← Chapters

ဆက်သွယ်လာခြင်း

Vol. 171 Ch. 2564

ဆက်သွယ်လာခြင်း

Vol. 171 Ch. 2564

တကယ်တော့ လင်းလောဖြစ်စေ… စစ်တုရင်အင်မော်တယ်ကျွင်းယုဖြစ်စေ… မည်သည့်လှပသိမ်မွေ့ခြေလှမ်းများကမှ သိုင်းတာအိုပင်မခန္ဓာ တွေ့မြင်ခဲ့ဖူးသော အနက်ရောင်ဝတ်အမျိုးသမီး၏ ခြေလှမ်းများလောက် မတိကျပေ။

ဆူဇီမိုက စဉ်းစားတွေးတောနေစဉ်မှာပင် ကျွင်းယုက မုန့်ယောင်၊ ဓားအင်မော်တယ်ယွဲ့ဟွားနှင့် အခြားသုံးယောက်၏ ဝိုင်းပတ်ပိတ်ဆို့မှုကနေ ဖောက်ထွက်ပြီး ရပ်တန့်ခြင်းမရှိဘဲ တန်ပြန်တိုက်ခိုက်လိုက်သည်။

မုန့်ယောင်ရှေ့သို့ ရောက်ရှိလာပြီး ကျွင်းယုက သူမ၏ လက်ဝါးကိုမြှောက်ကာ ထိုသူ၏ မျက်နှာကို ဖြတ်ရိုက်ချလိုက်သည်။

ကောင်းကင်အမြုတေရိုက်ချက်…

ကျွင်းယုက အော်ငေါက်လိုက်၏။

ကြယ်တာရာစစ်တုရင်ခုံ၏ အလယ်သည် ကောင်းကင်အမြုတေနေရာ ဖြစ်လေသည်။ ဤလျှို့ဝှက်အတတ်သည် တိုက်ပွဲနယ်မြေတစ်ခုလုံးကို စစ်တုရင်ခုံတစ်ခုအဖြစ် ပြောင်းလဲလိုက်ခြင်းနှင့်တူလေသည်။ ကောင်းကင်အမြုတေနေရာကို သိမ်းပိုက်ထားခြင်းဖြင့် လူတစ်ယောက်သည် စစ်တုရင်ခုံတစ်ခုလုံး၏ စွမ်းအားအားလုံးကို စုစည်းနိုင်ပြီး သူတို့၏ အသန်မာဆုံးတိုက်ခိုက်မှုကို ထုတ်ဖော်နိုင်မည်ဖြစ်သည်။

မုန့်ယောင်နှင့် အခြားသူများသည် ဟာကွက်ကင်းမဲ့စွာ တိုက်ခိုက်လိုက်သော်လည်း ကျွင်းယုက ဖောက်ထွက်လာနိုင်ခဲ့သည်။

ထိုသို့ဖြင့် မုန့်ယောင်နှင့် အခြားသူများသည် ချက်ချင်းပင် ပြန်လည်အရေးနိမ့်သွားကြသည်။

နှစ်ဦးနှစ်ဖက်စလုံးသည် စစ်တုရင်ကစားနေကြသည့်နှင့်တူလေသည်။ ကျွင်းယု၏ အံ့အားသင့်စရာကောင်းသော လှုပ်ရှားကွက်က အခြေအနေတစ်ရပ်လုံးကို ပြောင်းလဲပစ်လိုက်သည်။

တိုက်ပွဲနယ်မြေသည် စစ်တုရင်ကစားပွဲတစ်ခုဖြစ်လာပြီး ခြေလှမ်းတိုင်းက အလောင်းအစားတစ်ခု ဖြစ်လေသည်။

မုန့်ယောင်မှာ အရေအတွက် အားသာချက်ရှိနေသော်လည်း သူမသည် ဤစစ်တုရင်ကစားပွဲမှာ ကျွင်းယု၏ စစ်တုရင်အရုပ်တစ်ရုပ်မျှသာ ဖြစ်နေသည်။

