စစ်တုရင်အင်မော်တယ် ကျွင်းယု
Vol. 171 Ch. 2560
မလှမ်းမကမ်းမှာ အမျိုးသမီးတစ်ယောက်က လျှောက်လှမ်းလာနေသည်။ သူမ၏ အင်္ကျီလက်စက တဖျပ်ဖျပ်လွင့်နေပြီး သူမ၏ ဆံပင်ရှည်ကို ရိုးရှင်းစွာ ထုံးချည်ကာ သူမက ငယ်ရွယ်သော သီလရှင်တစ်ဦးနှင့် တူနေသည်။
အမျိုးသမီးတွင် သူမ၏ ဆံပင်၊ လည်ပင်း၊ နားရွက်များနှင့် သူမ၏ ခန္ဓာကိုယ်ပေါ်မှာပင် မည်သည့်အဆင်တန်ဆာမှ မရှိပေ။ သူမသည် အလွန်တရာ ရိုးရှင်းသည့်ပုံပေါ်သော်လည်း သူမ ပြုလုပ်လိုက်သော လှုပ်ရှားမှုတစ်ခုချင်းစီတိုင်းက ဓမ္မတာအို၏ ဖော်မပြတတ်သော ဂမ္ဘီရစိတ်ဝိညာဉ်တစ်ခုကို ဖြာထုတ်ပေးနိုင်နေသည်။
အမျိုးသမီးသည် မည်သည့်မျက်နှာချေကိုမှ လိမ်းခြယ်မထားဘဲ လှပကြော့ရှင်းနေသည်။
အဲဒါထက် ဤပြိုင်ဘက်ကင်းမျက်နှာပေါ်မှာ မျက်နှာချေအနည်းငယ် တင်လိုက်မည်ဆိုလျှင်ပင် အဲဒါက သူမ၏ ပင်ကိုယ်အလှကို ပျက်စီးစေမည့်အလားပင်။
သူမသည် ကျောပေါ်မှာ ဧရာမစတုရန်းစစ်တုရင်ခုံတစ်ခုကို တင်ဆောင်လာသည်။
အနက်ရောင်နှင့် အဖြူရောင် စစ်တုရင်အရုပ်များက စတုရန်းစစ်တုရင်ခုံပေါ်မှာ ကြယ်များကဲ့သို့ ဆင်းသက်ရောက်ရှိနေသည်။
အမျိုးသမီးသည် သူမ၏ ကျောပေါ်မှာ ကြယ်တာရာကောင်းကင်တစ်ခုလုံးကို တင်ဆောင်လာပြီး ဂမ္ဘီရမိုးကောင်းကင်ခန်းမထဲသို့ အတင်းအကျပ် ဝင်ရောက်လာသည့်အလားပင်။ သူမသည် မွန်းကျပ်ဖွယ်ရာကောင်း၍ စွမ်းအားကြီးမားသော အော်ရာတစ်ခုကို ဖြာထုတ်ပေးနေသည်။ အင်မော်တယ်ဘုရင် ချင်းယန်ကလွဲလျှင် တခြားလူတိုင်းသည် ဖိအားကို ရှင်းလင်းစွာ ခံစားလိုက်ကြရသည်။
လူတိုင်းသည် ဤအမျိုးသမီးကို ပထမဆုံးအကြိမ် တွေ့မြင်ကြချိန်မှာ သူမ၏ ပြိုင်ဘက်ကင်း ချောမောလှပမှုက သူတို့ကို မဆွဲဆောင်မိပေ။ ထို့အစား သူတို့သည် သူမ၏ စွမ်းအားကြီးမားသော အော်ရာမှာ တုန်လှုပ်သွားကြသည်။
ဂမ္ဘီရမိုးကောင်းကင်ခန်းမထဲမှာ ကျင့်ကြံသူပေါင်း သန်းချီရှိနေကြသော်လည်း သူတို့ထဲ မည်သူကမှ ဤအမျိုးသမီးပေါ် မကောင်းသောစိတ် မထားရဲကြပေ။
“စစ်တုရင်အင်မော်တယ် ကျွင်းယု”
အင်မော်တယ်ဘုရင် ချင်းယန်က မျက်ခုံးပင့်ပြီး အံ့ဩသင့်စွာ ပြောလိုက်သည်။
