ်ခြင်းဓားပညာရပ်များကို ရယူလိုရုံသာမက သူသည် ဆူဇီမိုကို အနိုင်ယူကာ ဧကရာဇ်ဂူသင်္ချိုင်းမှာ သူဆုံးရှုံးခဲ့သည့် ဂုဏ်သိက္ခာကို ပြန်အဖတ်ဆယ်လိုလေသည်။
စာအုပ်အင်မော်တယ်ယွင်ကျူး ရောက်ရှိလာသောအခါ ဓားအင်မော်တယ်ယွဲ့ဟွားနှင့် အခြားသူများက မတ်တတ်ထရပ်ပြီး နှုတ်ဆက်လိုက်ကြ၏။
ယွင်ကျူးကပြုံး၍ တစ်ယောက်ပြီးတစ်ယောက်ကို ပြန်လည်နှုတ်ဆက်လိုက်၏။
ယွင်ကျူးနှင့်မိုချင်က အကြည့်ချင်းဖလှယ်ပြီး ပြုံးလိုက်ကြလေသည်။
စာအုပ်အင်မော်တယ်နှင့် ပန်းချီအင်မော်တယ်၏ အပြုံးများက လူအုပ်ကြားထဲမှာ နောက်တစ်ဖန် ရုတ်ရုတ်သဲသဲဖြစ်သွားစေ၏။
ထို့နောက် ယွင်ကျူးက မိုချင်၏ နောက်မှာရှိသော ဆူဇီမိုကို ကြည့်လိုက်လေသည်။
“ဇီမို... သတိထား ဘာလို့လဲမသိဘူး... အင်မော်တယ်ပျံဂိုဏ်းနဲ့ မဟာကျင်းအင်မော်တယ်နိုင်ငံက ဒီတစ်ခေါက် ပကတိအင်မော်တယ်တွေအများကြီး စေလွှတ်လိုက်တယ်... သူတို့တွေက ကြီးကြီးမားမားကိစ္စတစ်ခုကို ကြံစည်နေတဲ့ပုံပဲ”
ယွင်ကျူး၏ သာယာနာပျော်ဖွယ်ကောင်းသောအသံက ဆူဇီမို၏ အသိစိတ်ထဲမှာ ထွက်ပေါ်လာ၏။
ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားလေသည်။
ကြည့်ရသည်မှာ မဟာကျင်းအင်မော်တယ်နိုင်ငံနှင့် အင်မော်တယ်ပျံဂိုဏ်းက လှုပ်ရှားမှုတစ်ခုခုကို တကယ်ပဲပြုလုပ်တော့မည့်ပုံပင်။
သို့သော်လည်း ယခုအချိန်မှာ ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်တွေ့ဆုံပွဲ၌ ဒုံမင်းအင်မော်တယ်မုန့်ယောင်နှင့် အခြားသူများက ဘာလုပ်နိုင်မည်ကို ဆူဇီမိုက ပုံဖော်စဥ်းစား၍မရနိုင်ပေ။
မည်သို့ပင်ဆိုစေ သူသည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ တပည့်တစ်ယောက်ဖြစ်လေသည်။
သူတို့နှစ်ယောက်က မီးနှင့်ရေကဲ့သို့ အတိုက်အခံဖြစ်လျှင်တောင် ဒုံမင်းအင်မော်တယ်မုန့်ယောင်သည် သူ့ကို ပေါ်ပေါ်တင်တင်တိုက်ခိုက်လိမ့်မည်မဟုတ်ဘဲ ဂမ္ဘီရမိးကောင်းကင်နန်းတော်ကလည်း ထိုသို့ခွင့်ပြုပေးလိမ့်မည် မဟုတ်ပေ။
မုန့်ယောင်နှင့် တခြားသူများမှာ လုံလောက်သည့် အကြောင်းပြချက်တစ်ခုမရှိသရွေ့...။
ဆူဇီမိုက အလေးအနက်စဥ်းစားတွေးတောနေစဥ်မှာပင် အင်မော်တယ်ပျံဂိုဏ်းက ရောက်ရှိလာခဲ့လေသည်။