အနက်ရောင်ကျောက်တုံး
Vol. 171 Ch. 2559
မိုချင်၏ စိတ်ဝိညာဉ်အသိစိတ်ထံမှ အတွေးတစ်ချက်နှင့်အတူ နတ်ဘုရားတစ္ဆေ အင်မော်တယ်မိစ္ဆာပန်းချီကားပေါ်ရှိ နတ်ဘုရားပုံရိပ်က ကားချပ်ထဲကနေ လျှောက်လှမ်းထွက်လာပြီး နတ်ဘုရားမျိုးနွယ်သက်ရှိအဖြစ် လုံးလုံးလျားလျား ပြောင်းလဲသွားသည်။
ဤနတ်ဘုရားမျိုးနွယ်သက်ရှိ၏ ကျင့်ကြံမှုနယ်ပယ်က မိုချင်နှင့် ထပ်တူထပ်မျှ ဖြစ်လေသည်။ သူတို့နှစ်ယောက်စလုံးက ပကတိဧကနယ်ပယ်၏ အဆင့် ၃၊ ဗလာနယ်ဝိညာဉ်နယ်ပယ်မှာ ရှိကြလေသည်။
“စိတ်ဝင်စားစရာပဲ”
ဓားအင်မော်တယ်ယွဲ့ဟွားက လှောင်ပြုံး ပြုံးလိုက်သည်။
“ဒါပေမဲ့ အစစ်အမှန် နတ်ဘုရားမျိုးနွယ်သက်ရှိတောင်မှ ငါ့ရဲ့ လမင်းအမြုတေဓားကို ခုခံဆန့်ကျင်နိုင်မှာ မဟုတ်ဘူး”
ရွှစ်….
ဖျတ်ခနဲဆို ဓားအင်မော်တယ်ယွဲ့ဟွားသည် မိုချင်ဆင့်ခေါ်ထားသည့် နတ်ဘုရားမျိုးနွယ်သက်ရှိ ရှိရာသို့ ပြေးဝင်သွားလေသည်။ သူက လမင်းအမြုတေဓားကို လေထဲမှာ ဝှေ့ယမ်းပြီး တစ်ခဏချင်းမှာပင် အကြိမ်ပေါင်းရာချီ ပစ်ထိုးလိုက်၏။
နတ်ဘုရားမျိုးနွယ်သက်ရှိက သူ၏ သွေးချီကို လှည့်ပတ်ပြီး အဆက်မပြတ် တိုက်ခိုက်လိုက်သည်။ သို့သော်လည်း သူသည် မည်သို့ပင်ဆိုစေ လက်ဗလာနှင့်ဖြစ်ပြီး လမင်းအမြုတေဓား၏ ထက်ရှမှုကို မခုခံနိုင်ပေ။
သိပ်မကြာခင် နတ်ဘုရားမျိုးနွယ်သက်ရှိက ဒဏ်ရာများဖြင့် ပြည့်နှက်လာခဲ့သည်။
လမင်းအမြုတေဓားသည် ကပ်ဘေးကိုးခုသန့်စင်ယန်ဝိညာဉ်ရတနာဖြစ်ပြီး နတ်ဘုရားမျိုးနွယ်သက်ရှိ၏ ခန္ဓာကိုယ်ကိုပင် ထိုးဖောက်နိုင်လေသည်။
ဘန်း…. ဘုန်း….
