ကြီးမားသောတိုက်ပွဲ
Vol. 171 Ch. 2562
မဟာဓားအင်မော်တယ်သုံးပါးထဲမှတစ်ပါးဖြစ်သော ကြွယ်ဝူယင်းက သေဆုံးသွားပြီဖြစ်သည်။
ဂမ္ဘီရမိုးကောင်းကင်ခန်းမထဲမှ ကျင့်ကြံသူများက တုန်လှုပ်သွားကြလေသည်။
စောစောက စာအုပ်အင်မော်တယ်၏ လက်ချက်ဖြင့် လူအိုကြီးဝိညာဥ်သိမ်းဆည်းသူ၏ သေဆုံးမှုကပင်လျှင် ဤကဲ့သို့ကြီးမားသော တုံ့ပြန်မှုတစ်ရပ်ကို ဖြစ်မလာစေခဲ့ပေ။
မည်သို့ပင်ဆိုစေ လူအိုကြီး ဝိညာဥ်သိမ်းဆည်းသူက ထူးခြားသောအတတ်တချို့နှင့် သာမန်ပကတိအင်မော်တယ်တစ်ဦးသာဖြစ်လေသည်။
ကြွယ်ဝူယင်းကတော့ သူသည် မဟာကျင်းအင်မော်တယ်နိုင်ငံကနေ လာပြီး မဟာဓားအင်မော်တယ်သုံးပါးထဲမှတစ်ပါးဖြစ်သည်။ သူသည် ထူးခြားအံမခန်း လုပ်ကြံသတ်ဖြတ်နည်းလမ်းများနှင့်အတူ နှစ်ပေါင်းများစွာကြာအောင် ကျော်ကြားလာခဲ့ပြီး မိုးကောင်းကင်ကိုးလွှာတစ်ခုလုံးကိုပင် မကြာခဏတုန်လှုပ်စေတတ်သည်။
ယခုသူက နေရာမှာပင် သေဆုံးသွားခဲ့ရလေပြီ။
ဒါ့အပြင် လူတိုင်း၏ မျက်လုံးထဲမှာ ကြွယ်ဝူယင်းသည် စစ်တုရင်အင်မော်တယ်ကျွင်းယု၏ လှုပ်ရှားကွက်တစ်ကွက်တည်းဖြင့် သတ်ဖြတ်ခံလိုက်ရခြင်းဖြစ်ပြီး ဘာမှမတတ်နိုင်လုနီးပါးပင်။
ဂမ္ဘီရမိုးကောင်းကင်ခန်းမတစ်ခုလုံးမှာ တစ်စုံတစ်ရာလွဲမှားနေသည်ကို ပြောနိုင်သည့်သူ အနည်းအကျဥ်းမျှသာရှိလေသည်။
ကျွင်းယုသည် ထိုတိုက်ခိုက်မှုမှာ တိုက်ရိုက်ပါဝင်ပတ်သက်ခဲ့ပြီး အဲဒါကို ပို၍ပင်သိသာရှင်းလင်းစွာ အာရုံခံမိလေသည်။
အပေါ်ယံမှာကြည့်လျှင် ကြွယ်ဝူယင်းသည် သူမ၏ လက်ထဲမှာ သေဆုံးခဲ့ရသည်။ သို့သော်လည်း တကယ်တမ်းမှာတော့ စောစောက သူမထုတ်ဖော်ခဲ့သည့်စွမ်းအားအရ သူမအနေဖြင့် ကြွယ်ဝူယင်းကို လှုပ်ရှားကွက်တစ်ကွက်အတွင်း သတ်ဖြတ်ဖို့က မလွယ်ကူပေ။
နှစ်ဘက်စလုံးသည် ခဏကြာသည်အထိ မျှခြေမှာ လွန်ဆွဲနေခဲ့ရပေလိမ့်မည်။
ထိုအချိန်တိုအတွင်းမှာ အလှည့်အပြောင်းများစွာ ပေါ်ထွက်လာနိုင်သည်။ ဥပမာအားဖြင့် မုန့်ယောင်၊ ဓားအင်မော်တယ်ယွဲ့ဟွားနှင့် အခြားသူများက ဝင်ရောက်တိုက်ခိုက်လာမည်ဆိုလျှင် ကြွယ်ဝူယင်းက ထွက်ပြေးလွတ်မြောက်ဖို့အခွင့်အရေးတစ်ခုကို ရရှိပေလိမ့်မည်။
သို့သော်လည်း သူတို့တိုက်ခိုက်ဖလှယ်လိုက်သည့်ခဏမှာပင် ဆူဇီမိုက သူ၏ အန္တိမနတ်ဘုရားစွမ်းအားကို ထုတ်ဖော်ပြီး ကြွယ်ဝူယင်းကို ထိမှန်စေခဲ့သည်။ ပုံမှန်အခြေအနေအောက်မှာ ကောင်းကင်အင်မော်တယ်တစ်ယောက်၏ အန္တိမနတ်ဘုရားစွမ်းအားက ကြွယ်ဝူယင်းလိုအဆင့် ပညာရှင်တစ်ဦးကို မခြိမ်းခြောက်နိုင်ပေ။