မုန့်ယောင်က ရင်တစ်ချက်ထိတ်သွားပြီး နောက်သို့ အလောတကြီးဆုတ်ခွာလိုက်၏။ တစ်ချိန်တည်းမှာပင် သူမက သူမ၏ ရှေးဟောင်းဒုံမင်းကို မြှောက်တင်ပြီး သူမကိုယ်သူမ ခုခံကာကွယ်ရန် အစစ်မှန်အမြုတေကို စုဖွဲ့လိုက်၏။

ဘန်း…

ကျွင်းယု၏ လက်ဝါးက မုန့်ယောင်၏ ဒုံမင်းအောက်ခြေပေါ်သို့ ခပ်ထိုင်းထိုင်းအသံတစ်သံနှင့်အတူ ဆင်းသက်သွားလေသည်။

မုန့်ယောင်က ဆတ်ခနဲတုန်ယင်သွားသည်။

ရှေးဟောင်းဒုံမင်းသည် ကောင်းကင်အမြုတေရိုက်ချက်၏ စွမ်းအားအများစုကို ခုခံချေဖျက်ပေးခဲ့တာတောင် မုန့်ယောင်သည် အဲဒါကို ကောင်းကောင်းမခုခံနိုင်ခဲ့ပေ။ သူမ၏ ကိုယ်တွင်းအင်္ဂါများက တုန်ခါပြီး သူမက သွေးတစ်လုတ်ကို ထွေးထုတ်လိုက်ရသည်။

ဖန်း...

ထိုမျှသာမက ဒုံမင်းပေါ်ရှိ ကြိုးတစ်ချောင်းက ကျွင်းယုထံမှ လက်ဝါးရိုက်ချက်တစ်ချက်ဖြင့် ပြတ်တောက်သွားသည်။ ပြတ်တောက်သွားသောကြိုးက အရမ်းကိုနီးကပ်နေပြီး မုန့်ယောင်က အချိန်မီ မရှောင်လိုက်နိုင်ပေ။

ပြတ်တောက်သွားသော ဒုံမင်းကြိုးက အရမ်းကိုထက်ရှနေပြီး မုန့်ယောင်၏ မျက်နှာကို ဖြတ်ရိုက်ကာ သွေးသံရဲရဲဒဏ်ရာတစ်ခု ကျန်ရစ်ခဲ့စေသည်။

အစက ရက်ရက်စက်စက်ချောမောလှပသော သူမ၏ ပြိုင်ဘက်ကင်းမျက်နှာက ယခုအခါ ဒဏ်ရာရရှိသွားပြီဖြစ်သည်။ သူမ၏ အသားများက ဖွာလန်ကျဲပြီး သူမက အနည်းငယ်ပင် အကျည်းတန်လာခဲ့သည်။

ကျင့်ကြံသူများစွာက ထိုသည်ကို တွေ့မြင်သောအခါ တုန်လှုပ်သွားကြသည်။

ယခုအချိန်မှာ မုန့်ယောင်သည် သွေးချောင်းများဆိုး၍ သူမ၏ ဆံပင်ရှည်များက ပြန့်ကျဲနေ၏။ သူမသည် ဆိုးဆိုးဝါးဝါးအခြေအနေမှာ ကျရောက်နေပြီး သူမကို မဟာနတ်မိမယ်လေးပါးနှင့် မည်သူကမှ မဆက်စပ်မိတော့ပေ။

တကယ်တော့ ပကတိအင်မော်တယ်တစ်ဦးအတွက် မျက်နှာပေါ်မှာ ဤကဲ့သို့သော ဒဏ်ရာတစ်ခုက အပေါ်ယံမျှသာဖြစ်သည်။

အနည်းငယ်အနားယူပြီး ပြန်လည်ကုသလိုက်သည်နှင့် သူမသည် အမာရွတ်ပင်မကျန်ဘဲ သူမ၏ မူလပုံစံသို့ ပြန်လည်ရောက်ရှိသွားပေလိမ့်မည်။

သို့သော်လည်း ဤကိစ္စသည် မုန့်ယောင်အပေါ် ကြီးမားသော ရိုက်ခတ်မှုတစ်ခုနှင့် ပျက်စီးထိခိုက်မှုဖြစ်နေဆဲပင်။