နတ်ဘုရားမျိုးနွယ်သက်ရှိက သူ၏ မျိုးဆက်သွေးနယ်မြေကို ချက်ချင်းပင် ထုတ်ဖော်လိုက်ပြီး ရှေးကျ၍ လျှို့ဝှက်ဆန်းကြယ်သော ပိရမစ်တစ်ခုက သူ၏ နောက်ဘက်မှာ ပေါ်ထွက်လာကာ သန်းပေါင်းများစွာသော သက်ရှိများက ၎င်း၏ အောက်ဘက်မှာ ရိုသေခယစွာဖြင့် ဝပ်တွားနေကြသည်။
နတ်ဘုရားတစ္ဆေ အင်မော်တယ်မိစ္ဆာပန်းချီက ဆင့်ခေါ်လိုက်သည့် ပုံရိပ်က သက်ရှိတစ်ဦးကဲ့သို့ဖြစ်ပြီး မျိုးဆက်သွေးနယ်မြေတစ်ခုကိုပင် ထုတ်ဖော်နိုင်လေသည်။
“ဟမ့်”
ဓားအင်မော်တယ်ယွဲ့ဟွားက လှောင်ရယ်၍ လမင်းအမြုတေဓားကို သူ၏ ဓားလက်ညှိုးဖြင့် သပ်လိုက်လေသည်။
ဓားက ဝင်းလက်တောက်ပလာပြီး ရုတ်တရက် တဖျတ်ဖျတ်တလက်လက် ဓားအလင်းတန်းတစ်ခုကို ပစ်ထုတ်လိုက်၏။
လမင်းအမြုတေခုတ်ချက်…
ဘုန်း…
ဓားအလင်းက နတ်ဘုရားမျိုးနွယ်သက်ရှိ၏ မျိုးဆက်သွေးနယ်မြေနှင့် ထိတွေ့ရိုက်ခတ်သွားသည်။
အနည်းငယ် ရပ်တန့်သွားပြီး နတ်ဘုရားမျိုးနွယ်သက်ရှိ၏ မျိုးဆက်သွေးနယ်မြေက လမင်းအမြုတေဓား၏ ဓားအလင်းတန်းဖြင့် ထိုးဖောက်ခံရကာ လဲပြိုကျသွားသည်။
နောက်ဆုံးမှာတော့ ဤနတ်ဘုရားမျိုးနွယ်သက်ရှိ၏ ကျင့်ကြံမှုနယ်ပယ်က အဆင့်တစ်ဆင့် နိမ့်ကျနေဆဲဖြစ်သည်။
ဒါ့အပြင် ဓားအင်မော်တယ်ယွဲ့ဟွား စောစောက ထုတ်ဖော်လိုက်သည့် လျှို့ဝှက်အတတ်သည် သူ၏ သတ်ဖြတ်ကွက်များထဲမှ တစ်ခုလည်းဖြစ်လေသည်။
မိုချင်၏ အမူအရာက တည်ငြိမ်နေပြီး သူမ၏ သိုလှောင်အိတ်ထဲကနေ မှင်စုတ်တံတစ်ချောင်းကို ထုတ်ယူကာ သူမ၏ တာအိုသစ်သီးကို လှည့်ပတ်လိုက်သည်။ သူမက စုတ်တံဖျားမှာ အစစ်အမှန်အမြုတေကို စုဖွဲ့လိုက်လေသည်။
မှင်အဖြစ် အစစ်အမှန်အမြုတေ၊ စက္ကူရွက်အဖြစ် လေဟာနယ်ကို အသုံးပြုပြီး သူမသည် စုတ်ချက်တချို့ကို ရေးဆွဲကာ မြင်းတစ်ကောင်ကို စီးနင်းထားသော ဓားပုဆိန်တစ်လက်နှင့် စစ်သားတစ်ယောက်ကို လျင်မြန်စွာ ပေါ်ထွက်လာစေသည်။
ဤစစ်သား၏ ကျင့်ကြံမှုနယ်ပယ်က ပကတိဧကနယ်ပယ်မှာ ရှိလေသည်။
သို့သော်လည်း သူက အဆင့်-၁ သာဖြစ်သည်။
မိုချင်၏ စိတ်ဝိညာဉ်အသိစိတ်ထဲမှ အတွေးတစ်ချက်နှင့်အတူ စစ်သားက လေထဲမှာ ပေါ်ထွက်လာပြီး ဓားအင်မော်တယ်ယွဲ့ဟွားထံ ပြေးဝင်သွားသည်။