ထိုစကားလုံးများ ပေါ်ထွက်လာသည့်ခဏမှာပင် အဲဒါသည် ဝဲဂယက်တစ်ထောင်ကို ဖြစ်ပေါ်စေသော ကျောက်တုံးတစ်တုံးကဲ့သို့ ဖြစ်လေသည်။ လူအုပ်ကြီးက ချက်ချင်းပင် ဆူညံပွက်လောရိုက်သွားကြသည်။
“စစ်တုရင် အင်မော်တယ်လား… လက်စသတ်တော့ ဒါက စစ်တုရင်အင်မော်တယ်ကိုး”
“နတ်မိမယ် ကျွင်းယုကလည်း ဒီနေရာမှာ ပေါ်ထွက်လာတယ်ဆိုတော့ မဟာနတ်မိမယ်လေးပါးက စုဝေးမိနေကြပြီ… တကယ့်ကို ထူးခြားအံ့မခန်း ဖြစ်စဉ်ပဲ”
“စစ်တုရင်အင်မော်တယ်ရဲ့ အော်ရာက အရမ်းကို သန်မာလွန်းတယ်… မဟာနတ်မိမယ်လေးပါးထဲ တိုက်ခိုက်ရည်ခွန်အားမှာ နံပါတ်တစ်ဆိုတဲ့အတိုင်းပဲ”
“စစ်တုရင်အင်မော်တယ်က ဒီတစ်ခေါက် ဘာလို့ပေါ်ထွက်လာတာလဲ မသိဘူး”
လူတိုင်းက ဆွေးနွေးပြောဆိုနေစဉ် ဆူဇီမိုသည် ယခုတင် သူ့အသက်ကို ကယ်တင်ခဲ့သည့် စစ်တုရင်အင်မော်တယ် ကျွင်းယုကို ကြည့်ကာ စိတ်လှုပ်ရှားမိနေသည်။
သူသည် အနက်ရောင် စစ်တုရင်ရုပ်ကို တွေ့မြင်သောအခါ ရောက်ရှိလာသူက စစ်တုရင်အင်မော်တယ် ဖြစ်နိုင်သည်ဟု ခန့်မှန်းမိခဲ့သည်။
သူသည် နတ်မိမယ် ကျွင်းယုကို အမှန်တကယ် တွေ့မြင်သောအခါ ဤအမျိုးသမီးက စစ်တုရင်အင်မော်တယ်ဆိုတာကို သူက ပို၍ပင် သေချာသွားသည်။
စစ်တုရင်အင်မော်တယ်ကလွဲလျှင် အခြားမည်သူကမှ သူမ၏ သွင်ပြင်ဟန်ပန်ကို တုပနိုင်မည် မဟုတ်ပေ။
မဟာနတ်မိမယ်လေးပါးကို ပြိုင်ဘက်ကင်း၍ ချောမောလှပသည်ဟု ဆိုနိုင်သည်။
သို့သော်လည်း လူတိုင်း၏ သွင်ပြင်ဟန်ပန်များနှင့် စိတ်နေစရိုက်များက လုံးဝကို ကွဲပြားခြားနားကြပြီး သူတို့တစ်ယောက်ချင်းစီမှာ ကိုယ်ပိုင်အရည်အချင်းများ ရှိကြလေသည်။
စစ်တုရင်အင်မော်တယ်ကသာ သူမ ပေါ်ထွက်လာသည့်ခဏမှာပင် လူတိုင်းအပေါ် ဤကဲ့သို့ ကြီးမားသည့် ဖိအားကို ပေးနိုင်ပေလိမ့်မည်။
ယခုအချိန်မှာ ဆူဇီမိုက ဝေခွဲမရဖြစ်နေသည်။
စစ်တုရင်အင်မော်တယ်က သူ့ကို သာမန်ကာလျှံကာ ကယ်တင်ခဲ့တာလား၊ ဒါမှမဟုတ် သူမက ဤနေရာကို အထူးတလည် ရောက်ရှိလာတာလား။
ပထမခန့်မှန်းချက်အတိုင်းဖြစ်မည်ဆိုလျှင် သဘောတရားက လွယ်ကူရိုးရှင်းနေပေလိမ့်မည်။ စစ်တုရင်အပေါ် ခုံမင်စွဲလန်းမှုအပြင် စစ်တုရင်အင်မော်တယ်သည် တိုက်ခိုက်ရသည်ကို သဘောကျပြီး တိုက်ခိုက်ဖို့အတွက် ပြိုင်ဘက်များကို မကြာခဏ လိုက်လံရှာဖွေတတ်သည်ဟု ဆိုကြသည်။
သို့သော် ဒုတိယခန့်မှန်းချက်အတိုင်း ဖြစ်မည်ဆိုလျှင် ဘာကြောင့်လဲ။