သူမသည် လူအများ၏ အာရုံစိုက်ခံရခြင်းနှင့် အမြင့်မှာ စွမ်းပကားကြီးမားစွာနေရခြင်းကို နှစ်သက်သဘောကျလေသည်။

သူမ၏ ဘေးပတ်လည်မှာ မရေမတွက်နိုင်သော ကျင့်ကြံသူများ ဒူးထောက်ခစားနေသည်နှင့် သူမက အသားကျနေခဲ့ပြီးသားဖြစ်သည်။ ယခုအချိန်မှာ သူမသည် ဆိုးဆိုးဝါးဝါးပုံပေါက်၍ သူမ၏ အကျည်းတန်သော ပုံစံကို ကျင့်ကြံသူသန်းပေါင်းများစွာက တွေ့မြင်သွားသည်။ ဤသည်ကား သူမအတွက် မကြုံစဖူးရိုက်ချက်တစ်ခု ဖြစ်လေသည်။

ဤအခြင်းအရာက သူမ၏ နာမည်ဂုဏ်သတင်းအပေါ် ကြီးမားစွာ ရိုက်ခတ်မှု ရှိလာပေလိမ့်မည်။

“ကျွင်း ယု…”

မုန့်ယောင်က တစ်စုံတစ်ရာကို နားလည်သဘောပေါက်သွားပြီး သူမ၏ မျက်လုံးထဲရှိ မုန်းတီးမှုနှင့်အတူ ခပ်စူးစူးအော်လိုက်လေသည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ သူမသည် တိုက်ခိုက်ဖို့ ဆက်လက်၍ အာရုံမရတော့ပေ။ သူမသည် အခွင့်အလမ်းကို ချိန်ဆကာ တိုက်ပွဲနယ်မြေကနေ ဆုတ်ခွာပြီး သူမ၏ မျက်နှာပေါ်ရှိ ဒဏ်ရာကို ချက်ချင်းပင် ကုသလိုနေသည်။

ကျွင်းယုက သူမနောက်သို့ ဆက်လိုက်မသွားပေ။ သူမက မုန့်ယောင်ကို တိုက်ခိုက်လိုက်သည့်ခဏမှာပင် သူမ၏ ခြေထောက်က လှုပ်ရှားသွားပြီး ကြယ်တာရာစစ်တုရင်ခုံက လျင်မြန်စွာလည်ပတ်ကာ ဘေးတစ်ဖက်မှာရှိသော ပကတိအင်မော်တယ်ဝူဖုန့်ထံ ပစ်တိုက်ချလိုက်၏။

သုန်မှုန်နေသော အမူအရာနှင့်အတူ ပကတိအင်မော်တယ်ဝူဖုန့်၏ သူငယ်အိမ်နှစ်ဖက်က တစ်ဆတ်ဆတ်လှုပ်သွား၏။

ထိုအခိုက်အတန့်မှာ ကျယ်ပြော၍ လျှို့ဝှက်ဆန်းကြယ်သော ကြယ်တာရာကောင်းကင်တစ်ခုက သူ့ထံသို့ တလိပ်လိပ်တိုးဝင်လာသည်ဟု သူက ခံစားနေရသည်။ သူ့မှာ ပြေးစရာနေရာ မရှိတော့ပေ။

“သတ်…”

ပကတိအင်မော်တယ်ဝူဖုန့်က ဟိန်းဟောက်လိုက်ပြီး သူ၏ အစစ်အမှန်အမြုတေကို စုဖွဲ့လိုက်၏။ သူက သူ့ရှေ့မှာရှိသော ကြယ်တာရာကောင်းကင်ကို ဘယ်နှင့်ညာ ခုတ်ပိုင်းချလိုက်၏။

ဘုန်း…

ဗြက်ကျယ်ဓားနှင့် ဧရာမပုဆိန်က ကြယ်တာရာစစ်တုရင်ခုံနှင့် ထိတွေ့ရိုက်ခတ်မိသောအခါ မီးပွားများက စင်ထွက်သွားသည်။