မိုချင်က လေထဲမှာ နောက်ထပ်စုတ်ချက်တချို့ကို ရေးဆွဲပြီး နတ်ဘုရားလက်နက်တချို့ကို ပေါ်ထွက်လာစေသည်။ သူတို့အားလုံးက အစစ်အမှန်ဖြစ်သည့်အလား ပေါ်ထွက်လာပြီး ဓားအင်မော်တယ်ယွဲ့ဟွားရှိရာသို့ ပစ်ဝင်သွားလေသည်။
ဓားအင်မော်တယ်ယွဲ့ဟွားနှင့် မိုချင်က တိုက်ခိုက်နေစဉ် ပကတိအင်မော်တယ်ဝူဖုန့်၊ ဓားအင်မော်တယ်ချွန်းဖုန်းနှင့် ပကတိအင်မော်တယ်မူဖုန့်တို့က ယွင်ကျူးကို နောက်တစ်ဖန် တိုက်ခိုက်လိုက်ကြသည်။
ကြွယ်ဝူယင်းက နောက်တစ်ဖန် ပျောက်ကွယ်သွားပြန်သည်။
ဤတစ်ခေါက်မှာ ပကတိအင်မော်တယ်များစွာနှင့် ကြမ်းကြုတ်တောကောင် ဆယ်ကောင်ကျော်၏ တိုက်ခိုက်မှုအောက်မှာ မည်သူကမှ သူ၏ အရိပ်ယောင်ကို ရှာမတွေ့တော့ပေ။
အချိန်မရွေး ပေါက်ကွဲထွက်ပေါ်လာနိုင်သည့် ခြိမ်းခြောက်မှုတစ်ရပ်က ကြောက်စရာအကောင်းဆုံး ဖြစ်လေသည်။
မုန့်ယောင်သည် သူမ၏ လက်ချောင်းများကို ရှေးဟောင်းဒုံမင်းပေါ်မှာ ညင်သာစွာတင်ပြီး တိုက်ပွဲနယ်မြေမှာရှိသော ယွင်ကျူးနှင့် မိုချင်ကို ကြည့်ကာ လှောင်ပြုံးပြုံးနေသည်။
သူမနှင့် တစ်တန်းတည်း ရပ်တည်နေသော နတ်မိမယ်နှစ်ပါးက ရှုံးနိမ့်ရဖို့ အချိန်တစ်ခုသာ လိုတော့သည်။
ဆူဇီမိုက ယနေ့မှာ သေချာပေါက် သေရပေလိမ့်မည်။
စာအုပ်အင်မော်တယ်သည် မည်သို့ပင်ဆိုစေ မဟာနတ်မိမယ်လေးပါးထဲမှ တစ်ပါးဖြစ်ပြီး ကျိရွှမ်အင်မော်တယ်နိုင်ငံ၏ မင်းသမီးတစ်ပါးလည်း ဖြစ်နေသည်။
ဓားအင်မော်တယ် ချွန်းဖုန်းနှင့် အခြားသူများက စိုးရိမ်ပူပန်နေကြဆဲဖြစ်သည်။ မဟုတ်ပါက စာအုပ်အင်မော်တယ်သည် ယခုအချိန်ထိ တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။
ရုတ်တရက်ဆိုသလို…
တစ္ဆေသရဲတစ်ကောင်လို ပုံရိပ်တစ်ခုက ဆူဇီမို၏ နောက်ဘက်မှာ ပေါ်ထွက်လာသည်။
ကြွယ်ဝူယင်းသည် နောက်တစ်ဖန် တိုက်ခိုက်လိုက်ပြီဖြစ်ပြီး ဆူဇီမို၏ ဦးခေါင်းနောက်ဘက်သို့ သူ၏ ဓားဖြင့် ထိုးသွင်းလိုက်သည်။ ထိုဓားက တိတ်ဆိတ်ငြိမ်သက်၍ မည်သည့်သတ်ဖြတ်လိုစိတ်ကိုမှ ထုတ်ဖော်မထားပေ။
ကြွယ်ဝူယင်းသည် ဆူဇီမို၏ အာရုံငါးပါးထံမှ ထိုအရာကို ဖုံးကွယ်နိုင်သော်လည်း သူသည် ထိုသူ၏ အာရုံခံသတိစိတ်ထံမှ မဖုံးကွယ်နိုင်ပေ။