ဆူဇီမိုသည် စေ့စေ့စပ်စပ် စဉ်းစားကြည့်လိုက်ပြီး သူသည် အရင်က စစ်တုရင်အင်မော်တယ် ကျွင်းယုကို တစ်ခါမှ မတွေ့မြင်ဖူးကြောင်း သေချာပြောနိုင်လေသည်။
“လက်စသတ်တော့ နတ်မိမယ် ကျွင်းယုပဲ… ကျုပ်တို့တွေ နောက်ဆုံးတွေ့ခဲ့တာ နှစ်ပေါင်းထောင်ချီတောင် ကြာသွားခဲ့ပြီ”
ဓားအင်မော်တယ်ယွဲ့ဟွားက စစ်တုရင်အင်မော်တယ်ကျွင်းယုထံ လက်နှစ်ဖက်ကို ယှက်ပြပြီး ပြုံး၍ နှုတ်ဆက်လိုက်သည်။
ကျွင်းယုက ဓားအင်မော်တယ်ယွဲ့ဟွားကို သာမန်ကာလျှံကာ တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။
“ငါ နင့်ကို နောက်ဆုံးအကြိမ် စိန်ခေါ်ခဲ့တုန်းက နင်က ငါ့ကို ပုန်းရှောင်နေခဲ့တယ်… ဒီနေ့ကျတော့ နင်ဘာလို့ ဒီကိုရောက်လာတာလဲ”
ဓားအင်မော်တယ်ယွဲ့ဟွားက ရှက်ရွံ့သွားပြီး စိတ်ထဲကနေ ကျိန်ဆဲလိုက်သည်။
ဘေးပတ်ဝန်းကျင်မှာရှိသော လူအုပ်ကြီးကလည်း လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး ရယ်မောသံတချို့ ထွက်ပေါ်လာကြသည်။
ယွင်ကျူးက သူမ၏ နှုတ်ခမ်းကို စေ့ပြီး ပြုံးနေလေသည်။
တာအိုရောင်းရင်းကျွင်းယုက ယခင်အတိုင်း တူညီစွာ ရှိနေဆဲပင်။ သူမသည် မည်သည့်ထောက်ထားမှုမှ မရှိဘဲ စကားပြောဆိုတတ်ပြီး မည်သူ့ကိုမှ မျက်နှာသာပေးလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ကျွင်းယု၏ ရုတ်တရက်ပေါ်ထွက်လာမှုသည် သူတို့အတွက် ကံကောင်းခြင်းလား၊ ကံဆိုးခြင်းလား သူမပင် သေချာမပြောနိုင်ပေ။
သူမသည် စစ်တုရင်အင်မော်တယ်ကျွင်းယုနှင့် ရင်းနှီးမှုမရှိဘဲ သူတို့ကြားမှာ ပတ်သက်ဆက်နွယ်မှုများစွာ မရှိသောကြောင့်ဖြစ်သည်။ သူတို့သည် အရင်တုန်းက တစ်ခါမျှသာ တိုက်ခိုက်ခဲ့ကြဖူးသည်။
မိုချင်၏ အမူအရာကနေတစ်ဆင့် သူမနှင့် ကျွင်းယုကြားမှာပင် ဆက်ဆံရေးတစ်စုံတစ်ရာ မရှိကြောင်း သိသာလေသည်။
ဓားအင်မော်တယ်ယွဲ့ဟွားသည် ကျွင်းယု၏ စကားဖြင့် အရှက်ခွဲခံရပြီးနောက် ဆက်လက်၍ သည်းမခံနိုင်တော့ပေ။ သူက ညင်သာစွာ ချောင်းဟန့်ပြီး ကြိုးစား၍ ပြုံးပြလိုက်သည်။
“အဲဒီအချိန်တုန်းက ကျုပ်က တကယ်ပဲ တံခါးပိတ်ကျင့်ကြံနေတာ… ကျုပ် တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာတဲ့အချိန်မှာ ခင်ဗျားက ထွက်သွားပြီလို့ ကျုပ်ကြားတယ်… ကျုပ်က ခင်ဗျားကို တမင်သက်သက် ပုန်းရှောင်နေခဲ့တာ မဟုတ်ဘူး”