ပကတိအင်မော်တယ်ဝူဖုန့်သည် သူ၏ လက်နှစ်ဖက်မှ စူးရှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။ သူ၏ လက်ဖဝါးက စုတ်ပြဲသွားပြီး ဗြက်ကျယ်ဓားနှင့် ဧရာမပုဆိန်က သူ့လက်ထဲကနေ လွင့်စင်ထွက်သွားသည်။ သူ၏ လက်နှစ်ဖက်က တုန်ခါလှိုင်းကနေ ထုံကျင်ကိုက်ခဲသွားလေသည်။

ပကတိအင်မော်တယ်ဝူဖုန့်၏ အမူအရာက ရုတ်ခြည်းပြောင်းလဲသွားပြီး တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ လှည့်ထွက်ပြေးလိုက်၏။ ထိုအခိုက်အတန့်မှာ လမင်းအမြုတေဓားနှင့် နွေဦးလေဓားက ကျွင်းယုရှေ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ဓားအလင်းတန်းများက အေးစက်၍ ထက်ရှနေသည်။

ဓားတာအိုသည် သေစေနိုင်စွမ်းအား အမြင့်မားဆုံးဖြစ်ပြီး ကျွင်းယုသည် ပေါ့ပေါ့ဆဆ မပြုလုပ်ရဲပေ။

အတွေးတစ်ချက်နှင့်အတူ အနက်ရောင်စစ်တုရင်အရုပ် ဆယ်ရုပ်ကျော်က ပျံသန်းလာပြီး နွေဦးလေဓား၏ ကိုယ်ထည်ပေါ်ကို ဆင်းသက်ရောက်ရှိသွားသည်။

ထိုစစ်တုရင်အရုပ်များသည် စွမ်းအားကြီးမားသော နတ်ဆိုးစွမ်းအားကို ပိုင်ဆိုင်ထားပုံရပြီး နွေဦးလေဓားပေါ်မှာ သံတိုင်များကဲ့သို့ ကပ်ငြိကာ ခါချ၍မရနိုင်ပေ။

ဓားအင်မော်တယ်ချွန်းဖုန်း၏ ဓားတာအိုက လှပကြော့ရှင်းပြီး လေကဲ့သို့ ကျယ်ပြန့်လေသည်။

သို့သော်ယခု အနက်ရောင်စစ်တုရင်အရုပ် ဆယ်ရုပ်ကျော်က နွေဦးလေဓားပေါ်မှာ စုပုံထပ်နေသည်။ ရုတ်တရက် သူ၏ မူပိုင်ဓမ္မဓားသည် အလွန်တရာလေးလံလာပြီး လှပကြော့ရှင်းသော မည်သည့်လှုပ်ရှားကွက်ကိုမှ မထုတ်ဖော်နိုင်တော့ဟု ဓားအင်မော်တယ်ချွန်းဖုန်းက ခံစားလိုက်ရသည်။

အခြားတစ်ဖက်မှာ အဖြူရောင်စစ်တုရင်အရုပ် ဆယ်ရုပ်ကျော်က ဓားအင်မော်တယ်ယွဲ့ဟွား၏ ဓားပေါ်သို့ ကပ်ငြိလာခဲ့သည်။

လမင်းအမြုတေဓား၏ အားသာချက်က ၎င်း၏ အလျင်အဟုန်ဖြစ်လေသည်။

ဓားအင်မော်တယ်ယွဲ့ဟွားသည် သူ့ဓားတာအို၏ အလျင်အဟုန်ကို ၎င်း၏ အကန့်အသတ်အထိ မြှင့်တင်ထားသည်။ ထို့သို့ဖြင့် သူသည် လက်ရှိနာမည်ဂုဏ်သတင်းကို ရရှိလာနိုင်ခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း လမင်းအမြုတေဓားပေါ်မှာ အဖြူရောင်စစ်တုရင်အရုပ် ဆယ်ရုပ်ကျော်က စုပုံထပ်လာပြီး သူ၏ ဓားကွက်များက အရမ်းကိုလေးကန်လာကာ သူတို့၏ အကြီးမားဆုံးခြိမ်းခြောက်မှုကို ဆုံးရှုံးသွားရသည်။