ကြွယ်ဝူယင်း ပေါ်ထွက်လာသည့်ခဏမှာပင် ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားသည်။ တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သူက သူ၏ ကမ္ဘာဦးခန္ဓာကို ဆင့်ခေါ်ကာ ရွှေပုစဉ်းတောင်ပံလဲခြင်းကို ထုတ်ဖော်ပြီး ကြွယ်ဝူယင်း၏ လုပ်ကြံသတ်ဖြတ်ကြိုးပမ်းမှုကနေ ရှောင်တိမ်းလိုလေသည်။
ယွင်ကျူးနှင့်မိုချင်က ဆူဇီမို အန္တရာယ်ကျရောက်နေသည်ကို တစ်ချိန်တည်းမှာ သတိထားမိသွားပြီး ကူညီလိုကြသည်။
ကံဆိုးစွာဖြင့် မိုချင်ကို ဓားအင်မော်တယ်ယွဲ့ဟွားက တားဆီးထားပြီး သူမက လုံးဝကို အရေးနိမ့်နေသည်။
ယွင်ကျူးကတော့ သူမသည် ဓားအင်မော်တယ် ချွန်းဖုန်းနှင့် အခြားနှစ်ယောက်၏ ဝိုင်းပတ်ပိတ်ဆို့ခံထားရပြီး ရုန်းမထွက်နိုင်ဘဲ အသည်းအသန် ခုခံနေရသည်။
သူတို့နှစ်ယောက်က စိုးရိမ်ကြောင့်ကြလာစဉ် မုန့်ယောင်၏ ဒုံမင်းသံက ဆိုင်းမဆင့်ဗုံမဆင့် ထွက်ပေါ်လာခဲ့သည်။
ဒင်…
ဒုံမင်းသံက ကြမ်းကြုတ်ခက်ထန်၍ စိတ်အာရုံကို ပျံ့လွင့်စေသည်။
ဒုံမင်းသံ၏ အချိန်ကိုက်ထွက်ပေါ်လာမှုက တိကျလွန်းနေသည်။
ယွင်ကျူးသည် ဒုံမင်းသံကို ကြားရသောအခါ သူမ၏ နားစည်က နာကျင်သွားပြီး သူမက အနည်းငယ် မှင်တက်သွားသည်။ သူမ၏ ခန္ဓာကိုယ်ပေါ်မှာ နောက်ထပ်ဒဏ်ရာသုံးခု ပေါ်ထွက်လာပြီး သွေးများက ပန်းထွက်လာခဲ့သည်။
အခြားတစ်ဖက်မှာ ဓားအင်မော်တယ်ယွဲ့ဟွား၏ အကြည့်က သိပ်သည်းကျစ်လစ်လာပြီး သူက အော်ပြောလိုက်သည်။
“ဂျူနီယာညီမ… နင်ရှုံးသွားပြီ”
မိုချင်တစ်ယောက်တည်းသာလျှင် မဟုတ်ဘဲ သူမ ဆင့်ခေါ်ထားသည့် နတ်ဘုရားမျိုးနွယ်သက်ရှိကပင် မုန့်ယောင်၏ ဒုံမင်းသံဖြင့် သက်ရောက်ခြင်းခံလိုက်ရသည်။ ဓားအင်မော်တယ်ယွဲ့ဟွားက အခွင့်အလမ်းကို ချိန်ဆပြီး ခုတ်ချက်တစ်ချက်နှင့်အတူ နတ်ဘုရားမျိုးနွယ်သက်ရှိကို နှစ်ပိုင်းလှီးဖြတ်ပစ်လိုက်သည်။
နတ်ဘုရားမျိုးနွယ်သက်ရှိ၏ အကူအညီမရှိဘဲ မိုချင်သည် ဓားအင်မော်တယ်ယွဲ့ဟွားကို လုံးဝ မယှဉ်နိုင်ပေ။
တစ်ခဏချင်းမှာပင် ယွင်ကျူးနှင့် မိုချင်က အန္တရာယ်ကျရောက်လာခဲ့ပြီဖြစ်ပြီး ဆူဇီမိုကို ကယ်တင်ဖို့နေနေသာ သူတို့ကိုယ်သူတို့ပင် အနိုင်နိုင်ကာကွယ်နေရသည်။
ကြွယ်ဝူယင်း၏ လုပ်ကြံသတ်ဖြတ်ကြိုးပမ်းမှုနှင့် ရင်ဆိုင်ရချိန်မှာ ဆူဇီမိုသည် သူ၏ ကမ္ဘာဦးခန္ဓာနှင့် ရွှေပုစဉ်းတောင်ပံလဲခြင်းကို ထုတ်ဖော်တော့မည့်ဆဲဆဲဖြစ်သည်။