သို့သော်လည်း နှစ်ဘက်စလုံးက မျှခြေမှာ လွန်ဆွဲခဲ့စဥ် ကြွယ်ဝူယင်း၏ ဘဝသက်တမ်းက လျော့ကျ၍ သူ့ခန္ဓာကိုယ်တွင်းရှိစွမ်းအားက ယိုယွင်းလာသည်ကို ကျွင်းယုက ရှင်းရှင်းလင်းလင်းအာရုံခံမိနေခဲ့သည်။
ထို့ကြောင့်ပင်လျှင် ကြွယ်ဝူယင်းသည် ဆက်လက်၍ တောင့်မခံနိုင်တော့ဘဲ သူ၏ အမြုတေစိတ်ဝိညာဥ်က သူမ၏ ကြယ်တာရာစစ်တုရင်ခုံအောက်မှာ ပျက်စီးသွားခဲ့ခြင်းဖြစ်သည်။
ကြွယ်ဝူယင်းကတော့ သူသည် အလောင်းပင်မကျန်ဘဲ သေဆုံးခဲ့ရပြီး ထိုအခိုက်အတန့်မှာ သူ့ထံတွင်ဖြစ်ပျက်ခဲ့သည့် အကြောင်းအရင်းများကို မည်သူကမှ မသိရှိခဲ့ကြပေ။
ကြွယ်ဝူယင်းသည် သူမ၏ လက်ထဲမှာ သေဆုံးသွားသည်ဟု ပြောရမည်ထက် ဆူဇီမိုသည် ကြွယ်ဝူယင်းကို ချုပ်နှောင်ဖို့အတွက် သူမ၏ ခွန်အားကို အသုံးချကာ ထိုသူကို သတ်ဖြတ်ခဲ့သည်ဟု ပြောသည်က ပိုမိုတိကျပေလိမ့်မည်။
ကျွင်းယုက ဆူဇီမိုကို လေးနက်စွာလှမ်းကြည့်လိုက်၏။
တက္ကသိုလ်မှ ဤတပည့်ဂိုဏ်းသားကို ကာကွယ်ပေးရန် တစ်ယောက်ယောက်က သူမကို အပ်နှံခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ဤစာပေသမားဆန်ဆန်ကျင့်ကြံသူအကြောင်း သူမက များစွာသိရှိမထားဘဲ သူ့အကြောင်း အနည်းအကျဥ်းမျှသာ ကြားဖူးထားသည်။
ယခုအခါမှသာ ဤလူက တကယ်ပင်ထူးခြားနေကြောင်း ကျွင်းယုက နားလည်သဘောပေါက်လာခဲ့သည်။
ကောင်းကင်အမြုတေနယ်ပယ်မှာတင် ပကတိအင်မော်တယ်တစ်ဦးကို ခြိမ်းခြောက်နိုင်သည့် အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကို ထုတ်ဖော်နိုင်သည့်အချက်သည် ဤနတ်ဘုရားစွမ်းအားက အနှိုင်းမဲ့ နတ်ဘုရားစွမ်းအားတစ်ခု၏ တစ်စွန်းတစ်စနှင့် ထိတွေ့နိုင်နေပြီဟု အဓိပ္ပါယ်ရနေသည်။
သူသေဆုံးခါနီးအခိုက်အတန့်မှာပင် ကြွယ်ဝူယင်းသည် သူက ကောင်းကင်အင်မော်တယ်တစ်ယောက်၏ လက်ထဲမှာ သေရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
အဲဒါက သူ၏ ကံကြမ္မာဖြစ်ကောင်းဖြစ်ပေလိမ့်မည်။
စန်းယွင်တောင်မှာတုန်းက ကြွယ်ဝူယင်းသည် ဆူဇီမိုကို လုပ်ကြံသတ်ဖြတ်ဖို့ကြိုးပမ်းခဲ့ပြီး ဆူဇီမိုက တဒင်္ဂအခိုက်အတန့်ဖြင့် တုံ့ပြန်တိုက်ခိုက်ခဲ့သည်။ ကံဆိုးစွာနှင့်ပင် ဆူဇီမိုသည် သူ့ကိုအောင်မြင်အောင် မသတ်ဖြတ်နိုင်ခဲ့ပေ။
သို့သော်ယခု... ကြွယ်ဝူယင်းက ဆူဇီမိုကို ဒုတိယအကြိမ်မြောက်တိုက်ခိုက်လာခဲ့သည်။