စစ်တုရင်အင်မော်တယ်ကျွင်းယုကို မပြောနှင့်… လက်ရှိကောင်းကင်အင်မော်တယ်များထဲ မည်သူမဆို ထိုဓားချက်ကို ရှောင်တိမ်းနိုင်ပေလိမ့်မည်။

ပို၍ပင် ထူးဆန်းသည့်အရာမှာ အနက်ရောင်စစ်တုရင်အရုပ်များနှင့် အဖြူရောင်စစ်တုရင်အရုပ်များကြားမှာ လျှို့ဝှက်ဆန်းကြယ်သော ချိတ်ဆက်မှုတစ်ခု ရှိနေပုံရလေသည်။

ဓားအင်မော်တယ်နှစ်ဦးက ကျွင်းယုကို တိုက်ခိုက်လာသော်လည်း အနက်နှင့်အဖြူ စစ်တုရင်အရုပ်များ၏ လွှမ်းမိုးမှုအောက်မှာ သူတို့၏ ဓားတာအိုလမ်းကြောင်းများက လုံးဝကို သွေဖယ်သွားခဲ့ပြီဖြစ်သည်။ သူတို့သည် ကျွင်းယု၏ အဝတ်စနားကိုပင် မထိနိုင်ကြပေ။

ကျွင်းယုသည် ပကတိအင်မော်တယ်လေးဦးနှင့် ဆန့်ကျင်တိုက်ခိုက်နေရစဉ်မှာတောင် သူမသည် တခြားသော ပကတိအင်မော်တယ်များအပေါ် တိုက်ခိုက်မှုကို မရပ်တန့်လိုက်ပေ။

စစ်တုရင်မှာ ကျွမ်းကျင်ပိုင်နိုင်သော ထိုသူများသည် ကိစ္စများစွာကို စီမံဆောင်ရွက်ရာမှာ အလွန်တရာကြောက်စရာကောင်းလေသည်။

ပကတိအင်မော်တယ်များစွာက သူမကို တိုက်ခိုက်လာသည်နှင့် သူတို့သည် သူမ၏ ထောင်ချောက်ထဲသို့ ကျဆင်းလာခြင်းနှင့်တူပြီး လူတိုင်းက သူမ၏ ထိန်းချုပ်မှုအောက်သို့ ကျရောက်သွားပေလိမ့်မည်။

ဖောက်… ဖောက်...

အင်မော်တယ်ပျံဂိုဏ်းနှင့် မဟာကျင်းအင်မော်တယ်နိုင်ငံမှ ပကတိအင်မော်တယ်ပညာရှင်တစ်ဦးစီသည် ကျွင်းယု၏ အနက်နှင့်အဖြူစစ်တုရင်အရုပ်များဖြင့် သတ်ဖြတ်ခံလိုက်ရပြီး နေရာမှာပင် သေဆုံးသွားကြသည်။

အသန်မာဆုံး ပကတိအင်မော်တယ်လေးဦးထဲမှာ မုန့်ယောင်နှင့် ဝူဖုန့်က နောက်သို့ဆုတ်ခွာသွားကြပြီး ယွဲ့ဟွားနှင့်ချွန်းဖုန်းက အချိန်မရွေး ဒဏ်ရာအပြင်းအထန်ရရှိသွားနိုင်သည်။

ဓားအင်မော်တယ်နှစ်ဦး၏ စွမ်းအားနှင့်ပင်လျှင် သူတို့သည် ကျွင်းယု၏ တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရချိန်မှာ အသည်းအသန်ခုခံနေရသည်။

အခြားသော ပကတိအင်မော်တယ်များသည် ကျွင်းယု၏ စစ်တုရင်ကစားပွဲမှာ အိမ်မွေးတိရစ္ဆာန်များကဲ့သို့ အရေးမပါ အရာမရောက်တော့ပေ။

တိုက်ပွဲဖြစ်ပွားလာပြီး သိပ်မကြာခင် ကြွယ်ဝူယင်းအပါအဝင် ပကတိအင်မော်တယ်ပညာရှင်ဆယ်ဦးက ကျွင်းယု၏ လက်ထဲမှာ သေဆုံးသွားခဲ့ရသည်။