“အို... အဲလိုလား”
ကျွင်းယု၏ အမူအရာက မှင်သေသေဖြင့် ရှိနေပြီး ပြောလိုက်လေသည်။
“ဒီနေ့ နင်က ဒီကိုရောက်လာပြီဆိုမှတော့ နင့်ရဲ့ လမင်းအမြုတေဓားကို ငါ့ကိုပြစမ်းပါဦး”
ဓားအင်မော်တယ်ယွဲ့ဟွား၏ အမူအရာက ပျက်ယွင်းသွားသည်။
သူသည် လူတိုင်းရှေ့မှောက်မှာ ငြင်းပယ်လိုက်မည်ဆိုလျှင် သူသည် စစ်တုရင်အင်မော်တယ်ကျွင်းယု၏ စိန်ခေါ်မှုကို ကြောက်ရွံ့သောကြောင့် သူမကို ပုန်းရှောင်ခဲ့ခြင်းဖြစ်သည်ဟု ဝန်ခံရာကျသွားပေလိမ့်မည်။
ဒင်…
ဒုံမင်းသံက ထွက်ပေါ်လာပြီး မုန့်ယောင်က ဖြည်းဖြည်းချင်း မတ်တတ်ထရပ်လိုက်၏။ သူမက စစ်တုရင်အင်မော်တယ်ကျွင်းယုကို ကြည့်ပြီး ညင်သာစွာ ပြုံးပြလိုက်သည်။
“တာအိုရောင်းရင်းကျွင်းယု… ကျွန်မတို့က ဒီနေ့ အရေးတကြီးလုပ်စရာ ကိစ္စတစ်ခုရှိနေတယ်… ကျွန်မတို့ အဲဒါကို ပြုလုပ်ပြီးသွားတာနဲ့ ရှင် ဘယ်သူ့ကိုပဲ စိန်ခေါ်စိန်ခေါ် လွတ်လွတ်လပ်လပ် စိန်ခေါ်လို့ရတယ်”
ဓားအင်မော်တယ်ယွဲ့ဟွားက စိတ်သက်သာစွာ သက်ပြင်းချလိုက်သည်။
ကံကောင်းထောက်မစွာဖြင့် မုန့်ယောင်က အချိန်မီ ထွက်လာပြီး သူ့ကို ကယ်တင်လိုက်လေသည်။
“ငါနဲ့စကားပြောရင် နင့်ရဲ့ ဒုံမင်းအစုတ်ကို ဘေးချထားစမ်းပါ… စိတ်ပျက်စရာပဲ”
ကျွင်းယုက မုန့်ယောင်ကို အေးစက်စွာ စိုက်ကြည့်လိုက်၏။ သူမ၏ စကားများက ထက်ရှနေပြီး ညှာတာမှု မရှိပေ။
မုန့်ယောင်၏ အပြုံးက အေးခဲတောင့်တင်းသွားသည်။
ကြွယ်ဝူယင်းသည် စောစောကတင် ကျွင်းယု၏ စစ်တုရင်အရုပ်ကြောင့် ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့သည်။ သူမက အရမ်းကို စိုးမိုးဗိုလ်ကျ၍ ရန်လိုခက်ထန်နေသည်ကို တွေ့မြင်သောအခါ သူ၏ ရင်ထဲရှိ မုန်းတီးမှုက ပို၍အားကောင်းလာခဲ့သည်။ သူက ဆက်လက်၍ သည်းမခံနိုင်တော့ဘဲ လှောင်ရယ်လိုက်သည်။
“ကျွင်းယု… ဒီနေ့ကိစ္စက နင်နဲ့ ဘာမှမဆိုင်ဘူး… နင်ဝင်မပါရင် ကောင်းလိမ့်မယ်”
“ဒီနေ့ကိစ္စက ငါနဲ့မဆိုင်ဘူးလို့ နင်ဘယ်လိုသိလဲ”
ကျွင်းယုက ပြန်မေးလိုက်လေသည်။
ကြွယ်ဝူယင်းက အေးစက်စွာ နှာတစ်ချက်မှုတ်လိုက်သည်။