ဆူဇီမိုက အခွင့်အလမ်းတစ်ခုကို ရှာဖွေပြီး ဒုတိယအကြိမ်တန်ပြန်တိုက်ခိုက်ခဲ့သည်။ နောက်ဆုံးမှာ သူသည် စစ်တုရင်အင်မော်တယ်ကျွင်းယု၏ ခွန်အားကို ငှားရမ်းအသုံးချကာ ထိုသူကို သတ်ဖြတ်နိုင်ခဲ့သည်။
“စစ်တုရင်အင်မော်တယ်က အရမ်းကို စိုးမိုးခြယ်လှယ်လွန်းတာပဲ”
“အမှန်ပဲ... နတ်မိမယ်ကျွင်းယုက ပေါ်ထွက်လာတဲ့အချိန်မှာပဲ ပကတိအင်မော်တယ်မူဖုန့်ကို ဆူပူအော်ငေါက်ခဲ့တယ်... အခုသူကလှုပ်ရှားကွက်တစ်ကွက်တည်းနဲ့ ကြွယ်ဝူယင်းကို သတ်ဖြတ်လိုက်ပြီ... သူ့ရဲ့တိုက်ခိုက်ရည်ခွန်အားက...”
“ဒီနေ့ နှစ်ဦးနှစ်ဘက်စလုံးအတွက် ကိစ္စတွေက ကောင်းကောင်းမွန်မွန်အဆုံးသတ်တော့မယ်လို့ ငါမထင်ဘူး... နတ်မိမယ်မုန့်ယောင်ရဲ့ဘက်မှာ အချိန်အတန်ကြာကတည်းက ကျော်ကြားခဲ့ပြီးသား ပကတိပင်မော်တယ်တွေရှိနေတယ်... သူတို့တွေက အရေအတွက်အားသာချက်ရှိတဲ့အတွက် အလွယ်တကူနောက်ဆုတ်ကြမှာမဟုတ်ဘူး”
လူအုပ်ကြားထဲမှာ ရုတ်ရုတ်သဲသဲအသံများထွက်ပေါ်လာလေသည်။
“နတ်မိမယ်ကျွင်းယု... ခင်ဗျားအရမ်းကို ရက်စက်လွန်းရာမကျဘူးလား”
မဟာကျင်အင်မော်တယ်နိုင်ငံဘက်မှ ပကတိအင်မော်တယ်တစ်ဦးက သုန်မှုန်နေသောအမူအရာဖြင့် အော်ပြောလိုက်လေသည်။
မဟာကျင်းအင်မော်တယ်နိုင်ငံ၏ ပကတိအင်မော်တယ်များကြားမှာ ကြွယ်ဝူယင်းသည် အလွန်တရာမြင့်မားသော အဆင့်အတန်းကိုပိုင်ဆိုင်ထားသည်။ သူသည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ ဓားအင်မော်တယ်ယွဲ့ဟွားနှင့် အင်မော်တယ်ပျံဂိုဏ်းမှ မုန့်ယောင်တို့နှင့် အဆင့်အတန်းချင်းတူညီလေသည်။
ယခု... ကြွယ်ဝူယင်းက သေဆုံးသွားပြီး မဟာကျင်းအင်မော်တယ်နိုင်ငံ၏ ပကတိအင်မော်တယ်များက ကိစ္စများကို သေချာပေါက် လွှတ်ချပေးလိမ့်မည် မဟုတ်ပေ။
ဓားအင်မော်တယ်ချွန်းဖုန်းကျန့်၏ မျက်လုံးထဲတွင်ထက်ရှသော အလင်းတစ်ခု တဖြည်းဖြည်းပေါ်ထွက်လာပြီး သူက ဖြည်းဖြည်းချင်းပြောလိုက်သည်။
“နတ်မိမယ်ကျွင်းယု... နင်က ဒီအပြင်လူကို မရမကကာကွယ်ပေးချင်တယ်ဆိုမှတော့... သနားညှာတာမှုမရှိတဲ့အတွက် ငါတို့ကို အပြစ်မတင်နဲ့တော့”
ဓားအင်မော်တယ်ယွဲ့ဟွား၏ အမူအရာကလည်း သိပ်သည်းစုဖွဲ့လာပြီး သူက လေးနက်သောအသံဖြင့် ပြောလိုက်သည်။
“စစ်တုရင်အင်မော်တယ်ကျွင်းယု... နင်က ငါ့ကိုစိန်ခေါ်ချင်တယ်ဆိုမှတော့... ငါကဒီနေ့ နင့်ဆန္ဒအတိုင်း လုပ်ပေးမယ်”
“ဟဲဟဲ..”