အင်မော်တယ်ဘုရင်ချင်းယန်၏ မျက်နှာပေါ်ရှိအပြုံးက တဖြည်းဖြည်းပျောက်ကွယ်သွားပြီး သူက မျက်မှောင်ကြုတ်လိုက်သည်။

အစကတော့ သူသည် ဝင်ပါဖို့ စိတ်ကူးမရှိပေ။ ဤဂျူနီယာအုပ်စု၏ အရှုပ်တော်ပုံက မည်သို့မည်ပုံအဆုံးသတ်မလဲ သူက တွေ့မြင်ချင်နေသည်။

သို့သော်လည်း သူ့ရှေ့မှမြင်ကွင်းသည် သူတွေးထင်ထားသည်ထက် ကျော်လွန်လာခဲ့ပြီဖြစ်သည်။

စစ်တုရင်အင်မော်တယ်ကျွင်းယုသည် သူတွေးထင်ထားသည်ထက်ပင် ပို၍စိုးမိုးဗိုလ်ကျနိုင်ပြီး သတ်ဖြတ်ရာမှာပြတ်သားနေသည်။ သူမတွင် အမျိုးသမီးတစ်ယောက်မှာ ရှိသင့်သည့် နူးညံ့သိမ်မွေ့မှု နည်းနည်းကလေးမှ မရှိဘဲ အကြောက်အလန့်ကင်းမဲ့နေသည်။

တကယ်ဆို သူက သူမကို တားဆီးခြင်းမရှိလျှင် ကျွင်းယုသည် မုန့်ယောင်၊ ယွဲ့ဟွားနှင့် အခြားသူများကိုပင် သတ်ဖြတ်လာနိုင်သည်ဟု အင်မော်တယ်ဘုရင်ချင်းယန်က သံသယဝင်လာခဲ့သည်။

အင်မော်တယ်ဘုရင်ချင်းယန်က တွေးဝေတုံ့ဆိုင်းနေစဉ်မှာပင် သူ၏ အမူအရာက ပြောင်းလဲသွားပြီး ရုတ်တရက် လေဟာနယ်ထဲသို့ လက်လှမ်းကာ သတင်းပို့အဆောင်တစ်ခုကို ဖမ်းဆွဲလိုက်၏။

အင်မော်တယ်ဘုရင်ချင်းယန်သည် သတင်းပို့အဆောင်ကို တွေ့မြင်သောအခါ သူ၏ မျက်လုံးကို အနည်းငယ်မှေးကျဉ်းလိုက်ပြီး ခဏမျှစဉ်းစားတွေးတောကာ မတ်တတ်ထရပ်လိုက်၏။ သူက အင်မော်တယ်ဘုရင်တစ်ပါး၏ စိတ်ဝိညာဉ်အသိစိတ်စွမ်းပကားကို ထုတ်ဖော်ပြီး ဂမ္ဘီရမိုးကောင်းကင်ခန်းမထဲသို့ ဆင်းသက်ကျရောက်လာစေသည်။

ရွှစ်…

သိပ်သည်းပြင်းထန်ကြီးမားသော စိတ်ဝိညာဉ်အသိစိတ်ဖိအားက ဆင်းသက်လာပြီး တိုက်ပွဲနယ်မြေမှာရှိသော နှစ်ဦးနှစ်ဖက်စလုံးက ဆက်လက်၍ မတိုက်ခိုက်နိုင်ကြတော့ပေ။

ဓားအင်မော်တယ်ယွဲ့ဟွားနှင့် ဓားအင်မော်တယ်ချွန်းဖုန်းက ချွေးများဖြင့် စိုရွှဲ၍ သူတို့၏ မျက်နှာများက ဖြူဖပ်ဖြူရော်ဖြစ်နေကြသည်။

အင်မော်တယ်ဘုရင်ချင်းယန်က ဝင်ရောက်တားဆီးရန် သည့်ထက်အနည်းငယ်ပို၍ နောက်ကျသွားမည်ဆိုလျှင် သူတို့နှစ်ယောက်က ထွက်ပြေးကြတော့မည်ဖြစ်လေသည်။

All Chapters