“တခြားမျိုးနွယ်က အပြင်လူတစ်ယောက်က ကောင်းကင်နဲ့မြေကြီးတက္ကသိုလ်မှာ ပေါ်ထွက်လာခဲ့တယ်… ဒီနေ့ ငါတို့တွေက အဲဒီအပြင်လူကို ရှင်းလင်းပြီး ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေရဲ့ ပုန်းလျှိုးနေတဲ့ အန္တရာယ်ကို ဖယ်ရှားပေးမလို့ပဲ”
“စစ်တုရင်အင်မော်တယ်ကျွင်းယု… နင်က အဲဒီအပြင်လူနဲ့ တစ်နည်းတစ်ဖုံ ပတ်သက်နေလို့ ဒီကိုရောက်လာတာလား”
“နင်က ငါတို့ရဲ့ ကိစ္စတွေကို ဖျက်လိုဖျက်ဆီးလုပ်ဖို့အတွက် ဒီကိုရောက်လာတာလား”
ကြွယ်ဝူယင်း၏ စကားလုံးများကို ကြားရသောအခါ ဓားအင်မော်တယ်ယွဲ့ဟွားက ရင်ထဲမှာ ဆို့နင့်သွားသည်။
စစ်တုရင်အင်မော်တယ်ကျွင်းယုမှာ စိုးမိုးခြယ်လှယ်တတ်သော စိတ်နေစရိုက်ရှိပြီး တိုက်ခိုက်ရသည်ကို ခုံမင်သဘောကျလေသည်။ ကြွယ်ဝူယင်း၏ စကားလုံးများသည် ကျွင်းယု၏ ရင်ထဲရှိ တိုက်ခိုက်လိုစိတ်ကို သေချာပေါက် ဆွမိသွားပေလိမ့်မည်။
ပကတိအင်မော်တယ်မူဖုန့်နှင့် စစ်တုရင်အင်မော်တယ်ကျွင်းယုသည် တောင်တန်းပင်လယ်အင်မော်တယ်ဂိုဏ်းမှ ဖြစ်ကြလေသည်။
သူသည် သူ့စီနီယာအစ်မ၏ စိတ်နေစရိုက်ကို အခြားသူများထက် ပို၍ကောင်းကောင်းသိလေသည်။
သူက အလောတကြီးရယ်မောပြီး ကိစ္စများကို ဖျန်ဖြေဖို့ ကြိုးစားလိုက်သည်။
“စီနီယာအစ်မ ကျွင်းယု… ကျေးဇူးပြုပြီး စိတ်ကိုလျှော့ပါ… တာအိုရောင်းရင်းဝူယင်းက အလျင်လိုနေလို့ ပြောမိပြောရာ လျှောက်ပြောနေတာ… စီနီယာအစ်မ ကျေးဇူးပြုပြီး အဲဒါကို အလေးအနက်မထားပါနဲ့… အဲဒါကို စိတ်ထဲမှာ ထည့်မှတ်မထားပါနဲ့”
ကျွင်းယုက ပကတိအင်မော်တယ်မူဖုန့်ကို ကြည့်ပြီး မေးလိုက်လေသည်။
“နင့်ကို သူတို့နဲ့ ဘယ်သူက ပူးပေါင်းခိုင်းထားတာလဲ”
ကျွင်းယု၏ လေသံက တည်ငြိမ်နေသော်လည်း ထိုလေသံမှာ အေးစက်မှုတစ်စွန်းတစ်စ ပါဝင်နေသည်။
ပကတိအင်မော်တယ်မူဖုန့်သည် ပို၍တိုးလာသော ဖိအားကို ခံစားလိုက်ရလေသည်။ သူက တံတွေးကို အလျင်စလိုမျိုချပြီး ခြောက်ကပ်စွာ ရယ်မောလိုက်၏။
“ဘယ်သူကမှ မဟုတ်ပါဘူး…. ကျုပ်သဘောနဲ့ ကျုပ်ပါပဲ”
“စီနီယာအစ်မ… ခင်ဗျားအဲဒါကို သိချင်မှသိဦးမယ်… ဒါပေမဲ့ ကျုပ်တို့ဂိုဏ်းက ယွဲ့ဟိုင်က အဆူရာတိုက်ပွဲမြေမှာ တက္ကသိုလ်က ဆူဇီမိုရဲ့ သတ်ဖြတ်ခြင်းခံလိုက်ရတယ်… ကျုပ်က ယွဲ့ဟိုင်အတွက် လက်စားချေဖို့ ကြိုးစား...”