ယွင်ကျူးက လှောင်ပြောင်သရော်လိုသောအကြည့်ဖြင့် ရယ်မောလိုက်လေသည်။
“သူက နင့်ကိုတစ်ယောက်တစ်ယောက်ချင်းတိုက်ခိုက်ဖို့စိန်ခေါ်တာလေ... အခုနင်က တခြားသူတွေနဲ့ ပူးပေါင်းတိုက်ခိုက်ဖို့လုပ်နေတာပဲ... နင့်မှာ အရှက်လေးဘာလေးရောရှိသေးရဲ့လား”
“အဲဒါအမှန်ပဲ”
ယွင်ထင်ကလည်း မီးထဲကို လောင်စာထပ်ထည့်ပြီး အော်ပြောလိုက်သည်။
“ဓားအင်မော်တယ်ယွဲ့ဟွား... မင်းမှာသာ ယောင်္ကျားသိက္ခာနဲနဲပါးပါးကျန်ဦးမယ်ဆိုရင် စစ်တုရင်အင်မော်တယ်နဲ့ တစ်ယောက်တစ်ယောက်ချင်းတိုက်ခိုက်လိုက်လေ”
ဓားအင်မော်တယ်ယွဲ့ဟွား၏ အမူအရာက ညိုမည်းသွားပြီး သူက နှုတ်ဆိတ်နေလေသည်။
သူသည် စစ်တုရင်အင်မော်တယ်နှင့် တစ်ယောက်ချင်း ဘယ်လိုလုပ်တိုက်ခိုက်ရဲပါ့မလဲ။
အဲဒါက တစ်ယောက်တစ်ယောက်ချင်း တိုက်ပွဲတစ်ခုဖြစ်မည်ဆိုလျှင် ထွက်ပေါ်လာမည့်ရလဒ်ကို သံသယရှိစရာမလိုပေ။
ဒါ့အပြင် စစ်တုရင်အင်မော်တယ်သည် ထိန်ချန်ငဲ့ကွက်တတ်သောလူတစ်ယောက်မဟုတ်သည်မှာ သိသာလေသည်။ ဤအမျိုးသမီးက ရူးသွပ်သွားမည်ဆိုလျှင် သူမက သူ့ကိုပင် သတ်ဖြတ်ရဲပေလိမ့်မည်။
လူများစွာ၏ ရင်ထဲမှာ စစ်တုရင်အင်မော်တယ်သည် နေရာတိုင်းမှာ တိုက်ခိုက်ဖို့ လူလိုက်ရှာနေသော ရူးသွပ်နေသည့်အမျိုးသမီးတစ်ယောက်ဖြစ်သည်။ လူတိုင်းက သူမကို ရှောင်လွှဲချင်ကြသည်။
“ဒင်...”