သို့သော သူကလည်း ဒုံမင်းသံကို ကြားလိုက်ရပြီး ဆတ်ခနဲ တုန်ယင်သွားသည်။
ထိုတဒင်္ဂကြန့်ကြာမှုသည် ကြွယ်ဝူယင်းလို ထိပ်သီးလုပ်ကြံသတ်ဖြတ်သူတစ်ယောက်အတွက် လုံလောက်သည်ထက် ပိုနေသည်။
အစကနေ ယခုအချိန်ထိ ဒုံမင်းအင်မော်တယ်မုန့်ယောင်က ကိုယ်တိုင်ဝင်ရောက်တိုက်ခိုက်ခြင်း မရှိပေ။
သို့သော်လည်း သူမ၏ ဒုံမင်းသံတစ်သံချင်းစီက အခြေအနေတစ်ရပ်လုံးကို ပြောင်းလဲပေးနိုင်သည်။
ကြွယ်ဝူယင်း၏ မျက်နှာပေါ်တွင် အေးစက်စက်အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။
သူသည် ဆူဇီမို၏ ဦးခေါင်းက သူ၏ ဓားဖြင့် ထိုးဖောက်ခံရသည်ကို မြင်ယောင်မိလာသည်။
“ဆူဇီမိုကတော့ သေပြီ”
ရှဲ့လင်က သူ၏ ခေါင်းကို ညင်သာစွာ ခါယမ်းပြီး သက်ပြင်းချလိုက်သည်။
ဤသည်က သူ၏ ကံကြမ္မာ ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ ဆူဇီမိုသည် ကြွယ်ဝူယင်း၏ လုပ်ကြံသတ်ဖြတ်ကြိုးပမ်းမှုကို တစ်ကြိမ်ရှောင်တိမ်းနိုင်ခဲ့သော်လည်း သူက ဒုတိယမြောက်အကြိမ်ကို မရှောင်လွှဲနိုင်တော့ပေ။
ယန်လောရှုက ထိုသည်ကို တွေ့မြင်သောအခါ ပြူးကျယ်နေသော မျက်လုံးများဖြင့် သူ၏ လက်သီးနှစ်ဖက်ကို တင်းတင်းဆုပ်ထားသည်။
အင်မော်တယ်ဘုရင်ချင်းယန်ပင်လျှင် ဆူဇီမိုက သေချာပေါက်သေရတော့မည်ဟု တွေးထင်လိုက်သည်။ ရုတ်တရက် သူက မျက်မှောင်ကြုတ်ပြီး ပြောင်းလဲသွားသော အမူအရာဖြင့် ဘေးတစ်ဖက်ကို လှည့်ကြည့်လိုက်သည်။
ရွှစ်…
အနက်ရောင်အလင်းတန်းတစ်ခုက ကြောက်ခမန်းလိလိ အမြန်နှုန်းဖြင့် တိုက်ပွဲနယ်မြေထဲသို့ ထိုးဖောက်ဝင်ရောက်လာပြီး အရိပ်မဲ့ဓားကို ချက်ချင်းပင် ထိမှန်သွားသည်။
အစကတော့ အရိပ်မဲ့ဓားသည် မည်သည့်အရိပ်အယောင်မှ မရှိပေ။ အလင်းရောင်နှင့် ဘေးပတ်ဝန်းကျင်ကို အသုံးချပြီး ဓားကိုယ်ထည်ကို ပြီးပြည့်စုံစွာ ဖုံးကွယ်ထားနိုင်ခဲ့သည်။ တကယ်ဆို ၎င်းသည် လောကတစ်ခုလုံးကိုပင် လှည့်စားကာ အာရုံငါးပါးကနေ ရှောင်လွှဲပြီး အခြားသူများ သတိထားမိစေဖို့ ခက်ခဲစေလေသည်။
သို့သော်လည်း အနက်ရောင်အလင်းသည် အရိပ်မဲ့ဓားကို တိတိကျကျ ထိမှန်သွားရုံသာမက ဓားကိုယ်ထည်တစ်ခုလုံးကိုပါ လုံးလုံးလျားလျား ပေါ်ထွက်လာစေလေသည်။