“ယွဲ့ဟိုင်က ကျင့်ကြံမှုနယ်ပယ်တူက ကျင့်ကြံသူတစ်ယောက်ရဲ့ လက်ထဲမှာ သေခဲ့ရတာပဲ… အဲဒါက သူ့ရဲ့ ကိုယ်စွမ်းကိုယ်စ ညံ့ဖျင်းမှုပဲ… ဘယ်သူ့ကို သွားပြီး အပြစ်တင်နေရမှာလဲ”
ပကတိအင်မော်တယ်မူဖုန့်က စကားဆုံးအောင် မပြောရသေးခင်မှာပင် ကျွင်းယုက သူ့ကို အေးစက်စွာ ဖြတ်ပြောလိုက်သည်။
“အင်မော်တယ်ဂိုဏ်းတစ်ဂိုဏ်းရဲ့ ပကတိအင်မော်တယ်တစ်ဦးအနေနဲ့ နင်က ကောင်းကင်အင်မော်တယ်တစ်ဦးကို ကိုယ်တိုင်လက်စားချေမလို့လား… ဒါတင်မကဘူး… နင်က တခြား ပကတိအင်မော်တယ်တွေနဲ့ပါ ပူးပေါင်းလိုက်သေးတယ်”
ပကတိအင်မော်တယ်မူဖုန့်သည် ကျွင်းယု၏ ပြစ်တင်ဆုံးမမှုမှာ ချွေးပြန်လာပြီး ဘာလုပ်လို့ဘာကိုင်ရမည် မသိတော့ပေ။
သူတို့နှစ်ယောက်စလုံးက ပကတိအင်မော်တယ်များ ဖြစ်ကြသော်လည်း တောင်တန်းပင်လယ်အင်မော်တယ်ဂိုဏ်းမှာ သူတို့နှစ်ယောက်ကြား အဆင့်အတန်းကွာဟချက်က အရမ်းကိုကြီးမားလေသည်။
ပကတိအင်မော်တယ်မူဖုန့်က အိုးတိုးအမ်းတမ်း ဖြစ်လာသည်။
“စီနီယာအစ်မ... ကျုပ်... ကျုပ်က...”
“သွားစမ်း”
ကျွင်းယုက အော်ငေါက်လိုက်လေသည်။
ပကတိအင်မော်တယ်မူဖုန့်က ဆတ်ခနဲ တုန်ယင်သွားပြီး မည်သည့်စကားမှ ထပ်မံ၍ မပြောဆိုရဲတော့ပေ။ သူ၏ခေါင်းကို ငုံ့ပြီး တောင်တန်းပင်လယ်အင်မော်တယ်ဂိုဏ်းအဖွဲ့ရှိရာဘက်သို့ ပြန်သွားကာ သူ့မျက်နှာက ပူစပ်ပူလောင်ဖြစ်လာလေသည်။
ဂမ္ဘီရမိုးကောင်းကင်ခန်းမထဲရှိ ပတ်ဝန်းကျင်လေထုက အလွန်တရာ တင်းကျပ်လေးလံလာသည်။
“ဟဲဟဲ”
ဓားအင်မော်တယ်ချွန်ဖုန်းက ရယ်မော၍ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
“တာအိုရောင်းရင်းကျွင်းယု… ကျေးဇူးပြုပြီး စိတ်ကိုလျှော့ပါ… ကျုပ်တို့တွေက တခြားမျိုးနွယ်က အပြင်လူတစ်ယောက်ကို ရှင်းထုတ်ဖို့အတွက် စေတနာကောင်းနဲ့ လုပ်ဆောင်နေကြတာ… ကျုပ်တို့တွေက ကျုပ်တို့ရဲ့ ကျင့်ကြံမှုအားသာချက်နဲ့ ငယ်ရွယ်တဲ့သူတွေကို အနိုင်ကျင့်နေတာ မဟုတ်ဘူး။”
“အဲလိုလား”
ကျွင်းယုက မုန့်ယောင်နှင့် အခြားသူများကို တစ်ချက်ဝေ့ကြည့်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ဒီနေ့ ဒီနေရာမှာ ငါရှိနေတယ်… သူ့ကို ဘယ်သူထိရဲမလဲ ကြည့်ရသေးတာပေါ့”