မုန့်ယောင်က ဒုံမင်းကြိုးကိုတီးခတ်ပြီး လူတိုင်း၏ အတွေးများကို နောက်တစ်ဖန်ဟန့်တားနှောက်ယှက်ကာ စိတ်အာရုံအများစုကို ဆွဲဆောင်လိုက်သည်။
“ဒီနေ့ကိစ္စက တက္ကသိုလ်က ဆူဇီမိုရဲ့ သရုပ်သကန်ကနေ အရင်းခံလာတာပဲ”
မုန့်ယောင်က မှင်သေသေဖြင့်ပြောလိုက်သည်။
“ငါတို့မျိုးနွယ်ကမဟုတ်တဲ့ ဘယ်သူ့မှာမဆို သေချာပေါက်မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေရမယ်... ဒီကောင်လေးက ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ကို စိမ့်ဝင်ထိုးဖောက်ပြီး ကောင်းကင်အဆင့်သတ်မှတ်ချက် အတွက်တိုက်ပွဲမှာတောင် ပါဝင်ယှဥ်ပြိုင်ချင်နေတယ်... သူ့ရဲ့ယုတ်ညံ့တဲ့ရည်ရွယ်ချက်တွေကြောင့် သူက လူတိုင်းရဲ့ဘုံရန်သူဖြစ်လာပြီ”
“ငါတို့တွေက တခြားမျိုးနွယ်က အပြင်လူတစ်ယောက်နဲ့ရင်ဆိုင်ရတဲ့အချိန်မှာ တစ်ယောက်တစ်ယောက်ချင်း တိုက်ခိုက်နေစရာမလိုဘူး”
မုန့်ယောင်၏ စကားသည် ဓားအင်မော်တယ်ယွဲ့ဟွား၏ အနေရခက်မှုကို ယာယီအားဖြင့် ဖြေရှင်းပေးလိုက်သည်။
“အဲဒါအမှန်ပဲ”
ပကတိအင်မော်တယ်ဝူဖုန့်ကလည်း အော်ပြောလိုက်သည်။
“ကျွင်းယု... နင်တစ်ယောက်ထဲက သူ့ကိုကာကွယ်မပေးနိုင်ဘူး”
မုန့်ယောင်နှင့် အခြားသူများသည် အတန်ကြာကတည်းက ဤကိစ္စကို ကြိုတင်အစီအစဥ်ချထားပြီး ယနေ့တိုက်ခိုက်မှုကို ထွက်ပေါ်လာစေခြင်းဖြစ်သည်။ ယခု ကိစ္စများကဤအဆင့်ထိ ရောက်ရှိလာပြီး သူတို့က အလွယ်တကူနောက်ဆုတ်ကြတော့မည် မဟုတ်ပေ။
ယွင်ကျူးက ညင်သာစွာပြုံးပြီး ကြေညာပြောဆိုလိုက်သည်။
“ဝူဖုန့်... ညီမမိုချင်နဲ့ငါ ဒီမှာရှိနေသေးတာကို မမေ့လိုက်နဲ့ဦး”
“အင်း.. ဟုတ်တယ်”
မိုချင်က စကားများစွာမပြောဘဲ အားတက်သရော ခေါင်းညိတ်ပြလိုက်သည်။
“ရှင်တို့နှစ်ယောက်တိုက်ခိုက်စရာမလိုဘူး... သူ့ကိုပဲ ကာကွယ်ပေးလိုက်”
ကျွင်းယုက ယွင်ကျူးနှင့်မိုချင်ကို တစ်ချက်လှည့်ကြည့်ပြီး ပြောလိုက်လေသည်။ ထို့နောက် သူမက တစ်ဘက်သို့ပြန်လှည့်ပြီး သူမ၏ အကြည့်က မုန့်ယောင်၊ ဓားအင်မော်တယ်ယွဲ့ဟွားနှင့် အခြားသူများထံ ဖြတ်သန်းသွားလေသည်။
“နင်တို့တွေကို ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာ ထိပ်သီးပကတိအင်မော်တယ်တွေလို့ဆိုနိုင်တယ်... ငါတို့အားလုံး ဒီနေ့ဒီကိုရောက်လာပြီဆိုမှတော့... ငါက နင်တို့ကို တစ်ယောက်ချင်းလိုက်ရှာနေစရာမလိုတော့ဘူး... အဲဒါက ငါ့ကိုအချိန်ကုန်သက်သာစေတာပဲ”
“တိုက်စရာရှိတာ တိုက်ခိုက်ကြတာပေါ့”
ကျွင်းယုက အော်ငေါက်လိုက်ပြီး ကြယ်တာရာစစ်တုရင်ခုံကို မုန့်ယောင်ရှိရာဘက်သို့ ပစ်ထုတ်လိုက်လေသည်။
ကြယ်တာရာစစ်တုရင်ခုံက လေထဲမှာလှည့်ပတ်ပြီး ချက်ချင်းပင် လူတိုင်းသည် ကြယ်သန်းပေါင်းများစွာပါဝင်သော ကြယ်တာရာကောင်းကင်ထဲသို့ ရောက်ရှိသွားသည့်အလား ခံစားလိုက်ရသည်။
တကယ်ဆို ကြယ်တာရာစစ်တုရင်ခုံက အထိန်းအကွပ်မဲ့စွာ သူတို့ထံကျဆင်းလာသည်ဟုပင် လူတိုင်းက ခံစားလိုက်ရသည်။
ရွှစ်...