လူအုပ်ကြားထဲမှာ အံ့အားတသင့် ရေရွတ်သံများ ထွက်ပေါ်လာကြသည်။
တစ်ယောက်ယောက်သည် ကြွယ်ဝူယင်း၏ လုပ်ကြံသတ်ဖြတ်မှုကို အမှန်တကယ်ပင် ချေဖျက်နိုင်ခဲ့လေသည်။ အဲဒါက တကယ့်ကို အထင်ကြီးစရာကောင်းလွန်းလေသည်။
တကယ်တမ်းမှာတော့ ထိုအခိုက်အတန့်မှာ ကြွယ်ဝူယင်းက ဘယ်လောက်တောင် တုန်လှုပ်သွားသည်ကို ဘေးကနေ ရပ်ကြည့်နေသူများက မသိကြပေ။
စောစောက အနက်ရောင်အလင်းသည် သူ၏ အရိပ်မဲ့ဓားကို ထိမှန်သွားရုံမျှသာမကပေ။
အနက်ရောင်အလင်းကနေ ထွက်ပေါ်လာသည့် စွမ်းအားက မနှိုင်းယှဉ်သာအောင် စီးပိုးခြယ်လှယ်ပြီး အရိပ်မဲ့ဓားကနေတစ်ဆင့် သူ၏ ခန္ဓာကိုယ်ထဲသို့ပင် ကူးပြောင်းလာခဲ့သည်။
သူ၏ ကိုယ်တွင်းအင်္ဂါများက ပြင်းထန်စွာ လှုပ်ခါသွားခဲ့သည်။
“ဘယ်လောက်တောင် ပြင်းထန်လိုက်တဲ့ ခွန်အားလဲ”
ကြွယ်ဝူယင်းက တိတ်တဆိတ် ထိတ်လန့်သွားပြီး သူ၏ ပါးစပ်ထဲသို့ လှိုက်တက်လာသည့် သွေးတစ်လုတ်ကို ပြန်မျိုချလိုက်သည်။
ဆူဇီမိုက အခွင့်အလမ်းကို ချိန်ဆပြီး အရိပ်မဲ့ဓားကနေ ထွက်ပြေးလွတ်မြောက်လာကာ အကြောက်မပြေသေးသည့်ဟန်ဖြင့် လှည့်ကြည့်လိုက်သည်။
ဘန်း…
ထိုစဉ်မှာပင် အရိပ်မဲ့ဓားကို ထိမှန်သွားသော အနက်ရောင်အလင်းက အောက်သို့ ကျဆင်းသွားပြီး ကြွယ်ဝူယင်း၏ ခြေထောက်ဘေးမှာ ကြွပ်ဆတ်ဆတ်အသံတစ်သံကို ထွက်ပေါ်လာစေသည်။
ဆူဇီမို၊ ကြွယ်ဝူယင်းနှင့် အခြားကျင့်ကြံသူများသည် ထိုအရာကို အလိုလိုအာရုံစိုက်၍ ကြည့်လိုက်ကြသည်။
အနက်ရောင်အလင်းက သာမန်အနက်ရောင်ကျောက်တုံးတစ်တုံး ဖြစ်ပုံရသည်။
အပေါ်ယံမှာ ကြည့်လိုက်လျှင် ၎င်းသည် အနက်ရောင် စစ်တုရင်အရုပ်တစ်ရုပ်နှင့် တူနေသည်။
ဆူဇီမိုက ရုတ်တရက် လူတစ်ယောက်ကို တွေးမိသွားပြီး ရင်တစ်ချက်ထိတ်သွားသည်။
ကြွယ်ဝူယင်း၊ မုန့်ယောင်နှင့် အခြားသူများကလည်း ထိုအနက်ရောင်ကျောက်တုံးကို တွေ့မြင်သောအခါ တုန်လှုပ်သွားကြသည်။ သူတို့သည် ၎င်း၏ မူလဇစ်မြစ်ကို မှတ်မိသိရှိကြသည်မှာ သိသာနေသည်။
“သူလည်း ရောက်လာပြီလား”
ဝင်ရောက်လာသူ၏ သရုပ်သကန်ကို ခန့်မှန်းမိသွားသောအခါ ဓားအင်မော်တယ်ယွဲ့ဟွားက စတင်၍ ခေါင်းကိုက်လာတော့သည်။