အဲဒါက အရမ်းကို မြန်ဆန်လေသည်။
တစ်ခဏချင်းမှာပင် ကြယ်တာရာစစ်တုရင်ခုံက မုန့်ယောင်ရှေ့သို့ ရောက်ရှိလာခဲ့သည်။
မုန့်ယောင်၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားသည်။
သူမသည် ကြယ်တာရာစစ်တုရင်ခုံနှင့် မထိတွေ့ရသေးသော်လည်း ၎င်းမှာပါဝင်သော ကြောက်စရာကောင်းသည့်စွမ်းအားသည် သူမကို မွန်းကျပ်ဖွယ်ရာခံစားရစေပြီး သူမက သန်မာသော အန္တရာယ်အငွေ့အသက်တစ်ခုကိုပင် အာရုံခံမိလာသည်။
“အရမ်းကိုသန်မာတာပဲ”
မုန့်ယောင်က စဥ်းစားတွေးတောနေဖို့အချိန်မရဘဲ ကြယ်တာရာစစ်တုရင်ခုံနှင့်လည်း ထိပ်တိုက်ရင်မဆိုင်ရဲဘဲ သူမ၏ လက်ချောင်းများဖြင့် ဒုံမင်းကို တီးခတ်လိုက်သည်။
ဒုံမင်းသံက ထွက်ပေါ်လာခဲ့လေသည်။
ထို့နောက်ချက်ချင်းပင် သူမ၏ ပုံရိပ်က ဒုံမင်းသံများနှင့် ပေါင်းစည်းသွားပုံရပြီး နေရာကနေ ပျောက်ကွယ်သွားသည်။
ဤသည်မှာ သူမကျင့်ကြံထားသည့် ထွက်ပြေးခြင်းနည်းစနစ်တစ်ခုဖြစ်ပြီး တခြားရွေးချယ်စရာမရှိသရွေ့ သူမက အဲဒါကို ထုတ်ဖော်လိမ့်မည် မဟုတ်ပေ။
သူမသည် စစ်တုရင်အင်မော်တယ်ထံမှ တိုက်ခိုက်မှုတစ်ရပ်နှင့်ပင် ကြီးမားသောဖိအားအောက်သို့ ကျရောက်သွားခဲ့၏။
မုန့်ယောင်သည် သူမ၏ ထွက်ပြေးခြင်းနည်းစနစ်အကူအညီဖြင့် ကြယ်တာရာစစ်တုရင်ခုံကို ရှောင်တိမ်းနိုင်ခဲ့သည်။
သို့သော်လည်း အင်မော်တယ်ပျံဂိုဏ်းမှ နောက်ထပ်ပကတိအင်မော်တယ်တစ်ဦးက သူမ၏ နောက်ဘက်မှာ မတ်တတ်ရပ်နေလေသည်။
မုန့်ယောင်က ပျောက်ကွယ်သွားသော်လည်း ကြယ်တာရာစစ်တုရင်ခုံ၏ အလျင်အဟုန်က သန်မာအားကောင်းနေဆဲဖြစ်သည်။ ထိုပကတိအင်မော်တယ်က တုံ့ပြန်ချိန်လုံးဝမရဘဲ အဲဒါကို စောင့်ကြည့်နေရလေသည်။
ချက်ချင်းပင် သွေးမြူတစ်ခုက ဖြန့်ကြက်သွားပြီး သူက ကြယ်တာရာစစ်တုရင်ခုံဖြင့် အပိုင်းပိုင်းဖိချေခံလိုက်ရသည်။ သူ၏ အမြုတေစိတ်ဝိညာဥ်က ပျက်စီးသွားကာ နေရာမှာပင် သေဆုံးသွားလေသည်။
နောက်ထပ်ပကတိအင်မော်တယ်တစ်ဦးက ကျွင်းယု၏ တိုက်ခိုက်မှုဖြင့် သတ်ဖြတ်ခံလိုက်ရပြီဖြစ်သည်။
ဤတိုက်ခိုက်ဖလှယ်မှုနှင့်အတူ ဓားအင်မော်တယ်ယွဲ့ဟွား၊ ချွန်းဖုန့်ကျန့်၊ ပကတိအင်မော်တယ်ဝူဖုန့်နှင့် အခြားပညာရှင်များကလည်း တိုက်ပွဲထဲသို့ ဝင်ရောက်လာကြပြီဖြစ်လေသည်။